လာမယ့်တစ်နေ့ဟာ မျက်လုံးထဲအခုစူးဝင်

သူရႆဝါJune 29, 20104min410

“လာမယ့်တစ်နေ့ဟာ မျက်လုံးထဲအခုစူးဝင်”

အချစ်ဆိုတာ တစ်ယောက်တည်းမဟုတ်မှန်း

တစ်နေရာတည်းမှာ အတည်တကျမနေချင်မှန်း သိလိုက်ရတဲ့အခါ

နင်ငါ့ကိုပြုံးပြနေခဲ့တာဟာ

မှန်နံရံဟိုဖက်ခြမ်းကနေပဲလို့ သိလိုက်ရတဲ့တစ်နေ့မှာ

ငါ့စိတ်နဲ့ငါ့ကိုယ် အလိုလိုကွာကျသွားခဲ့ပေါ့

ရှေ့တည့်တည့်မှာ နင်ရှိတယ်၊

ချစ်စရာသိပ်ကောင်းတဲ့ရက်စက်မှုရှိတယ်

နောက်ပြီး . . . ငါမမြင်ဖူးတဲ့ကောင်တစ်ကောင်လည်းရှိတယ်

ဒါပေမယ့် နောက်ပြန်လှည့်လို့မရဘူး

မျက်နှာလွှဲလိုက်တာနဲ့၊ ငါကျောခိုင်းလိုက်တာနဲ့

“ဝေးကွာခြင်း” မီးမြားဟာ ငါ့ကျောကို “ဒုတ်”ခနဲ စိုက်သွားမှာ . . .

“ရပ်တန့်နိုင်ပြီ” လို့ ငါ့ကိုယ်ငါ ထင်ခဲ့မိတယ်

ငါ့အမှားဟာ ဖရိုဖရဲနဲ့

အသက်ရှင်သန်မှုမှာသွေးစက်လက်နဲ့

မနက်ခင်းတိုင်း၊ ညနေတိုင်းဟာ နင်ပဲလို့ စိတ်ချထားတဲ့ကောင်ကိုမှ

. . . . ညီမလေးရယ်

“ယုံတယ်မဟုတ်လား” လို့ နင်ပြောရက်ခဲ့တယ်

ငါ့နိမိတ်စကားတွေနဲ့အတူ ငါ နေ့အဆက်ဆက်ပြိုလဲသွား . . .

လက်လှမ်းမမှီတဲ့သက်တန့်တွေကို

တစ်ချောင်းချင်းရိုက်ချိုးပစ်ချင်စိတ်နဲ့

ငါ့ကိုယ်ငါပဲ နှိပ်စက်နေမိ

နင်ဟာ . . . ငါဖမ်းလို့မရတဲ့လိပ်ပြာလေးတစ်ကောင်ဖြစ်ပြီး

ငါက နင်အထင်သေးတဲ့ လူလိမ္မာတစ်ဦးဖြစ်တယ်

ကန္တာရမှာ လာပွင့်တဲ့ပန်း

အချိန်မတန်ခင် နွမ်းမယ်ဆိုတာလည်းသိတယ်

နင်နဲ့ ငါနဲ့ ချစ်ခြင်းတရားနဲ့ကြား

ဘယ်လိုနတ်ဆိုးက ဝင်ကစားခဲ့သလဲ

ညီမလေးရယ် . . . ငါ တုန်လှုပ်မိတယ်

ငါ့နှုတ်ခမ်းတွေ တဆတ်ဆတ်ခုန်လို့

ငါတစ်ယောက်တည်းလေယာဉ်ပျက်ကျလို့

ငါ့သိစိတ်ကို ငါပြန်ပြီးချေမွဖျက်ဆီးလို့

ဒီမှာ . . . အရူးတစ်ပိုင်း

ရိုင်းချင်တိုင်းရိုင်းမိတယ်

ငါတို့ဝေးသွားကြပါလိမ့်မယ် . . .

သေကွဲ၊ ရှင်ကွဲ တစ်နည်းနည်းနဲ့လွဲရလိမ့်မယ်

အဆုံးကိုကြိုမြင်နေတဲ့ခံစားမှုမျိုး

နှလုံးသားထဲ အရှိန်ပြင်းပြင်းတိုးလာတယ်

ငါနင့်အပေါ်ဘယ်လိုအပြစ်တစ်ခုခု ကျူးလွန်ခဲ့မိလို့လဲ

ညီမလေးရယ် . . . ငါ့ကို

အဲဒီလိုတော့ မကျီစယ်ပါနဲ့

မလိုချင်ဘဲရတဲ့လက်ဆောင်က

ငါ့ကိုဘယ်လောက်အထိ လှောင်ပြောင်နေလိုက်မလဲ

တစ်ခုခု  တွေးမိတယ်

(ငါ နင့်ရဲ့ . . . တစ်ယောက် ဖြစ်ချင်ခဲ့တာတော့

. . . . အသေအချာပါ၊ ငါ . . . ကို လမ်းခုလပ်မှာ . . . လို့

ကျပျောက်ခဲ့တယ်)

နောက်ပြီး တစ်ခုခုဖြစ်သွားတယ်

(ငါသေချင်နေတာမဟုတ်ဘူး၊ သေသွားတာကို

ငါကလွဲပြီး ဘယ်သူမှမသိလိုက်တာပါ)

အသည်းကွဲတယ်ဆိုတာ

ကိုယ့်ကိုယ်ကိုဟောထားတဲ့ဗေဒင်မှန်သွားတာပဲဖြစ်တယ်

ရာသီစာတစ်မျိုးပါ ညီမလေးရယ်

ငါကျေနပ်ပါတယ်

“မြင်အောင်မကြည့်ခဲ့တာ” လို့ပဲ မှတ်လိုက်တယ်

ငါမဆောင်းရက်တဲ့ထီးကလေး

နင့်ခေါင်းပေါ်မိုးပေးလိုက်ရုံပါ . . . အဲဒီအဖြစ်မျိုးပဲ

ကြီးကြီးကျယ်ကျယ်မစွန့်လွှတ်ခဲ့ဘူး

ဒီလောက်ပဲ . . . ဒါလေးပါပဲ ညီမလေးရယ်

အဲဒီလိုနဲ့ . . .

နောက်ထပ်ရက်နည်းနည်းကြာရင် မိုးတွေရွာလာလိမ့်မယ်

မိုးတွေသည်းလာတော့မယ်

ငါကြိုပြီး နှုတ်ဆက်ပါတယ်

နင်မသိစေနဲ့ဦး၊ နင်အနှောင့်အယှက်မဖြစ်စေနဲ့ဦး

ဒါကြောင့် . . . ငါ တိုးတိုးလေးပဲ နှုတ်ဆက်ပါတယ်

တစ်နည်းနည်းနဲ့ ငါသရုပ်ဆောင်နေရမယ်

ဘယ်တုန်းကမှ မရှုံးခဲ့သလိုမျိုး၊

လက်တစ်ကမ်းစာ ခြေတစ်လှမ်းစာတောင် အဝေးမခံနိုင်ပုံမျိုးနဲ့ပေါ့

ငါ ငိုမိတယ်ဆိုတာ . . . ငါ . . . ကြိုသိတယ်ဆိုတာ

(ပြန်မပြင်နိုင်လောက်တော့တဲ့) တစ်နေ့နေ့ကျမှ နင်တွေ့ပါစေ

အဲဒီအခါ . . ငါ့ကို မလွှဲသာမရှောင်သာ တစ်ခါတော့လွမ်းပေးပါ

တစ်နေ့နေ့ရောက်တဲ့အခါ . . .

သေကွဲ ရှင်ကွဲ မတော်တဆမဟုတ်ဘဲ လွဲသွားကြတဲ့အခါ . . . . ။               ။

သူရဿဝါ

ဇွန်လ ၂၃ ရက် ၊ ၂၀၁ဝ ခုနှစ်