တိမ်ယံသစ္စာ အပိုင်း ( ၂၂ )

alinsettJuly 5, 20121min2827

” ဘာဘာ ကျွန်တော့်အား လေးလေးနက်နက်ပြောနေပုံမှာ စိုးရာယာ တွင် ရင်သားကင်ဆာပဲ ရှိနေတော့သယောင် အတည်ကြီးဖြစ်နေသည်။

”ဖြစ်ရလေ …”

”ကောင်မလေးက သိက္ခာရှိတယ်လို့ကြားတယ်။ အလုပ်လုပ်တယ်။ စိတ်သဘော နူးညံ့တယ်။ ဒါပေမယ့် ချစ်ရေးဆိုတဲ့လူ မရှိတော့ဘူူး။ ဗိုလ်ချုပ်ကြီးရဲ့ အိမ်တံခါးကို ဘယ်သူမှ

လာမခေါက်တော့ဘူး” ဘာဘာ သက်ပြင်းချသည်။
_______________________

ဗိုလ်ချုပ်ကြီးရဲ့ အိမ်တံခါးကို ဘယ်သူမှ လာမခေါက်တော့ဘူး” ဘာဘာ သက်ပြင်းချသည်။ ”လောကကြီးဟာ မတရားဘူး။ သုံးလေးရက်အတွင်း ဖြစ်ခဲ့တဲ့ကိစ္စကြောင့်

တစ်ဘဝလုံး ပြောင်းလဲသွားတယ်။ တစ်ခါတလေများ တစ်ရက်ထဲဖြစ်ခဲ့တဲ့ ကိစ္စကြောင့် တစ်ဘဝ လုံး ပြောင်းလဲသွားတယ်”

ထိုညက ကျွန်တော်သည် အိပ်ယာထဲ မျက်လုံးကြောင်တောင်နှင့် စိုးရာယာ၏ တံဇဉ်ပုံ မွေးရာပါအမှတ်ကလေးကို သတိရနေသည်။ ကျွန်တော့်ရင်က

ပရမ်းပတာ။ ပြေပြေကလေး ကောက်နေသောနှာတံ၊ အရည်လဲ့နေသော မျက်လုံး ကြီးများ … စိုးရာယာ … စိုးရာယာ တာဟီရီ … နှလုံးသားကို တစ်ချက်တည်းနှင့်

သိမ်းပိုက်သွားသော ကျွန်တော့်ဧကရီ။

_________________________

အခန်း(၁၂)

အာဖဂန်နစ္စတန်၏ ပွဲဦးထွက် ဟေမန်ဆောင်းလကို ‘ဂျာဒီ’ ၊ ဂျာဒီ၏ ပထမဆောင်း ညတာရှည်ကို ‘ယဲလ်ဒါည’ ဟုခေါ်သည်။

ဆောင်းရောက်လျှင် ဟက်ဆန်နှင့် ကျွန်တော် ကာစီအောက် ခြေထောက် များထည့်၍ ညဉ့်နက်အောင်ထိုင်ကြသည်။ စူလ်တန်ဘုရင်များ၊ စောရများအကြောင်း ရှေးဟောင်းနှောင်းဖြစ်

ပုံပြင်များ ပြောပြသူကား အလီ။ ယဲလ်ဒါအစဉ်အလာစကားများ အလီ့ထံမှ မှတ်သားခဲ့ရသည်။ ရှင်နေမင်းကို ရှာတွေ့လိုဇောဖြင့် တောင်ထိပ်တက်သော ဝံပုလွေမိုက်များ၊ မီးကိုတိုး၍

ကိုယ်ကျိုးနည်းကြသော ပိုးဖလံများ … စသော အကြောင်းများမှသည် ယဲလ်ဒါပထမညတွင် ဖရဲသီးစားပါက လာမည့်တစ်နွေလုံး ရေမငတ်တော့ကြောင်း အလီ့ထံမှ သိခဲ့ရသည်။

ကျွန်တော်ကြီးပြင်းလာချိန်တွင် ကဗျာလင်္ကာများထဲ ယဲလ်ဒါညနှင့် ဆုံတွေ့ ရသည်။ ကြယ်မပွင့်သော လမိုက်ညသည် ချစ်သူနှစ်ဦးကို နှိပ်စက်နိုင်စွမ်းသည်။ ရှည်လျားသောအမှောင်ထုကို

ခါးသီးစွာ ခါးစည်းခံရင်း တစ်မိုးသောက်ဖို့ မျှော်တမ်း တရရှာသည်။ စိုးရာယာကိုတွေ့ပြီးသည်နှင့် ရက်သတ္တပတ် တစ်ပတ်လုံးလုံး၏ ညများသည် ကျွန်တော့်အတွက်တော့ ယဲလ်ဒါည။

———————–

တနင်္ဂနွေမနက်ရောက်သော် စိုးရာယာ၏ သပြေညိုရောင်မျက်လုံးကြီးများ နှင့်အတူ ကျွန်တော်အိပ်ယာထသည်။ ဘာဘာ့ ဘတ်စ်ကားထဲထိုင်ရင်း မိုင်တွက်နေရ သည်မှာ

စိုးရာယာ၏ ခြေထောက်လေးများကို လှမ်းတွေ့ရချိန်အထိပင်။ ကတ္ထူဘုံးနှင့် အဝါရောင်စွယ်စုံကျမ်းများ နေရာတကျ ပြင်ဆင်နေသော စိုးရာယာ၏ ခြေထောက် လေးများ

ဖိနပ်မပါ။ နိုင်လွန်ကတ္တရာခင်းလမ်းပေါ်မှ ခြေဖနောင့်လေးများ ဖွေးဥ နေသည်။ ငွေလက်ကြပ်များ တချွင်ချွင်မြည်နေသော လက်ကောက်ဝတ်ကလေးများ

သွယ်လျလှပသည်။ ပျောင်းအိနေသော ဆံနွယ်များ ကတ္တီပါလိုက်ကာနှယ်။

စိုးရာယာတို့ ဆိုင်တန်းဆီ လျှောက်ပြန်သံပေးလုပ်ဖို့ ကျွန်တော် ဆင်ခြေ တစ်ခုပြကာ ဘာဘာ့ထံမှ ခွင့်တောင်းထွက်တော့ ဘာဘာက လှောင်ပြုံးပြုံးသည်။

စိုးရာယာတို့ဆိုင်တန်းကို ဖြတ်လာစဉ် စိုးရာယာအဖေ ဗိုုလ်ချုပ်ကြီးနှင့် ကျွန်တော်တို့ အပြန်အလှန် လက်ပြနှုတ်ဆက်သည်။ တစ်ခါတရံ နေရာမှထလာပြီး ကျွန်တော်တို့

စကားစမြည်ပြောဆိုကြသည်။ ကျွန်တော့် စာရေးသားမှုအကြောင်း စစ်အကြောင်း ရောင်းရေးဝယ်တာအကြောင်း။ အဖေနှင့် ဘာညာသာရကာတွေပြောစဉ် စာထိုင်ဖတ် နေသောသမီးထံ

မျက်လုံးမရောက်အောင် ထိန်းချုပ်ထားရသည်။ ဂွဒ်ဘိုင်နှုတ် ဆက်ပြီးလျှင် ကျွန်တော့်ခြေလှမ်းများ လေးကန်မနေအောင်လည်း ကြိုးစားရသည်။

စိုးရာယာ တစ်ကိုယ်တည်း ထိုင်နေတတ်သောအခါမျိုးတွင် ကျွန်တော်က သူမကို သိပင်မသိသည့်ဟန်မျိုးဖမ်းကာ ဖြတ်လျှောက်သည်။ တကယ်က ကျွန်တော့်

မှာ နေမြင့်လေအရူးရင့်လေ။ ရံခါတော့လည်း စိုးရာယာကို ဝဝဖိုင့်ဖိုင့် သက်လတ်ပိုင်း အဒေါ်ကြီးတစ်ဦးနှင့် တွေ့ရတတ်သည်။ ဆံပင်ဆေးနီဆိုးထားသော အဒေါ်ကြီး၏ အသားအရည်သည်

စိုစိုပြည်ပြည်မရှိ။

နွေမကုန်ခင် စိုးရာယာကို စကားပြောမည်ဟု ကျွန်တော် မိမိကိုယ်ကို ကတိတွေပေးသည်။ သို့သော် ကျောင်းများ ပြန်ဖွင့်သည့်တိုင်၊

နီရာမှဝါလာသော ရော်ရွက်ကြင်တို့ ကြွေလွင့်သွားသည့်တိုင်၊ ဆောင်းတွင်းမိုးဝင်လာပြီး နောက်တစ်ကြိမ် ပုရစ်ဖူးများ ပင်လုံးဖြာလာသည့်တိုင် ကျွန်တော်ရဲဆေးတင်၍ မရသေး။

စကားပြောဖို့ နေနေသာသာ မျက်လုံးချင်းပင် ဆိုင်မကြည့်ရဲ။

ဤသို့ဖြင့် စိုးရာယာ၏ နှာယောင်ခပ်ကောက်လေးကို အာရုံဖော်ရင်း ကျွန်တော် အတန်းမှန်မှန်တက်ကာ ၁၉၈၅ ခု မေလတွင် နွေဦးစာသင်ကာလ ပြီးဆုံးသွားသည်။

——————————

သည်လိုနှင့် ပူလောင်သော နွေခေါင်ခေါင် တနင်္ဂနွေတစ်ရက်ကို ရောက်ခဲ့ရ ပြန်သည်။ လဟာပြင်ဈေးထဲ ဆိုင်ထိုင်နေသော ဘာဘာနှင့် ကျွန်တော် သတင်းစာ ကိုယ်စီကိုင်ကာ

တဖျပ်ဖျပ်ယပ်ခတ်ကြရသည်။ သံပူတံဆိပ်ခတ်သလို ခြစ်ခြစ် တောက်ပူသော နေပြင်းအောက်၌ပင် ဈေးထဲလူတွေ ကြိတ်ကြိတ်တိုးနေသည်။ အရောင်းအဝယ်စည်လှရာ ယခုမှ

ဆယ့်နှစ်နာရီခွဲရှိသေး၊ ကျွန်တော်တို့ ဒေါ်လာ ၁၆ဝ ပိုက်မိနေပြီ။ ကျွန်တော် နေရာမှထ၊ ခြေညောင်းလက်ဆန့်လုပ်ပြီး ဘာဘာ့အား ကိုကာကိုလာသောက်မလားမေးတော့

ဘာဘာသဘောတူသည်။ ”သတိထားပါ အေမား” ဟု ဘာဘာမှာသည်။

”ဘာကိုလဲ”

”ငါ့မျက်နှာ အိုးမဲမသုတ်ဖို့ပြောတာ”

”ဘာတွေပြောနေတာလဲ။ ကျွန်တော် မသိဘူး”

”မှတ်ထားစမ်း၊ အေမား” ဟုဆိုကာ ဘာဘာ ကျွန်တော့်ကို လက်ညှိုးထိုးပြီး ပြောသည်။ ”ဒီလူဟာ ခေါင်းဆုံးခြေဖျား ပက်ရှ်ထန်စစ်စစ်ဖြစ်တယ်။ သူ့မှာသိက္ခာ

နဲ့မာန နှစ်မျိုးလုံးရှိတယ်။ ‘ဒါဟာပက်ရှ်ထန်တွေရဲ့ ရေသောက်မြစ်။အထူးသဖြင့် သူတစ်ပါးသားမယားကို ရှောင်ကြဉ်တဲ့နေရာမှာ။ ဒါမှမဟုတ် သူများသမီးကိုပေါ့ကွာ”

”ကျွန်တော် သောက်စရာသွားဝယ်မလို့ပါ”

”ငါ့ကိုသာ အရှက်မခွဲနဲ့။ ပြောချင်တာဒါပဲ”

”မခွဲပါဘူး”

ဘာဘာသည် စီးကရက်မီးညှိပြီး ယပ်ပြန်ခတ်နေသည်။ ကျွန်တော်သည် ဥပစာဆိုင်ခန်းများရှေ့မှ လျှောက်လာပြီး တီရှပ်ဆိုင်ရှေ့တွင် ဘယ်ဘက်ချိုးသည်။ လွင့်ပျံနေသော

အာဖဂန်တေးသွား … မွှေးကြိုင်နေသော အသားကင်ရနံ့၊ သနပ်ရနံ့ … ကျွန်တော်တို့နှင့် နှစ်တန်းအကွာမှ တာဟီရီတို့၏

အညိုရောင်ဗင်ကားလေးကို တွေ့ပါပြီ။ ခြေချင်းဝတ်ထိရှည်သော အဖြူရောင်နွေရာသီဝတ်စုံလေးနှင့် စိုးရာယာသည် တစ်ကိုယ်တည်း စာထိုင်ဖတ်နေသည်။ ဆံပင်များကို စုတင်ပြီး

ကျူးလစ်ပွင့်ဆံထုံး ထုံးထားကာ ထိပ်ဖွင့်လွှာဖိနပ် စီးထား၏။ ခါတိုင်းလို ဖြတ်လျှောက်ဖို့ ရည်ရွယ် ထားသော်လည်း ဆိုင်ရှေ့ ဘယ်လိုဘယ်လို ရောက်သွားမှန်းမသိ။ အဖြူရောင်

စားပွဲခင်းအစွန်သို့ ကျွန်တော်ရောက်နေပြီး သံကောက်ကွေးများကြား၊ လည်စည်းအ ဟောင်းများကြားမှနေ၍ စိုးရာယာကို ကျွန်တော် မျက်တောင်မခတ် ကြည့်မိနေပြီ။ စိုးရာယာ

ကျွန်တော့်ကို မော့ကြည့်သည်။

”ဆာလမ်၊ နှောက်ယှက်မိပြီလား မသိဘူး”

”ဆာလမ်”

”ဒီနေ့ ဆပ်လာသလား” ထိုစကားကိုပြောစဉ် ကျွန်တော့်နားရွက်များ ပူထွက်နေသည်။ စိုးရာယာမျက်လုံးထဲ ကျွန်တော် မကြည့်ရဲ။

”ဟိုဘက်ကို သွားတာပဲ” ဟု စိုးရာယာက ညာဘက်ကို လက်ညှိုးညွှန်ပြရာ တံတောင်ထိလျှောဆင်းလာသော လက်ကြပ်များက ဖက်ဖူးနှင့် ငွေရောင်။

”ကျွန်တော် လာသွားတယ်ဆိုတာ ပြောပေးမလား”

”ဟုတ်ကဲ့”

”ကျေးဇူးပဲ။ ဪ … ဒါနဲ့ ကျွန်တော့်နာမည်က အေမားနော်။ တော်ကြာ နာမည် မသိမှာစိုးလို့။ ကျွန်တော်လာသွားတယ် ဆိုတာသာ ဆပ်ကိုပြောပေးပါ”

”ဟုတ်ကဲ့”

သွားရန် ခြေလှမ်းပြင်ပြီးမှ လည်ချောင်းရှင်းရပြန်သည်။ ”ကျွန်တော် သွားတော့မယ်။ နှောက်ယှက်မိပြီလား မသိဘူး”

”ဟင့်အင်း”

”တော်ပါသေးရဲ့ဗျာ။ ကျွန်တော် သွားလိုက်ပါဦးမယ်” ကျွန်တော် ခေါင်းငဲ့ပြီး တန်သင့်ရုံပြုံးပြလိုက်သည်။ လှည့်ထွက်လာပြီးမှ ရပ်ရပြန်သည်။

”ဘာစာအုပ်ဖတ်နေတာလဲ” ဟု သွေးမကြောင်ခင် အခွင့်အရေးရတုန်း မေးလိုက်သည်။

စိုးရာယာ မျက်တောင်ပုတ်သည်။

ကျွန်တော် အသက်ရှူရပ်သွားသည်။ ရှူး … တိုးတိုး … ရပ်သွားသော ပြောလက်စနှုတ်ခမ်းများ … လည်လာသော ဦးခေါင်းများ … ကျဉ်းယူလိုက်သော မျက်လုံးများ …

ဘာများပါလိမ့် … အာဖဂန်လဟာပြင်ဈေး၏ မျက်လုံးပေါင်းစုံ ကျွန်တော်တို့ထံ ရောက်နေသည်။

ကျွန်တော်က လူပျို၊ သူမက ရာဇဝင်ရှိသော်လည်း လက်မထပ်ရသေးသော ငယ်ငယ်နုနုအပျို။ စကားတင်းဆိုစရာ ကောင်းလှပါဘိ။ လျှာအရိုးမရှိတိုင်း

သွားပုပ်လေလွင့် ပြောကြပေတော့မည်။ အာဖဂန်အဆင့်အတန်းအရဆိုလျှင် ထိုမေးခွန်းမျိုးသည် ရဲတင်းလှသည်။ ကိုယ့်ကိုယ်ကိုယ် ဖော်ပြီးသားမေးခွန်း ဖြစ်နေ၏။ သို့သော်

ကျွန်တော်က ယောက်ျားတစ်ယောက်၊ ကျွန်တော့်ဘက်က စွန့်စားရသည်က ဒဏ်ရာရ အတ္တတစ်ခုသာ။ ဒဏ်ရာများကို ကုသ၍ရသည်။ ဂုဏ်သိက္ခာကိုတော့ ကုသ၍မရ။

ကျွန်တော့်ရဲတင်းမှုကို စိုးရာယာ လက်ခံပါ့မည်လော။

စိုးရာယာ စာအုပ်အဖုံးကိုလှန်ပြသည်။ စာအုပ်အမည်သည် ‘လေထန်ကုန်း’။

”ဖတ်ပြီးပြီလား” ဟု စိုးရာယာမေးတော့ ကျွန်တော်ခေါင်းညိတ်ပြလိုက် သည်။ ကျွန်တော့်နှလုံး တဒုတ်ဒုတ်ခုန်နေပြီ။

”အလွမ်းဝတ္ထု”

”အလွမ်းဝတ္ထုမှန်ရင် စာအုပ်ကောင်းဖြစ်တာချည်းပဲ”

”ဟုတ်တယ်နော်”

”ရှင်လည်း စာရေးတယ်လို့ကြားတယ်”

စိုးရာယာ ဘယ်လိုလုပ်သိသွားပါလိမ့်။ သူမ၏ဖခင်ကြီးကများ ပြောပြ လိုက်လေသလား။ သူမကိုယ်တိုင်ကပဲ မေးမြန်းခဲ့လေသလား။ နှစ်ခုစလုံးမဖြစ်နိုင်၍ ထိုအတွေးကို ကျွန်တော်

ချက်ချက်းပ’ထုတ်ပစ်လိုက်သည်။ အာဖဂန်သားအဖများ မိန်းမအကြောင်း လွတ်လွတ်လပ်လပ်ပြောကြသည်။ သို့သော် အာဖဂန်သမီးမိန်း ကလေးများ

သူတို့အဖေနှင့် ယောက်ျားသနာအကြောင်း မပြောကြ။ အာဖဂန်အဖေများ အထူးသဖြင့် ပက်ရှ်ထန်အာဖဂန်များ ဘယ်သောခါမှ သမီးကို

လူပျိုယောက်ျား လေးတစ်ယောက်အကြောင်း ပြောလေ့မရှိကြ။

ကျွန်တော့်နှုတ်က မယုံနိုင်စရာ ထွက်လာသောစကားသံကို ကိုယ့်ဖာသာ ပြန်ကြားလိုက်ရသည်။

”ကျွန်တော့်ဝတ္တု ဖတ်မလား”

”ဖတ်မယ်လေ”

ဟိုဘက်ဒီဘက် ဖျပ်ခနဲဖျပ်ခနဲကြည့်နေသော စိုးရာယာ၏မျက်လုံးများ ကြောင့် မသက်မသာဖြစ်နေမှန်း ကျွန်တော်သိလိုက်သည်။ အဖေကို ရှာခြင်းဖြစ်နိုင် သည်။ စိုးရာယာ၏အဖေသာ

ခုနေပြန်လာပါက ကျွန်တော် သူ့သမီးနှင့် စကားရော ဖောရော ပေရှည်နေသည်ကို မည်သို့ထင်မည်မသိ။

”နောက်ရက်မှ ယူလာမယ်” ဟု ကျွန်တော်ပြောလိုက်သည်။ အပိုအမိုတွေ ထပ်ပြောမလိုလုပ်စဉ် တခါတရံ စိုးရာယာနှင့် အတူတွေ့ရတတ်သည့် အဒေါ်ကြီး ဈေးလမ်းထဲ

လမ်းလျှောက်ဝင်လာသည်။ သစ်သီးဝလံ အပြည့်ထည့်ထားသော ပလတ်စတစ် အိတ်ကြီး ဆွဲထား၏။ ကျွန်တော်တို့ကိုတွေ့သော် မျက်လုံးကြီးများ ကျွန်တော်နှင့် စိုးရာယာထံ တစ်လှည့်စီ

ခုန်ပေါက်သွားပြီးမှ အဒေါ်ကြီး ပြုံးပြသည်။

”အေမားပါလား။ တွေ့ရတာ ဝမ်းသာတယ်ဟေ့” ဟုဆိုကာ လက်ထဲမှ အိတ်ကြီးကို စားပွဲခင်းပေါ်ချသည်။ ချွေးရွှဲ၍ နဖူးအရောင် တလဲ့လဲ့ထွက်နေသည်။ ဆိုင်ကယ်စီးဦးထုပ်ကဲ့သို့

ပုံသွင်းထားသော ဆံပင်နီနီများလည်း နေရောင်ထဲ ဝင်းပြောင်နေသည်။ အချို့နေရာဆံပင်ကျဲ၍ အတွင်းမှ ဦးရေခွံကို အတိုင်းသား မြင်နေရသည်။ ဂေါ်ဖီထုပ်ကြီးလို ဝိုင်းစက်နေသော

မျက်နှာပေါ်တွင် မျက်ပေါက် ကျဉ်းကျဉ်း အစိမ်းရောင်မျက်လုံးလေးများ။ သွားအပေါ်ပိုင်းကို သတ္တုဖြင့် ကွပ်ထား သည့်အပြင် သေးသေးကွေးကွေး လက်ချောင်းလေးများကား

ဝက်အူချောင်းများ အတိုင်းဖြစ်၏။ ရွှေရောင်အလာဟ်ပုံကို ရင်ဘတ်ပေါ်တွင် မြင်ရသော်လည်း ဆွဲထား သောကြိုးကမူ အထစ်ထစ်ဖြစ်နေသော လည်ရစ်အောက်နစ်နေရှာသည်။

”အဒေါ်က ဂျမီလာ။ စိုးရာယာရဲ့ အမေကွဲ့”

”ဆာလမ် ခါလာ။ မင်္ဂလာပါ ဒေါ်ဒေါ်”

ကျွန်တော် ရှက်ရပြန်သည်။ အာဖဂန်များကြားတွင် ကျွန်တော် မကြာခဏ ကြုံရတတ်သည့် ကျွန်တော့်ကို သူတို့ကသိနေပြီး ကျွန်တော်က သူတို့ကို မသိသည့်အဖြစ်။

”အေမား အဖေကော နေကောင်းရဲ့လား”

”ကောင်းပါတယ် ခင်ဗျ”

”အေမားရဲ့အဖိုး ဆပ်ဂါဇီက တရားသူကြီး၊ သိတယ်နော်။ ဆပ်ဂါဇီရဲ့ ဦးလေးနဲ့ ဒေါ်ဒေါ့်အဖိုုးက ဝမ်းကွဲညီအစ်ကိုတွေ။ တွေ့လား။ အေမားနဲ့ ဒေါ်ဒေါ်တို့ အမျိုးတော်တယ်”

အဒေါ်ကြီး တာဟီရီကတော်သည် သတ္တုကွပ်ထားသော သွားများပေါ်အောင် ပြုံးနေသည်။ နှုတ်ခမ်းညာဖက်ခြမ်းက အောက်ဘက်ပိုတွဲကျနေသည်ကို ကျွန်တော် သတိထားမိသည်။

မျက်လုံးများ ကျွန်တော်နှင့်စိုးရာယာထံ တစ်လှည့်စီခုန်ပေါက် နေပြန်သည်။

ယခုချိန်ထိ လက်မထပ်သေးသော စိုးရာယာအကြောင်း ဘာဘာ့ကို ကျွန် တော်မေးခဲ့ဖူးသည်။ တောင်းရမ်းသူမရှိဟုသာ ဘာဘာဆိုခဲ့သည်။ သည့်ထက်

ပိုမပြောခဲ့။ ကောလဟာလအတင်းအဖျင်းများကြောင့် မိန်းမပျိုလေးတစ်ဦး၏ လက် ထပ်ခွင့် ဆုံးရှုံးသွားနိုင်ကြောင်း ဘာဘာကောင်းကောင်းသိသည်။ အာဖဂန်လူမျိုး ဆိုသည်ကလည်း

အထူးသဖြင့် ဂုဏ်သရေရှိအာဖဂန်များ အင်မတန် ရှုံ့ချည်နှပ်ချည် နိုင်သည်။ စိတ်မတည်တံ့ကြ။ သည်နား တီးတိုးပြောလိုက်၊ ဟိုနား သဖန်းပိုးလုပ် လိုက်နှင့် သိပ်မကြာ ငှက်ကလေးများလို

ဖလူးခနဲအလန့်တကြား ထပြေးကြတော့၏။ ဤသို့ဖြင့် စိုးရာယာတစ်ယောက် မင်္ဂလာပွဲနှင့် ဝေးရတော့သည်။ လက်က လေးများကို ဒန်းဆိုးပေးသူမရှိ။ မင်္ဂလာတေး

သီကြွေးပေးသူမရှိ။ ခေါင်းဆောင်းပေါ် ကိုရန်ကျမ်း ပင့်ပေးသူမရှိ။ သူများမင်္ဂလာပွဲတွင် စိုးရာယာနှင့်အတူ ကခုန်ပေးသူမှာ အဖေလုပ်သူ ဗိုလ်ချုပ်ကြီးဆပ်တာဟီရီသာလျှင် ဖြစ်၏။

ယခုတော့ ကျွန်တော့်ရှေ့မှ အမျိုးသမီးကြီး – စိုးရာယာ၏မိခင်သည် ရွဲ့တဲ့တဲ့နှုတ်ခမ်းများကို ပြုံးထားသည်။ စိတ်အားထက်သန်လိုက်ပုံမှာ အသည်းတွေ ကွဲကြေလုမတတ်။

မျက်လုံးထဲတွင် မျှော်လင့်ချက်က အတိုင်းသား။ ကျွန်တော့် အနေအထားအတွက်၊ ကျားမခွဲခြားပေးခဲ့သော မျိုးဗီဇကံစမ်းမဲတွင် အောင်နိုင်ခဲ့မှုအပေါ် ကျွန်တော် နည်းနည်းတော့

မျက်နှာလိုအားရဖြစ်မိသည်။

စိုးရာယာအဖေ ဗိုလ်ချုပ်ကြီး၏မျက်လုံးထဲတွင် ကျွန်တော် ဘာကိုမျှ ရှာမတွေ့ခဲ့။ သူ့ဇနီး၏ မျက်လုံးများကိုမူ ကျွန်တော် စာဖတ်နိုင်ခဲ့သည်။

”ထိုင်ဦးကွဲ့၊ အေမား။ စိုးရာယာ … ကုလားထိုင်ယူခဲ့။ မက်မွန်သီး စားသွားဦး၊ အေမား။ အသီးတွေက လတ်တယ်။ ချိုတာတော့ မပြောနဲ့”

”နေပါစေ ဒေါ်ဒေါ်။ ကျေးဇူးတင်ပါတယ်။ ကျွန်တော် ပြန်ဦးမှ။ ဘာဘာ စောင့်နေလို့ခင်ဗျ”

”ဪ … ဒီလိုလား” ကျွန်တော် ယဉ်ယဉ်ကျေးကျေး ငြင်းပယ်သည့်အပေါ် အဒေါ်ကြီး ပီတိဖြစ်သွားသည်။ ”ဒါဆိုလည်း ယူသွား” ဟုဆိုကာ ကီဝီသီးနှင့် မက်မွန်သီးအချို့ကို

စက္ကူအိတ်ထဲထည့်ပြီး အတင်းပေးသည်။ ”အေမားအဖေကို နှုတ်ဆက်ကြောင်း ပြောပေးဦးကွယ်။ ဒေါ်ဒေါ်တို့ဆီကိုလည်း လာလည်ပါဦး”

”လာခဲ့ပါ့မယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျ”

မျက်နှာလွှဲထားသော စိုးရာယာကို ကျွန်တော့်မျက်လုံးထောင့်မှ မြင်နေ ရသည်။

—————————-

ကျွန်တော့်လက်ထဲမှ မက်မွန်သီးစက္ကူထုပ်ကို လှမ်းယူရင်း ”ကုတ်သွား ဝယ်နေတယ်မှတ်လို့” ဟု ဘာဘာပြောသည်။ ဘာဘာ့အကြည့်က မြူးနေသည်။ တစ်ပြိုင်တည်းမှာပင်

အလေးအနက်ဖြစ်နေသည်။ ကျွန်တော်က အလုပ်တစ်ခု ကောက်လုပ်နေလိုက်ရာ ဘာဘာသည် မက်မွန်သီးကိုက်ပြီး ”ကိစ္စမရှိဘူး၊ အေမား။ ငါပြောတာသာ မမေ့နဲ့” ဟုဆိုသည်။

ထိုညက ကျွန်တော့်မှာ အိပ်ယာပေါ် မျက်လုံးကြောင်တောင်။ နေရောင် ဟပ်၍ တဖျပ်ဖျပ်လက်နေသော စိုးရာယာ၏ မျက်လုံးရွဲကြီးများ၊

ရင်ညွန့်ရိုးအလယ်မှ နူးညံ့သောချိုင့်ခွက်ကလေး … ပြောခဲ့ကြသည့်စကားတွေကို တစ်ကြော့ပြီးတစ်ကြော့ ပြန်ရစ်နေရသည်။ အိပ်ယာခင်းပေါ် ဘယ်ညာလူးရင်း မျက်နှာကျက်ကိုသာ

အပြူးသားကြည့်ရင်း စိုးရာယာကို နောက်တစ်ခေါက် တွေ့ရဖို့ ဖြတ်သန်းရဦးမည့် ရှည်ကြာခက်ခဲလွန်းသော ယဲလ်ဒါညပေါင်းခြောက်ညတိတိကို စိတ်ဝယ်ငြိုငြင် နေရသည်။

————————————–

ရက်သတ္တပတ်ပေါင်း တော်တော်ကြာသည်အထိ တိုးတက်မှုမရှိသေး။ ဆပ်တာဟီရီ ဈေးထဲလျှောက်အလည်ကို ကျွန်တော်စောင့်ပြီး တာဟီရီဆိုင်ရှေ့မှ ကျွန်တော်ဖြတ်လျှောက်မည်။

တာဟီရီကတော်ရှိနေလျှင် ကျွန်တော့်ကို လက်ဖက်ရည် သောက်ခေါ်မည်။ ကဘူးတွင်နေစဉ်တုန်းက ရှေးဟောင်းနှောင်းဖြစ်များ၊ အသိအကျွမ်း ဟောင်းများအကြောင်း၊

သူမ၏အဆစ်ရောင်နာအကြောင်း ပြောကြမည်။ ဆပ်တာဟီရီ မရှိမှ ကျွန်တော်ရောက်လာခြင်းကို တာဟီရီကတော် မရိပ်မိဘဲမနေ။ သို့ပါလျက် ကျွန်တော့်ကိုတွေ့တိုင်း ”ဪ .

.. အေမားရဲ့ကာကာ အခုကလေးတင် ထွက်သွား တာကွဲ့” ဟု အမြဲပြောမည်။

ဆိုင်တွင် တာဟီရီကတော် ရှိနေခြင်းကို ကျွန်တော် ပိုအကြိုက်တွေ့သည်။ တာဟီရီကတော် ခင်တတ်မင်တတ်ပုံကို ကြိုက်ခြင်းမဟုတ်။ အမေရှိနေလျှင် စိုးရာယာ ပိုပြီး

သက်တောင့်သက်သာရှိသည်။ နှုတ်စလျှာစ သွက်နေတတ်သည်။ တာဟီရီ ကတော် ရှိနေခြင်းက ကျွန်တော်တို့နှစ်ဦး၏ အခြေအနေကို တရားဝင်ဖြစ်စေသည်။ စိုးရာယာသည်

အမေ့အုပ်ထိန်းမှုအောက်၌ ကျွန်တော်နှင့်တွေ့ခြင်း ဖြစ်သည့်တိုင် အမေလုပ်သူက ကျွန်တော့်အား လက်သင့်ခံနိုင်ရုံမျှ မျက်နှာလိုမျက်နှာရလုပ်သည်ကိုပင် စိုးရာယာရှက်နေတတ်သည်။

တနေ့တော့ ဆိုင်တွင် စိုးရာယာနှင့် ကျွန်တော် နှစ်ဦးတည်း ထိုင်စကား ပြောနေကြသည်။ ဖရီးမောင့်၊ အိုလုန်းကောလိပ်တွင် ကျောင်းတက်ပုံကို စိုးရာယာက ပြောပြနေသည်။

”ဘာမေဂျာယူလဲ”

”ကျွန်မက ဆရာမဖြစ်ချင်တာ” ဟု စိုးရာယာဆိုသည်။

”တကယ်၊ ဘာကြောင့် ဆရာမဖြစ်ချင်တာလဲ”

…………………………..

…………………………………………..
_____________________________
ဆက်ပါဦးမည်..။
____________________________
မူရင်းစာအုပ်အမည်…..THE KITE RUNNER

မူရင်းစာရေးဆရာ…….KHALED HOSSEINI
______________________________–
မြန်မာပြန်ဆိုသူ …… ဝင့်ပြုံးမြင့်

မြန်မာပြန် စာအုပ်အမည်……..တိမ်ယံသစ္စာ..

2009 / ဇွန် ၊ ပထမ အကြီမ် ။

စာမျက်နှာ စုစုပေါင်း…350

13 x 21 စင်တီဆိုဒ်

စာအုပ်တန်ဖိုး … 3000 ကျပ်
______________________________

လေးစားစွာဖြင့်..

……………………………

7 comments

  • မိုး မင်းသား

    July 5, 2012 at 6:54 pm

    အလင်းဆက်ရေ…….

    ဝင်အားပေးသွားပါတယ်……

    ကျေးဇူးလည်းတင်ပါတယ်ခင်ဗျာ……

    အားပေးနေပါ ့မယ်နော်……….

  • အလင်းဆက်

    July 5, 2012 at 7:06 pm

    ဟုတ်…..အနော်ကလည်း.ကျေးဇူးတင် လျက်ပါ..ခည..။

    ဆက်လက် အားပေး..ဖတ်ရှုကြပါဦး.လို ့….

    ကိုကြီးမောင်ပ်ိန်..အဲ.လေ. မောင်ပေ..နဲ ့

    ရွှေကြည်…..ကိုလည်း.မျှော်နေမိတယ် .။

    ဘယ်ဆီကို မင်းရောက်နေလဲ…..

    • စိန်ဗိုက်ဗိုက်

      July 5, 2012 at 7:10 pm

      ကိုရီမောင်ပိန်…ဘောစိမ်နေတယ်..
      ဟို..ဘာတဲ့…ဘောစာရင်းတွေကို စိမ်ပြေနပြေ ပြုစုရေးသားတင်ပြနေတယ်လို ့ပေါဒါဘာ

  • အလင်းဆက်

    July 5, 2012 at 7:16 pm

    တော်ပါသေးရဲ ့ ။ ကျွန်တော်က…..တစ်မျိုး မက တွေ..ထင်သွားတာ ။

    ဗိုက်ဗိုက်ရေ….အချိန်မှန်ပဲ.နော် ။

    ကျွန်တော်လည်း…ညနေ ဆို အချိန်မှန်လေး.သောက်ရမှ…ပဲ.နေသာ ထိုင်သာရှိတာ….

    ပြောနေကြာတယ် ..အခုပဲ.ပြေးလိုက်ဦးမယ်.. ။

    ယစ်ရည် ဆိုင် ထဲ….

  • မောင်ပေ

    July 6, 2012 at 12:45 am

    ဘယ်မှမရောက်ဘူး
    ဂေဇက်က စစ်အုပ်ချုပ်ရေးစတော့မှာမို့
    စိတ်ညစ်လို့
    ထုံးစံအတိုင်း ကူးသွားတယ်နော
    အေးဆေးမှဖတ်တော့မယ်
    ကျေးကျေးပါနော

  • shwe kyi

    July 6, 2012 at 3:14 pm

    ကို အလင်းဆက်ရေ ဘယ်အလွတ်ခံပါ့မလဲ အချိန်မရလို့ မ မန့်ရတာ ဖတ်ပြီးနေပြီ။
    ဆက်ပါဦးနော် စောင့်ဖတ်နေပါတယ်။

  • အလင်းဆက်

    July 6, 2012 at 7:17 pm

    ဟော…မျှော်လင့်နေတဲ ့ ချစ် မိတ်ဆွေကြိးတွေ..ရောက်လာပါပြီ.။

    အဆက် မပြတ် အားပေး ဖတ်ရှု ကြလို ့ တကယ့်ကို ကျေးဇူးတင်ရပါတယ် ။

    နောက်များမှာ…အိမ် အထိ လိုက်လာပြီး.ကျေးဇူးတင် ကြောင်း ပြောချင်ပါသေးတယ် ။
    အဟဲ..။

    ကိုကြိး.မောင်ပေ ရေ.. ကျွန်တော် လာတဲ ့နေ ့မှာ..
    အတူတူ သောက်ရအောင်ဗျာ.။
    ကော် ဖီ…ပြောတာပါ ။

Leave a Reply