ရေရောင်းကြသူများ
ကျွန်တော်တို့ခပ်ရွယ်ရွယ် အသက်၁၀~၁၅နှစ်ဝန်းကျင်လောက်က ရန်ကုန်နဲ့မန္တလေး ရထားနဲ့ ခရီးသွားခဲ့ကြစဉ်တုံးက လမ်းခရီးမှာရထားရပ်တဲ့ ကျောက်ဆည်၊ပျဉ်မနား၊ တောင်ငူ၊ဖြူး၊ပဲခူး အဲဒီလိုလမ်းဘူတာတွေမှာ ရထားခေတ္တရပ်နားဖို့ ဆိုက်ရောက်လာပြီဆိုရင် ရေအိုးလေးတွေ ခေါင်းပေါ်ရွက်ပြီး ရေ-ရမယ် ရေ-ရမယ် လို့အော်ပြီး ရထားဘေးနား ရောက်လာတတ်ကြတဲ့ ရေရောင်းကြသူများကိုတွေ့ခဲ့ဘူးတယ်နော်။ သောက်ချင်တဲ့သူတွေ ကလည်း ရေအိုးလေးတွေရဲ့ အဖုံးပေါ်မှာပါတဲ့ ရေခွက်လေးတွေနဲ့ခပ်သောက်ကြ၊ သယ်သွားချင်တဲ့သူတွေအတွက်လည်း သူတို့ကထဲ့ပေးကြ၊ မျက်နှာသစ်ချင် သုံးချင်တဲ့သူ တွေအတွက်လည်း လိုသလောက်ခတ်သုံးကြပြီး ကျသင့်တဲ့တန်ဖိုး အနေနဲ့လည်း သောက်သုံး သူတွေရဲ့ စေတနာ ရှိသလောက်ပေးခဲ့တာကိုဘဲယူတတ်ကြပြီး အဆင်မပြေလို့မပေးခဲ့ကြလည်း ကုသိုလ်ပါလို့ထားတတ်ကြတဲ့ ရေရောင်းကြသူများ ဟိုးတခေတ်တစ်ခါက ရှိခဲ့ကြပါတယ်။
အဲဒီကနေ အချိန်တွေပြောင်းလို့ ၁၉၉ဝကျော်နောက်ပိုင်း အချိန်တွေမှာတော့ ရေသန့် စက်ရုံတွေ တစ်ခုပြီးတစ်ခုပေါ်လာပြီး ဈေးကွက်ထဲရောက်ရှိလို့ ဆိုင်တွေမှာရောင်းလာကြတဲ့ အချိန် ခုနလမ်းဘူတာတွေမှာ ရေအိုးလေးတွေနဲ့ ရေရောင်းသူများရော၊ ရေသန့်ဗူးအဟောင်း ထဲကို သောက်ရေ၊သုံးရေထဲ့ပြီး ရေဗူးနဲ့ရေရောင်းသူတွေရော၊ ရေသန့်ဗူးရမယ်ဆိုပြီး အော်ဟစ်ရောင်းသူတွေရော စုံလင်လာခဲ့ပြီး ဝယ်သူစိတ်ကြိုက်ရွေးချယ် သောက်သုံးတဲ့ ခေတ်တခေတ် ရောက်ခဲ့ကြပြန်ရော။ ဝယ်သူစိတ်ကြိုက်ရွေးချယ်တယ်ဆိုတာ အဲဒီတုံးက ရေအိုးလေးထဲက ရေကိုသောက်သုံးလို့ စေတနာရှိသလောက် ပေးကြသူတွေ၊ ရေသန့်ဗူးအဟောင်းထဲ ရေထဲ့ထားတဲ့ရေဗူးကို ဝယ်သူတွေ(အဲဒီတုံးက ရေသန့်တစ်ဗူး ကျပ်၅ဝဆို ရေပြန်ထဲ့ထားတဲ့ ဗူးက ကျပ် ၂ဝလောက်ပေါ့)၊ တစ်ချို့လည်းရေသန့်ဗူးဘဲ ဝယ်သုံးသူတွေပေါ့။ ထိုကဲ့သို့ ရေရောင်းကြသူများ ခေတ်တစ်ခုကိုလည်းဖြတ်သန်း လာခဲ့ကြပါတယ်။
အခုများမှာတော့ ရန်ကုန်မန္တလေးရထားလမ်းဘူတာတွေမှာ ရထားဆိုက်ပြီဆိုရင် စေတနာရှိ သလောက်ပေးပြီး သောက်သုံးလို့ရတဲ့ ရေအိုးလေးတွေခေါင်းပေါ်ရွက်လို့ ရေရောင်းသူတွေကို ရှာမတွေ့နိုင်တော့ဘဲ ရေသန့်ဗူးအေးအေးလေးတွေရမယ် ရေသန့်ဗူးအေးအေး လေးတွေ ရမယ်လို့ အော်ဟစ်ပြီးရထားဘေးနားလိုက်လို့ ရေရောင်းကြသူတွေ ခေတ်ကို ရောက်နေပြီလေ။သတ်မှတ်ထားတဲ့ရေသန့်တစ်ဗူးရောင်းဈေးအတိုင်း ငွေပေးနိုင်လျှင် ရေသန့်တစ်ဗူးရမည်ဖြစ်ပြီး သတ်မှတ်ထားတဲ့ရောင်းဈေးအတိုင်း အပြည့်မပေးနိုင်လို့ကတော့ သူတို့ကလည်း အလှုပါဆိုပြီးအလကား မပေးနိုင်ကြတော့ဘူး။
စေတနာခေတ်မှအသပြာခေတ်သို့ရောက်ရှိလာခြင်းသည် ခေတ်မှီလာတာလား၊ ခေတ်ပြောင်းလာတာလား၊ တိုးတက်တဲ့ခေတ်လို့ဘဲပြောရမလား၊ ဘယ်လိုပြောရမှန်းကို တွေးပေမဲ့အဖြေကရေရေရာရာမရခဲ့သလို ရေရောင်းသူများကလည်း အလှုလို့သဘောထားပြီး ရေသန့်ဗူးအလကားမပေးနိုင်တာလဲ သူတို့ဝယ်ရင်း(အရင်း)ရှိသလို စီးပွားတစ်ခုလုပ်နေတဲ့ ရေရောင်းကြသူများ ဖြစ်ကြပါတယ်လေ။
ဖတ်ရှု့အားပေးခြင်းအတွက်ကျေးဇူးနော်။
17 comments
etone
July 7, 2012 at 11:32 am
ကိုခင်ခရေ…
ရေကို ရေသန့်လုပ်ရောင်းတဲ့ ကိစ္စ …
လွန်ခဲ့တဲ့ ငါးနှစ်ကတည်းက ကျွန်မဖိုးဖိုးက .. ရှေးလူကြီးတစ်ယောက်အမြင်နဲ့ရော ၊ သူတို့ခေတ်တုန်းကနဲ့ ကွာဟနေတဲ့ အခြေနေအမြင်နဲ့ရော … ရေသန့်ဝယ်သောက်လျှင် အရမ်းဆူတယ် … ။
တစ်သက်လုံး ရေတွင်းတို့ ၊ မိုးရေတို့ ၊ ချောင်းရေတို့ကို ကြိုချက်ပြီး ရေစစ်လေး သန့်သန့်နဲ့ စစ်သောက်လာတာ ဘာပြသနာမှမရှိဘူး .. နင်တို့တွေဒီလို ဇာချဲ့လို့ ဖြစ်တာ .. ဒီခေတ် … ရောဂါတွေ ထူတာ ဆိုပြီးပြောခဲ့တာ မှတ်မိတယ် .. ။ စီးပွားရေး သမားတွေကတော့ အကြိုက်ပေါ့လေ … ။ ရေသန့်စင်တာ .. မစင်တာ..ကိုယ်လည်း အတိကျမခွဲတတ်လို့ မသိဘူးပေါ့ .. ကဲပါလေ .. ဒါကထားပါ .. အခုရေသန့်ဆိုပြီး … ရေသန့်ထဲ အရသာက အုန်းစိမ်းနံ ့ပါနေတာ .. ဓါတ်ပစ္စည်းတစ်ခုရောတယ်ကြားတယ်(ကြားတယ်ပြောတာနော် .. ဒေတာအချက်လက်ဘာမှမရှိဘူး မဟုတ်တဲ့ သတင်းလည်း ဖြစ်နိုင်တယ် ) … အဲ့ဓါတုပစ္စည်းက … လိုအပ်တာထက်များရင် ဘာဖြစ်တယ်ဆိုလားပဲ … ။ ကြားဖူးတာပါ … ရေသန့်တချို့ အရသာကတော့အုန်းစိမ်းနံ ့လေးပေါက်နေတာ ..ကိုယ်တိုင်ခံစားမိပါတယ် .. ဟိုပစ္စည်းကြောင့် ဟုတ်မဟုတ်တော့ မသိဘူး … ။
ငယ်ငယ်က သင်ဖူးတာတော့ .. ရေဆိုလျှင် အရောင် အနံ ့ အရသာ ကင်းစင်ရမယ် မဟုတ်ဘူးလားဟင် … 🙁
ho leo
July 7, 2012 at 11:43 am
အခု က မဟုတ်တော့ဘူး
ဆင်းရဲ မွဲတေသူတွေများလာတော့ရထားလမ်းတစ်လျောက် ကလေးတွေက
“ရေသန့်ဘူးလေးတွေ ပေးပါ ရေသန့်ဘူးလေးတွေ ပစ်ချခဲ့ပါ” ဆိုပြီး အော်နေလိုက်ကြတာ
တော်တော်သနားဖို့ကောင်းတယ်
အားလုံးရဲ့ အဓိကအရင်းအမြစ်က ဆင်းရဲ့ မွဲတေမှုပါပဲ
မောင်ပေ
July 7, 2012 at 11:47 am
ငယ်ဘဝတုန်းက ရထားစီးခဲ့ဖူးတာတွေကို ကွက်ကွက်ကွင်းကွင်း ပြန်မြင်လာမိတယ်။
သူရို့လေးတွေရဲ့ဘဝများဟာလဲ တွဲစောင့်တွေနဲ့ နားလည်မှုယူကြရတာပါဘဲ။
ko khin kha
July 7, 2012 at 12:29 pm
မအိတုံရေ ရန်ကုန်က ကျွန်တော့အကိုအိမ်ရောက်တုံးက ရေသန့်ရေက တွင်းရေနံလိုလို မြေနံလိုလို အနံတစ်မျိုးရလို့တံဆိပ်ပြောင်းသုံးရတာကြုံဖူးတယ်၊ရေက အနံ အရသာ အရောင်အဆင်း ကင်းတယ်လို့ ငယ်ငယ်ကသင်တဲ့ထဲမှာ နောက်က သန့် မပါဘူးလေ အခုက ရေသန့် ဆိုပြီးသန့်ပါလို့ ပြောင်းသွားတာနေမှာပေ့ါ။
နွေဦး
July 7, 2012 at 12:58 pm
ဟိုတုန်းကတော့ ရေကုသိုလ် လို့ ဆိုတယ်..
တောဓလေ့ ရေချမ်းစင် ကုသိုလ် ဆိုတာလဲ ခေတ်ကုန်ပြီလားမသိ..
ဘယ်နေရာရောက်ရောက် ရေတပေါက်လောက် သောက်ပါရစေ ဆိုကြည်ဖြူ တဲ့ မြန်မာပြည် …
ခုတော့ ရေဆိုတာ ဝယ်သောက်စရာ ..ရောင်းကုန်တခု ဖြစ်ပါပေါ့လားးးးးးးး။
နောင် ဘယ်တော့များ..လေကို ဝယ်ရှူ ရမလဲနော်.. ရင်လေးလှပါဘိ…။
aye.kk
July 7, 2012 at 1:13 pm
စေတနာပေါများသော..
လူလိမ္မာပေါများသောနိုင်ငံများတွင်ဒီမိုကရေစီဖြစ်ထွန်းပြီး..
ယဉ်ကျေးမှုရိုးရာအမွေအနှစ်များကိုဆက်လက်ထိန်းသိမ်းလာနိုင်ကြသည်..။
စေတနာနည်းပါးသော..
လူမိုက်များသောနိုင်ငံများတွင်ရိုးရာယဉ်ကျေးမှုအမွေအနှစ်တို ့ကွယ်ပျောက်ရသည်။
မြန်မာမှုဓလေ့ဖြစ်သောရေချမ်းအိုးစင်ထားခါရေလှူဒါန်းမှု
ရေချမ်းအိုးရွက်ခါသဒ္ဒါတရားဖြင့်စေတနာထားပြီးကုသိုလ်လည်းရ၊ဝမ်းလည်းဝသည့်..
မွန်မြတ်သောစိတ်စေတနာများသည်..
ဆင်းရဲမွဲတေမှုအောက်တွင်ကျရောက်ခဲ့ကြရသဖြင့်ကွယ်ပျောက်ခဲ့ကြရလေသည်။။။
နေဝန်းနီ
July 7, 2012 at 2:13 pm
ရေသန့် ရောင်းတဲ့ ကိစ္စက ကျုပ်တို့ ဆီမှာပဲ ရှိတာလား ကျန်တဲ့နိုင်ငံတွေမှာကော……. ပြောချင်တာက ရေသန့်ဗူးက မြန်မာရဲ့ အမှတ်အသားတစ်ခုလို့ တစ်နေရာမှာ တွေ့ဖူးလိုက်လို့………… ပြီးတော့ ဆီသန့် ဆိုတဲ့ ပြဿနာကကော ဒီတစ်နိုင်ငံ ထဲမှာပဲ ရှိသလား သိရင်ပြောကြစမ်းပါဦး ငတို့လည်း ခောတ်နောက်ကျကျန်ခဲ့ပြီလားမသိ….။
htoosan
July 7, 2012 at 10:01 pm
ရေမသန့်ဗူးကသာ မြန်မာရဲ့ အမှတ်အသားဖြစ်မယ်ထင်ပါသည် … 😀
မြန်မာနိုင်ငံမှာ ရေခဲရေ ရေခဲရေ ဆိုပြီး ပုံးကို ဂလိုင်ခေါက် ရောင်းနေကတည်း က သူများနိုင်ငံတွေ ရေသန့်ဗူး ရောင်းနေတာပါ ..
အချို့ က ဒို့ နိုင်ငံ ဒီလို ရေသည် တွေ ရှိနေတာ ရေသန့်ရောင်းလို့ ကတော့ ရှုံးမှာဘဲလို့ ပြောခဲ့ဘူးကြပါတယ် ။
သူတို့မှားကြောင်းကို ကျွန်တော် သိသလောက် 0asis က ပထမဆုံးရေသန့်ဗူး အကြည်များရောင်းပြီး သက်သေပြခဲ့ပါတယ် ။
Alpine ဆရာကြီးကို စက်မှု့ (၁) က သူတို့ အမျိုးကို ပေးချင်တာနဲ့ အောင်မြင်နေတဲ့ ဒဂုံ ရေသန့် ကနေကန်ထုတ်လို်က်တော့ Alpine ထုတ်ပြီး အကြီးအကျယ် ချမ်းသာ သွားပါတယ် ။
laypai
July 7, 2012 at 3:21 pm
အရင်တုံး က ရေတွင်းတို့ ၊ မိုးရေတို့ ၊ ချောင်းရေတို့ကို ကြိုချက်ပြီး ရေစစ်လေး သန့်သန့်နဲ့ စစ်သောက် တာဘာ အန္တရာယ် မှ မရှိ ပါဘူး။
ခုလဲ နေရာ ဒေသ အရ ရေစစ် ကောင်းကောင်း လေး နဲ့ သန့်နိုင် သလောက် သန့်အောင် လုပ်ပြီး သောက်ရင် ရ နေပါသေးတယ်။
လူဦးရေ ထူထပ်လာတာနဲ့ အမျှ အညစ်အကြေး စွန့် ထုတ်မှု က ပို များလာတယ်။ လူဦးရေ ထူထပ်တဲ့ နေရာ မျိုးမှာ တွင်းရေ တို့ ချောင်း ရေ တို့ က သန့်စင်မှု အား နည်း လာ ပါတယ်။
မိုးရေ မှာ တောင် ကာဗွန်ထုတ်လွတ်မှု များတဲ့ စက် ရုံ ဝန်းကျင် မှာ ရှိ တဲ့ အရပ်ဒေသ တွေ မှာ သန့်စင်မှု အားနည်း လာပါတယ်။
ွှအိမ်မှာ အရင် က ရေတွင်း လေး ရှိပါတယ်။ စည်ပင်က ရေ ကို သွယ်ဖို့ ငွေကြေး မတတ် နိုင်တာ ရယ် တွင်းရေ ကလဲ သုံးရတာ အဆင်ပြေနေတာ ကြောင့် တွင်းရေ ပဲ သောက် သုံးနေပါတယ်။
နေ နေရာကနေ ၃ နှစ် လောက် ကြာ လာ တော့ ရေ ကို သောက်ရတာ တခုတခု ခံစားရတာ ဖြစ်လာ သလို လာတဲ့ ဧည့် သည်တွေ က လဲ အားနာလို့ ဘာမှ မပြောကြပေမဲ့ သောက်ရေက တွင်းရေ လား လို့ မေးဖန်များတော့ ကို လဲ မသတီ တော့ပဲ စည်ပင်ရေ ကို တသိန်းခွဲ အကုန်ကျ ခံ ပြီး သွယ် လိုက်ပါတယ်။ ဒါပေမဲ့ တွင်းရေ ကို ချိုးရေ အဖြစ်တခါ တရံ သုံးနေပါသေးတယ်။နောက်ပိုင်း တော့ အသားအရေ ယားသလိုလို ခံ စားလာရပြီး တွင် ကို ပိတ်ပစ် လိုက် တယ်။
ပြောချင်တာက ရေဆို တာ ဝယ်ပဲ သုံးသုံး၊ ကိုယ်တိုင်ပဲစစ်စစ် သန့် မှ သောက် သုံးရတာ အန္တရာယ် ကင်းပါမယ်။
ရေသန့် ဆိုပြီး တံဆိပ်ကပ်ရောင်း၊
တစ်လ လောက်ပဲ ပါကင် အတိုင်း ထားကြည့် တယ်
အနယ်ထိုင် လာ တတ်တဲ့ ရေ သန့် ပုလင်း တွေ ရှိ နေတာ တွေ့ ခဲ့ ဖူးပါတယ်။
တိုးတက်တဲ့ နိုင်ငံ တစ်နိုင်ငံ အတွက် အဲဒီနိုင်ငံ ရဲ့ စက်ရုံ ထွက်ကုန် တွေ ဟာ အရည်အသွေး ပြည့် မီ နေရ မယ်၊ အစမ်းသပ် ခံ နိုင်ရမယ် လို့ ထင်မြင်ပါကြောင်း။
R Ga
July 7, 2012 at 3:34 pm
စေတနာကို အဿပြာက ဖုံးလွှမ်းသွားတဲ့ ခေတ်လို့ပဲပြောရမလိုပါပဲ။ ကျွန်တော်ငယ်ငယ်က အဲဒီလို ခေါင်းပေါ်မှာ ရေအိုးလေးတင်ပြီးရောင်းတဲ့ အဖွားကြီး တစ်ယောက်ပြောတာကြားဖူးတယ်။ မြေးလေးရယ် ကြိုက်သလောက် သောက်ပါ။အဝသောက်ပါ ။ စေတနာရှိ သလောက်ပဲပေးပါ။ အဖွားတို့ လှူနိုင်တာ ဆိုလို့ ဒါပဲရှိတယ်ဆိုတဲ့ စကားလေး အခုထိနားထဲမထွက်ဘူး။
shwe kyi
July 7, 2012 at 4:50 pm
အခုရေသန့်ဆိုပြီးသောက်နေရပေမယ့် စိတ်ထဲမှာတမျိုးကြီးရယ်။ တတ်နိုင်ဘူးရယ် ဒါပဲတတ်နိုင်တော့ဒါပဲသောက်နေရတာပဲ။
snow white
July 7, 2012 at 6:23 pm
ရေကို ကျိုချက်သောက်သုံးရင်တော့အန္တရယ် ကင်း မယ်ထင်တယ် ရေကျက်အေးလေးဘဲသောက်သုံးသင့်နေပြီ ထင်တာကိုပြောတာနော် ခုတော့အိမ်တိုင်းအိမ်တိုင်း ရေသန့်ခေတ်ဖြစ်နေတော့ ရေသန့်လေးဘဲအားပေးနေရတာပေါ့လေ…
ဝမ်းတွင်းရူး
July 7, 2012 at 6:39 pm
တခါက အောင်လံမှာ ကားခဏရပ်ပြီး လူတင်တော့ ရေသန် ့တစ်ဗူးကားပေါ်ကနေ
လှမ်းဝယ်တာ ရိုးရိုးရေထည့်ထားတဲ့ဗူးဖြစ်နေတာ လက်ထဲရောက်မှသိတယ်။စိတ်ဆိုး
လိုက်တာဗျာ။လူတွေများ ကားကခဏဘဲရပ်ပေးပြီး ချက်ချင်းထွက်မှာ သိလို ့လုပ်စား
ပုံများးးးး
padonmar
July 7, 2012 at 8:48 pm
ရေကုသိုလ်လေးများကိုလွမ်းမိပါတယ်။
ဒါပေမယ့် သန့်မသန့်မသေချာတဲ့ ရေသန့်ဘူးယဉ်ကျေးမှုက အမြစ်ခိုင်နေပြီဆိုတော့ ကျောက်စစ်ရေကြည်ကြည်လေး အလကားတိုက်ရင်တောင် သောက်ရဲကြပါ့မလား။
metallic
July 7, 2012 at 10:01 pm
မသောက်ရဲဘူး
ရေသန့်ဘူးက သန့်မသန့်မသေချာပေမယ့် ဘယ်တွင်းထဲ ဘယ်ပိုက်ထဲကနေထည့်လာမှန်းမသိတဲ့ရေထက်စာရင်တော့
တော်ပါသေးတယ်
တက်နိုင်ရင်တော့ ကိုယ့်အိမ်ကနေ တယောက်စာထည့်ယူလာတာ အကောင်းဆုံးပါ
MaMa
July 7, 2012 at 11:24 pm
ရေသန့်တွေ အလွယ်တကူ ဝယ်သောက်လို့ရတဲ့ ကောင်းတဲ့အချက်ကတော့ …
အရင်ဆိုရင် နေရာဒေသပြောင်းရင် မြစ်ရေ၊ အဝီစိတွင်းရေ၊ မိုးရေ ဆိုပြီး ရေကွာရင် အရသာကွာလို့…….
ရေပြောင်း မြေပြောင်းရင် ချက်ခြင်းအသားမကျပဲ ဒုက္ခရောက်ရတာတွေ မဖြစ်တော့ဘူး။ 🙂
ကြောင်ကြီး
July 8, 2012 at 10:00 am
ရေရောင်းလို့
ငွေတောင်း
စွေစောင်းတို့
နေကောင်း…