နောက်ဆုံး တာရာ

အဇဋာJuly 10, 20121min31012

ဤစာစုကိုရေးရတာ စိတ်ထဲတွင် မလုံလှပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်ကိုယ်ပိုင်ဇာတ်လမ်း၊ ကိုယ်ပိုင်စိတ်ကူးမဟုတ်သလို ကျွန်တော်ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ဇာတ်လမ်းလည်း မဟုတ်သောကြောင့်ဖြစ်ပါသည်။ ထို့ပြင် ယခုဇာတ်လမ်းတွင် ပါဝင်သည့်သူသည် ကျွန်တော်တို့အားလုံးနှင့် ရင်ခုန်သံချင်းရင်းနှီးခဲ့သော၊ လေးစားခဲ့ရသော၊ အရေးတယူပြုခဲ့ရသောသူတစ်ဖြစ်လည်း ကျွန်တော်တို့ သိနေခဲ့ရသည့်သူတစ်ယောက် ဖြစ်နေသောကြောင့်ဖြစ်သည်။

ကျွန်တော်နှင့်အလုပ်တူ သူငယ်ချင်းတစ်ယောက်က ပြောပြခဲ့သဖြင့်  ယခုဇာတ်လမ်းကို ပြန်လည်ခံစား ရေးသားရခြင်းဖြစ်ပါသည်။ ဇာတ်လမ်းကိုပြောပြခဲ့သည့် သူငယ်ချင်း ကိုကိုအောင် ကိုလည်းယခုစာစုဖြင့် ကျေးဇူးတင်အပ်ပါသည်။ သူက ကျွန်တော့်ကိုပြောသည်။

“အဲဒီတုန်းက ငါသူ့အိမ်ကိုရောက်ခဲ့တယ်၊ ကိုယ့်ကိုယ်ကိုယ် တော်တော် ဝမ်းနည်းတယ်၊ ယူကြုံးမရလည်းဖြစ်တယ်၊ ငါရောက်တဲ့အချိန်က တကယ့်နောက်ဆုံးအချိန်ဖြစ်နေပြီလေ”

“အဲဒီအဖြစ်အပျက်ကို ငါတစ်ယောက်ယောက်ကို ပြောပြချင်တယ်၊ ပြီးတော့ ရေးလည်းရေးပစ်လိုက်ချင်တယ်၊ ဒါပေမယ့် ငါက စာရေးတာနဲ့ပတ်သက်ပြီး အားနည်းတယ်ကွ”

“ခု မင်းနဲ့တွေ့တော့ မင်းကလည်း သူ့ရဲ့စာတွေဖတ်ဖူးတယ်ဆိုတော့ ငါမင်းကိုပြောပြချင်တယ် ပြီးတော့ မင်းရေးပေါ့ကွာ”

 

အဲဒီလိုနဲ့ သူ ကျွန်တော့်ကိုပြောပြခဲ့ပါတယ်။

 

နောက်ဆုံး တာရာ

အဲဒီနေ့က ကျွန်တော်နေထိုင်တဲ့ သင်္ဃန်းကျွန်းက လဖက်ရည်ဆိုင်မှာ ကိုရဲဝင်း(နီကိုရဲ) နဲ့အတူ မိုးရေစက်တွေကို လဖက်ရည်နဲ့မြည်းရင်း ကိုရဲဝင်းပြောပြတဲ့ ဇာတ်လမ်းလေးတွေကို နားထောင်နေခဲ့ကြတယ်။ သူပြောပြတဲ့အကြောင်းအရာတွေက တောင်ရောက်၊ မြောက်ရောက်နဲ့။ ဒါပေမယ့် ကျွန်တော်တို့ မိုးရေစက်တွေနဲ့အတူ အေးအေးချမ်းချမ်းပေါ့။

မိုးစက်တွေက တစ်ခုခုကို ပြောပြဖို့ စိတ်စောနေသလိုမျိုး သိုသိုဝှက်ဝှက်နေခဲ့တာကို အဲဒီတုန်းက ကျွန်တော် မသိခဲ့ရိုးအမှန်ပါ။

အချိန်က နေ့လည် ၁ နာရီသာသာလောက်။ မိုးစက်တွေက ခုမှ ပိုပြီးစိုးရိမ်လာသလိုမျိုး သဲကြီးမဲကြီး။ ကျွန်တော်တို့ ထိုင်နေတဲ့လက်ဖက်ရည်ဆိုင်ကို ကိုကြည်(အကြည်တော်) ရောက်လာခဲ့တယ်။

“ကိုရဲဝင်း ကိုတာရာဆုံးသွားပြီတဲ့၊ ခုနလေးတင် ကျွန်တော့်ဆီဖုန်းဝင်လာတယ်”

ကျွန်တော် ကိုရဲဝင်းရဲ့ မျက်နှာကို တစ်ချက်ကြည့်လိုက်တယ်၊ မျက်လုံးထဲမှာ အရောင်တစ်ခု ဖြတ်ပြေးသွားသလိုမျိုး။ ဒါပေမယ့် ပြန်ပျောက်သွားတယ်။

“ကဲ ကျွန်တော်တို့ သွားကြမယ်လေ”

ပြီးတော့ ကျွန်တော့်ဘက်ကို တစ်ချက်ကြည့်ပြီး မေးလိုက်တယ်။

“မင်းလိုက်ခဲ့မလား”

ကျွန်တော့်မှာ ပြန်ဖြေစရာ စကားလုံးမရှိပါ။

 

မိုးစက်တွေ တစ်ထွေကြီးထဲမှာ ကိုကြည်ရယ်၊ ကိုရဲဝင်းရယ်၊ ကိုကြည်ရဲ့ကားဒရိုင်ဘာရယ်၊ ကျွန်တော်ရယ်၊ ကိုကြည်ရဲ့ ကိုရိုလာ ကားပြာလေးထဲမှာ အသံတိတ် ပူနွေးနေခဲ့ကြတယ်။

ကားကလေးက မြောက်ဒဂုံရဲ့ဟိုးဘက် ၄၅ ရပ်ကွက်ထဲမှာ လူးလူးလွန့်လွန့်။

ကျွန်တော့်စိတ်ထဲမှာ ဘာကိုတွေးပြီး ဘယ်လိုအဆုံးသတ်ရမှန်းမသိဘူး။ ဘာကို ဝမ်းသာနေပြီး၊ အဲဒီဝမ်းသာနေတာကိုလည်း ပြန်ရှုပ်ချရင်း၊ ဘာကို နားမလည်ဖြစ်နေမှန်းလည်းမသိဘူး။ အသံတစ်ချက်ကြောင့် အတွေးရှုပ်တွေ ပျက်သွားတယ်။

“ညီလေး… စာရေးဆရာ တာရာမင်းဝေတို့အိမ်ကို ဘယ်လမ်းကသွားရလဲ”

ကိုကြည်ရဲ့ ကားဒရိုင်ဘာက လမ်းဘေးကွမ်းယာဆိုင်က ကောင်လေးကို လှမ်းမေးလိုက်တာပါ။

“တည့်တည့်သွားအစ်ကို၊ ပြီးရင် ညာဘက်ချိုးလိုက်”

“ကျေးဇူးပဲ ညီလေး”

လမ်းက အရမ်းကျဉ်းလွန်းပါတယ်။ ကွမ်ယာဆိုင်ကကောင်လေး ညွန်လိုက်တဲ့လမ်းက အဆင်မပြေဘူး။ အဲဒါနဲ့ အဆင်ပြေမယ်ထင်တဲ့လမ်းက ပတ်သွားရပါတယ်။ ခပ်လှမ်းလှမ်းလည်းရောက်ရော လမ်းက ပျောက်သွားပြန်ရော။ ဘောလုံးကန်နေတဲ့ကလေးတွေကို တွေ့တော့…

“သား… စာရေးဆရာ တာရာမင်းဝေတို့အိမ်က ဘယ်အိမ်လဲ”

“ဟိုရှေ့နားက အိမ်ပဲ ဦးလေး”

အိမ်လေးကို လှမ်းမြင်နေရပြီ။ ကျွန်တော်သိတဲ့ စာရေးဆရာ၊ ကျွန်တော်ချစ်ခင်တဲ့ စာရေးဆရာတစ်ယောက် နေထိုင်တဲ့ အိမ်က ဘာတွေရှိမလဲ။ ဘာတွေနဲ့ သိုင်းဝိုင်းထားမလဲ။

အိမ်က မြေစိုက်တဲကလေး။ အိမ်ဘေးမှာ ကဲလားလို၊ အဖီလေးထိုးထားတယ်။ မိုးတွေက ပက်လို့။ အဖီကလေးရဲ့အောက်မှာ စာအုပ်သုံးလေးအုပ်က ကပိုကရို။ ဖတ်လက်စတန်းလန်း စာအုပ်တစ်အုပ်။ ဆရာ ဒဂုန်ရွှေမျှားဘာသာပြန်တဲ့ ရော်ဘင်ဆင်ကရူးဆိုးစာအုပ်။ ဆရာရဲ့နောက်ဆုံးချိန်မှာ ရော်ဘင်ဆင်ကရူူးဆိုးစာအုပ်ကို ဘယ်လိုအတွေး၊ ဘယ်လို စိတ်ကူးနဲ့များ ဖတ်ခဲ့တာပါလိမ့်။ ဆရာ့စိတ်ကူးထဲမှာ ကရူးဆိုးကို တပ်မက်ခဲ့သလား။ တစ်ယောက်တည်းနေရတဲ့ ဘာသာဗေဒကို ဆရာနောက်ဆုံးတွေ့ရှိသွားလို့လား။ ကိုယ့်ကိုယ်ကို အားကိုးချင်တဲ့ စိတ်တွေ တဖွားဖွားပေါ်ပေါက်ခဲ့တာမျိုးလား။ ဒါမှမဟုတ်….။

ကိုကြည်က ရှေ့ဆုံးကနေအိမ်ထဲကို လှမ်းဝင်သွားတယ်။ နောက် ကိုရဲဝင်း။ နောက်က ဒရိုင်ဘာနဲ့ကျွန်တော်။

အိမ်ထဲကို ဝင်ဝင်ချင်း စာအုပ်တွေက ဆရာ့အစား ကျွန်တော်တို့ကို အရင် နှုတ်ဆက်တယ်။ ဒါပေမယ့် စာအုပ်တွေရဲ့နှုတ်ဆက်သံမှာ ငိုသံများစွက်နေလိမ့်မလား။ အစီစဉ်တကျ စီရီထားတဲ့ စာအုပ်တွေ၊ ပြန့်ကျဲနေတဲ့စာအုပ်တွေ။ အားလုံး သခင်မဲ့နေကြပြီ။ သူတို့အတွက် သခင်ဆိုလို့ ဒီတစ်ယောက်တည်းရှိတယ်လို့လည်း မာနနဲ့ပြန်အော်ဟစ်နေကြသလို။

အများဆုံးတွေ့ရတဲ့ စာအုပ်တွေကတော့ ဆိုင်ကိုနဲ့ ဖီလော်စာအုပ်တွေပါပဲ။

ကိုကြည်က စကားတစ်ခွန်းစ နှစ်ခွန်းစဆိုတယ်။ ခဏနေတော့ ဆရာ့အမေရဲ့အသံကို ခပ်စူးစူး ကြားရတယ်။

“နီကိုရဲ ဘယ်မှာလဲ၊ နီကိုရဲ ဘယ်မှာလဲ”

“ကျွန်တော် ဒီမှာပါ အမေ”

“ဟဲ့ သေနာကောင်၊ နင့်အကောင်သေပြီ သိလား၊ အရေ သောက်လို့သေပြီ၊

နင်လည်းသတိထား၊ နင်လည်း သေလိမ့်မယ်၊ ကြားလား”

ကိုရဲဝင်းက ခံစားချက်မရှိတဲ့မျက်နှာနဲ့ ဆရာရဲ့အမေကို ပြန်ပြောတယ်။

“ဟုတ်ကဲ့ အမေ၊ ဟုတ်ကဲ့”

ပြီးတော့ ကိုရဲဝင်းက အမေနဲ့ ကိုကြည့်ကို မိတ်ဆက်ပေးတယ်။

“အမေ ဒီဟာက အကြည်တော်”

အမေက ခပ်ငြိမ်ငြိမ်ပြန်ကြည့်တယ်။

ခဏနေတော့ ရပ်ကွက်ထဲကလူတွေ၊ ဆရာ့ မိတ်ဆွေတွေ တဖွဲဖွဲရောက်လာကြတယ်။ တစ်နာရီလောက်ကြာအောင် စကားပြောခဲ့ပြီးတော့ ကျွန်တော်တို့ ပြန်လာခဲ့ကြတယ်။

အပြန်ခရီးမှာတော့ ကိုကြည်က စကားစပြောတယ်။

“ဟိုအရင်က ကိုတာရာနဲ့ ကျွန်တော် မြို့ထဲကိုလာလေ့ရှိတယ်၊ ကျွန်တော့်ကားလေးနဲ့ပြန်လာရင် ကိုတာရာက လယ်ကွင်းတွေနားရောက်တာနဲ့၊ လုပ်လေ့ရှိတာတစ်ခုရှိတယ်၊ ကျွန်တော့်ကို ကားရပ်ခိုင်းတယ်၊ ပြီးရင် ကိုတာရာက လယ်ကသင်းတွေပေါ်မှာ သွားထိုင်ပြီး တစ်ယောက်ယောက်နဲ့စကားပြောသလို လုပ်နေတယ်၊ ကျွန်တော် သူဘာတွေ လုပ်နေလဲ နားမလည်ဘူး၊ ပြီး သူပြန်ရောက်လာရင် ကျွန်တော့်ကို ပြောပြတတ်တယ်၊ ကိုတာရာ ပြောပြတာက….”

 

“ကျွန်တော် နာနာဘာဝတွေနဲ့ စကားပြောနေတာလေ၊ ဒီလိုပုံစံမျိုး အကြောင်းအရာတွေ၊ စာအုပ်တွေပဲ ရေးချင်နေတယ်၊ ဖတ်ချင်နေတယ်၊ နောက်ပြီးတော့ ခုတစ်လော နောက်ဘဝတွေကိုပဲ စိတ်ဝင်စားနေတယ်”

 

စကားအဆုံးမှာ တာရာမင်းဝေဆိုတာ ရှိနေလား၊ ရှိမနေဘူးလား၊ ရှိနေသေးလား၊ ရှိခဲ့သလား ကျွန်တော် သတိမရနိုင်တော့ပါဘူး။ သူ့အိမ်မှာတုန်းကတော့ သူ လောကကြီးထဲကထွက်သွားပြီဆိုတာ သိရတယ်။ ဒါပေမယ့် ကျွန်တော် သူ့အိမ်က ထွက်လာတော့……..။

မိုးစဲသွားပါပြီ။ မိုးစက်တွေဟာ သူတို့ပြောချင်တာတွေကို ပြောချလိုက်ရလို့ ပေါ့ပါးသွားပုံမျိုးနဲ့ တစ်ချက် ခပ်ဖြောက်ဖြောက် ရွာလိုက်ပါတယ်။

အဲဒီနေ့က… ၅ ဩဂုတ် ၂၀၀ရ ….။

12 comments

  • မောင်ပေ

    July 10, 2012 at 11:34 am

    ကျွန်တော့်ကို ဝတ္ထုတွေဖတ်ရတာ ချစ်စရာကောင်းမှန်း
    ပျော်စရာကောင်းမှန်း
    တွေးစရာကောင်းမှန်း
    မြင်ဆရာအနေနဲ ့သင်ပေးခဲ့တာ တာရာမင်းဝေ ပါ။
    ကိုမြတ်ကျော်သူရေ..
    ဆရာတာရာမင်းဝေ တစ်ယောက်
    ကောင်းရာသုဂတိ မှာ
    သူ ့အနုပညာတွေနဲ ့ဆက်လက်ပျော်ရွှင်နေမှာပါဗျာ။

    • P chogyi

      July 10, 2012 at 1:39 pm

      ကိုပေ ပြောသလိုပဲ
      စာရိုက်ရမှာပျင်းလို့

  • etone

    July 10, 2012 at 11:48 am

    ကိုမြတ်ကျော်သူရဲ့ ပို့စ်ကို ဖတ်ရပြီး … ကာယကံရှင်နေရာကို ရောက်သွားသလိုတောင် ၊ ကိုယ်တိုင် ကြုံဆုံခဲ့ရသလိုတောင် ခံစားမိပါတယ် ။ ဒါတောင် … ကိုမြတ်ကျော်သူ ကိုယ်တိုင်တွေ့ အဖြစ်ပျက်မဟုတ်ပဲ .. သူငယ်ချင်း ကိုကိုအောင်ရဲ့ ပြောပြချက်ကို ပြန်လည် ခံစားပြီးရေးဖွဲ့လို့သာပါပဲ ။ စာရေးကောင်းလွန်း လို ့ … အဆင်ပြေလျှင် …. ရသဝတ္တုတစ်ပုဒ်လောက်ရေးပါလို့ပွဲတောင်းချင်ပါတယ် … 🙂

  • pooch

    July 10, 2012 at 2:19 pm

    ခုတော့ တာရာမင်းဝေတင် မဟုတ်တော့ဘူး နီကိုရဲလည်း မရှိရှာတော့ဘူး။
    တာရာမင်းဝေ ရဲ့ စာတွေက အတွေးတွေ ပေးတာမို့ ခုထိပြန်ဖတ်လည်း ကြိုက်မိနေတုန်းပါပဲ။
    တုန်တုန်ပြောသလိုပဲ အဆင်ပြေရင် ရသတပုဒ်လောက်ရေးပါအုန်းလို့။
    အရေးအသားက ဆွဲဆောင်မှုရှိတယ်။

  • kyeemite

    July 10, 2012 at 4:24 pm

    အော်..စာရေးဆရာဆိုတာ..တော်လေလေ
    ဆင်းရဲလေလေပါလားလို့..အတွေးဝင်မိပါရဲ့..
    ဆရာတာရာမင်းဝေတစ်ယောက် ..ရောက်လေရာမှာ
    စာတွေဆက်ရေးနေပါလိမ့်မယ်…

  • amatmin

    July 10, 2012 at 5:01 pm

    ကိုမြတ်ကျော်သူရေ..
    ကျနော်တို့အရွယ်ရောက်ချိန်မှာ
    ဆရာတာရာမင်းဝေစာအုပ်တွေ.အတွေးတွေနဲ့ ကြီးပြင်းခဲ့တာပါ..
    ရေးထားတာ တကယ့်ကို ထိပါတယ်ခင်ဗျ..
    ဒါနဲ့ တခုလေးပါဗျာ..အပေါ်မှာ ဦးကြီးမိုက်က မန့်ထားတဲ့အထဲက
    စာရေးဆရာဆိုတာ ဆင်းရဲလေ တော်လေဆိုတာလေးကိုပြောချင်လို့ပါ..
    ဦးမိုက်က အောက်ပါစာစုကြောင့် ထင်လိုက်မိလားလို့..

    အိမ်က မြေစိုက်တဲကလေး။ အိမ်ဘေးမှာ ကဲလားလို၊ အဖီလေးထိုးထားတယ်။ မိုးတွေက ပက်လို့။ အဖီကလေးရဲ့အောက်မှာ

    ကျနော်သိသလောက်တော့ အိမ်လေးက တထပ်တိုက်ခံများလားလို့..
    စာကိုဝင်နှောင့်တာ မဟုတ်ပါဗျာ..
    ဆင်းရဲစွာသေရလေခြင်းလို့..
    အမှတ်မှားကြမယ် ဆိုးလို့ပါ..

    ခင်မင်စွာဖြင့်

  • snow white

    July 10, 2012 at 6:05 pm

    စာကိုသေချာဖတ်ပြီးတော့ကို မန့်သွားပါတယ်ရှင့် ကျေးဇူးတင်ပါတယ် နောက်လည်းရေးသားနိုင်ပါစေ ကိုယ်တွေ့လေးတွေရေးသားနိုင်ပါစေ ။

  • မြတ်ကျော်သူ

    July 10, 2012 at 6:25 pm

    ဖြစ်နိုင်ပါတယ်…amatmin ရေ…
    ကျွန်တော်က သူ့ရဲ့ပြောပြချက်များကို ပြန်လည်ရေးသားရခြင်းကြောင့်…
    လွဲကောင်းလွဲနိုင်ပါတယ်…
    ထောက်ပြပေးတဲ့အတွက် ကျေးဇူးပါပဲ…

  • MaMa

    July 10, 2012 at 8:44 pm

    ချောက်ထဲကျတဲ့ ပိုစ့်မှာကတည်းက မန့်ချင်နေတာ။
    ကွန်မကောင်းလို့ မန့်မရ။
    ကွန်ကောင်းတော့လည်း ပိုစ့်က နောက်ရောက်သွားလို့။

    ခုတလော နိုင်ငံခြားက အမျိုးသမီးသတင်းထောက်၂ယောက်ရဲ့ သက်စွန့်ဆံဖျား လုပ်ငန်းခွင်တွေအကြောင်း ကြားရပြီး သတင်းတစ်ပုဒ်ဟာ ဘယ်လောက် တန်ဖိုးကြီးတယ် ပေးဆပ်ရတယ်ဆိုတာကို သိမိလို့ `ချောက်ထဲကအတွေ့အကြုံလေးတွေ မျှဝေပါဦးလို့´
    ပုံ/
    စီဂျေအလောင်းအလျာ
    :mrgreen:

  • padonmar

    July 11, 2012 at 12:18 am

    တာရာမင်းဝေ ပရိသတ်လည်းဖြစ် ကိုမြတ်ကျော်သူရဲ့ ပရိသတ်လည်း ဖြစ်သွားရပါပြီ။
    ဒါထက် သူနာနာဘာဝတွေနဲ့ စကားပြောတယ်ဆိုတာ တကယ်များလားလို့သိချင်မိပါတယ်။

  • မြတ်ကျော်သူ

    July 11, 2012 at 10:27 am

    MaMa ရေ…စီဂျေအလောင်းလျာလို့ ရေးထားတဲ့အတွက် Welcome ပါခင်ဗျာ….

    ကိုသားဦးရေ…ကျွန်တော်တော့ ရင်ဘတ်နဲ့ မခံစားနိုင်တော့တာ ကြာပေါ့ဗျာ….
    ရင်ဘတ်တွေ ခဏခဏ စုတ်ပြတ်နေခဲ့ပြီမို့လို့ပါ…

    Padomar ရေ…ဆရာဟာ အဲဒီလို စကားပြောတယ်ဆိုတာကို ကျွန်တော် ကြားရတဲ့အတိုင်း ပြန်လည်ရေးသားခဲ့တာပါ….
    အဲဒီလို စကားပြောခဲ့သလားဆိုတာကတော့….

Leave a Reply