တိမ်ယံသစ္စာ အပိုင်း ( ၂ ၅ )
‘
‘ဒီကိစ္စကြောင့် စိတ်ပြောင်းသွားပြီလား”
”ဟင့်အင်း။ နည်းနည်းလေးတောင် မပြောင်းပါဘူး။ စိုးရာယာ ဘာပြောပြော ဘာမှပြောင်းလဲသွားမှာ မဟုတ်ဘူး။ ကျွန်တော်တို့ လက်ထပ်ချင်ပြီ”
စိုုးရာယာ ချုံးပွဲချငိုသည်။
သူမကို ကျွန်တော် မနာလိုဖြစ်မိသည်။ သူမကတော့ လျှို့ဝှက်ချက်ကို ပြောထုတ်လိုက်နိုင်ပြီ။ ကိုင်တွယ်ဖြေရှင်းလိုက်နိုင်ပြီ။ ဟက်ဆန့်ကို ကျွန်တော်လိမ်ခဲ့ပုံ၊ သစ္စာဖောက်ခဲ့ပုံ၊ နှင်ထုတ်ခဲ့ပုံ၊
ဘာဘာနှင့် အလီတို့၏ နှစ်လေးဆယ်သံယောဇဉ်ကို ဖျက်ဆီးခဲ့ပုံ … ကျွန်တော် စိုးရာယာကို ဖွင့်ပြောမိတော့မလိုဖြစ်ပြီးမှ ပြောမထွက်ခဲ့။ စိုးရာယာတာဟီရီသည် နည်းလမ်းပေါင်းများစွာဖြင့်
ကျွန်တော့်ထက် ပိုပြီး လူပီသ နေမလား ကျွန်တော် သံသယရှိသည်။ ထိုအထဲတွင် ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ သတ္တိသည်လည်း တစ်ခုအပါအဝင် ဖြစ်၏။
xxxxxxxxxxxx
အခန်း(၁၃)
နားဖောက်ပွဲအခမ်းအနားအတွက် တာဟီရီအိမ်သို့ နောက်တစ်နေ့ညနေတွင် ကျွန်
တော်တို့ရောက်လာသောအခါ ကားကို လမ်းမပေါ်တင်ရပ်ရသည်။ အိမ်အဝင်လမ်း
တစ်လမ်းလုံး ကားတွေပြည့်နေသည်။ ကျွန်တော်က အပြာရင့်ရင့်ဝတ်စုံကို ဝတ်ထား
သည်။ ကားနောက်ကြည့်မှန်ထဲ ကျွန်တော့်လည်စည်းကို စစ်ဆေးရသေးသည်။
”ငါ့သားက တယ်ခန့်ညားတာပဲကိုး” ဟု ဘာဘာဆိုသည်။
”ကျေးဇူး၊ ဘာဘာ။ ဘာဘာ နေသာရဲ့လား။ အခုချိန်ထိ ကျေနပ်ရဲ့လား”
”အခုချိန်ထိ၊ ဟုတ်လား။ ဒီနေ့ဟာ ငါ့ဘဝမှာ အပျော်ဆုံးပဲကွ”
ဘာဘာ နွမ်းနယ်စွာ ပြုံးနေသည်။
ကျွန်တော်တို့ကို တာဟီရီကတော် တံခါးဖွင့်ပေးသည်။ မျက်နှာကြီး ဝင်းပကာ
”ဆာလမ် အလီခန်” ဟု နှုတ်ဆက်သည်။ ဆံပင်ကို ပုံသွင်းထားသော တာဟီရီကတော်သည်
ခြေမျက်စိထိရှည်သော မဟူရာဝတ်စုံဖြင့် ကျော့နေသည်။ ခန်းမထဲ
ခြေလှမ်းချသည်နှင့် သူမမျက်လုံးများ စိုစွတ်လာသည်။ ”သားအေမားက အိမ်ထဲ
မရောက်သေးဘူး။ ခါလာက ငိုနေမိပြီ” ဟုဆိုသည်။ ညတုန်းက ဘာဘာ
သင်ပေးထားသည့်အတိုင်း သူမလက်ကို ကျွန်တော် နမ်းရှုတ်နှုတ်ဆက်သည်။
မီးရောင်ထိန်နေသော ခန်းမအဝင်လမ်းအတိုင်း ကျွန်တော်တို့ကို ဦးဆောင်
ခေါ်ငင်ကာ ဧည့်ခန်းထဲရောက်လာကြသည်။ မှန်ပုံကွက်မွမ်းမံထားသော နံရံပေါ်ဝယ်
ကျွန်တော့်မိသားစုအသစ်၏ ဓာတ်ပုံများ။ နိုင်ယာဂရာရေတံခွန် နောက်ခံဖြင့်
ရိုက်ထားသော တာဟီရီမိသားစုဓာတ်ပုံထဲတွင် ဆံပင်များထောင်နေသော ငယ်ငယ်နုနု
တာဟီရီကတော်သည် စပ်ကြောင်းမဲ့ဝတ်စုံ ဝတ်ထားသည်။ လက်ခေါက်သေးသေး
ဂျက်ကက်နှင့် လည်စည်းပါးပါး စည်းထားသော ဗိုလ်ချုပ်ကြီးတာဟီရီသည်
ဆံပင်များ မဲနက်သန်စွမ်းလှသည်။ အပျော်စီးရထားပေါ်တက်ခါနီး စိုးရာယာကမူ
ပြုံးရယ်နေ သည်။ နောက်တစ်ပုံမှာ စစ်ဝတ်စစ်စားဖြင့်ကြွရွနေသော
ဗိုလ်ချုပ်ကြီးနှင့် ဂျော်ဒန်ဘုရင် ဟူစိန်တို့
လက်ဆွဲနှုတ်ဆက်နေပုံဖြစ်သည်။ နောက်တစ်ပုံမှာ ဇာဟီရာရှားဘုရင်ပုံ။
ဧည့်ပရိသတ်အယောက်နှစ်ဆယ်ခန့် ကုလားထိုင်ပေါ် အသီးသီးထိုင်နေ ကြသော
ဧည့်ခန်းထဲ ဘာဘာ ဝင်လာသောအခါ အားလုံးမတ်တတ်ရပ်ကြသည်။ ရှေ့မှ ဘာဘာ
ဦးဆောင်ကာ ကျွန်တော်က ဘာဘာ့နောက်မှလိုက်၍ ဧည့်သည်များကို
လက်ဆွဲနှုတ်ဆက်သည်။ ဗိုလ်ချုပ်ကြီးသည် ကျွန်တော့်အား လက်မောင်းတဆန့်
ဆုပ်ကိုင်ထားပြီး ပြုံးပြနေသည်။ ”ခုတော့ ဒီနည်းလမ်း မှန်ကန်သွားပြီကွ။
ဒါမှ အာဖဂန်နည်းလမ်း” ဟု ဆိုနေသယောင်ရှိသည်။ ပါးပြင်ကို အပြန်အလှန်
သုံးကြိမ် တိတိ နမ်းရှုတ်ကြသည်။
ဗိုလ်ချုပ်ကြီးတို့ ဇနီးမောင်နှံနှင့် ကျွန်တော်တို့သားအဖ
မျက်နှာချင်းဆိုင် ထိုင်ကြသည်။ ဘာဘာ့အသက်ရှုနှုန်း ကစဉ့်ကလျား
ဖြစ်ချင်လာသည်။ နဖူးနှင့် ဦးရေကို ချွေးတွင်တွင်သုတ်နေသည်။ ကျွန်တော်
ကြည့်နေသည်ကိုမြင်တော့ အားယူ ပြုံးကာ ”ငါနေကောင်းတယ်” ဟု
ပါးစပ်လှုပ်ပြသည်။
ရိုးရာထုံးစံအတိုင်း စိုးရာယာ ထွက်မလာရသေး။
ဗိုလ်ချုပ်ကြီး လည်ချောင်းမရှင်းခင်အထိ အလ္လာပသလ္လာပများ ပြောနေ ကြသည်။
ထို့နောက်မှ တစ်ခန်းလုံး တိတ်ကျသွားပြီး ခေါင်းငုံ့ချထားကြသည်။
ဗိုလ်ချုပ်ကြီးက ဘာဘာ့ကို ခေါင်းညိတ်ပြသည်။
ဘာဘာလည်ချောင်းရှင်းပြီး ”ဗိုလ်ချုပ်ကြီးဆပ်နဲ့ ဇနီး …” ဟု
နိဒါန်းချီကာ ”… ကျွန်တော့်သား အေမားကို မိသားစုဝင်အဖြစ်
လက်ခံပေးစေချင်ပါတယ်” ဟုနိဂုံးချုပ်သည်။ ဘာဘာသည် စကားတစ်ခွန်းချင်းစီကို
ဆက်တိုက်မပြောနိုင်ဘဲ အသက်ရှူရန် နားနားပြီးမှပြောခဲ့ရသည်။
ဗိုလ်ချုပ်ကြီးသည် ယဉ်ကျေးစွာ ခေါင်းညိတ်ပြသည်။
ဧည့်သည်များ လက်ခုပ်ဩဘာပေးကာ ဦးခေါင်းများ ခန်းမအဝင်လမ်းဆီ
လည်သွားကြသည်။ ကျွန်တော်စောင့်မျှော်ခဲ့ရသော ကာလကလေးပင်။
စိုးရာယာ ထွက်လာသည်။ ရှည်လျားသော အကျႌလက်များ … ရွှေရောင် အနားအမြိတ်
..
. အနီရင့်ရောင် အာဖဂန်ရိုးရာဝတ်စုံ။ ဘာဘာ့လက်က ကျွန်တော့်ကို
တင်းတင်းလာကိုင်သည်။ တာဟီရီကတော်ခမျာ မျက်ရည်လည်ရွဲ။ အပျိုရံလေးများ
ခြံရံလျက် ဖြည်းဖြည်းလေးမှ စိုးရာယာ ကျွန်တော်တို့ဆီ ချဉ်းကပ်လာသည်။
ဘာဘာ့လက်ကို နမ်းရှုတ်နှုတ်ဆက်ပြီး စိုးရာယာ ကျွန်တော့်ဘေးနားလာထိုင်သည်။
မျက်လွှာချထား၏။
လက်ခုပ်သံ ညံထွက်သွားသည်။
——————————————
ရိုးရာထုံးစံအရဆိုလျှင် မိန်းကလေးမိသားစုဘက်မှ အချိုတည်းပွဲ ကျင်းပပေး
ရသည်။ ထို့နောက် စေ့စပ်ထားဆဲကာလအဖြစ် လအတန်ကြာအောင်ဆိုင်းပြီးမှ
သတို့သားဘက်မှ မင်္ဂလာပွဲလုပ်ပေးရသည်။ စိုးရာယာနှင့် ကျွန်တော်ကတော့
အချိုတည်းပွဲကို လက်လွှတ်လိုက်သည်။ အကြောင်းရင်းကိုမူ
လူတိုင်းသိပြီးသားမို့ ဘယ်သူ့ကိုမှ ရှင်းပြစရာမလိုခဲ့။ ဘာဘာ သိပ်မခံတော့။
မင်္ဂလာပွဲစီစဉ်နေစဉ်ကာလအတွင်း စိုးရာယာနှင့်ကျွန်တော် နှစ်ယောက် တည်း
အပြင်ထွက်မလည်။ လက်မထပ်ရသေးသော်လည်း အချိုတည်းပွဲ မလုပ်ခဲ့၍
ထုံးစံနှင့်မညီဟု သဘောထားခဲ့ကြသည်။ ထို့ကြောင့် ဘာဘာ့ကိုခေါ်ပြီး တာဟီရီ
တို့အိမ်တွင် ညစာသွားစားရသည်။ စိုးရာယာနှင့် မျက်နှာချင်းဆိုင်ထိုင်ပြီး
စိတ်ကူး ထဲ၌သာ သူမကို ကျွန်တော့်ရင်ဘတ်ပေါ် ခေါင်းမှီထားစေသည်။
စိတ်ကူးထဲ၌သာ ဆံမျှင်လေးများကို မွှေးမြနေရသည်။ စိတ်ကူးထဲ၌သာ ချစ်သူကို
နမ်းရှိုက်နေရသည်။
မင်္ဂလာပွဲ ဝှဲချီးကျင်းပဖို့အတွက် ဘာဘာ သုံးသောငွေမှာ ဒေါ်လာသုံး
သောင်းခွဲ။ တစ်သက်လုံးစုထားသမျှ အကုန်နီးပါး။ ဖရီးမောင့်တွင်
အာဖဂန်ရိုးရာ ခန်းမကြီးတစ်ခုငှားရာ ခန်းမပိုင်ရှင်သည် ကဘူးတွင်
နေစဉ်ကတည်းက ဘာဘာ့ကို သိကျွမ်းခဲ့သူဖြစ်၍ ဘာဘာ့အား
ဈေးအများကြီးလျှော့ပေးခဲ့သည်။ ဆင်တူလက်ထပ် လက်စွပ်နှစ်ကွင်းနှင့်
ကျွန်တော်ရွေးယူသော စိန်လက်စွပ်အတွက် ဘာဘာ ငွေချေ သည်။ ကျွန်တော့်အတွက်
ပွဲတက်ဝတ်စုံနှင့် ကျမ်းသစ္စာကျိန်ဆိုပွဲတွင်ဝတ်ရန်
ရိုးရာအစိမ်းရောင်ဝတ်စုံကိုလည်း ဘာဘာဝယ်ပေးသည်။
မင်္ဂလာပွဲညအထိ ကတိုက်ကရိုက် အပြေးအလွှားစီမံပေးခဲ့သူမှာ တာဟီရီ ကတော်နှင့်
သူမ၏အပေါင်းအသင်းများသာဖြစ်၍ ကျွန်တော်က တချို့တလေကိုသာ မှတ်မိနေခဲ့သည်။
‘နီကာ’ ဟုခေါ်သော ကျမ်းသစ္စာကျိန်ဆိုပွဲတွင် အားလုံးစားပွဲကို ဝိုင်းထိုင်
ကြရသည်။ စိုးရာယာနှင့် ကျွန်တော်က အစိမ်းရောင်ဝတ်စုံ ဝတ်ထားသည်။ အစိမ်း
ဟူသည် အစ္စလာမ်တို့၏အရောင်။ စားပွဲဝိုင်းတွင် ဘာဘာ၊
ဗိုလ်ချုပ်ကြီးတာဟီရီနှင့် စိုးရာယာ၏ မြောက်များလှစွာသော ဦးလေးများ
ပါဝင်ကြသည်။
ဘာသာရေးဆရာသည် အသိသက်သေများကို အမှူးထားပြီး ကိုရန်ကျမ်းကို ရွတ်သည်။
ကျွန်တော်နှင့် စိုးရာယာက သစ္စာဆိုပြီး လက်ထပ်စာချုပ်တွင် လက်မှတ်
ရေးထိုးသည်။ ရှာရဖ် ဟုခေါ်သော ဗာဂျီးနီးယားမှ စိုးရာယာ၏ ဦးလေးတစ်ယောက်
သည် ထရပ်ပြီး လည်ချောင်းရှင်းသည်။ စိုးရာယာပြောပြ၍ သိရသည်မှာ ရှာရဖ်သည်
အမေရိကန်ပြည်ထောင်စုတွင် အမေရိကန်သူ ဇနီးနှင့် အခြေချနေထိုင်ခဲ့သည်မှာ
နှစ်နှစ်ဆယ်ကျော်ပြီဖြစ်ကြောင်း၊ INS အတွက် အလုပ်လုပ်ပြီး ကဗျာဆရာတစ်ဦး
လည်းဖြစ်ကြောင်း သိရသည်။ လူကောင်သေးသေးညှက်ညှက်နှင့် ဆံပင်လေးများမွနေ
သော ရှာရဖ်သည် ဟိုတယ်သုံးစာရေးစက္ကူပေါ် ရေးချွတ်လာသော စိုးရာယာကို
ရည်ညွှန်းဖွဲ့ဆိုထားသည့် ကဗျာရှည်ကြီးကိုရွတ်သည်။ ကဗျာအဆုံးတွင် လူတိုင်း
ချီးမွမ်းကြသည်။
အာဖဂန်ရိုးရာဝတ်စုံကို ဝတ်ပြီး စင်မြင့်ပေါ် လျှောက်သွားခဲ့ရပုံကိုလည်း
မမေ့သေး။ စိုးရာယာနှင့် ကျွန်တော် လက်ချင်းချိတ်ကာ တရွေ့ရွေ့လျှောက်စဉ်
ရှာရဖ်၏သား ဝမ်းကွဲအစ်ကိုက ကျွန်တော်တို့ဦးခေါင်းထက်တွင် ကိုရန်ကျမ်းကို
မိုးပေးသည်။ ဘာဘာက ကျွန်တော့်ဘေးမှ တလှုပ်လှုပ်လိုက်လာပြီး
ဗိုလ်ချုပ်ကြီးတို့ ဇနီးမောင်နှံက စိုးရာယာဘေးမှလိုက်သည်။
ကျွန်တော်တို့နောက်မှ ဦးလေး အဒေါ် ဝမ်းကွဲမောင်နှမများ တသီတတန်းကြီး
ပါလာကြသည်။ လက်ခုပ်ဩဘာပေးနေသော ဧည့်ပရိသတ်ဗိုလ်ထုကြီးကိုခွဲ၍
ကင်မရာမီးများကို မျက်စိကျိန်းမတတ် ရင်ဆိုင်ရင်း
စင်မြင့်ဆီလျှောက်လှမ်းလာကြသည်။
သုံးရာမကသော ဧည့်ပရိသတ်တို့၏ အကြည့်အောက်တွင် စင်မြင့်ဆိုဖာပေါ်
စိုးရာယာနှင့်ကျွန်တော် လက်ချင်းတွဲ၍ထိုင်ခဲ့ကြရသည်။ ရိုးရာထုံးစံအတိုင်း
မင်္ဂလာ မောင်နှံကို မှန်တစ်ချပ်စီပေးကာ
ခေါင်းပေါ်ခြုံလွှာဖြင့်အုပ်လိုက်ကြသည်။ ဤသို့ဖြင့် မှန်ထဲတွင်
တစ်ယောက်မျက်နှာကို တစ်ယောက်သာ ကြည့်ခွင့်ရခဲ့သည်။ မှန်ထဲမှ ပြုံးနေသော
စိုးရာယာ၏မျက်နှာလေးကို ကြည့်နေရသော သီးသန့်အခိုက်အတန့် လေးတွင်
ပထမဆုံးအကြိမ်အဖြစ် ကျွန်တော့်နှုတ်မှ ‘ချစ်တယ်’ ဟု တိုးတိုးကလေး
ထွက်သွားရာ စိုးရာယာမျက်နှာ ဒန်းဆိုးသလို ရှက်သွေးဖြန်းသွားခဲ့သည်။
အောတိုက်နေသော ရောင်စုံဒေါင်းလန်းကြီးများ … ပြုံးနေသော ဘာဘာ …
တာဘလာ၏ နရီစည်းချက်အတိုင်း မြူးကြွစွာ မွတ်မွတ်လည်အောင် က’နေသော
ယောက်ျားများ … အချို့အမောဆို့၍ အကဝိုင်းမှ ထွက်သွားရသည်အထိ။
ဤပွဲတွင် ရာဟင်ခန်ကိုလည်း ရှိနေစေချင်သည်။ ဟက်ဆန်တစ်ယောက် ကော
လက်ထပ်ပြီးပြီလား သိချင်လှသည်။ လက်ထပ်ပြီးပြီဆိုပါက ခြုံလွှာအောက်
မှန်ထဲမှ မျက်နှာပိုင်ရှင်သည် မည်သူနည်း။ ဟက်ဆန်ကိုင်ထားသော ဒန်းဆိုးလက်
ပိုင်ရှင်ကား မည်သူနည်း။
မနက်နှစ်ချက်တီးတွင် ခန်းမထဲမှပါတီပွဲသည် ဘာဘာ့အခန်းထဲ ပြောင်းရွှေ့
လာသည်။ နောက်တစ်ကြိမ် လက်ဖက်ရည်များက အလျှံပယ်။ သီချင်းသံဆူညံလွန်း၍
ဘေးအိမ်များ ရဲလှမ်းခေါ်သည်။ နောက်တစ်နေ့ နေမထွက်မီ တစ်နာရီ
မရှိတရှိအချိန်မှ ဧည့်သည်များ ပြန်သွားကြသည်။
ကျွန်တော်သည် ယောက်ျားများအလယ်တွင်သာ နေထိုင်ကျင့်ရှိခဲ့သူ။ ထိုညကမူ
မိန်းမသားတစ်ဦး၏ မွတ်ညက်နုနယ်မှုကို ရှာဖွေတွေ့ရှိခဲ့သည်။
———————————————-
ဘာဘာနှင့် ကျွန်တော့်နောက်လိုက်နေမည်ဟု အဆိုပြုခဲ့သူမှာ စိုးရာယာ
ကိုယ်တိုင်ဖြစ်သည်။
”စိုးရာယာ သီးသန့်ခွဲနေချင်မယ်လို့ ထင်ခဲ့တာ”ဟု ကျွန်တော်ပြောသည်။
”ကာကာ ဒီလောက်မမာနေတာကို” ဟု စိုးရာယာဖြေသည်။ အိမ်ထောင် သည်ဘဝကို
စတင်ဖို့ ဘယ်နည်းနှင့်မှ မဖြစ်နိုင်ဟု မျက်လုံးများကဖော်ပြနေသည်။
”ကျေးဇူးပါပဲ၊ စိုးရာယာ”
ကျွန်တော့်အဖေကို ခြေဆုပ်လက်နယ်ပြုစုဖို့ စိုးရာယာ မိမိကိုယ်ကို
နှစ်မြုပ် ထားသည်။ မနက်ဆိုလျှင် ဘာဘာ့အတွက် လက်ဖက်ရည်နှင့်
ပေါင်မုန့်မီးကင် လုပ်ပေးသည်။ အိပ်ယာဝင်အိပ်ယာထ ထူမပေးသည်။ ဆေးတိုက်သည်။
အဝတ်လျှော် သည်။ ညနေတိုင်းညနေတိုင်း နိုင်ငံတကာသတင်းများ ဖတ်ပြသည်။ ဘာဘာ
တစ်ဇွန်းနှစ်ဇွန်းမျှသာ စားနိုင်မှန်းသိလျက် ဘာဘာ့အကြိုက်ဆုံး
အာလူးဟင်းကို ချက်ကျွေးသည်။ နေ့စဉ်လိုလို တိုက်တန်းအနီးအပါးကို
လမ်းတွဲလျှောက်သည်။ ဘာဘာအိပ်ယာထဲမှ မထနိုင်ပါက အိပ်ယာနာမဖြစ်အောင်
ဘယ်ညာစောင်းပေးသည်။
တစ်ရက်တော့ ဘာဘာ့အတွက် ဆေးဝယ်ပြီး ကျွန်တော် ဆေးတိုက်မှ ပြန်အရောက်
စိုးရာယာ တစ်ခုခုဖွက်လိုက်သည်။ ဘာဘာ့စောင်အောက် ထိုးထည့် လိုက်သည်ကို
ကျွန်တော်မြင်သည်။ ”ဟေး … မြင်တယ်နော်။ ဘာတွေလုပ်နေတာလဲ”
”ဘာမှ မဟုတ်ပါဘူး”
”ညာတယ်” ကျွန်တော် ဘာဘာ့စောင်ကိုလှန်ကြည့်ရာ ကျွန်တော့်သားရေ ဖုံး
စာအုပ်ဖြစ်နေသည်။ ကျွန်တော့်လက်များက စာအုပ်အနှောင့်ပေါ်ဝယ် တယုတယ။
ကျွန်တော် အသက် တစ်ဆယ့်သုံးနှစ်ပြည့်မွေးနေ့တုန်းက
မီးရှူးမီးပန်းများလွှတ်နေစဉ် ရာဟင်ခန်ပေးခဲ့သော မွေးနေ့လက်ဆောင်။ အနီ …
အစိမ်း … အဝါ မီးပန်းမီးပွင့် များကား ရွှီခနဲ … ရွှီခနဲ … ။
”အေမား ဒီလိုရေးနိုင်တာ ယုံတောင်မယုံဘူး” ဟု စိုးရာယာဆိုသည်။
”ဘာဘာ ယူခိုင်းတာကွ။ စိတ်မဆိုးပါဘူးနော်” ဟု ဘာဘာပြောသည်။
စိုးရာယာကို ကျွန်တော့်မှတ်စုစာအုပ် ပြန်ပေးကာ အခန်းထဲမှထွက်လာခဲ့ သည်။
ကျွန်တော့်အငိုအယိုတွေကို ဘာဘာ စိတ်နှင့်မတွေ့ချေ။
—————————————–
မင်္ဂလာဆောင်ပြီး တစ်လအကြာတွင် တာဟီရီများ၊ ရှာရဖ်နှင့်ဇနီး စူဇီ၊
စိုးရာယာ၏ များလှစွာသောအဒေါ်များ ကျွန်တော်တို့ တိုက်ခန်းတွင် ညစာလာ
စားကြသည်။ စိုးရာယာက ထမင်းအဖြူ၊ ဒေါက်ခွနှင့် သိုးကလေးသား ချက်ကျွေး သည်။
ညစာစားပြီးလျှင် အဖန်ရည်သောက်ရင်း လေးယောက်တစ်တွဲ ဖဲကစားကြ သည်။
စိုးရာယာနှင့်ကျွန်တော်က ရှာရဖ်တို့စုံတွဲနှင့်အတူ။ ဘာဘာသည် သိုးမွေး
စောင်ခြုံထဲမှနေ၍ ရှာရဖ်နှင့် ကျွန်တော် အပြန်အလှန်စနောက်သည်ကို
ကြည့်နေသည်။ စိုးရာယာနှင့်ကျွန်တော် လက်ချောင်းတွေ လိမ်ယှက်ထားသည်။
စိုးရာယာ၏ ပြေကျနေ သောဆံနွယ်လေး ကျွန်တော် သပ်တင်ပေးတော့လည်း
ဘာဘာကြည့်သည်။ ဘာဘာ့ ရင်တွင်းမှအပြုံးကို ကျွန်တော်မြင်နေရသည်။
ယိမ်းနွဲ့သွားသော ပေါ်ပလာပင်များ … ပုရစ်သံ ကြွက်ကြွက်ညံနေသော ဥယာဉ်များ
… ဘာဘာ့အပြုံးကား ကဘူး၏ ကောင်းကင်ကြီးတမျှ။
သန်းကောင်မတိုင်မီကလေးတွင် ဘာဘာက သူ့အား အိပ်ယာထဲသွင်းပေး ရန်ပြောသည်။
စိုးရာယာနှင့် ကျွန်တော်က ဘာဘာ့လက်မောင်းကို တစ်ဖက်တစ်ချက် စီမှနေ၍
ပုခုံးပေါ်သိုင်းတင်ပြီး ဘာဘာ့ကိုမ’ကာ အိပ်ယာထဲသွင်းသည်။ ဘာဘာက
စိုးရာယာအား အိပ်ယာဘေးမှ မီးအုပ်ဆောင်းကို ပိတ်ခိုင်းသည်။ ကျွန်တော်တို့
နှစ်ယောက်ကို ခေါင်းငုံ့ခိုင်းပြီး အနမ်းတစ်ချက်စီပေးသည်။
”ကာကာ့အတွက် မော်ဖင်းနဲ့ ရေသွားယူလိုက်ဦးမယ်” ဟု စိုးရာယာ ပြောသော်
”ဒီည နေပါစေတော့။ ဒီည မနာဘူး”ဟု ဘာဘာဆိုသည်။ စိုးရာယာက ဘာဘာ့ကို
စောင်ဆွဲခြုံပေးသည်။ အခန်းတံခါး ပိတ်ပေးခဲ့သည်။
ထိုညတွင်မနိုးသောအိပ်စက်ခြင်းဖြင့် ဘာဘာ ထာဝရအိပ်စက်သွားခဲ့သည်။
————————————————–
္ထဟေးဝပ်ဗလီ၏ နောက်ဘက် မြေတလင်းပြောင်ပြောင်ကွင်းထဲ တွင်
ကားများအပြည့်အပိတ် နေရာယူထားသည်။ ကားရပ်စရာနေရာရရန် ဗလီ၏ မြောက်ဘက်
တိုက်တန်းလေးတန်းခန့်အထိ မောင်းကြရသည်။
ဗလီထဲရှိ အမျိုးသားများအတွက်နေရာသည် စတုရန်းပုံအခန်းကျယ် ကြီးဖြစ်ပြီး
တစ်ခန်းလုံးကို အာဖဂန်ကော်ဇောများ၊ ဂွမ်းကပ်များ ခင်းထားသည်။
အမျိုးသားများ အခန်းထဲ တစ်ဦးချင်းစီဝင်ကြသည်။ ဖိနပ်ကို အဝင်ဝတွင်
ချွတ်ခဲ့ပြီး ဂွမ်းကပ်ပေါ် တင်ပျဉ်ခွေထိုင်ကြသည်။ မွတ်စလင်ဘာသာရေးဆရာက
ကိုရန်ကျမ်း စာပုဒ်များကို မိုက်ခရိုဖုန်းကိုင်ကာရွတ်သည်။
ကျန်ရစ်သူမိသားစုဝင်အတွက် ထုံးတမ်း စဉ်လာအတိုင်း သတ်မှတ်ပေးထားသောနေရာ
တံခါးဝတွင် ကျွန်တော်ထိုင်ရသည်။ ကျွန်တော့်ဘေးတွင်မူ
ဗိုလ်ချုပ်ကြီးတာဟီရီ။
ပွင့်နေသောတံခါးမှ ကားတန်းရှည်ကြီး ဝင်လာသည်ကို မြင်ရသည်။
နေရောင်ကြောင့် လေကာမှန်များလက်ရှနေသည်။ ကားထဲမှထွက်လာသော အမျိုးသား များ
အရောင်မှိုင်းမှိုင်း ဝတ်ထားကြသလို အမျိုးသမီးများ အနက်ရောင်ဝတ်စုံ၊
အဖြူရောင်ခေါင်းအုပ်တို့ ဆင်ယင်ထားကြသည်။
အခန်းထဲတွင် ကိုရန်ကျမ်းစာများ ပဲ့တင်ရိုက်ခတ်နေစဉ် ဘာဘာနှင့် ပတ်သက်သော
အတိတ်ဇာတ်လမ်းများ ကျွန်တော့်စိတ်အာရုံထဲ ရစ်ဝဲနေခဲ့သည်။
ဘော်လူချစ္စတန်နယ်တွင် ဘာဘာသည် ဝက်ဝံတစ်ကောင်နှင့် နပန်းလုံးခဲ့ဖူးသည်။
အမှန်တော့ ဘာဘာ့ ဘဝတစ်လျှောက်လုံး ဝက်ဝံများနှင့် နပန်းလုံးနေခဲ့ရခြင်း။
ငယ်ငယ်နုနုချစ်ဇနီး အကြွေစောခဲ့ရသည်။ သားတစ်ယောက်ကို ကိုယ်တိုင်ကိုယ်ကျ
ပြုစုပျိုးထောင်ခဲ့ရသည်။ သူချစ်မြတ်နိုးသော အမိမြေကို စွန့်ခွာခဲ့ရသည်။
ဆင်းရဲမွဲ တေခြင်း။ နိမ့်ပါးခြင်း။ အဆုံးတွင် သူအရှုံးပေးရမည့်
ဝက်ဝံတစ်ကောင်နှင့် ရင်ဆိုင်ခဲ့ရသော်မှ ကိုယ့်အလိုကျ
အရှုံးပေးနိုင်ခဲ့သူဖြစ်သည်။
အသုဘရှုများတန်းစီပြီး အပြင်ထွက်လာစဉ် ကျွန်တော် ဝတ္တရားကျေပွန်စွာ
လက်ဆွဲနှုတ်ဆက်သည်။ အများစုကို ကျွန်တော်သိပင်မသိ။ သူတို့ပြောသွားသမျှ
ဘာဘာ့အကြောင်းကို နားထောင်ခဲ့ရသည်။
”တိုင်မန်နီမှာ အိမ်ဆောက်နိုင်အောင် ကူညီပေးခဲ့တာ … ”
”ဘုရားသခင် ကောင်းချီးပေးပါစေ … ”
”ဘယ်သူမှ မကူနိုင်ခင်မှာ ငွေချေးခဲ့တာ … ”
”ကျုပ်ကို သိတောင်မသိဘဲ အလုပ်ရှာပေးခဲ့တာ … ”
”ညီအစ်ကိုလိုပဲ … ”
ထိုစကားများကိုနားထောင်ရင်း ဘာဘာ့သားဖြစ်ရသည့် ကျွန်တော် … ကျွန်တော်
ဘယ်သူလဲ၊ ကျွန်တော်ဘာလဲ ဆိုသည်ကို ဘာဘာ အဘယ်မျှသတ်မှတ် ပေးနိုင်ခဲ့ပုံကို
ကျွန်တော်သိမြင်လာရတော့သည်။ လူတကာ၏ဘဝတွေထဲ ဘာဘာ သည်
မှတ်မှတ်ရရကျန်ရစ်ခဲ့သည်။ ကျွန်တော့်ဘဝတစ်ခုလုံး ‘ဘာဘာ့သား’ လုပ်ခဲ့သည်။
ခုတော့ ဘာဘာမရှိ။ လမ်းပြပေးမည့်သူ မရှိတော့။ ကိုယ့်ဝန်ကိုယ်ထမ်း
ကိုယ့်လမ်းကိုယ်သွားရတော့မည် ဟူသောအတွေးက ကျွန်တော့်ကိုခြောက်ချားစေသည်။
ဘာဘာ့အား ကျင်းထဲတရွေ့ရွေ့ချသည်ကို ကျွန်တော်စောင့်ကြည့်သည်။
သချႋုင်းမြေတွင် ရွတ်ရမည့် ကိုရန်ကျမ်းစာပုဒ်နှင့်ပတ်သက်ပြီး
ဘာသာရေးဆရာနှင့် အခြားလူတစ်ဦး စကားအခြေအတင်ဖြစ်လိုက်သေးသည်။
ဗိုလ်ချုပ်ကြီးတာဟီရီသာ ဝင်မဖျန်ဖြေလျှင် အရုပ်ဆိုးဦးမည်မုချ။
ဘာသာရေးဆရာသည် မျက်စောင်းကြီး ပစ်ထိုးပြီး ကိုရန်ကျမ်းကိုရွတ်သည်။
ကျင်းထဲသို့ မြေစာများ ဂေါ်ပြားဖြင့်ဖို့စဉ် ကျွန်တော်ထွက်လာကာ
သကြားပင်အရိပ်အောက်ထိုင်နေသည်။
နောက်ဆုံးသော အသုဘရုှု ထွက်သွားပြီမို့ ဗလီထဲတွင် မိုက်ခရိုဖုန်းဖြုတ်
နေသော ဘာသာရေးဆရာမှလွဲ၍ လူသူမရှိ။ ဘာသာရေးဆရာသည် ကိုရန်ကျမ်းကို
အစိမ်းရောင်အဝတ်စဖြင့် ပတ်သည်။ နေစောင်းချိန်တွင် ဗိုလ်ချုပ်ကြီးနှင့်
ကျွန်တော် ဗလီမှထွက်၊ လှေကားထစ်များအတိုင်းဆင်း၍ ဟိုတစ်စုသည်တစ်စု
ဆေးလိပ် သောက်နေသော လူများကိုဖြတ်လာခဲ့ရာ ပြောနေကြသောစကားများ
တစ်စွန်းတစ်စ လွင့်လာသည်။ နောက်အပတ်ကစားမည့် ဘောလုံးပွဲ …
စန်တာကလာရာတွင် အသစ်ဖွင့်လိုက်သော အာဖဂန်စားသောက်ဆိုင် … ။ ဘဝသည်
ဘာဘာ့ကို ချန်ထားရစ်ကာ မနေမနား တသွားတည်းသွားလျက် ရှိနေပြီ။
…………………………………
……………………………………
_____________________________
ဆက်ပါဦးမည်..။
____________________________
မူရင်းစာအုပ်အမည်…..THE KITE RUNNER
မူရင်းစာရေးဆရာ…….KHALED HOSSEINI
______________________________
မြန်မာပြန်ဆိုသူ …… ဝင့်ပြုံးမြင့်
မြန်မာပြန် စာအုပ်အမည်……..တိမ်ယံသစ္စာ
2009 / ဇွန် ၊ ပထမ အကြီမ် ။
စာမျက်နှာ စုစုပေါင်း…350
13 x 21 စင်တီဆိုဒ်
စာအုပ်တန်ဖိုး … 3000 ကျပ်
______________________________
လေးစားစွာဖြင့်..
……………………………
7 comments
ဝေးလွင့်တိမ်
July 11, 2012 at 8:12 pm
အပိုင်း (၂၅)တိုင်ခဲ့ပြီ။ အမြဲတမ်းစောင့်ဖတ် အားပေးနေပါတယ်။
မောင်ပေ
July 11, 2012 at 8:21 pm
ဘာဘာ့ရဲ ့သရုပ်ကို အနုစိတ်ရေးသားထားတာကို သဘောကျမိတယ်ဗျာ ။
သင်းချိုင်းမှာ စကားအခြေအတင်ဖြစ်တယ်ဆိုတာ ဘာကြောင့်များပါလိမ့်လို ့သိချင်ပါရဲ ့ ။
အလင်းဆက်
July 12, 2012 at 7:13 am
ဒီ အပိုင်းမှာ..ကျွန်တော်..မြင် မိတာလည်း…ဘာဘာ့ ရဲ ့ သရုပ်…ပါ ။
ပြီးတော့…. နေမကောင်းတဲ့ကြားက…. သားအတွက်…. ဆောင်ရွက် ပေးတဲ ့ သူ ့ မေတ္တာ…၊
နောက်ပိုင်းတွေ လည်း..ဆက် ဖတ်ပါဦး…
အူးပေ…နဲ ့..ဝေးလွင့်တိမ်..ေ၇..
ဒါနဲ ့…. ရွှေကြည် တစ်ယောက်လည်း..မမြင်မိသေးပါလား…။
shwe kyi
July 12, 2012 at 9:35 am
“ဘဝသည် ဘာဘာ့ကို ချန်ထားရစ်ကာ မနေမနား တသွားတည်းသွားလျက် ရှိနေပြီ။”
ဘဝဆိုတာအဲလိုပါပဲနော်။ ဝင်တဲ့သူဝင်လာလိုက်ထွက်တဲ့သူကထွက်သွားလိုက်နဲ့။ ဖခင်ကောင်းပီသတဲ့အေမားရဲ့ဘာဘာတစ်ယောက်နောက်ဆုံးအချိန်တွေကိုပျော်ရွှင်စွာဖြတ်သန်းသွားရတာဖတ်ရတာဝမ်းသာစရာ။ ချွေးမအလိမ္မာလေးရဲ့ပြုစုမှုတွေနဲ့ကျေနပ်နေမှာပါ။
အလင်းဆက်
July 12, 2012 at 11:41 am
ဟော…မျှော်နေတာ..ရွှေကြည်ရေ…
အဆက်မပြတ်…ဖတ်ရှု.သွားလို ့ကျေးဇူးနော်..။
နောက်တစ်ပိုင်းကို…ဆက်လက် ချီတက် ကြဦးစို ့….
သကြားလုုံးကြော်
July 12, 2012 at 12:24 pm
အမယ်လေး ငိုုလိုုက်ရတာ ၊ ကင်ဆာဖြစ်တဲ့အပိုုင်းနဲ့ ဒီအပိုုင်ကိုု လေယျာဉ်ပေါ်မှာ ဖတ်မိတော့ ဘေးကလုူတွေတောင် ဂရုုမစိုုက်နိုုင်အောင် မျက်ရည်တရွှဲရွှဲ။
“ဘဝသည် ဘာဘာ့ကို ချန်ထားရစ်ကာ မနေမနား တသွားတည်းသွားလျက် ရှိနေပြီ။” ဆိုုတာ မုူလစာအုုပ်မှာဖတ်တုုန်းက ဒီလောက်မခံစားရဖူး။ ဗမာလိုုရေးထားတဲ့ ဒီစာတန်း ကျမှ ဒီနေ့ တစ်နေ့လုုံး ခေါင်းထဲကမထွက်ဘူး။ ဆရာမ ဘာသာပြန် အရမ်းထိပါသည်။
အလင်းဆက်
July 13, 2012 at 8:35 pm
သကြားလုံးကြော်…ရေ…
မျက်ရည်တွေ..ထွက်တဲ ့အထိ….ခံစား..လိုက်တော့.တာပါပဲ..လား ။
မူရင်း ကို ဖတ်ပြီး…တာတောင် အားပေး..လို ့ကျေးဇူးပါပဲ.နော် ။