” မြို့ပြ ကွန်ကရစ် “
အနားရတဲ့ အချိန်လေးမှာ ဝါသနာ အရ စာရေးချင်မိတယ် ။ ဘာရေးရရင် ကောင်းမလဲ စဉ်းစားမိတယ် ။ စဉ်းစားလို့ မရဘူး ! ဒါနဲ့ ကိုယ့် အလုပ်နဲ့ သက်ဆိုင်တဲ့ ကွန်ကရစ် အကြောင်း ရေးမယ်လို့ ဆုံးဖြတ်လိုက်တယ် ။ ဗဟုသုတ ပေါ့နော် ! ကျွန်တော့ အလုပ်က ကွန်ကရစ် ဖျော်စက်တွေ ထိန်းချုပ် မောင်းနှင်ရတယ် ။ အများ အေခေါ် ဘက်ချင်းပလန့် အော်ပရေတာ ပေါ့ ။ ကွန်ကရစ် အကြောင်း စဉ်းစားရင်း မြို့ပြအဆောက်အဦး တွေ အကြောင်း လည်းတွေးမိတယ် ။ အဲဒီ အပြင် နိုင်းမြစ်ဝှမ်းက ဂူသင်းချိုင်းကြီးများ ဆိုတဲ့ ပိရမစ် ကြီး တွေ အကြောင်းလည်း တွေးမိတယ် ။ အင်မတန် ခိုင်ခံ့ ကြီးမားတဲ့ နှစ်ထောင်ပေါင်း များစွာက ပိရမစ် ကြီးတွေ အကြောင်းပေါ့။ အကြီး ဆုံး ပိရမစ် လို့ သိထားတဲ့ အေမင်ဟိုတပ် ( အသံထွက်တတ်သလို ) ရဲ့ ပိရမစ် ကြီးဆိုရင် ( ၂ )တန် အလေးချိန် ရှိတဲ့ ကျောက်တုံး ပေါင်း ( ၂၃ ) သိန်း နဲ့ လူပေါင်း သိန်းချီပြီး နှစ်ပေါင်း ( ၂ဝ ) ကျော်တည်ဆောက် ခဲ့တယ် လို့ မှတ်ခဲ့ဘူးတယ် ။ တချို့ ပိရမစ် တွေထဲက ထောင်ချောက် ခလုတ် မောင်းတံ တွေ ဟာ ဒီနေ့ခေတ် မက်ကထောနစ် စနစ် တွေထက် မညံ့ဘူးဆိုတာတွေရတယ် ။( ဘီစီ တစ်သောင်း ရုပ်ရှင် တွင် ပိရမစ် တည်ဆောက်ပုံ ကို လေ့လာကြည့် နိုင်ပါတယ်) ။ ကျွန်တော် တို့ နိုင်ငံ က စေတီ ပုထိုး အချို့ ကလည်း ငလျှင် အကြိမ် များစွာ ဖြတ်သန်း ခဲ့ ပေမဲ့ ပျက်စီး ယိုယွင်း မှု မရှိ တာတွေရတယ် ။ ဒါကြောင့် လူတွေရဲ့ တည်ထွင် ကြံဆ မှု နဲ့ တည်ဆောက် နိုင်မှု စွမ်းအား ဟာ လွန်ခဲ့တဲ့ နှစ် ထောင်သောင်း များစွာ က တည်းကစတင် ခဲ့တယ် လို့ ပြောလို့ရပါတယ် ။
ဒီနေ့ခေတ် မှာ မြို့ပြ နိုင်ငံကြီး တွေ ဟာ အရှိန်အဟုန်နဲ့ ဖြစ်ပေါ်လာတယ် ။ ခေတ်မီ တိုက်တာ အဆောက်အဦး ကြီးတွေ လမ်းတတား ကြီးတွေ အဖြစ်နဲ့ပေါ့ ။ အဲဒီ လို တည်ဆောက် နိုင်ဖို့အတွက် ကွန်ကရစ် ဟာ မပါမဖြစ်တဲ့ အဓိက အခန်းအရာ ဖြစ်ပါတယ် ။ ဒါကြောင့် ကွန်ကရစ် အရည်အသွေး ဟာ သတ်မှတ်တဲ့ စံချိန်စံညွှန်း ကိုက်ညီ ဖို့ အရေးကြီး ပါတယ် ။ ပြီးတော့ သတ်မှတ်တဲ့ နှစ်သက်တမ်း အတွင်း ပဲ နေထိုင် အသုံးပြုသင့်တယ် ။ တနေ့ ကျွန်တော် ရွှေလီ ကို ရောက်တော့ ဆေးရောင် ရော ကွန်ကရစ်သား ပါ အလတ်ကြီး ရှိသေး တဲ့ တိုက်ကြီး တလုံး ကို Hammer Machine လို့ ခေါ်တဲ့ တူကြီးနဲ့ ဖြိုချနေတယ် ။ ဘာလို့ ဖြိုနေတာလဲ မေးတော့ သက်တမ်း ပြည့်လို့ ဖြိုချတယ်လို့သိရတယ် ။ မှန်တယ် သက်တမ်းကုန်တဲ့ အဆောက်အဦး တွေ။ အရည်အသွေး မမှီတဲ့ ကွန်ကရစ် တွေ နဲ့ တည်ဆောက် ထားတဲ့ အဆောက်အဦးတွေ ဟာ အသက်အန်နရယ် ရှိပါတယ် ။ မကြာခဏ ရန်ကုန် အဆောက် အဦး အချို့ ပြိုကျလို့ အသက်အိုးအိမ် ဆုံးရှုံး ရတဲ့သတင်းတွေ ဖတ်ရတယ် ။
ဘာကြောင့်လည်း အဖြေ ရှာကြည့်တယ် ။ ဖြစ်နိုင်ခြေတွေထဲက ( ၁ ) သက်တမ်းကုန်လို့ ( ၂ ) အောက်ခံမြေ သား နဲ့ ဖောင်ဒေးရှင်း မခိုင်မာ လို့ ( ၃ ) သတ်မှတ်ထား တဲ့ ဒီဇိုင်း ပုံစံ တွေ ထဲ က လိုအပ်တဲ့ အရေအတွက် အတိုင်း ထည့်သွင်းအသုံးမပြုလို့ ( ဥပမာ အာစီ တိုက်တွေမှာ လိုအပ်တဲ့ ရီဘားလို့ ခေါ်တဲ့ သံချောင်း အရေအတွက် ခိုသုံး လျှော့သုံးတာ ။ ဘာလို့ လျှော့ သုံး လဲ ဆိုတော့ သူခိုး ဈေးနဲ့ ပြန်ရောင်းရင်တောင် တတန်ကို လေး ငါး ခြောက် သိန်းရတာကို — အဲဒီလို တိုက်မျိုး နေမိရင် ငလျှင် ကြီးကြီးသတိထား ၊ အခြေအနေ မကောင်းရင် ကွင်းပြောင်ပြောင်ရှိရာပြေး ) ။ ( ၄ ) ကွန်ကရစ် ရဲ့ အရည်အသွေး စံချိန်စံညွန်း မပြည့်မှီလို့ ( အိပ် နေ တုန်း မျက်နှာ ပေါ် တည့်တည့်မျက်နှာကျက်က ကွန်ကရစ် တွေ ကွာမကျ အောင် ခြင်ထောင်ထူထူ ကို တင်းတင်း ချည် အိပ်ပါ ) ( ၅ ။၆။ရ ) တွေလည်းရှိသေးတယ် ။
ကျွန်တော် နေပြည်တော် နဲ့ ရန်ကုန် မှာ အဆောက်အဦး တွေအတွက် ကွန်ကရစ် ဖျော်ပေးခဲ့တယ် ။ နေပြည်တော် မှာ အစိုးရ အဆောက်အဦး ကြီးတွေ ။ဟိုလ်တယ်တွေ ။လမ်းတွေ အတွက် ကွန်ကရစ် မီတာကျူ့ ထောင်သောင်း ချီပြီး ဖျော်ခဲ့တယ် ။ ဒီနေရာမှာ လိုကယ် မက်တီးရီးယဲ ( လ ) အကြောင်း ပြောချင်တယ် ။ ကွန်ကရစ် ဖျော်တဲ့ နေရာမှာ ဘိလပ်မြေ ။ ကျောက်သဲ ။ ရေ နဲ့ Chemical( အရည် ) ရောစပ် ပြီး အသုံးပြုတယ် ။ ကျွန်တော်တို့နိုင်ငံထဲ မှာ အသုံးပြု နေတဲ့ ဘိလပ်မြေ အမျိုးအစား များစွာထဲမှာ ထိုင်းနိုင်ငံ အက် ( စ ) စီဂျီ ( SIAM CEMENT GROUP ) ကုမ်မနီ ထုတ် ဆင်တဆိပ် ဘိလပ်မြေဟာ အရည်အသွေး အကောင်းဆုံးပဲ ။ ကွန်ကရစ် အတွက် Strength ကောင်းစေတယ် ။ Chemical အနေနဲ့တော့ စီကာ ( SIKA )အမျိုးအစား တွေပဲအသုံးများတယ် ။ ခုကျွန်တော် ရောက်နေတဲ့ နိုင်ငံ မှာလည်း ကွန်ကရစ်ထဲ က လေကို ထုတ်ဖို့ စီကာ အဲယား( SIKA AIR ) ကိုပဲသုံးတယ် ။ ကျောက်။ သဲ ကတော့ တမြို့ နဲ့ တမြို့ ။ တနိုင်ငံ နဲ့ တနိုင်ငံ မတူပါဘူး ။ ရှမ်းပြည် နဲ့ နေပြည်တော် မတူသလို ရန်ကုန် နဲ့လည်း မတူပါဘူး ။ နေပြည်တော် မှာ တောင်ကျောက် လို့ ခေါ်တဲ့ အာလူး ကျောက် တွေ နဲ့ မိုင်းခွဲကျောက် တွေ ကို ( ၂ဝ – ၂၅ ) မီလီ ဝန်းကျင် အရွယ်အစား ရအောင် ခွဲစိပ် အသုံးပြုပြီး ရန်ကုန် မှာတော့ မြစ်ကျောက်ကို အသုံးပြု ပါတယ် ။သဲ ကိုတော့ မြစ်သဲ ချောင်းသဲကို အသုံးပြုပါတယ် ။ ဒါက ကျွန်တော်တို့ နိုင်ငံမှာ မြစ်ချောင်း ပေါလို့ပါ ။ မြစ် ချောင်း မရှိ တဲ့ ရှားပါးဝေးလံ တဲ့ နေရာ တွေ နိုင်ငံတွေ မှာတော့ လိုကယ်ကျောက် နဲ့ ဖုန်သဲကို ဘိလပ်မြေ ပမာဏ များများထည့် ပီး သုံး ပါတယ် ။ ( ဥပမာ ။ ။ အာရှ အရှေ အလယ် ပိုင်း နိုင်ငံ တွေ ပေါ့ ) ။ ကျွန်တော် လက်ရှိ လုပ်ကိုင်နေတဲ့ စက်ရဲ့ ကွန်ပျူတာ ထဲ မှာ ရေ အပြင် ရေခဲ နဲ့ အသုံးပြု လို့ ရအောင် လုပ်ထားတယ် ၊ ဒါပေမဲ့ ဒီမှာ ရေနဲ့ ပဲ ကွန်ကရစ် ဖျော်ပါတယ် ။ ရေ အလွယ်တကူ ရဖို့ထက် ရေခဲ ရဖို့ ပိုလွယ် ကူတဲ့ နေရာမှာတော့ ရေခဲနဲ့ ဖျော်ပါတယ် ။ ဒါကြောင့်အချိုး အစား ကျကျ ရောစပ်ပြီး သတ်မှတ်ထားတဲ့ Slump ရတဲ့ ကွန်ကရစ် ထဲမှာ အရည်အသွေး ပြည့်မှီ ပြီး သန့်ရှင်းတဲ့ Cement , Gravel ( or ) Shingle , Sand and Chemical တွေပါဝင်နေဖို့ လိုပါ ကြောင်း….. ( ရေးမိရေးရာ ရေး နေရင်း ဖျော်ချင် စိတ် ပေါက်လာတယ် ။ နားချိန် မို့ ကွန်ကရစ် တော့ ဖျော် လို့ မရတော့ ဘူး ။ ကော်ဖီ ဖျော်တာပဲ ကောင်းတယ် ။ သောက်ဦး မလား ဟင်! နောက် အားရင်လည်း မြင်တွေ ခဲ့ရ တဲ့ မြို့ပြ အဆောက်အဦး ကြီး တွေ နဲ့ စက်ရုံကြီး တွေ တည်ဆောက်ပုံ အကြောင်း ရေးပါဦးမယ် ။ ဗဟုသုတ အဖြစ်ပေါ့ ။ ခု တော့ တော်သေးပြီ ။ ဖတ်ရှူ့ အားပေးသွား သူများ အားလုံး ကို ကျေးဇူး တင်ပါသည် ။ ။ )
22 comments
water-melon
July 14, 2012 at 7:52 am
ကွန်ကရစ်နဲ့ပက်သက်ပြီး ဗဟုသုတရလို့
ကျေးဇူးပါ
ဖြစ်နိုင်ရင် ဘယ်အင်ဂျင်နီယာမှကို အိမ်မဆောင်ခိုင်းရဲဘူး
တဲထိုးပြီးနေတာကောင်းတယ်
ခိုးလွန်းလို့
ကွန်ကရစ်နဲ့ပက်သက်ပြီး ဗဟုသုတရလို့
ကျေးဇူးပါ
ဖြစ်နိုင်ရင် ဘယ်အင်ဂျင်နီယာမှကို အိမ်မဆောင်ခိုင်းရဲဘူး
တဲထိုးပြီးနေတာကောင်းတယ်
ခိုးလွန်းလို့
လူ ဟား
July 14, 2012 at 11:09 am
တော်တော် ကျဉ်းမြောင်းတဲ့ အမြင်ပဲ…
မိုက်ကယ်ဂျော်နီအောင်ပု
July 14, 2012 at 9:18 am
တစ်ချို့တွေ မဆလာဖျော်တဲ့အခါ ထုံးမှုံ့တွေပါထည့်တာတွေ့ဘူးတယ်
ဘာသဘောလည်းတော့သိဘူး
လူ ဟား
July 14, 2012 at 11:16 am
တို့ ရှမ်းပြည်မှာ အဲလို ရောသုံးပါတယ်.. ထုံးက ကြာလာတော့ ကျောက်အသွင် ဆောင်သွားတယ်ထင်တာပဲ…
လူဟားတို့ဆီမှာ ထုံးကျောက်သေးသေးလေးတွေနဲ့ ထုံးရောပြီး အုတ်လုပ်(အုတ်ရိုက်)ကြတယ်.. အဲဒီ အုတ်က ကြာလေ မှာလေ… နောက်ပိုင်း ကျောက်တုံးကို ဖြစ်သွားရော…
YE YINT HLAING
July 14, 2012 at 1:07 pm
ထုံး ဘာကြောင့် ထည့်သုံးရတယ် ဆိုတာ ကို နည်းနည်း ရှင်းပြချင်ပါတယ် ။ ဟို အရင် ကွန်ကရစ် မပေါ်ခင် ခေတ် က ဘေဘီလုံ မြို့ဟောင်း ( ဘီစီ လေးငါးထောင် ခန့် ) ကို ပြန်လည် တူးဖော်ရာမှာ စာရေးတဲ့ ရွှံ့ ပြား တွေ တွေရှိခဲ့တယ် ။ နှစ်ပေါင်း ထောင်ချီ နေတဲ့ ရွှံ့ပြား တွေပေါ့ ။ အဲဒီ နေရာမှာ ရေ နဲ့ ရွှံ့မြေ ချည်း ပဲ ဒီရွှံ့ ပြားတွေကို လုပ်ခဲ့တာမဟုတ်ပါဘူး ။ ပြာတမျိုး မျိုး နဲ့ ထမင်းရည်လို စေးပြစ်တဲ့ အရည် တမျိုး ထည့်ပြီး သုံးပါလိမ့်မယ် ။ ဘာအတွက် လည်း ဆိုတော့Strength ကောင်းဖို့အတွက်ပါ ။ နောက်ပိုင်း ခေတ်မှီ လာတော့ ထုံးထည့် သုံးလာတယ် ။ မြန်မာ့ စေတီပုထိုး တော်တွေ အတွက် သရိုး ကိုင်တဲ့နေရာမှာ ရောစပ်တဲ့ အမယ် များတာကို တွေရပါတယ် ။ ကျောက်မီး သွေး ကို တွင်တွင် ကျယ်ကျယ် သုံး လာတဲ့ ခေတ်ကို ရောက်ချိန်မှာတော့ ကျောက်မီး သွေးပြာ ကို ထည့်ပြီး ရောစပ် အသုံးပြု ပါတယ် ။Cement ဆိုတဲ့ ဘိလပ်မြေ ကတော့ အီဂျစ် ရှေးခေတ် နည်းပညာ ကို အခြေခံပြီး Portland Companyကနေ ( ၁၈၂၄ ) ခုနှစ်မှာ ပထဆုံး ထုတ်လုပ်ခဲ့ပါတယ် ။ ယနေ့ ရှမ်းပြည်နယ်က ဘလောက် အုတ် တွေမှာ ထုံးဓာတ်ပါတဲ့ ဗြုံး နဲ့ ဘိလပ်မြေနည်းနည်း ထုံးနည်းနည်း ရောစပ်ပြီး ရိုက်ထားတာပါ ။ စကားမစပ် တောင်ကြီးနဲ့ ဟိုပုန်း ကြားမှာ ပင်းပက် သံမဏိ စက်ရုံ က ထွက်လာမဲ့ ချော်ရည်( slag ) အတုံးအခဲ လေးတွေကို ဘိလပ်မြေ လုပ်တဲ့ ကုန်ကြမ်း အဖြစ် သုံးလို့ ရတဲ့အတွက် အဲဒီ MEC ပိုင် သံမဏိ စက်ရုံဘေးမှာ ကမ်ဗောဇ ကုမ်မနီ က ဘိလပ်မြေ စက်ရုံ တည်နေပါကြောင်း ။ ။
မောင်ပေ
July 14, 2012 at 9:37 am
မန်းတလေးမှာ ရှေးတုန်းကတော့ တိုက်အိမ်ဆောက်ပြီဆိုရင် နာမည်ရှိပြီးသား အင်ဂျင်နီယာကြီးတွေကိုပဲ အပ်ကြတယ်
ငါ့တိုက်က ဘယ်သူဆောက်တာဆိုပြီး ဂုဏ်လုပ်တာကိုး
ပိုက်ဆံလဲကောင်းကောင်းယူတယ်
ဆောက်တဲ့နေရာမှာလဲ စနစ်တကျ တွက်ချက်ပြီးဆောက်တယ်
အဲဒီနောက်ပိုင်းကြတော့… သိကြတဲ့အတိုင်းပဲ
တိုက်တစ်လုံးဆောက်မယ်ဆိုရင် အစအဆုံး သွားစောင့်မကြည့်ရင် ဖြစ်ချင်သလို ဖြစ်တဲ့ခေတ်
သည်နေ့ခေတ်ကြ ကုမ်ပဏီကြီးတွေက အပြီးအစီး တာဝန်ယူတဲ့ခေတ်
ကိုရဲရင့်လှိုင်ရေ ဖောင်ဒေးရှင်းနဲ့ ပတ်သက်ပြီး ရေးပြပါဦး
YE YINT HLAING
July 14, 2012 at 1:16 pm
ဖောင်ဒေးရှင်းနဲ့ ပါတ်သက်ပြီး ပြောရရင်Soil Test ကစပြောရမှာဗျ ! နောက်တင်မဲ့ ပို့ ( စ ) မှာ အကျယ်လေး ကျွန်တော်ရေးလိုက်ပါ့မယ် ။ ခုတော့ မအားသေး လို့ ခွင့်လွတ် ပါ ကိုပေ !
mamanoyar
July 14, 2012 at 9:50 am
အန် အဲဒါနဲ့ပါတ်သတ်လို့
နိုရာတို့ အခုနေတဲ့ တိုုက်ခန်းက ဆောက်ထားတာမကြာသေးဘူး
အမြန်ဆောက်ထားတဲ့တိုက် နိုရာတို့ တတိယထပ်မှာနေတယ်
အပေါ်တစ်ထပ်ရှိသေးတယ် ဒါပေမယ့် မိုးရွာရင် ဘယ်ကဘယ်လို
ရေတွေကျမှန်းမသိဘူး ရေတွေ အိုင်နေတာပဲ လေတိုက်ရင်တောင်
ပြိုမှာစိုးရတယ်
YE YINT HLAING
July 14, 2012 at 1:24 pm
(Roof Slab) အမိုးကို ကွန်ကရစ်လောင်းရာမှာWater proof Chemical ထည့်သုံးရပါတယ် ။ ရေကူးကန် နဲ့ ဆိပ်ကမ်း လောင်းရာမှာလည်း သင့်သလောက် ထည့်သုံးရပါတယ် ။ မသုံးရင် ရေယိုတာ ရေစိမ့်တာ မျိုးတွေ ဖြစ်ပါတယ် ။
ကိုပေါက်(မန္တလေး)
July 14, 2012 at 9:58 am
အခုလိုကိုယ်တွေ့လေးတွေရေးပေးတာသိပ်ကောင်းပါတယ်ဗျာ။
များများသာရေးနော်
Khaing Khaing
July 14, 2012 at 9:59 am
မြန်မာပြည်မှာ ကွန်ကရစ်တွေခင်းနေလို့ လမ်းတွေကဖြူးနေပါတယ် …… ဒါပေမယ့် မနက်က အဖြစ်ကလေး တိုင်တိုင်ဆိုင်ဆိုင်ပြောပြဦးမယ် အခိုင်က ဒေါက်ဖိနပ်စီးပြီးကားလမ်းကိုအကူး ကွန်ကရစ်လမ်းပေါ်ဆိုတော့ ကြွကြွလေးလမ်းလျှောက်တာပေါ့ လမ်းခလယ်ရောက်တော့ ကားတွေကများနေတော့ လမ်းလျှောက်ရင်းနဲ့ ကွန်ကရစ်လမ်းဆုံး ကတ္တရာခင်းတဲ့နေရာအရောက် ချိုင့်ခွက်ကို မမြင်တော့ ချေချော်ကြသွားတယ် တော်သေးတာပေါ့ ကားရှင်းလို့ နို့မဟုတ် ဒီပို့စ်လေးမှာတောင် အတင်းမပြောနိုင်တော့မှာစိုးမိတယ် …….
YE YINT HLAING
July 14, 2012 at 1:36 pm
ကွန်ကရစ်လမ်းဟာ ကတ်တရာ၊ နိုင်လွန် ကတ်တရာ လမ်းတွေလောက် ဟိုက်ဝေ; လမ်းတွေအတွက် စိတ်မချရတာ၊ တာယာကုန်တာ ကားသမားတွေ အသိပါ ။ ဘာလို့ ခင်းနေလည်းမေးရင်တော့ လောလောဆယ် ဒါပဲ တတ်နိုင်လို့ပါ ။
water-melon
July 14, 2012 at 10:21 am
ဖြစ်မှာပေါ့ ၃၀၀ဝ တန် ဒိန်ချဉ်မျက်နှာနဲ့ပဲများပြီး လမ်းလျှောက်နေတာကိုး
ဖြစ်တာတောင် နည်းသေးတယ်
အဟီ အဟီ
စိန်ဗိုက်ဗိုက်
July 14, 2012 at 11:45 am
အန္တရာယ် ရှိတဲ့ အဆောက်အအုံတွေ မပြိုခင်ကတဲက အန္တရာယ်ရှိကြောင်း စာကပ်ပေးထားသင့်တယ်.
ပြိုတာတွေ စောင်းတာတွေကြောင့် သေတာတွေကော ကြေတာတွေကော ကြားရတယ်..
သမိုင်းက တိုက်ပြိုတဲ့ကိစ္စ မပြိုခင်ကတဲက စည်ပင်ကို အကြောင်းကြားထားတာ….ပြိုပြီးမှ အန္တရာယ်ရှိကြောင်း စာလာကပ်သွားတယ်ဆိုပဲ..
ကြုံတုန်း အတင်းပြောတာပါ..
ဒီကိစ္စတွေ လွှတ်တော်ထဲတောင် ဆွေးနွေးပေးကြဖို ့တောင် လိုဦးမယ်..
ဟုတ်တယ်ဟုတ်..
ဝုတ်စ်..
🙂
YE YINT HLAING
July 14, 2012 at 1:30 pm
သက်တမ်းကုန်နေ ကျော်နေတဲ့ အဆောက်အဦးနဲ့ တတားတွေ ကို ဆက်လက်အသုံး မပြုသင့်တော့ပါဘူး ! ဥပမာ ။။ ဂုတ်ထိပ် တတား ။ ဖြစ်လာ ရင် လူတွေ အစုလိုက် အပြုံလိုက် သေနိုင်ပါတယ်။
may flowers
July 14, 2012 at 2:07 pm
ဗဟုသုတ တကယ်ရစေတာမို့ အားပေးဖတ်ရှုသွားပါကြောင်းနဲ့ နောက်ပိုစ့်လေးတွေလည်း
မျှော်နေပါ့မယ် ကိုရဲရင့်လှိုင်ရေ။
သားဦးမြေးဦး၊ ဝမ်းတွင်းရူး
July 14, 2012 at 7:09 pm
ကွန်ကရစ်အကြောင်း မှတ်သားသွားပါ၏ ကိုရဲရေ။
King of Secrets (Bo Min)
July 14, 2012 at 7:48 pm
ကိုကြီးရဲ၊ ကွန်ကရစ်ကိုင်တတ်လားဟင်
Oo Oo
July 14, 2012 at 10:30 pm
ကို YE YINT HLAING ရေ..
မြန်မာပြည်မှာ လက်ရှိဆောက်ပြီးတဲ့အဆောက်အဥိးတွေမှာရှိတဲ့ ကွန်ကရစ်တွေရဲ့ မာအား(ကြံခိုင်အား)ကို
သက်ဆိုင်ရာဌါန တာဝန်ရှိသူတွေက ဘာစနစ် ဘယ်လိုတိုင်းတာစစ်ဆေး ပြီးလူနေခွင့်ပြု တယ်ဆိုတာလေးရှိရင်လည်း
ဗဟုသုတအဖြစ်ရေးပေးပါဥိးဗျာ။
YE YINT HLAING
July 15, 2012 at 7:17 am
ကိုဦးရေ —- ကွန်ကရစ် တွေရဲ့ ကြံ့ခိုင်အား ကို စမ်းသပ်တဲ့ စနစ် နှစ်မျိုး ရှိပါတယ် ။ ( ၁ ) British စနစ် နဲ့ ( ၂ ) American စနစ်ပါ ။ British စနစ် မှာ 150 mm x 150 mm x 150 mm အရွယ်အစား နမူနာ ပုံစံ ယူရပါတယ် ။ 150 mm ဟာ( ၆ ) လက်မ ရှိတာမို့ အဲဒီ ပုံစံ လေးထောင့် ခွက်ထဲကို ပထမ ( ၂ ) လက်မ အမြင့် ရောက်အောင် ကွန်ကရစ် ထည့် ပီး ပုံစံထောင်းတံ သံချောင်းနဲ့ ( ၃၅ ) ခါ ထောင်းပါတယ် ။ ဒုတိယ ( ၂ ) လက်မ အမြင့် ထပ်တိုး ထည့် ၊ ပေါင်း ( ၄ ) လက်မ အမြင့် မှာလည်း ( ၃၅ ) ခါ ထပ်ထောင်း ။ နောက်ဆုံး တတိယ ( ၂ ) လက်မ အမြင့် ထပ်ဖြည့် လို့ ခွက်ထဲမှာ ပြည့်သွားရင် လည်း( ၃၅)ခါ ထပ်ထောင်းပါတယ် ။ စုစုပေါင်း ( ၁၀၅ ) ပေါ့ ။ အဲဒီလို စနစ် တကျ ပုံစံ ယူပီးကွန်ကရစ် ခြောက်သွားတဲ့ အချိန် ရေ ကန် ထဲ မှာ စိမ် ထားလိုက်ပါတယ် ။ ( ရ ) ရက် အကြာ ,( ရ ) ရက်သား ရပြီဆိုရင် QC ဌာန ကို ပို့ပါတယ်။ Strength Test လုပ်တဲ့ စက်မှာ ဖိခွဲပီး ( ၇ဝ ) ရာနှုန်း အနည်းဆုံး ရရင် အအောင်ပေးလိုက်ပါတယ် ။ အဲဒီ နောက်မှာလည်း ( ၁၄ ရက်၊ ၂၁ ရက် ၊ ၂၈ ရက် ) သုံးခါ ထပ်စမ်းပါတယ် ။ ဒါက British စနစ်ရဲ့ Cube Test ပါ။ American စနစ် မှာတော့ 150mm x 300 mm Cylinder ပုံစံ ဖြစ်လို့ Cylinder Test လို့ ခေါ်ပါတယ်။ Cube Test မှာ အောင်ဖို့လွယ်ပေမဲ့ Cylinder Test မှာ အောင်ဖို့မလွယ်ပါဘူး – Cylinder Test Sample ယူရာမှာလည်း 3-layer = 3 times ပုံစံထောင်း ပေမဲ့ တခါထောင်းရင် ( ၂၅ ) ၊ သုံးခါ ဆိုတော့ ( ၇၅ ) ပေါ့ ။ Cube Test ပုံစံထောင်းတံ = 25 mm Square , Cylinder Test ပုံစံထောင်းတံ = 25 mm Diameter , weight = 1.8 kg တို့ဖြစ်ပါတယ်- အဲဒီ အတိုင်း စနစ်တကျ မှန်မှန်ကန်ကန် ( ကျန်တာတော့ သိတဲ့အတိုင်းပဲ ) စစ်ဆေးပြီး လူနေထိုင်ခွင့်ပြုပါတယ် ။
သကြားလုုံးကြော်
July 15, 2012 at 2:20 pm
အဆောက်အအုုံ ဆောက်တဲ့ ကွန်ကရစ်နဲ့ လမ်းခင်းတဲ့ ကွန်ကရစ် ကအမျိုးအစားအတူတူပဲလားဟင်။
ကွန်ကရစ်တွေ နေ့တိုုင်းဖျော်နေရတယ်ဆိုုတော့ ကိုုယ့်ကိုုယ်ကိုု ဟိုုဟာရောလိုုက် ဒီဟာနယ်လိုုက် လုုပ်တဲ့ ထမင်းချက် chef တွေလိုုများ မြင်မိလား။
နွေဦး
July 15, 2012 at 3:16 pm
ဒီစနစ်နဲ့သာ စစ်ဆေးလို့ကတော့..
ရန်ကုန်မှာနေစရာအိမ် မရှိတော့ဘူး..း((