ပညာ နဲ့ လူ
ပညာရှိဆိုတာ ဘာလဲ…
စာတတ်ပေတတ်ပုဂ္ဂိုလ်များကို ပညာရှိခေါ်ပါသလား။ စာတတ်တာနဲ့ ပညာရှိဆိုတာ အတူတူလား ကျွန်တော်စဉ်းစားမိပါတယ်။
ကျွန်တော်ကြားဖူး..မှတ်ဖူးသလောက်ကတော့ “ပညာရှိဆိုတာ.. အကြောင်းမှန်ကို သိတာ” တဲ့။
လူဆိုတာကလဲ….. အတ္ထာ နတ္ထံ မနသိ ဇာနာတီတိ မနုေဿာ.. အကြောင်းနဲ့ အကျိုးကို၊ အကောင်းနဲ့ အဆိုးကို သိမှ လူတဲ့။
စာသင်ကြတယ်… စာဖတ်ကြတယ်ဆိုတာက အဲဒီလို အကြောင်းနဲ့ အကျိုးတွေကို သိဖို့အတွက်… အကြောင်းမှန်တွေကို မှန်မှန်ကန်ကန် သိနိုင် ဖို့အတွက် စာတွေသင်ကြ.. စာတွေဖတ်ကြရတာဖြစ်တယ်လို့ယူဆပါတယ်။
စာတွေသင်…စာတွေဖတ်ပေမယ့် ….စာထဲကပြောတာတွေကို မဝေဘန် မဆန်းစစ်ပဲ သင်ရုံသက်သက်…ဖတ်ရုံသက်သက်ဆိုရင် သို့မဟုတ်..တခါထဲ လက်ခံလိုက်ကြမယ်ဆိုရင်…..ကောင်းကျိုးထက် ဆိုးကျိုးတွေလဲများလာနိုင်ပါတယ်။
ဒီနေ့ ကမ္ဘာမှာ ဘာသာရေးစစ်ပွဲတွေ… ဘာသာရေးညွှန်ပြချက်ကြောင့် အဆိပ်သောက်သေခဲ့သူတွေ….. ဘာသာရေးအတွက် သေရဲသူတွေ ….သတ်ရဲသူတွေဟာ မဝေဘန်ပဲ…. မဆန်းစစ်ပဲ…. မစဉ်းစားဘဲ.. စာထဲပါတာတွေ… အထက်လူအဆင့်ဆင့်ပြောတာတွေ… စတဲ့စတဲ့ ကြား. .သိ လာရသမျှတွေကို မျက်စိမှိတ်“ယုံ”ကြည်ခဲ့ကြလို့ပဲလို့ ယူဆမိပါတယ်။
ဗုဒ္ဓရဲ့ ဝါဒ.. ဗုဒ္ဓညွှန်ပြတဲ့ အမြင်ကလဲ.. ကမ္မဿကတာ သမ္မာဒိဋ္ဌိ…
အကြောင်းတရားကို မှန်မှန်ကန်ကန်သိရမယ်တဲ့။
ကဲ ..ကျွန်တော် တင်ပြမှုလေးကိုလဲ ဖတ်ပြီးစဉ်းစားဝေဘန်ကြည့်ပေးပါ။
ပညာရှိဆိုတာ … အကြောင်းမှန်ကို သိတာ…
အကြောင်းမှန်ကို… သိဖို့ ပညာရှိဖြစ်အောင် ကျိုးစားကြရတယ်။
အကြောင်းမှန်ကို မသိရင်…. အကြောင်းမှားတွေကို သိနေခဲ့ရင် ဘာတွေဖြစ်လာနိုင်မလဲ…..
ဟိုတနှစ်က.. ရန်ကုန်မှာ မိန်းခလေးတစ်ဦး… ဖျားတဲ့ရောဂါဖြစ်တော့ ဆရာဝန်ပြလိုက်တယ်။ ဆရာဝန်က အစာအိမ်ထင်လို့ခွဲစိတ်လိုက်တော့ မိန်းကလေး သေခဲ့ရတယ်။ အဲဒီလို..ရောဂါကတခြား… ဆရာဝန်တွေ ထင်တာက တခြားဖြစ်လို့ သေခဲ့ရတဲ့ လူတွေ… ဘယ်လောက်များမလဲ…
ဒါဟာ ရောဂါရဲ့ အကြောင်းမှန်ကို မသိပဲ.. မဟုတ်တဲ့ အကြောင်းမှားကို အမှန်ထင်ခဲ့လို့ လူ့အသက်ဆုံးရှုံးလိုက်ရမှုပဲ။
ဟိုတလောက …ကျွန်တော် ကိုယ်ပိုင်ကားနဲ့ခရီးသွားတယ်။ ကားက ဒီဇယ်အင်ဂျင်… လမ်းမှာကားဖောက်တော့ အနီးဆုံးဝပ်ရှော့ဆရာကိုခေါ်ပြ လိုက်တယ်။
ပန့်မကောင်းတာတဲ့။ ပန့်လဲရမယ်… ငွေ တသိန်းကျော်လောက်ကုန်မယ် တဲ့။ ကျွန်တော်က ခဏထိမ်းမောင်းရအောင် လုပ်ပေးလိုက်ပါ။ အခုလမ်းမှာဆိုတော့ ညအိပ်နေရမှာစိုးလို့ နေရာရောက်မှလဲပါ့မယ်ဆိုပြီး ရအောင်မောင်းလာခဲ့တယ်။ နေရာရောက်တော့ ဝပ်ရှော့ဆရာကို ခေါ်ပြတယ်။ ပန့်ဆိုင်ကိုသွားပြလိုက်တယ်။ ပန့်မဟုတ်ဘူး။ နော်ဇယ်က ဖြစ်တာတဲ့… နော်ဇယ် လေးလုံးလဲလိုက်တယ်။ သောင်းဂဏန်းလေးပဲ ကုန်လိုက်တယ်။ ကားလဲကောင်းသွားတယ်။
တကယ်လို့ ပန့်သာလဲလိုက်ရင်… ငွေတစ်သိန်းကျော်သာကုန်သွားမယ်။ ကားကောင်းလာမှာ မဟုတ်ဘူး။ ဒါဟာ အကြောင်းမှန်ကို မသိလို့ပဲ။
တချို့မိသားစုတွေ လင်မယားနှစ်ဦးလုံး ကျိုးစားကြလို့ စီးပွားတွေဖြစ်တယ်။ စီးပွားတွေတိုးတက်တယ်… ဒါကို တစ်စုံတစ်ဦးက မတယ်လို့ထင်ပြီး မဟုတ်တာတွေလုပ်ကြတယ်။ တင်ကြတယ်။ နတ်ကနားတွေပေးကြတယ်။ မဟုတ်တာတွေလုပ်တော့ ဘဝတွေပါပျက်ခဲ့ကြတယ်။ ဒါဟာ အကြောင်းမှားကို သိခဲ့ကြလို့ပဲ။
အဲဒါမျိုးတွေ တင်ပြနေရင် ပြီးမှာကိုမဟုတ်တော့ဘူး။
သားကိုသိပ်ချစ်တဲ့ ဘုရင် ဗိမ္ဗိသာရ။ ဘုရားနဲ့ သိပ်ခင်တဲ့ ဘုရင် ဗိမ္ဗိသာရ။
သောတာပန်ပုဂ္ဂိုလ်ကြီး ဘုရင် ဗိမ္ဗိသာရ။ သားလက်က အနာကိုတောင် ပါးစပ်ထဲငုံပြီး အနာကပြည်တွေ မျိုချခဲ့တဲ့ ဘုရင် ဗိမ္ဗိသာရ။ ဘုရင်လုပ်ချင်လို့ ပေါင်မှာ ဓားစီးပြီး ဖခင်ကိုသတ်ဖို့လာတဲ့ သားအဇာတသတ်ကို အစောင့်တွေ မိတော့ ခွတ်လွတ်ပြီး ဘုရင်လုပ်စေခဲ့တဲ့ ဖခင် ဘုရင် ဗိမ္ဗိသာရ။ သူတော်ကောင်း ဘုရင်ကြီး ဗိမ္ဗိသာရ။
အဲဒီ သူတော်ကောင်းဘုရင်ကြီး ဗိမ္ဗိသာရကို… သူ့သားအဇာတသတ်က ထောင်သွင်း။ အကျဉ်းချ။ အစာငတ်ထား။ ချေဖဝါးဓားခွဲ။ ရှားမီးရဲရဲကင်ပြီးသတ်လိုက်တယ်။
ဘာကြောင့်လဲ… အကြောင်းတရားအမှန်ကိုစဉ်းစားကြရမယ်။ ကျွန်တော်ကြားဖူးတာက…
““အဲဒီ ဘုရင် ဗိမ္ဗိသာရဟာ ဟိုဘက်ဘဝတစ်ခုမှာတုန်းက ဘုရားပေါ်ဖိနပ်စီးခဲ့လို့တဲ့။””
ဖခင်ဘုရင်ကြီး အဲဒီလို အသတ်ခံလိုက်ရတဲ့ အကြောင်းမှန်က တကယ်ပဲ ဟိုဘက်ဘဝမှာတုန်းက “ဘုရားပေါ်ဖိနပ်စီးခဲ့လို့လား..” အဲဒါ အကြောင်းမှန်လား။
အဲဒီလိုဆိုရင်… ဒီနေ့ မိဘတွေ သားသမီးတွေရဲ့ ပြန်အပြောခံနေကြတာ ဟာ …. ဟိုဘက်ဘဝမှာတုန်းက ဘုရားပေါ် သီချင်းဆိုခဲ့လို့.. ပြောကြမ လား။ အဲဒါ…..အကြောင်းမှန်လား။
ကျွန်တော် တွေ့ရှိမိတဲ့ အကြောင်းတရားလေးတစ်ခုကိုလဲ ပြောချင်ပါတယ်။
ဘုရင် ဗိမ္ဗိသာရဟာ… သူကိုယ်တိုင် ဘုရားနဲ့အလွန်ရင်းနှီးကျွမ်းဝင်တဲ့ ဘုရင်။ သူတော်ကောင်း သောတာပန်ဘုရင်ဖြစ်ပေမယ့်… သူ့သားအဇာတသတ်ကို ဘုရားထံခေါ်သွားတယ်လို့ တခါမှ မှတ်တမ်း မတွေ့ဖူးပါဘူး။ ဘုရားထံသွားပြီး တရားနာဖို့… ဘုရားထံ ဆွမ်းလှူဖို့ လွတ်တာမျိုး တခါမှ မှတ်တမ်းမတွေ့ဖူးပါဘူး။
နောက် သူ့သားအဇာတသတ်ကို ဒေဝဒတ်နဲ့မပေါင်းဖို့… ဒေဝဒတ်ကို ကျောင်းတွေဆောက်မလှူဖို့.. တားမြစ်ခဲ့တယ်လို့လဲ တနေရာမှာမှ မှတ်တမ်းမတွေ့ပါဘူး။ အဇာတသတ်ဟာ ဒေဝဒတ်ကို ဂယာသီတမှာ ကျောင်းလဲဆောက်လုပ်လှူခဲ့တယ်။ နေ့တိုင်းလဲ ဆွမ်းအုပ်တွေပို့စေခဲ့ တယ်။
တကယ်တော့ မိဘတို့ ဝတ္တရား ငါးပါးဆိုတာထဲမှာ မိဘဆိုတာ
ပါပါ နိဝါရေန္တိ= သားသမီးတွေ မကောင်းတာတွေကနေ တားမြစ်ကြရပါမယ်။
ကလျှာဏေ နိဝေသေန္တိ= ကောင်းတာတွေကို ညွှန်ပြကြရပါမယ်။
ခု ဘုရင် ဗိမ္ဗိသာရဟာ မိဘတို့ဝတ္တရားဖြစ်တဲ့.. ဒေဝဒတ်ကို မကိုးကွယ်ဖို့ ဒေဝဒတ်နဲ့မပေါင်းဖို့… မတားမြစ်ခဲ့ဘူး။
နောက် ဘုရားထံသွားဖို့.. ဘုရားတရားနာယူဖို့… ဘုရားထံခေါ်သွားတာမျိုး.. စတဲ့ ကောင်းတာတွေ ညွှန်ပြတာလဲ မတွေ့ခဲ့ရပါဘူး။
အနာထပိဏ်သူဋ္ဌေးဆိုရင် သူ့သားကာလကို ငွေပေးပြီး ဘုရားကျောင်းလွတ်ခဲ့တယ်။ နောက်ငွေပိုပေးပြီး တရားနာခိုင်းခဲ့တယ်။
အဲဒီလိုသာ ဘုရင် ဗိမ္ဗိသာရ..သူ့သားအဇာတသတ်ကို မကောင်းတာတွေကနေ တားမြစ်ပြီး ။ ကောင်းတာတွေကို ညွှန်ပြခဲ့မယ်ဆိုရင်… ခုလိုတွေ ဖြစ်လာနိုင်ပါ့မလား….
ခုလို ဖခင်ကို ရက်ရက်စက်စက် သတ်ခဲ့တာ။ ခြေဖဝါးဓားခွဲခဲ့တာတွေဟာ ဘုရင် ဗိမ္ဗိသာရ..ဟိုဘဝက ဘုရားပေါ် ဖိနပ်စီးခဲ့လို့လား… ဝဋ်ကြွေးတစ်ခုခုလို့ အကြောင်းရှာကြမလား…
သို့မဟုတ်… ဒီဘဝမှာ မိဘဝတ္တရားများ ဖြစ်တဲ့ ဒေဝဒတ်နဲ့ပေါင်းတဲ့ မကောင်းတာတွေ မတားမြစ်ခဲ့လို့…. ။ ဘုရားထံ သွား အဆုံးအမတွေ ခံယူဖို့ ဆိုတဲ့ ကောင်းတာတွေ မညွှန်ပြခဲ့လို့ ဖြစ်နိုင်မလား…
ဘယ်အယူအဆ. ဘယ်အသိအမြင်က လူတွေကို ကောင်းကျိုးများနိုင်မလဲ..
သတိထားစရာတွေ ရှိလာနိုင်မလဲ…
တကယ်လို့ အရင်ဘဝတစ်ခုခုက ဘုရင် ဗိမ္ဗိသာရ အမှားတစ်ခုခုလုပ်ခဲ့ မိလို့ဆိုရင်…
တကယ်တော့ သူ့သားအဇာတသတ်က ဓားစာခံသက်သက်ဖြစ်ရတာပေါ့။
သူ့ဖခင်ဝဋ်ကြွေးကို သူ့ဘဝအနစ်နာခံဆပ်လိုက်ရတာလား….
အဲဒီလိုသာဆိုရင်… တကယ်သနားစရာက အဇာတသတ်။ တရားခံအစစ်က ဘုရင် ဗိမ္ဗိသာရအဲဒီလိုဖြစ်မလာပေဘူးလား။
ဒါက ကျွန်တော်စဉ်းစားစရာလေး တစ်ခုကိုတင်ပြတာပါ။ ဘယ်ဟာအမှန်လို့ ကျွန်တော် မပြောနိုင်ပါဘူး။
မိမိတို့ရဲ့ အသိဉာဏ် အတိုင်းအတာအရ ယူဆလက်ခံကြဖို့ပါ။
မိမိတို့ရဲ့ ယူဆချက်… အကြောင်းတရား ရှာဖွေချက်ဟာ မိမိတို့ရဲ့ အသိဉာဏ်နဲ့သာ ဆိုင်ပါတယ်။ အဲဒါ မိမိတို့ရဲ့ ပညာ ပါပဲ။
လူနာတစ်ယောက်… ဆရာဝန်သွားပြလိုက်တယ်။ သေရမယ့် အနေအထား မဟုတ်ပဲ ဆရာဝန်အမှားကြောင့် သေသွားခဲ့တယ်။
အဲဒီလူနာသေမှုဟာ အတိတ်ကံကြောင့်လို့ယူဆလိုက်မလား…
သေနေ့စေ့လို့ ဖြစ်တယ်လို့ ယူဆလိုက်မလား…
အဲဒီလို ယူဆလိုက်တဲ့အတွက် လူတွေကို ဘယ်လိုအကျိုးတရားတွေ ရလာနိုင်မလဲ။
တကယ်လို့များ…
ဆရာဝန်ပြတာ နောက်ကျလို့…. ဆရာဝန်က ဒေါက်တာရမ်းကုဖြစ်နေလို့…
ဆရာဝန်ရွေးတာ မှားသွားလို့… ဆရာဝန်ကလဲ ဆေးပေးတာ မှားသွားလို့။
ဆရာဝန်ကလဲ ရောဂါရှာတာ မှားသွားလို့ စတဲ့စတဲ့ လူနာသေစေလောက်တဲ့ အကြောင်းတရားတွေကို ရှာဖွေနိုင်မယ်… စဉ်းစားနိုင်မယ်… သုံးသပ်နိုင်မယ်..ဆိုရင်
လူမှာ ရောဂါရရင်… ဆရာဝန်မမှားဖို့အရေးကြီးတယ်။
ဆရာဝန်ပြတာ နောက်မကျသင့်ဘူး။ ရမ်းကုတွေနဲ့ မကုသင့်ဘူး။
ဆရာဝန်တွေကလဲ.. သေသေချာချာ စဉ်းစားဖို့လိုတယ်။ ဆေးပေးတာ မမှားဖို့ အထူးဂရုစိုက်သင့်တယ်ဆိုတဲ့ လူတွေကို အကျိုးများစေတဲ့ အသိတွေ မရပေဘူးလား…
ကျွန်တော်တို့ ဗိုလ်ချုပ် လုပ်ကြံခံခဲ့ရတယ်။ သေနေ့စေ့လို့ပဲယူဆလိုက်မလား…
သို့မဟုတ်… အခြားသော လိုအပ်ချက်တခုခုကြောင့်လို့ ယူဆလိုက်မလား…
ဘယ်လိုအကြောင်းတရားကို ရှာဖွေလက်ခံလိုက်ရင် ကျွန်တော်တို့အတွက် ဘယ်လိုအကျိုးတရားတွေ ရလာနိုင်မလဲ…
သေနေ့စေ့လို့ဆိုရင်… ကျွန်တော်တို့ ဘာမှာတတ်နိုင်မှာလဲ… အားလုံးသေနေ့စေ့ သေကြမှာပဲ…
သို့မဟုတ်.. လိုအပ်ချက်တစ် ခုခုကြောင့်ဆိုရင် .. နောင်မှာ အဲဒီလို အဖြစ်ဆိုးမျိုးတွေ အတတ်နိုင်ဆုံးမဖြစ်အောင် ဘယ်လိုတွေလုပ်ကြရမှာလဲ.. ဘာတွေလိုသွားခဲ့တာလဲ….
ဒါက ကျွန်တော်စဉ်းစားမိတာကို တင်ပြတာပါခင်ဗျာ…
မိမိတို့လဲ မိမိတို့ အသိဉာဏ်အတိုင်း လက်ခံကြမှာဖြစ်ပါတယ်။ ကျွန်တော်အနေနဲ့ ကျွန်တော် စဉ်းစားမိတာကို ချပြခြင်းသာဖြစ်ပါတယ်ခင်ဗျာ…
45 comments
မောင်ပေ
July 18, 2012 at 9:51 pm
ကိုယ်ပိုင်ကားနဲ ့ခရီးသွားတယ်… ဒီဇယ်အင်ဂျင်
ဘော့စ်အူးဘဇင်းဇောက် ပါကလား…
အမြန်ဆုံး သူဌေးဖြစ်နည်းမယ့် ပညာရပ်တွေလဲ စွန် ့ကြဲတော်မူပါ ဖလာ့။
ဇောက် ထိုး
July 18, 2012 at 10:00 pm
အဆင်ပြေတဲ့တနေ့ ဦးပေအတွက် ဘုရားရဲ့ စီးပွားရေအယူအဆနဲ့ညွှန်ကြားချက်တွေကို တင်ပြ ပေးပါမယ်။ ဒါပေမယ့် အပိုင်းလေးတော့ ခွဲရေးရမယ်ထင်တယ် ဦးပေရေ…
ဘုရားရဲ့ စီးပွားရေးညွှန်ပြချက်မှာ…
၁-အတိတ်ကံကောင်းမှာ ချမ်းသာမှာလို့ မပါဘူး။
၂= ငွေအရင်းအနှီးရှိမှ ချမ်းသာမှာလို့ မပါဘူး။
သိပ်ပြီးအနုစိတ်တယ်။
ဦးပေ နေကောင်းတယ်နော်…
မဟာရာဇာ အံစာတုံး
July 18, 2012 at 9:55 pm
“အကြောင်းကြောင့် အကျိုးဖြစ်တယ်”
ဒီအဆိုကို လက်ကိုင်ထားမယ်ဆိုရင် …
ဗိမ္ဗိသာရ နဲ့ အဇာတသတ် တို့ရဲ့ အဖြစ်မှာ …
၁။ ဦးဇောက်ထိုး ပြောသလိုပဲ ဗိမ္ဗိသာရမင်းကြီးက အဇာတသတ်ကို
ဒေဝဒတ်နဲ့ မပေါင်းဖို့ မတားမြစ်ခဲ့ဘူး …
ဘုရားကျောင်း သွားဖို့ မတိုက်တွန်းခဲ့ဖူး ဆိုပါတော့ …
ဒါလို အကျိုးတွေကြောင့် ဗိမ္ဗိသာရ မင်းကြီးဟာ ထောင်သွင်းအကျဉ်းချ၊
ခြေဖဝါး ဓားခွဲခံခဲ့ရတယ် …..
၂။ ဗိမ္ဗိသာရမင်းကြီး ခြေဖဝါး ဓားခွဲခံခဲ့ရတဲ့ အဖြစ်ဟာ
အရင်ဘဝတွေတုန်းက ဘုရားပေါ် ဖိနပ်စီးခဲ့လို့ …
ဒီလို မှတ်တမ်း မှတ်ရာတွေ အထင်အရှား ရှိပါတယ် ..
ဒီနေရာမှာလည်း ဗိမ္ဗိသာရ မင်းကြီး ခြေဖဝါး ဓားခွဲခံရတာ (သတ်ခံရခြင်းကို မဆိုလိုပါ၊ ခြေဖဝါးကို ဓားနဲ့ခွဲပြီး မီးကင်ခံရတဲ့ဝဋ်ကိုပဲ ဆိုလိုချင်တာပါ၊ ဝဋ်ဆိုတာကလည်း ဗိမ္ဗိသာရလို သောတာပန်ကို မဆိုထားနဲ့၊ ဘုရားတောင်မှ မလွတ်ခဲ့ပါဘူး။ ဒါကြောင့် ကျနော့်အထင် ဘုရင်ကြီးဟာ သူ့သားက အဲ့ဒီလို မလုပ်ခဲ့လည်း တစ်နည်းနည်းနဲ့တော့ ခြေဖဝါးကို ဓားနဲ့ခွဲခံရလိမ့်မယ်လို့ ထင်မိပါတယ်။ သူက လူ့ပြည်ကို ပြန်လာမှာ မဟုတ်တော့တဲ့အတွက် ဒီဝဋ်ကြွေးကို အကျေဆပ်သွားရမှာပါပဲလို့ ယူဆမိလို့ပဲ ဖြစ်ပါတယ်။) အဲ့ဒီလို ဓားခွဲရတယ် ဆိုတဲ့ အကျိုးကလည်း ဘုရားပေါ် ဖိနပ်စီးခဲ့ဖူးတယ် ဆိုတဲ့ အကြောင်းကြောင့် ဖြစ်တည်လာတယ်။
၃။ အဇာတသတ်ဟာလည်း သူ့ဖခင်ကို အဲ့ဒီလို ပြုမှုခဲ့တဲ့ အကြောင်းတွေကြောင့် ခုဆို ငရဲမှာ ခံနေရတယ်။ ဆေးဆရာ ဇီဝကရဲ့ ကောင်းမှုကြောင့်၊ ပြီးတော့ ဘုရားကြောင့်သာ အဝီစိကို မရောက်ခဲ့ရတာပါ။
၄။ အဇာတသတ်က ဓါးစာခံ သက်သက် လာဖြစ်ရလာတာလား ဆိုတဲ့နေရာမှာတော့ ဘုရားနဲ့ စိဉ္စမာနတို့ရဲ့ အကြောင်းနဲ့ တွဲယှဉ်ကြည့်သင့်ပါတယ်။ စာ တော်တော် ရှည်သွားပြီ၊ ဒါပါပဲဗျာ …။
ဇောက် ထိုး
July 18, 2012 at 10:02 pm
ကိုအန်ဇာတုံးရေ… ခုလိုဝင်ရောက်ဖတ်ရှုအားပေးပြီး ဝေဘန်ထောက်ပြသွားတာ ကျေးဇူးပါခင်ဗျာ….
ကျန်မာရေးဂရုစိုက်နိုင်ပါစေ…..
kai
July 19, 2012 at 1:28 am
တယောက်ထဲ သုံးကိုယ်မခွဲလိုက်ရင်.. ဒီလိုကိစ္စတွေတော်တော်များများ.. ဖြေရှင်းသွားနိုင်ပါတယ်..။
ကျုပ်အနေနဲ့ကတော့.. ဝဋ်ဆိုပြီးလွှဲချတတ်သူတွေဟာ.. မတရားမှုတခုကို.. ထိတ်တိုက်ရင်မဆိုင်ပဲ.. ရှောင်ထွက်သွားတတ်သူတွေလို့မြင်မိတယ်..
ဒီလိုလူတွေနဲ့..
သူတို့နဲ့.. ဆိုင်ရာပတ်ဝန်းကျင်.. လူ့အဖွဲ့အစည်း..နိုင်ငံ.. တိုးတက်ခြင်းကို. မဆောင်ယူနိုင်ဘူး..
ဇောက် ထိုး
July 19, 2012 at 6:41 am
ဦးခိုင်ရဲ့ ယူဆမှုဟာ ဦးခိုင်အသိဉာဏ်ပညာရဲ့ ပေတံပါပဲ။
ကျွန်တော်တို့နိုင်ငံ…ဘာကြောင့် မတိုးတက်တာလဲ………
ဦးခိုင်ဟာ အတိုဆုံးနဲ့ အရဲရင့်ဆုံး အပြတ်သား အရှင်းဆုံးကို ပြောနိုင်သူဖြစ်ပါတယ်။
ဝဋ်ဆိုတဲ့ စကားလုံးက သံသာရနဲ့တွဲပြီးသုံးတဲ့စကားပါ။ လည်ပတ်ခြင်းလို့ အဓိပ္ပါယ်ရမယ်ထင်ပါ တယ်။
အဲဒီ သံသရာလည်တာဝဋ်လည်တာကို အမြင်နှစ်မျိုးတွေ့ရှိနေရပါတယ်။
၁=ဒီလူကောင်ကြီး က ဟိုဘဝ ဒီဘဝ လှည့်ပတ်ပြီး လှည့်လယ်နေ..ခံ..စံ ..နေရတဲ့လည်မှု။
၂=ဒီလူကောင်ကြီးမှာ ကောင်း… မကောင်း….အလုပ်အပြောအကြံတွေ လည်ပတ်ဖြစ်ပွားနေမှု။ဆိုပြီး တွေ့သိလာရပါတယ်။ ကျွန်တော်က ကျွန်တော်တွေ့သိတာကို တင်ပြတာ… အမှန်အမှားဆိုတာက မိမိတို့ရဲ့ အသိပညာနဲ့ဆုံးဖြတ်ကြရမှာပါ။
အရီးခင်လတ်
July 19, 2012 at 5:27 am
ဦးတင်ပြီး ဖတ်သွားပါတယ် ကိုယ်တော်။
ရေးထားတာ အမှန်တွေ မို့ လက်ခံ ပါတယ်။
ဒါပေမဲ့ လောကကြီး က အဲဒီလောက် ရိုးစင်း ရဲ့လား ကိုယ်တော်ရယ်။
သို့ပေမဲ့ တစ်ခါတစ်ခါ ဘာမှ လုပ်မရ ဘဲ ဒီအတိုင်း ချောင်ပိတ် နေခဲ့ရ တဲ့ အခြေအနေမှာ အတိတ်ကံကြောင့်လို့ယူဆလိုက် တာ ဟာ စိတ်ထဲ မှာ အများကြီး ဖြေသာပါတယ်။
တစ်ခါတစ်ခါ အကျိုး နဲ့ အကြောင်း ဆက်စပ်မှု ဟာ ရုပ်ရှင်ဇာတ်လမ်းဆင် ထားတာ ထက် တောင် ဆန်း နေတာ ကို ကြုံဘူး ရင် ဒွိဟ ဖြစ်စရာ တွေ ဖြစ်လာပါတယ်။
ဒါပေမဲ့ လက်ရှိ အခြေအနေ ကို သာ အကောင်းဆုံး ဖြစ်အောင် လုပ်နေတာ ကတော့ အမှန်ဆုံးပါဘဲ။
ကျန်တာကတော့ ကံဘဲ ပုံချချ၊ ဘုရားသခင် အလိုတော် ကို ဘဲ ပုံချချပေါ့။
လွဲချ စရာ ရှိနေရင်ဘဲ မဆိုးပါဘူး။ 😀
(ဘီယာ ဆိုင်သွားမည် ပြောသဖြင့် တကဲ့ ဘုန်းကြီး မဟုတ် လို့ ယူဆ၍ ဆွေးနွေးပါသည် 😛 )
ဇောက် ထိုး
July 19, 2012 at 6:50 am
အရီးက တကယ့်ဘုန်းကြီးဆိုရင် မဆွေးနွေးဘူးဆိုတဲ့သဘောပေါ့။ ဘာကြောင့်ဘုန်းကြီးတွေကို ရှောင်ရမှာလဲ… သူတို့ကမှ “သာသနာ့ဝန်ထမ်းတွေ”လေ။
ဘုရားရဲ့ အဆုံးအမတွေကို လူတွေသိအောင်တာဝန်ထမ်းဆောင်နေသူတွေလေ…
နိုင်ငံ ဝန်ထမ်းတွေနဲ့ ရောပြီး လန့်နေတာတော့ မဟုတ်လောက်ပါဘူးနော…..
ခုရက်ပိုင်းမှာ ဘာတွေဖြစ်နေတယ်မသိဘူး… သစ်ထူးလွင်မှာ ဘုန်းကြီးသုံးပါးက ဘုရားရွှေတွေခွာ ပြီး ရောင်းစားကြလို့တဲ့။
ရန်ကုန်စာသင်တိုက်ကြီးကဆိုလား.. ဆရာတော် ငါးပါးက ဒကာမတစ်ဦးရဲ့ ကြွေးမရတာကို ဝင်ပြီးတောင်းပေလို့တဲ့….
အဲဒါမျိုးတွေကြောင့် ကြောက်နေတာလား…….
အသိ..တစ်ခုကို ဆွေးနွေးကြတဲ့အခါ လူရယ်..ဘုန်းကြီးရယ်…ဘယ်ဘာသာဝင်ရယ်။ အသား အရောင်ရယ် ဂိုဏ်းဂဏရယ် မရှိသင့်ဘူး။ ပြောတဲ့စကားနဲ့ အကြောင်းအရာကိုပဲ ဆွေးနွေးကြ ရမှာ မဟုတ်လားအရီး။
ဇောက် ထိုး
July 19, 2012 at 7:14 am
အော်… အရီးရေ ခုမှထပ်သတိရတာလေးရှိလို့.. အရီးပြောတဲ့..
““သို့ပေမဲ့ တစ်ခါတစ်ခါ ဘာမှ လုပ်မရ ဘဲ ဒီအတိုင်း ချောင်ပိတ် နေခဲ့ရ တဲ့ အခြေအနေမှာ အတိတ်ကံကြောင့်လို့ယူဆလိုက် တာ ဟာ စိတ်ထဲ မှာ အများကြီး ဖြေသာပါတယ်။””
ဆိုတဲ့ စကားလေးကိုတော့ ထပ်ပြောချင်တာလေးပေါ်လာမိတယ်။
ကျွန်တော့်မှာ တဝမ်းကွဲညီလေး.. ဆီးသွားနည်းလို့ဆေးရုံတင်လိုက်တော့ ဘာရောဂါမှန်း မသိဘူး။ တဖြည်းဖြည်းနဲ့ ပေါင်တွေကိုက်လာတယ်။ ပါးစပ်တွေရွဲ့လာတယ်။ မျက်လုံးတွေပြူးလာ တယ်။ ဆေးရုံကြီး… ကံကော်… တိုင်းရင်ဆေးရုံ… ငြိမ်း.. အိုအများကြီးပဲ။ နောက်တော့ တဖြည်းဖြည်း ပေါင်ကကိုက်ကိုက်လာတယ်။ နောက် မခံနိုင်ဘူး။ အဲဒီမှာ ဆရာဝန်က ကိုက်တာပျောက်အောင် ဖြေတဲ့ဆေးထိုးပေးလိုက်တယ်။ သက်သာသွားတယ်။ သိပ်မကြာဘူး ကိုက်ပြန်တယ်။ နောက်တော့ ဆရာဝန်တွေက အဲဒီကိုက်တာ ဖြေတဲ့ဆေးကိုပဲထိုးဖို့ပေးထားလိုက်တယ်။ ဒါပေမယ့်ပြောတော့ပြောတယ်။ အဲဒီအကိုက်ပြောက်ဆေးက လူနဲ့မတည့်ဘူး။ အကျိုးမများဘူး။ ဖြစ်နိုင်ရင် မထိုးပါနဲ့တဲ့။ သက်သာအောင်ထိုးပေပေမယ့် လူကိုဆိုးကျိုးပေးတယ်တဲ့။ ခုတော့ သေသွားပါပြီ….
ဖြေဖျောက်မှုဆိုတာတွေဟာ တချို့ဆိုးကျိုးတွေပေးတာကို ပေးတတ်တယ်ဆိုတာပါ။
တချို့စိတ်တွေသိပ်ညစ်လို့ ဖြေတဲ့အနေနဲ့ အရက်သောက်လိုက်တယ်။ မူးသွားတော့ ဘာမှ မသိတော့ဘူး။ သက်သာသလိုပဲ..
အဲဒီလို အမြဲဖြေဖျောက်နေရင် အန္တရာယ်ရှိနိုင်မယ်ထင်တယ်နော် အရီး။
ကျွန်တော် ထိုင်နေရင် စိတ်ကူးထဲပေါ်လာလို့ ပြန်ရေးလိုက်ပါတာပါ။ အရီး
Yunn Nady
July 20, 2012 at 5:25 am
လေးစားမိ ပါတယ် ကိုဇောက်ထိုး ။ အတွေး အမြင် ကို လမ်းကြောင်း တည့်ပေး နိုင်တဲ့သူ မို့ပါ ။
mgwalone
July 19, 2012 at 5:40 am
အင်မတန် စိတ်ဝင်စားစရာ ကောင်းတဲ့ တွေးစရာတွေ (Food for Thought)ကို ပေးနိုင်တဲ့ စာလေးတစ်ပုဒ်ပါ။
ခေတ်အဆက်ဆက် အများစု ယုံကြည်လက်ခံလာကြတဲ့ ဘာသာရေးဆိုင်ရာ သဘောတရားတွေနဲ့ လက်တွေ့ဖြစ်ပျက်နေတာတွေကို နှိုင်းယှဉ် ဆက်စပ်ပြီး စဉ်းစားလိုက်တော့ တွေးစရာတွေက အများကြီးပါပဲ။ သို့သော်လည်း ဘယ်ဟာက ပိုမှန်သလဲ ဆိုတာကတော့ ယတိပြတ် အဖြေရှာဖို့ ခက်ပါတယ်။
ကျွန်တော်သိနားလည်သလောက်ဆိုရင် အတိက်ကံအကျိုးဆိုတာ ယခုဘဝမှာ သက်ရောက်မှု ရှိနိုင်တာ မှန်ပေမဲ့ ဘုရားတရားတော်ကတော့ ပစ္စုပ္ပန်တဲ့တဲ့ကိုပဲ ကြည့်ရမယ်လို့ ဆိုထားတယ် ထင်ပါတယ်။
ဖြစ်သမျှ ပျက်သမျှ ကံတို့၊ ဝဋ်တို့ဆိုတာထက် အကြောင်း၊ အကျိုး ရှိလို့ဆိုတာကိုပဲ သတိမူပြီး လက်ရှိအနေ အထားအခြေအနေကို ဆင်ခြင်သုံးသပ်၊ လုပ်သင့်လုပ်ထိုက်တာတွေကို ဆက်လက်လုပ်ဆောင် ကြဖို့လို့ မြင်မိပါတယ်။
ကျေးဇူးတင်ပါတယ်
ဇောက် ထိုး
July 19, 2012 at 6:54 am
mgwalone ရေ.. ခုလိုဝင်ရောက်ဆွေးနွေးတာ ကျေးဇူးတင်ပါတယ်။
ကျွန်တော်တို့ ဒီနေ့သိနေကြတာက.. ကမဿကတာ သမ္မာဒိဋ္ဌိ..ဆိုတာ …ကံနဲ့ကံရဲ့အကျိုး( အကြောင်းတရားနဲ့ အကျိုးတရား) ယုံကြည်ရမယ်လို့ သိနေကြပါတယ်။
တကယ်တော့ သမ္မာဒိဋ္ဌိဆိုတာ… ယုံကြည်ခြင်းလို့ မဟုတ်ပါဘူး။ သိမြင်ခြင်းလို့ အဓိပါယ်ရပါတယ်။
ကျေးဇူးပါဗျာ။
Ko out of...
July 19, 2012 at 8:16 am
ကိုဇောက်ထိုးရေတဲ့ ပိုစ့်ကို…သဘောကျ ထောက်ခံတဲ့ အနေနဲ့..နာယူမှတ်သားဖူးခဲ့ရတဲ့ ကဗျာလင်္ကာလေးနဲ့ အောက်ပါအတိုင်း ..ထပ်ဆင့် မျှဝေပေးလိုက်ပါတယ်…တပုဒ်လုံးတော့ မရေးတော့ဘူး
– မွေးသေ အတွင်း၊ ပြုလုပ်ခြင်း၊ မယွင်းကံသစ္စာ
– မွေးသေဟိုးဘက်၊ ပြုလုပ်ချက် ၊ တွက်ချက်မဖွေရှာ
– ယခုပြုက၊ ယခုရ ၊ ဒိဋ္ဌဓမ္မပါ
– ယခုပြုသမျှ၊ နောင်ဘဝ၊ ဗုဒ(Buddha) မဟောပါ
– ဗုဒ(Buddha) မဟော၊ ကံသဘော သောသော ညံနေတာ
– အလွှဲတရား၊ အစွဲမှား၊ ခွဲခြားမသိပါ
– ဟိုကံဒီကံ၊ တွေးတောကြံ၊ အမှန်ဆင်းရဲမည်
– ဆင်းရဲ တန်တန်ခံရပြန် ၊ နိဗာန်ဝေးတော့သည်
– နိဗာန်လိုလျှင်၊ ကံကိုပြင်၊ အစဉ်ချမ်းသာမည်။
ဇောက် ထိုး
July 19, 2012 at 1:35 pm
ကိုအောက်ရေ.. ခုလိုဝင်ရောက် အားပေးတာ ကျေးဇူးပါနော်..
ဒွေပိနာမ သတ္တာ ဧကစ်ဈာသယာ ဒုလ္လဘာ လောကသ္မိ ံ…. လောကမှာ စိတ်ရော ကိုယ်ရော တူတဲ့သူ နှစ်ယောက်ရှိဖို့ဆိုတာ ခဲယဉ်းပါတယ်ဗျာ…
virus
July 19, 2012 at 9:21 am
the human problem are extremely hard to answer, ie no best answer. i think we’d do our self the best in any kind of situation, accept what had happened to us. to a better way between many bad way. this is my answer , hope you enjoy.
ဇောက် ထိုး
July 19, 2012 at 1:49 pm
virus ရေ… ကျွန်တော်သိသမျှလေးပြန်ပြောရရင်…
လူဆိုတာ အမြင်အမျိုးမျိုးရှိကြမှာပါပဲ။ ကိုယ်သိမြင်တဲ့ အဆင့်အတန်းဟာလဲ ကိုယ့်ဘဝရဲ့ အဆင့် အတန်းဖြစ်သွားတာပဲ လို့ ယူဆပါတယ်။
Ko out of...
July 19, 2012 at 9:47 am
According of this sentence.. ie no best answer ….
I don’t think so.
But we need to chose the best one…
Ko out of...
July 19, 2012 at 9:54 am
According of this sentence.. ie no best answer ….
I don’t think so.
But we need to chose the best one…
if your have interest…
http://mandalaygaztte.com/102572/creative-writing/my-thinking-different
ဇောက် ထိုး
July 19, 2012 at 1:50 pm
ကိုအောက်ရေ… ဝင်ရောက်ဖြည့်ဆည်းပေးတဲ့ အတွက် အတိုင်းမသိ ကျေးဇူးတင်ပါတယ်ခင်ဗျာ…
မိုးချမ်းမြေ့
July 19, 2012 at 10:36 am
အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ဆိုတဲ့ ကံတွေရဲ့နာမည်တွေဟာ တကယ်တမ်းအဓိပ္ပါယ်ဖွင့်ဆိုကြမယ်ဆိုရင် များစွာကွဲလွဲမှုတွေရှိနေကြပါတယ်။ ဒါကြောင့်လည်း ဝိဝါဒတွေဖြစ်ပြီး လက်တွေ့မကျတဲ့ ကံအယူအဆဆိုရင် မှိန်ပျပျအဖြစ်လောက်သာ ကျန်ရစ်တော့လောက်တဲ့အထိဖြစ်နေတာကို
တွေ့ရပါတယ်။
ဘာသာအဆုံးအမတွေတိုင်းမှာ ကိုယ်ခံယူထားတဲ့ ကံအကြောင်း၊ ကံရဲ့အကျိုးတွေနဲ့ရှိကြပေမယ့် ဘာသာတစ်ခုနဲ့တစ်ခုမှာ ကံအယူအဆတွေမတူပါဘူး….။
သို့သော်လည်း အိန္ဒိယနိုင်ငံမှာလက်ရှိကျန်ရှိကိုးကွယ်နေတဲ့ ဂျိန်းတွေရဲ့ကံအယူအဆဟာ မြန်မာနိုင်ငံထေရဝါဒက ယူဆထားတဲ့ ကံအယူအဆနဲ့ တူညီမှုတွေရှိနေပြန်တယ်လို့ဆိုပါတယ်။
ဒါကြောင့် ကံနဲ့ပတ်သက်ပြီး ဂျိန်းတွေရဲ့ကံအယူအဆနဲ့ ဗုဒ္ဓရဲ့အယူအဆ ဘယ်လိုကွဲသလဲလေ့လာနိုင်ဖို့ ညွှန်ပြလိုက်ပါတယ်။ အစွဲကင်းစွာနဲ့ အမှန်အမှားဝေဖန်နိုင်ရန် ဖြစ်ပါတယ်။
http://sites.google.com/site/sayamvasi/JanesKarmaBuddhasKarma.pdf
စိန်ဗိုက်ဗိုက်
July 19, 2012 at 11:45 am
အသက်ကို ဉာဏ်စောင့်ပါတယ်ဗျာ..
ကျန်တာသိဘူး..
ဒါဗျဲ
🙂
ဇောက် ထိုး
July 19, 2012 at 1:43 pm
ဦးဗိုက်ရဲ့ အသက်ကိုဉာဏ်စောင့်တယ်ဆိုပြီး နင်းကန်သောက်မနေနဲ့နော်…..
အဲဒီလိုဆို ဘုရင်ကြီး ချေဖဝါးဓားခွဲအသတ်ခံရတာ ဉာဏ်လိုသွားလို့ပေ့ါနော်…
သူသာ အသိဉာဏ်ရှိပြီး ဒီကလေးငယ်ငယ်ကတည်းက ဘုရားဆီပို့လို့…. ဒေဝဒတ်နဲ့ မပေါင်းအောင် တားမြစ်ပြီး စနစ်တကျကျ သေသေချာချာ ထိမ်းသိမ်းလာခဲ့မယ်ဆိုရင်………….
ဒီနေ့ မိဘတွေ သားသမီးတွေကို ငယ်ငယ်ကတည်းက စနစ်တကျ ထိမ်းသိမ်းစောင့်ရှောက် ဆုံးမ ပဲပြင်ခဲ့မယ်ဆိုရင် သားသမီးတွေရဲ့ တော်လှန်မခံရနိုင်ဘူး။ လိမ်မာတဲ့ သားသမီးလေးတွေ ဖြစ်လာနိုင်တယ်ပေါ့နော်….. အဲလိုလား…
ဒါမှမဟုတ်… ဒီနေ့လူငယ်တွေ မိဘတွေကို တော်လှန်နေကြ… ဆဲနေကြ… သတ်နေကြ(မိဘကိုသတ်တဲ့သားသမီးများလဲရှိပါသည်) တာဟာ မိဘတွေ ဝဋ်ကြွေးကြောင့်ဆိုရင်လဲ… ဘာတတ်နိုင်မှာလဲလေ…
ဝဋ်ကြွေးရှိရင် ခံကြရမှာပဲ…. ဆုံးမမနေနဲ့ပေါ့…… အဲလိုလား……………….
ကျွန်တော် ဘာမှမပြောဘူးနော်…. စဉ်းစားမိတာ ချပြတာ…. ကိုယ်ပိုင်လွပ်လပ်စွာ စဉ်းစားယူဆနိုင်ပါတယ်။ ကိုယ့်အမြင်ကိုယ့်အယူအဆဟာ ကိုယ့်အသိဉာဏ် အဆင့်အတန်း ပါပဲ။
same kyaw
July 19, 2012 at 12:42 pm
ဘာသာတခုနဲ့တခု မတူပေမဲ့ ဗုဒ္ဓဟော ထားတဲ့
ကံ ကံရဲ့အကျိုးကိုု လူတိုင်းခံ ကြရတာ မျက်စိရှေ့မှာ တွေ့ နေရတယ်။ရေးထားတာ သိပ်ကောင်းပါတယ်။ကိုယ်နားလည်သလို ရေးပြတာပါ။
ဇောက် ထိုး
July 19, 2012 at 1:45 pm
same kyaw ရေ… ခုလိုဝင်ရောက်ဖတ်ရှုပြီး အမြင်လေးကို မှတ်ချက်ပြုသွားပေးတာ ကျေးဇူးပါနော်။
ကံ..ဆိုတဲ့ စကားလုံးနဲ့ ကပ်ပြီးရောနေတဲ့ စကားတစ်ခုတော့ ရှိတယ်ဗျ။
““ဘာတဲ့…. ထန်းသီးကြွေခိုက်… ကျီးနင်းခိုက်””တဲ့…
မဂွတ် ထော်
July 19, 2012 at 2:02 pm
မိုက်တယ် …ဦးဦးဇောက်
မလိမ္မာဘူး
ဇောက် ထိုး
July 19, 2012 at 6:29 pm
မဂွက်ရေ.. .. မိုက်တယ်ဆိုတာ… တော်တယ်..ကောင်းတယ် လို့ပြောကြတာထင်တယ်နော်။
နောက် မလိမ္မာဘူးဆိုတာကလဲ … မိုက်တယ်ကိုပြောတာပဲ မဟုတ်လား… ဒီတော့ မဂွက်က မိုက်တယ် မလိမ္မာဘူးဆိုတော့.. ဦးဇောက်ကို မိုက်တယ်..မိုက်တယ်..လို့ပြောတာပေါ့နော်..
မိုက်တယ် မိုက်တယ်ဆိုတော့ …ကောင်းတယ်.. အရမ်းကောင်းတယ်။ သိပ်ကောင်းတယ်။ ရက်ရက်စက်စက်ကောင်းတယ်ဆိုတဲ့ သဘောလို့… ဦးဇောက်..ကိုယ့်ဘက်ကိုအနာခံပြီး ယူဆလိုက်တယ်နော်…
အရီးခင်လတ်
July 19, 2012 at 4:59 pm
ကိုယ်တော် က လာဆွ ပေးနေပြီ။ 🙂
ဥပမာ ဆိုပါစို့။
ကားတာယာ မှာ သံမှို စိုက် နေခဲ့တယ်။
မသိဘဲ နဲ့ မောင်းနေတာ အလုပ်ရောက်လို့ ရပ်တဲ့ အချိန် မှ ကားဘီး ပြား နေတာ တွေ့တယ်။
ကားမောင်း ရင် မျက်စိ၊ နား၊ နှခေါင်းအလွတ် မပေးမဘဲ သတိ နဲ့ မောင်း ရမယ် ဆိုတာလဲ သိတာဘဲ။
လမ်း နေရာ အနှံ့ မှာ ဘယ်က ထွက် လာမှန်း မသိမဲ့ သံမှို ကို ဘယ်လို ပညာ နဲ့ ရှောင်မောင်း လို့ ရပါ့မလဲ။
လေလျော့ လာတဲ့ ဘီးကြောင့် စိတ်ထဲ စတီရာရင် လေး တယ်၊ ဆွဲနေတယ် လို့ ထင်လဲ အရင်အတွေ့အကြုံဟောင်း မရှိရင် မသိနိုင်ပါ။
ဇာတ်လမ်းပြီးချိန်မှာ တော့ ပိုက်ပိုက် ထွက်သွား လို့ ဟတ်ထိ (မူရင်း – ကပေါက်) သွားပေမဲ့ မောင်းနေစဉ် ကို့ယို့ကားယား မဖြစ်ခဲ့တာ၊ လုံခြုံတဲ့ နေရာ ရောက် မှ ပြသနာသိလို့ အေးအေးဆေးဆေး ဖြေရှင်း ရတာ တွေ နဲ့ စိတ် ဖြေ ရပါတယ်။
နောက် ထိ မိတဲ့ နေရာက ဘေးဘောင် နဲ့ နဲနဲ ကွာ နေလို့ ဘီးဖာ ရုံ နဲ့ ပြီးသွားပါတယ်။
နဲနဲ လေး အစွန်းရောက်သွားရင် အသစ် လဲရမတဲ့။
ဒီတော့ ပိုပြီး တော်သေးဟဲ့ လို့ စိတ်ဖြေ ရပြန်ပါတယ်။
မဟုတ် လို့ ကတော့ ဒီ ပုံမှန် မဟုတ်တဲ့ သံမှို ကြောင့် ငါ့ ပိုက်ပိုက် ထိ တယ်၊ ဒင်း အပေါ် မနင်း မိခဲ့ ရင် ဘတ်ဂျက် ထိမှာ မဟုတ် ဘူး ဆိုပြီး စိတ်မှာ တနုံ့နုံ့ ဖြစ် နေမိတော့ မှာပါ။
ဘာလို့လဲ ဆိုတော့ ကျွန်မ စိတ် က ဒီလို အကြောင်း ကြောင့် ဖြစ်လာတဲ့ အကျိုး ကို တန်းပြီး ကောင်းကောင်း လက်ခံ လို့ မရတာကြောင့်ပါ။
ဘာလို့လဲ ဆိုတော့ ဒီ သံမှို ဟာ ကျွန်မ ထိန်းချုပ် နိုင်တဲ့ ဘောင် က လွတ် နေလို့ပါ။
ဒီလို အခြေအနေမှာတော့ စိတ်အေးချမ်း ရာ နည်း ကို ရှာပြီး နေရမှာပါဘဲ။
ကိုယ်တော် ပြောတဲ့ ကိုယ်တော့် ညီလေး ဟာလဲ နာတဲ့ ဒါဏ် ကို ဘာဝနာတရားမှတ်ရင်း ဖြေ နိုင်တဲ့ အဆင့် ရနေတော့ ဆေးမကူ ဘဲ ဝေဒနာ ဖျောက် နိုင်မှာပါ။
ဒါပေသည့် အဲဒီ အဆင့် မရောက် သေးလို့ ကတော့ နောက်မှဖြစ်ချင်ရာဖြစ် လောလောဆယ် သက်သာဖို့ ဘဲ အရေးကြီး တာကိုး။
ဒီမှာလဲ လက်ရှိ ကာလ မှာ သက်သာဖို့ အနာဂါတ် ကို ရင်းလိုက်တာဘဲ ပေါ့။
အနာဂါတ် မှာ ဘာဖြစ်မယ် ဆိုတာကို ပညာဉာဏ် နဲ့ ကြည့်လို့ မမြင်တာတွေ လဲ ရှိနေ သေးတာကြောင့် လက်ရှိ ကာလ ကို ဘဲ အကောင်း ဆုံး ဖြစ်အောင် အကိုက်အခဲ ဆေး ကို ရွေးခဲ့ တာ သူ့ ဆုံးဖြတ်ချက်ဘဲ လေ။
တစ်ချို့ တကဲ့ တရားသမားတွေ ဆိုရင် သူတို့ ကို အဲလိုဆေးတွေ ပေးရင် မကြိုက်ဘူး။ တရားမှတ်လို့ မရဘူး။ အိပ်ချင်လို့တဲ့။
နာတာ ကို နာတာလို့ မှတ်ရင်း ဆုံးသွားကြတယ်။
ဒီတော့ အဲလို ဆေး တွေသာ သုံးရင် ပိုပြီး နေရမယ် ပြောပြန်ရော။
ပန်းသီး အဖေကြီး ကို လဲ ဒီလို ဝေဖန် ခဲ့ကြတာဘဲ။
ဘယ် သူ သိမလဲ ကိုယ်တော်ရေ။
လူတိုင်း ရဲ့ စိတ်ဓာတ်ပိုင်း ဆိုင်ရာ ကြံ့ခိုင် မှု တစ်ယောက် နဲ့ တစ်ယောက် မတူ နိုင်တာကြောင့် တစ်ချို့ အကြောင်းတရား တွေ ရဲ့ နောက်စပ်တွဲ ဖြစ်လာမဲ့ အကျိုးတရား အဖြေ အတွက် တစ်ယောက် တွက်ပုံ နဲ့ နောက်တစ်ယောက် တွက်ပုံ မတူနိုင်ပါ။
ယုတ်စွ အဆုံး ကိုယ်ဘယ် ကလာပြီး ဘယ် ကိုရောက် တယ် ဆိုတာတောင် ဘယ်သူမှ အသိအကျ မပြောနိုင်တာကြောင့် လက်ရှိ ကာလ မှာ တစ်ခြား ဘယ်သူ့ ကိုမှ မထိခိုက် ရင် သူ့ဟာသူ သူ့ အတွေး နဲ့ လွတ်လပ်စွာ နေခွင့် ရသင့်ပါတယ်။
သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ စိတ်ဖြေပြီး လောကမှာဆက်ရှင်သန်နိုင်ဖို့ ကို ဘောင်ခတ် မပေးသင့်ပါဘူး။
ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရတာ ကတော့ တစ်ခြား topic လို့ ထားပါစို့။
ကျွန်မ လား –
လက်ရှိကာလ ကို ဖြစ်နိုင်သ၍ ကြိုးစားပါတယ်။
သို့ပေမဲ့ သာမာန် လူ မို့အပျင်းမှု နဲ့ သတိလက်လွတ် မှု တွေ က အမြဲ ဒုက္ခ္ခပေးပါတယ်။
ဒါပေမဲ့ မမြင်နိုင်တဲ့ အနာဂါတ် ဆီကို ရဲရဲ တိုးဝင်နိုင်ဖို့ ကတော့ ပရိတ်တရား အပါအဝင် ဘုရားစာ မျိုးစုံ ကိုတော့ ယုံကြည်စွာ နေ့စဉ် အမြဲရွတ် ပါတယ်။
ဘယ်သူ အတိအကျ ပြောနိုင်သလဲ။
ကျွန်မ ဘုရားစာရွတ် ထားလို့ ကားဘီး မှာ သံမှို စိုက် လဲ အများကြီး ဒုက္ခရောက် မသွားခဲ့ဘူး ဆိုတာကို။ 😀
စကားအတင်းစပ် လို့
ဟိုဘက် တစ်ခု မှာ ကဆာမိ မန့် တာလေး ကို သဘောကျလို့။
ကျွန်မ လဲ ဘာသာရေး ဗဟုသုတမှာ မူကြို ဘဲ ရှိပါသေးတယ်။
ဒီတော့ အဲဒီနေရာကို အထူး စပယ်ရှယ် ထားပြီး နေနေတဲ့ တက္က္ကသိုလ် အဆင့် ဘုန်းကြီး နဲ့ တော့ အများ စာမျက်နှာ တွေ ပေါ်မှာ ဝင် မဆွေးနွေး သင့်ဘူး ထင်လို့ပါ။
ကျွန်မတို့ က တစ်ခါတစ်ခါ အချင်းချင်း အတည်မဟုတ် နောက်ပြောင်နေတာကိုး။
ဘုန်းကြီး ကိုတော့ ဘုန်းကြီး လိုဘဲ ရိုသေချင်ပါတယ်။
ဒါကြောင့်ပါ ကိုယ်တော်ရယ်။ 😉
အရီးခင်လတ်
July 19, 2012 at 5:45 pm
ဗိုလ်ချုပ်အောင်ဆန်း ကို သတ်တဲ့ တရားခံ က လောဘ၊ ဒေါသ၊ မောဟ လို့ ဆိုတဲ့ ကိလေသာ သိပ်ပြီး မထူးဆန်း တော့ ဘူး မဟုတ်လား။
လူတွေ မှာ ကိလေသာ ရှိနေသ၍ ဒါမျိုးတွေ ရှောင် မရ။
အဲဒီ ကိလေသာ ပြတ်ဖို့ က ကိုယ့်ကိုယ်တိုင် ဘဲ ကျင့်လို့ ရမှာ မဟုတ်လား။
တရားဟော တိုင်းလဲ မရ၊ စာဖတ်တိုင်း လဲ မရ။
တစ်ခါတစ်ခါ ကိလေသာ က ဘဝ တွေ မှာ ကြိုးစားမှု အဆင့် လိုက် ပေါ်တည်ပြီး နဲ လာသလား တွေး မိသေး။ 🙄
လက်တွေ့ မမြင်နိုင်ပြန်တော့ ပြောရခက်သား။
ဒီတော့ ကိလေသာ ပြတ်ဖို့ က သူ့စိတ် အသိတရား ကျင့်ကြံမှု နဲ့ ဘဲ ဆိုင်မယ်။
သူများ ကိလေသာပြတ်ဖို့ သွားပြီး လုပ် လို့ မရဘူး ထင်ရဲ့။
အသိတော့ ပေးနိုင်ပါရဲ့။
ကျင့်ကြံတာက သူ့အပိုင်းပေါ့။
ဒီမှာ ပြသနာ က အဲဒီလို သူများ ကိလေသာပြတ်ဖို့ အသိ ပေးတဲ့ သူတွေ ကိုယ်တိုင် က ကိလေသာပြတ် ကြောင်း ကို လုပ်နေသူတွေ ဖြစ်သင့်တယ်။
ကိလေသာပြတ်ဖို့ တရားဟောသူ ဆီမှာ ကိလေသာ တွေ မြင်နေရရင် တော့ အဲဒီ အသိပေး တရား က လုံးဝ စွမ်းမှာ မဟုတ်ပါကြောင်း။ 😀
ဇောက် ထိုး
July 19, 2012 at 6:52 pm
အရီးခင်လတ်..ကျွန်တော့်ကို ဇွတ်ကြီးဘုတောနေပြီထင်တယ်။ ကျွန်တော်ကြောင့် စာတွေ အများကြီးရေးလိုက်ရတာဆိုရင် စိတ်မကောင်းပါဘူး…
ကိလေသာပယ်ဖို့ဆိုတာကတော့ ကိလေသာကို အရင်မြင်နိုင်မှ ဖြစ်မှာမို့ ကျွန်တော်က ကိလေသာနဲ့လူ ကွဲပြားဖို့ဇွတ်တင်ပြနေမိတာပါ။
ကိလေသာပယ်ဖို့ဆိုတာကတော့ ကိုယ်တိုင်ပယ်မှရမှာပေါ့။ ကိုယ်တိုင်ပယ်နိုင်ဖို့ဆိုတာကလဲ ကိလေသာဆိုတာကို မြင်မှကိုရမှာမို့ပါ။
ကျွန်တော်ကိုယ်တိုင်ကတော့ အထူးကိုဂရုစိုက်ပြီး ကျိုးစားနေပါတယ်။
ကျွန်တော်ရေးတဲ့စာတွေ… ပြောဆိုမှုတွေမှာ အတတ်နိုင်ဆုံး နည်းပါးအောင်.. ကျိုးစားပါတယ်။
ကျွန်တော်ဘဝမှာ အလိုချင်ဆုံးနဲ့ အတောင်းတဆုံးကလဲ
လက်ရှိမှာတော့ အဲဒီလူမှာ လောဘတို့ ဒေါသတို့မဖြစ်တဲ့ ငြိမ်းချမ်းမှုပါပဲ။
အရီးခင်လတ်
July 19, 2012 at 7:43 pm
ကိုယ်တော် လွဲ နေပြီ။
ကျွန်မ က ဇွတ်ကြီးဘုတော နေတာ မဟုတ်ပါဘူး။
ပြီးခဲ့တဲ့ အပါတ်ထဲ မှာ ကားဘီးပေါက်တယ်။
အလုပ်မှာ ဆာဗာ ဒေါင်း တယ်။
ပြသနာ လေးတွေ နဲနဲ တွေ့အပြီး ကိုယ့်ဟာကိုယ် စိတ်ဖြေ နေရလို့ ရင်ဖွင့် နေတာပါ။
ကိုယ့်အကြောင်းနဲ့ ကိုယ် ကို ကိုယ် control လုပ်မရတဲ့ ဟာတွေ အတွက် စိတ်တိုပြီး ရှင့် Post မှာ လာရော မိသွားတာပါ။
ကျွန်မ ပထမ မှတ်ချက် ကို ပြန်ဖတ်ပါဦး။ 🙂
တစ်ခါတစ်ခါ ကိုယ်ရင်ထဲမှာဖြစ်တာကို ပြောချင်ရာ ပြောမိ တာမို့ ခွင့်လွှတ် ပါတော်။
ရွာထဲ မှာ ဆိုရင်တော့ ဘယ်သူ့ ကို မှ ဘုမတော ပါဘူး ရှင်။
အပြင်မှာ ဆို တစ်မျိုးပေါ့။ 😆
ဇောက် ထိုး
July 19, 2012 at 10:23 pm
ွွှွှွှှ အရီးခင်လတ်ရေ……ရွာထဲ မှာ ဆိုရင်တော့ ဘယ်သူ့ ကို မှ ဘုမတော ပါဘူး ရှင်။
အပြင်မှာ ဆို တစ်မျိုးပေါ့။တဲ့…
အရီးပြောလို့သာပါ.. ရွာထဲရော အပြင်မှာပါ အရီးက သဘောကောင်းပြီး စိတ်ထားပြည့်ဝမှာလို့ ယုံပါတယ်။ နံမည်ရယ်.. ရေးတဲ့စာတွေရယ်… သဘောတရားတွေရယ်ပေါင်းကြည့်ပြီးတော့ပေါ့…
ကျွန်တော်က အမှန်ပြောတာပါ… ဒီမှာစာရေးကတည်းက ကိုယ်ရေးချင်လို့ရေးတာ.. ဘယ်သူ ဘာပြောလို့မှ ကြိုက်ချင်း ..မကြိုက်ချင်း ခံစားမှုအတတ်နိုင်ဆုံး လွတ်အောင် စိတ်ထားပြီး ရေးမယ်လို့ သဘောပိုက်ပြီးရေးတာပါ။
ကျွန်တော်ကြောင့်တော့ အရီးဘာမှ မဖြစ်ပါနဲ့… ကျွန်တော် စိတ်မဆိုးပါဘူး။ ကျွန်တော်ကြောင့် အရီးစိတ်ထိမှာပဲ စိုးပါတယ်။
အရီးခင်လတ်
July 20, 2012 at 4:09 am
ဟိ ဟိ ။ ထင်တယ်လား။ 😛
အလင်းဆက်
July 19, 2012 at 6:29 pm
ပညာရှိ ဆိုတာ..ပြေးမကြည့်ပဲ..တွေးကြည့်ရုံနဲ ့ သိတာ..တဲ ့ ။
ပြေးကြည့်မှ သိ မယ့် ကိစ္စတွေ..မှာ..အဲဒီ တွေးကြည့်နေတဲ ့ပညာရှိကြီးတွေ..ခွက်ခွက်လန်အောင် မှားခဲ့ဖူးတယ်..နော် ။
အဟိ ။
စဉ်းစားမိတာလေး…ဝင်ပြောတာပါ ။
ဂေါတမ ဟောတော်မူတဲ ့…သီလ ၊ သမာဓိ ၊ ပညာ..ဆိုတဲ ့ ..သိက္ခာ သုံးရပ် ကို..
ပြည့်ဝ အောင်..အားထုတ်..ကြိုးပမ်းနေသူ…များကို လေးစားမိပါတယ် ။
ဇောက်ဇောက်.ရေ..
ပို ့စ်လေး အတွက်..ကျေးဇူးပါပဲ..ဗျ ။
ဇောက် ထိုး
July 19, 2012 at 6:58 pm
ပြေးကြည့်မှ သိ မယ့် ကိစ္စတွေ..မှာ..အဲဒီ တွေးကြည့်နေတဲ ့ပညာရှိကြီးတွေ..ခွက်ခွက်လန်အောင် မှားခဲ့ဖူးတယ်..နော် ။
အလင်းဆက်ရေ ဝင်ရောက်အားပေးတာ ကျေးဇူးပါ။ တချို့ကိစ္စတွေမှာကြတော့လဲ ပြေးကြည့်လို့မရတာတွေ အများကြီးနော်…… အဲဒီလိုပြေးကြည့်လို့ မရတာတွေကြတော့လဲ တွေးကြည့်ရတာပဲပေါ့ဗျာ….. ဟီးးးးးးးးးးးးးးးးးးးးးးးး
အလင်းဆက်
July 19, 2012 at 7:23 pm
ဒါလည်း…ဟုတ်တာပဲ..
သားဦးမြေးဦး၊ ဝမ်းတွင်းရူး
July 19, 2012 at 7:56 pm
လူအမျိုးမျိုး စိတ်အဖုံဖုံဆိုပေမယ့် စကားနည်း ရန်စဲ၊အသက် ဉာဏ်စောင့်ပါ၏။
ဇောက် ထိုး
July 19, 2012 at 10:27 pm
ကိုအချစ်ဦး အနှစ်ဦးကြီး နောက်ကြလှပါလား… စကားနဲ ရန်စဲဆိုပေမယ့် လွတ်တော်မှာတော့ ပြောမှ ဖြစ်မှာနော်…..
လူသားလျှောက်ရမယ့် မဂ္ဂင် အကျင့်လမ်းစဉ်မှာ.. “သမ္မာ ဝါစာ”” ကောင်းတဲ့စကားတွေကိုတော့ များများ ပြောမှအဆင်ပြေမှာနော်….
ကဲ…ကိုသားဦး ဟုတ်ဟုတ်.. မဟုတ်ဟုတ်.. ပြန်ပြောမနေနဲ့ … ပင်ပန်းတယ်.. အင်းလို့သာလုပ်လိုက်…
ကဲ..ပါ ခင်ဗျားပင်ပမ်းနေမှာစိုးလို့ ကျွန်တော့်ဘာသာပဲ .. အင်းလိုက်မယ်နော်….
““အင်း””
အရီးခင်လတ်
July 20, 2012 at 4:02 am
ကိုယ်တော် ရေ
စလိုက်မိမှတော့ ရှင်း အောင် ဘဲ အသေးစိတ် ပြောပြပါ့မယ်။
မဟုတ်ရင် ကိုယ်တော် မှာ ကျွန်မ များ စိတ်အနှောက်အယှက် ဖြစ်နေ မလား လို့ ထင်နေမှာ စိုးလို့ပါ။
ကျွန်မ မှာ ဘာမှ စိတ်အနှောက်အယှက် မဖြစ်ပါဘူး။
{ လူနာတစ်ယောက်… ဆရာဝန်သွားပြလိုက်တယ်။ သေရမယ့် အနေအထား မဟုတ်ပဲ ဆရာဝန်အမှားကြောင့် သေသွားခဲ့တယ်။}
အမှန် က ဒီ စာကြောင်း ကို ပြောချင်တာ။
ပြောရင် အရှည်ကြီးဖြစ်မှာမို့ မပြောဘဲ အတိုချုပ်လိုက်မိတာ နဲ့ လိုရင်းမရောက်ဘဲ ရှုပ်သွားရတာပါ။
အဲဒီ အတွက် တောင်းပန်ပါတယ်။
ကဲ ပြောပြီ။
ဝဋ် ရှိလို့ လို့ သဘောထားပြီး နားထောင်ပေတော့။ 😉
အလုပ် ထဲ က အသုံးအနှုံး တွေ ကို တော့ လစ်လျူသာ ရှုလိုက်ပါ ကိုယ်တော်။
တစ်ချို့ သိသူ များ အတွက် တော့ အတွေ့အကြုံ မျှ တယ် လို့ သာ ယူဆပါ။
ပြီးခဲ့တဲ့ တစ်ပါတ်ကျော် က အလုပ်မှာ အီးမေး ဆာဗာ ရပ်သွားတယ်။
အမှန် တော့ ဒါကပြသနာ မဟုတ်ဘူး။
ပြသနာ က ရုံး က ဘော့စ် အပါအဝင် ဌာန အကြီးအကဲ များ ရဲ့ မဟာ အိုင်ဖုန်း နဲ့ အိုင်ပက် တွေ မှာ ဖြစ်ကုန်တာ။
သူတို့ ရဲ့ Appointment တွေ ထည့်ဖို့အတွက် ဖုန်း မှာရော၊ ကွန်ပျူတာ မှာပါ ကလန်ဒါ တွေ ရှိတယ်။
အဲဒီ ကလန်ဒါ တွေ က တစ်နေရာ(ဖုန်း) မှာ အသစ်ထည့်လိုက်တာ၊ ဒါမှ မဟုတ် ပြင်လိုက်တာ နဲ့ တစ်နေရာ (ကွန်ပျူတာ) မှာပါ ဝင်ပြီး အတူတူ ဖြစ်အောင် Synchronization လုပ်ထားတာ။
အီးမေး ဆာဗာ ရပ်ပြီ ပြန်တက် လာချိန် သူတို့ ကလန်ဒါတွေ တစ်ခု နဲ့ တစ်ခု မချိတ်မိတော့ ဘူး။
ကျွန်မ တို့ ရဲ့ ဆာဗာ မှာ အမှားဖြစ်လို့ ဆိုပြီး ပြောကြတယ်။
ဒါနဲ့ဘဲ ဟိုလို မှားနိုး၊ ဒီလို မှားနိုး ရှာလဲ အမှား မတွေ့ဘူး။
နောက်ဆုံး ပရိုဂရမ် တစ်ခု ကို ပြန်သွင်း ရမလို တောင် တွေးမိခဲ့ရတယ်။
ဒါဆို တစ်ခြား မဆိုင်တာ တွေပါ ရှုပ်ကုန်မှာ။
ကိုယ့်မှာလဲ သူတို့ လို အိုင်ဖုန်း မရှိတော့ စမ်းမရ။
ဒါနဲ့ တစ်ယောက် ရဲ့ ဖုန်း ကို ယူပြီး ကလိ ရင်း တွေ့လာတာက သူတို့ က အလုပ် ကလန်ဒါ နဲ့ ပါစင်နယ် ကလန်ဒါ တွေ က တစ်ခု မက ရှိနေတာရယ်။
အိုင်းဖုန်း ရဲ့ အိုင်ကလောက် ဆိုတာကြီး ရယ် နဲ့ ရှုပ်နေတာလို့ ထင်မိလာတယ်။
နောက်တော့ ထင်တဲ့အတိုင်း အလုပ် ကလန်ဒါ က default မဖြစ်တာ ကို တွေ့ရတယ်။
ဆာဗာဒေါင်းချိန်မှာ သူတို့ ရဲ့ ဖုန်းတွေ မှာ တပိပိ နဲ့ မြည်မြည် နေလို့ အလုပ်ရဲ့ အီးမေး account ကို ပိတ်လိုက်ကြတော့ default နေရာမှာ တစ်ခြား account ကဝင်သွားတာ ကလား။
ဒီတော့ အဲဒီ account ရဲ့ setting နဲ့ ကွန်ပျူတာထဲ က setting က မတူတော့ Synchronization အလုပ် ကို မလုပ်နိုင်တော့တာပါ။
အမှန်က ပြသနာ က သူတို့ ဖုန်းတွေမှာ။
ကျွန်မ ဆာဗာ နဲ့ ဘာမှ မဆိုင်ပေါ့။
ကျွန်မ လဲ မနေ့ ကမှ အသက်ရှု လို့ရသွားပါတယ်။
အဲဒီ အချိန် ဝင်ဖတ်မိလိုက်တဲ့ ကိုယ်တော့်ရဲ့ “ဆရာဝန်အမှားကြောင့် လူနာ မသေသင့်ဘဲ သေတယ်” ဆိုတဲ့ စကားလုံးမှာ ခံစားသွားခဲ့ရတာ။
ကျွန်မ ရဲ့ လူနာ ကလဲ စက် တွေဖြစ်လို့သာ။
လူသာ ဆို ဟိုစမ်း ဒီ ကလိ နဲ့ သေတာကြာပေါ့။
ဆရာဝန်မှား တာ လူနာ က information အပေးမှားလို့ လဲ ဖြစ်နိုင်ပါသေးတယ်။
ဒါက ကိုယ်တော့် ပြောတာမှာ ဖြည့်ပေးတာပါ။
ပြောချင်တာက ဒီလိုပါ။
တစ်ခါတစ်ခါ ပြသနာ နဲ့ အမှား တွေ ဟာ ထင်တဲ့ တစ်ဖက်ထဲ ကိုဘဲ ပုံချလို့ မရဘူး ဆိုတာပါဘဲ။
တစ်ခါတစ်ခါ ပြသနာ နဲ့ အမှား တွေ ဟာ ရိုးရိုး လေးကို ဘဲ ရှုပ်နေရတာ၊ ပြီးတော့ မှသာ ဟား ဒါကြောင့်လေ လို့ လွယ်လွယ် ပြောနိုင်တာ။
ကျွန်မတို့ ဘဝ တွေ မှာလဲ ဒီလိုပါဘဲ။
ဘယ်ဟာကိုမှ တရားသေ မှတ်ထားလို့ မရပါဘူး။
တစ်ချို့ ဟာတွေ က ဖြစ်ချင်လို့ ကို တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ရတာပါ။
ကြုံဖူး ရင် သိမယ်။ မကြုံဖူး ရင်တော့ မသိနိုင်ပါဘူး။
ဒါပေမဲ့ အမှားတစ်ခု/ ပြသနာ တစ်ခု ရဲ့ နောက်ပိုင်း မှာ အမြဲ review လုပ်ပြီး feedback ရှိရမှာ ကိုတော့ ကျွန်မ အပြည့်အဝ ထောက်ခံပါတယ်။
ဒါမှ နောင်ဒါမျိုး အမှားကို ရှောင်နိုင်မှာပါ။
ဒီ Post ကို ကျွန်မ ကောင်းချီး ပေး လက်မ ထောင် ခဲ့တာပါ။
ကိုယ်တော် စကား ဆက်လာလို့ ပြန်ပြောရင်း ရှုပ် သွားတာ။
အခု ရော ပိုများ ရှုပ် သွားလား မသိ။
ထားလိုက်ပါတော့။ထန်းသီး ကြွေခိုက်၊ ကျီးနင်းခိုက် လို့။ 😉
အမှန်ပြောရရင် ဘုန်းကြီး ဆိုရင်တော့ ဒီမှာ မဆွေးနွေးပါဘူး။
ကျွန်မ အသိ တိမ်တိမ် လေးနဲ့ မဆွေးနွေး ရဲ တာရော၊ ကျွန်မ က ပါးစပ်ချောင်ပြီး နောက်တတ်တာရော ကြောင့်ပါ။ 😛
ဗဟုသုတ ရလို့ ကတော့ ဘယ်သူရေးရေး ဖတ်တာပါဘဲ။
ဇောက် ထိုး
July 20, 2012 at 7:09 am
အရီးပြောတာဟုတ်ပါတယ်။ ကျွန်တော်ညီမှာဖြစ်တုန်းက ဆရာဝန်တွေက ပြောပါတယ်။ ရွာမှာတုန်းက သစ်မြစ်တွေကိုပေါင်းထားတဲ့ ပေါင်းဆေးတွေကို ထိုးခဲ့လို့ဆိုတာ ပြောပါသေးတယ်။ ကျွန်တော်တို့ဆီမှာကလဲ အဲဒီလို အကြောဆိုရင် သစ်မြစ်တွေ ပေါင်းထားတဲ့ဆေးတွေကလဲ ထိုးတတ်ကြတာကိုး….ဒါတွေဟာ လူနာဘက်က လိုအပ်ချက်တွေပါပဲ
အမှန်ပြောရရင် ဘုန်းကြီး ဆိုရင်တော့ ဒီမှာ မဆွေးနွေးပါဘူး။
ကျွန်မ အသိ တိမ်တိမ် လေးနဲ့ မဆွေးနွေး ရဲ တာရော၊ ကျွန်မ က ပါးစပ်ချောင်ပြီး နောက်တတ်တာရော ကြောင့်ပါ။
အဲဒီပြောဆိုမှုတော့ ကျွန်တော် သဘောအကျနဲ ပါတယ်။ အရီးကိုတခုပြောကြည့်မယ်.. အရီးကြားဖူးလားတော့ မသိဘူး။ လူတွေ ပြောတတ်ကြတယ်..““ ဘုန်းကြီးလူထွက်တွေဟာ အသုံးကိုမကျဘူး””ဆိုတဲ့ စကား လူတွေကြား မှာ ရေပန်းစားပါတယ်။
ကျွန်တော်စဉ်းစားမိတယ်။ ဘုဉ်းကြီးတွေဟာ စာတွေကိုသင်ခဲ့ကြတယ်။ ဒါပေမယ့် ဘုန်းကြီးတွေလူထွက်သွားရင် လူထဲမှာ အံဝင်ဂွင်ကျမဖြစ်တာက အလွန်များတယ်။ ငေါက်ချင်ငန်းချင်တာတို့.. မလုပ်ချင် မကိုင်ချင်တာတို့… မနေတတ် မထိုင်တတ်တာတို့… မပြောတတ် မဆိုတတ်တာတို့ .. အလွန်အဆင်မပြေကြဘူး… ဘုန်းကြီးဘဝမှာ လူတွေဦးတင်ကြသလောက် ဘုန်းကြီးလူထွက်သွားကြရင် လူတွေကြားမှာ အကောင်းပြောတာ သိပ်နည်းတယ်။ အဲဒီလိုဆိုရင် အဲဒီဘုန်းကြီးတွေသင်ခဲ့တတ်ခဲ့တဲ့ စာတွေက လူဘဝကိုအကျိုးမပြုသလိုဖြစ်နေသလိုပဲ…
ခုအရီးတို့ကျတော့ ဘုန်းကြီးစာတွေ ဘုရားစာတွေတတ်ချင်မှ တတ်မယ်ထားတော့… ဒါပေမယ့် အရီးတို့ဘဝရပ်တည်ချက်တွေ…လူတွေကြားမှာလူရာဝင် အံဝင်ဂွင်ကျဖြစ်နေတာ တွေဟာ….. ကိုယ့်ကိုယ်ကို မထင်မသေးစမ်းပါနဲ့ အရီးရာ..
ဒါအရီးကိုမြောက်ပြောနေတာမဟုတ်ဘူး။ အရီး နဲနဲလေး စဉ်းစားမိစေချင်လို့…..
အရီးကျွန်တော့်ကိုပြန်ပြောမနေပါနဲ့…. ကျွန်တော့်ကြောင့် အရီး သိပ်အလုပ်ပျက်နေပါ့မယ်။ အရီးကျန်းမာပါစေ…..
Yunn Nady
July 20, 2012 at 5:53 am
ကိုဇောက်ထိုး က အသက်မကြီးသေးပေမဲ့ ခွင့်လွှတ်စိတ်ရှည် တတ်တယ်နော် ။ လောက မှာ ဘုရား လက်လျှော. ????? တော့ပါပြီ ဆက်မမန့် တော့ပါဘူး။
ဇောက် ထိုး
July 20, 2012 at 7:16 am
yunn nady ရေ… အထက်နားမှာ မန့်ထားတာလဲ တွေ့ပါတယ်။ ခုလို ဝင်ရောက်အားပေးတာ ကျေးဇူးတင်ပါတယ်။ ကျွန်တော်ကတော့ စဉ်းစားစရာလေးတွေ ချပြတာကို ဝါသနာလား မပြောတတ်ပါဘူး။ တခုတော့ရှိတယ်။ ကျွန်တော်က ဆုပ်ကိုင်ပြီးတော့ ဒါကမှ အမှန်… ဟိုဟာ တွေက အမှားလို့တော့ မပြပါဘူး။
လူတွေရဲရဲဝံ့ဝံ့ စဉ်းစားစေချင်တယ်။ လွတ်လွတ်လပ်လပ် တွေးခေါ်စေချင်တယ်။ ဥပမာ… ဝိမုတ္တိ..လွတ်မြောက်မှုဆိုတာ… ဒီရုပ်တွေ နာမ်တွေကနေ လွတ်မြောက်တာကိုပဲ ဝိမုတ္တိလို့ သိကြမြင်ကြတယ်။
အသိတွေလွတ်မြောက်သွားတာ… အတွေအခေါ်တွေလွတ်လပ်တာ… ကိုယ့်စိတ်မှာ အချုပ်အနှောင်တွေက နေလွတ်မြောက်တာတွေကိုလဲ လွတ်မြောက်မှု အမျိုးမျိုးမြင်စေချင်ပါတယ်။
ကျေးဇူးပါနော်….
Ko out of...
July 20, 2012 at 7:59 am
ကော်မန့်တွေဖတ်ရင်းနဲ့ အစောပိုင်းတော့ ဝင်မမန့်တော့ပါဘူးလေလို့စဉ်းစားသေးတယ်..
အခုနည်းနည်းလေးဝင်ပြီး ကော်မန့်ပေးပါရစေ…
ဒီလိုဗျာ ..အရီးလတ်ပြောတဲ့ ဆရာဝန်ကို ပေးတဲ့ information မှားလို့ လူနာသေရတယ်ဆိုတာ မှန်ပါ
တယ်..ဒါကို ကျွန်တော်လည်းလက်ခံပါတယ်…
အကြောင်းအရာ တခုကို အပိုင်းလိုက်တင်ရင် သူ့နေရာနဲ့သူတော့မှန်တယ်လို့ ထင်ရပေမဲ့ စာရေးသူရဲ့ဆိုလိုတဲ့…
အာဘော်ကို အမိအရ ယူဖို့ကျတော့ ကိုယ်လိုချင်တဲ့ အပိုင်းလောက်ကိုဘဲ ကောက်ဖတ်လို့ မဖြစ်တာတွေရှိတယ်…
တကယ်တော့ ကိုဇောက်ထိုး ဆိုလိုတာက ““အဲဒီ ဘုရင် ဗိမ္ဗိသာရဟာ ဟိုဘက်ဘဝတစ်ခုမှာတုန်းက ဘုရားပေါ်ဖိနပ်စီးခဲ့လို့တဲ့။””
ဖခင်ဘုရင်ကြီး အဲဒီလို အသတ်ခံလိုက်ရတဲ့ အကြောင်းမှန်က တကယ်ပဲ ဟိုဘက်ဘဝမှာတုန်းက “ဘုရားပေါ်ဖိနပ်စီးခဲ့လို့လား..” အဲဒါ အကြောင်းမှန်လား။
အဲဒီလိုဆိုရင်… ဒီနေ့ မိဘတွေ သားသမီးတွေရဲ့ ပြန်အပြောခံနေကြတာ ဟာ …. ဟိုဘက်ဘဝမှာတုန်းက ဘုရားပေါ် သီချင်းဆိုခဲ့လို့.. ပြောကြမ လား။ အဲဒါ…..အကြောင်းမှန်လား???….
စသည့်အခက်တွေနဲ့ ဆက်စပ်ပြီးတွေးဖို့လိုမယ်ထင်တယ်….ဒါမှ သူဘာဆိုလိုတယ်ဆိုတာ သိမှာပါ …
ကျွန်တော်ဒီကော်မန့်တွေကိုဖတ်ပြီး ဘာနဲ့သွားတူ သလဲဆိုတော့…
ဘုရားဟောတဲ့ ဓမ္မစကြာ တရားကို ကနေ့လူတွေသဘောမပေါက်ပုံ နဲ့သွားတူတယ်..
ဘယ်လိုသဘောမပေါက်လည်းဆိုတော့ ဘုရားဟောတဲ့..ပဉ္စုပါဒါနခနာဒုက္ခာ ဆိုတာကို ဒီခနာကိုယ်ကို ဒုက္ခလို့သွားလုပ်လိုက်တော့ ..ကနေ့ ရုပ်နာမ်(ခနာ၅ပါး)ကို..ဒုက္ခလို့ရှု့ကြတော့…ကနေ့ ရိပ်သာတွေမှာ..ကိုယ့်ကိုယ်ကို နှိပ်စက်နေတာ အတွေ့ဘဲ..ဘုရားဟောတဲ့ ဒုက္ခဆိုတာ အဲဒါမဟုတ်ပါဘူး..
အဲဒါဘုရားမဟောလည်းလးတိုင်သိတယ်…နွားတောင်မှဘဲ…အိပ်တာညောင်းလို့ ဟိုလှည့်ဒီလှည့် လုပ်တတ်
တယ်..ဒါဆို နွားကဒုက္ခသိလို့လား?…ဒါထားလိုက်ပါ…
တကယ်တော့ ဘုရားက..ပဉ္စဝဂ္ဂီ (၅)ဦးတို့ကိုဟောပေးတာ..
ကျွန်တော်တို့က ပဉ္စဝဂီ္ဂ (၅)ဦးမှ မဟုတ်ဘဲ…သူတို့ကိုဒီလိုဟောလို့နားလည်တယ်ဆိုတာ သူတို့က သောတာပန်(understanding) ခနာ(၅)ပါးလို့ပြောရုံနဲ့ သဘောပေါက်တယ်…နောက်နေ့တွေမှာ
ဘုရားကအနန္တလက္ခဏာသုတ်ကို ဆက်ဟောတာ..
ဒါဖြင့်ရင် ကျွန်တော်တို့လိုပဉ္စဝဂ္ဂီ မဟုတ်တဲ့လူတွေက… ဒီအနန္တလက္ခဏာသုတ်ကို ဓမ္မစကြာတရားနဲ့ ဘုရားဘာကိုဆိုလို သလဲဆိုတာ ပြန်ဆက်စပ်တွေးရမှာ.. တကယ်တော့ ဘုရားပြောတဲ့…ပဉ္စုပါဒါနခနာဒုက္ခာ ဆိုတာ ..အစွဲခနာဥပါဒါနခနာကိုပြောတာ….
ကဲဒီလောက်ဆိုရင်ဘဲ..ကိုဇောက်ထိုးဘာကိုဆိုလိုသလဲဆိုတာ..အရီးလတ် ဆက်စပ်ပြီးတွေးနိုင်အောင်
ကျွန်တော်ဝင်မန့် လိုက်ရတာဖြစ်ကြောင်းပါခင်ဗျာ….
အရီးခင်လတ်
July 20, 2012 at 4:21 pm
Ko out of … ကျေးဇူးပါနော်။
ကျွန်မ ကို ဖြည့်ပြီး နားလည်ပေးလို့။ 🙂
အရီးခင်လတ်
July 20, 2012 at 4:10 pm
ဒီ Post မှာ မရှုပ်ရှုပ် အောင် လုပ်နေမိ တာ ကို တကယ်ဘဲ တောင်းပန်ပါတယ်။
ဘာလို့ ဒီလို လုပ် နေမိ လဲ ကိုယ့်ဟာကိုယ်တောင် နားမလည် မိဘူး။ 😛
ကိုဇောက်ထိုး စပြီး ရေး ကထဲ က ရှင့်ရဲ့ သဘောတင်ပြချက် တွေ ကို ကျွန်မ လက်ခံ လေးစားခဲ့တာပါ။
ဟိုဘက် ဒီ ဘက်မျှ ပြီး တွေးတတ် တာ လေး တွေ ကိုလဲ သဘောကျပါတယ်။
ဒီ Post ကို လဲ ကျွန်မ အပြည့်အဝ သဘောကျပါတယ်။
ဘာကို ဆိုလို တယ် ဆိုတာလဲ ရှင်းရှင်း သဘောပေါက်ပါတယ်။
ဒါကြောင့် ဘာသာရေး နဲ့ ပါတ်သက်လို့ ကိုဇောက်ထိုး မှာဘဲ ကျွန်မ ဝင်ဆွေးနွေး ရဲ တာပါ။
ကျွန်မ က မူကြို အဆင့်ဘဲ သိလို့ပါ။
ကျွန်မ မှတ်ချက် ပေးခဲ့တာ အကြောင်းတစ်ခု ကို မူတည် ပြောပြီး ဘောင်ကျဉ်း နေတာ မို့ အနှစ် မထုတ်နိုင်ခဲ့ဘူး လို့ ရှုဒေါင့် တစ်ခု က နေ ပြော လို့ ရပါတယ်။
ကိုဇောက်ထိုး ပြောတာ မှားနေတယ် လို့ ကျွန်မ မပြောခဲ့ပါဘူး။
ဒါပေမဲ့ လောကကြီး ထဲ မှာ နေနေ တဲ့ သူတွေ အားလုံး ဟာ ဒေါင့်မျိုးစုံမှာ ခံစားချက်မျိုးစုံ၊ အတွေ့အကြုံမျိုးစုံ နဲ့ ထိုင်နေကြတာပါ။
“သူတို့ နေရာ ကို သွား မကြည့် ဘဲ အဲဒီ ရှုဒေါင့် က ဘာ ကို မြင်နေရတယ် ဆိုတာ မသိနိုင်ကြောင်း” ကို ကျွန်မ ဆွဲထုတ်ပြ ရင်း ရှုပ်ကုန်တာပါ။
ကံအတိုင်း ဘဲ ဆိုပြီး ဒီ အတိုင်း ထိုင် နေသူ တွေ ကို သူတို့ ကို ဘက်လိုက် ပေးပြီး မှန်တယ် လဲ မပြောလိုပါဘူး။
သူတို့ နေရာ က ဘာဆိုတာ ကို နားလည် မပေးရင် သူတို့ ကို အသိပေးဖို့ ဆိုတာ လွယ်လွယ် နဲ့ အောင်မြင် မှာ မဟုတ်ပါဘူး။
ကျွန်မ က လောကီ ထဲ မှာ လောကီ အမြင် ကိုဘဲ ဘောင်ကျဉ်းကျဉ်း လေးထုတ်ပြီး ဦးစားပေး နေတာကိုး။
လောကုတ္တရာ စကား တွေ နဲ ထဲထဲ ဝင်ဝင် ပြောနိုင်ဖို့ ကျွန်မ မှာ ဉာဏ်မမှီပါဘူး။
ဒီ အထဲ မှာမှ “ဘုန်းကြီး” မှ “လူ” မှ ဆိုတဲ့ စကားက ပိုပြီး ဖောင်း ဖြစ်ခဲ့ပါတယ်။
အဲဒါ ကျွန်မ အမှားပါ။
ကျွန်မ တကယ်ဘဲ စိတ်မကောင်းပါဘူး။
ကိုဇောက်ထိုး ကို ရော၊ တစ်ခြား ဒီထဲ ကို ဝင်ပြီးဖတ် သူတွေ ကိုပါ တောင်းပန်ပါတယ်။
ကိုဇောက်ထိုးလဲ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ ရှိပါစေရှင်။ 🙂
ဒါထက်ပိုပြီး လဲ အတွေးအမြင် ကောင်း တွေနဲ့ ကျွန်မ တို့ ကို ဆက်ပြီး ဝေမျှ နိုင်ပါစေ။
ကျွန်မ လဲ ကြုံ ရင် ကြုံ သလို ထင်ရာ တွေ ဆွဲပြီး မမှီမကမ်း နဲ့ ဝင်ဆွေးနွေး ပါ့မယ်။
အဲဒီကျ ရင် ထပ်ခွင့်လွှတ် ပါဦး။ 😉
အရီးခင်လတ်
July 20, 2012 at 7:33 pm
ကိုဇောက်ထိုး ကို ပြောချင်တာလေး ထပ်ပြော ပါရစေ။
နဲနဲ လေးသည်းခံ ပေးပါဦး။ 😉
ဘုန်းကြီး နဲ့ တရား မဆွေးနွေး ချင်ဘူး လို့ ကျွန်မ ပြော ခဲ့တဲ့ ကိစ္စ္စ စိတ်ထဲ မှာ မကောင်း လို့ပါ။
ကျွန်မ ဗုဒ္ဓဘာသာ စစ်စစ် လို့ ကိုယ့်ဟာကိုယ် ယူဆပါတယ်။
ဗုဒ္ဓ ဟောပြောတာ ကို လိုက်နာကျင့်သုံးတဲ့ သူ ဟာ ဗုဒ္ဓဘာသာ လို့ ဆိုခဲ့ရင်ပေါ့။
ဖြစ်နိုင်သ၍ ကြိုးစားပါတယ်။
ဒါပေမဲ့ ကျွန်မ က ဗုဒ္ဓဘာသာ ပြန့်ပွါး အောင် လိုက် လုပ် နေသူတော့ မဟုတ်ပါဘူး။
ကျွန်မ အနားမှာ ရှိ တဲ့ ခရစ်ယာန်တွေကို ဗုဒ္ဓဘာသာ ကို ကူးပြောင်း လာဖို့ အတွက် မလုပ်ပါဘူး။
သူတို့ ဖန်ဆင်းရှင်ကို သက်ဝင် ယုံကြည်တာ ကို ဒိဌိ လို့လဲ မပြောလိုပါဘူး။
သူတို့ သေဆုံးပြီးနောက်မှာ ကောင်းကင်ဘုံ ကို ရောက်မယ် လို့ ယုံကြည်ခြင်း ကိုလဲ အယူမှား လို့ မပြောလိုပါဘူး။
ကျွန်မ လဲ ကျွန်မ ယုံကြည် ရာ လုပ်မယ်။
သူတို့ လဲ သူတို့ ယုံကြည် ရာ လုပ်မယ်။
ဒါပေမဲ့ ကျွန်မတို့ ကြား မှာ ဘုံတူညီခြင်းတွေ ရှိပါတယ်။
ခွင့်လွှတ်ခြင်း၊ ကျေးဇူးတရားသိခြင်း၊ ကိုယ်ချင်းစာခြင်း နဲ့ မေတ္တာတရားပါ။
အဲဒါတွေ ကို ဘုံထားရင် လောဘ ဆိုတာ၊ ဒေါသ ဆိုတာ၊ မောဟ ဆိုတာ နဲပြီးရင်းနဲ လာပါမယ်။
လုံးဝ ကင်းတယ် လို့တော့ မရှိပါဘူး။
ဒါပေမဲ့ ဖြစ်လိုက်တာကို ကျွန်မတို့ သတိ နဲ့ ထိန်းဖို့ ကြိုးစားပါတယ်။
သူတို့ ဘိုင်ဘယ်လ် က စာတွေ ဖြစ်ဖြစ်၊ ကျွန်မတို့ ရဲ့ ပဋိစသမုပ္မ တရား တွေဖြစ်ဖြစ် ကျွန်မ တို့ ဆက်ဆံရေးမှာ မပါလဲ အရေးမကြီးပါဘူး။
တစ်ယောက်ယောက် က ဗုဒ္ဓဘာသာကို စိတ်ဝင်စားရင်လဲ ဘုန်းကြီးကျောင်း သွားဖို့သာ တိုက်တွန်းပါတယ်။
ကျွန်မ ပြောရင် အမှားတွေ နဲ့ နားလည်အောင် မပြောနိုင်တာ သေချာသကိုး။
ကျွန်မ တို့ ဘုန်းကြီး ရဟန်း ဆိုတာက ကိုယ့်ဘာသာ ကို ကမ္ဘာ မှာ ပြန့်အောင် လုပ်ဖို့၊ အသိမှား အမြင်မှား သူတွေ ကို တည့်ပေးဖို့ လောကုတ္တရာ နဲ့ ပျော်မွေ့နေသူတွေ မဟုတ်လား။
ကျွန်မ ကတော့ လူဆိုတာ လွတ်လပ်စွာ ကိုးကွယ်ခွင့် ရှိ သည်။
လူတိုင်းဟာ သူတပါး ကို မထိခိုက်သ၍ သူတို့ ဟာသူတို့ ကြိုက်သလို တွေးတော နေနိုင်တယ် ဆိုတဲ့ ခံယူချက် နဲ့ လောကီထဲ မှာ ပျော်မွေ့နေသူပါ။
ဘုရားသခင် ဆိုတာ မရှိဘူး လို့ လက်တွေ့မပြနိုင်သ၍ ဘုရားသခင် မရှိဘူး ဆိုတာ ကို အငြင်းမပွါး ချင်သူပါ။
ဒီတော့ သူများ တွေ ရဲ့ စိတ်ဖြေစရာ အကြောင်း ကံ ကံ ၏ အကျိုးတရား၊ အကြောင်းတရား ယုံကြည်ခြင်း တွေ ကို လဲ သူတို့ ဟာသူတို့ လွတ်လပ်စွာ ယုံကြည် နိုင် တယ် လို့ဘဲ တွေးနေတာ မဆန်းပါဘူး မဟုတ်လား။
အဲဒီလို ယုံကြည်လို့ သူများ ကို ထိခိုက်နာကျင် စေရင်တော့ တစ်မျိုးပေါ့။
ဒီတော့ ကိုယ့် ရဲ့ ဒီလို အမြင် နဲ့ ပြောဆိုမှု တွေ က ဘုန်းကြီး ရဟန်း အမြင်မှာ ဒိဌိ ဖြစ်ကောင်း ဖြစ်သွားနိုင်ပါတယ်။
ဒါကြောင့် ကျွန်မ လို လူဟာ ဗုဒ္ဓဘာသာ အကြောင်းကို ဘုန်းကြီး ရဟန်း နဲ့ လူအများ ထဲမှာ မဆွေးနွေး သင့်ဘူး ထင်လို့ ပြောမိတာပါ ကိုဇောက်ထိုး ရယ်။
ဒီအတွက် စိတ်အနှောက်အယှက် ရှိသူ များ ရှိခဲ့ကြရင် ကျွန်မ အနူးအညွန့် တောင်းပန်ပါတယ်။
ကျွန်မ ကတော့ ကျွန်မကို ကောင်းသည် ပြောပြော၊ ဆိုးသည် ပြောပြော အားလုံး ကို နားလည်ပေးနိုင်ပါတယ်။
စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိကြပါစေ။ 🙂
ဒီတစ်ခါတော့ ဒီ မှာ ဆွေးနွေးတာကို တကယ် ရပ် ပါပြီရှင်။ 😀