ကျွန်တော်တို့ အတွက် ဖြေဆေး တစ်ခွက်
မနေ့ကပဲ ဓမ္မမိတ်ဆွေတစ်ယောက်ပေးတဲ့ စာအုပ်ငယ်လေးတစ်အုပ်ရလိုက်တယ်။ အရှင် ဓမ္မဘေရီ(တောင်စွန်း) ရေးတဲ့ စာအုပ်လေးပါ ဘုန်းဘုန်းအရှင်ဆန္ဒာဓိကနဲ့ ဘုန်းဘုန်း ရဝေနွယ်(အင်းမ)တို့ ဗောဓိတစ်ထောင်ဘုရား ဓာတ်လှေကားပေါ်ကနေပြုတ်ကျတဲ့ အကြောင်းကို အတွေးစချဲ့ပြီးရေး ထားတာ မာန်နတ်မင်းကိုအံတုသူများတဲ့ အတော်တော်ကောင်းတဲ့ စာအုပ်လေးပါ။ ဒီအထဲက အကြောင်းအရာ တော်တော်များများကို သဘောကျ မိတယ်။
ကျွန်တော်တို့ ပရဟိတလုပ်သားတွေဟာ အများကောင်းဖို့ သက်သက် အလုပ်လုပ်နေကြတာပါ။ အဲဒီ အချိန်မှာ အခက်ခဲတွေ တွေ့ကြုံရတယ်။ တခြားအခက်အခဲတွေကို ကျော်လွှားနိုင်ပေမဲ့ အပြစ်ပြောခံရတာ ကိုတော့ ပုထုစဉ်ပီပီ မခံနိုင်ဘူးဗျ။ အရင်က မန္တလေးမှာနေတော့ ဘာမှအလုပ်မရှိအကိုင်မရှိ ၁၀၉/၁၁ဝ စားလိုက်သောက်လိုက်နဲ့နေတုန်းက ဘယ်သူမျလည်း အပြစ်မဆို ဘယ်သူမှလည်း အပြစ်မပြောကြဘူး။ အေးအေးဆေးဆေးပဲ။ နောက်ပိုင်း ဒေသဖွံဖြိုးရေးအလုပ်တွေလုပ်မယ် အများအကျိုးဆောင်မယ် ဆိုပြီး စိတ်ရူးပေါက်ပြီး ရန်ကုန်ဆင်းခဲ့တယ်။ အဲဒီမှာစတွေတာပေါ့ ဟိုလူပြောဒီလူပြောနဲ့ မင်းတို့ အလုပ်က သေးသေးလေးပါ၊ မင်းတို့ ဒီလိုလုပ်တော့ဘာအကျိုးရှိမှာလဲ၊ အလကားကောင်တွေပါကွာ၊ ဟိုကဆဲ ဒီလူကဆူနဲ့ စိတ်ညစ်စရာတွေ ခဏခဏတွေ့ရတယ်။ ကြာလာတော့လည်း မခံနိုင်တော့ဘူး ကျွန်တော်တို့ ကောင်းတာလုပ်ရဲ့သားနဲ့လေ ကြာတော့ ဘုရားဟောတဲ့ ကံဆိုတာကိုတောင် မယုံချင်တော့ဘူး။ စိတ်ပျက်လာတယ် ရွှေဟင်္သာဆရာတော်ဘုရားကြီးရဲ့ အဆုံးအမကောင်းတွေကိုလည်း နှလုံးမသွင်းနိုင် ဘုကလန့်တိုက်ပြီး ပေပေတေတေနေမိတယ်။ ကျွန်တော်တို့ဟာ ဘာမှမဟုတ်ပါဘူး သေးသေးလေးပါ ကျွန်တော်တို့တွေမှာ စိတ်ဓာတ်ကလွဲ ဘာဆိုဘာမှမရှိဘူး ဒါပေမယ် လိုအပ်တဲ့ အချိန်လိုအပ်တဲ့နေရာမှာတော့ အသုံးဝင်ကောင်းဝင်မှာပါ။ အခုဆရာတော်အရှင်ဓမ္မဘေရီရဲ့ စာအုပ်သေးသေးလေးက ကျွန်တော်တို့ အတွက်ဖြေတွေးစရာ အားဆေးလေး တစ်ခုရလိုက်တာကိုဝေမျှချင်တာပါ။ ဆရာတော်ကို လက်အုပ်ချီမိုး ရှိခိုးပါတယ်။
ဖြေဆေးလေးက ဒီလိုဗျ
ဆရာတော်က ကောင်းတာလုပ်ပြီး မကောင်းတာခံနေရတာကို ဥပမာ အမျိုးမျိုးနဲ့ ပြောသွားတာ။ ပြောသွားတာ ကျွန်တော်ရင်ထဲ အထိဆုံးက တောင်ကလေးဆရာတော် အကြောင်းပြောသွားတဲ့နေရာဗျ။ တောင်ကလေး ဆရာတော် ကတော့ အားလုံးသိတဲ့ အတိုင်း ဘားအံက တောမှီရဟန်းဆိုပြီးစာတွေ ရေးတယ်။ ဆရာတော် က တောမှီရဟန်းဆိုတဲ့ အတုိုင်းပဲ တောထဲမှာ တရားအကြာကြီးအားထုတ်ခဲ့တယ်။ ဆရာတော်တရားအားထုတ် စမှာ ငိုချင်တာလိုလို ရယ်ချင်တာလိုလိုဖြစ်တော့ ဝေဘူဆရာတော်ဘုရား၊မဟာစည်ဆရာတော်ဘုရား တို့ဆီချည်းကပ်ပြီးမေးတယ်။ ဆရာတော်ဘုရားကြီးတွေက တရားဆက်အားထုတ်ဖို့ ဇွဲမလျှော့ဖို့ ပြောတယ်။ နောက်ပိုင်းတရားဆက်အားထုတ်ရင်း ညာဘက်မျက်စီက သိပ်မကောင်းတော့တာအခုထိပဲတဲ့ နောက်ပိုင်း အခက်အခဲတွေအများကြီး ကြုံရတာပေါ့။ နောက်ဆုံး ဆရာတော်ရဲ့ ဆရာ သုဿန်ဆရာတော်ဆီသွားပြီး တရားလျှောက်ခဲ့တယ်။ တရားအားထုတ်ရတာ အဆင်မပြေဘူးပေါ့ ပါရမီများမပါလို့လား အားထုတ်နည်းက ပဲမှားနေလို့လား သုဿန်ဆရာတော်ကြီးက ပြန်မိန့်ကြားလိုက်တာကို ကျွန်တော် တသက်မေ့တော့မှာ မဟုတ်တဲ့ အဆုံးအမတစ်ခုလိုရင်ထဲ အမြဲနှလုံးသွင်းမိတယ်ဗျာ။ ဆရာတော်ဘုရားကြီးမိန့်ပုံက ဦးဇင်းလေး တို့ ဘုရား မင်းသားဘဝ နန်းတော်ထဲမှာ စည်းစမ်ခံစားနေတဲ့ အချိန် ဘယ်မာန်နတ်လာခဲ့လို့လဲ ဘုရားဖြစ်ဖို့တောထွက်မှပဲ မာန်နတ်တို့ ဘာတို့နှောက်ရှက်ကြတာမှလား။ အပြင် အောင်ခြင်းမှာ ကြည့်ကြည့်ပေါ့။ ဦးဇင်းလေးကဘာလို့ အားလျှော့ချင်ရတာလဲ။ ဆရာတော်ဘုရားကြီးက တောင်ကလေးဆရာတော်ကို ဆုံးမလိုက်တာဖြစ်ပေမဲ့ ကျွန်တော်အနေနဲ့ ကျွန်တော်တို့အားလုံးကို ဆုံးမလိုက်သလိုပါပဲ။ ဆရာတော် ဘုရားကြီးတွေရဲ့ ကျေးဇူးကကြီးမားလိုက်လေစွ။ ယောအတွင်းဝန်ကို မြင်းထိန်းချီးကျူးသလိုများ ဖြစ်နေပြီလား မသိ။
ဟုတ်တယ်လေ ကျွန်တော်မန္တလေးမှာ အားအားယားယားနေတုန်းက ဘယ်သူမှ အပြစ်မပြောကြဘူး ပရဟိတလုပ်ငန်းတွေ စလုပ်မှပဲ အပြစ်ဆို ဆဲဆူသံတွေ တောတောကိုညံလို့ ဒါတွေဟာ မာန်နတ်ပဲ ဒီ အပြစ်ဆိုသံတွေကြားမှာ ကျွန်တော်တို့ မကျဆုံးအောင် လုပ်ရမယ်။ လုပ်စရာရှိတဲ့ အလုပ် ဆက်လုပ်ရမယ်။ ဒီလိုမှမဟုတ်ရင် မာန်နတ်ရဲ့လက်ထဲ ကျရှုံးတော့မှာပေါ့။ ရွှေဟင်္သာဆရာတော်ဘုရားကြီးမိန့်ခဲ့တဲ့ ဆုံးမစကားနဲ့ သုဿန်ဆရာတော်ကြီးရဲ့ စကားကိုပဲ ရင်ထဲ အထပ်ထပ်ကြားယောင်နေပါတော့မယ်။
အများအကျိုး ရွက်သယ်ပိုးက
ခနိုးခနဲ့ဆိုကဲ့ရဲ့လည်း
မရွှဲ့မစောင်း ကိုယ်လမ်းကြောင်းကို
စိတ်ကောင်းနဲ့ယှဉ်ရှေးရှု နှင်လော့။
(ရွှေဟင်္သာဆရာတော်ဘုရားကြီး)
ဖွံဖြိုးရေးပရဟိတအတူလုပ်ကြတဲ့ ညီအစ်ကိုမောင်နှမများ နဲ့ ကောင်းတာတွေရေးနေပေမဲ့ အဆဲခံရတဲ့ ဘလော့ဂါ အစ်ကိုအစ်မများအတွက် ဒီပိုစ့်ကိုရေးပါတယ်ခင်ဗျာ။