Save our folk tales Save our nation

Mg OggaJuly 2, 20101min560
n112121818800962_4887

ကျွန်တော်တို့ ပုံပြောသူများ အတွက် ဆောင်ပုဒ်တစ်ခုလောက်ပေးဖို့စဉ်းစားကြတယ် ဘာပေးရင်ကောင်းမလဲပေါ့ နောက်ဆုံးတော့ Save our folk tales Save our nation ဆို်ပြီးပေးဖြစ်တယ်။ နဲနဲများကြီးကျယ်နေသလားလို့ထင်မိတယ်။ တကယ်တန်းတော့ မကြီးကျယ်လှဘူး ရိုးရာပုံပြင်တွေကို ထိန်းသိမ်းကြတာ မျိုးနွယ်ကိုစောင့်ရှောက်သည်လည်း မည်သည် နိုင်ငံကိုစောင့်ရှောက်သည်လဲ မည်သည် မျိုးချစ်စိတ်ကို တိုးတက်မြင့်တင်ပေးသည်လည်း မည်သည်။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့ အခုခေတ်အခုအခါမှာ ခေတ်မှီတိုးတက်လာတာနဲ့ အတူ ယဉ်ကျေးမှုစံနှုန်းတွေပါ ပျောက်ကွယ်လု နီးပါးဖြစ်နေပါပြီ။ မြို့ပြဘဝ နီယွန်မီးသီးများအောက်မှာ ရိုးရာပုံပြင်တွေ ကျွန်တော်တို့ ဗမာယဉ်ကျေးမှု စံနှုန်းတွေပါ ပျော်ကွယ်မေ့လျော့နေကြပါပြီ။ ကျွန်တော်ငယ်ငယ်ကဆို ဘကြီးရဲ့ ၅၅ဝနိပါတ်တော် တွေ မေမေပြောပြတဲ့ အိပ်ရာဝင်ပုံပြင်လေးတွေ နဲ့ ကြီးပြင်းလာခဲ့တာပါ။ အခုကလေးတွေကြပြန်တော့ တီဗီဂိမ်းနဲ့ ကိုရီးယားကားတွေကြားပျော်မွေ့နေတာကို တွေရတော့ စိတ်မကောင်းဖြစ်မိတယ် သူတို့လေးတွေ တို့လိုရိုးရာပုံပြင်တွေနားမထောင်ရဘူးဆိုပြီးတော့လေ

ဆရာကြီး ဆင်ဖြူကျွန်းအောင်သိန်းက ပုံပြင်တွေကို လေထဲက ရတနာတွေတဲ့ ရှေးလူကြီးသူမတွေ က အမေက သမီး အဖေက သား မြေး အဆင့်ဆင့် လက်ဆင့်ကမ်းလာကြတဲ့ အဖိုးတန်တဲ့ လေထဲက တကယ်ရတနာတွေပါ။
ပုံပြင်တွေမှာ လူမှုရေးဥပဒေစည်းကမ်းတွေ၊ဆက်ဆံမှု တန်ဖိုးတွေ စရိတ္တတန်ဖိုးတွေ ရှေးလူကြီးသူမတွေရဲ့ ဝိညာဉ်တွေ တွေးခေါ်မှု ပုံစံတွေကို ပုံပြင်များက ညွန်ပြနေပါတယ်။
ဆရာကြီး ဦးဖေမောင်တင်က မြန်မာပုံပြင်တွေနဲ့ ပတ်သက်ပြီး အဆိုမိန့် တစ်ရပ်ရှိပါတယ်။“မြန်မာတို့သည် ပုံပြောကောင်းလှသည် ပုံပြောရာတွင်မြန်မာ တို့၏အဓိကရည်ရွှယ်ချက်မှာ နားထောင်သူ စိတ်ပါဝင်စားစေရန် ဖြစ်လေသည်။ ထို့ကြောင့်ပုံများကို ချဲ့ကား၍ မွမ်းမံ၍ ပြောကြလေသည်။ မည်မျှပင် ပျင်းရိဖွယ် ညည်းငွေ့ဖွယ်ကောင်းသော အကြောင်းအရာပင်ဖြစ်ပါစေ မြန်မာတို့နှုတ်ဝယ် ဤအကြောင်းအရာ တို့သည် စိတ်ဝင်စားဖွယ် ကောင်းသော ပုံဝတ္တုများ အသွင်သို့ ပြောင်းလဲလာရပေသည်။ ဤသည်မှာ မြန်မာတို့၏ စိတ်ကူး စိတ်သန်း ဆန်းကြယ်မှုပင် ဖြစ်လေ၏” တဲ့ ပုံပြောတာ မြန်မာတွေရဲ့ ယဉ်ကျေးမှုအလှတရားတစ်ခု ပင် ဖြစ်ပါသည်။
ရှေးခေတ်က လူကြီးများများ၏ နှုတ်ဖြင့် လက်ဆင့်ကမ်းခဲ့တဲ့ လေထဲက ရတနာတွေကို ဆရာကြီး လူထုဦးလှ၊ ဆရာ ဆင်ဖြူကျွန်းအောင်သိန်း၊ ဆရာ ဦးမင်းနိုင် စတဲ့စတဲ့ မြော်ခေါ်တတ်သိ ပညာရှိကြီးများက မပျောက်ပျက် အောင် တာဝန်သိသိ တာဝန်ကျေကျေဆောင်ရွက်ခဲ့ပြီးပြီ ကျွန်တော်တို့က အသိပညာနုံနဲလှပေမဲ့ ပုံပြင်တွေကို ချစ်တဲ့ စိတ်တစ်ခု တည်းနဲ့ ထိန်းသိမ်းဖို့ တာဝန်ရှိတယ်လို့ ခံယူပြီး ထိန်းသိမ်းတဲ့ သဘောပါ။
ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်မှီမှုရဲ့ ဝါးမြိုမှုကြောင့် မြန်မာ့ရိုးရာပုံပြင် အတော်အများ တိမ်မြုပ်ပျောက်ကွယ် ကုန်ပါပြီ။ ဒီလိုတိမ်မြုပ်ပျောက်ကွယ်တော့မယ့် ပုံပြင်တွေကို တစ်ဦးချင်းအလိုက် အရပ်လိုက် ရွာအလိုက် ဒေသအလိုက် လူမျိုးအလိုက် စုဆောင်းထိန်းသိမ်းကြမယ်ဆိုရင်လေ ပျောက်ကွယ်လုလု ဖြစ်နေတဲ့ လေထဲက ရတနာများကို ကာကွယ်စောင့်ရှောက်ရာရောက်သော အမျိုးသားရေး ကုသိုလ်ကောင်းမှုတစ်ခု ကို ပြုရာရောက် မည်ဟု ရိုးသားစွာ ယုံကြည်မိပါသည်ခင်ဗျား။