ဝင့်ပြုံးမြင့် မြန်မာပြန်တဲ့ တိမ်ယံသစ္စာ အပိုင်း ( ၃၁ )
လမ်းပေါ်ဆွဲထုတ်-”
”ဟင့်အင်း” ကျွန်တော် အသက်ရှူမှားလာသည်။
”ပြီးတော့ ဒူးထောက်ခိုင်းတယ်-”
”ဟာ … မဟုတ်ဘူး”
”ဟက်ဆန့်ကို နောက်စေ့ကနေ သေနတ်နဲ့ပစ်ချလိုက်တယ်ကွယ် -”
”ဟာ”
”ဖာဇာနာ အော်ပြီး အတင်းဝင်လုံးတော့ -”
”ဟာ”
”ဖာဇာနာကိုပါ ပစ်ချလိုက်တယ်။ မိမိကိုယ်ကို ကာကွယ်တာတဲ့။
နောက် တော့မှ
သူတို့ပြောတာ -”
”ဟာ … ဟာ … ဟာ”
……………………
……………………..
………………………
_____________________________________________________________________
”ဟက်ဆန့်ကို နောက်စေ့ကနေ သေနတ်နဲ့ပစ်ချလိုက်တယ်ကွယ် -”
”ဟာ”
”ဖာဇာနာ အော်ပြီး အတင်းဝင်လုံးတော့ -”
”ဟာ”
”ဖာဇာနာကိုပါ ပစ်ချလိုက်တယ်။ မိမိကိုယ်ကို ကာကွယ်တာတဲ့။ နောက် တော့မှ
သူတို့ပြောတာ -”
”ဟာ … ဟာ … ဟာ”
—————————————————–
၁၉၇၄ ခု၊ ဟက်ဆန့်နှုတ်ခမ်းကွဲချုပ်သောအချိန်ကို ကျွန်တော် တတွေး
တည်းတွေးနေမိသည်။ ဘာဘာ၊ ရာဟင်ခန်၊ အလီနှင့် ကျွန်တော်တို့ ဟက်ဆန့်
အိပ်ယာနား ဝိုင်းအုံကာ မှန်ကြည့်နေသောဟက်ဆန့်ကို လေ့လာနေခဲ့ကြသည်။
ခုတော့လည်း အခန်းထဲမှလူအားလုံး ကျွန်တော်မှလွဲ၍ ဘဝပြောင်းသူနှင့်
သေအံ့မူးမူးလူသာ ကျန်တော့သည်။
ထိုစဉ် ကျွန်တော့်စိတ်မျက်လုံးထဲ ဟက်ဆန့်နောက်စေ့ကို သေနတ်ပြောင်း
ဝဖြင့် ဖိထောက်ထားပုံပေါ်လာသည်။ လမ်းထဲပေါက်ကွဲမြည်ဟိန်းသွားသော သေနတ်သံ။
ကတ္တရာလမ်းပေါ် ပုံကျသွားသော ဟက်ဆန့်သဏ္ဍာန်။
တစ်ဖက်သတ် သစ္စာဟူသော သူ့ဘဝသည် သူလိုက်လေ့ရှိခဲ့သော ကြိုးပြတ်စွန်လို
လေနှင့်အတူ လွင့်ပါသွားခဲ့ပြီ။
”တာလီဘန်တွေ အိမ်ပေါ်ရောက်နေကြပြီ။ အကြောင်းပြချက်ကတော့
အိမ်ထဲကျူးကျော်ဝင်တဲ့လူကို နှင်ထုတ်ပါတယ်ပေါ့။ ဟက်ဆန်နဲ့ဖာဇာနာကို
သတ်တဲ့ လူသတ်သမားတွေကိုတော့ မိမိကိုယ်ကိုခုခံကာကွယ်မှုနဲ့ ပလပ်လိုက်တယ်။
ဘယ်သူမှ တစ်ခွန်းမဟရဲဘူး။ တာလီဘန်တွေကို ကြောက်ရတာကိုး။
ဟာဇာရာအစေခံလင်မယား အတွက် ဘယ်သူမှ ဝင်မစွန့်စားပါဘူး”
”စိုးရက်ပ်လေးကို ဘာလုပ်လိုက်ကြလဲ” ဟုမေးစဉ် ကျွန်တော်အမောဆို့ နေသည်။
ရာဟင်ခန် ကြာမြင့်စွာ မဟားဒရားချောင်းဆိုးသည်။ နောက်ဆုံး ကျွန်တော့် ကို
မော့ကြည့်လိုက်ချိန်တွင် သူ့မျက်နှာသွေးရောင်လွှမ်းနေသည်။ မျက်လုံးများ
နီရဲလျက်။ ”ကာတာရှားရပ်ကွက်ထဲက မိဘမဲ့ဂေဟာထဲ ရောက်နေတယ်ကြားတယ်။
သားအေမား -” ချောင်းဆိုးပြန်သည်။ ချောင်းဆိုးရပ်လိုက်ချိန်တွင်
စောစောတုန်း ကထက် အဆမတန်အိုမင်းရင့်ရော်သွားသည်။
ချောင်းတစ်ကြိမ်ဆိုးပြီးတိုင်း အသက်ပိုရသွားသလိုရှိသည်။ ”သားအေမား၊
အေမားကို ကာကာလှမ်းခေါ်တာ ကာကာမသေခင် တွေ့သွားချင်လို့ပါကွယ်။ ဒါပေမယ့်
ဒီတစ်ခုတင် မကသေးဘူး”
ကျွန်တော် စကားမပြန်။ ရာဟင်ခန် ဘာပြောမည်ကို ကျွန်တော်သိနေပြီ ဟုထင်သည်။
”ကဘူးကို သွားစေချင်တယ်။ စိုးရက်ပ်ကို ဒီခေါ်လာစေချင်တယ်”
မှန်ကန်သောဝေါဟာရ ကျွန်တော်ရှာသည်။ ဟက်ဆန်သေဆုံးသွားပြီ ဟူသော
အမှန်တရားကို လက်သင့်ခံဖို့အတွက်ပင် ကျွန်တော့်အတွက် အချိန်က
မတရားနည်းလွန်းနေသည်။
”နားထောင်ပါဦး၊ အေမား။ ဒီမြို့ပေါ်မှာ ကာကာ့အသိ အမေရိကန်ဇနီး မောင်နှံ
ရှိတယ်။ သောမတ်စ်ကော်ဝဲနဲ့ ဘက်တီကော်ဝဲ။ သူတို့က ခရစ်ယာန်တွေ။
ကုသိုလ်ဖြစ်အဖွဲ့အစည်းလေး ထူထောင်ပြီး ပုဂ္ဂလိကအလှူငွေနဲ့ လည်ပတ်နေကြတာ။
သူတို့အများဆုံးလုပ်တာက မိဘပျောက်သွားတဲ့ အာဖဂန်ကလေးတွေကို နေစရာ ပေးတာ၊
ကျွေးတာမွေးတာပေါ့ကွယ်။ အဲဒီနေရာ ကာကာရောက်ဖူးပြီးပြီ။ အန္တရာယ် ကင်းတယ်။
သန့်တယ်။ ကလေးတွေကို ကောင်းကောင်းဂရုစိုက်ကြတယ်။ ကော်ဝဲ ဇနီးမောင်နှံက
စိုးရက်ပ်လေးကို သူတို့ကြိုဆိုပါတယ်တဲ့။ ပြောတောင်ပြီးကြပြီ”
”ကာကာ ဒီလောက်အလောတကြီး မလုပ်ပါနဲ့”
”ကလေးဆိုတာအထိမခံဘူး အေမား။ ကဘူးတမြို့လုံး အညွန့်ကျိုးသွား
တဲ့ကလေးတွေပြည့်နေပါပြီ။ စိုးရက်ပ်ကို
နောက်ထပ်တစ်ယောက်မဖြစ်ပါစေနဲ့တော့”
”ကျွန်တော် ကဘူးကို မသွားချင်ဘူး၊ ကာကာ။ ကျွန်တော် မသွားနိုင်ဘူး”
”စိုးရက်ပ်ဟာ ကံကောင်းတဲ့ကလေးပါ။ ပက်ရှဝါမှာ သူ့အတွက် ဘဝသစ်
ပေးနိုင်တယ်။ သူ့ကိုချစ်မယ့်လူတွေကြားမှာ မျှော်လင့်ချက်အသစ်ပေးနိုင်တယ်။
သောမတ်စ်ကော ဘက်တီကော စိတ်နှလုံးအင်မတန်နူးညံ့တယ်။ မိဘမဲ့ကလေးတွေကို
သူတို့ ပြုစုစောင့်ရှောက်ပုံ အေမားကြည့်သွားသင့်တယ်”
”ဘာကြောင့် ကျွန်တော့်ကိုမှ ကဘူးလွှတ်သလဲ။ တခြားတစ်ယောက်ကို
ပိုက်ဆံပေးလွှတ်လိုက် ရသားပဲ။ ငွေကိစ္စဆိုရင် ငွေကိုကျွန်တော်ပြန်ပေးမယ်”
”ငွေကိစ္စမဟုတ်ဘူး၊ အေမား” ဟု ရာဟင်ခန်အော်သည်။ ”ကာကာက
သေကာနီးလူပါကွာ။ ကာကာ အစော်ကားမခံဘူး။ ငွေပြဿနာမဟုတ်ဘူးဆိုတာ
အေမားသိပါတယ်။ ဘာကြောင့်အေမားကိုမှ လွှတ်သလဲ၊ ဒီအဖြေကို ကာကာတို့နှစ်
ယောက်လုံး သိပြီးပြီထင်တယ်၊ မဟုတ်ဘူးလား”
ထိုစကားကို ကျွန်တော် နားမလည်ချင်ပါလျက် ကောင်းကောင်းကြီး နားလည်ခဲ့သည်။
”အမေရိကားမှာ ကျွန်တော့်ဇနီးရှိတယ်။ အိမ်လည်းရှိပြီ။ ကိုယ်ပိုင်
သက်မွေးဝမ်းကျောင်းနဲ့ မိသားစုလည်းရှိပြီ။ ကဘူးဆိုတာ အန္တရာယ်များတဲ့နေရာ။
ကျွန်တော်က အားလုံးကိုစွန့်လွှတ်စွန့်စားရမယ်ဆိုတော့ ဘာအတွက် -”
”သိရဲ့လား အေမား။ တစ်ခါတုန်းက အနီးအနားမှာ အေမားမရှိတုန်း
အေမားအဖေနဲ့ကာကာ စကားပြောကြတယ်။ ဟိုအရင်တုန်းက အေမားအတွက် အေမားအဖေ
ဘယ်လောက်ပူခဲ့ရသလဲ သိပြီးသားနော်။ သူပြောတာ မှတ်မိသေး တယ်ကွာ။ ရာဟင်တဲ့
… ကိုယ့်နှာခေါင်းနဲ့ကိုယ် အသက်မရှူချင်တဲ့ကလေးဟာ ကြီးလာရင် ဘာအတွက်မှ
ကြံ့ကြံ့ခံတဲ့လူဖြစ်လာမှာ မဟုတ်ဘူးတဲ့။ အေမား ဖြစ်လာတာ ဒါပဲလားလို့
ကာကာအံ့ဩနေပြီ”
ကျွန်တော် မျက်လွှာချရပြီ။
”သေကာနီးအဖိုးကြီးရဲ့ တောင်းဆိုချက်ပါကွာ” ဟု ရာဟင်ခန် လေးနက်
စွာပြောသည်။ ထိုစကားကို ရာဟင်ခန် အလောင်းအစားလုပ်လိုက်ပြီ။ အကောင်း
ဆုံးဖဲချပ် ကို ရာဟင်ခန်ဆွဲထုတ်ပြီးသွားပေပြီ။ သူ့စကားက
ကျွန်တော်တို့နှစ်ဦးကြား သောင်မတင်ရေမကျရှိနေသည်။ အနည်းဆုံးတော့
သူဘာပြောရမည်ကိုသူသိသည်။ စာရေးဆရာကျွန်တော်ကတော့ မှန်ကန်သောစကားလုံး
ရှာဖွေနေရဆဲ။
နောက်ဆုံးတွင် ကျွန်တော်ပြောချလိုက်သည်။
”ဘာဘာ မှန်ပါလိမ့်မယ်”
”အေမား ဒီလိုတွေးတာ စိတ်မကောင်းစရာပဲ”
ကျွန်တော် ရာဟင်ခန့်ကို မကြည့်ရဲ။ ”ကာကာကတော့ ဒီလိုမတွေးဘူးပေါ့” ဟုမေးလိုက်သည်။
”ဒီလိုတွေးရင် အေမားကို ဒီခေါ်ချလာပါဦးမလား”
လက်ထပ်လက်စွပ်ကို ကျွန်တော်ဆော့နေသည်။ ”ကျွန်တော့်ကို ကာကာ အမြဲတမ်း
ပိုတွေးထားတယ်နော်”
”အေမားကလည်း အမြဲတမ်း ကိုယ့်ကိုယ်ကိုယ်လျှော့တွေးထားတာပဲ” ထိုနေရာတွင်
ရာဟင်ခန်တွန့်ဆုတ်နေသည်။ ပြီးမှ ”ဒါပေမယ့် တခြားတစ်ခုရှိ သေးတယ်။ အေမား
မသိသေးတဲ့ကိစ္စပေါ့”
”ပြောပြပါ ကာကာ”
”စန်နိုဘားက အလီရဲ့ ပထမဇနီးမဟုတ်ဘူး”
ကျွန်တော် မော့ကြည့်ရပြီ။
”အလီဟာ ဂျာဟိုရီနယ်က ဟာဇာရာတိုင်းရင်းသူတစ်ယောက်နဲ့လက် ထပ်ခဲ့ဖူးတယ်။
အေမားမမွေးခင် ဟိုးအရင်ကဖြစ်ခဲ့တာပါ။ အိမ်ထောင်သက် သုံးနှစ်ကြာခဲ့တယ်”
”အဲဒီကိစ္စက တခြားဟာတွေနဲ့ ဘာဆိုင်သလဲ”
”သုံးနှစ်အကြာမှာ အလီ့ကိုထားပစ်ခဲ့ပြီး ကို့စ်နယ်က ယောက်ျားတစ်
ယောက်နဲ့ အိမ်ထောင်ထပ်ထူတယ်။ ဒီလူနဲ့ သမီးသုံးယောက်မွေးတယ်။ ကာကာပြော
ချင်တာ ဒီကိစ္စ”
ရာဟင်ခန် ဘယ်ကိုဦးတည်နေမှန်း ကျွန်တော် စတင်မြင်လိုက်သည်။ သို့သော်
ကျွန်တော်ဆက်လက်မကြားချင်တော့။ ကာလီဖိုးနီးယားတွင် ကျွန်တော့်ဘဝ
အခြေကျလှပနေပြီ။ ခေါင်မိုးချွန်ချွန် ဗစ်တိုးရီးယားအိမ်တစ်လုံးကို
ပိုင်ဆိုင်နေပြီ။ အိမ်ထောင်ကောင်းကောင်းကျနေပြီ။ ဘဝအာမခံချက်ခိုင်မာသော
သက်မွေး ဝမ်းကျောင်းရှိနေပြီ။ ကျွန်တော့်ကိုချစ်သော ယောက္ခမများရှိနေပြီ။
ယခုအစုတ်ထုပ်ကို ကျွန်တော် ဘာမှမလိုချင်။
”အလီက မြုံနေတယ်”
”မဟုတ်ဘူး။ သူနဲ့ စန်နိုဘား ဟက်ဆန့်ကိုမွေးသားပဲ။ မဟုတ်ဘူးလား”
”မဟုတ်ဘူး” ဟု ရာဟင်ခန်ဆိုသည်။
”ဟုတ်တယ်”
”မဟုတ်ဘူး။ သူတို့မရဘူး အေမား”
”ဒါဆို ဘယ်သူလဲ”
”အေမားသိမယ် ထင်ပါတယ်”
မတ်စောက်သောချောက်ကမ်းပါးမှ လျှောကျလာသလို ကျွန်တော်ခံစား လိုက်ရသည်။
ခြုံဖုတ်မြက်ဖုတ်တွေဆွဲပြီး ပြန်တက်လာတော့ လက်ဗလာ။ အခန်းတစ် ခန်းလုံး
ယိမ်းထိုးနေသည်။ ”ဟက်ဆန် သိလား” ဟုမေးလိုက်စဉ် နှုတ်ခမ်းများက
ကျွန်တော့်နှုတ်ခမ်း မဟုတ်သလို။ ရာဟင်ခန် မျက်လုံးများမှိတ်၍
ခေါင်းခါပြသည်။
”ခင်ဗျားတို့ အယုတ်တမာတွေ” ဟု ကျွန်တော်ပြောပြီး ထရပ်သည်။
”ခင်ဗျားတို့ အယုတ်တမာတွေ” ဟု ကျွန်တော် အော်သည်။
”ခင်ဗျားတို့အားလုံးပဲ။ မိမစစ်ဖမစစ် အယုတ်တမာအုပ်စုတွေ”
”ထိုင်ပါ အေမား” ဟု ရာဟင်ခန်ဆိုသည်။
”ခင်ဗျားကြီးတို့ ဘယ်လိုလုပ်ပြီးတော့များ ကျွန်တော့်ကို အုပ်ထားတာလဲ။
သူ့ကိုရော” ဟု ကျွန်တော် ဝမ်းခေါင်းသံဖြင့် အော်ချသည်။
”စဉ်းစားပါဦး အေမား။ အခြေအနေက ရှက်စရာကောင်းနေတယ်။ လူတွေ
ကဲ့ရဲ့ကြတော့မယ်။ နာမည်တစ်လုံးနဲ့ ဂုဏ်သရေရှိလူတစ်ယောက် … ဒီလိုနောက်
ကြောင်းရာဇဝင်ရှိမှန်း လူတွေသိလို့ကတော့ … ဒါကို အေမားမြင်မှာပါ”
ဟုဆိုပြီး ရာဟင်ခန် ကျွန်တော့်ကိုလှမ်းကိုင်ရာ
ကျွန်တော်သူ့လက်ကိုခါချသည်။ တံခါးဆီ ဦးတည်သည်။
”သားအေမား … မသွားပါနဲ့”
ကျွန်တော် တံခါးဆွဲဖွင့်ပြီး ရာဟင်ခန့်ဘက်လှည့်ပြောသည်။ ”ဘာကြောင့်
မသွားရမှာလဲ။ ကျွန်တော့်ကို ဘာပြောဦးမလို့လဲ။ ဘာတွေများ စကားလှအောင်
ပြောချင်သေးလို့လဲ။ ကျွန်တော် အသက်သုံးဆယ့်ရှစ်နှစ်ရှိပြီ။
ဒီအရွယ်ကြီးကျမှ ကျွန်တော့်ဘဝတစ်ခုလုံး
အစုတ်အပဲ့အလိမ်ထုပ်ကြီးမှန်းသိတယ်။ မပြောနဲ့။ ဘာမှ မပြောနဲ့”
အိမ်ခန်းထဲမှ ကျွန်တော် တဟုန်ထိုးထွက်လာခဲ့သည်။
—————————————————————
အခန်း(၁၈)
သပြေသီးမှည့်ရောင် ကြက်သွေးရောင်တို့ မိုးလုံးပြည့်မျှ ဖိတ်လျှံနေသော
နေဝင် သွားချိန်။ လူစည်စည်လမ်းကျဉ်းလေးအတိုင်း ရာဟင်ခန့်အိမ်ခန်းမှ
ဝေးရာဆီ အပြေးထွက်ခဲ့သည်။ ခြေကျင်သမား၊ စက်ဘီးသမား၊ လံချားသမားများ
ကြပ်ခဲနေသော၊ နောက်ဖေးလမ်းကြားလေးများဖြင့် ဝင်္ကပါဖွဲ့ထားသော လမ်းရှုပ်ရှုပ်
များထဲ အသံများဟုန်ညံလျက်။
မီးခိုးမွှန်နေသော လက်ဖက်ရည်ဆိုင်ကလေးထဲ ကျွန်တော်ဝင်ပြီး လက်ဖက်
ရည်တစ်ခွက်မှာသည်။ ကုလားထိုင်နောက်ခြေထောက်ကို အားပြုပြီး
ခုံကိုစောင်းစောင်း ထားထိုင်ကာ မျက်နှာကိုနာနာပွတ်နေမိသည်။
ချောက်ကမ်းပါးမှ လျှောကျလာ သည့်ခံစားချက် တဖြည်းဖြည်း
အားပျော့လာသလိုရှိသည်။ ထိုခံစားချက်အစား ကိုယ့်အိမ်ထဲကိုယ်နေရင်း
အိပ်ယာမှနိုးလာတော့ ပရိဘောဂတွေ နေရာတကျမဟုတ်ဘဲ အစီအစဉ်သစ်တစ်မျိုးဖြင့်
နေရာချထားသည်ကို တွေ့လိုက်ရသည်။ ရင်းနှီးပြီးသား
ချောင်ကြိုချောင်ကြားလေးများကအစ အမြင်စိမ်းနေသည်။ လမ်းပျောက်သွားသည်။
ဝန်းကျင်ကို တန်ဖိုးပြန်တွက်ရတော့မည်။ အသားကျအောင် ပြန်လုပ်ရတော့မည်။
ကျွန်တော် ဘယ်လိုလုပ်ပြီးတော့များ သည်လောက်မမြင်နိုင်ခဲ့ပါလိမ့်။
အတိတ်ဖြစ်ရပ်တွေ ခုမှ ကျွန်တော့်ထံပျံသန်းလာသည်။ ဟက်ဆန့်နှုတ်ခမ်းကွဲကို
ချုပ်ဖို့ ဒေါက်တာကူးမားကို ဘာဘာပင့်ခဲ့သည်။ ဟက်ဆန့်မွေးနေ့ကို ဘာဘာ
ဘယ်တုန်းကမှ မမေ့။ ကျူးလစ်ပန်းဥစိုက်ခဲ့သောနေ့ကို မှတ်မိသေးတော့။ အစေခံ
အသစ်များခေါ်ရန် စိတ်ကူးရှိသလား ကျွန်တော်မေးရုံနှင့် ဘာဘာ ကျွန်တော့်ကို
ဟောက်ခဲ့သည်။ ”ဟက်ဆန် ဘယ်မှမသွားဘူးကွ။ သူက ဘာဘာတို့နဲ့ ဒီအိမ်မှာပဲ
နေမှာ။ ဒါသူ့အိမ်။ ဘာဘာတို့ဟာ သူ့မိသားစု” အလီနှင့်ဟက်ဆန် အိမ်မှထွက်
သွားတုန်းက ဘာဘာငိုသည် … ငိုခဲ့သည်။ စားပွဲထိုးက ကျွန်တော့်ရှေ့
လက်ဖက်ရည်ခွက်လာချသည်။ စားပွဲခြေ ထောက်၏ ကြက်ခြေခတ်ပုံနေရာတွင်
သစ်ကြားသီးအရွယ် ကြေးဝါဘောစေ့ရှိသည်။ ဘောစေ့တစ်လုံး ဝက်အူချောင်နေ၍
ကျွန်တော်ကုန်းပြီး ဝက်အူကြပ်သည်။ ကျွန်တော့် ဘဝကိုလည်း ခုလိုပဲ
လွယ်လင့်တကူ ဝက်အူကြပ်၍ရချင်သည်။
လက်ဖက်ရည်ကို တစ်ကျိုက်ကျိုက်ချလိုက်သည်။ နှစ်များစွာအတွင်း
ကျွန်တော်သောက်ခဲ့သမျှတို့အနက် အကျဆုံးလက်ဖက်ရည်။ ချစ်ဇနီးစိုးရာယာ
အကြောင်း ကျွန်တော်ကြိုးစားတွေးသည်။ လမ်းပေါ်မှ ပျားပန်းခတ်လူအုပ်ကို
ကြည့်နိုင်အောင် ကြိုးစားသည်။ ဘေးစားပွဲမှ ထရန်စစ္စတာရေဒီယိုသံကို
ကြိုးစား နားထောင်သည်။ ဘာဖြစ်ဖြစ် ကျွန်တော်အကုန်ကြိုးစားသည်။ သို့ရာတွင်
ကျွန်တော် အထက်တန်းကျောင်း အောင်လက်မှတ်ယူသောနေ့က ဘာဘာ့ကိုသာ ကျွန်တော်
မြင်နေရသည်။ ကျွန်တော့်ကိုဝယ်ပေးသည့် ဖို့ဒ်ကားထဲထိုင်ရင်း ကျွန်တော့်ကို
ပြောခဲ့သည့်စကား။ ”ဒီကနေ့ ဟက်ဆန်သာရှိရင် ကောင်းမှာကွာ”
ဘာဘာ ဘယ်လိုလုပ်ပြီးတော့များ ကျွန်တော့်ကို သည်လောက်နှစ်ပေါင်း များစွာ
လိမ်ညာထားနိုင်ပါလိမ့်။ ဟက်ဆန့်ကိုရော။ ကျွန်တော် ငယ်ငယ်တုန်းက
ကျွန်တော့်ကို သူ့ပေါင်ပေါ်တင်ပြီး၊ ကျွန်တော့်မျက်လုံးထဲ
တည့်တည့်ကြည့်ပြီး ”ဒုစရိုက်မှုတစ်ခုတည်း ရှိတယ်။ အဲဒါကတော့ ခိုးတာပဲ။
မင်းညာတယ်ဆိုရင် … ဒါဟာ တခြားတစ်ယောက်ယောက်ရဲ့ အမှန်တရားကို
ခိုးယူလိုက်တာ” ဟု ပြောခဲ့သည်။ ထိုစကားကို ဘာဘာ ကျွန်တော့်အား မပြောလော။
ခုတော့ ဘာဘာ့ကိုမြေမြှုပ်ပြီး တစ်ဆယ့်ငါးနှစ်ကြာမှ ဘာဘာကိုယ်တိုင် က
သူခိုးတစ်ကောင်ဖြစ်နေမှန်း သိရတော့သည်။ သူခိုးမှ အဆိုးဝါးဆုံးသူခိုး။
အလေးထားအပ်သောအရာကိုမှ ခိုးယူခဲ့သူ။ ကျွန်တော့်တွင် ညီရင်းတစ်ယောက်
ရှိသည်ဟူသော အမှန်တရားကို ကျွန်တော့်ထံမှ ဘာဘာခိုးထားသည်။ ဟက်ဆန့်ထံမှ
မူလဇာတိကို ခိုးထားသည်။ အလီ့ထံမှ ဂုဏ်သိက္ခာကိုခိုးထားသည်။
မေးခွန်းများ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာနေသည်။ အလီ့မျက်လုံးထဲကို
ဘာဘာဘယ်လိုများ ကြည့်နိုင်ခဲ့ပါလိမ့်။ အလီကရော။ သူ့သခင်က သူ့ကို
အာဖဂန်ယောက်ျားတစ်ယောက်အတွက် အဆိုးဝါးဆုံးနည်းလမ်းနှင့် သိက္ခာချထား
ခြင်းကို သိလျက်နှင့် တစ်နေဝင်တစ်နေထွက် ဘယ်လိုလုပ်ပြီးတော့များ ဤအိမ်ထဲ
နေနိုင်ခဲ့ပါလိမ့်။ စိုးရာယာကို တောင်းရမ်းဖို့အတွက် အညိုရောင်ဝတ်စုံကြီး
ဝတ်လျက် တာဟီရီအိမ်အဝင်လမ်းအတိုင်း တလှုပ်လှုပ်တက်သွားသောဘာဘာ …
ကျွန်တော့် ရင်ထဲ တံဆိပ်ခတ်သလို မြဲစွဲနေသော ထိုပုံရိပ်ကို ယခုမှသိရသည့်
ဘာဘာ့ပုံရိပ်အသစ်နှင့် ကျွန်တော် ဘယ်လိုလုပ်ပြီးတော့များ
ဆက်စပ်ယူရမည်နည်း။
ကျွန်တော့်ဖန်တီးရေးသားမှုဆရာ လှောင်ဦးမည့် လက်သုံးစကား ရောက်လာပြန်သည်။
‘ဘမျိုးဘိုးတူ’။ ကျွန်တော်သိသမျှလူတွေထဲမယ် ဘာဘာနှင့်ကျွန်တော်သည်သာ
အတူဆုံးလူသားနှစ်ဦး။ ကိုယ့်ကိုဘဝပေးထားသည့် လူတွေကိုမှ ကျွန်တော်တို့က
သစ္စာဖောက်ထားသည်။ ယခုမှ သိတော့သည်။ ရာဟင်ခန်
ကျွန်တော့်ကိုဆင့်ခေါ်ခြင်းမှာ ကျွန်တော့်အပြစ်တွေတင်မက
ဘာဘာ့အပြစ်တွေကိုပါ ပြေရာပြေကြောင်း ဆေးကြောဖို့ပင်။
အလီ့ကို မိုင်းနင်းမိအောင် ကျွန်တော်မလုပ်ခဲ့။ ဟက်ဆန့်ကိုပစ်သတ်ဖို့
တာလီဘန်တွေကို အိမ်အရောက် ကျွန်တော် မခေါ်ခဲ့။ သို့သော် အလီနှင့်ဟက်ဆန်ကို
အိမ်မှမောင်းထုတ်ခဲ့သူမှာ ကျွန်တော်။ ကျွန်တော်သာ မောင်းမထုတ်ခဲ့ပါက
အခြေအ နေတွေ အများကြီးပြောင်းလဲနိုင်သည်ဟုတွေးလျှင် မဆီမဆိုင်ဖြစ်နေမလား။
ကျွန်တော် သာ မောင်းမထုတ်ခဲ့ပါက အလီနှင့်ဟက်ဆန့်အား ဘာဘာက အမေရိကားကို
တစ်ပါတည်းခေါ်နိုင်သည်။
ဟာဇာရာဖြစ်နေသည့်အတွက် ဘယ်သူမှဂရုမစိုက်သောတိုင်းပြည်ထဲ၊
ဟာဇာရာလူမျိုးဆိုသည်ကို ကြားပင်မကြားဖူးသော တိုင်းပြည်ထဲ ဟက်ဆန်သည်
ကိုယ်ပိုင်မိသားစု၊ ကိုယ်ပိုင်အလုပ်၊ ကိုယ်ပိုင်ဘဝ ရနေနိုင်သည်။
”ကျွန်တော် ကဘူးကိုမသွားနိုင်ဘူး” ဟု ရာဟင်ခန့်ကိုပြောခဲ့သည်။
အမေရိကားတွင် ကျွန်တော့်ဇနီးရှိသည်။ နေအိမ်ရှိသည်။ သက်မွေးဝမ်း
ကျောင်းရှိသည်။ ထိုအခွင့်အရေးများ ညီတူမျှတူရနိုင်သည့် ဟက်ဆန်၏အခွင့်အ
ရေးတစ်ခုကို အရင်းပြု၍ ကျွန်တော်ဘယ်လိုလုပ်ပြီးတော့များ အထုပ်အပိုး
ကောက်သိမ်း အိမ်ပြန်နိုင်မည်နည်း။
ရာဟင်ခန် ကျွန်တော့်ကိုမခေါ်ခဲ့ရင်ကောင်းသားဟု တောင့်တမိသည်။
ကျွန်တော့်ဖာသာ မေ့မေ့ပျောက်ပျောက် နေထိုင်သွားခွင့်ပေးခဲ့ပါတော့လား။
သည်လို မဟုတ်ဘဲ သူကကျွန်တော့်ကိုခေါ်သည်။ ၁၉၇၅ ခု၊
ဆောင်းတွင်းမတိုင်မီကတည်းက ကျွန်တော့်အား ဟာဇာရာနို့တိုက်မိခင်
ပြုစုခဲ့သည့်အချိန်ကတည်းက ဖြစ်တည်ခဲ့သည့် မုသားသံသရာ၊ သစ္စာမဲ့ခြင်းသံသရာ၊
လျှို့ဝှက်ချက်သံသရာ …
”ပြန်လာခဲ့။ သူ့အပေါ်ပြန်ကောင်းဖို့ နည်းလမ်းရှိတယ်” ဟု ရာဟင်ခန် ဆိုခဲ့သည်။
ထိုသံသရာ အဆုံးသတ်ပေးဖို့နည်းလမ်း။
မိဘမဲ့ကလေးငယ်တစ်ယောက်။ ကဘူးမြို့ တစ်နေရာရာတွင်ရှိနေသော ဟက်ဆန့်ရင်သွေး။
——————————-
လန်ချားစီးပြီး ရာဟင်ခန့်အိမ်ပြန်သွားစဉ် ဘာဘာပြောခဲ့သောစကားကို
အမှတ်ရမိသည်။ သူများက ကျွန်တော့်အတွက် အမြဲတမ်းတက်ချပေးခဲ့ရတာချည်းဟု
ဆိုခဲ့ခြင်းဖြစ်၏။ ကျွန်တော် သုံးဆယ့်ရှစ်နှစ်ရှိပြီ။ ဆံပင်ပါးရုံတင်မက
အချို့ နေရာဖြူစပြုပြီ။ မျက်စိထောင့်တွင် အစင်းကြောင်းလေးများ
တွေ့လာရသည်။ ကျွန်တော်အရွယ်ရလာပြီမှန်သော်လည်း ကိုယ့်အတွက်ကိုယ်တက်ချဖို့
သိပ်နောက်မကျ သေးဘူးထင်သည်။
ပိုလာရွိုက်ဓာတ်ပုံထဲမှ မျက်နှာဝိုင်းဝိုင်းကို
တစိမ့်စိမ့်ကြည့်မိပြန်သည်။ ကျွန်တော့်ညီလေးမျက်နှာ … ကျွန်တော့်ကို
ဟက်ဆန်သိပ်ချစ်ခဲ့သည်။ ဘယ်သူနှင့်မှ မတူသောနည်းလမ်းဖြင့်
ဘယ်သူနှင့်မှမတူအောင် ချစ်ခဲ့သည်။ ခုတော့ သူသွားရှာပြီ။ သူနှင့်တူသော
အစိတ်အပိုင်းလေးတစ်ခုကသာ မသေသေးဘဲ ကဘူးတွင်စောင့်မျှော် နေသည်။
အခန်းထောင့်တွင် ဘုရားရှိခိုးနေသော ရာဟင်ခန့်ကိုတွေ့သည်။ သူ
ဘုရားရှိခိုးအပြီးကိုစောင့်ပြီးမှ ကဘူးကို သွားမည့်အကြောင်း
ပြောပြလိုက်သည်။ မနက်ကျလျှင် ကော်ဝဲဇနီးမောင်နှံကို ဖုန်းဆက်ပေးပါရန်
ကျွန်တော်မှာသည်။
”သားအေမား၊ အေမားအတွက် ဆုတောင်းပေးနေမယ်”
……………………………………………………..
……………………
……………………..
………………………
_____________________________
ဆက်ပါဦးမည်..။
____________________________
မူရင်းစာအုပ်အမည်…..THE KITE RUNNER
မူရင်းစာရေးဆရာ…….KHALED HOSSEINI
______________________________
မြန်မာပြန်ဆိုသူ …… ဝင့်ပြုံးမြင့်
မြန်မာပြန် စာအုပ်အမည်……..တိမ်ယံသစ္စာ
2009 / ဇွန် ၊ ပထမ အကြီမ် ။
စာမျက်နှာ စုစုပေါင်း…350
13 x 21 စင်တီဆိုဒ်
စာအုပ်တန်ဖိုး … 3000 ကျပ်
______________________________
လေးစားစွာဖြင့်..
……………………………
6 comments
အလင်းဆက်
July 21, 2012 at 6:24 pm
ဦးပေ..နဲ ့ရွှေကြည်..
ပြိးတော့ သကြားလုံးကြော်… ပြိးတော့…တိမ်ယံကို စောင့်မျှော် ဖတ်ရှုနေကြသူများ….
မတ်စောက်သောချောက်ကမ်းပါးမှ လျှောကျလာသလို ကျွန်တော်ခံစား လိုက်ရသည်။ ..တဲ ့။
ဒီစာသားလေးလိုပဲ..ကျွန်တော်…ခံစားလိုက်ရပါတယ်..လို့ပြောပါရစေနော် ။
ဟက်ဆန်နဲ ့အေမား… ညီအကိုတွေ .တော်စပ်နေမှန်း..သိလိုက်ရတော့……
အံ့ဩ လိုက်ရတာဗျာ..။ အရှေ ့ပိုင်းမှာတော့.နည်းနည်း..ရိပ်မိတော့မလိုလို ရှိသား.။ ဒါပေမယ့်..ဒီလို ဖြစ်လာလိမ့်မယ်တော့…ထင်မထားမိဘူး။
စာချစ်သူများကို..ခင်မင်လေးစားစွာ….
alinsett.art@gmail.com
shwe kyi
July 21, 2012 at 7:23 pm
အဲလိုသိရတော့ ဟက်ဆန်ကိုပိုသနားသွားမိတယ်။ ဘာမှမသိသွားတာလဲခပ်ကောင်းကောင်းပဲ။
မထင်မှတ်ထားတာတွေဖြစ်ခဲ့တယ်ဆိုတော့အေမားတော့ရူးချင်သွားလောက်တယ်။
ကိုအလင်းဆက်ပြောတဲ့ စာသားလေးကခံစားချက်ကိုပေါ်လွင်စေတာပဲ သိပ်ကောင်းတယ်။
မောင်ပေ
July 21, 2012 at 8:01 pm
ဇါတ်လမ်းကို စိတ်ဝင်စားတဲ့ စာဖတ်သူတစ်ယောက်အနေနဲ ့ ရာဟင်ခန် နဲ ့အေမားတို ့တွေ ့ခန်းကို ဖတ်လိုက်ရတော့ ၊ အာဖဂန် ကို ပြန်လာမိတာ အကြီးအကျယ် ငါးပါးမှောက်တာဘဲလို ့။
ထိုင်နေရင်ကောင်းသား ထသွားမှ ကျိုးမှန်းသိ ဆိုသလိုပေါ့
စာရေးသူအနေနဲ ့ဇါတ်လမ်းတည်ဆောက်မှုအရဆိုရင်တော့.. အေမားက အာဖဂန်ကို ပြန်ကိုပြန်ရမှ ဇါတ်က ပိုပြီး လှုပ်လာမှာကိုး..။ ဟူးးး
သကြားလုုံးကြော်
July 22, 2012 at 5:44 am
တကယ့်ကိုု အကြီးအကျယ် အံ့ဩ သွားတာပဲ။ ‘ဘမျိုးဘိုးတူ’ ဆိုုပြီး ဇာတ်ဆင်ထားတာ အရမ်းအကွက်ကျတာပဲ။ အေမားဆိုုးလှပြီ ၊ ဟက်ဆန်သစ္စာရှိလှပြီ ထင်တာ အခုုတော့ ဘယ်ဟုုတ်ဦးမလဲ။ အေမား ခံရတာကောင်းတယ်လိုု့ စဉ်းစားမိတယ်။ ဟက်ဆန်ကိုုဒီလောက်တောင် ဖျောက်ဖျက်ချင်တဲ့လူ အခုုတော့ သူ့ညီဖြစ်နေပြီ။
မိုး မင်းသား
July 22, 2012 at 4:26 pm
အလင်းဆက်ရေ…..
ဝင်အားပေးသွားပါတယ်ခင်ဗျာ………..
အလင်းဆက်
July 23, 2012 at 7:01 pm
ဟုတ်တယ်..ဗျို ့.. ၊ ဇာတ်ရှိန်ကို အဲသလို…ကြီးကို မြင်ှ့လိုက်တာ..။
ဦးပေ..ရေ.. အေမား…ငါးပါး မက.. မှောက်မှာ…ဗျ ။
နောက်အပိုင်းများ..မှာ.ပိုြပြင်းထန်တဲ ့ဇာတ် အရှိန်…နဲ ့ချီတက်မှာ…။ မကြာမီ လာမည်…မျှော်…ဗျာ..။
အဟိ ။
ရွှေကြည်..ရေ…။ တစ်ချို ့အရာတွေ..ကို..မသိလိုက်တာက ခပ်ကောင်းကောင်း..ေ.နာ် ။ ကျွန်တော်..လည်း.ရွှေကြည်.လိုပဲ.တွေးမိတယ် ။
အားပေး ဖတ်ရှု..နေလို့ကျေးဇူးပါ ရွှေ..ကြည်…။
မိုမင်းသားရေ..ကျေးဇူးနော် ။
သကြားလ၊ုူံးကြော်…ရေ.. ။ အေမားက အတိတ်မှာ… သူ..ပြန်မတွေးချင်တဲ ့
နာကျင်စရာတွေကြောင့်…ဟက်ဆန်ကို..မေ့ထားခဲ့တာ..။ အခုတော့…..
စာချစ်သူအားလုံးကို ကျေးဇူးပါပဲ..ဗျာ.။