ဝင့်ပြုံးမြင့် မြန်မာပြန်တဲ့တိမ်ယံသစ္စာ အပိုင်း ( ၃၂ )
ပိုလာရွိုက်ဓာတ်ပုံထဲမှ မျက်နှာဝိုင်းဝိုင်းကို
တစိမ့်စိမ့်ကြည့်မိပြန်သည်။ ကျွန်တော့်ညီလေးမျက်နှာ … ကျွန်တော့်ကို
ဟက်ဆန်သိပ်ချစ်ခဲ့သည်။ ဘယ်သူနှင့်မှ မတူသောနည်းလမ်းဖြင့်
ဘယ်သူနှင့်မှမတူအောင် ချစ်ခဲ့သည်။ ခုတော့ သူသွားရှာပြီ။ သူနှင့်တူသော
အစိတ်အပိုင်းလေးတစ်ခုကသာ မသေသေးဘဲ ကဘူးတွင်စောင့်မျှော် နေသည်။
အခန်းထောင့်တွင် ဘုရားရှိခိုးနေသော ရာဟင်ခန့်ကိုတွေ့သည်။ သူ
ဘုရားရှိခိုးအပြီးကိုစောင့်ပြီးမှ ကဘူးကို သွားမည့်အကြောင်း
ပြောပြလိုက်သည်။ မနက်ကျလျှင် ကော်ဝဲဇနီးမောင်နှံကို ဖုန်းဆက်ပေးပါရန်
ကျွန်တော်မှာသည်။
”သားအေမား၊ အေမားအတွက် ဆုတောင်းပေးနေမယ်”
……………………………………………………..
____________________________
အခန်း(၁၉)
”ကိုင်ဘာတောင်ကြားမှ ကြိုဆိုပါ၏” ဟူသော ဆိုင်းဘုတ်ကို ကျော်ဖြတ်လာစဉ်
ခံတွင်းထဲ အရည်များပျို့လာသည်။ ကျွန်တော် ကားမူးပြန်ပြီ။ အစာအိမ်ထဲ
ဗြောင်း ဆန်နေသည်။ ကျွန်တော့်ယာဉ်မောင်း ‘ဖာရစ်ဒ်’ က
အေးစက်သောမျက်စောင်းတစ်ချက် ပစ်ထိုးလိုက်သည်။ သူ့မျက်လုံးထဲတွင်
စာနာရိပ်မရှိ။ ”ပြတင်းချပေးလို့ မရဘူးလား” ဟု ကျွန်တော်မေးကြည့်သည်။
ယာဉ်မောင်းဖာရစ်ဒ်သည် စီးကရက်တစ်လိပ် မီးညှိပြီး စတီယာရင်ဘီးပေါ်မှ
လက်ချောင်းနှစ်ချောင်းသာရှိသည့် အင်္ဂါမစုံသောလက်ထဲ စီးကရက်ထည့်ကာ မျက်လုံး
အကြည့်ကို လမ်းပေါ်မှမခွာဘဲ သူ့ခြေထောက်နှစ်ချောင်းကြားထဲမှ ဝက်အူလှည့်ကို
ကုန်းကောက်၍ ကျွန်တော့်အား လှမ်းပေးသည်။ တံခါးမှ အပေါက်ကလေးထဲ
ဝက်အူလှည့်ထည့်ပြီး ကားပြတင်းမှန်ကိုချရသည်။
ဖာရစ်ဒ်သည် ကျွန်တော့်အား အထင်အမြင်သေးစွာကြည့်သည်။ သည် တစ်ခါ
အကြည့်ထဲအမုန်းပါသည်။ ဂျင်းရုဒ်ခံတပ်မှ ကျွန်တော်တို့ ခွာလာ ကတည်းက သူ
ကျွန်တော့်ကို စကားဆယ်ခွန်းပြည့်အောင် မပြောသေး။
ကားပြတင်းမှ ခေါင်းထုတ်ထား၍ နေ့လည်နေ့ခင်း၏ အေးမြသောလေ
ကျွန်တော့်မျက်နှာကို ပွတ်တိုက်နေသည်။ တိုင်းရင်းသားတို့၏ ကိုင်ဘာဒေသကို
ဖြတ်လာရသည့်လမ်းကား ဟိုအရင်အတိုင်း ထုံးကျောက်နုန်းကျောက် ချောက်
ကမ်းပါးများကို ကွေ့ကောက်တက်ရသောလမ်းဖြစ်သည်။ ခြောက်သယောင်းသော
တောင်ကြီးများ သီခေါင်နက်စောက်သောမြောင်ထဲမှ ဟီးထပေါ်ထွက်လာပြီး လွှသွား
ပမာ တောင်ထွဋ်ကြီးများအဖြစ် မိုးမြင့်တိမ်ယံထိုးထွက်သွားသည်။ ပြိုကျနေသော
ရွှံ့သားနံရံခံတပ်တံတိုင်းကြီးကို ဖြတ်လာကြရသည်။ မြောက်ဘက်မှ နှင်းလွှမ်း
ဟိန္ဒူကွရှ်တောင်ကို ကျွန်တော် အကြည့်ကပ်ထားပါလျက် ကျွန်တော့်အစာအိမ်
ဗြောင်းဆန်နေဆဲ။ ကားကွေ့ချလိုက်ပြန်ရာ ကျွန်တော်ပျို့တက်လာသည်။
”သံပုရာသီး စားကြည့်ပါလား၊ ဆပ်”
”ခင်ဗျာ”
”သံပုရာသီးလေ။ ကားမူးတာအတွက်ကောင်းတယ်။ ဒီလိုခရီးမျိုးဆိုရင်
ကျွန်တော်အမြဲဆောင်ထားတယ်”
”နေပါစေ၊ ကျေးဇူးတင်ပါတယ်” အစာအိမ်ထဲ အချဉ်ဓာတ်ထပ်ထည့်လျှင်
ပိုမူးရုံသာရှိမည်ဟူသောအတွေးဖြင့် ကျွန်တော် ငြင်းသည်။ ဖာရစ်ဒ် ရယ်သည်။
”ဒါက ဆပ်တို့အမေရိကန်ဆေးဝါးတွေလို ခေတ်ပေါ်မဟုတ်ဘူး။ ကျွန်တော့်
အမေသင်ပေးထားတဲ့ ရှေးရိုးနည်း”
”ဒါဆိုလည်း နည်းနည်းပေးဗျာ”
စက္ကူအိတ်ထဲမှ သံပုရာသီးတစ်ခြမ်း ဖာရစ်ဒ်ထုတ်ပေးသဖြင့် ကျွန်တော်
ဝါးစားပြီး တအောင့်စောင့်နေသည်။ ”ခင်ဗျားပြောတာ ဟုတ်တယ်ဗျ။ ကျွန်တော်
နေသာလာတယ်” ဟုလိမ်လိုက်ရသည်။ ကိုယ်တိုင်က အာဖဂန်မို့ ရိုင်းပျသည်ထက်
စာလျှင် မအီမလည်ဖြစ်ရသည်က တော်သေးမှန်းသိနေသည်။ အားတင်းပြုံးပြ လိုက်သည်။
”ရှေးထုံးပေါ့ဗျာ။ ခေတ်ပေါ်ဆေးဝါးမလိုပါဘူး”
ဖာရစ်ဒ်အသံသည် ရိုင်းပျခြင်းနှုတ်ခမ်းစပ်ပေါ်ရှိနေသည်။ စီးကရက်
ပြာချွေပြီး နောက်ကြည့်မှန်ထဲ မိမိကိုယ်ကိုကျေနပ်စွာ တစ်ချက်ကြည့်သည်။
အသားမည်းမည်း၊ အရပ်ရှည်ရှည်၊ ကလန်ကလား တာဂျစ်လူမျိုး ဖာရစ်ဒ်၏မျက်နှာသည် ရာသီဥတုဒဏ်ခံထားရသော မျက်နှာဖြစ်သည်။ ရှည်သောလည်တံ တွင်
လည်ဇလုတ်ကြီးလှုပ်နေသည်ကို မုတ်ဆိတ်ကွယ်နေ၍ မမြင်ရ။ ဦးခေါင်း
စောင်းလိုက်မှ မြင်ရသည်။ ပက်ရှဝါတွင် ကျွန်တော့်အား ဖာရစ်ဒ်နှင့်
မိတ်ဆက်ပေး သူမှာ ရာဟင်ခန်ဖြစ်သည်။ ဖာရစ်ဒ် အသက်နှစ်ဆယ့်ကိုးနှစ်
ရှိပြီဖြစ်ကြောင်း ရာဟင်ခန်ပြောပြသည်။ သို့သော် အရေးအကြောင်းများသော
ဖာရစ်ဒ်၏မျက်နှာသည် ရှိရင်းစွဲအသက်ထက် နှစ်နှစ်ဆယ်မျှ ပိုရင့်ရော်နေသည်။
ဖာရစ်ဒ်သည် အသက်တစ်ဆယ့်လေးနှစ်အရွယ်တွင် ဖခင်နှင့်အတူ ရှိုရာဝီ
တို့ကိုတိုက်သော ဘာသာရေးစစ်ပွဲထဲ ဝင်ခဲ့သည်။ ရဟတ်ယာဉ်ပေါ်မှ လှမ်းပစ်သော
စက်သေနတ်စာမိပြီး ဖာရစ်ဒ်၏ဖခင် အစိတ်စိတ်အမွှာမွှာဖြစ်ခဲ့သည်အထိ ပန်ဂျရှာ
တောင်ကြားတွင် နှစ်နှစ်ကြာအောင် တိုက်ခဲ့ကြသည်။
ဖာရစ်ဒ်သည် ဇနီးနှစ်ယောက်နှင့် သားသမီးငါးဦးထွန်းကားခဲ့သော်လည်း
ဂျာလာလာဘက်အနီးတွင် မြေမြှုပ်မိုင်းနင်းမိပြီး သမီးငယ်နှစ်ဦး
အသက်ဆုံးရှုံး ခဲ့ရှာသည်။ ဖာရစ်ဒ်ကိုယ်တိုင်လည်း ခြေမဒဏ်ရာရခဲ့ပြီး
ဘယ်ဖက်လက်ချောင်း သုံးချောင်း ပြတ်ထွက်ခဲ့သည်။ ထိုကိစ္စဖြစ်ပြီး
တစ်မိသားစုလုံး ပက်ရှဝါ ပြောင်းလာခဲ့သည်။
”စစ်ဆေးရေးဂိတ်” ဟု ဖာရစ်ဒ်ရေရွတ်သည်။ ကျွန်တော်လက်ပိုက်ကာ
ထိုင်ခုံပေါ်ပစ်ထိုင်လိုက်သည်။ မအီမသာဖြစ်ခြင်းကို တဒင်္ဂမျှမေ့သွားသည်။
ပါကစ္စတန် စစ်ဘက်ဝန်ထမ်းနှစ်ဦး ကျွန်တော်တို့၏ လင်းခရူဆာကားစုတ်ကြီးဆီ
ချဉ်းကပ်လာပြီး ကားထဲ သာမန်ကာလျှံကာကြည့်၍ ဆက်မောင်းရန်လက်ဟန်ပြသည်။
ရာဟင်ခန်နှင့်ကျွန်တော် တေးထားသော လုပ်စရာများထဲတွင် ဒေါ်လာကို
အာဖဂန်ငွေစက္ကူဖြင့်လဲရန်ပါသည်။ ကျွန်တော့်ဝတ်စုံကို
အာဖဂန်ဝတ်စုံနှင့်လဲရန် ပါသည်။ အာဖဂန်အဝတ်အစားကို ကျွန်တော်
အာဖဂန်နစ္စတန်တွင် နေထိုင်စဉ် တုန်းကပင် မဝတ်ဖူးခဲ့။ ယခုမှ
ကို့ရို့ကားယားနှင့် ရယ်စရာဖြစ်နေသည်။ လုပ်စရာ စာရင်းထဲတွင်
ဟက်ဆန်နှင့်စိုးရက်ပ်ဓာတ်ပုံကို မမေ့ရန်ပါသည်။ အရေးကြီးဆုံး
ကိစ္စတစ်ရပ်မှာ ရင်ဘတ်ထိရောက်အောင်ရှည်သော မုတ်ဆိတ်မွေးအမည်းရောင်တစ်ခု
အတုတပ်ထားရန်ဖြစ်သည်။
ရာဟင်ခန်သည် အသေအချာစီစဉ်ရန် ကျွန်တော့်အား သူနှင့်အတူ
ရက်ကြာကြာနေစေချင်သည်။ သို့သော်မြန်နိုင်သမျှ မြန်မြန်သွားရမည်ဟု
ကျွန်တော် သိနေသည်။ ကျွန်တော် စိတ်ပြောင်းသွားမည်ကို
ကိုယ့်ဖာသာကိုယ်ကြောက်သည်။ ကျွန်တော် နှိုင်းချိန်မိမည်။
ပြန်ပြောင်းတွေးဆမည်။ သောကရောက်မည်။ ဆင်ခြင်တုံ တရားဝင်မည်။ ထို့နောက်
ကဘူးကိုမသွားဖို့ မိမိကိုယ်ကို ဆုံးမမည်။ အမေရိကားမှ ကျွန်တော့်ဘဝက
ကျွန်တော့်ကိုပြန်ဆွဲခေါ်သွားလိမ့်မည်။ အမေရိကားဆိုသော ဧရာမမြစ်ကြီးထဲ
တစွပ်စွပ်ဆင်းလျှောက်ပြီး လတ်တလောသိခဲ့ရသည့် အဖြစ်အပျက် များကို
မြစ်ကြမ်းခင်းထိ ခဝါချပစ်မိမည်။ ကျွန်တော့်အပြစ်များကို ဆေးကြောဖို့
ဤနောက်ဆုံးတစ်ခုတည်းသော အခွင့်အရေးကို မြစ်ရေစီးထဲမျှောချမိလိမ့်မည်။
ထိုဖြစ်နိုင်ချေများ ဖြစ်မလာခင် ကျွန်တော် မြန်မြန်ခရီးထွက်သည်။
ကျွန်တော် အာဖဂန်နစ္စတန်သွားမည့်အကြောင်း စိုးရာယာကို ပြောဖို့ အရေးကမူ
ရွေးချယ်ခွင့်မဟုတ်။ ပြောမိလိုက်ပါက ပါကစ္စတန်ကိုလိုက်ရန်
နောက်ထွက်မည့်လေယာဉ်ကို ကြိုတင်လက်မှတ်ယူပေတော့မည်။
—————————————————
နယ်စပ်ကိုဖြတ်လာသည်နှင့် ဆင်းရဲမွဲတေမှုများ နေရာအနှံ့တွေ့လာ ရသည်။
ကျောက်ဆောင်ပေါ် ကစားစရာလေးများ ဟိုတစ်ခုသည်တစ်ခု စွန့်ပစ်ထား သလို
လမ်းနှစ်ဖက်စလုံးတွင် ရွာနုပ်နုပ်လေးများ ရွာဆက်ကျဲကျဲရှိနေသည်။
အိမ်တိုင်လေးချောင်းထက် များများစားစား မပိုနိုင်သော တဲကုပ်တဲနုပ်လေးများ
အဝတ်စုတ်ကို ခေါင်မိုးလုပ်ထားသည်။ ရွှံ့အိမ်လေးများ ကျိုးပဲ့ကြေလျက်။
တဲပြင်တွင် ဘောလုံးကန်နေသော စုတ်ပြတ်ကလေးများ။
နယ်မြေထဲ မိုင်အနည်းငယ်ဝင်လာသော် လူတစ်အုပ်ကိုတွေ့ရသည်။
မီးလောင်ကျွမ်းထားသော ဆိုဗီယက်တင့်ကားတစ်စီးကို ဝိုင်း၍ ကျီးကန်းများလို
ဆောင့်ကြောင့်ထိုင်နေကြသည်။ ခြုံထားသောစောင်အနားစများ လေတိုက်၍ တဖျပ်ဖျပ်
ဖြစ်လျက်။ ရွှံ့ဖြင့်လုပ်ထားသော အိုးစရည်းကြီးကို ပခုံးပေါ်တင်၍ လှည်းပန်း
တောင်းထလမ်းအတိုင်း ဆင်းသွားသောမိန်းမတစ်ဦးကိုလည်း တွေ့ရသည်။
”ထူးဆန်းတယ်” ဟု ကျွန်တော့်နှုတ်မှ အန်ထွက်သွားသည်။
”ဘာလဲ ဆပ်”
”ကိုယ့်တိုင်းပြည်ထဲမှာ ကိုယ့်ကိုယ်ကိုယ်တိုးရစ္စတစ်ယောက်လိုပဲ”
ပိန်ချုံးချိနဲ့နေသော ဆိတ်ခြောက်ကောင်ခန့်ကို ဆိတ်ထိန်းတစ်ဦး မောင်း
သွားသည်။ ဖာရစ်ဒ်သည် စီးကရက်တောက်ပြီး ”ဒီနေရာကို ခုထိကိုယ့်တိုင်းပြည်
မှတ်နေတုန်းပဲလား” ဟု ခပ်ထေ့ထေ့မေးသည်။
”ကျွန်တော့်ရဲ့ တစ်စိတ်တဒေသကတော့ ဒီလိုပဲမှတ်နေမှာ”
”အမေရိကားမှာ နှစ်နှစ်ဆယ်ကျော် နေပြီးတောင်မှလား”
ကျွန်တော်ခေါင်းညိတ်ပြ၍ ”ကျွန်တော် အာဖဂန်နစ္စတန်မှာ ကြီးလာခဲ့ တာဗျ”
ဟုဖြေပေးလိုက်သည်။
ကျွန်တော့်အပြောကို ဖာရစ်ဒ်လှောင်ရယ်ရယ်ပြန်သည်။
”ခင်ဗျား ဘာကြောင့်ရယ်တာလဲ”
”ဘာမှ မဟုတ်ပါဘူး”
”မဟုတ်ဘူး။ ကျွန်တော်သိချင်တယ်။ ဘာကြောင့်ရယ်တာလဲ”
ကားနောက်ကြည့်မှန်မှတဆင့် ဖာရစ်ဒ်၏မျက်လုံးထဲ လက်ခနဲဖြစ်သွား သည်ကို
မြင်ရသည်။ ”သိချင်တယ်ပေါ့။ ဆပ်အကြောင်း ပုံဖော်ကြည့်မယ်ဗျာ။ ဆပ်ဟာ
နှစ်ထပ်သုံးထပ်ရှိတဲ့အိမ်ကြီးမျိုးနဲ့ နေခဲ့နိုင်တယ်။
နောက်ဘက်ခြံထဲမှာဆိုရင် သီးပင်စားပင်ပန်းပင်တွေ ပြည့်လို့။
ယာဉ်အဝင်အထွက်လမ်းလည်း ရှိကိုရှိမယ်။ ဆပ်တို့အဖေက
အမေရိကန်ကားအကောင်းစားကို မောင်းမယ်။ အစေခံတွေ … ဟာဇာရာတွေပေါ့ဗျာ၊
ဒါလည်းရှိမယ်။ ဆပ်တို့အဖေက အိမ်ကြီးကိုအလှဆင်ဖို့ အလုပ်သမားတွေငှားမယ်။
ဒါမှဧည့်သည်တွေလာပြီး သောက်ကြစားကြ၊ သွားခဲ့ဖူးတဲ့ ဥရောပခရီးစဉ်တွေ
အမေရိကန်ခရီးစဉ်တွေ ကြွားလုံးထုတ်ကြပေါ့ဗျာ။ ဒီမှာ ကျွန်တော့် သားကြီးရဲ့
မျက်လုံးနဲ့တောင်လောင်းရဲတယ်။ အာဖဂန်အဝတ်အစားကို ဆပ် ခုမှဝတ်ဖူးတာ”ဟု
ဖာရစ်ဒ်ပြောပြီး သွားကျိုးသွားပဲ့များ တပြုံလုံးပေါ်အောင် အားရပါးရ
ပြုံးပြနေသည်။
”ဒါတွေ ဘာဖြစ်လို့ ကျွန်တော့်ကိုပြောတာလဲ”
”ဆပ်ပဲသိချင်တယ်ဆို” ဟု ဖာရစ်ဒ် ပက်ခနဲပြန်ပြောသည်။ ဖုန်ထူလမ်းလေး
အတိုင်း ထော့နဲ့ထော့နဲ့လျှောက်နေသော စုတ်တီးစုတ်ပြတ်အဖိုးအိုကို ဖာရစ်ဒ်
လက်ညှိုးထိုးပြသည်။ ”အဲဒါကမှ အာဖဂန်စစ်စစ်။ ကျွန်တော်သိတဲ့အာဖဂန်ဟာ
အဲဒါမျိုး။ ဆပ်ကတော့ ဒီမှာအမြဲ တိုးရစ္စဖြစ်နေမှာပဲ”
ရာဟင်ခန် ကျွန်တော့်ကို သတိပေးထားခဲ့သည်။ အာဖဂန်နစ္စတန်တွင်
တိုက်ပွဲထဲဝင်တိုက်ဖူးသူနှင့် နောက်ကွယ်တွင်နေခဲ့ဖူးသူတို့ထံမှ
ဖော်ရွေနွေးထွေးမှုကို မျှော်လင့်၍ မရကြောင်းပင်။
”ခင်ဗျားအဖေအတွက် ကျွန်တော်စိတ်မကောင်းပါဘူး။ သမီးတွေအတွက် ရော၊
ခင်ဗျားရဲ့လက်အတွက်ရော စိတ်မကောင်းပါဘူး” ဟု ကျွန်တော်ပြောလိုက်သည်။
”ဒါ ဘာမှမဟုတ်ပါဘူး” ဟုဖာရစ်ဒ်ပြောပြီး ခေါင်းခါသည်။ ”ဒါနဲ့
ဒီကိုဘာကြောင့်ပြန်လာတာလဲ။ ခင်ဗျားအဖေရဲ့မြေကို ရောင်းထုတ်ပြီး အမေ့ဆီ
ငွေထုပ်ပိုက်ပြေးတော့မယ်ပေါ့”
”ကျွန်တော့်အမေက ကျွန်တော့်ကိုမီးဖွားတုန်း ဆုံးသွားတယ်”
ဖာရစ်ဒ် သက်မချပြီး စီးကရက်နောက်တစ်လိပ် မီးညှိသည်။ ဘာမှ မပြောတော့။
”ကားရပ်ပေးပါ”
”ခင်ဗျာ”
”ကားရပ်ပေးပါ။ ကျွန်တော် ကားမူးနေပြီ”
လမ်းဘေးကားထိုးရပ်သည်နှင့် ကားထဲမှ ကျွန်တော် ဒလိမ့်ခေါက်ကွေး ထွက်လာသည်။
————————————-
မွန်းလွဲနှောင်းပိုင်းတွင် မြေမျက်နှာသွင်ပြင်သည် မီးဖုတ်ထားသော တောင်
ထွဋ်များ၊ ကျတ်တီးမြေများ မဟုတ်တော့ဘဲ စိမ်းလန်းစိုပြည်လာသည်။ အာဖဂန်
နစ္စတန်နယ်ထဲ ဝင်လာပြီ။ လမ်းနံဘေးတစ်လျှောက်မှ ထင်းရှူးပင်များ ကျွန်တော်
မှတ်မိစဉ်တုန်းကထက် နည်းပါးသွားသည်။ ထင်းရှူးပင်များ
အရိုးပြိုင်းပြိုင်းဖြစ် နေသော်လည်း ကိုင်ဘာတောင်ကြားကို
ခက်ခက်ခဲခဲဖြတ်လာစဉ်တုန်းကနှင့် ယှဉ်လျှင် တော်သေးသည်။ ဂျာလာလာဘက်နှင့်
နီးသထက်နီးလာပြီ။ ဂျာလာလာဘက်တွင် ဖာရစ်ဒ်၏ညီက ယနေ့ညအတွက်
ကျွန်တော်တို့အား တည်းခိုခွင့်ပေးလိမ့်မည်။
နန်ဂါဟာပြည်နယ်၏မြို့တော် ဂျာလာလာဘက်ထဲဝင်လာစဉ် နေလုံး
ကောင်းကောင်းမပျောက်ချင်သေး။ အသီးအနှံပေါများခြင်း၊ ရာသီဥတုနွေးထွေး
ခြင်းတို့တွင် ဂျာလာလာဘက်သည် တချိန်တုန်းကတော့ နာမည်ကျော်မြို့
တစ်မြို့ဖြစ်သည်။ မြို့လယ်ကောင် အဆောက်အဦးများကို ဖြတ်သန်းလာခဲ့စဉ်
ကျွန်တော်မှတ်မိစဉ်တုန်းကလောက် အုန်းထန်းပင်များမရှိတော့။ အချို့အိမ်များ
ရွှံ့ပုံဘဝ ရောက်သည်အထိ ဆုတ်ယုတ်နေသည်။
ဖာရစ်ဒ်သည် ကားကို မြေလမ်းကျဉ်းလေးထဲ ကွေ့ချလိုက်ပြီး
ခြောက်နေသောမြောင်းဘေး ကားထိုးရပ်လိုက်သည်။ ကျွန်တော် ကားထဲမှထွက်ပြီး
အကြောအချင်ဆန့်သည်။ အသက်ပြင်းပြင်းရှူသည်။ ဟိုယခင်တုန်းကဆိုလျှင်
ဂျာလာလာဘက်မြို့တဝိုက် ရေသွင်းစိုက်သောကြံခင်းများရှိသဖြင့် မြို့လေထု
သင်းချို နေသည်။ ကျွန်တော် မျက်လုံးများမှိတ်ပြီး ထိုရနံ့ချိုချိုကို
ဖွေရှာကြည့်ရာမတွေ့။
”သွားကြစို့” ဟု ဖာရစ်ဒ် စိတ်မရှည်စွာပြောသည်။ အရွက်မဲ့ပေါ်ပလာပင်
တို့ကိုဖြတ်၍ ဖုန်ထူလမ်းအတိုင်းလျှောက်သည်။ ယိုယွင်းနေသော တစ်ထပ်အိမ်ဆီ
ဖာရစ်ဒ် တက်သွားပြီး သစ်သားတံခါးကိုခေါက်လိုက်ရာ ပုဝါဖြူခေါင်းစည်းထားသော
မျက်လုံးစိမ်းနှင့် မိန်းမပျိုလေး ခေါင်းပြူကြည့်သည်။ ကျွန်တော့်ကို
အလျင်မြင်ပြီး ဖာရစ်ဒ်ကိုမြင်သွားသော် မျက်လုံးများလက်လာသည်။
”ဆာလမ် အလီခန်၊ မင်္ဂလာပါ ကာကာဖာရစ်ဒ်”
”ဆာလမ်၊ မင်္ဂလာပါ မာယမ်” ဟု ဖာရစ်ဒ်ပြန်နှုတ်ဆက်ပြီး ကျွန်တော့် အတွက်
တစ်နေ့လုံးငြင်းဆိုထားသောအရာကို ပေးသည်။ ဖော်ရွေသောအပြုံးလေး တစ်ခု။
ဖာရစ်ဒ်နောက်လိုက်၍ ကျွန်တော်အိမ်လေးထဲ ဝင်လာခဲ့သည်။
နေကျက်ရွှံ့ဖြင့်လုပ်ထားသော မျက်နှာကျက်နိမ့်နိမ့်၊ ဗလာကျင်းနေသော နံရံ၊
အခန်းထောင့်တွင် မှန်အိမ်နှစ်လုံး၊ ကျွန်တော်တို့ ဖိနပ်ချွတ်ပြီး
ခင်းထားသော ကောက်ရိုးဖျာပေါ်တက်သည်။ အနားစုတ်စောင်ဖြင့်
အုပ်ထားသောမွေ့ယာတစ်ခုပေါ် တင်ပလ္လင်ခွေထိုင်နေသော ယောက်ျားလေးသုံးယောက်ကို
တွေ့ရသည်။
အရပ်မြင့်မြင့် ပခုံးကားကား မုတ်ဆိတ်ဖားဖား ယောက်ျားကြီးတစ်ဦး
ကျွန်တော်တို့ကို ထွက်လာနှုတ်ဆက်သည်။ ဖာရစ်ဒ်သည် ထိုလူနှင့်ပွေ့ဖက်နမ်း
ရှုတ်နှုတ်ဆက်ပြီး သူ့အစ်ကို ဝါဟစ်ဖြစ်ကြောင်း ကျွန်တော့်အားမိတ်ဆက်ပေးသည်။
ကျွန်တော့်ဘက် လက်မထောင်ညွှန်ပြပြီး ”သူက အမေရိကားကလာတာ” ဟု ဝါဟစ်အား
ပြောပြ၍ ကျွန်တော်တို့နှစ်ယောက်ကို ထားခဲ့ကာ ကလေးသုံးယောက်ထံ သွားသည်။
ကလေးသုံးယောက် ဖာရစ်ဒ်ပခုံးပေါ်တက်ကာ လုံးထွေးဆော့ကစားနေပြီ။
ဝါဟစ်နှင့်ကျွန်တော် နံရံနားထိုင်ချသည်။ ကျွန်တော်တားနေသည့်ကြားထဲက ဝါဟစ်
သည် ကလေးတစ်ယောက်အား ကျွန်တော့်အတွက် စောင်တစ်ထည်သွားယူခိုင်းသည်။
မိန်းမပျိုမာယမ်အား လက်ဖက်ရည်ယူခိုင်းသည်။ ကိုင်ဘာတောင်ကြားကို ဖြတ်လာ
ရသည့်ခရီးအကြောင်း ကျွန်တော့်ကိုမေးသည်။
”ဓားပြမတွေ့ခဲ့ပါဘူးနော်” ဟု ဝါဟစ်မေးသည်။ ကိုင်ဘာတောင်ကြားသည်
ဒေသကြောင့်ရော၊ ဓားပြကြောင့်ရော နာမည်ကြီးသည်။ ကျွန်တော်အဖြေမပေးနိုင်မီ
ဝါဟစ်သည် မျက်စိတစ်ဖက်မှိတ်ပြပြီး ကျယ်လောင်စွာပြောသည်။
”ကျုပ်ညီရဲ့ ဒီလိုကားစုတ်ကြီးကို မြင်လို့ကတော့ ဘယ်ဓားပြမှ အချိန်
ဖြုန်းမှာ မဟုတ်ဘူး”
ဖာရစ်ဒ်သည် အငယ်ဆုံးကောင်လေးကို ကြမ်းပေါ်ဆွဲလှဲကလိထိုးရာ ကလေးက တခစ်ခစ်ရယ်သည်။
”အနည်းဆုံးတော့ ငါ့မှာကားရှိတယ်လေကွာ။ မင်းရဲ့မြည်းကြီးရော ဘယ်လို
နေလဲ” ဟု ဖာရစ်ဒ်မေးသည်။
”ငါ့မြည်းက မင်းကားထက်စီးလို့ ပိုကောင်းတယ်ကွ”
”မြည်းအကြောင်းသိချင်ရင် မြည်းစီးပေါ့ဗျာ”
အားလုံးတသောသောရယ်၍ ကျွန်တော်ပါလိုက်ရယ်သည်။ ကပ်လျက် အခန်းထဲမှ
အမျိုးသမီးအသံကြားရသည်။
”အမေရိကားမှာ ဆပ်ဘာလုပ်ပါသလဲ” ဟု ဝါဟစ်မေးသည်။
”ကျွန်တော် စာရေးဆရာပါ”
ထိုအပြောတွင် ဖာရစ်ဒ်၏ ကျိတ်ရယ်သံကို ကျွန်တော်ကြားလိုက်သည်ဟု ထင်သည်။
”စာရေးဆရာလား” ဝါဟစ် အလေးအနက်ဖြစ်လာပုံက ရှင်းလင်းသည်။
”အာဖဂန်နစ္စတန်အကြောင်း ရေးတာလား” ဟု ဝါဟစ်ဆက်လက်မေးမြန်းသည်။
”ရေးတော့ရေးတယ်။ လောလောဆယ်တော့ မဟုတ်ဘူး”
ကျွန်တော့်နောက်ဆုံးဝတ္ထု ‘ပြာငွေ့ရာသီ’သည် တက္ကသိုလ်ပါမောက္ခတစ်ဦး
ဂျစ်ပစီအုပ်စုထဲ ဝင်ခဲ့ပုံဖြစ်သည်။ စာအုပ်သည် အညံ့စားတော့မဟုတ်။ အချို့စာ
ပေဝေဖန်ရေးသမားများက စာအုပ်ကောင်းတစ်အုပ်ဟု ညွှန်းခဲ့ကြသည်။ တစ်ယောက်
ကဆိုလျှင် ‘ဖမ်းစားနိုင်သော’ ဟူသော အသုံးအနှုန်းကိုပင် သုံးထားသည်။
သို့သော် ကျွန်တော်ရုတ်ချည်း ရှက်စိတ်ဝင်လာသည်။ စာအုပ်အကြောင်း
ဝါဟစ်မမေးဟု ကျွန်တော်မျှော်လင့်ပြီးသား။
”ဒါပေမယ့် အာဖဂန်နစ္စတန်အကြောင်း ဆပ်ရေးသင့်တာဗျ။ တိုင်းပြည်ကို
တာလီဘန်တွေ ဘာလုပ်ပစ်သလဲ၊ တစ်ကမ္ဘာလုံးကို ပြောပြလိုက်စမ်းပါဗျာ”
”ကျွန်တော်က အဲဒီလိုမျိုးရေးတဲ့ စာရေးဆရာတော့ မဟုတ်ဘူး”
”ဪ” ဟုဆိုကာ ဝါဟစ်နည်းနည်းရှက်သွားသည်။ ”ဆပ်အသိဆုံးပေါ့ ဗျာ။
ကျွန်တော်က အကြံပေးရအောင်-”
ထိုစဉ် မာယမ်နှင့်အခြားအမျိုးသမီးများ အခန်းထဲဝင်လာပြီး လက်ဖက်
ရည်အိုးနှင့် ပန်းကန်လုံးများ လင်ပန်းထဲထည့်သယ်လာသည်။ လေးစားသမှုဖြင့်
ကျွန်တော်မတ်တပ်ရပ်၊ လက်တစ်ဖက် ရင်အုပ်ပိုက်၍ ဦးညွတ်သည်။
”ဆာလမ် အလီခန်”
မျက်နှာအောက်ပိုင်းပုဝါစည်းထားသော အမျိုးသမီးကြီး ကျွန်တော့်အား
ပြန်လည်ဦးညွတ်ပြီး ”ဆာလမ်”ဟု ကြားလောက်ရုံအသံဖြင့် နှုတ်ဆက်သည်။
မျက်လုံး ချင်းဆိုင်မကြည့်။ အငွေ့တထောင်းထောင်းထနေသော လက်ဖက်ရည်ခွက်
ကျွန်တော့် ရှေ့ချပေးပြီး အမျိုးသမီး အခန်းထဲမှ ထွက်ခွာသွားရာ
ခြေသံလုံးဝမကြားရချေ။
ကျွန်တော် ထိုင်ချပြီး အပြင်းစားလက်ဖက်ရည်ကိုသောက်သည်။ မသက်
မသာဖြစ်သွားသော တိတ်ဆိတ်မှုကို ဝါဟစ်ဖြိုခွဲပေးသည်။
”ဒီတော့ အာဖဂန်နစ္စတန်ကို ဘာကိစ္စနဲ့ ပြန်လာတာလဲ”
”အာဖဂန်နစ္စတန်ကို ဘာကိစ္စနဲ့ အားလုံးပြန်လာကြတာလဲလို့ မေးရမှာ” ဟု
ဖာရစ်ဒ်ဆိုသည်။ ဝါဟစ်ကိုပြောခြင်းဖြစ်သော်လည်း အထင်သေးအမြင်သေး
မျက်လုံးများက ကျွန်တော့်ထံမှမခွာ။ ”ဒါပါပဲဗျာ။ အိမ်ကိုရောင်းမယ်။
မြေကိုရောင်း မယ်။ ငွေထုပ်ပိုက်ပြီး ကြွက်ကလေးလိုပြေးမယ်။
အမေရိကားပြန်မှာပေါ့။ မက္ကဆီကို ကို မိသားစုလိုက်အပျော်ခရီးထွက်မှာပေါ့”
ဟု ဖာရစ်ဒ်ဆိုသည်။
”ဖာရစ်ဒ်” ဟု ဝါဟစ်ဟောက်ထည့်လိုက်ရာ ဝါဟစ်၏ကလေးများတင်မက ဖာရစ်ဒ်ပင်
တွန့်သွားသည်။ ”ယဉ်ကျေးမှုမေ့နေပြီလား။ ဒါငါ့အိမ်၊ ဒီက ဆပ်က
အိမ်မှာဒီညတည်းမယ့် ဧည့်သည်။ ငါ့ကိုသိက္ခာမချနဲ့”
ဖာရစ်ဒ် ပါးစပ်ဟ၍ တစ်ခုခုပြောမလိုလုပ်ပြီးမှ တွေနေကာ ဘာမှပြန်
မပြောတော့။ သူ၏စွပ်စွဲသောအကြည့်ကသာ ကျွန်တော့်ထံမှ နည်းနည်းမှမခွာ။
”ခွင့်လွှတ်ပါခင်ဗျာ။ ကျွန်တော့်ညီက ငယ်ငယ်ထဲက ဒီလိုပဲ။ သူ့ပါးစပ်က
သူ့ခေါင်းထက် အရှေ့ကိုခြေနှစ်လှမ်းပိုရောက်နေလို့” ဟု ဝါဟစ်ဆိုသည်။
”တကယ်က ကျွန်တော့်အမှားပါ။ ကျွန်တော်စိတ်မကွက်ပါဘူး။ အာဖဂန် နစ္စတန်က
ကျွန်တော့်ကိစ္စ သူ့ကိုရှင်းပြသင့်တာပေါ့။ ကျွန်တော် ဒီကိုလာတာ
ပိုင်ဆိုင်မှုတွေရောင်းဖို့လာတာ မဟုတ်ဘူး။ ကဘူးမှာ ကောင်လေးတစ်ယောက်ကို
ရှာချင်လို့ပါ”
”ကောင်လေးတစ်ယောက်” ဟု ဝါဟစ်ပဲ့တင်ထပ်သည်။
”ဟုတ်တယ်ဗျ”
ရှပ်အကျႌအိတ်ထဲမှ ပိုလာရွိုက်ဓာတ်ပုံကို ထုတ်ပြလိုက်သည်။ ဟက်ဆန့်
မျက်နှာကိုတွေ့ရသည်က ဒဏ်ရာအနာဖေးခွာချခံရသလို။ ဝါဟစ်ထံ ဓာတ်ပုံကမ်း
ပေးလိုက်တော့ ဝါဟစ်သည် ဓာတ်ပုံတစ်လှည့် ကျွန်တော့်တစ်လှည့်ကြည့်နေသည်။
”ဒီကောင်လေးလား”
ကျွန်တော်ခေါင်းညိတ်ပြသည်။
”ဒီဟာဇာရာကောင်လေးလား”
”ဟုတ်တယ်”
”သူက ဆပ်အတွက် ဘယ်လိုအရေးပါသလဲ”
”သူ့အဖေက ကျွန်တော့်အတွက် သိပ်အရေးပါတာပေါ့။ ဓာတ်ပုံထဲကလူ လေ။ ခုတော့
ဆုံးသွားပြီ”
ဝါဟစ် မျက်တောင်ပုတ်ခတ်လုပ်သည်။ ”သူက ဆပ်ရဲ့သူငယ်ချင်းလား”
ကျွန်တော့်၏အလိုအလျောက် တုံ့ပြန်မှုမှာ ”ဟုတ်ပါတယ်” ဟုဖြေလိုခြင်း
ဖြစ်သည်။ ဘာဘာ့လျှို့ဝှက်ချက်ကို ကျွန်တော်ထိန်းသိမ်းပေးလိုလှပါသည်။
သို့သော် မုသားတွေတော်သင့်ပြီ။ ကျွန်တော် တံတွေးမျိုချပြီး ”သူက
ကျွန်တော့်ရဲ့ အဖေတူ အမေကွဲညီပါ။ တရားမဝင်အဖေတူအမေကွဲညီ” ဟု
ဖြေလိုက်သည်။
”ကျွန်တော် စပ်စုဖို့ မရည်ရွယ်ပါဘူး ဆပ်”
”ခင်ဗျားစပ်စုတာ မဟုတ်ပါဘူး”
”ဒီကလေးကို ဆပ်ဘာလုပ်မလဲ”
………………………
………………………..
………………………….
……………………
……………………..
………………………
_____________________________
ဆက်ပါဦးမည်..။
____________________________
မူရင်းစာအုပ်အမည်…..THE KITE RUNNER
မူရင်းစာရေးဆရာ…….KHALED HOSSEINI
______________________________
မြန်မာပြန်ဆိုသူ …… ဝင့်ပြုံးမြင့်
မြန်မာပြန် စာအုပ်အမည်……..တိမ်ယံသစ္စာ
2009 / ဇွန် ၊ ပထမ အကြီမ် ။
စာမျက်နှာ စုစုပေါင်း…350
13 x 21 စင်တီဆိုဒ်
စာအုပ်တန်ဖိုး … 3000 ကျပ်
______________________________
လေးစားစွာဖြင့်..
……………………………
7 comments
မိုး မင်းသား
July 23, 2012 at 7:23 pm
အလင်းဆက်ရေ…..
ကျွန်တော်ရောက်ပြီး…အားပေးသွားပါတယ်ခင်ဗျာ…….
အလင်းဆက်
July 23, 2012 at 7:24 pm
ဦးပေ…၊ ရွှေကြည်နဲ ့.. သကြားလုံးကြော်..တို ့ရေ..
ကျွန်တော်တို့လည်း.အေမားရဲ ့ဘဝ ဖြစ်စဉ်ထဲကို နစ်နစ်ဝင်ဝင်ရောက်လာပါပြီ။
ကျွန်တော်..ဆိုတဲ ့ ဖာတ်ကောင်လေးအေမား…က ကျွန်တော်ကိုယ်တိုင် ဖြစ်လို ဖြစ်..။
အေမား စိတ်လှုပ်ရှားစရာတွေ ့ရင် ကျွန်တော် ကိုယ်တိုင် စိတ်လှုပ်ရှား..၊
အေမား..စိတ်ဓါတ်ကျရင် ကျွန်တော်ကိုယ်တိုင်လည်း…ကျ ၊
အေမား..နဲ ့ကျွန်တော်…ခွဲ မရလောက်အောင်..ပုူးကပ် ပေးထားနိုင်တဲ ့…
မူရင်းစာရေးသူရဲ ့အစွမ်းနဲ ့ ..ဘာသာပြန်သူရဲ ့ပြေပြစ်..ချောမွေ့မှု..က…ဖမ်းစားနေပါပြီ..။
ကဲ…ဟက်ဆန်ရဲ ့သားလေး..( အေမားရဲ ့တူလေး )ကို..အေမား..ဘာလုပ်မလို ့လိုက်ရှာတာလဲ..လို ့
ဆက်.လက် ..ချီတက်လိုက်ကြပါစို ့…။
စာချစ်သူများ..အားလုံး..တိမ်ယံကိုစောင့်မျှော် ဖတ်ရှုကြသူ အားလုံးကို ခင်မင်လေးစား.စွာ..
ကျေးဇူး တင်လျက်ပါ..ဗျာ.။.
အလင်းဆက်
July 23, 2012 at 7:29 pm
မိုးမင်းသားရေ…
အားပေးဖတ်ရှုနေလို ့.ကျေးကျေးပါနော်
မောင်ပေ
July 23, 2012 at 7:33 pm
တော်တော်လေးကို ရိုင်းကြတဲ့ လူတွေ ပါလားဗျာ
ကျုပ်တို ့မြန်မာတွေ အဲဒီလိုမျိုးဖြစ်နေရင်… အဝေးရောက်တွေ ခက်ရချီရဲ ့
ဇါတ်လမ်းကတော့.. ဖတ်ရင်းနဲ ့အေမားနေရာကို ဝင်ကြည့်မိတော့ တော်တော်စိတ်ပျက်မိတယ်ဗျို ့
အလင်းဆက်
July 23, 2012 at 7:43 pm
စိတ်လည်း.ပျက်တယ် ။ မောလည်း..မောတယ်..ဦးပေ..ရေ..။
အေမား…ကြုံရမယ့် အဖြစ်တွေက… ဒီ ထက်မက..လည်း..ဆိုးဦးမှာ…။
ဆိုတော့… ဒီ ဝတ္ထု ဖတ်ရတာ…မောလိုက်တာ…လို ့တော့ .. ညည်းဖြစ်မယ် .။
နောက်ပြီးရင်တော့.. တသသ သတိရနေမှာဗျ ။
အေမား..ဆိုတဲ ့ဇာတ်ကောင်….ဟာ..ကိုယ် တိုင်လို..ခံစားပြိး…မေ့မရတော့တာ..ပါပဲ..ဗျ ာ.။
ဦးပေ…ရေ..ခံစား..ပေးလို့ကျေးဇူးနော် ။
ခင်မင်လေးစားစွာ..
shwe kyi
July 24, 2012 at 10:23 am
တကယ်ကိုစိတ်မောရပါတယ် စာဖတ်လို့ တပိုင်းပြီးသွားပြီဆိုမှသက်ပြင်းချမိတယ်။
ဘာတွေဆက်ဖြစ်မလဲဆိုတာစိတ်ဝင်စားစရာပါပဲ။ စောင့်ဖတ်ရကျိုးနပ်တဲ့စာအုပ်ပါပဲ။
သူ့ပါးစပ်ကသူ့ခေါင်းထက် အရှေ့ကိုခြေနှစ်လှမ်းပိုရောက်နေတယ်ဆိုပါလားကြိုက်သွားပြီအဲဒီအသုံးကို။
အလင်းဆက်
July 24, 2012 at 4:44 pm
Thank. You. , Shwe. Kyi . For. Your. Comment. .