အသက်မွေးဝမ်းကျောင်းအလုပ်။
ဒီနေ့မနက် ကုမ္မဏီရုံးသို့ထွက်လာတာစောနေသေးလို့ ကောင်ညင်းပေါင်းနဲ့အကြော်လေးကို၊ ရေနွေးကြမ်းလေးနဲ့ စားသောက်ရင်ကောင်းမယ်စိတ်ကူးပြီး ရုံးနားက ၆၈လမ်းနဲ့၃၂လမ်းထောင့်မှာရှိတဲ့ ကောက်ညင်းပေါင်း၊အကြော်ရောင်းတဲ့ဆိုင်လေးမှာ ထိုင်စားမိနေတုံးတွေ့ ကြုံခဲ့ရတာလေးတွေကို အခြေပြုပြီး ဒီပိုစ့်လေးရေး ဖြစ်တာပါ။
ကျွန်တော် ကောက်ညင်းပေါင်းနဲ့အကြော်ကို ကျွန်တော်မဟေသီနဲ့စားနေတုံး ၆-ရ နှစ်အရွယ်ကလေးတစ်ယောက်က ၃နှစ်လောက်ရှိမယ်ကလေး တစ်ယောက်ကို လက်လေးဆွဲပြီး“မုန့်ဖိုးလေးပေးခဲ့ပါ လေးလေးတို့ရယ်´´လို့ လာတောင်းတော့ အိတ်ကပ်ထဲရှိတဲ့ ၂၀ဝ တန်အသစ်ကလေး တစ်ရွက်ကိုထုတ်ပေးလိုက်မိတယ်၊ ပြီးတော့အဲဒီကလေးနှစ်ယောက်က ကျွန်တော်တို့ရှေ့နားကစားပွဲမှာစားနေတဲ့ အဒေါ်ကြီး(၃)ယောက် စားပွဲနား သွားပြီးတော့ခုနအတိုင်း “မုန့်ဖိုးလေးပေးခဲ့ပါ အဒေါ်ကြီးတို့ရယ်´´ လဲဆိုရော၊ ထိုင်နေတဲ့(၃)ယောက်ထဲက (၁)ယောက်က မျက်နှာတည်တည်နဲ့ “ဟဲ့ ကလေးတွေ၊ ဒီမှာစားသောက်နေတာမမြင်ဘူးလား၊သွားဝေးဝေးသွား´´ ဆိုပြီး ဟောက်ပါလေရော၊ အဲဒီမှာ ကလေးနှစ်ယောက်ထဲက (၃)နှစ်အရွယ်ကလေးက လန့်ပြီးအသံပြဲနဲ့ငိုပါလေရော၊ ထိုအချိန်မှာ ခုနအဒေါ်ကြီး(၃)ယောက်ထဲက တစ်ယောက်က “ဟဲ့ ဟဲ့ ဒီမှာအသံပြဲနဲ့ရပ်ငိုမနေနဲ့၊ သွား သွား သွား´´ ဆိုပြီး ထပ်ဟောက်တော့ အကြီးကောင်လေးက ငိုနေတဲ့အငယ်လေးကိုလက်ဆွဲပြီး ပါးစပ်ကလည်းပွစီပွစိနဲ့ အကြီးကအငယ်ကိုပြောပြီး ထွက်သွားကြလေရဲ့။
အရှေ့ဆီကရောင်နီသန်းလို့ မနက်အလင်းထုကအမှောင်ကိုခွင်းပြီး တစ်နေ့တာရဲ့တံခါးစဖွင့်ပြီဆိုတာနဲ့ လူတွေလည်း အသက်မွေးဝမ်းကျောင်းဖို့ အလုပ်ကိုယ်စီ လုပ်ကြရတော့ပါတယ်၊ အဲဒီမှာ စား ဝတ် နေ ရေးဆိုတဲ့ အရေး(၃)ခုမှာ လူဟာအသက်ရှင်နေထိုင်ဖို့အတွက်ဝမ်းဖြည့်တင်း စားရဖို့က အဓိက ဖြစ်နေပါတယ်၊ ဒါကြောင့်လည်း အသက်ကိုဆက်ရှင်သန်နိုင်ရန် မိမိဝမ်းကိုအစာဖြည့်ဖို့ကျောင်းကြရင်း မွေးမြူရတာမို့ အသက်မွေးဝမ်းကျောင်း အလုပ်လို့ခေါ်ခဲ့ကြတာပါ။ မိုးမလင်းသေးဘူး ပဲပြုပ်သည်ကလည်း တောင်းရွက်လို့ “ပဲပြုပ် ပဲပြုပ်´´ လို့အော်ကာ ရောင်းနေရတာလဲ သူ့ရဲ့အသက်မွေး ဝမ်းကျာင်းအလုပ်ပေါ့၊ အစိုးရရုံးဝန်ထမ်း၊အရာထမ်းတွေ ထမင်းချိုင့်လေးကိုယ်စီဆွဲလို့ သက်ဆိုင်ရာရုံးဌာနကို သွားကြတာရော သူ့ရဲ့အသက်မွေး ဝမ်းကျောင်းအလုပ်ပေါ့၊ လက်သမား၊ပန်းရံစတဲ့ ဆောက်လုပ်ရေးလုပ်သားတွေ အင်ဂျင်နီယာတွေ လုပ်ငန်းခွင်မှာ သွားလုပ်နေကြတာရော သူရဲ့အသက်မွေး ဝမ်းကျောင်းအလုပ်ဘဲပေါ့၊ ကုမ္မဏိဝန်ထမ်းတွေ၊ ဆေးရုံဆေးခန်း ဆရာဝန်၊သူနာပြုနဲ့ ဝန်ထမ်းတွေရော အလုပ်ဌာနနဲ့ဆေးရုံသွားကြတာရော သူ့တို့ရဲ့ အသက်မွေးဝမ်းကျောင်းအလုပ် လုပ်နေကြတာဘဲမဟုတ်လား၊ တစ်ချို့ကောင်မလေးတွေ၊ကောင်လေးတွေ ညနေနဲ့ညဖက် ထီလက်မှတ်လေးတွေ ကိုင်ပြီး စားသောက်ဝိုင်းတွေကသူတွေကို ထီးထိုးဖို့ပြောဆို ထီရောင်းကြတာလည်း အသက်မွေးဝမ်းကြောင်းအလုပ် တစိတ်တဒေသဘဲမဟုတ်ပါလား။
ဒါဆိုလို့ရှိရင် “ထမင်းဖိုးလေး၊မုန့်ဖိုးလေးပေးပါလို့´´ လိုက်တောင်းနေကြတဲ့ ကလေးအရွယ် တောင်းရမ်းတဲ့အလုပ် လုပ်သူတွေကရော သူတို့အသက်မွေး ဝမ်းကျောင်းအတွက်အလုပ် လုပ်နေကြသူတွေဘဲလို့ခေါ်လို့ရတယ် မဟုတ်လားဗျာ၊ သူ့တို့ဘဝကိုစဉ်းစားကြည့်ရအောင် တစ်ချို့ကလေးတွေက ပင်ပင်ပန်းပန်း မလုပ်ချင်ကြလို့ လွယ်လွယ်ပိုက်ဆံရတဲ့အလုပ်ဖြစ်လို့ တောင်းရမ်းလုပ်ကိုင်ကြတယ်၊ တစ်ချို့က မတောင်းချင်ပေမယ့် လူကြီးတစ်တယောက် ကနောက်ကနေချုပ်ကိုင်ခိုင်းစေလို့တောင်းကြတယ်၊ တစ်ချို့ကြတော့လည်း ပင်ပင်ပန်းပန်းလုပ်ရမယ်ဆိုလည်းလုပ်ချင်ပေမယ့် ကလေးသူငယ်အရွယ်မရောက် သူကိုအလုပ်ခိုင်းဖို့ဆို စည်းကမ်းချက်တွေနဲ့မို့ အလုပ်ရှင်တွေကခေါ် မခန့်ပေမယ့် သူမိသားစုရဲ့ဝင်ငွေလိုအပ်ချက်အရ နောက်ဆုံးတောင်းရမ်းတဲ့အလုပ်ကို အသက်မွေးဝမ်းကျောင်းအလုပ်အဖြစ် လုပ်ဖြစ်သွားတာပေါ့လေ။ ဆိုလိုတာက သူတို့လေးတွေလည်း အကြောင်းအမျိုးမျိုးကြောင့် တောင်းရမ်းလုပ်ကိုင်စားကြ တာမို့ ကိုယ်ပေးချင်တဲ့ စေတနာရှိလည်း ပေးလိုက်ပေါ့၊ ကလေးတွေတောင်းရမ်းလို့ အကျင့်စာရိတ္တပျက်တာကိုအားမပေးချင်လို့ မထဲ့ချင်ဘူး မပေးချင်ဘူး ဆိုရင်လည်း “သွားလိုက်ပါအုံး´´ တို့ “မရှိသေးလို့´´ တို့ “ကန့်တော့ပါစေရဲ့´´ တို့ စသည်ဖြင့် ယဉ်ယဉ်ကျေးကျေး ကိုယ့်နားကမောင်းထုတ်လို့ ရပါတယ်၊ မနက်ကမြင်ကွင်းလို ဟောက်ဟိန်းနှိမ့်ချပြောတာကတော့ဖြင့်—။ဘာဘဲဖြစ်ဖြစ် သူတို့လည်း အသက်မွေးကျောင်းအလုပ် လုပ်နေကြသူများ လို့ပြောလို့မရဘူးလားဗျာ။ ကိုယ်ပိုင်အတွေးတစ်ခုပါ မှားချင်လည်းမှားနိုင်ပါတယ်။
ဖတ်ရှု့သူအပေါင်းကျေးဇူးပါ။
12 comments
Khaing Khaing
July 25, 2012 at 1:56 pm
သမီးတို့ မန်းလေးလာတုန်းက နံမည်ကြီးမြန်မာထမင်းဆိုင်မှာစားပြီး ကားပေါ်အတက်မှာ ကလေးတိုးလိုးတွဲလောင်းနဲ့ အဒေါ်ကြီးနှစ်ယောက်က ကားတဖက်တချက်စီကနေတောင်းနေပါတယ် …. ကျွန်မတု့ိခွဲယူပါမယ့် ကျွန်မတို့ကို မုန့်ဖိုးလေးပေးခဲ့ပါတဲ့ ……. တကယ်တန်းလာတောင်းသူမှန်သမျှကို ပေးချင်ပါတယ် …. ကိုယ်ပေးတာကြောင့် သူတို့အကျင့်စာရိတ္တတွေ ပျက်သထက်ပျက်ယွင်းသွားမှာလည်းစိုးမိတယ် …… ကိုယ်မပေးပေမယ့် ပေးတဲ့လူတွေရှိတာပဲဆိုပြီးတော့ ပေးမိပြန်ပါရော ………….
ko khin kha
July 25, 2012 at 2:14 pm
တကယ်တန်းလာတောင်းသူမှန်သမျှကို ပေးချင်ပါတယ် …. ကိုယ်ပေးတာကြောင့် သူတို့အကျင့်စာရိတ္တတွေ ပျက်သထက်ပျက်ယွင်းသွားမှာလည်းစိုးမိတယ် …… ။
ပေးကမ်းစွန့်ကြဲရမယ်လို့မဆိုလိုပါဘူး မခိုင်ရယ်၊ ကိုယ်မပေးချင်လဲ အေးအေးဆေးဆေးပြောပြီး သွားခိုင်းစေချင်တာပါ၊ ကျွန်တော်လည်းအမြဲမပေးဖြစ်ပါဘူး။
shwe kyi
July 25, 2012 at 2:38 pm
မနက်စောစောစီးစီးဆိုရင်တော့ နိုင်သလောက်လေးလှူဖြစ်ပါတယ်။
တချို့ကလေ ချိုချိုသာသာပြောရင်လုံးဝကိုဂရုမစိုက်တာ အတင်းတွယ်ကပ်ပြီး လက်နဲ့တို့တောင်းတာ
သိပ်စိတ်ညစ်ရတယ်။ ကိုယ့်ကိုအော်ငေါက်ရင်လည်းလုံးဝမကြိုက်လို့သူများကိုလည်းမအော်မိအောင်သတိထားဖြစ်ပါတယ်။
ko khin kha
July 25, 2012 at 2:47 pm
မရွှေကြည်ရေ။
ကလေးတွေတောင်းတာကိုဆိုလိုတာနော် အသက်အရွယ်ပြည့် လူကြီးသန်သန်မာမာတွေကတော့
အလုပ်လုပ်ပေါ့၊ အသက်ကြီးတဲ့သူတွေကတော့ လှုသင့်ပါတယ်။
eipu
July 25, 2012 at 3:46 pm
သမုဒ္ဒရာ ဝမ်းတစ်ထွာ ဆိုပေမယ့်လည်း ………………….
တထွာမကကျယ်တယ်နော်
မောင်ပေ
July 26, 2012 at 1:45 pm
ကိုခင်ခ က မှ စိတ်ကောင်းစေတနာကောင်းရှိလို ့၂၀ဝ ပေးတာ ဟုတ်သေးတယ်
ကျုပ်ဆိုရင် လာတောင်းတဲ့ ကလေးမှန်သမျှ ၊ အလုပ်ပေးမယ်ဆိုပြီး ဇွတ်ခေါ်တာဘဲ
အဲ့လို ခေါ်လိုက်ရင် ထွက်ပြေးကြတာ
တန်းနေတာကလား
ဟားဟား
mamanoyar
July 26, 2012 at 1:54 pm
ကိုခင်ခ ပြောတာလဲမှန်ပါတယ်
ချိုချိုသာသာပြောတော့ သူတို့လဲနားခံသာတာပေါ့
ကိုယ်လဲ အဲလိုလာတောင်းရင် ပေးချင်ပါတယ် ဒါပေမယ့်
တောင်းတဲ့သူက တစ်ယောက်နှစ်ယောက်လောက်ပဲဆိုရင်တော့
တစ်ရာမကဘူး တစ်ထောင်ဆိုလဲ ပေးချင်ပါတယ်
အခုဟာက တောင်းတဲ့သူတွေက များလွန်းနေတော့ စိတ်ကတိကအောက်ဖြစ်ရပါတယ်
တစ်ယောက်ကို တစ်ရာလောက်ပေးလိုက်ရင်လဲ နောက်လူတွေက ဝိုင်းနေကြတော့တာပဲ
pan pan chit
July 26, 2012 at 1:57 pm
ပေးတော့ပေးပါတယ်၊ ပေးချင်မှလည်းပေးတယ်
ဝါးဆစ်လေးတွေနဲ့ပဲဖြစ်ဖြစ် သီချင်းလေးအော်ဆိုတဲ့ကလေးမျိုးဆို မတောင်းလည်း လှမ်းခေါ်ပေးတယ်
ပြီးတော့ ပိုပေးတတ်တယ်
အလကားမယူလိုတဲ့စိတ်ရှိတယ်ဆိုပြီး သဘောကျလို့ပါ
မွန်မွန်
July 26, 2012 at 2:38 pm
ko khin kha ရေ…
ရယ်စရာအရင်ပြောလိုက်ဦးမယ်…
လှည်းတန်းမှာ ငါးကင်စားရင် ကလေးတွေ လာတောင်းကြတယ်။ ခေါင်းလေး ပေးပါတဲ့။ အဲဒါမှ ပြဿနာပဲ။ ကိုယ်က ငါးဆို ခေါင်းပဲကြိုက်တာ။ ဘယ်လိုပြောရမှန်းလဲမသိဘူး။
အစားစားနေရင် ကိုယ်စားနေတဲ့အစားအသောက်ကို ဘေးက အဲဒီလိုလာတောင်းတာ ရိုင်းတယ်လို့ ပြောလို့ရမလားမသိဘူး။ ပိုက်ဆံလာတောင်းတာက အကြွေမရှိသေးဘူး ဘာညာနဲ့ ငြင်းလို့ရသေးတယ်။ ခုနကလို အစားကို လာတောင်းတာကြတော့ စိတ်တိုမိတယ်။ စားပြီးလို့ ကျန်နေတာဆို တစ်မျိုးပေါ့နော်။ တကယ်ကို ဘာပြန်ပြောရမှန်းမသိဘူး။ ဒီမှာစားနေတာ မမြင်ဘူးလား လို့ပဲ ပြန်ပြောမိတယ်။
ဘယ်သူတွေ သင်ပေးလိုက်တာလဲတော့ မသိဘူး။
အဲဒီလို ပြဿနာတွေကို ဘယ်လိုရှင်းရပါ့….
ko khin kha
July 26, 2012 at 2:46 pm
မွန်မွန်ရေ–
အဲလိုဆိုတော့လည်း အခက်သားနော်၊ ကျွန်တော်လည်းဘာပြောပေးရမှန်းကိုမသိတော့ပါဘူးဗျာ၊
တင်ထားတဲ့ပိုစ့်တောင် စက္ကူလေးဆိုဖြုတ်ပြီးသိမ်းထား လိုက်ချင်တော့တာဘဲ၊
တောင်းစားကြပုံကလည်း မျိုးစုံပါလားနော်။ ဒုက္ခ ဒုက္ခ ဒုက္ခ။
MaMa
July 26, 2012 at 7:09 pm
ကိုခင်ခရဲ့ တောင်းရမ်းစားသောက်နေတဲ့ ကလေးတွေကို မြင်တဲ့အမြင်ကလေးကလည်း တမျိုးကောင်းပါတယ်။
အမှန်တကယ် စားဝတ်နေရေးအတွက် အခက်အခဲဖြစ်နေတဲ့သူဆိုရင် ကိုယ့်အတွက် မပင်ပန်းတဲ့ ပမာဏမို့ ပေးချင် လှူချင်ပါတယ်။
ဒါပေမယ့် အဲဒီရဲ့ အကျိုးဆက်အနေနဲ့ အလွယ်တကူ တောင်းရမ်းစားသောက်နေကြတဲ့အခါကျတော့ ဘဝတွေ နိမ့်ကျကုန်ပြန်ပါရော။ကိုခင်ခ ပြောသလို လာတောင်းတဲ့သူကို ဟိန်းဟောက်လွှတ်တာကိုတော့ နိုင့်ထက်စီးနင်းဆန်လို့ မကြိုက်ပါဘူး။
ပြောရမယ်ဆိုရင် ပေါက်ပင်ဘာကြောင့် ကိုင်းရတယ် ဆိုသလို ဖြစ်နေမယ်ထင်တယ်။ [:(]
TTNU
July 26, 2012 at 9:08 pm
ကိုခင်ခရေ…
တီချာကြုံတွေ့မိတာက ကိုရင်ပေါက်စတွေ။
ဈေးထဲမှာ ဈေးဝယ်နေသူတွေအနားအတင်းတိုး။ သပိတ်နဲ့တို့ပြီးအလှူခံပါတယ်။
ကန်တော့ပါသေးရဲ ့ ပြောတာများ မကြားသလိုလုပ်ကြတယ်။ တစ်ပါး၊နှစ်ပါးလောက်ဆို
မြန်မြန်အလှူငွေထည့်ပေးလိုက်ချင်ပေမဲ့ နောက်ထပ် ဈေးဝယ်မရလောက်အောင်
လိုက်တို့မည့်သူများရှိသေးတာ။
တစ်ချို ့ ကိုရင်ပေါက်စလေးတွေက ” ဒကာမကြီး၊ စာအုပ်ဖိုးလေး” တဲ့။ တီချာလည်း တစ်ခါ
မှာတော့ ရယ်ချင်တာနဲ့ ကိုရင် ဘာစာဝါတွေဖတ်နေတာမို့လဲ၊ တွတ်ပီဖတ်ဖို့လားလို့ မေးမိလို့
ဘေးကပါလာတဲ့ ကြီးဒေါ်ကြီးအဆူခံလိုက်ရတယ်။
ဒီတော့…. အပေါ်က မမပြောသလိုပါပဲ… ပေါက်ပင်ဘာကြောင့် ကိုင်းရတယ် ?????