သင့်အပြော ချိုမြိန်သလား?
ဒီမနက် ဖေဖေအိမ်ရာထတော့ အိမ်မှာဘယ်သူမှ ရှိမနေဘူး။ ဒါနဲ့ သမီးမေမေရဲ့ဟမ်းဖုန်းကို ကောက်ဆက်ေတော့ ဖုန်းကို သမီးကကိုင်တယ်။
“သမီးတို့ ဘယ်သွားနေကြတာလဲ?”လို့ ဖေဖေမေးတယ်။
“ဒီနေ့ တရုတ်စာသင်တန်းရှိတယ်ဆိုတာ မသိဘူးလား?” ဖုန်းတစ်ဘက်က သမီးအသံကို ကြားလိုက်တယ်။ “ဆရာမအိမ်အသွားလမ်းမှာ ရောက်နေတယ်” လို့ သမီးပြောတယ်။
ညစာထမင်းစားချိန်မှာ ကြောင်အိမ်ထဲက ဘီယာပုလင်းကိုယူဖို့ ဖေဖေ မီးဖိုထဲရောက်လာတယ်။ အဲဒီအချိန်မှာ သမီးလည်းရောက်လာပြီး ဖေဖေရှေ့ကနေ တစ်ခုခုယူဖို့ ကြောင်အိမ်ကိုဖွင့်တယ်။
“သမီး ဘာယူမလို့လဲ?” ဖေဖေအမေးကို သမီးက ပြန်မဖြေဘဲ ကြောင်အိမ်ထဲကနေ ပန်းကန်တစ်ချပ်ယူပြီး ဖေဖေ့မျက်စိရှေ့ဝှေ့ယမ်းပြတယ်။ ပြီးတော့ လှည့်ထွက်သွားခဲ့တယ်။
မနက်မှာ သမီးကျောင်းသွားဖို့ ပြင်ဆင်ရတာမို့ ဖေဖေစကားများများ မပြောခဲ့ဘူး။ သမီးစိတ်ခံစားချက် ပျက်ပြားမှာစိုးလို့ ညနေ ထမင်းမစားခင်မှာလည်း ဖေဖေမပြောခဲ့ဘူး။ ဒါပေမယ့် သမီးကို ဖေဖေအသိပေးစကားပြောဖို့ အချိန်တန်နေပြီ။
သမီးမူကြိုတက်စမှာ မိဘတွေကို ကျောင်းကအသိပေးစာတစ်စောင် ပို့ပေးခဲ့တာ သမီးမှတ်မိသေးလား? အဲဒီအသိပေးစာမှာ မိဘတွေဟာ ကလေးငယ်တွေနဲ့ဘယ်လိုပြောဆိုဆက်ဆံရမလဲဆိုတာ လမ်းညွှန်ထားတယ်။
“ကလေးငယ်တွေဟာ တိုက်ရိုက်ပြောတဲ့၊ ဟုတ်မှန်တဲ့စကားတွေကို နားထောင်တယ်” လို့ အသိပေးစာမှာ ရေးထားတယ်။
“အန္တရာယ်ဖြစ်စေနိုင်တဲ့ အပြုအမူကို ကလေးတွေပြုလုပ်မိတဲ့အခါ လူကြီးတွေက “အမြင့်ပေါ်တက်နေတာ သေချင်နေလား?” လို့ မဆူပူသင့်ဘူး။ လူကြီးအပြောကို ကလေးတွေနားမလည်ဘဲ ဘာလုပ်ဘာကိုင်ရမှန်း မသိဖြစ်တတ်တယ်။ လူကြီးတွေရဲ့ ခက်ထန်တဲ့မျက်နှာထားကြောင့် အစက မြဲမြဲကိုင်ထားတဲ့ ကလေးငယ်ရဲ့လက်ဟာ လန့်ပြီးလွှတ်ချတာတို့၊ လက်လွတ်လိုက်တာတို့ ဖြစ်တတ်တယ်။ ဒါကြောင့် လူကြီးတွေက ကလေးတွေကို “မြန်မြန်ဆင်းခဲ့ အန္တရာယ်ရှိတယ်”ဆိုတဲ့ တိုက်ရိုက်စကား၊ နားထောင်ရုံနဲ့ သူတို့နားလည်လွယ်တဲ့ တည့်စကားကို ပြောပေးရမယ်။
မကြာသေးခင်က သမီးတို့ကျောင်းမှာ စာရွက်တစ်ရွက်ဝေတာ သမီးမှတ်မိလား? အဲဒီစာရွက်ပေါ်မှာ လိမ္မာယဉ်ကျေးတဲ့စကားတွေ ဘယ်လိုပြောရမယ်ဆိုတာ သင်ထားတယ် မဟုတ်လား? စာရွက်ပေါ်မှာ “Nice Expressions”လို့ ရေးထားတယ်။
(Please)
(Thank You.)
(Excuse Me.)
(I am Sorry.)
(How Are You Doing?)
(Have A Good Time!)
(That Is Really Nice.)
(Let’s Take Turns.)
(I’ll Share with you.)
(Come And Sit With Us.)
(Can I Help You With That?)
(Come And Play With Us.)
(You Are A Good Friend.)
(It’s Your Turn Now.)
(You Are Very Good At That.)
(I Like Your Idea.)
(I Understand How Yon Feel.)
(There Is Always Room For you.)
(I’ll Show You Now.)
(Good Luck.)
အဲဒီစာရွက်ကို သမီးယူလာတုန်းက ဖေဖေတော်တော် အံ့ဩသွားခဲ့သေးတယ်။
“အမလေး… အလယ်တန်းတက်တော့မယ့် ကလေးတစ်ယောက်ကို ဒီလိုအခြေခံတွေ သင်နေသေးတယ်” လို့ ဖေဖေပြောခဲ့တယ်။
ဒါပေမယ့် ဒီနေ့မှာ ဖေဖေနားလည်လိုက်ပါတယ်။ ကလေးတွေဟာ ကြီးပြင်းလာတာနဲ့အမျှ ကိုယ်ပိုင်အသိ၊ အမြင်တွေရှိလာတယ်။ တဖြည်းဖြည်း အရွယ်ရောက်လာလေ ယဉ်ကျေးသိမ်မွေ့တဲ့ အပြောတွေ သင်ပေးရလေဖြစ်တယ်။ ဒါကို ဖေဖေ သာဓကပြရရင် ဒီမနက် ဖေဖေကို သမီးပြောခဲ့တဲ့စကားတွေက ယဉ်ကျေးသိမ်မွေ့ပါသလား?
“သမီးတို့ ဘယ်သွားနေကြတာလဲ”လို့ ဖေဖေမေးတုန်းက “တရုတ်စာသင်တန်းသွားတဲ့ လမ်းပေါ်မှာပါ” လို့ ဘာလို့ သမီးတိုက်ရိုက်မပြောဘဲ “ဒီနေ့ တရုတ်စာ သင်တန်းရှိတယ်ဆိုတာ မသိဘူးလား?” လို့ နားထောင်ရခက်တဲ့စကားကို သမီးပြောခဲ့တာလဲ?
သမီး… သမီး ကြီးပြင်းပြီး အရွယ်ရောက်နေပါပြီ။ စကားပြောနည်းတွေကို သမီးနားလည်သင့်နေပြီ။ စကားပြောတတ်တဲ့လူတွေဟာ နားထောင်ရခက်တဲ့၊ ရန်လိုတဲ့စကားတွေနဲ့ တစ်ဘက်လူကို ဖိအားပေး မပြောတတ်ကြဘူး။
တကယ်လို့ ဒီနေ့ ရာသီဥတုအေးတယ်ဆိုပါစို့ ၊ သမီးက အနွေးထည်မဝတ်ဘဲနေရင် သမီးမေမေက “ခဲပြီး သေသွားချင်လား?” လို့ သမီးကိုအော်မယ့်အစား “ဒီနေ့ အေးတယ်။ အင်္ကျီများများဝတ်ထား” လို့ပြောရင် သမီးဘယ်လို ခံစားရမလဲ?
တကယ်လို့ ကျောင်းခန်းထဲမှာ သမီးပြတင်းပေါက်ဖွင့်ထားရင် သူငယ်ချင်းတွေက “နင်မချမ်းဘူးလား? နင်မချမ်းလည်း ငါတို့ချမ်းတယ်” လို့ ပြောမယ့်အစား “ပြတင်းပေါက် ပိတ်လိုက်နော်၊ အအေးမိနေဦးမယ်” လို့ ဂရုစိုက်စကားဆိုရင် သမီးဘယ်လို ခံစားရမလဲ?
“အင်္ကျီများများဝတ်”၊ “ပြတင်းပေါက်မဖွင့်နဲ့” ဆိုတဲ့စကားတွေက အကောင်းဘက် (positive)က စကားတွေဖြစ်တယ်။ သမီးမူကြိုတက်တုန်းက သမီးနဲ့ပြောဆိုဖို့ ဖေဖေတို့ကို ဆရာမတွေ သင်ပေးထားတဲ့အတိုင်းပဲ သမီး။
အဲဒီစကားတွေဟာ သမီး မရှင်းလင်း၊ မရိုးရှင်းတဲ့ “အမေးစကား” တွေထက်စာရင် ပိုကောင်းတယ် မဟုတ်လား?
နောက်ပြီး ရှင်းလင်းတဲ့ တဲ့တိုးစကားအများကို “အမေးစကား”အဖြစ် သမီးပြောင်းသုံးလို့ ရနေတာပဲ မဟုတ်လား?
သာဓကပြရရင် “sorry, သမီးခဏ အပြင်ထွက်လို့ ရနိုင်မလား?”
“sorry, တစ်မိနစ်လောက် အချိန်ပေးနိုင်မလား?”
“sorry, နောက်တစ်ခေါက် ထပ်ပြောပေးနိုင်မလား?”
“ငရုတ်ကောင်း ပုလင်းကို ကျေးဇူးပြုပြီး ကမ်းပေးနိုင်မလား?”
ဒီလို မေးခွန်းစကားတွေဟာ လူတွေကို “အပြစ်ပြောနေတာ မဟုတ်ဘူး”
“ကျွန်မ ကိစ္စရှိလို့ မသွားမနေရ သွားရမှာ” လို့ ကိုယ့်ကိုယ် အပြစ်ပြောနေတာဖြစ်တယ်။
“ကျွန်မ မေးစရာရှိလို့၊ မနှောင့်ယှက်ချင်ဘဲ နှောင့်ယှက်မိတာပါ”
“ကျွန်မ သိပ်နားမရှင်းလို့ နောက်တစ်ခေါက် ထပ်ပြောခိုင်းမိတာပါ”
“ဝေးလွန်းလို့ ရှင့်ကို အကူအညီတောင်းရတာပါ” စတဲ့စကားတွေဟာ
“ကျွန်မ ကိစ္စရှိလို့ သွားရမယ်”
“ကျွန်မ တစ်ခုမေးချင်တယ်”
“နောက်တစ်ခေါက် ထပ်ပြောပါ”
“ငရုတ်ကောင်း ပုလင်းပေးပါ” ဆိုတဲ့ စကားတွေထက် ပိုမယဉ်ကျေးဘူးလား သမီး?
နောက်ပြီး ညစာမစားခင် မီးဖိုထဲ သမီးပန်းကန်လာယူတဲ့ ကိစ္စကိုပြောချင်တယ်။
မျက်နှာအမူအရာ၊ အသံ (ဥပမာ- ဟင့်၊ အင်း၊ ဟေ့) စတာတွေနဲ့ တခြားလူကို ခိုင်းစေတဲ့လူတွေဟာ မယဉ်ကျေးကြဘူး သမီး….
အနောက်တိုင်းမှာလည်း အတူတူပဲ။ တခြားလူကို ခိုင်းစေတော့မယ်ဆိုရင် အသံမပါဘဲ အမူအရာနဲ့သာ ခိုင်းစေတာဟာ လုံးဝမယဉ်ကျေးဘူး။
ဥပမာနဲ့ပြောရရင် စားသောက်ဆိုင်မှာ စားသောက်နေတုန်း ရေနွေးကြမ်းကုန်သွားတယ်ဆိုပါစို့။ ဆိုင်ဝန်ထမ်းကို “ကျေးဇူးပြုပြီး ရေနွေးထပ်ထည့်ပေးနိုင်မလား?” လို့ သမီးပြောသင့်တယ်။
ဒါမှမဟုတ် ဖန်ခွက်ကိုထိုးပြပြီး လွယ်ကူတဲ့စကားနဲ့ “ကျွန်မ…ရနိုင်မလား?” (May I?)လို့ မေးသင့်တယ်။ ဆိုင်ဝန်ထမ်းက ကိုယ်နဲ့ဝေးဝေးမှာရှိခဲ့ရင် တခြားလူအနှောင့်အယှက်ဖြစ်အောင် မအော်ခေါ်ရသလို ခွက်အလွတ်ကို လက်ညှိုးထိုးပြပြီး ခိုင်းစေလို့ မရဘူးသမီး… တကယ်လို့ ခွက်အလွတ်ကိုထိုးပြပြီး စကားမပြောခဲ့ရင်တောင် သူ့ကိုကြည့်ပြီး သမီးပြုံးပြရမယ်။
ဘဏ် ဒါမှမဟုတ် စာတိုက်ကို သမီးရောက်ခဲ့ရင် မှန်ပြတင်းနောက်မှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေကို ခေါ်ချင်ရင် မှန်ကိုခေါက်ပြီး သမီးမခေါ်သင့်ဘူး။ စကားအပြောနဲ့ ခေါ်သင့်တယ်။ တကယ်လို့ မှန်ပြတင်းခေါက်မှ သူတို့ကြားနိုင်မယ်၊ သိနိုင်မယ်ဆိုရင်လည်း ခေါက်ပြီး “ဆောရီး… အနှောင့်အယှက်ပေးမိပြီလား” ဆိုတဲ့ စကားတစ်ခွန်းတော့ ပါရလိမ့်မယ်။
အခု သမီးသေချာပြန်စဉ်းစားကြည့်ပါ။ ဖေဖေ ဘာကိုဆိုလိုချင်သလဲဆိုတာ သမီး သဘောပေါက်ပြီလား?
ညစာစားတုန်းက ဖေဖေ့ရှေ့ကနေ သမီးပန်းကန်လှမ်းယူချိန် ကိုယ်တိုင်ယူပြီးသည့်တိုင် “ဖေဖေ… သမီးကို ပန်းကန်တစ်ချပ်ပေးနိုင်မလား?” လို့ သမီးပြောသင့်တယ်။
သမီးဘာယူမလို့လဲလို့ ဖေဖေမေးတာကို “ပန်းကန်ယူမလို့”လို့ သမီးပြောသင့်တယ်။ ပန်းကန်ယူပြီး ဖေဖေမျက်နှာရှေ့ ဝှေ့ယမ်းပြရမှာ မဟုတ်ဘူး။
နောက်ဆုံး စိတ်ဝင်စားစရာအရာနှစ်ခု သမီးကို ဖေဖေပြောပြချင်တယ်။
ဖေဖေဂုဏ်ထူးတန်းတက်တုန်းက စားသောက်ဆိုင်မှာ အလုပ်လုပ်နေတဲ့ သူငယ်ချင်းတစ်ယောက်က ဖေဖေကို လာပြောတယ်။
“တကယ်လို့ ဆိုင်မှာလာစားတဲ့ ဧည့်သည်ဟာ မျက်နှာထားတင်းမာပြီး မျက်နှာအမူအရာနဲ့ပဲ ခိုင်းစေမယ်ဆိုရင် သူစားမယ့်ဟင်းထဲ ငါတံတွေး ထွေးထည့်ပစ်လိုက်တယ်”
နောက် ကောင်စစ်ဝန်ရုံးမှာ အလုပ်လုပ်တဲ့ သူငယ်ချင်းတစ်ယောက်က “ပြတင်းပေါက်ခေါက်ပြီး ခေါ်တဲ့လူကို ငါလုံးဝမကြိုက်ဘူး။ ငါဟာ တိရစာ္ဆန်ရုံထဲက တိရစာ္ဆန်တစ်ကောင်မဟုတ်ဘူး။ ပြတင်းပေါက်ခေါက်ပြီး ခေါ်ရင် ငါအလုပ်များချင် ဟန်ဆောင်နေလိုက်ပြီး သူ့ကို စောင့်နေစေတယ်။ သူဆက်တိုက်ခေါက်ပြီးခေါ်ရင် ငါသူ့ကို စရစ်တယ်၊ အပြစ်ရှာလိုက်တာပဲ” လို့ပြောတယ်။
သူတို့နှစ်ယောက်ရဲ့ အမူအကျင့်တွေဟာ မကောင်းဘူးလို့ ငြင်းလို့မရဘူး။ ဒါပေမယ့် ကိုယ့်ကိုယ်တိုင်ကရော ဒီအမူအကျင့်တွေကို မသိနိုင်ဘူးလား? သတိမထားနိုင်ဘူးလား? မယဉ်ကျေး၊ မသိမ်မွေ့ရင် ကိုယ်ပဲ အမြဲနစ်နာဆုံးရှုံးရတယ်။ ကိုယ်အင်္ဂါရုပ်ရည်ကို ဖေဖေတို့ ပြောင်းလဲလို့မရနိုင်ပေမယ့် အဲဒီရုပ်ရည်ပေါ်မှာ အပြုံးတွေတော့ ဖေဖေတို့ ဆင်မြန်းနိုင်ကြပါတယ် သမီး….
source: 99sanay
2 comments
လင်းငယ်
August 28, 2010 at 2:53 pm
Nowadays the relation between the parent and his generation is vitally important to lead the future.
naw2lay
October 7, 2010 at 9:43 am
အင်မတန်ကောင်းတဲ့ ပညာပေးနည်းလေးပါ အဲလို ယဉ်ကျေးတဲ့စကားလေးနဲ့ဆိုတော့ တဖက်သားစိတ်ကိုလဲပျော်စေတာပေါ့