ပြည်တွင်းစစ်
ပြည်တွင်းစစ်
……………………………………..
ငါ့အိပ်မက်ကိုလည်းမက်ခွင့်ပြုပါ
မင်းအိပ်မက်ကိုလည်းခံစားခွင့်ပြုပါ
ရာသီတွေကမတည်ငြိမ်သေးဘူး
ကောင်းကင်ယံကကြယ်စင်တွေလည်းကြွေနေဆဲပေါ့။
လင်းကြက်တွန်သံတွေကခက်တိတ်တိတ်ပါပဲ
တည်ငြိမ်သလို မတည်ငြိမ်သလိုရေလှိုင်းကြားက
ဗေဒါပင်ငယ်လေးတွေကလက်လှုပ်လှုပ်
သံစဉ်လို်က်ဖို့စောင့်နေကြသူတွေကအများသား
ရေးလိုက်ခြစ်လို်က်ကြတဲ့ကျောင်းသားလေးတွေ
“ယုံလိုက် ယုံလိုက်”လို့ဆိုပြီးရေထဲဆင်းသွားကြတာ
ပြန်လာတော့ ငါးစာ တွေနဲ့ပေါ့..။
ချက်မယ် ပြုတ်မယ်ဆိုတုန်းအိုးဖွင့်လို်ကတော့
ကြွက်မစုံတွဲကစိတ်ဆိုးသွားပြန်ပါလေရော
ခက်မိပါရဲ…………….
အပြင်ဘက်ကိုကြည့်မိတော့လည်း
နွားသိုးတစ်ရှည်းကမျက်စောင်းတွေထိုးလို့ပါလား
တငွေ့ငွေ့လောင်နေတဲ့စပါးကျီတိုက်ကြီးကို
မကြည့်မိဖို့လည်းအားတွေတင်ထားနေမိပြီ၊
သားသားဗိုက်ဆာပြီဖေဖေ
သမီးထမင်းစားချင်တယ်ဖေဖေ
သံစဉ်မညီ၊ကဗျာမပီတဲ့အသံဗလံတွေက
ငါ့နားထဲမှာပဲ့တင်ထပ်လို့ပေါ့…။
တဝုန်းဝုန်း တဒိုင်းဒိုင်းအသံတွေကြားမှာ
ကိုယ်ထည်တစ်ခုကိုဘေးမှာလွယ်ရင်း
ချောင်ကျကျနေရာလေးတစ်ခုမှာ
ဖျာစုတ်လေးတစ်ခုကိုခင်းရင်း
ဟောင်းနွမ်းတဲ့စောင်လေးခြုံကာ
အိပ်မက်တစ်ခုကိုမက်နေခဲ့မိပါရဲ့
အဲဒါ………………..
“ပြည်တွင်းစစ်တွေငြိမ်းချမ်းပါရစေ”တဲ့…။
7 comments
ဇွဲမာန်(အင်းဝ)
July 30, 2012 at 12:16 am
“ပြည်တွင်းစစ်တွေငြိမ်းချမ်းပါရစေ”
နေ ့သစ်/ ဘဝသစ်
July 30, 2012 at 8:47 am
ခံစားရပါတယ်ဗျာ။ ထာဝရ ငြိမ်းချမ်းရေးကို
မျှော်လင့်မိပါတယ်။
မောင်ပေ
July 30, 2012 at 9:06 am
ပြည်တွင်းစစ်
အတိအလင်း လစ်
မြင်ကွင်း နစ်
ရင်တွင်း မချစ်
မမ အညာသူ
July 30, 2012 at 9:32 am
ဆူပူမှု့ကိုမလိုလား ငြိမ်းချမ်းမှု့ကိုလိုလားသည်
ဝရမ်းပြေးဘခက်
July 30, 2012 at 9:53 am
ငြိမ်းချမ်းရေးကို မွတ်သိပ်စွာ တောင့်တမိပါ၏—
သို့သော်—
ပြည်ထောင်စုကို အသက်ပေးလို့ ဒို့ ကာကွယ်မလေ
– – – –
ဒို့ တာ ဝန် ပေ ဖြစ်ပါ၏–
kai
July 30, 2012 at 1:16 pm
ပြည်တွင်းမှာ စစ်တွေ
ထထဖြစ်နေခဲ့တာ အနော်ရထာလက်ထွက်ရယ်ပေါ့
နှစ်ကတွက်ရင် ကိုးရာကျော် တထောင်နား
အစဉ်မနား ပြည်တွင်းစစ် ဖြစ်ခဲ့ရစ်တယ်
မြန်မာနဲ့မွန်။ ရှမ်းနဲ့မြန်မာ။ရခိုင်နဲ့မြန်မာ
မြန်မာနဲ့တရုတ်။ ကုလားနဲ့မြန်မာ
ချည်တိုင်မှာ တည်ကာရှိနေတာမြန်မာ
မြန်မာယုံကြည်တာစစ်
ငြိမ်းချမ်းရေးကို နှစ်ပေါက်အောင်မထားဘူး
ချစ်တဲ့စစ်ရယ် နှစ်မနား ဖြစ်တဲ့အခါ
နစ်ခံရတဲ့ အဖမြန်မာပြည်။
အမှန်မယိမ်း သိမ်းပြောရင်ဖြင့်
ဝါဒစွန်းရောက် အယူမှောက်လို့ဖြစ်တဲ့
အစွန်းရောက်တို့ရဲ့ မှောက်မှားတဲ့မြေ
မထောက်ထား သမိုင်းဆောင်
နှစ်၁ထောင် ရှိဖြစ်တဲ့ကျိန်စာ
စစ်ချစ်သူတို့ကို.. အမှာပါးမယ်
နှစ်၁ထောင်ရှိနေတဲ့ ကျိန်ဆဲထားသူတို့ရဲ့စာ။ ။
kai
July 30, 2012 at 1:31 pm
မြန်မာတို့ ဗဟိုမြန်မာနိုင်ငံအတွင်း ဝင်ရောက်နေထိုင်ခြင်း
ရေးသူ- ဒေါက်တာသန်းထွန်း
အရှေ့တောင်အာရှ မြို့နိုင်ငံတွေကို ဝင်ရောက်လုယက် ဖျက်ဆီးခဲ့တဲ့ နန်ကျောင်စစ်တပ်ကြီးမှာ မန်းမန်တွေ ပါတယ်။ မြန်မာနိုင်ငံမှာ ခရစ် ၈၃၂ နဲ့ ၈၃၅ အတွင်း လုယက်ဖျက်ဆီးတယ်။ မန်းမန် တပ်သားတွေဟာ သတ္တိရှိတယ်။ သစ္စာရှိတယ်လို့ ဂုဏ်သတင်းကြီးတယ်။ မန်းမန် တပ်သားတယောက်ကို ဖမ်းဆီးရမိတဲ့အခါမှာ ဘယ်လိုပဲ ရိုက်နှက်စစ်ဆေးပေမယ့် စစ်တပ်ရဲ့ အရေးပါတဲ့ လျှို့ဝှက်ချက်တွေကို မေးမရပါ။အဲဒီ လူတွေဟာ စစ်တိုက်ခိုက်တာကို အစကပဲ နှစ်သက်သူတွေ ဖြစ်ပေမယ့် နန်ကျောင်ခိုင်းသလို အကြာကြီး လှည့်လည် လုယက်တိုက်ခိုက်နေလို့ မဖြစ်နိုင်လို့ သဘောပေါက်လာတယ်။ ဒါကြောင့် ခရစ် ၉ရာစုနှစ် လယ်က စပြီး နန်ကျောင်အုပ်စိုးတဲ့ ပြည်နယ်ထဲက ထွက်ခွါလာခဲ့တယ်။ အရှေ့တောင် အာရှတခွင် နေရာအများကို ရောက်ဖူးပြီး ဖြစ်ပေမယ့် ဗဟိုမြန်မာနိုင်ငံ မြေပြန့်ဒေသတွေကိုသာ သူတို့ရဲ့ အိုးအိမ်သစ် ထူထောင်ဖို့ ကောင်းတဲ့နေရာလို့ ရွေးချယ်လိုက်တယ်။ ပူအိုက် စွတ်စိုပြီး ငှက်ဖျားရောဂါနဲ့ သေတတ်တဲ့ ရပ်ရွာဒေသကို ကြောက်လို့ ပူအိုက်ခြောက်သွေ့တဲ့ ဒေသကို ရွေးချယ်ခဲ့တာ ဖြစ်တယ်။
မြန်မာနိုင်ငံနယ်မြေကို သိတဲ့အပြင် ရှိရင်းစွဲလူမျိုးတွေအကြောင်းကိုလည်း သိလို့ သူတို့ဝင်လာတာကို မခုခံမဲ့ လမ်းက ဝင်တယ်။ သံလွင်မြစ်ကို စုန်ဆင်းပြီး မြောက်ပိုင်း ရှမ်းပြည်နယ်ကိုကျော် အရှေ့တောင်ထောင့်က ဖြတ်ဝင်တယ်။ အဲဒီနောက် စားသုံးရန် ကောက်ပဲသီးနှံ အများဆုံးထွက်တဲ့ ကျောက်ဆည်နဲ့ မင်းဘူးဒေသတွေကို သိမ်းယူတယ်။ မြောက်ဘက်မှာ မန္တလေးဝန်းကျင်၊ တောင်ဘက်မှာ မိချောင်းရဲဝန်းကျင်တွေမှာ အစောင့်တပ် ချထားတယ်။ ဒါကြောင့် မြန်မာတွေ ဝင်ရောက်လာတာဟာ စစ်တပ်နဲ့ ပြည်နယ်သိမ်းယူလိုက်တဲ့ သဘော ဖြစ်နေပါတယ်။ မွန်၊ ကဒူး၊ ပျူ၊ သက်၊ ပေါင်လောင်း နဲ့ စကြောလူမျိုးတွေ ရှိပြီးဖြစ်တဲ့ အလယ်ပိုင်း မြန်မာနိုင်ငံကို သိမ်းရာမှာ လွယ်ကူပါတယ်။ နိုင်ငံသစ်ရဲ့ ဗဟိုအရပ်ကို ပုဂံဟု သတ်မှတ်လိုက်တယ်။ ခရစ် ၉ ရာစုနှစ် အလယ်မှာ မြန်မာတွေက မြန်မာရဲ့ ခြောက်သွေ့တဲ့အရပ်မှာ အခြေချပြီး ဖြစ်သွားပါတယ်။
ခြောက်သွေ့အရပ်မှာ နေဖို့ ဆုံးဖြတ်တာဟာ မိုးများတာကို မကြိုက်လို့ ဖြစ်တယ်။ ပျူ၊ ပေါင်လောင်နဲ့ မွန်တွေကိုလည်း လွယ်လွယ်နဲ့ တိုက်ခိုက်နှိမ်နင်း နိုင်ပါတယ်။ မကြာခင် ရှိရင်းစွဲ လူမျိုးတွေရဲ့ ဓလေ့ ထုံးစံတွေကို မြန်မာတွေ နှစ်သက် သုံးစွဲလာတဲ့အတွက် အောင်နိုင်သူတွေ ကျဆုံးပြီလို့ ပြောဆိုတာ ခံရပါတယ်။ စစ်လိုလားသူ တွေဟာ ငြိမ်းချမ်းစွာ နေထိုင်တဲ့ တောင်သူဘဝကို ကူးပြောင်းလာပြီး ဗုဒ္ဓသာသနာမှာလည်း သက်ဝင်ယုံကြည် လာတယ်။ ဒါပေမဲ့ ပင်ကိုယ်သဘောဖြစ်တဲ့ စစ်အလေ့အကျင့် မပျောက်ဘဲ အရေးရှိရင် ရှိတဲ့အတိုင်း လူမြန်မြန် စုပြီး လက်နက်စွဲကိုင် တိုက်ခိုက်နိုင်ပါတယ်။ မြေကတုတ်နဲ့ စစ်ဆင်တိုက်နည်းကို အထူးကျွမ်းကျင် တယ်။
ကျောက်ဆည်နဲ့ မင်းဘူး အရပ်ဒေသတွေမှာ ရှိရင်စွဲ မွန်နဲ့ ပေါင်လောင်လူမျိုးတွေဆီက ဆည်ရေသောက် စပါးစိုက်နည်းကို ခပ်မြန်မြန် သင်ယူတတ်မြောက်ပြီးတော့ သူတို့လည်း တောင်သူ လယ်သမားတွေ ဖြစ်လာ ပါတယ်။ မကြာခင် တောရိုင်းတွေကို ခုတ်ထွင်ရှင်းလင်းပြီး စိုက်ပျိုးမြေ ဧရိယာကို ဆည်မြောင်းတွေနဲ့ ရေသွင်းပြီး ယပ်တောင်ဖြန့်လိုက်သလို ရွှေဘို၊ မုံရွာ၊ ပခုက္ကူ၊ စစ်ကိုင်း၊ မန္တလေးနဲ့ တောင်တွင်းဒေသတွေမှာ လယ်စိုက် ကြတယ်။ မြေဩဇာညံ့တဲ့ အရပ်တွေမှာ ထန်းဥယျာဉ်၊ ကွမ်းသီး ဥယျာဉ်တွေကို စိုက်တယ်။ တနှစ်မှာ တကြိမ် မြစ်ရေလျှံတဲ့ ဒေသတွေမှာ ပဲမျိုးစုံ စိုက်တယ်။ မြေညံ့လွန်းရင် ပြောင်းနဲ့ နှမ်းစိုက်တယ်။ စိုက်ပျိုးရာမှာ အလေအလွင့် မရှိအောင် မြေကို အသေးစိတ် အသုံးချတတ်ပါတယ်။ အဲဒီလို စိုက်ပျိုးတဲ့ မြေဧရိယာကို တတ်နိုင်သလောက် ကျယ်ပြန့်စေဖို့ နည်းအမျိုးမျိုးကို သုံးပါတယ်။ ဒါကြောင့် ခန်းခြောက်ဒေသ တခုလုံး ကောက်ပဲသီးနှံ ဖြစ်ထွန်းလာတာဟာ အလွန်ကြီးကျယ်တဲ့ အောင်မြင်မှုတရပ် ဖြစ်တယ်။ ဒီကနေ့ မြန်မာတွေဟာ မိမိတို့ရဲ့ ဘိုးဘွားတွေ အဲဒီလို အစွမ်းထက်ပါတယ်လို့ ဂုဏ်ယူရမှာ ဖြစ်ပါတယ်။
ကောက်ပဲသီးနှံ စိုက်ပျိုးတယ်ဆိုရာမှာ ကိုယ့်မိသားစု တနှစ် ဝမ်းစာရရုံလောက် စိုက်တယ်လို့ ဆိုနိုင်ပေမယ့် ငြိမ်းချမ်းစွာ နေခွင့်ရလာတဲ့အခါ မြန်မာလူဦးရေဟာ အလျင်အမြန် တိုးတက်လာတယ်။ ဒီတော့ စိုက်ခင်းနယ်မြေကို မချဲ့မဖြစ် ချဲ့ရပါတယ်။ အုပ်စိုးတဲ့ နယ်မြေကိုလည်း တိုးချဲ့နိုင်တယ်။ အရင်းမူလပြုတဲ့ ဒေသအပြင် တိုးလာတဲ့ ဒေသကို ပေါင်းစပ်လို့ ခရစ် ၁၁ ရာစုနှစ် အလယ်က စပြီး နိုင်ငံဟု ထင်ရှား ပေါ်ပေါက်ပြီး နိုင်ငံထူထောင်ရာမှာ ပထမဆုံး ထင်ရှားတဲ့ မင်းဟာ အနိရုဒ္ဓ ခေါ် အနော်ရထာမင်းစော ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဆည်ရေသောက် လယ်စိုက်တာကို မွန်တို့က စတယ်လို့ သိရတယ်။ မြန်မာတို့က ဆည်ရေသောက် လယ်စနစ်ကို အလျင်အမြန် နည်းယူတတ်မြောက်ပြီး မြန်မာ့အလယ်ပိုင်း လွင်ပြင်အနှံ့ မြို့ရွာ တည်ထောင်ကာ ဆည်ရေသောက် လယ်တွေ တိုးချဲ့ခဲ့တယ်။ အပြင်းအထန် ကြိုးစားနိုင်လို့လည်း ခန်းခြောက်ဒေသနယ် တခုလုံးနီးနီး ကောက်ပဲသီးနှံ ဖြစ်ထွန်းလာတာ ဖြစ်တယ်။ ၁၁ ရာစုနှစ်မှာ နောက်ထပ် နယ်ချဲ့ နိုင်တဲ့အခါ မြန်မာနယ်ဟာ မြောက်ဘက်ကို ဗန်းမော်အထိ၊ တောင်ဘက်ကို ဘိတ် အထိ ကျယ်ပြန့်လာတယ်။ အဲဒီအခါက ပင်လယ်ရပ်ခြား ရောင်းဝယ်မှုမှာ အချက်အချာဖြစ်တဲ့ စလင် အငူကိုပါ ခေတ္တခဏ သိမ်းယူနိုင်တဲ့အထိ အောင်မြင်ခဲ့ပါတယ်။ အဲဒီလူ တောင်ဘက်ကို ချဲ့ထွင်နိုင်လို့ ခရစ် ၁၁၆၅ မှာ သီရိလင်္ကာနိုင်ငံနဲ့ စစ်မက်ဖြစ်ပွါးခဲ့ရပါတယ်။
ဒေါက်တာသန်းထွန်း
[မုံရွေးစာအုပ်တိုက်ထုတ် ဒေါက်တာသန်းထွန်းရဲ့ မြန်မာသမိုင်းပုံ စာအုပ်၊ ပထမအကြိမ်၊ ဇူလိုင်၊ ၂၀၀၄မှ ကူးယူဖော်ပြပါတယ်။]