ဝါဆိုထမင်း

 

 

 

ဒီလို ဝါဆိုလပြည့်နေ့ရောက်ပြီဆိုမှဖြင့်

ကျုပ်ရဲ့ရောဂါတခုက

ဝါဆိုထမင်းလေးစားချင်တာ၊ ဝါဆိုထမင်းလေးကို တမ်းတမ်းတတနဲ့ကို လွမ်းမိတာပါ…..

ဝါဆိုထမင်းဆိုတာကတော့ ကျုပ်ရဲ့ဇာတိမြို့ငယ်လေးမှာ ဝါဆိုလပြည့်နေ့တိုင်း စတုဒိသာအဖြစ် ဘုန်းကြီးကျောင်းတွေမှာ လှူတဲ့ကျွေးတဲ့ ထမင်းဆိုပါတော့…။

အဲလိုစာတစောင်ပေတဖွဲ့-ဖွဲ့ပြီးလွမ်းရလောက်အောင် ဘယ်လောက်ကောင်းကောင်း ဘယ်လိုခမ်းခမ်းနားနားကျွေးတဲ့ အလှူမျိုးပါလိမ့်လို့တော့ မထင်လိုက်လေနဲ့-

ဝါဆိုထမင်းဆိုတာ အခြေခံအားဖြင့် ပန်းကန်ထဲ ထမင်းထည့်၊ ချဉ်ပေါင်ဟင်းရည်ကိုဆမ်းပြီး၊ မျှင်ငပိထောင်းတဖဲ့လောက် ပန်းကန်ပေါ်တင်ပေးလိုက်တဲ့ ထမင်းပွဲမျိုးပါဗျာ…

တချို့ကျောင်းတွေမှာတော့ အလှူရှင်က တတ်နိုင်လို့ဖြစ်ဖြစ် နာမည်လေးမသိမသာလိုချင်လို့ဖြစ်ဖြစ် ဓညင်းသီးပြုတ်တို့စရာလေးတော့ ထည့်ပေးတတ်ပါတယ်။ အဲဒါ ဌာန်ကုန်ပါပဲ…။ နောက်ထပ်ဘာဟင်း ဘာဟင်းချို ဘာအဖက်အစွက် ဘာအချိုပွဲ ဘာဖျော်ရည်မှ မပါတော့ပါဘူး..။

စားရတဲ့ပုံကိုရောပြောပြရဦးမလား…

ဘုန်းကြီးကျောင်းထဲ ဖိနပ်ချွတ်ဝင်၊ အဲဒီဖိနပ်ကို မပျောက်အောင် ခါးကြားထိုး၊ (နောက်ပိုင်းတော့ ကြွပ်ကြွပ်အိတ်လေးတွေနဲ့ထည့်ပြီး ကိုယ်နဲ့မကွာဆောင်ပါတယ်၊ မဆောင်ရင်ကျိန်းသေပျောက်ပါတယ်)၊ ထမင်းကျွေးတဲ့ဆွမ်းစားဆောင်/ဓမ္မာရုံ/တနေရာရာကိုသွားပြီး စားပွဲရှည်တွေမှာငုတ်တုတ်ထိုင်ပြီးနေရာယူ၊ ဟင်းရည်ဆမ်းငပိထောင်းပုံပြီးသားပန်းကန် ကိုယ့်ရှေ့လာချတာကို ဇွန်းနဲ့ခပ်ပြီး တရှုးရှုးတရှဲရှဲနဲ့ စားရတာပါ။ မဝသေးရင် နောက်တပန်းကန် ထပ်တောင်းပေါ့…။ ဘာကြောင့်ငုတ်တုတ်ထိုင်ရတာလဲဆိုတော့ မိုးတွင်းကြီး ဖိနပ်ချွတ်ပြီး ကျောင်းပေါ်တက်ကြမှတော့ ကျောင်းကြမ်းပြင်တခုလုံး ရွံ့တွေရေတွေနဲ့ ဗွက်ထကုန်တာကိုး….။

အဲဒီထမင်းမျိုး အဲဒီလောက်ဘရုတ်သုတ်ခနဲ့  ညစ်တီးညစ်ပတ်စားရမှာများ ဘယ်သူတွေလာစားမှာလဲ  လို့ မမေးချင်ကြဘူးလား..။

အောင်မယ်လေး… အယုတ်အလတ်အမြတ်မရွေး  ဆင်းရဲချမ်းသာမရွေး ကုလား၊တရုတ်၊ဗမာ၊ကရင်၊ရှမ်း၊မွန် မရွေး  တမြို့လုံးလာစားကြပါတယ်ခင်ဗျာ..။ အများစုက အိမ်လုံးကျွတ်ပါ။ ဝါဆိုလပြည့်ဆိုတာ ကျုပ်တို့မြို့ရဲ့ မီးခိုးတိတ်နေ့ပါ…။ မြို့ပေါ်ကျောင်း ခုနှစ်ကျောင်းလောက်ကို ဟိုကျောင်းပြေးစား၊ သည်ကျောင်းပြေးစားနဲ့……. တနေ့ခင်းလုံး စက်ဘီးဆိုင်ကယ်တွေတအုန်းအုန်း ရုတ်ရုတ်သဲသဲနဲ့ကို ပွဲတော်ကြီးဖြစ်နေတာပါ။ ဆိုက်ကားသမားတွေဆို ဟိုကျောင်းပို့ပေးလိုက်- သူပါဝင်စားလိုက်၊ သည်ကျောင်းပို့ပေးလိုက်- သူပါဝင်စားလိုက်နဲ့ ကျောင်းချင်းဆက်နေတာပါ။

အင်မတန်ပျော်စရာကောင်းလွန်းလို့  ပျော်တာကပဲဟင်းတမယ်ဖြစ်သွားပြီး စားလို့ဝင်လိုက်တာမှ တပန်းကန်တပန်းကန်ကို ရှောကနဲရှောကနဲ…ပါ။ ဒါပေမယ့် ကျောင်းဆက်မယ့်လူတွေက ကိုယ့်ဘာသာဘရိတ်အုပ်ကြပါတယ်။ ဘယ့်နှယ်ဗျာ- လေးကျောင်းဆက်ရင် အနဲဆုံးတော့ လေးပန်းကန်စားရမှာမဟုတ်လား…။ ဒါကြောင့် တကျောင်းတကျောင်း ဆန်တော့အများကြီးမကုန်လှပါဘူး။ အကြမ်းအားဖြင့် လေးတင်းက ဆယ့်နှစ်တင်းကြားလောက်ပါပဲ။ (နို့ဆီတဗူးကိုလေးငါးပန်းကန်လောက်ရတာနော်)။ ဘယ်ကျောင်းမှ ပိုတယ်လို့ ကျုပ်တသက်တခါမှမကြားရပါဘူး။ ထမင်းကုန်တဲ့အချိန်မှာသာ ကုန်ပြီဟေ့…….. လို့ အော်ရင်း ရယ်ရယ်မောမော ပျော်ပျော်ပါးပါးရပ်လိုက်ရတာပါ။ စားမယ့်လူကတော့ ဘယ်တော့မှ ကုန်ရိုးမရှိပါဘူး။ နေ့ခင်းသုံးနာရီလောက်က စကျွေးတာမှာ ညနေငါးနာရီဝန်းကျင်လောက်မှာ  ဘုန်းကြီးကျောင်းတကျောင်းကျောင်းထဲ  ကုန်ပြီဟေ့…….  လို့ ဝိုင်းအော်ကြတဲ့အသံကြီးကြားလိုက်ရပြီဆိုရင်ဖြင့် တသဲသဲ တဖွဲဖွဲ လာနေကြတဲ့ ကျောင်းပေါက်ဝက၊ ကျောင်းရှေ့က၊ ကျောင်းနားက၊ မလှမ်းမကမ်းက လူအုပ်ကြီးတွေ စက်ဘီးဆိုင်ကယ်တွေအားလုံး ရပ်လိုက်ကြပြီး ရယ်ရယ်မောမော စစ..နောက်နောက်နဲ့ အိမ်ပြန်ကြရပါတော့တယ်။

 

ဆောရီးပါစာဖတ်သူတို့ခင်ဗျား.. အရေးကြီးကိစ္စပေါ်လာလို့ ဒီရေးပြီးသလောက်လေးတင်နှင့်ပါရစေ..)

 

 

53 comments

  • စိန်ဗိုက်ဗိုက်

    August 2, 2012 at 12:50 pm

    ပါဆယ်ကော ထုတ်လို ့ရလားဟင် 🙄
    ကျော်တော့ အလှူတွေ လိုက်ဆွဲသာ ဆွဲနေတာ….
    ဘာဟင်း ဘာထမင်းမှန်းမသိဘူး..
    ဗိုက်ဖောင်းပြီး ပါဆယ် တစ်ထုတ်လောက်ရရင် အဆင်ပြေတယ်လို ့မှတ်တာပါပဲဗျာ..

    • ဦးဦးပါလေရာ

      August 2, 2012 at 7:37 pm

      ရတယ်ဟဲ့… 😛
      ကျုပ်တို့မိသားစုလှူတုန်းက ဒန်ဂျိုင့်လေးတွေနဲ့လာယူလို့ ထည့်ပေးလိုက်ရသေးတယ်။ အဲဒါ ညစာတဲ့…. 😀

  • surmi

    August 2, 2012 at 1:06 pm

    စားလက်စလိုက်ပွဲတောင်းခါမှ ကုန်သွားသလိုဘဲ
    ဒုတိယပိုင်း ဆက်ရေးပါဦးဗျို ့
    မစားရလဲ အညှော်ခံ မလို ့

    • ဦးဦးပါလေရာ

      August 2, 2012 at 7:39 pm

      အေးဗျာ .. ကိုဆာမိရယ်
      ကျုပ်မှာ ကမန်းကတမ်း ကွန်ပျူတာပိတ်ပြေးရပြီး
      အခုမှဆက်ရေးဘို့ကျတော့ ဘယ်နားကပြန်စရမှန်းတောင်မသိတော့ဘူ… 😀

  • YE YINT HLAING

    August 2, 2012 at 1:16 pm

    မျှင်ငါးပိထောင်း ချင်ပေါင်ဟင်းရည်လေး နဲ့ ထမင်းပူပူနွေးနွေးလေးကို စားချင်လာမိပါတယ် ဦးပါ ခင်ဗျား!

    • ဦးဦးပါလေရာ

      August 2, 2012 at 7:41 pm

      အား…. အဲဒါအရမ်းကောင်းတယ်….
      မိုးအေးအေးမှာ ငပိထောင်းစပ်စပ်၊ ထမင်းပူပူ၊ ဟင်းပူပူလေး
      ချဉ်ပေါင်ဟင်းထဲမျှစ်ထည့်ချက်တော့ အဲဒါကလဲ တော်တော်လိုက်တာ…

  • pooch

    August 2, 2012 at 3:16 pm

    ဦးပါရေ သင်္ကြန်ထမင်းပဲ သိခဲ့တာ ဝါဆို ထမင်းကို မနွှဲခဲ့ဖူးဘူး။ ငယ်ငယ်ကတော့ ဒီလို လပြည့်ဆို ဘုန်းကြီးကျောင်းကို လူကြီးတွေနဲ့ မုန့်လိုက်စားခဲ့တာတော့ မှတ်မိတယ်။

    • ဦးဦးပါလေရာ

      August 2, 2012 at 7:44 pm

      pooch ရေ
      ဦးပါသိသလောက်တော့ ဝါဆိုထမင်းရယ်လို့ကျွေးတာ ဦးပါတို့နယ် ကွက်ကွက်ကလေးပဲရှိတယ်။
      အဲဒီအကြောင်း နောက်တပိုင်းမှာ ရေးထားတယ်။
      ဝါဆိုလပြည့် ဆိုတော့ ဒီနေ့တော့ စိတ်အေးလက်အေးအားလောက်ပါပြီထင်ပြီးရေးမိတာ
      အခုတော့ အပိုင်းပိုင်းတွေဖြစ်ကုန်ရော… 😛

  • မန်းလေးကကျောင်းတွေကတော့ ထမင်းမကျွေးဘူးဗျ။
    ကြာဇံဟင်း ကျွေးတာများတယ်။
    နောက် ညဂျင်းသုတ်နဲ့ပဲလှော်ကြော်သုတ်ပါတယ်။
    မယ်ပု
    နက်ဖြန်ငါသွားစားမှာလိုက်စားအုံးမလားအေ့

    • ဦးဦးပါလေရာ

      August 2, 2012 at 7:48 pm

      မန္တလေးကျောင်းတွေတချို့မှာ ဝါဆိုပန်းကပ်ဆိုပြီး လုပ်တယ်ထင်မိတယ်ကိုပေါက်ရေ..။
      တကယ်တော့ မန္တလေးကျောင်းတွေက ဧည့်သည်လာရင် အမြဲတမ်း ကျွေးနေကျ။
      နေ့ကြီးရက်ကြီးတွေလဲ အကြောင်းပြပြီးကျွေးနေကျဗျ..နော..။

  • ရဲစည်

    August 2, 2012 at 4:06 pm

    ဦးပါဗျ
    ကျနော်လည်း တချိန်က တမိုးတွင်းလုံး ရေဝင်နေတဲ့ ထမင်းဗျက်စိမှာ(ချဉ်ပေါင်းဟင်းတော့ မပါ) ငပိအစိမ်းလေး တစ်ဂလော်နဲ့ နေ့ည
    ၂ပါးသွားခဲ့ရတာ ပြန်တွေးရင်း ဒါလဲဘဲ ဝါဆိုထမင်းပါလားရယ်လို့ မှတ်ထင်ယူဆ တွေးမြင်လွမ်းသမိပါကြောင်း…. 🙁

    • ဦးဦးပါလေရာ

      August 2, 2012 at 7:51 pm

      ကိုရဲစည်ရေ
      ဦးပါလဲ တစ်ခါတစ်ရံ မိုးတော်တော်အေးတဲ့နေ့မျိုးဆို ရခိုင်ထမင်းဟင်း ပူပူစပ်စပ်လေးရှာစားပြီး အလွမ်းဖြေပါတယ်…. 😛

  • kyeemite

    August 2, 2012 at 4:50 pm

    ကြားတော့ကြားဖူးပါရဲ့..မစားဖူးခဲ့ပါ
    ဦးပါရေးပြတော့မှ သွားရေယိုသွားသဗျာ..
    ဗိုက်တောင်ဆာလာတယ်..

  • ပင်လယ် ပျော်

    August 2, 2012 at 6:12 pm

    မြို ့ကြီးများတွင်တော့ ထိုသို ့ကျွေးလေ့မရှိသောကြောင့် မစားဖူးပါ…အိမ်တွင်စားလို ့ရသော်လည်း ထိုကဲ့သို ့အပျော်မျိုးမရနိုင်ပါ….

    • ဦးဦးပါလေရာ

      August 2, 2012 at 7:58 pm

      ကျုပ်လဲ သုံးပုံနှစ်ပုံကို မြို့ကြီးမှာနေလာတာပါ…
      မြို့ကြီးတွေကအလှူအတန်းတွေမှာ သေသေချာချာပျော်စရာကောင်းတာ မတွေ့ရသလောက်ပါပဲဗျာ…။
      မနက်ဖန်လဲ ဆွေကျောင်းမျိုးကျောင်းကို ဝါဆိုသင်္ကန်းကပ်ပွဲ သွားရဦးမယ်…။
      ပျော်ဘို့နေနေသာသာ စိတ်ထဲတောင်ခပ်လေးလေး….. 🙁

  • မောင်ပေ

    August 2, 2012 at 7:44 pm

    မန်းတလေးမှာကြတော့
    ဝါဆိုလပြည့်ကျော် တစ်ရက်နေ ့ဗျ
    နက်ဖန်ခါ ကြ ကျွန်တော်လဲ တစ်ကျောင်းကျောင်းတော့ သွားဆွဲလိုက်ဦးမယ်ဗျာ
    အပေါ်မှာ ကိုပေါက် ပြောသလိုပါဘဲ
    ကြာဇံဟင်း ၊ မုန် ့ဟင်းခါး ၊ လဘက်သုပ် ၊ ထိုးမုန် ့လမုန် ့ ရေနွေးကြမ်း ကိတ်မုန် ့ငှက်ပျောသီး
    ကျောင်းက ကျက်သရေခန်းရှိသမျှ အကုန်ချကျွေးတာဗျ

    • ဦးဦးပါလေရာ

      August 2, 2012 at 8:00 pm

      ဟုတ်တယ်ကိုပေ
      မန္တလေးကျောင်းတွေက ဝါဆိုသင်္ကန်းကပ် ဝါဆိုပန်းကပ်ကို လပြည့်ကျော်တရက်နေ့လုပ်ကြတာ သတိထားမိတယ်။ အဲဒါတမျိုးကောင်းတယ်။ ဥပုသ်သည်တွေ သီလပေးရတာတွေနဲ့ မရှုပ်တော့ဘူးပေါ့…။

  • မဟာရာဇာ အံစာတုံး

    August 2, 2012 at 8:25 pm

    ဦးပါ စာ ဖတ်ပြီးတော့
    ကျနော့်တို့ ရွာက သင်္ကြန်ပွဲမှာ
    ဘုန်းကြီးကျောင်းသုံးကျောင်း ပတ်ပြီး စားခဲ့တာကို သတိရသွားသဗျာ ..
    တော်တော်တော့ ပျော်စရာ ကောင်းတယ် ….

    • ဦးဦးပါလေရာ

      August 3, 2012 at 7:11 pm

      လုပ်လို့ရတာရှိသေးတယ် နော…
      သင်္ကြန်မှာ ဂေဇက်မိသားစု အုန်းလက်မဏ္ဍပ်ထိုးပြီး
      စတုဒိသာကျွေး၊ ရေပက်၊ သီချင်းဆိုရရင်…. 😀

  • MaMa

    August 2, 2012 at 8:39 pm

    ပျော်တာကပဲ ဟင်းတစ်မယ် ဆိုတာနဲ့တင် စားချင်စိတ်ပေါက်လာပြီ။ [:))]

    ကိုဆာမိရဲ့ ရွှေကျင်မီးမျှောပွဲမှာတုန်းကလည်း အဲလိုဆန်ဆန် ထမင်းထုပ်ဝေတဲ့ ဓလေ့လေး ဖတ်လိုက်မိသေးတယ်။
    ပျော်စရာကြီး။

    ကြုံကြွားလေး ကြွားရဦးမယ်။
    ကျမတို့ မြို့မှာတော့ နိဗ္ဗာန်ဈေး ဆိုပြီး ကျွေးတဲ့ဓလေ့ရှိတယ်။
    ကဆုန်လပြည့်နေ့မှာ လုပ်တာ။

    ဟိုတုန်းကဆိုရင် တမြို့လုံး အိမ်တွေက အလှူလို (မုန့်ဟင်းခါး၊ ကောက်ညှင်းပေါင်း စသဖြင့်) ခင်းကျင်းပြင်ဆင်ထားပြီး ကြုံတဲ့လူက ဝင်စားသွားတာပဲ။

    စားဖို့လည်း ခေါ်စရာမလိုသလို စားတဲ့လူကလည်း အားနာစရာ ရှက်စရာမလိုတာလည်း ပျော်စရာပဲ။

    နောက်ပိုင်းတိုးတက်လာတော့ [:(] နိဗ္ဗာန်ဈေးကို ကလေးတွေလောက်တာ စားကြတော့တယ်။
    ကျွေးတဲ့နည်းကလည်း ပြောင်းသွားပြီ။

    သကြားလုံးလို၊ မုန့်ထုပ်လိုမျိုးတွေကို အိမ်အပေါ်ကနေ ကြဲချ အောက်ကနေ ဝိုင်းလုကြပေ့ါ။

    အဲဒီနောက်တော့ လုယက်တာတွေ မဖြစ်အောင် ကလေးတွေကို မီးသတ်ဌာနမှာ စုခိုင်းတယ်။
    ပြီးတော့မှဆွမ်းခံသလို အစဉ်လိုက်တန်းလျှောက်ပြီး တမြို့လုံးကို လှည့်ပြီး အလှူခံတယ်။

    အဲဒီနေ့ဆိုရင် တခြားမြို့ရွာရောက်နေတဲ့သူတွေတောင် ပြန်လာပြီး လှူကြတာ ပျော်စရာကြီး။
    ဒါပေမယ့် (မမဲ့ချင်လို့) …..
    ဟိုးးးးးးးးးတုန်းကလို အိမ်ပေါင်းစုံက မုန့်မျိုးစုံ ပြင်ဆင်ကျွေးတာမျိုးတွေတော့ မရနိုင်တော့ဘူး။ [:(]

    • ဦးဦးပါလေရာ

      August 3, 2012 at 7:15 pm

      ကျုပ်လဲ ရန်ကုန်ရောက်တော့ စတုဒိသာကျွေးတယ်ကြားရင် စားရမလားဆိုပြီး သွားသွားမျှော်တတ်တယ်။
      ဘယ်သူမှ ခေါ်မကျွေးတော့ သူများစားတာကြည့်ပြီး ပြန်ရတာပေါ့…. 🙁

      မမ တို့မြို့လို ခေါ်ကျွေးစရာမလို ၊ ကြိုက်တဲ့သူဝင်စား ဆိုရင် ရေလည်မိုက်တယ်…။

  • ငပွကြီး

    August 2, 2012 at 10:11 pm

    ပျော်စရာကြီးပါလားဗျို့ အဲဒါဘယ်မြို့မှာလဲ ပြောပြပါဦး….
    ရွာအလူ ၁ခုတော့ကြူံဖူးတယ်…စားမဲ့သူတွေအားလုံး ကလေးလူကြီး တန်းစီရတယ် ကိုယ့်ပန်းကန် ကိုယ်ယူလာ..ထမင်းထည့်ပေးတယ် ပဲဟင်းဆမ်းပေးတယ် ဒါဘဲ …ဘုန်းကြီးကျောင်းထဲက အဆင်ပြေတဲ့နေရာမှာ အဆင်ပြေသလိုသာသွားစားကြပေတော့…ထိုင်ခုံမရှိ စားပွဲမရှိ…
    အချိုရည်ကတော့ တိုင်ကီ(ပေပါခွံ) ထဲမှာ ရေခဲတုံးနဲ့ အပြည့်ဖျော်ထားတာ လှော်တက်နဲ့ မွှေနေတယ်..
    ပြီးတော့ ကိုယ့်ဟာကိုယ်ယူလာတဲ့ ခွက်ထဲ ကြိုက်သလောက်ထည့်ပေးတယ်..
    ပတ်ဝန်းကျင်က ရှိသမျှရွာတွေပါ လာအားပေးတာ ထည့်ပေးလို့တောင် နှိင်တောင်မနှိင်ဘူးတဲ့ဗျ….အထူးဧည့်သည်(ကျုပ်တို့ပေါ့ဗျာ) တွေကတော့ ကျောင်းပေါ်တက် ဟင်းနဲ့စားရတယ်….
    သူ့အရပ်နဲ့ သူ့ဇတ်ပေါ့လေ…

    • ဦးဦးပါလေရာ

      August 3, 2012 at 7:18 pm

      ဒီနေ့တင်လိုက်တဲ့ ဝါဆိုထမင်း(အဆက်) ကိုသာ ဖတ်ကြည့်တော့ ကိုရင်ရေ… 😀
      မြန်မာနိုင်ငံတဝှမ်းက စတုဒိသာအလှူလေးတွေက သူ့စတိုင်နဲ့သူှဗျ….
      ကို်ယ့်ကိုယ်ကိုမို့ပြောတာမဟုတ်ဘူး….။ ဒီလူမျိုးက တော်တော်ချစ်စရာကောင်းတာ..:D

  • may flowers

    August 2, 2012 at 11:51 pm

    ဝါဆိုထမင်းဆိုပြီး မကြားဖူးဘူးရယ် ခုဦးဦးပါလေရာ ရဲ့ ပိုစ်ဖတ်ပြီးမှ ဝါဆိုထမင်းဆိုတာသိတော့တယ်

    ရေးထားတာဖတ်ပြီး ချဉ်ပေါင်ဟင်းနဲ့ မျှင်ငါးပိထောင်းနဲ့ ချက်ချင်းစားချင်လာပြီ…။

    • ဦးဦးပါလေရာ

      August 3, 2012 at 7:20 pm

      တကယ်တော့ ချဉ်ပေါင်ရယ်၊ မျှစ်ရယ်၊ မျှင်ငပိရယ်ဆိုတာ တော်တော်အနံ့ပြင်းတာ….
      ဒါပေမယ့် မျှစ်နဲ့ရောပြီးချက်ထားတဲ့ချဉ်ပေါင်ဟင်းလေးနဲ့ ငပိထောင်းနဲ့က တော်တော်လိုက်ဖက်ပြန်ရော…. 🙂

  • nozomi

    August 3, 2012 at 12:50 am

    မှတ်မှတ်ရရ ထိန်ငူတာကျိုးလို့ နေတဲ့အိမ် ရေမြုပ်တော့
    ကလေးတွေက အဝေးမှာ သွားနေရတယ်
    ဆွေမျိုးတွေ စုနေတဲ့ အုပ်လိုက်ကြီးနဲ့ ရက်ကြာလာတော့ ဂဏန်းဟင်းရေကျဲလေးပဲ စားရတာတောင်
    အလုအယက်နဲ့ ထမင်းက မလောက်မင ဖြစ်ရတယ်
    တစ်ခါတစ်ခါ ဟင်းကောင်းတွေ ရှေ့ချပြီ ထမင်းစားချင်စိတ် ပျောက်ချိန် အဲဒီတုန်းက စားခဲ့ရတာလေး တမ်းတမိတယ်

    ဦးပါစာဖတ်ရင်းနဲ့ မြင်ယောင်လာပြီး ဗိုက်တောင်ဆာလာတယ်
    ဒုတိယပိုင်းကျ ဝါဆိုထမင်းစားရင် ဝါဆိုမိုးဦး နဲ့ တူတဲ့ကောင်မလေးကို ပိုးပန်းခဲ့ပုံလေးလဲ တိုးတိုးတိတ်တိတ် ပြောပြဦးနော

    • ဦးဦးပါလေရာ

      August 3, 2012 at 7:21 pm

      ရူး…….. တိုးတိုး……
      အဲ့ဒါက တော့ဆေးပေါ့လိပ် … ကိုနိုရဲ့……
      😀 😀

  • marblecommet

    August 3, 2012 at 1:53 am

    ဦးပါရေ့
    အဲဂလိုစားချင်ထှာဗျာ
    ကြုံရင် တစ်ရက်လောက်ချက်ကျွေးပါလား ဟင်…

    ……..
    ထမင်းကပူ ဟင်းက ပူ ရှူရှူသာ ရှမ်းဂရုတ်ကယ်နှင့်လေး…..
    ……

    • ဦးဦးပါလေရာ

      August 3, 2012 at 7:26 pm

      ကိုယ့်ဘာသာချက်ရင်တော့ မကောင်းမှာသေချာတယ်… 😀

      ချဉ်ပေါင်ဟင်းနဲ့ငပိထောင်းကို မိတ်ဆက်နေတာက
      ကျုပ်မှာ အကြံနဲ့… ကိုကမ်းရဲ့…..
      အဲဒါလဲ တော့ဆေးပေါ့လိပ်ပဲ… 😀

  • အရီးခင်လတ်

    August 3, 2012 at 4:14 am

    ဝါဆိုထမင်း ဆိုတာ အခုမှသာ ကြားဖူးပါကြောင်း။
    ကျွန်မ လဲ အများသူငါ ကဲ့ သို့ စားချင်စိတ် တဖွားဖွား ပေါ်မိပါကြောင်း။
    စားချင်တာ ကို စားချင် တာ အဖြစ် နဲ့ သာ ထားခဲ့ရပါကြောင်း။
    လက်တွေ့အကောင်အထည် ဖော်ရန်
    ချဉ်ပေါင်လဲ မရှိပါ။
    ငပိလဲ မရှိပါ။ 😛

    • ဦးဦးပါလေရာ

      August 3, 2012 at 7:31 pm

      မရှိတာ ကံကောင်းတယ် မခင်လတ်ရဲ့…
      အင်္ဂလန်မှာ ချဉ်ပေါင်ဟင်းနဲ့ ငပိထောင်းစားပြီး လူကြားထဲသွားလို့ကတော့…. 😀 😀

  • ကြောင်ဝတုတ်

    August 3, 2012 at 9:28 am

    ကျွန်တော်လဲ အရီးလတ်ကိုပါပဲ…
    ဝါဆိုထမင်းဆိုတာကို အခုမှကြားဖူးတာပါ…
    သို့ပေမယ့် ရွာအလှူတစ်ခုမှာ ဦးဦးပါလေရာပြောသလိုမျိုး မီးခိုးတိပ်အလှူပေးတာမျိုးကြုံဖူး
    သည်မို့ ၇၅% ခန့် ပုံဖော်ကြည့်မိကြောင်း

    ခင်မင်လျက်-
    ကြောင်ဝတုတ်

    • ဦးဦးပါလေရာ

      August 3, 2012 at 7:34 pm

      အဲဒီဓလေ့ကို ရန်ကုန်ပြောင်းနေတဲ့ ကျုပ်ဇာတိမြို့သူတဦးက ရန်ကုန်မှာအစပျိုးကြည့်နေတယ်ကြားတယ်။ သုံးနှစ်ရှိပြီတဲ့..။
      ခက်တာက ဟိုတခြား ဒီတခြားဖြစ်နေတဲ့ ကိုယ့်မြို့သားတွေကို စုံအောင်လဲဖိတ်လို့မရ ဖိတ်သလောက်လဲ မလာနိုင်ဘူး ဖြစ်နေတယ်..။

  • ကြောင်ကြီး

    August 3, 2012 at 9:43 am

    ဝါဆို
    သာအို
    ငါလို
    ကြာခို၊
    ဏှာယို
    ပြာသို
    ဆာပို
    ပရာဒို..။

    • ဦးဦးပါလေရာ

      August 3, 2012 at 7:35 pm

      အောက်ဆုံး စာကြောင်းကိုတော့ တော်တော်ကြိုက်တယ်…
      ခက်တာက ကားဖိုးတတ်နိုင်ရင်တောင် ဆီဖိုးက မတတ်နိုင်ပြန်ဘူး…. 😛

  • P chogyi

    August 3, 2012 at 10:58 am

    ဝါဆိုထမ်ငးဆိုတာတစ်ခါမ မကြားဖူးဘူး
    အခုမှဗဟုသုတအဖြစ်သိလိုက်ရတယ်။
    ၁၉၈၄ ခုနှစ်လောက်က ကရင်ပြည်နယ်၊ ဖားအံမြို့မှာ
    သင်္ကြန်ထမင်းစားခဲ့ဖူးတယ်။ မှတ်မှတ်ရရပါပဲ။
    အဲဒီနောက်ပိုင်း ကြားလဲမကြား(စားလဲမစား)ရတော့ပါ။
    ဲမြန်မာရိုးရာ သင်္ကြန်ထမင်းကိုအရမ်းလွမ်းမိပါသည်။
    သင်္ကြန်ထမင်းအကြောင်းသိသူများရှိက ပို့စ်တင်ပေးပါရန်
    တောင်းပန်ပါသည်။

    • ဦးဦးပါလေရာ

      August 3, 2012 at 8:04 pm

      သင်္ကြန်ထမင်း က ဒေသအလိုက် နဲနဲလေးစီ ကွဲပြားတာကြားဖူးတယ်။
      ကျုပ်လဲ သင်္ကြန်ထမင်းအကြောင်း သိချင်ပါတယ်ဗျို့….

  • Rose Minn

    August 3, 2012 at 11:49 am

    လေးလေးပါရေ Rose ဖြင့် ထမင်းစားခါနီး ဖတ်မိလို့ သွားရည်ကျမိပါကြောင်း။ မြို့ကြီးမှာတော့ ဒီလိုဓလေ့တွေ မရှိတော့ သိပ်မသိဘူးရယ်။ ဝါဆိုပန်းခူးထွက်တယ် ပဲကြားဖူးတာ နယ်တွေမှာလေ။ ထမင်းတော့ မကြားဖူးဘူး။ အခုလိုသိရတဲ့ အတွက် နောင်များလျှင် ဝါဆိုလပြည့်နေဆို ဝါဆိုထမင်းလိုက်စားအုံးမှ။ နေ့ဆွမ်းချက် သက်သာအောင်လို့။ ဆွမ်း ချက်ရတဲ့ အလုပ်လဲသက်သာ ဟီးဟီး။ ဝိစိကိစ္စ ကိုယ့်ကိစ္စတွက်ချက် ရတာ တကယ်များတာလား။ 😛 😛 အိုင်ဒီယာ တစ်ခု တိုးသွားပါကြောင်း ကျေးဇူးတင်တယ်လေးလေး ရေ။

    • ဦးဦးပါလေရာ

      August 3, 2012 at 8:09 pm

      ရိုစ့် ရေ..
      မြို့ကြီးတွေမှာတော့ ဝါဆိုလပြည့်နေ့ဆို ဘုရားသွား၊ ဘုန်းကြီးကျောင်းသွား လောက်ပဲ ရှိတယ်။ ဘယ်မှာမှလဲ ဘာမှသိပ်မကျွေးဘူး။ လပြည့်ကျော်တရက်မှပဲ ဝါဆိုသင်္ကန်းကပ်နဲ့ရောပြီး အကျွေးအမွေးရှိတာများတယ်။ ဒီမနက်ကတော့ ဦးလေးလဲ ဘုန်းကြီးကျောင်းမှာ သွားတီးလိုက်သေးတယ်…။

  • mamanoyar

    August 3, 2012 at 12:41 pm

    ဦးဦးရေ စားချင်စိတ်တောင်ပေါက်လာပြီ
    လေးကျောင်းလောက်ပြေးစားလိုက်မယ်ဆိုရင်
    တစ်ကျောင်းကစားပြီးတာလျှော့သွားလိုက်
    နောက်တစ်ကျောင်းဝင်စားးးး
    ဟားးးးးးးး ပျော်စရာကြီးနော်

    • ဦးဦးပါလေရာ

      August 3, 2012 at 8:11 pm

      အဲဒါ စားတုန်းက သိပ်များတယ်တောင်မထင်ဘူး…
      အိမ်ပြန်လမ်းကျမှ မရှူနိုင်မကယ်နိုင်နဲ့ စက်ဘီးမနင်းနိုင်တော့လို့ အသိအိမ်ဝင်နားရတာနဲ့…. 😀

  • etone

    August 3, 2012 at 1:24 pm

    ရေးထားတာကို ဖတ်ရတာနဲ့တင် ပျော်စရာကြီးပဲ ဦးဦးရေ … ။
    ဝါဆိုထမင်းဆိုတာ အခုမှသာ ကြားဖူးတာပါ … အရင်ကကြာဖူးတာ ဝါဆို လပြည့်နေ့ ၊ ဝါဆိုပန်း ၊ ဝါဆိုပန်းခူး ၊ ဝါဆိုဖယောင်းတိုင်နဲ့ …… ဝါဆိုမိုးဦးပါ .. ဟီး 😀

    ဟန်ဆောင်မှုတွေမပါတဲ့ ရွာဓလေ့ အငွေ့သက်လေးတွေကို တစ်ခါတစ်လေ အရမ်းတမ်းတမိတယ် … ဒါပေမယ့် .. ပြန်စရာ ရွာကမရှိဘူးလေ … ။

    • ဦးဦးပါလေရာ

      August 3, 2012 at 8:17 pm

      အိတုန်ရေ
      နယ်ဆိုတာကတော့ ဒေသအလျှောက် ပျော်စရာလေးတွေဖန်တီးပြီး ပျော်ကြတာပါပဲ…။
      အဲဒါတွေကတော့ နယ်ရဲ့ကောင်းကွက်ပေါ့နော…။
      ဒါပေမယ့် အဖက်ဖက်ကတွက်ရင်တော့ နယ်မှာထက် မြို့ပေါ်မှာက ပိုကောင်းပါတယ်။

  • Novy

    August 3, 2012 at 4:59 pm

    ဦးပါရေ.
    စားချင်စိတ်တောင် ပေါက်လာပြီ
    ဝါဆို ထမင်းဆိုတာလဲ အခုမှပဲကြားဘူးပါတယ်

    အရင်တုံးက သာမညရောက်ရင် စားခဲ့ရတဲ့ သတ်သက်လွတ် ထမင်းနဲ့ ဟင်းရည် ပူပူလေးတောင်
    ပြန်ပြီးသတိရလာတယ်

    • ဦးဦးပါလေရာ

      August 3, 2012 at 8:19 pm

      မနိုရေ-
      သာမညကလဲ တော်တော်ပျော်စရာကောင်းတယ်…။
      ဆရာတော်ကြီးမရှိတဲ့နောက်ပိုင်းတော့ ထပ်မရောက်တော့ဘူး..။
      အခုတော့ အရင်လို မဟုတ်တော့ဘူးထင်တာပဲ…။

  • Phaung Phaung

    August 3, 2012 at 5:16 pm

    ဝါဆိုထမင်းတဲ့…ခုမှသိတာပါ…ဦးပါရေးပြမှ စားချင်စိတ်တွေတဖွားဖွားပေါ်လာတယ်…။
    ပျော်စရာကြီးနော်….ငပိထောင်းလေးကစပ်စပ်၊ ချဉ်ပေါင်ဟင်းလေးက ခံတွင်းရှင်း … ဟီး
    ပြောရင်းနဲ့ကိုသရေကျလာပြီ….ရှလွတ်
    ဒါနဲ့စကားမစပ် ဦးပါတို့နယ်က ဘယ်ကလဲဟင် ????

    • ဦးဦးပါလေရာ

      August 3, 2012 at 8:22 pm

      ဝါဆိုထမင်းကလဲ မိုးအေးအေးနဲ့မှ ပိုလိုက်တာ ဖြောင်းဖြောင်းရဲ့…
      ဦးလေးတို့နယ်မှာတော့ အရင်တုန်းကဆို ဝါဆိုလပြည့်နေ့တဝိုက်မှာ မိုးများပြီးချမ်းစိမ့်နေတာပဲ…။
      အခုတော့ ရာသီဥတုတွေလဲ အရင်လိုမဟုတ်တော့ပါဘူး…၊
      ဦးလေးရဲ့နယ်က ပဲခူးတိုင်း စစ်တောင်းမြစ်အနီးမှာ….
      မြို့နာမည်ကိုတော့ ကြွေးရှင်တွေလိုက်လာမှာစိုးလို့ ချန်ထားလိုက်တယ်နော်…. 😀 😀

  • pu ma

    August 3, 2012 at 9:15 pm

    ဦးပါ
    ဦးပါရဲ့ဝါဆိုထမင်းကိုပုံဖော်ကြည့်ပြီးသွားရေတောင်ကျလာတယ်
    ပုမတို့နယ်အအဖိုးအဖွားတွေဆီသွားရင်လဲအမဝမ်းကွဲတွေနဲ့လှေစီးပြီးဝါဆိုပန်းခူးထွက်တယ်
    မိုးကလဲရွာ၊လှေကိုလဲစနောက်ပြီးမှောက်အောင်လုပ်အပျော်လေးတွေအိမ်ပြန်
    အိမ်ရောက်တော့ပဲကုလားဟင်းသီးစုံနဲ့ငါးခြောက်ထောင်းကြော်စားရတာအရမ်းစားလို့ကောင်းတာ
    ပုမတို့နယ်မှာထမင်းကိုငှက်ပျောဖက်ခင်းကျွေးတာ၊ကလေးဘဝကရွံစရာလို့လဲမတွေးမိဘူး
    ခုတော့ဒီလိုလဲမသွားနိုင်တော့ပါဘူးလေ၊အမှတ်တရလေးတွေပေ့ါ

    • ဦးဦးပါလေရာ

      August 4, 2012 at 11:48 pm

      pu ma ရေ-
      ထမင်းကို ငှက်ပျောဖက်ခင်းကျွေးတာ ရွံစရာလဲ မဟုတ်ပါဘူး…။
      အိန္ဒိယမှာဆို ဟိန္ဒူတွေ ငှက်ပျောဖက်နဲ့ စားနေကျပါ…။
      ဦးပါတော့ ငှက်ပျောဖက်ပေါ်ထမင်းပုံဟင်းပုံပြီး၊ ပဲကုလားဟင်းလေးဆမ်း၊ ငရုတ်သီးကြော်လေးကိုက်စားရတာကို အလွန်နှစ်သက်ပါတယ်…။
      ရန်ကုန်မှာလဲ အရင်တုန်းက ချစ်တီးဆိုင်တခုမှာ အဲသလိုကျွေးပါတယ်။
      နောက်ပိုင်းကျမှ ဖက်ဖိုး မတတ်နိုင်တော့လို့ ပန်းကန်နဲ့ ဖြစ်သွားတာ…။
      သစ်ရွက်တွေရဲ့သဘောက သူ့နဂိုကိုက သန့်ရှင်းလို့လွယ်ပါတယ်…။
      တော်ရုံပိုးမွှားမကပ်/မခိုအောင်းနိုင်အောင် တည်ဆောက်ထားပါတယ်။
      လူ့ အရေပြားလိုပေါ့…။
      စကားစပ်လို့ပြောရရင် ငှက်ပျောဖက်က ဗီယက်နမ်လို ထိုင်းလိုနိုင်ငံမျိုးမှာ export လုပ်ပြီး ပိုက်ဆံရှာတာပါ။ အစားအသောက်ထည့်စားဖို့ပါ။
      ဦးလေးတို့နိုင်ငံမှာ အဖိုးတန်မှန်းမသိလို့ မသုံးရင်လဲ ဒီအတိုင်းစွန့်ပစ်မယ့်အစား ပြည်ပပို့နိုင်ရင်ကောင်းမှာ…။

  • weiwei

    August 5, 2012 at 12:29 am

    ဗိုက်ဆာနေတုန်း ဖတ်မိတာ ပိုဗိုက်ဆာသွားတယ် …
    ကျွန်မတို့ နယ်မှာတော့ တန်ဆောင်မုန်းလပြည့်နေ့မှာ စတုဒီသာအလှူတွေ အများကြီးလုပ်လေ့ရှိတယ် … ဘယ်လောက်ပဲချက်ချက် ဘယ်တော့မှမလောက်အောင်ကို အားပေးလေ့ရှိကြလို့ အားရစရာကောင်းတဲ့ အလှူတွေပါပဲ … အိုးကြီးချက်နဲ့ အိမ်မှာချက်တာက အရသာကွာတယ် … ကျွန်မကတော့ စတုဒီသာတွေမှာ ကျွေးလေ့ရှိတဲ့ ဘဲသားဆန်ပြုတ်ကို အရမ်းကြိုက်တယ် …

Leave a Reply