“ဘယ်သူ့ဘက်က ပြင်ပါ့မယ်”
ဒီပိုစ်လေးကတော့ အရင်က မပြင်စကောင်းပြင်စကောင်းနာမယ်နဲ့ဖော်ပြဘူးပါတယ်။
2010 ကျနော်စာရေးစကပါ။
အခု မြနန္ဒာဂျာနယ်အတွက် ပြန်လည်ပြင်ဆင်ဖြည့်စွက်ပြီးရေးသားလိုက်ပါတယ်။
တူလဲတူတယ် မတူလဲမတူဘူးပေါ့။
ဩဂုတ်လ (8)ရက်နေ့ထုတ် အတွဲ့(1) အမှတ်စဉ်(29)နဲ့ မြနန္ဒာဂျာနယ်မှာပုံနှိပ်ပြီးဖြစ်ပါတယ်။
ခါတိုင်းဆိုရင် မန်းလေးဂေဇက်မှာ တင်ပြိးမှ ပုံနှိပ်လေ့ရှိပါတယ်။
ဒီတစ်ခါတော့ပြောင်းပြန်ပေါ့။
“ဘယ်သူ့ဘက်က ပြင်ပါ့မယ်”
တစ်နေ့အလုပ်သွားဘို့အိမ်ကထွက်အလာ “ဘိုအိမ် “လို့ကားစပယ်ယာတွေခေါ်တဲ့ မန္တလေး-စစ်ကိုင်းလမ်း နဲ့လမ်းသစ်ဆုံတဲ့နေရာ လမ်းထိပ်မှာယာဉ်ထိန်းအဖွဲနဲ့တာဝန်ရှိတဲ့အဖွဲ့တွေပူးပေါင်းပြီး ရှောင်တခင် စစ်ဆေးနေတာကိုတွေ့လိုက်ရပါတယ်။
မနက် (၈)နာရီပါတ်ဝန်းကျင်ဆိုတော့ကျောင်းသွားအလုပ်သွားနဲ့အရမ်းကိုအသွားအလာများတဲ့
အချိန်လေးလဲဖြစ်ပါတယ်။
သူတို့စစ်ဆေးရေးလုပ်တဲ့နေရာရဲ့အရှေ့ဖက်ပလက်ဖောင်းမှာချထားတဲ့ စာပွဲလေးတစ်လုံးအနားမှာ
လူတွေအများကြီးဝိုင်းအုံစုပြုံနေကြတာကိုမြင်လို့ စပ်စုလိုက်တော့ စည်းကမ်းဖောက်ဖျက်လို့
ဒဏ်ငွေဆောင်ကြရမယ့်သူတွေဖြစ်နေပါတယ်။
မစည်ကားအပ်တဲ့အရပ်ထဲမှာနောက်တိုးအနေနဲ့ စည်းကမ်းဖောက်ဖျက်လို့ဒါဏ်ငွေဆောင်ရတဲ့နေရာကိုထပ်
တိုးလိုက်ချင်ပါတယ်။
သတင်းစာတွေထဲမှာ စည်းကမ်းဖောက်ဖျက်သူတွေကို ဖမ်းဆီးပြီးဒဏ်ငွေဆောင်လို့ရတဲ့နိုင်ငံတော်ဘဏ္ဍာငွေ
ဘယ်လောက်ရှိပြီဆိုတာမျိုး ကိုသတင်းအဖြစ်ဖတ်ရတဲ့အခါမျုးိမှာ စိတ်မကောင်းမိပါဘူး။
ဘဏ္ဍာတော်ငွေများတယ်လို့ သိရလေလေ ကျနော်တို့လူမျိုးတွေစည်းကမ်းမဲ့တဲ့လူများလေလေဆိုတာကို
သွယ်ဝိုက်တဲ့နည်းနဲ့ဖော်ပြနေတယ်လို့ခံစားရပါတယ်။
အဖမ်းခံရတဲ့အကြောင်းရင်းကို လိုက်ကြည့်မိတဲ့အခါ လိုင်စင်မရှိတာ ဆိုင်ကယ်ဦးထုပ်မဆောင်းတာ၊
ဆိုင်ကယ်ဒစ္စဝိုင်းမပါတာ၊သုံးယောက်တင်စီးတာ၊လမ်းပြောင်းပြန်ဝင်တာယာဉ်စည်းကမ်းနားမလည်လို့
အဖမ်းခံရတာတွေများပါတယ်။
တရုပ်ပြည်နယ်စပ်က ခိုးဝင်လာခဲ့တဲ့ဆိုင်ကယ်တွေကို တရားဝင်လိုင်စင်ချပေးလိုက်တဲ့နောက်ပိုင်း
ဆိုင်ကယ်တွေပေါလာသလို ဆိုင်ကယ်ဈေးလဲ ထိုးကျသွားပါတယ်။
ဟိုအရင်ကဂျပန်ဆိုင်ကယ်အဟောင်းတစ်စီးကိုကျပ်သိန်း ဆယ်ဂဏန်းမတန်တဆဝယ်စီးနေရာကနေ
သုံးလေးသိန်းနဲ့ ဆိုင်ကယ်စီးလို့ရသွားတော့ အိမ်တို်င်းမှာ ဆိုင်ကယ်စီးနိုင်သွားကြပါတယ်။
အရင်ကလူတစ်ယောက်စက်ဘီးတစ်စီးဆိုတာကနေ ဆိုင်ကယ်တစ်စီးဖြစ်ကုန်ပါတော့တယ်။
လူတစ်ယောက်မှာတစ်စီးမရှိတောင်မှ တစ်အိမ်မှာဆိုင်ကယ်တစ်စီးရှိတတ်ကြပါတယ်။
နောက် ဒီဆိုင်ကယ်စီးသင်တာ စက်ဘီးစီးသင်တာလောက်တောင်မခက်တော့
ယောက်ျားရော မိန်းမရော ကလေးရောလူကြီးမကျန်ဆိုင်ကယ်ကိုတက်ခွလို့လမ်းသလားပါတော့တယ်။
အရင်က ဆိုင်ကယ်တစ်စီးတန်ဘိုးကြီးတော့ ဆိုင်ကယ်လေးကို တယုတယ။
အခုတော့ ဘယ်သူတက်ခွခွ။
နောက်အရွယ်မရောက်သေးတဲ့ကလေးတွေ ဆိုင်ကယ်နဲ့လမ်းသလားနေရင်မတားဆီးတဲ့အပြင်
“ငါ့သားလေးတော်လိုက်တာ ငယ်ငယ်လေးနဲ့ဆိုင်ကယ်စီးတတ်နေပြီ”ဆိုပြီးဂုဏ်ယူုလို့တောင်
နေတတ်ပါသေးတယ်။
အဲတော့ အသက်မပြည့်မှတ်ပုံတင်မရှိလို့ လိုင်စင်မလုပ်ရသေးပေမယ့်လဲ
လမ်းပေါ်မှာဆိုင်ကယ်တဝီဝီ။
စီးလိုက်ပြန်ရင်လဲပြိုင်ပွဲဝင်သလိုတဝေါဝေါ။
ယာဉ်ထိန်းအဖမ်းခံရပြီ တစ်ယောက်ယောက်နဲ့တိုက်ခွဲလာခဲ့ပြီဆိုမှသာ
ရင်ဘတ်စည်တီးပြီးငိုကြယိုကြ ပြဿနာတွေရှင်းကြပေါ့။
တစ်ခေတ်တစ်ခါက ငွေတစ်သောင်းလောက်အကုန်ခံနိုင်ရင် ဓါတ်ပုံလေးပေးလို်က်တာနဲ့
လူသွားစရာမလိုဘဲ လိုင်စင်တွေဖောဖောသီသီထွက်လာတဲ့ခေတ်ကိုမှီလိုက်သူတွေက
ဆိုင်ကယ်စီးတတ်တ် မတတ်တတ်ယာဉ်မောင်းလိုင်စင်ကိုအပြေးအလွှားလုပ်ထားကြပါတယ်။
ဒါပေမယ့် ယာဉ်စည်းကမ်းကတော့နားလည်ဘို့မပြောနဲ့ရှိမှန်းတောင်မသိသူခပ်များများ။
အဲတော့ လမ်းတစ်ဘက်ကနေတစ်ဘက်ခြမ်းကို အချက်ပြျမီးပြပြီးဇွတ်ကွေ့လိုကွေ့။
ကွေ့ခါနီးမှအချက်ပြျမီးကပ်ပြီး ပြလို့ပြ။
မျဥ်းသေတွေကိုကျော်ခွပြီးကွေ့လိုကွေ့။
မီးပွိုင့်လိုနေရာမျိုးမှာကိုယ့်ယာဉ်ကြောအတိုင်းမဟုတ်ဘဲရပ်ချင်သလိုရပ်။
ဆိုင်ကယ်ကွေ့မယ်ဆိုရင်လဲကြိုတင်လို့အချက်မပြဘဲ ကွေ့ပြီဆိုမှအချက်ပြလို့ပြနဲ့
ထင်တိုင်းကျဲပါတော့တယ်။
နောက်လိုင်စင်ထုတ်ပေးတာကို ကြပ်ကြပ်မတ်မတ်လုပ် သင်တန်းတွေဘာတွေတက်ပြီးမှ
လိုင်စင်လဲထုတ်ပေးရော လိုင်စင်မရှိဘဲစီးကြပါတော့တယ်။
ဆိုင်ကယ်သာရှိတယ် လိုင်စင်မရှိကြတာများပါတယ်။
အဲအဖမ်းခံရပြီဆိုရင်တော့ ရစ်တယ်ပြုတယ်ဖြစ်ကုန်ပါတော့တယ်။
ယာဉ်စည်းကမ်းမသိဘဲစီးတော့ မောင်းချင်သလိုမောင်းတိုက်ချင်သလိုတိုက်ပေါ့။
ဖြစ်လာတော့လဲ အပြင်မှာတင်ကိုယ့်ဘာသာကိုယ်ညှိနိုင်းလိုက်ကြပါတယ်။
နောက်ဆိုင်ကယ်သာစီးတယ်ဆိုင်ကယ်ဦးထုပ်မဆောင်းတဲ့သူကခပ်များများ။
ဦးထုပ်ဆောင်းတယ်ဆိုတာ ဆိုင်ကယ်လဲရင်တိုက်မိရင် ကိုယ့်ခေါင်းကို အကာအကွယ်ပေးဘို့ဆိုတာ
သိပေမယ့် မဆောင်းကြပါဘူး။
ဒါကြောင့်လဲဆိုင်ကယ်မှောက်တယ်ဆိုရင် ခေါင်းကိုခိုက်မိပြီးသေကြတာအများကြီးပါဘဲ။
ဒါပေမယ့်ဆိုင်ကယ်ဦးထုပ်မဆောင်းတာ အသံတိတ်ဆန့်ကျင်တယ်ဆိုပြီး ဂုဏ်ယူနေကြသူတွေလဲရှိပါတယ်။
ဆင်ဝယ်ပြီးချွန်းဘိုးနှမျောနေတယ်ဆိုသလိုပါဘဲ ဆိုင်ကယ်တော့ဝယ်ထားတယ် ဦးထုပ်ဘိုးတော့နှမျောနေသူ
အများကြီးပါဘဲ။
ဆိုင်ကယ်ဦးထုပ်မဆောင်းတာ မသိနားမလည်တဲ့လူငယ်တွေဆိုရင်မမှန်ပေမယ့်ခွင့်လွှတ်လို့ရပါသေးတယ်။
သူများကို သွန်သင်ဆုံးမရမယ့်နေရာကိုရောက်နေတဲ့အသက်လေးငါးဆယ်လောက်ရှိနေတဲ့သူတွေကိုယ်တိုင်
မဆောင်းတာကတော့အံ့ဩစရာ။
တစ်ရက်တူမလေးတစ်ယောက်သူတို့ကျောင်းရှေ့မှာအမှတ်တရဓါတ်ပုံရိုက်ထားတာလေးကို
ယူကြည့်လိုက်တော့အတော်လေးစိတ်ပျက်သွားပါတယ်။
“အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက”ဆိုတဲ့ဆိုင်းဘုတ်ရှေ့မှာ ဆိုင်ကယ်ဦးထုပ်ဆောင်းမထားတဲ့
ကျောင်းသားကျောင်းသူတွေရယ် ဆရာမတွေရယ်ကို မြင်လိုက်ရလို့ပါဘဲ။
အစိုးရဝန်ထမ်းဆိုတာ နိုင်ငံတော်ရဲ့အနီးကပ်လူတွေပါဘဲ။
စည်းကမ်းတစ်ခုထုတ်ထားရင် သာမန်လူတွေထက်သူတို့ကပိုမိုစောင့်ထိန်းရမှာဖြစ်ပါတယ်။
ယူနီဖောင်းဝတ်ထားပေမယ့် ဆိုင်ကယ်ဦးထုပ်ကတော့ ဆောင်းမထားသူတွေအများကြီးမြင်ဘူူးပါတယ်။
အဖမ်းခံရပြန်ရင်လဲ ဌာနဆိုင်ရာဝန်ထမ်းလစာနည်းဝန်ထမ်းဆိုပြီး ပြန်လွှတ်ပေးပြန်တော့စည်းကမ်းအပေါ်
ဂရုမစိုက်တော့ဘူးပေါ့။
ဘယ်သူမဆိုသတ်မှတ်ထားတဲ့စည်းကမ်းကိုတော့ လေးစားလိုက်နာရမှာပါ။
မသိနားမလည်တဲ့မိုက်ရူးရဲအရွယ်တွေ မဆောင်းတာကို သွန်သင်ဆုံးမပေးရမယ့်သူတွေကိုယ်တိုင်က ဦးထုပ်မဆောင်းဘူး စည်းကမ်းမလိုက်နာဘူးဆိုတော့ လူငယ်လူရွယ်တွေကို စည်းကမ်းလိုက်နာ
ဘို့ဘယ်ပြောရတော့မလဲနော့။
ပြီးခဲ့တဲ့နှစ်ကတော့ကျနော်မိတ်ဆွေတစ်ယောက် အလုပ်ကအပြန် ညနေ7နာရီလောက်85လမ်း
မြတောင်ကျောင်းနားမှာဆိုင်ကယ်ခြင်းတိုက်မိကြပါတယ်။
လမ်းမီးမရှိညမှောင်မှောင်ဆိုတော့ သူဝင်တိုက်တဲ့ကောင်လေးတွေက ထွက်ပြေးသွားပါတယ်။
ဆိုင်ကယ်လဲအကျ ခေါင်းကျောက်လမ်းမနဲ့ရိုက်မိပါတယ်။
သူကလဲဆိုင်ကယ်ဦးထုပ်ဆောင်းမထားတော့ အတွင်းကြေ ကြေ
ဦးနှောက်အတွင်းပိုင်းပျက်စီးသွားပြီး အဲဒီညမှာဘဲဆေးရုံပေါ်တင်ကွယ်လွန်သွားခဲ့။
တကယ်လို့များဆိုင်ကယ်ဦးထုပ်ဆောင်းခဲ့ရင်သူမသေနိုင်ပါဘူး။
မျက်မြင်သက်သေမရှိတော့ လူတစ်ယောက်လုံးသာဆုံးပါးသွားတယ် ဘယ်သူ့ကြောင့်ဆိုတာမသိလိုက်ရ။
မန္တလေးမှာစိတ်ညစ်စရာအကောင်းဆုံးက တစ်လမ်းမောင်းသတ်မှတ်ထားတာလို့ပြောရင်လွန်မယ်မထင်ပါဘူး။
မျက်စေ့လည်စရာကောင်းလောက်အောင်လမ်းအတိုလေးတွေကိုဘဲကွက်ပြီးတစ်လမ်းမောင်းလုပ်ထားတာတွေလဲရှိနေပြန်ပါတယ်။
ဟိုးအရင်က တစ်လမ်းမောင်းလမ်းတွေက 28လမ်းဆိုရင် 84-85ကြားကတစ်လမ်းမောင်း။
အနောက်ဘက်85လမ်းဘက်ကိုဆင်းလို့ရတယ်။
အရှေ့ပြန်တက်လို့မရ။
85လမ်းဆိုပြန်ရင်လဲ 28လမ်းကနေ 29လမ်းဘက်ကိုဘဲသွားလို့ရတဲ့တစ်လမ်းမောင်း။
29လမ်းရောက်ရင် 84လမ်းဘက်သွားလို့ရတယ်။
85လမ်းဘက်ကိုပြန်ဆင်းလာလို့မရ။
တစ်နည်းပြောရရင်84-85နဲ့28-29 တစ်ပြပါတ်လည်လေးကိုဘဲတစ်လမ်းမောင်းလုပ်ထားပါတယ်။
တောင်မြောက်ဆိုရင် 35အေလမ်းကနေ26ဘီလမ်းကို
81-82-83 လမ်းသုံးလမ်းကိုဘဲ တောင်မြောက် တစ်လမ်းမောင်းလုပ်ထားပါတယ်။
81လမ်းကတော့ တောင်ကနေမြောက် 35ကနေ26
82ကတော့မြောက်ကနေတောင်26ကနေ35
83ကတော့ တောင်ကနေမြောက်35ကနေ26 ဆိုပြီးတစ်လမ်းမောင်းလုပ်ထားပါတယ်။
နောက်ပိုင်းမှာ မဟာမုနိဘုရားကြီးပါတ်ပါတ်လည်ကိုလည်းတစ်လမ်းမောင်းလုပ်လိုက်ပါတယ်။
ရန်ကုန်မန္တလေးလမ်းမကြီး78လမ်းဘုရားကြီးအရှေ့မုဒ်က အဝင်လမ်းအရှေ့ကနေ အနောက်ဘက်
81လမ်းကတောင်ကနေမြောက်သွားတဲ့လမ်း။
42လမ်းက အနောက်ဆင်းတဲ့လမ်း84လမ်းဘက်ကို
ဘုရားကြီးလေးဆယ်ငါးတာ စာတိုက်ကွေ့က အပေါ်တက်တဲ့လမ်း။
ဒါပေမယ့် အဲဒီဘုရားကြီးပါတ်ပါတ်လည် လမ်းမှာအားလုံးပြောင်းပြန်စီးကြတာချည်းပါဘဲ။
မဝင်ရဆိုတဲ့ဆိုင်းဘုတ်ရှိရှိမရှိရှိ လမ်းပြောင်းပြန်စီးနေကြတာပါဘဲ။
ဖမ်းတုံးလေးခဏဘဲစည်းကမ်းရှိလိုက်ကြတာပါ။
မှတ်မှတ်ရရ 1997လောက်ထင်ပါတယ်။
လူငယ်လေးတစ်ယောက်က အဲဒီတစ်လမ်းမောင်းကို အရှေ့ကနေအနောက်ဘက်
လမ်းပြောင်းပြန် စက်ဘီးစီးလို့လာပါတယ်။
ဒီဘက်84လမ်းကနေ လမ်းမှန်က တက်လာတဲ့ TE-11 ကားကြီးကလဲ အရှိန်အတက် အဲဒီစက်ဘီးကို ဝင်တိုက်မိတော့ပွဲခြင်းပြီးသေသွားတာကျနော်ရှေ့တင်ပါဘဲ။
အဲတော့တစ်ယောက်ကသေ တစ်ယောက်ကအမူ့ဖြစ်လို့ဒုက္ခရောက်။
ဒါကလဲ စည်းကမ်းမရှိခြင်းရဲ့ရလာဒ်ဆိုးပါဘဲ။
ဒီဘုရားကြီးလေးဆယ့်ငါးတာလမ်းမှာလဲ အမြဲတမ်းလမ်းပြောင်းပြန်စီးနေကြသလို
အရှေ့မုဒ်အဝင်လမ်းမှာလဲ ပြောင်းပြန်သမားတွေအများကြီးပါဘဲ။
အခုနောက်ပိုင်း ကုန်းကျော်တံတားကိုဆိုင်ကယ်မတက်ရဘူးသတ်မှတ်လိုက်ပါတယ်၊
ဒါပေမယ့်လဲ လစ်ရင်လစ်သလိုခိုးတက်။
မိသွားရင်ဒဏ်ငွေဆောင်နဲ့ ဟုတ်နေကြတာပါဘဲ။
အဲဒါ့အပြင် 78လမ်းနဲ့လမ်း80ကြားကို တစ်လမ်းမောင်းတွေသတ်မှတ်လိုက်ပါတယ်။
36လမ်းက အရှေ့ကအနောက်၊
37လမ်းကတော့ အနောက်ကအရှေ့
38လမ်းက နှစ်လမ်းသွား
39လမ်းကအရှေ့ကအနောက်
လမ်း40က အနောက်ကအရှေ့။
အဲလိုသတ်မှတ်ပေးလိုက်တော့ ဆိုးသွားတာတစ်ခုက ဒီလမ်းက မီးရထားသံလမ်းကိုဖြတ်ထားတဲ့လမ်းဖြစ်တော့
မီးရထားလာတယ်ဆိုရင် လမ်းခဏပိတ်ရပါတယ်။
အဲလိုပိတ်ထားတာက ဆိုင်ကယ်တွေကားတွေကို စုပေးထားသလိုဖြစ်တဲ့အချိန်
လမ်းပြောင်းပြန်ဝင်လာသူနဲ့ဆုံတော့ ရှေ့တိုးမရနောက်ဆုတ်မရနဲ့လမ်းတွေပိတ်ကုန်တာပါဘဲ။
အထူးသဖြင့် ညနေအလုပ်ဆင်းချိန် ဈေးသိမ်းချိန် နဲ့ဆုံတတ်တဲ့ညနေငါးနာရီနဲ့ခြောက်နာရီကြားမှာဆိုရင်
36လမ်းမှာလမ်းတွေပိတ်ကုန်ပါတယ်။
ကျနော့်အမြင်ပြောရရင်တော့ ဒီ 36ကနေလမ်း40ထိကတော့ ပုံမှန်နှစ်လမ်းသွားဘဲထားသင့်တယ်ထင်ပါတယ်။
အခုတစ်လမ်းမောင်းလုပ်လိုက်တော့ တစ်ဖက်ထဲကိုကားတွေဆိုင်ကယ်တွေစုပေးလိုက်သလိုဖြစ်သွားပြီး
လမ်းကပိုကျပ်သွားပါတယ်။
မသိလို့ဘဲဖြစ်ဖြစ် သိလျက်နဲ့ဘဲဖြစ်ဖြစ် လမ်းပြောင်းပြန်သွားနေတဲ့သူတွေက အများကြီးဆိုတော့
လမ်းက ပိုပိတ်သွားတဲ့အပြင် အန္တရာယ်လဲများလှပါတယ်။
နောက်တစ်လမ်းမောင်းလုပ်တယ်ဆိုတာက ယာဉ်တို်က်မူ့အန္တရာယ်နည်းအောင်၊
လွတ်လွတ်လပ်လပ်ကျယ်ကျယ်လွင့်လွင့်မောင်းလို့ရအောင်ရည်ရွယ်ပြီးလုပ်တာဖြစ်ပါတယ်။
တကယ်လက်တွေ့မှာတော့ တစ်လမ်းမောင်းလို့အမည်တပ်လိုက်တာနဲ့ဘေးတစ်ချက်တစ်ချက်မှာ
ကားတွေထင်သလိုရပ်ကြတော့တာပါဘဲ။
အဲတော့ နဂိုရ်ကမှ ကျဉ်းတဲ့လမ်းက ပိုကျဉ်းသွားပါတယ်။
လမ်းတစ်ဖက်တစ်ချက်ကဆိုင်တွေကလဲ လမ်းပေါ်တက်အလုပ်လုပ်ကြပါတော့တယ်။
ရေပိုက်ရောင်းတဲ့ဆိုင်က လမ်းပေါ်တက်ပိုက်ဖြတ်တယ်။
သံချောင်းရောင်းတဲ့ဆိုင်ကလည်းအားကျမခံလမ်းပေါ်တက်ပြီးသံပိုက်ဖြတ်။
မီးစက်ရောင်းတဲ့ဆိုင်က လမ်းပေါ်တက်မီးစက်စမ်းပြတယ်။
အဲဒါကတော့ 83လမ်း 26-29လမ်းကြားတစ်လျောက်လုံးမှာမထူးဆန်းတဲ့မြင်ကွင်းတွေပါ။
28-29လမ်းကြားမှာ ဆေးကုမ္ပဏီရှိတယ် အသံချဲ့စက်တွေရောင်းတဲ့ဆို်င်ရှိတယ်။
26-27-28 ကြားမှာတော့စက်ပစ္စည်းရောင်းတဲ့ဆိုင်တွေရှိပါတယ်။
ဒီဆိုင်တွေကိုလာဈေးဝယ်သူတွေရဲ့ကားတွေဆိုင်ကယ်တွေက လမ်းဘေးမှာရပ်ချင်သလိုရပ်။
ဒီဆိုင်တွေကိုကုန်လာချတဲ့ကားတွေကလဲတစ်လမ်းမောင်းဘဲဆိုပြီး ကားကိုကန့်လန့်ထိုးပြီးကုန်ချလို့ချ။
အဲဒီအထဲမှာကုန်ပို့တဲ့ လက်တွန်းလှည်းတွေဆိုက်ကားတွေ စက်ဘီးတွေက ကုန်အပြည့်မနိုင်မနင်းနဲ့
ပြောင်းပြန်ဝင်လာသလို စက်ဘီးတွေ ဆိုင်ကယ်တွေကလဲ လမ်းပြောင်းပြန်ဝင်လာပါတယ်။
အဲဒီမှာလမ်းတွေပိတ်ကျပ်ကုန်တာပါဘဲ။
တစ်လမ်းမောင်းလုပ်လိုက်လို့လမ်းကျယ်က နေလမ်းကျဉ်းဖြစ်သွားတာကတော့
အဆင့်မြင့်ဈေးချိုရှေ့က84လမ်းမပါဘဲ။
28လမ်းကနေ 26ဘီလမ်းကို တောင်ကနေမြောက်ဝင်လို့မရပါဘူး။
26-27-28 သုံးပြထဲကို တစ်လမ်းမောင်းလုပ်ပေးထားတာပါ။
ဒီနေရာက လူအတော်များများအဖမ်းခံရတဲ့နေရာလဲဖြစ်ပါတယ်။
လမ်းညွန်ဆိုင်းဘုတ်ရှိပေမယ့် ခပ်သေးသေး ။
ဘယ်သူမှတစ်လမ်းမောင်းလို့မထင်ပါဘူး။
29လမ်းဘက်လမ်းမအကျယ်ကြီးကနေတောင်ဘက်ကနေမြောက်ဘက်တည့်လာတဲ့အခါ
28လမ်းရောက်တဲ့တော့ တည့်တည့်ကြီး ဆက်ပြီးဝင်သွားတတ်ကြပါတယ်။
ဒီလောက်လမ်းအကျယ်ကြီးကိုတစ်လမ်းမောင်းလုပ်ထားမယ်လို့မထင်တာလဲပါပါတယ်။
အဲတော့တည့်တည့်လဲဝင်ရော အသင့်စောင့်နေတဲ့ ယာဉ်ထိန်းက ဆီးဖမ်းလိုက်တာပါဘဲ။
ဝင်လာတော့မှ ဖမ်းလိုက်တာထက် မသိလို့ဝင်လာသူကို မဝင်ခင်အချိန်မီတားပေးနိုင်ရင်ပိုပြီးတရားမျှတမယ်ထင်ပါတယ်။
အခုတော့ မသိလို့ ဝင်သူကိုအသင့်စောင့်ဖမ်းတယ်ဆိုတာမျိုးကတော့မဖြစ်သင့်ဘူးထင်ပါတယ်။
လေးလမ်းသွားကျယ်ဝန်းတဲ့လမ်းမကြီးက ကားတစ်စီးသွားသာရုံလောက်ဘဲကျန်ပါတော့တယ်။
လမ်းပေါ်မှာကားဆိုင်ကယ်အပ်လက်ခံတဲ့နေရာက တောင်ဘက်ထိပ်မှာအရှေ့ဘက်ခြမ်းက တစ်ခု မြောက်ဘက်ထိပ်မှာ အနောက်ဘက်ခြမ်းက တစ်ခု။
နောက်အဲဒီနှစ်ခု ကြားထဲမှာရှိတဲ့ ဘဏ်ကိုလာတဲ့ကားဆိုင်ကယ်ရပ်တာက တစ်ခုဆိုတော့ပေါင်းသုံးခု။
အဲဒီသုံးနေရာနဲ့တင်လမ်းကအတော်လေးပြည့်ကျပ်နေပါပြီ။
နောက်လာသမျှ ဈေးလာဝယ်တဲ့ ကားတွေကလဲ ဆိုင်ကယ်ကား အအပ်ခံထားတဲ့ရှေ့မှာပိတ်ရပ်ပြန်ပါတယ်။
ဈေးချိုထဲက ဆိုင်တွေကိုလာပြီးပစ္စည်းချတဲ့ ကုန်ကားတွေကလဲစိမ်ပြေနားပြေ အေးဆေးဖြည်းဖြည်းချ။
26လမ်းဘက်ကနေဝင်လာတဲ့ လိုင်းကားတွေကလဲ ရပ်ချင်သလိုရပ်ပြီး လိုင်းကားစီးမယ့်သူတွေကို ဇွတ်ဆွဲတင်။
လူမရမခြင်းကားရပ်လို့ ကားစီးမယ့်သူကိုစောင့်တော့လမ်းပိတ်။
ဈေးချိုကုန်းတံတားအောက်မှာ ဆိုက်ကားရော ဆိုင်ကယ် ကယ်ရီသမားရော လမ်းပိတ်ရပ်ပြီး
လာခေါ်မယ့်သူကိုစောင့်။
ဆိုင်ကယ်သမားတွေကလဲ 27လမ်းဘက်ကဆင်းလာပြီးလမ်းပြောင်းပြန်ဝင်တဲ့သူ့ကဝင်။
လမ်းကြောမဟုတ်ဘဲ ကွေ့ဝိုက်လို့ စီးတဲ့လူကစီး။
အမြဲတမ်းလမ်းပျောက်နေတဲ့နေရာဖြစ်ပါတယ်။
ကားလေးစီးသွားနိုင်အောင်ကျယ်ဝန်းတဲ့လမ်းမက တစ်စီးချင်းတန်းစီပြီး တရွေ့ရွေ့သွားနေရတာကတော့မဖြစ်သင့်တဲ့ကိစ္စပါဘဲ။
အဝင်ဝမှာရော အထွက်ရော ဈေးချိုကုန်းတံတားအောက်မှာ ဒီလမ်းမကြီးကိုစောင့်ကြပ်ဘို့
တာဝန်ချထားသူတွေရှိပေမယ့် ဘာမှမထူးခြား ။
သိပ်ကျပ်လာမှသာ ဝီစီလေး တတွီတွီမူတ်တာလောက်ဘဲရှိပါတယ်။
အချိန်အမြဲ လမ်းပိတ်နေပါတယ်။
ဟိုအရင်က ဆိုရင် လမ်းပြောင်းပြန်မစီးဘူးတော့မဟုတ် စီးကြပါတယ်။
ဘေးနားလေးကို ကပ်ပြီးစီးကြပါတယ်။
နောက်တောင်းပန်တဲ့မျက်နှာပေးနဲခပ်ဖြည်းဖြည်းလေးဘဲစီးကြပါတယ်။
အခုလွတ်လပ်တဲ့ခေတ်မှာတော့ လမ်းပြောင်းပြန်စီးတဲ့လူက ခပ်မာမာပါဘဲ။
လမ်းအလည်ခေါင်ကတက်စီးပြီး “မိုက်ရင်ဝင်တိုက်”ဆိုတဲ့ဒီဇိုင်းမျိုးနဲ့ပါဘဲ။
တစ်ချို့များလမ်းမှန်ဝင်လာတဲ့သူကဆဲတောင်သွားပါသေးတယ် ို။
အထူးသဖြင့် 42လမ်း ဘုရားကြီးမြောက်ဘက်မုဒ်က ဈေးရှိတော့ပိုဆိုးပါတယ်။
အခုတော့လွတ်လပ်သွားလို့လားတော့မသိ လမ်းပြောင်းပြန်စီးသူဦးရေပိုများသထက်များလာပါတယ်။
အဲတော့လဲ မကြာခဏတိုက်ကြ ငြိကြဖြစ်တာမဆန်းတော့သလိုပါဘဲ။
ဒါကတစ်လမ်းမောင်းကို ပြောင်းပြန်ဝင်စီးတာ။
တစ်ချုို့ကတော့ နှစ်လမ်းမောင်းထဲကိုလဲပြောင်းပြန်ဝင်စီးပါသေးတယ်။
စက်ဘီးတွေဆိုင်ကယ်တွေအဆိုးဆုံးပါဘဲ။
သူတို့က နှစ်လမ်းမောင်းလမ်းထဲကို ဇွတ်ကိုဝင်စီးကြတာပါ။.
တကယ်ကိုစိတ်ပျက်စရာကောင်းလှပါတယ်။
ခက်တာက တစ်လမ်းမောင်းလမ်းဆိုတာကို ထင်သာမြင်သာအောင်ပြထားပေမယ့်
မဝင်ရ ဆိုတဲ့ ဆိုင်းဘုတ်တွေက ထင်ထင်ရှားရှားမရှိ။
အထက်တန်းကျောင်းသားတွေလိုင်စင်မရှိဘဲကျောင်းကိုဆိုင်ကယ်နဲ့လာတာကို
မိဘတွေကလဲခွင့်ပြု ဆရာ ဆရာမတွေကလဲမတားဆီး။
လူကြီးတွေကိုယ်တိုင် ဆိုင်ကယ်ဦးထုပ်မဆောင်းေတော့
ကလေးတွေဆိုုင်ကယ်ဦးထုပ်မဆောင်းတာကိုအပြစ်ပြောမရ။
ယာဉ်စည်းကမ်းလမ်းစည်းကမ်းကိုနားမလည်ဘဲလိုင်စင်ကိုင်ထား။
အပြစ်ရှိလို့ဖမ်းပြန်ရင်လဲမဖြစ်စလောက် ဒဏ်ငွေလေးနဲ့ဆိုအရေးမစိုက်။
ရှောင်တစ်ခင်စစ်ဆေးတယ်ဆိုပြီးလမ်းဒေါင့်မှာတစ်နေကုန်ရပ်ဖမ်းပေမယ့် ကျန်တဲ့အချိန်နေချင်သလိုနေ။
ယူနီဖောင်းဝတ်ထားတဲ့ လူတွေကိုယ်တိုင် ဦးထုပ်မဆောင်းဘဲသွားလိုသွား။
ပြီးခဲ့တဲ့သုံးလေးရက် မနက်ခင်းလေးမှာပါ 26ဘီလမ်းနဲ့လမ်း80ဆုံတဲ့မီးပွိုင့်မှာကျနော်က မီးနီမိလို့ရပ်နေတုန်း
ယာဉ်ထိန်းတစ်ယောက် ကျုံးအရှေ့ဘက်ဒေါင့်က ယာဉ်ထိန်းနားဘို့ဆောက်ထားတဲ့နေရာကို
လမ်းပြောင်းပြန်ကြီးဝင်ချလာပါတယ်။
- လမ်းအပြည့်လူအပြည့်
သူကတော့ လာနေတဲ့ကားကို လက်ပြရပ်ခို်င်းပြီးခပ်တည်တည်ဝင်လာတာ။
အားလုံးရဲ့အကြည့်က အအထင်သေးတဲ့အကြည့်နဲဝိုင်းကြည့်နေကြပါတယ်။
ရှက်စရာကြီးပါ။
တစ်လမ်းမောင်းလုပ်ဘို့မလိုအပ်တဲ့လမ်းတွေက တစ်လမ်းမောင်းလုပ်လို့လုပ်ဆိုတော့
ပိုရှုပ်သထက်ရှုပ်သွားပါတယ်။
တကယ်ပြောရရင်တော့ နောင်အရှည်ကောင်းဘို့အတွက်ဆိုရင် ကျနော်တို့လိုပြည်သူပြည်သားတွေကလဲ
ပြင်ရပါမယ်။
ဒီစည်းကမ်းတွေထုတ်ထားသူကိုယ်တိုင်ကလဲ လိုက်နာရပါမယ်။
အုပ်ချုပ်သူများဘက်ကလဲ လက်တွေ့နဲ့မကိုက်ညီတော့ တဲ့ စည်းမျှဉ်းစည်းကမ်းအချို့ကိုပြင်ပေးရမယ့်အပြင်
ကိုယ့်ဝန်ထမ်းတွေပါ စည်းကမ်းရှိအောင် သွန်သင်ထားရပါမယ်။
စည်းကမ်းဖောက်ဖျက်တယ်ဆိုရင် ကျောသားရင်သားမခွဲခြားဘဲ အရေးယူရပါမယ်။.
ဒီလိုမှားယွင်းနေတဲ့အရေးကိစ္စတွေကို
ဘယ်သူတွေဘက်ကပြင်ကြမလဲ
ပြင်ရင်ကောင်းမလား မပြင်ဘဲထားရင် ကောင်းမလားဆိုတာကတော့……………………….
ကိုပေါက်(မန္တလေး)
ကိုပေါက်လက်ဆောင်အတွေးပါးပါေးလး
(25-7-2012)
ကိုပေါက် လက်ဆောင် အတွေးပါးပါးလေး
11 comments
မောင်ပေ
August 15, 2012 at 11:09 am
လေးပေါက်ရေ ဖတ်ရတာ အရသာရှိတယ်ဗျာ
တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော် ဓါတ်ပုံ၂ပုံရိုက်ထားတာလေးကို ကိုပေါက်အနောက်က လိုက်ခြင်းဆိုပြီးတင်မယ်ဗျာ
ဒီပိုစ့်ထဲက စိတ်ကြိုက်စာသားကတော့
ငါ့သားလေးကတော်လိုက်တာ.. ငယ်ငယ်လေးနဲ့ဆိုင်ကယ်စီးတတ်နေပြီ ဆိုတာကို ဆက်တွေးကြည့်မိတော့..
ငယ်ငယ်လေးနဲ့ စည်းကမ်းမသိ/မရှိ လမ်းပေါ်မှာ ယာဉ်တိုက်မှုဖြစ်တော့မယ်
ကိုယ့်ရဲ့သားငယ် သမီးငယ်ကြောင့် တစ်ဘက်သား ဒုက်ခရောင်နိုင်သလို
ကိုယ့်သားသမီးလဲ လမ်းပေါ်မှာ မာလကီးယားသွားနိုင်တာကလား
P chogyi
August 15, 2012 at 11:29 am
ကိုပေါက်ရေ မန်းတလေးမရောက်တာ နှစ်ပေါင်း ၂ဝ နီးပါးရှိသွားပြီ။
ဒီလောက်စည်ကားနေမှန်းမသိဘူး။
လာဖြစ်ရင်တော့ ကိုပေါက်တို့ ဆက်သွယ်ပြီး
အကူအညီတောင်းရဦးမယ်။
shwe kyi
August 15, 2012 at 12:11 pm
လေးပေါက်ရေ ကိုယ့်ဘာသာပဲပြင်လိုက်ပါတော့မယ်။ တကယ်စိတ်ရှုပ်စရာပါပဲနော်။
ဦးဦးပါလေရာ
August 15, 2012 at 12:13 pm
ကိုပေါက်ရေ-
လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးဆယ်- ၁၉၈၂ – ၂၀၁၂ အတွင်း
တစ်ခါတစ်ရံမှသာ စည်းကမ်းပျက်တဲ့ တိုင်းပြည်ဘဝကနေ
တစ်ခါတစ်ရံမှသာ စည်းကမ်းလိုက်နာတဲ့ တိုင်းပြည်ဘဝကို
ကိုယ့်မျက်စေ့အောက်မှာတင် နိမ့်လျှောကျဆင်း သွားပါပြီ…။
စည်းကမ်းမဲ့တဲ့တိုင်းပြည်ဖြစ်သွားတာ ဘယ်သူတွေမှာတာဝန်ရှိသလဲ ဆိုတဲ့မေးခွန်းအတွက်တော့ အငြင်းပွားစရာ အဖြေများစွာထွက်လာမှာပါ…။
ဒါပေမယ့်-
စည်းကမ်းရှိတဲ့ တိုင်းပြည်မြို့ရွာဖြစ်လာအောင်
ဘယ်သူတွေက ဆောင်ရွက်ကြရမှာလဲ… လို့ မေးလာရင်တော့
အငြင်းမပွားထိုက်တဲ့ အဖြေမျိုးပဲထွက်လာမှာလို့ထင်ပါတယ်။
ကျွန်တော်တို့ ပြည်သူအားလုံး ပူးပေါင်းဆောင်ရွက်ကြရမှာပါ..။
ကျွန်တော်တို့ ပြည်သူအားလုံး ပူးပေါင်း ပြုပြင်ကြရမှာပါ..။
ပြည်သူတွေရဲ့ပူးပေါင်းဆောင်ရွက်မှု့ကို လိုချင်ရင်
ပြည်သူတွေရဲ့လေးစားလက်ခံမှု့ကိုလဲ ရအောင်ယူနိုင်မှဖြစ်မှာပါ….။
etone
August 15, 2012 at 4:57 pm
လေးပေါက်ရေ ….
စည်းကမ်းထိန်းသိမ်းရေး အပိုင်းကို ရေတက်ငါးဇင်ရိုင်းလို လုပ်နေတော့လည်း .. လုပ်တဲ့နေရာတဲ့ လုပ်တဲ့ အချိန်လောက်သာ စည်းကမ်းရှိသွားပေမယ့် .. နောက်ပိုင်း မှာ အခုလိုပဲ မထူးဇာတ်ခင်းနေကြတာပါပဲ … ။ စည်းကမ်းထိန်းသိမ်းတာ တကယ်အကောင်ထည်ဖော်ကြည့် … တကယ်စည်းကမ်းရှိလာလိမ့်မယ် … ။
အတိသဉ္ဖာ နာဂရချစ်သူ
August 15, 2012 at 7:05 pm
ကိုပေါက်ရေ မန္တလေးမှာ ဆိုင်ကယ်ပေါချက်ကတော့ ဗျာ။အရင်က ရန်ကုန် ခုတော့ မန်းမြေပေါ့။
ဆိုင်ကယ်စီးလိုင်စင်ကို အသက်(၁၆)နှစ်ကို လျှော့ချလိုက်ပြန်တော့ ပိုဆိုးလာမယ်ထင်တယ်ဗျ။
ko khin kha
August 15, 2012 at 9:03 pm
မန်းသားတွေ လမ်းသလားရင်
သရမ်းသမားတွေ ရှောင်ဗျာ။
အလင်းဆက်
August 15, 2012 at 9:08 pm
ဟုတ်တယ်.နော် ။ ကြည့်ရတာ စိတ်ညစ်စရာ…..
padonmar
August 15, 2012 at 9:58 pm
ကိုပေါက်ရေ
ပြင်လို့ချက်ခြင်းရရ မရရ ပြင်ရမှာပေါ့ကိုပေါက်ရယ်။
မပြင်တာထက်စာရင်ပြင်တာက အကောင်းဖက်ပိုနီးလာမှာပေါ့။
ကျမတို့ အသက်တမ်းမှာ မမီလည်း နောင်မျိုးဆက်တွက် ပြင်ကြရအောင်ပါ။
ကိုပေါက်(မန္တလေး)
August 15, 2012 at 10:14 pm
အရင်ကျနော်ပြောခဲ့ဘူးသလို
စည်းကမ်းမလိုက်နာတာကိုဘဲအပြစ်တင်လို့မရသလို လိုက်နာနိုင်လောက်တဲ့စည်းကမ်း ထုတ်ဘို့လဲလိုအပ်ပါတယ်။
ထုတ်ထားတဲ့စည်းကမ်းကိုလည်း တတ်နိုင်သလောက် လိုက်နာဘို့လိုအပ်လှပါတယ်။
တကယ့်ကိုအားမနာတမ်းပြောရရင် လူအတော်များများ က အကြီးကြီးတွေပြောနေပြီး
အခြေခံကျတဲ့အသေးလေးတွေကိုတော့ မလိုက်နာနိုင်တာကို ကျနော်တို့ပါတ်ဝန်းကျင်မှာအမြဲတွေ့နေရပါတယ်။
အခုကတည်းက စပြင်မယ်ဆိုရင် ကျနော်တို့သားတွေရဲ့ မြေးလက်ထက်ရောက်ရင်
မြန်မာပြည်ကြီးက အတော်လေးကိုကောင်းတဲ့နိုင်ငံဖြစ်မှာအတိအကျပါဘဲ။
aye.kk
August 15, 2012 at 11:43 pm
ကိုပေါက်ရေ။
စံနစ်တွေ၊မူတွေ၊ကောင်းဖို ့အတွက်..
တာဝန်ရှိတဲ့သူတွေဆီမှာအပြည့်အဝတာဝန်ရှိပါတယ်။
ကိုယ်ကိုတိုင်ကလိုက်နာရမည့်တာဝန်ရှိသူဖြစ်ပါလျှက်နဲ ့လေးစားလိုက်နာမှုမရှိတာဟာ။
အလွန်ရုပ်ဆိုးလှပါတယ်။ကြက်တူရွေးကတော်တော်၊မယ်ဘော်ကကဲကဲဆိုသလို။
ပြည်သူတွေဘက်ကပြင်ပါ့မယ်လိုက်နာနိုင်ပါ့မယ်ဆိုရင်တောင်…
တာဝန်ရှိသည့်သူတွေကတာဝန်မသိဘဲ၊မသိကျိုးကျဉ်နေသရွေ ့၊မပြင်သရွေ ့တော့ပိုဆိုးနေဦးမှာပါဘဲ။။
စည်းကမ်းလိုက်နာရမယ့်တာဝန်ရှိသူတွေကိုယ်တိုင်ကကို။
ကိုယ်ကိုနှိုက်ကတာဝန်ရှိပြီးတော့၊ကိုယ့်တာဝန်ကိုယ်မသိ၊စည်းမဲ့ကမ်းမဲ့အကျင့်ပျက်တဲ့
လိုက်နာမှုမရှိတဲ့ဝန်ထမ်းတွေကိုလည်း။အရင်ပြင်သင့်၊ထုတ်ပယ်သင့်အပ်လှပါတယ်။။