ကြုံဆုံရသမျှ အာရပ်စော်ဘွားများ ပြည်ထောင်စုက (၁)

စဆရ ႀကီးAugust 6, 20121min77531

ကျွန်တော် စာတွေရေးရမည်ကို အတော်လေး ထိတ်လန့်နေသည်… လွန်ခဲ့သောနှစ်ရက်က စာတစ်ပုဒ်အား စိတ်ပါလက်ပါ တစ်နာရီခွဲကျော်ခန့် ရေးသားပြီးသည့်နောက် နောက်ဆုံးပိတ် ကျေနပ်ပြီဟုဆိုကာ Publish လုပ်လိုက်သည်နှင့် Error ရှိကြောင်း စာလေးတစ်ကြောင်းတက်လာပြီး ကျွန်တော့်ခံစားချက်များအား အပြီးအပိုင် သိမ်းယူသွားတော့သည်။ ဒုတိယအကြိမ်မြောက် ဖြစ်ခြင်းဖြစ်သည်။ ကျွန်တော်သည်လည်း စာတစ်ပုဒ်ကိုရေးမည်ဆိုလျင် Web Page ပေါ်တွင် တိုက်ရိုက်ရေးသားရခြင်းကိုသာ အားသန်သည့်အလျှောက် ယခုကဲ့သို့ ခံလိုက်ရခြင်းဖြစ်ပေမည်။ ယခုအခါတွင်မတော့ နှစ်ခါရှိ၊ နှစ်ခိရှာသွားပြီဖြစ်သည့်အတွက် Word ပေါ်မှပင် စိတ်တိုင်းကျရေးသားပြီးနောက် ဆိုက်ပေါ်တင်လိုက်ခြင်းဖြစ်သည်။ စကားပလ္လင်ခံနေသည်နှင့် လိုရင်းသို့ မရောက်နိုင်ပဲ ရှိတော့မည်။ စကြပါစို့။

၁။
ကျွန်တော်သည်ကား အရှေ့အလယ်ပိုင်းဒေသ၊ အာရပ်စော်ဘွားများ ပြည်ထောင်စုတွင် KFC (Kentucky Fried Chicken ) လုပ်ငန်းတွင် လုပ်ကိုင်နေခြင်းဖြစ်သည်မှာ အတော်အတန်ခန့်ကြာပြီဖြစ်သည်။ လက်ရှိအချိန်ထိ ကြုံဆုံဖြတ်သန်းလာခဲ့ရသော အတွေ့အကြုံများကိုသာ သက်သက်ရေးသားမည်ဖြစ်သောကြောင့် ရသမြောက်မည်လည်းမထင်၊ လုပ်ငန်းအတွေ့အကြုံရရေးအတွက်သာ ရေးသားတင်ပြရခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် အင်တာဗျူးအောင်မြင်ပြီးနောက် စုစုပေါင်း မြန်မာလူမျိုး ၇၃ ဦးကို ၅ သုတ်ခန့်ခွဲကာ ခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်။ အများစုမှာ ဟိုတယ်လုပ်ငန်းအတွေ့အကြုံ၊ စားသောက်ကုန်လုပ်ငန်းဆိုင်ရာ သင်တန်းဆင်းလက်မှတ်ကိုင်ဆောင်ထားသူများဖြစ်သည်။ ကျွန်တော်တစ်ဦးတည်းသာ ဘာလက်မှတ်၊ဘာအတွေ့အကြုံမှ မရှိပါပဲ နိုင်ငံခြားအတွေ့အကြုံရှိဖူးသူအနေနှင့်သာ ရွေးချယ်ခံလာရခြင်းဖြစ်သည်။ မူရင်း Company မှာ Pizza Hut, KFC, TGI Friday, Hardee’s, Krispy Kreme, Tako Bell အစရှိသည့် Brand များဖြင့် UAE တစ်ခွင် ဖွင့်လှစ်ထားခြင်းဖြစ်သည်။ စတင်ရွေးချယ်စဉ်က မည်သည့် Brand ကို ပို့မည်မပြောပဲ ရောရောထွေးထွေးဖြင့် ခေါ်ဆောင်လာခြင်းဖြစ်သည်။

လေဆိပ်မှတစ်ဆင့် ရုံးချုပ်ရှိ ယာယီဝန်ထမ်းတည်းခိုရန်အဆောင်သို့ ခေါ်ဆောင်သွားပြီးနောက် ကြိုတင်ချေးငွေအသီးသီးထုတ်ပေးသည်။ တစ်ရက်လျင် နှစ်နပ်စာ ကြိုက်သည့်ဆိုင်တွင် ထုတ်စားနိုင်ရန် လက်မှတ်များပါပေးသည်။ ထိုကဲ့သို့ အိပ်လိုက်၊စားလိုက်နှင့် သုံးရက်ခန့် ကြာပြီးသည့်နောက် ကျွန်တော်တို့အသီးသီး တာဝန်ကျသည့်နေရာများကို သိရပြီဖြစ်သည်။ ဟိုတယ်လုပ်ငန်းအတွေ့အကြုံရှိသည့် သူများနှင့် မိန်းကလေးအများစု ကို Pizza Hut တွင်လည်းကောင်း၊ ယောကျာ်းလေးအများစုကို KFC ဆိုင်အသီးသီးတွင်လည်းကောင်း နေရာချထားသည်။ TGI Friday တွင်မူ မိန်းကလေးတစ်ယောက်သာ နေရာချထားခြင်းခံရသည်။ တစ်နိုင်ငံလုံးအနှံ့ ၂ ယောက်တစ်တွဲ၊ သုံးယောက်တစ်တွဲ အစရှိသည်ဖြင့် နေရာသတ်မှတ်ပေးခြင်းဖြစ်သည်။ ကျွန်တော်မှာမူကား မည်သည့်ပုဒ်မဖြင့်မသိ၊ ကန္တာရအလည်ရှိ မထင်မရှားမြို့လေး Umm Al Quwain သို့ တစ်ကိုယ်တည်း နေရာချခြင်းခံရသဖြင့် တာဝန်ကျရာသို့ Company မှကားဖြင့် လိုက်ပါပို့ဆောင်ခြင်းကို ခံရလေသည်။

၂။

ကားပေါ်တွင် လိုက်ပါပို့ဆောင်ပေးသူနှင့် အတော်လေးစကားများပြောမိသည်။ ယာဉ်မောင်းလိုင်စင်လုပ်ချင်လျင် ကားအတွက် 6000 AED ခန့်၊ မော်တော်ဆိုင်ကယ်အတွက် 3000 AED ခန့်ကုန်ကြောင်း၊ ယာဉ်မောင်းလိုင်စင်ရှိပါက ပိုမိုကောင်းမွန်သည့် လစာကိုရရှိနိုင်ကြောင်း သိရသည့်အတွက် နောင်တွင်လုပ်မည်ဟု တေးထားလိုက်သည်။ (ယခုတော့ ကျွန်တော်သည်ကား လိုင်စင်မရှိပဲ မောင်းနှင်နေပြီဖြစ်သည်။ မှတ်ချက်- စက်ဘီး) ဆက်ပါဦးမည်။ လမ်းတွင်တွေ့သမျှ ကောက်ကောက်ကွေးကွေးစာများအားလိုက်ဖတ်ရာ အများစုမှာ အာရဗီဘာသာစကားဖြင့် ရေးသားထားခြင်းဖြစ်သဖြင့် ဘာမှတော့နားမလည်ပေ။ အများစုမှာ ဆိုင်းဘုတ်များကို အကြီးကြီးလုပ်ထားကြသည်။ အင်္ဂလိပ်စာဖြင့် ရေးသားထားသော နာမည်တိုင်းတွင် Al ဖြင့် အစချီသည်ကိုလည်း တွေ့ရသည်။ ယာဉ်မောင်းအား မေးကြည့်သောအခါ အင်္ဂလိပ်စာလုံး The နှင့်အလားတူကြောင်း သိရသည်။ မိုးရှားသောဒေသဖြစ်သောကြောင့် အိမ်အများစုမှာ ခေါင်မိုးများမှာ အပြားလိုက်သာဖြစ်ကြသည်။ ဆေးအရောင်များမှာလည်း မြေကြီးရောင်များသာဖြစ်သည်။

လမ်းများမှာမူ မြန်မာနိုင်ငံနှင့် ယာဉ်ကြောခြင်းအတူတူ ဘယ်မောင်းများဖြစ်ကြသည်။ တစ်ခုသတိထားမိသည်မှာ မီးပွိုင့်များတွင် U-Turn လှည့်ရခြင်းဖြစ်သည်။ ချို့ယွင်းချက်တစ်ခုအနေနှင့်မူ မသန်မစွမ်းများအတွက် သီးသန့်လမ်းများမရှိခြင်း၊ စက်ဘီးသမားများအတွက် အလွန်ခက်ခဲသည့် ယာဉ်ကြောစနစ်ရှိခြင်း၊ ရေနှုတ်မြောင်းများမရှိသည့်အတွက် မိုးရွာသည့်အခါ လမ်းရေကျော်ခြင်းများဖြစ်သည်။ လမ်းများမှာတော့မူ အတော်လေးကို ညီညာချောမွေ့လှသည်။ ကန္တာရနိုင်ငံဖြစ်သည့်အားလျော်စွာ သဲမုန်တိုင်းတိုက်သည့်အခါများတွင်မတော့ လမ်းမများပေါ်တွင် သဲများ ဖုံးနေတတ်သည့်အတွက် သန့်ရှင်းရေး လုပ်သားများမှ နေ့စဉ်လှဲကျင်းနေရသည်ကို မြင်မိသည်။ ရေဆိုးများအတွက်မူ ရေဆိုးထုတ်မြောင်းများမရှိပဲ မြေကြီးအတွင်း ကန်တူးထားရပြီး ပြည့်လာပါက ရေဆိုးသယ် Boxer ကားများဖြင့် သယ်ထုတ်ရခြင်းဖြစ်သည်။ ရေပေးဝေမှုအနေနှင့် အစိုးရကသာ လုပ်ကိုင်သည်။ ရေပိုက်များတွင် ရေမီတာများတပ်ဆင်ထားသည်။ ထိုမှတစ်ဆင့် ရေကို ယာယီသိုလှောင်ကန်များအတွင်း ဖြည့်သွင်းပြီးမှသာ ရေစုပ်မော်တာများဖြင့် လိုရာသို့ သွယ်ယူကြရခြင်းဖြစ်သည်။ စည်ပင်ယာယာပိုက်လိုင်းများမှ တိုက်ရိုက်သွယ်ယူခြင်း ခွင့်မပြုပေ။ ထမင်းဟင်းချက်ရန် လောင်စာအဖြစ် Gas အိုးများကို ကိုယ်တိုင်ဝယ်သုံးရသည်။ အစိုးရဝန်ဆောင်မှုမရှိပါ။ 17 Kg အိုးတစ်လုံးကို 120 AED ခန့်ပေးရသည်။ လျှပ်စစ်မီးသုံးစွဲခြင်းထက် ကုန်ကျစရိတ်သက်သာပါသည်။ ယခုကဲ့သို့ ဇူလိုင်၊ ဩဂုတ်လများတွင်မတော့ နေ့အပူချိန်မှာ ၁၁ဝ ံF နှင့် ညအပူချိန် ၉ဝံF ခန့်ရှိသဖြင့်တစ်ကြောင်း၊ ရေလှောင်ကန်များမှာ ပြင်ပတွင်သာ ထားရှိကြခြင်းကြောင့် ရေပိုက်မှ ကျလာသောရေများသည် အငွေ့တစ်ထောင်းထောင်းနှင့် ကျိုချက်ပြီးသားများဖြစ်တော့သည်။ ထိုရေများကို ရေချိုးခန်းတွင်းတွင် ထပ်မံသိုလှောင်ထားပြီးမှ ရေချိုးခြင်းအမှုကို ပြုနိုင်တော့သည်။ ဇန်နဝါရီနှင့် ဖေဖော်ဝါရီလများသည်ကား အတန်ငယ်အေးမြလေသည်။ အများစုမှာ အနွေးထည်များဝတ်ကြသည်။ ထိုအချိန်တွင်မတော့ ပြောင်းပြန်ဖြစ်သည်။ Water Heater ဖြင့်သာ ရေချိုးခြင်း ပြုနိုင်ကြသည်။

၃။

ပြောရင်းနှင့်ပင် ကျွန်တော်သည်ကား လိုက်ပါပို့ဆောင်သောကားပေါ်မှတစ်ဆင့် နေထိုင်ရမည့် အဆောင်သို့မရောက်သေး။ နောက်မှပင်ဆက်ပါဦးမည်။ ယခုတော့ ဒီမျှနှင့် ခေတ္တရပ်လိုက်ပါကြောင်း။

မအောင်မြင်သေးတဲ့.. လူ
(ခေတ္တငရဲပြည်)

31 comments

  • marblecommet

    August 6, 2012 at 11:17 pm

    ကိုရှုံးရေ့
    စိတ်ဝင်တစား
    မျှော်လင့်စောင့်စားလျက်ပါ….
    အတွေ့အကြုံကိုရေးသားတယ်ဆိုပေမဲ့
    ရသ သမားတစ်ယောက်ရေးတာမို့
    နောက်ဆက်တွဲ အတွေ့အကြုံတွေကို
    မြန်မြန် ဖတ်ချင်နေပါပြီ..
    ခင်တဲ့
    ဇနပုဒ်သား
    ငကမ်း..

    • ဇွတ်ကြီးကိုပဲ… အတွေ့အကြုံကို ရသလောက်ရေးရတာ လက်မတွေ့ပေမယ့်
      ရသတွေက ပေါက်ကွဲသံစဉ်တွေပဲ ဖြစ်နေလို့ ပေါ့ပေါ့ပါးပါးပဲ ရေးလိုက်ပါကြောင်း…

  • marblecommet

    August 6, 2012 at 11:27 pm

    ဘယ်လိုရေးရေးဗျာ
    အဲလိုရေးရင်းနဲ့က
    “ဇ” ကလေးတွေ
    ထွက်ထွက်လာတတ်တာကို
    အရသာခံချင်ဖတ်ချင်လို့ပေါ့ဗျာ…..
    ဒါမိုးက ဖုံးထားလို့မရဘူးလေ
    မြန်မြန်ရေးဗျာ ဟဲဟဲ…..

  • MaMa

    August 7, 2012 at 7:52 am

    စာတွေရေးပြီးမှ ပျောက်သွားတာကို ကိုယ်ချင်းစာမိပါရဲ့။
    နောက်တခါရေးရင် နောက်တမျိုးဖြစ်သွားလို့ ဆက်မရေးဖြစ်တာတောင် ဖြစ်ဖူးတယ်။
    နောက်ဆုံးတော့ word ထဲမှာ ရေးပြီး ပြန်တင်တဲ့နည်းကိုပဲ သုံးရတော့တယ်။
    ဉာဏ်ကြီးရှင်တစ်ယောက်သုံးတဲ့နည်းလေး အသုံးဝင်မလားလို့ လက်တို့လိုက်အုံးမယ်။
    ရေးထားတဲ့စာတွေကို save draft or publish မလုပ်ခင် အရင်ဆုံး select လုပ်၊ copy လုပ်ထားလိုက်တယ်။
    save draft or publish လုပ်ပြီးတဲ့အခါမှာ ရှုံးလူ ဖြစ်သလို ဘာစာမှ ပေါ်မလာရင် paste လုပ်လိုက်တော့ ရေးထားတဲ့ စာတွေ မပျောက်တော့ဘူးပေ့ါ။

    နိုင်ငံရပ်ခြား ကိုယ်တွေ့လေးတွေ ဖတ်ရတာ ဗဟုသုတရလို့ သဘောကျတယ်။ 🙂

    • Nadi Mg

      August 7, 2012 at 9:55 am

      ဟုတ်လားဗျာ

  • marblecommet

    August 7, 2012 at 8:31 am

    ဟုတ်တယ် အန်တီမမရေ့…..
    ကျနော်လည်း သိပ်မကြာသေးခင် တစ်ခါတုန်းက
    အရမ်း ဖီးလ်ဖြစ်တဲ့ အကြောင်းအရာတစ်ခုကို
    တစ်ထိုင်တည်းနဲ့ အားရပါးရရေးလိုက်တယ်..
    စာတစ်ပုဒ်ရေးပြီးလို့ အဆုံးသတ်လိုက်တဲ့အခါ
    ဘယ်လောက်ပင်ပန်း ပင်ပန်း
    စိတ်လက်ပေါ့ပါးသွားတာ ခံစားဖူးကြမယ်ထင်ပါတယ်
    အဲလိုပဲဗျာ
    ရေးပြီးသွားလု့ိ
    ကြည်ကြည်နူးနူးနဲ့
    ကောက်တင်လိုက်တာ
    ကိုရှုံးပြောသလို ဖြစ်သွားလို့
    မျက်ရည်ဝိုင်းရတာ
    အခုထိ တွေးမိရင် စိတ်ထိခိုက်တုန်း
    ပြန်ရေးလို့လည်း မရ…..
    အခုထိ တေးထားသေးတယ်
    အဲဒီဖီးလ်ပြန်မရသေးဘူးဗျ…..

  • mocho

    August 7, 2012 at 10:16 am

    ခံစားချက် ပါပါ နဲ့ အရေးကောင်း တဲ့ ကိုရှုံးရဲ့ စာတွေ ကို ဖတ်ဖြစ်ပါတယ်။
    ပိုစ့် နဲ့ မဆိုင် တာလေး ပြောပါအုံးမယ်။ ဘာဖြစ်လို့ များ ကိုယ့် ကို ကိုယ် ရှူံးနိမ့်မှုများနဲ့.. လူ လို့ နာမည်ပေး ထား ရ တာလဲ။ မအောင်မြင်သေးတဲ့.. လူတစ်ယောက် ဟာ ရှုံး နိမ့် နေ တဲ့ လူ လို့ ကျမတော့ မသတ်မှတ်ဘူး..ကြီုးစားနေတဲ့လူလို့ ပဲ သတ်မှတ်တယ်။ ကိုရှုံး လို့ ရေး ရတာ လည်း လူတစ်ယောက်ကို နံနှိမ် ပြီး ရေး လိုက် ရ သလို ခံစား ရတယ်။
    ကျမ အတွေး သက်သက်ပါ ..လျှာရှည် တယ် ထင်ရင် ခွင့် လွှတ်ပါ။

    • နံနှိမ်တယ်မဟုတ်ပါဘူးဗျာ… ကျွန်တော်ကိုယ်တိုင်ကကို ကြိုက်လို့ ပေးထားတဲ့ ကလောင်နာမည်မို့ မပြောင်းလိုသေးပါကြောင်းးးးး

  • garuda

    August 7, 2012 at 1:38 pm

    အားပေးပါတယ် ခင်ဗျား

  • kai

    August 7, 2012 at 2:51 pm

    သစ်ပင်ပန်းပင်တွေရော.. ရှိလား..
    ပိုးမွှားအကောင်ဘလောင်တွေရော…

    အဓိကသိချင်တာက.. အရက်အပြင်းနဲ့.. ဝက်သားရှိမရှိ…
    အဲဒါလေး… 🙂

    • PEACEMAKER

      August 7, 2012 at 6:02 pm

      ဒူဘိုင်းတော့မသိ။ အဘူဒါဘီမှာtransitလုပ်ရင်း သတိထားမိတာတော့ရှိတယ်။ အေရှနိုင်ငံတစ်ခုကနေ ယူရုပ်ကိုအသွား အဘူဒါဘီမှာ ထရန်စစ်လုပ်တော့ လေယာဉ်ပေါ်နဲ့လေဆိပ်ကအတွေ့အကြုံအရပြောရရင်…သူတို့ဆီကိုလာအလုပ်လုပ်တဲ့လူအများစုကအေးရှန်း (အထူးသဖြင့်ဖိလစ်ပင်းနိုတွေ) အဲသူတွေအများစုကလည်း အရောင်း၊ အိမ်ဖော်၊ ကလေးထိန်း၊ သီချင်းသည် စတာတွေကိုလုပ်ဖို့လာတဲ့သူတွေဆိုတော့ အေးရှန်းတွေကို နည်းနည်းနှိမ်ချင်သလိုပဲ။ လေယာဉ်ပေါ်ကလေယာဉ်ဝန်ထမ်းတွေကအစ ဆက်ဆံပုံမျက်နှာထားက မမိုက်ဘူး။ ဖိလစ်ပင်းနိုတွေကလည်း အဘူဒါဘီကိုသွားပြီဆို လေယာဉ်တစ်စင်းလုံး သူတို့ချည်းပဲမို့ ဖိလစ်ပင်းကနေ အဘူဒါဘီအသွားလေယာဉ်ပေါ်ကျွေးတဲ့အစားအစာက တစ်ကယ့်crap။ တစ်ခါတုန်းကဖတ်လိုက်ရတယ်။ ဖိလစ်ပင်းကိုသွားတဲ့လေယာဉ်အိမ်သာထဲ ကလေးမွေးပြီးမွေးကင်းစကလေးကိုစွန့်ထားတာကို။ မလိုချင်ပဲအနိုင်ကျင့်ခံရလို့ရလာတဲ့ကိုယ်ဝန်ထင်ပါရဲ့။ ဝမ်းရေးအတွက် မိသားစုနဲ့ခွဲပြီးအဝေးကြီးသွားအလုပ်လုပ်ရတဲ့ဖိလစ်ပင်းနိုတွေဘဝက ကိုယ်ချင်းစာစရာပါပဲ။ အဘူဒါဘီကနေ ယူရုပ်ကိုသွားတဲ့လေယာဉ်ပေါ်ကျွေးတဲ့အစားအစာကတော့ ခုနပြောတာနဲ့ဘာမှမဆိုင်တော့ဘူး။ လေယာဉ်စီးတဲ့သူအများစုကလည်း ယူရိုပီးယန်းတွေမို့လို့လားမသိ။

      Azerbaijan၊ Indonesiaတို့ကကျမရဲ့မူဆလင်မိတ်ဆွေတွေ ဝက်သားစားပါတယ်။ အရက်ပြင်းလည်းသောက်ပါတယ်။ ဝက်သားကိုတစ်ခုတ်တစ်ရချက်စားတာမျိုးမဟုတ်ပေမဲ့ ကြုံရင်တော့ အရသာကောင်းရင် မြိန်မြိန်ရှက်ရှက်စားပါတယ်။

  • ရဲစည်

    August 7, 2012 at 4:23 pm

    ဝက်သားတော့ မသိ
    အရက်ပြင်းတော့ ပေါမှပေါ ကြောင်း
    ဒူဘိုင်းပြန် သူငယ်ချင်း အရက်သမား၏ စကားကို ဖောက်သည်ပြန်ချပါသည်။

    ဇဂါးမစပ်
    ပလက်တီနမ်နဲ့ လုပ်တဲ့ မားစီးဒီးစ် တူးဒိုးကားတော့ လွှတ်ခိုက်သဗျာ

  • nozomi

    August 7, 2012 at 5:42 pm

    ဒီရွာထဲမှာ အရေးအသားနဲ့ ပတ်သက်လို့ သဘောကျမိတဲ့သူတွေထဲ ကိုရှုံးလဲ ပါတယ်
    အဲ တစ်ခုက
    ဒီ တစ်ပုဒ်မှာတော့ ခါတိုင်း မြင်နေကျ ကိုရှုံးစတိုင်တွေ နဲနဲလျော့နေသလားလို့
    ဘာပဲဖြစ်ဖြစ် ဖတ်လို့ကောင်းတယ် ဗဟုသုတရတယ် ဆိုတာတော့ အသေအချာပဲ

    ဆက်ရေးဖြစ်အောင်တော့ ရေးပါ ဗျာ နော

  • nigimi77

    August 7, 2012 at 5:59 pm

    အာရပ် စော်ဘွားများ ပြည်ထောင်စု ဆိုတော့ UAE ပေါ့ ။

    များများရေးဗျာ ။ ကျွန်တော် သိပ်မကြာခင် Qatar က ပရောဂျက်ကို

    သွားရမှာ ။ အာရပ် တိုင်းပြည်တွေ အကြောင်းကို သိချင်ပါတယ် ။

    အာရပ် တိုင်းပြည်တွေက ခပ်ဆင်ဆင် ထင်ပါတယ် ။

    နောက်တခုက ပိုစ့်နဲ ့ မဆိုင်ပေမဲ့ ရွာသူ ရွာသားတွေ အထဲက

    နိုင်ဂျီးရီးယား အကြောင်း သိတဲ့ လူရှိရင် နည်းနည်း ဖောက်သည်ချပါဦး ။

    ကျွန်တော် အဲဒီ ၂ နိုင်ငံ တောင်ပြေးမြောက်ပြေး သွားနေရမှာ ဆိုတော့

    ဆောင်ရန် ရှောင်ရန် တွေ သိချင်ပါတယ် ။

    ရခိုင်ပြည်က ပရောဂျက်မှာတော့ ရှောင်ရန် ကို မရှောင်မိလို ့ ဝိုင်းရိုက်ခံရတာ

    မသေတာ ကံကောင်း :mrgreen:

    • PEACEMAKER

      August 7, 2012 at 9:05 pm

      နိုင်ဂျီးရီးယားကိုမရောက်ဖူးသေးပေမဲ့ နိုင်ဂျီးရီးယားလူမျိုးတွေနဲ့ဆုံခဲ့ဖူးပါတယ်။

      အာဖရိကကို ပထမဆုံးအကြိမ်သွားမှာလား။ ဒါဆိုရင်တော့ အတော်ကိုကောင်းတဲ့ အတွေ့အကြုံကိုရမှာပဲ။

      သိသလောက်ပြောရရင် နိုင်ဂျီးရီးယားလူမျိုးတွေဟာ အရပ်အမောင်းမြင့်မားပြီး ကိုယ်ခန်ဓါထွားကျိုင်းပါတယ်။ များသောအားဖြင့် အသားအရေမဲနက်ပါတယ်။ နိုင်ငံရဲ့လူဦးရေတစ်ဝက်လောက်က မူဆလင်တွေဖြစ်ပြီး မြောက်ပိုင်းမှာနေထိုင်ကြပါတယ်။ official languageကအင်္ဂလိပ်စကားမို့ အင်္ဂလိပ်စကားပြောတတ်ရင် ဘာသာစကားအခက်အခဲမရှိလောက်ပါဘူး။ ဒါပေမဲ့ ခေါင်တဲ့နေရာတွေမှာတော့ အင်္ဂလိပ်စကားပြောတတ်တဲ့သူနည်းပါတယ်။ အာဖရိကမှာ လူဦးရေအများဆုံးနိုင်ငံလို့ဆိုကြတယ်။ ရေနံပေါကြွယ်ဝတဲ့နိုင်ငံဖြစ်လို့ နိုင်ငံကချမ်းသာပေမဲ့ စူပါလာဘ်စားခြစားတဲ့နိုင်ငံဖြစ်တာရယ် ရန်လိုတတ်တဲ့သူတွေရှိတာရယ်ကြောင့် နိင်ငံခြားသားဧည့်သည်အလာနည်းတယ်။ ဒါပေမဲ့ နိုင်ဂျီးရီးယန်းအများစုကတော့ ဖော်ရွေရက်ရောကြပါတယ်တဲ့။

      နိုင်ဂျီးရီးယန်းတွေအကြောင်းကို ကောလဟာလကြားဖူးပေမဲ့ လူဆိုးလူကောင်းဆိုတာက အရေပြားအရောင်နဲ့တိုက်ရိုက်မပက်သက်တာမို့ ကိုယ်တိုင်အတွေ့အကြုံနဲ့သာ ချိန်ဆပြီး ကိုယ့်ဘာသာပဲလေ့လာပါတော့။ အဓိကလူမျိုးကြီး၃မျိုးရှိတာမို့ ကိုယ်ရောက်တဲ့နေရာဒေသပေါ်မူတည်ပြီး ဓလေ့စရိုက်ကွဲပြားနိုင်တာမို့ပါ။

      ကိုယ်ရောက်တဲ့ဒေသရဲ့ဓလေ့ရိုးရာကိုသိဖို့၊ လေးစားဖို့ အတော်ကြီးကိုအရေးကြီးပါတယ်။

      ရှောင်ရန်ကိုရေးပေးမယ်။
      ၁)ဘယ်ဘက်လက်ကိုသုံးပြီး လက်ဆွဲနှုတ်ဆက်တာ၊ ပစ်စည်းယူတာ ပေးတာ၊ အစားစားတာ လုံးဝလုံးဝမလုပ်ပါနဲ့။
      ၂)သူများခြေထောက်ကိုမနင်းမိပါစေနဲ့။
      ၃)မျက်နှာရိပ်မျက်နှာထား နေတတ်ရန် (ဆောင့်ကြွားကြွားပုံစံမဖြစ်ရန်)
      ၄)မျက်လုံးမခွာတမ်းကြည့်တာမျိုး၊ စူးစူးရဲရဲကြည့်တာမျိုးရှောင်ပါ။
      ၅)နိုင်ဂျီးရီးယားနိုင်ငံနဲ့သူ့လူမျိုးတွေကို ဝေဖန်တာမလုပ်ပါနဲ့။ အပြောအဆို အမူအယာယဉ်ကျေးရန် လိုက်လျောညီထွေရှိရန်လိုပါတယ်။
      ၆)သူတို့ရိုးရာအဝတ်အစားကိုဝတ်တာမျိုး သူတို့မကြိုက်ပါ။
      ၇)ဘယ်တော့မှ တစ်ယောက်ထဲ မသွားနဲ့။ အဖွဲ့လိုက်နဲ့ပဲသွားပါ။
      ၈)ဘာသာရေးနဲ့ပက်သက်ပြီး ဆွေးနွေးတာမျိုး၊ ကိုယ်ထင်ရာပြောဆိုတာမျိုး လုံးဝမလုပ်ရ။ ဘာသာရေးနဲ့ပက်သက်ပြီး အမြင်မကျဉ်းပါနဲ့။

      ဆောင်ရန်
      ၁)တစ်ပ်မန်းနီးပေးပါ။ (လိုအပ်ရင်)
      ၂)အရိပ်အကဲခတ်တတ်ပါ။
      ၃)လက်ဆွဲနှုတ်ဆက်ရင် လှိုက်လှိုက်လှဲလှဲနှုတ်ဆက်ပါ။ ပြုံးပါ။ (သာမန်အားဖြင့် မူဆလင်များ ကျားနဲ့မ လက်ဆွဲမနှုတ်ဆက်ပါ)
      ၄)
      ၅)

      နောက်မှဆက်ရေးပေးမည်။

      ဟာသ။ ။အဓိကကတော့ ဆောင်ရန်ကတော့ လက်ကိုင်ပုဝါပဲဗျို့။ ဘာလို့လဲဆိုတော့ ကိုယ်နံ့အတော့ကိုပြင်းကြလို့။ အားလုံးတော့မဟုတ်ပါဘူး။ လူရှေ့သူရှေ့ထဲလည်း ပေါ်တင်ကြီးနှာခေါင်းပိတ်တာမျိုးတော့ မလုပ်နဲ့ပေါ့လေ။

      လက်ရှိအာဖရိကတွင်နေသည်။
      REF: Internet

      • kai

        August 7, 2012 at 11:21 pm

        အာဖရိကမှာ အခုတောရိုင်းတိရစ္ဆာန်တွေ မိုက်ဂရိပ်လုပ်တဲ့အချိန်ပေါ့နော..။ 🙂
        ခုတလော.. အာဖရိကသွားမယ်ဆိုပြီး.. အသိတချို့.. ကင်မရာတွေ..တယ်လီတွေဝယ်နေကြလို့..။ အရမ်းလှတယ်..ဆန်းတယ်ပြောကြတာပဲ..

        • PEACEMAKER

          August 8, 2012 at 11:42 pm

          တောရိုင်းတိရစ္ဆာန်တွေ မိုက်ဂရိပ်လုပ်တာကို ကျမလည်းသွားကြည့်မယ်စိတ်ကူးတယ်။ အခုတော့မဟုတ်သေးပါဘူး။ ဟောလီးဒေးရတဲ့အခါမှပါ။ အခုအချိန် တောရိုင်းတိရစ္ဆာန်တွေ မိုက်ဂရိပ်လုပ်တာကြည့်ချင်ရင် ကင်ညာကိုသွားတာအမှန်ဆုံးဖြစ်မယ်ထင်တယ်။ တန်ဇန်းနီးယားလည်း သွားလည်ဖို့ကောင်းတယ်ပြောတယ်။ အခုချိန်တော့မဟုတ်သေးဘူး။ ဖေဖော်ဝါရီလဝန်းကျင်လို့ပြောကြတယ်။

        • kai

          August 9, 2012 at 12:25 am

          ဟုတ်ပါတယ်..။ သူတို့တွေ ကင်ညာသွားကြမှာ..
          ခရီးသွားဆောင်းပါး ရေးပေးဖို့တောင်းထားတယ်..။ 🙂

  • nigimi77

    August 7, 2012 at 11:02 pm

    အင်း….

    ကျုပ် ကွန်မန် ့မှာ ဘာကြောင့်နီလဲတော့ မသိပါဘူး

    နီတာ နည်းနေတာ ဝမ်းသာရမှာပေါ့ ။

    PEACEMAKER ကို ကျေးဇူးတင်ပါတယ် ။

    နိုင်ဂျီးရီးယားကို တခါမှ မရောက်ဖူးပါဘူး ။

    ကိုရီးယား မှာ နေတုန်းကတော့ ၁ဝ နှစ်ကျော်လုံး

    နိုင်ဂျီးရီးယားတွေကို တွေ ့ခဲ့ပါတယ် ။

    အနံ ့က မခံမရပ်နိုင်လောက်အောင် ပြင်းလွန်းတာကြောင့်

    ခင်မင်ရင်းနှီးတဲ့ အဆင့်ကို မရောက်ခဲ့ပါဘူး ။

    များသောအားဖြင့် ကိုရီးယားနိုင်ငံ ဆိုလ်းမြို ့မှာ ရှိတဲ့

    အမေရိကန် စစ်စခန်း အနီး အီထယ်ဝန် ဆိုတဲ့ Nigh Club မြိုု ့ကို

    လာကြတဲ့ နိုင်ဂျီးရီးယား ၉၀% လောက်က အမေရိကန် စစ်သားယောင်

    အမေရိက နိုင်ငံသားယောင် ဆောင်တတ်တာကြောင့် ဘယ်တော့မှ သူတို ့ရဲ ့

    အမူအကျင့် အစစ်အမှန်ကို သိခွင့် မရခဲ့ပါဘူး ။

    နောက်တခုက ကျွန်တော်ဟာ ဘယ်သန်ပါ ။ ညာလက်နဲ ့လက်ဆွဲ နှုတ်ဆက်တဲ့

    ဓလေ့က အခုခေတ်မှာ အသားကျနေပေမဲ့ ခရင်း မပါပဲ ဇွန်းကြီး သပ်သပ်ဆိုရင်တော့

    ဘယ်လက်နဲ ့ ပဲ ဇွန်းကိုင် စားပါတယ် ။

    ဖင်ဆေးပိုက် မရှိတဲ့ အိမ်သာမျိုးဆိုရင်တော့ ညာနဲ ့ ပဲ …….

    ကျေးဇူး တင်သဗျာ….ဆက်ပြီး ဝေမျှပါဦး :mrgreen:

    • ကိုရင်နိဂိမိရေ… ခုမှ ပြန်ကြည့်မိတယ်… ပန်းနီနီတွေ ဝေဆာလှပနေပါလားလို့
      ဘယ်သူတွေလုပ်မှန်းမသိပေမယ့် ဘယ်သူ့မှလဲ ဂရုစိုက်စရာမလိုပါဘူးလေ
      ကျွန်တော်ကတော့ ကိုယ်ရေးစရာရှိတာ ဆက်ရေးနေဦးမယ့်အကြောင်းနဲ့ ဝင်ရောက်အားဖြည့်ပေးကြသူများကို ကျေးဇူးတင်ရှိပါကြောင်း…

    • PEACEMAKER

      August 8, 2012 at 9:39 pm

      ကျမက အခုအာဖရိကမှာဆိုတော့ အာဖရိကန်တွေအကြောင်း အာဖရိကကိုမရောက်ဖူးသေးတဲ့မင်းထက် နည်းနည်းတော့ ပိုဗဟုသုတရှိမယ်လို့ထင်ပါတယ်။ သိပ်ကြီးသိလို့တော့ မဟုတ်ပါဘူး။ ပြောတာတွေထဲမှာ လိုကောင်းလိုတာတွေရှိမှာပါ။

      အခုပြောမှာက ကိုယ်ပိုင်အတွေ့အကြုံတွေပါ။

      ဇူးရစ်လေဆိပ်ကနေ ဘရပ်ဆဲလ်၊ အဲကနေ ဒီနိုင်ငံကိုလာခဲ့ပါတယ်။ လာတဲ့ခရီးကအတော်ဝေးတယ်။ ဘရပ်ဆဲလ်လေဆိပ်မှာ လေယာဉ်စောင့်နေတုန်း သတိထားမိလိုက်တာက… ခရီးသည်လူမဲတွေကိုပဲ…လူမဲတွေအများကြီးပဲ..လေဆိပ်ထဲမှာ။ အများစုက အဲဒီမှာအလုပ်လုပ်ကြတဲ့သူတွေ ဟောလီးဒေးရတုန်း ခဏအိမ်ပြန်ကြတာနဲ့တူပါတယ်။ လေယာဉ်ပေါ်တက်ဖို့အသွား ပတ်ဝန်းကျင်ကိုအကဲခတ်လိုက်တော့ ကိုယ်နဲ့အတူခရီးသွားထဲမှာ လူဖြူက ၅ယောက် ၆ယောက်လောက်ကိုပဲတွေ့ပြီး ကျန်တဲ့သူတွေကတော့ လူမဲတွေချည်းပါ။ နိုင်ငံခြားထွက်အလုပ်လုပ်ပြီး ပြန်လာတဲ့သူတွေဆိုတော့ အတော်အတန်ပြည့်စုံတဲ့သူတွေဖြစ်ဖို့များပါတယ်။ လူဖြူတွေက သာမန်ပေါ့ပေါ့ပါးပါးအဝတ်အစားကို ရိုးရိုးရှင်းရှင်းဝတ်ထားပေမဲ့ သူတို့က ကုတ်အကျီင်္၊ ရှုးဖိနပ်၊ လက်ကိုင်အိတ်တောက်တောက်ပြောင်ပြောင်၊ နေကာမျက်မှန်ဘာညာနဲ့ အတော်ကို ရှိုးစမိုးထုတ်ထားကြတာပါ။ မိန်းမတွေအတော်များများက ဆံပင်တုတွေ (အတို၊ အရှည်အဖြောင့်၊ အခွေ..ဒီဇိုင်းစုံ)စွပ်ထားကြပါတယ်။ လက်ဝတ်လက်စားကြီးကြီးပြောင်ပြောင်တွေ ဆင်ထားကြပါတယ်။ (များသောအားဖြင့် အတုတွေပါ) သူတို့ရဲ့ဆံပင်က သေးသေးမျှင်မျှင်ကောက်ကောက်ကွေးကွေးမို့ ဆံပင်ပုံစံအမျိုးမျိုးလုပ်ဖို့မလွယ်တော့ ဆံပင်တုစွပ်ပြီး ပဲလုပ်ကြတာပါ။

      ဒီနိုင်ငံကလေယာဉ်လိုင်းကို လုံးဝမစီးရဲဘူး။ ဒီကလေယာဉ်ပျံကို မသာခေါင်းပျံလို့ တစ်ခြားနိုင်ငံကသူတွေက ရယ်စရာလုပ်ပြောကြတယ်။ ခဏခဏပျက်ကျတတ်လို့လေ။ ဒီအာဖရိကမှာ ကင်ညာအဲဝေး၊ တောင်အာဖရိကအဲဝေး၊ အီသီယိုပီးယားအဲဝေးတွေကတော့ စိတ်အချရဆုံးတွေထဲမှာပါတယ်။ ကင်ညာအဲဝေးက ကင်ညာနိုင်ငံ နိုင်းရောဘီမြို့တော်ကနေ ဘန်ကောက်ထိသွားတယ်။ လေယာဉ်လိုင်းတွေရှိပေမဲ့ ဆိုးတာကဈေးနှုန်းပဲ။ အရမ်းဈေးကြီးတယ်။ ပြီးတော့ အချိန်အများကြီးကုန်တယ် နောက်လေယာဉ်ပြောင်းဖို့စောင့်ရတိုင်း။ နိုင်ငံတစ်ကာလေကြောင်းလိုင်းတိုင်း ဒီနိုင်ငံကိုမလာဘူး။ မလာဘူးဆိုတာကလည်း တစ်ချို့နိုင်ငံကလေကြောင်းလိုင်းကြီးတွေက အုပ်စီးနေတာမျိုးလည်းပါမယ်ထင်ပါတယ်။

      ကျမစိတ်ခံစားချက်ကိုပြောရရင် ဒီကလူတွေကို ကျမချစ်ခင်ပါတယ်။ အသားအရေမဲနက်ပါစေ၊ လူတွေက လူဝံတွေလိုထွားကြိုင်းပြီး ကြောက်စရာကောင်းနေပါစေ ဘာသာဓလေ့မတူခြားနားပါစေ သူတို့ကိုမစ်တာထားပါတယ်။ သူတို့ရဲ့အရှိအတိုင်းကို လေးစားပေးနိုင်ဖို့ ကြိုးစားပါတယ်။ ဒီကအာဖရိကန်လူမျိုးတွေက စကားပြောရင် ရန်ဖြစ်သလိုမျိုးအော်ပြီးပြောတတ်ကြတယ်။ ကြားကြားစမှာတော့ ရိုင်းတယ်လို့ထင်မိခဲ့ပါတယ်။ ကရတာကို အလွန်ကြိုက်နှစ်သက်ပြီး အကလည်းတော်ကြပါတယ်။ မြန်မာအကလိုမျိုး ညက်ညောတဲ့အကမျိုးတော့ မဟုတ်ဘူးပေါ့။ ခန်ဓါကိုယ်အောက်ပိုင်းကို လှုပ်ပြီးကတဲ့အကမျိုးတွေမို့ မြန်မာမျက်စိထဲ နည်းနည်းတော့ အမြင်ရိုင်းနိင်ပေမဲ့ သူဓလေ့ သူဒေသမို့ အပြစ်ဆိုကဲ့ရဲ့စရာမရှိပါ။ တစ်ခါတုန်းက ဈေးထဲကိုသွားတော့ ဈေးသည်တစ်ယောက်က ဗုံတီး၊ တစ်ခြားတစ်ယောက်က သီချင်းဆို၊ အခြားဈေးသည်တွေကလည်း လိုက်ဆိုကြပြီး ဈေးရောင်းနေတာတွေ့ခဲ့လို့ အတော်ပဲသဘောကျမိခဲ့ပါတယ်။ ဈေးထဲနောက်ထပ်တွေ့ခဲ့တာတစ်ခုကတော့ ရေးနေရင်းနဲ့ကို သွားထဲယားကျိကျိဖြစ်လာသလိုပဲ။ ပိုးတုံးလုံးအရှင်တွေကိုရောင်းတာပါ။ မြန်မာကရှမ်းတွေစားတယ်လို့ကြားဖူးပေမဲ့ ကိုယ်တိုင်တော့မကြုံဖူးခဲ့လို့ ပိုးကောင်ချင်းတူမတူတော့ သေသေချာချာမသိပါဘူး။ ဒီမှာကတော့ ဆီအုန်းပင်ကိုခုတ်၊ တစ်ခုခုနဲ့ပုပ်အောင်လုပ်ပြီး ပိုးကျအောင်လုပ်။ ပိုးကောင်တွေကြီးလာတော့ အရှင်အတိုင်းရောင်းကြတယ်လို့ဆိုတယ်။ လောက်ကောင်အကြီးစားတွေလို ပိုးတုံးလုံးဖြူဖြူ အကြီးကြီးတွေကို တောင်းထဲ တွန့်လိမ်တွန့်လိမ်နဲ့ အရှင်အတိုင်းရောင်းနေတာကိုမြင်လိုက်ရတော့ ထွက်ပြေးမိမတတ်ပါပဲ။

      အာဖရိကန်တွေ ကိုယ်နံ့ပြင်းတယ်ဆိုပေမဲ့ လူတိုင်းတော့မဟုတ်ပါဘူး။ တစ်ချို့များဆို ရင်သပ်ရှုမောရအောင် ချောကြလှကြပါတယ်။ မြန်မာကလာတာပြောလိုက်တာနဲ့ ဒေါ်အောင်ဆန်းစုကြည်နိုင်ငံကပါလားဆိုပြီး တန်းသိပြီး ဗဟုသုတများတဲ့သူတွေလည်း ရှိပါတယ်။

      အာဖရိကကိုလာရင် ပတ်စ်ပို့အပြင် နောက်ထပ်လိုတာက International certificate of vaccination။ လိုအပ်ကောင်းလိုအပ်မယ်။ လိုမယ်လို့ လုံးဝထင်ပါတယ်။ Hepatitis A&B, Tuberculosis, Japanese Encephalitis, Typhoidကာကွယ်ဆေးထိုးပြီးကြောင်းဖော်ပြတားတဲ့စာအုပ်အဝါရောင်လေး။ ဒီမှာ ငှက်ဖျားအရမ်းဆိုးတယ်။ တစ်ခြားဒေသတွေထက်ဆိုးတယ်။ အာဖရိကမှာ ဘယ်သွားသွား ခြင်ပြေးဆေးရည်ကို (ANTI BRUMMဘရန်းကို recommendပေးပါတယ်) သွားလေရာဆောင်ဖို့လိုတယ်။ နည်းနည်းလေးဖျားတာနဲ့ဆေးရုံကိုတန်းပြေးပါ။ အဲဒါအရေးကြီးတယ်။

      အာဖရိကနိုင်ငံချင်းကွာပေမဲ့ စရိုက်ချင်းကတော့ နည်းနည်းဆင်မလားပဲ။ ဥပမာ easy moneyသိပ်လိုချင်တာမျိုး၊ ကလိမ်ကကျစ်ကျတာ တိုတတ်လျှိုတတ်တာမျို။ ထပ်ပြီးရှင်းရရင် လမ်းမသိလို့ လမ်းပေါ်ကလူတစ်ယောက်ကိုမေးမယ်ဆိုပါစို့…သူကဘယ်သွား ဘယ်လိုပြောပြပေမဲ့ ပြောပြီးတာနဲ့ ပိုက်ဆံပေးပါတောင်းလိမ့်မယ်။ လူပါလိုက်လာပြီးပြတာမျိုးလုပ်ချင်လုပ်လိမ့်မယ်။ အဲလိုမျိုးကြုံရင် စိတ်ရှုပ်ရတာပေါ့။ ဒီတော့ ကိုယ့်ဘာသာကိုယ်အားကိုးတတ်ရင် အကောင်းဆုံးပဲ။ နောက်ဥပမာတစ်ခု..တစ်ယောက်ကိုခိုင်းလို့ ၁ဒေါ်လာလောက်ကျတာကို ၅ဒေါ်လာ ၁ဝဒေါ်လာပြောပြီး ဘီလ်ပိုတင်တတ်တာမျိုး..ပုလိပ်က ကားနံပါတ်က ဒီပလိုမတ်နံပါတ်မဟုတ်ပဲ ရိုးရိုးဆိုရင် အကြောင်းရှာပြီး ငွေဖန်တတ်တာမျိုး..။ မီးပွိုင့်မှာ ပိုက်ဆံလိုက်တောင်းတတ်တဲ့ကလေးတွေရှိတယ်။ မပေးရင် တစ်ချို့ကဘာမှမလုပ်ပေမဲ့ တစ်ချို့က ကားကိုထုတယ် ကန်တယ်။ တစ်ခါတစ်လေ အစင်းဖြစ်အောင်ခြစ်တယ်။ ဟိုင်းဝေးလမ်းမပေါ်ပဲဖြစ်ဖြစ် သာမန်နေရာမှာပဲဖြစ်ဖြစ် ကားမှန်ကို အမြဲပိတ်ပါ။ ကားမှန်ဖွင့်ထားရင် အချိန်မရွေးအလစ်သုတ်ခံရနိုင်လို့ပါ။ လမ်းလျှောက်လို့ ကိုယ်ပေါ်မှာ သူတစ်ပါးစိတ်ဝင်စားမဲ့တန်ဖိုကြီးပုံပေါက်မယ့်ဟာမျိုးလည်း မတင်တာအကောင်းဆုံးပဲ။ ပါသွားနိုင်လို့။

      အာဖရိကန်တွေလည်း မြန်မာတွေလိုပါပဲ။ မှားမှန်းသိရင်လည်း ဝန်မခံချင်တတ်ကြဘူး။ သူတို့ကတောင် ထောက်ပြတဲ့သူကို ပြန်ပြီးမြှားဦးလှည့်ချင်တာ။ လူကောင်တွေထွားပြီး ကိုယ်ခန်ဓါကြံ့ခိုင်တော့ သတ်တိလည်းရှိကြတယ်။ ရဲလည်းရဲကြတယ်။ မင်းက မြန်မာဆိုတော့ တစ်ခြားလူဖြူတွေ ကြုံသလိုမျိုးကြုံမှာမဟုတ်လို့ စိတ်မပူပါနဲ့။ လူဖြူတွေက ဒီမှာစတားပဲ။ လူမဲမတွေ သိပ်လိုချင်ကြတယ်။ ဆင်းရဲတွင်းက လွတ်ချင်လို့လေ။ အေးရှန်းတွေကိုတော့ အာဖရိကန်တွေက ရုပ်ဆိုးတယ်လို့ထင်မလားပဲ။

      တော်သေးပြီ။

  • metallic

    August 8, 2012 at 12:03 am

    ရေးသမျှ တင်သမျှ ဖတ်ရှု
    အားပေးနေပါတယ်
    (ပန်းနီနီပေးနဲ့ကွယ်ပန်ချင်ပါဘူးဆိုတဲ့သီချင်းကိုသတိရမိတယ်)
    ကျေးဇူးပါ

  • padonmar

    August 8, 2012 at 12:25 am

    ရှုံးလူရေ
    စာပြန်ရေးတာဝမ်းသာပါတယ်။
    ကျမတို့ရွာထဲရောက်ခါစက ရှုံးလူရဲ့ ဘဝအတွေ့အကြုံတွေ ဖတ်လို့ အရမ်းကောင်းပါတယ်။
    ခုလည်း ကောင်းပါတယ်။

  • pooch

    August 8, 2012 at 1:28 am

    စာမရေးတာကြာပြီပဲ။ အဲ့ဒီ အာရပ်စော်ဘွားတိုင်းပြည်အကြောင်းကတော့ ရောက်ဖူးတဲ့သူတွေ ပြောပြမှပဲ သိရတာမို့ စိတ်ဝင်စားပါတယ်။
    ဆက်ပါအုန်း။

  • ကြောင်ကြီး

    August 8, 2012 at 8:23 am

    ကြုံဆုံသမျှ
    ယုံပုံပြ
    နုံထုံဘဝ
    သုန်မှုန်အ
    ဂုဏ်အုံဝဏ္ဏ
    ဘုံဟုန်လှ
    ခြုံလုံဗလ
    ဖြုံကုန်ကြ..။

  • Shwe Ei

    August 8, 2012 at 1:29 pm

    မတွေ့တာကြာပေမဲ့ ပြန်ရောက်လာတော့လဲ စိတ်ဝင်စားစရာ အပြည့်နဲ့ပါဘဲ။

  • သားငယ်

    August 8, 2012 at 6:52 pm

    ဖတ်လို ့တော့ ကောင်းပါ့ဗျာ ဆက်ရန်..ရှိသေးသမို ့မျှော်လင့် နေပါကြောင်း

Leave a Reply