ကြုံဆုံရသမျှ အာရပ်စော်ဘွားများ ပြည်ထောင်စုက (၃)

စဆရ ႀကီးAugust 9, 20121min28914

အပိုင်း(၃)သို့ ရောက်ခဲ့ပြန်ပါပြီ။ ယခုအပိုင်းတွင်မတော့ သူကြီးသိပ်သိချင်နေသော အကြောင်းလေးများကို အလေးပေးပြီးဖော်ပြထားပါကြောင်းနှင့် သိပ်အချိန်မဆွဲတော့ပဲ နောက်တစ်ပိုင်းတွင် မြန်မြန်ဇာတ်သိမ်းတော့မည့်အကြောင်း…။

(စာရိုက်သူ)

ပထမဆုံး ရောက်ခဲ့တဲ့ဆိုင်လေး

၁။

ဘဝသည်ကား အတော်လေးပင် ပျင်းရိငြီးငွေ့စရာ ကောင်းလှပေသည်။ နယ်မြေသစ်၊ အတွေ့အကြုံသစ်များကို လူမျိုးတူ၊ သူငယ်ချင်းများမရှိပဲ တစ်ဦးတည်းဖြတ်သန်းနေရသဖြင့် အတူရောက်ရှိခဲ့သော သူငယ်ချင်းများအား သတိရသဖြင့် ဖုန်းဆက်ခြင်းအမှုကို နေ့တိုင်းပြုခြင်း၊ ပိတ်ရက်တွင် ၎င်းတို့ရှိရာသို့ သွားရောက်လည်ပါတ်ခြင်းများပြုရာ လစာထုတ်သောအခါ တစ်ပြားမှ မကျန်တော့ခြင်းသို့ရောက်လေသည်။ ပြောရမည်ဆိုလျင် ယခုနိုင်ငံသည်ကား ဖုန်းခေါ်ဆိုခ လွန်စွာမှပင် ကုန်ကျလှပေသည်။ ဆက်သွယ်ရေးအနေနှင့် DU နှင့် Etisalat နှစ်ခုတည်းသာရှိသဖြင့် ယှဉ်ပြိုင်ဖက် Company များမရှိခြင်းကြောင့် ၎င်းတို့စိတ်တိုင်းကျ သတ်မှတ်သည့်အတိုင်းသာ ဝယ်ယူသုံးစွဲရခြင်းဖြစ်သည်။ ဒီနေရာတွင် ရွာထဲမှ Marketing အကြောင်းနားလည်သူ ပညာရှင်များမှ ဝင်ရောက်ဆွေးနွေးထောက်ပြကြမည်ထင်ပါသည်။ Etisalat မှာ အစိုးရပိုင်ဖြစ်ပြီး Du မှာ အများပိုင် Company ဖြစ်သည်ဟုဆိုကြသည်။ ဆင့်ကာပူရတွင်မတော့ Star Hub, SingTel, M1 အစရှိသည့် Company များမှာ သူ့ထက်ငါ ဈေးအပြိုင်လျှော့ရောင်းကြသည်ကို မှတ်မိပြန်သေးသည်။ ထိုစဉ်က Top-up Card များမှာ Sim Card ကုန်ကျစရိတ်ထက် ပိုများခြင်းကြောင့်လည်းကောင်း၊ Sim Card ဝယ်လျင် ပေးသည့်လက်ဆောင်များမှာ တစ်ခါတစ်ရံ မူရင်းတန်ဖိုးထက်ပင် များပြားလှသဖြင့်တစ်ကြောင်း ဘင်္ဂါလီလူမျိုးအများစုမှာ Sim Card ကို အမြဲလိုလိုပင်ပြောင်းကိုင်ကြသည်။ နောက်တစ်ကြောင်းမှာ Sim Card ကို ၂ ကျပ်ခန့်မျှဖြင့် လမ်းဘေးတွင် အလွယ်တကူ ဝယ်ယူရနိုင်ခြင်းကြောင့်ဖြစ်သည်။

ဆက်ပါဦးမည်…။ ယခုနိုင်ငံတွင် Sim Card ဝယ်လျင် မည်သည့်လက်ဆောင်မှ ထည့်ပေးခြင်းမပြုကြပါ။ ကြိုက်လျင်ဝယ်၊ မကြိုက်လျင်မဝယ်နှင့်အနေအထားဖြစ်သည်။ ဆင့်ကာပူရမှာကဲ့သို့ မျက်နှာချိုသွေးပြီး ဇွတ်အတင်းလိုက်ရောင်းနေမည့်သူများ ယခုထက်တိုင်အောင် လားလားသော်မျှ မမြင်မိသေးပေ။ ဖုန်းခေါ်ဆိုခအနေနှင့် ကျွန်တော်သည်ကား Du တစ်မျိုးတည်းသာ သုံးသောသူဖြစ်သောကြောင့် Du အကြောင်းကိုသာ ပြောဆိုပါမည်။ Du တွင် ၂၀၊ ၅၀၊ ၁၀၀၊ ၂၀ဝ နှင့် ၅၀ဝ တန် ငွေဖြည့်ကဒ်များရှိသည်။ အပိုဆောင်းအနေနှင့် ၂ဝ တန်ကို ၅ ကျပ်၊ ၅ဝ တန်ကို ၂ဝကျပ်၊ ၁၀ဝ တန်ကို ၅ဝကျပ် အစရှိသဖြင့်ပေးသည်။ ငွေဖြည့်ရန် (၄)မျိုးခွဲခြားဖြည့်သွင်းရသည်။ အင်တာနက်သီးသန့်အတွက်၊ နိုင်ငံခြားသီးသန့်၊ အပိုဆောင်းသီးသန့်(More Credit) နှင့် ပုံမှန်ငွေဖြည့်ခြင်းတို့ဖြစ်သည်။ အထက်ပါ ၄ ခုအနက်မှ ပုံမှန်ငွေဖြည့်သည့် အမျိုးအစားမှာ အချိန်ကန့်သတ်ချက်မရှိပဲ သုံးနိုင်ပြီး ကျန်သုံးမျိုးမှာ ရက် ၃ဝ သာခံလေသည်။ နိုင်ငံတစ်ကာသို့ ဖုန်းခေါ်ဆိုခများတွင် မြန်မာနိုင်ငံသို့ ခေါ်ဆိုခသည်ကား အများဆုံးကုန်ကျသည်။ တစ်မိနစ် ရ ကျပ်ဖြတ်၏။

တစ်ခါတစ်ရံများတွင်မတော့ ဖုန်းလဲမဝင်ပါပဲ ဖြတ်ပြန်၏။
တစ်ခါတစ်ရံကျတော့လဲ ဖုန်းခေါ်ဆိုသံမြည်သည်နှင့်ဖြတ်၏။
တစ်ခါတစ်ရံများတွင်မတော့ တစ်ခွန်းမျှ မပြောလိုက်ရပါပဲ ပိုက်ဆံကုန်သွားလေ၏။

မမြဲခြင်းတရားသဘောများပြောပါတယ်။ ဖုန်းကိုကိုင်ပေါက်ချင်လောက်အောင် စိတ်တိုပါသော်လည်း စိတ်ကို အတန်ငယ်ထိန်းထားရ၏။ အကြောင်းမှာ မြန်မာပြည်သားပေမလား၊ ထိုမျှလောက်တော့ ခံနိုင်ရည်ရှိရပေမပေါ့ဟု ကိုယ့်ကျောကိုယ် လက်နှင့်သပ်ပြီးဖြေရ၏။ မြို့တွင်းအတွက်မှာမူလည်း နည်းသည်ဟုတော့ မထင်ပါလေနှင့်၊ ၂ဝ တန်တစ်ကဒ်ကို မိနစ် ၃ဝခန့်သာ အပြောခံ၏။ ဆင့်ကာပူရတွင်မတော့ ၂၅ ကျပ်တန်တစ်ကဒ်ဝယ်သည်နှင့် နိုင်ငံတစ်ကာခေါ်ဆိုရန် ၂၈ ကျပ်၊ မြို့တွင်းပြောဆိုရန်အတွက် ၁၀ဝ ကျပ် အလကားထည့်ပေးထားသည်များကို လွမ်းမိသည့်တစ်ခဏ စိတ်တိုမိပြန်သေးသည်။ ရေးရင်းနှင့်ပင် ဘယ်တွေရောက်သွားသည်မသိ၊ ယခုလောက်ဆို ဖုန်းဆက်သဖြင့် ကုန်ကျစရိတ်ကို တွက်မိလောက်ပြီထင်ပါ၏။

ပိတ်ရက်များတွင်မတော့ ကိုရင်ရှူံးမှာ သူငယ်ချင်းများရှိရာ ဒူဘိုင်းသို့ သွားလည်ဖြစ်ပါ၏။ နေ့တစ်ဝက်ကျိုးခန့်သွားရပြီး အပြန်နေ့တစ်ဝက်ကျိုးခန့်ကုန်သဖြင့် နှစ်နာရီခန့်မျှတော့ တွေ့ခွင့်ရ၏။ ထိုမျှ ဆက်သွယ်ရေးကောင်းမွန်လှပေသည်။ အိမ်မှထွက်သည်နှင့် လမ်းမရောက်ရန် လျှောက်ရ၏။ ထိုမှတစ်ဆင့် ကားငှားကာ စုပေါင်းအငှားကားရှိရာသို့ သွားရသည်။ စုပေါင်းအငှားကား(Sharing Taxi) မှာ ကားတစ်စီးစာ လူပြည့်သည်နှင့် ထွက်ခြင်းဖြစ်သည်။ Bus ကားမှာ မြို့တိုင်းသို့မရောက်သောကြောင့် ကိုရင်ရှူံးနေထိုင်ရာမြို့လေးတွင် Bus ကားမရှိပေ။ စုပေါင်းအငှားကားကို မောင်းနှင်ကြသူအများစုမှာ ပါကစ္စတန်လူမျိုးများဖြစ်ကြသည်။ အငှားယာဉ်များကို နယ်မြေအလိုက် အရောင်ခွဲခြားထားသည်။ ဥပမာ- ရှာဂျား၊ ဒူဘိုင်း၊ အက်ဂျမန်၊ အဘူဒါဘီ အစရှိသည်ဖြင့်ဖြစ်သည်။ ရှာဂျားမှ ဒူဘိုင်းသို့ ကားငှားမည်ဆိုလျင် အပိုဆောင်း ၂ဝ ပေးရမည်ဖြစ်သည်။ နယ်နိမိတ်လေးအနည်းငယ်ကျော်သော်မျှ အပိုဆောင်းပေးရသည်။ ထိုအငှားကားမှာ အပြန်တွင် မည်သည့်ခရီးသည်မျှ မတင်ဆောင်ရပဲ မှတ်ပုံတင်ထားသည့်နယ်မြေရောက်မှသာလျင် ခရီးသည်တင်ဆောင်ခွင့်ရ၏။ ကိုရင်ရှူံးခရီးသွားနေသည်ကို ဆက်ပါဦးမည်။

စုပေါင်းအငှားကားမှာ တရားဝင်ခွင့်ပြုထားခြင်းမဟုတ်ပဲ နားလည်မှုနှင့်သာ စီးနင်းကြခြင်းဖြစ်သည်။ တစ်ခါတစ်ရံများတွင်မတော့ စုစုပေါင်း လူ ၄ယောက်ပြည့်ရန် တစ်နာရီကျော်ခန့်စောင့်ရသည့်အခါများလဲရှိ၏။ ထိုကားများမှာ သွားလိုသည့်နေရာသို့ လိုက်ပါပို့ဆောင်ခြင်းမဟုတ်ပဲ ၎င်းတို့သတ်မှတ်ထားသည့် နေရာတစ်ခုထိသာ ပို့ဆောင်ပေးခြင်းဖြစ်သဖြင့် မိမိသွားလိုသည့်နေရာသို့ မိမိဖာသာအစီအစဉ်ဆွဲပြီး ဆက်သွားရခြင်းဖြစ်သည်။ ဒူဘိုင်းသို့သွားမည်ဆိုလျင် ရှာဂျား-ဒူဘိုင်းနယ်စပ်ရှိ Deira, Union Station အနီးတွင်သာ ချပေးခြင်းဖြစ်သည်။ ထိုမှတစ်ဆင့် ဆင့်ကာပူရအခေါ် MRT၊ ယခုဒေသအခေါ် Metro ရထားများစီးပြီး သွားလိုသည့်နေရာသို့သွားရသည်။ ရထားစီးခမှာ ခရီးစဉ်တစ်ပိုင်းလျင် ၄ ကျပ်ဖြတ်သည်။ ဘူတာရုံများတွင် စောင့်ကျပ်နေသည့် စစ်သားများကိုလည်းတွေ့ရသည်။ ၎င်းတို့မှာ လူတိုင်းအား မသင်္ကာမျက်စိဖြင့် လိုက်လံကြည့်နေကြခြင်းကိုတော့ စိတ်မသက်မသာခံစားရသည်။ ရထားတစ်စင်းလျင် တွဲဆိုင်း ၄၊ ၅ ခုခန့်သာပါသည်။ နောက်ဆုံးအတွဲမှာမူ အမျိုးသမီးသီးသန့်စီးနင်းရန်ဖြစ်သည်။ မခွဲနိုင်မခွာရက်သူများကတော့ ပုံမှန်အတွဲတွင်သာ စီးနင်းကြပြီး ဂေါ်မစွံ၊ ဘေးတွဲမပါသူ အမျိုးသမီးများသာ ထိုနေရာတွင် စီးနင်းကြသည်ကိုလည်း ဂရုပြုမိသည်။ (ဤကား စကားချပ်) အားနည်းချက်အနေနှင့်မူ ရထားလိုင်းများမှာ ဒူဘိုင်းတစ်ခုတည်းတွင်သာရှိခြင်း၊ တစ်မြို့လုံးခြုံငုံမိစေရန် မပြေးဆွဲနိုင်ခြင်းကြောင့် သွားလိုသည့် နေရာနှင့်အနီးစပ်ဆုံး ဘူတာရုံတွင်ဆင်းပြီး ကားထပ်ငှားရပြန်သေးသည်။ ဒူဘိုင်းတွင် ကားငှားခမှာ အနည်းဆုံး ၁ဝ ကျပ်ဖြစ်သည်။ စတက်တက်ချင်း ၃ ကျပ်ပေးရသည်။ သွားလိုသည့်ခရီး ၁ဝ မကျလျင်လည်း ၁ဝ တော့အနည်းဆုံးပေးရသည်ဖြစ်သည်။ ဒီနေရာတွင် ရှာဂျားမှလည်း အားကျသဖြင့်ထင်၊ ယခင်က မီတာတွင် ကျသလောက်သာပေးရသော်လည်း လွန်ခဲ့သည့်နှစ်နှစ်ခန့်မှစပြီး ဘယ်သွားသွား ၁ဝ ကစသည့်စနစ်ကို ယခုတိုင်အောင် ကျင့်သုံးတော့သည်။

အငှားယာဉ်မောင်းအများစုမှာ ပါကစ္စတန်များဖြစ်ပြီး၊ အီဂျစ်၊ ဘင်္ဂါလီ၊ အိန္ဒိယ အနည်းငယ်လည်းရှိသည်။ အငှားယာဉ်မောင်းအများစုမှာ အင်္ဂလိပ်စကား အတော်လေးအားနည်းလှသည်။ မိမိသွားလိုသည့်နေရာကို ရှင်းပြနေလျင်တော့ သူတို့ဘာမှနားမလည်နိုင်ပေ။ သွားလိုသည့်လိပ်စာကိုသာပြောရန်လိုသည်။ လမ်းညွှန်ပြရန်တော့မလွယ်ပါ။ အများစုနားလည်ကြသည်မှာ အာရဗီ၊ ဟင်ဒီ၊ အူရဒူ စကားများသာဖြစ်သည်။ ထို့အတွက်ကြောင့်တစ်ခါကများဆိုလျင် ကိုရင်ရှူံးနှင့် သူငယ်ချင်းတစ်ဦးမှာ သွားလိုသည့်နေရာကို ယာဉ်မောင်းမှ မသိသဖြင့် အဝေးပြေးလမ်းမကြီးတစ်နေရာတွင် ကားပေါ်မှဆင်းပြီး လမ်းလျှောက်သွားတော့မည်ဟု ဆုံးဖြတ်ပြီးသကာလ မှားပြီး ဆန့်ကျင်ဘက်အခြမ်းတွင်ဆင်းမိကြောင်းသိပြီးသည့်နောက် ဘာမှမဖြစ်ပါဘူးလေ၊ လမ်းကို ဟိုဘက်ဖြတ်ကူးလိုက်တာပေါ့ဟုဆိုကာ အလယ်တွင် သံဇကာကာထားသည့် အဝေးပြေးလမ်းမကြီးတစ်လျှောက် လျှောက်သွားရာ မိနစ် ၂ဝ ခန့်မှ ကြာသည်အထိ သံဇကာပေါက်ကို မတွေ့နိုင်ပဲ ရှိလေ၏။ ပူပြင်းလှသောနေရောင်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်းသို့ရောက်နေသည်ကတစ်ကြောင်း၊ လမ်းဖြတ်ကူးရန်ရှာမတွေ့နိုင်တော့ဟု လက်လျှော့လိုက်ကြပြီး ကားထပ်မံငှားရ၏။ တော်ပါသေး၏၊ ကားသမားမှာ အတန်ငယ်တီးမိခေါက်မိ ရှိသဖြင့် လိုရင်းသို့ ချောချောမောမောရောက်တော့လေသည်။ သို့ပါသော်မျှ နာရီဝက်ခန့် ကားထပ်စီးလိုက်ရသေးသည်။

ယခုလောက်ဆိုလျင် ယခုနိုင်ငံရှိ ဆက်သွယ်ရေး စနစ်နှင့် အများပြည်သူ သယ်ယူပို့ဆောင်ရေးအကြောင်း အနည်းငယ်သိရှိနိုင်ပြီထင်ပါသည်။ တစ်လခန့် မနေနိုင်မထိုင်နိုင် လတ်လျားလတ်လျား လျှောက်သွားပြီးသည့်နောက် ကိုရင်ရှူံးမှာ အတန်ငယ်ရွပိုးထိုးနေသည့်စိတ်များ ငြိမ်သက်သွားပြီးနောက် ပိတ်ရက်များတွင် အိမ်တွင်သာမြဲနေတော့သည်။ တစ်ကြောင်းမှာ ထိုကုန်ကျစရိတ်များ မတတ်နိုင်တော့သောကြောင့်ဖြစ်သည်။

၂။

ကိုရင်ရှူံးနေထိုင်ရာမြို့လေးသည် လွန်စွာမှပင်ခေါင်လှသော်လည်း အတော်လေးချစ်စရာကောင်းကြောင်း နောင်တွင် သိလာရတော့သည်။ အစ္စလာမ်ဘာသာနိုင်ငံဖြစ်သည့်အတွက် ဝက်သားမစားရခြင်း၊ အရက်သေစာ သောက်စား၊ ရောင်းဝယ်ဖောက်ကားခြင်းမပြုရဟု သိရှိထားသဖြင့် အတော်လေး ပျင်းရိစရာကောင်းလှပေမည်ဟု ထင်မှတ်ထားခဲ့လေသည်။ အများသိကြသည့်အတိုင်း မြန်မာပြည်ဖွားတိုင်းရင်းသားတိုင်းတွင် ရိုးရာ အသောက်အစားလေးများတော့ ယဉ်ကျေးမှုတစ်ခုအနေနှင့် ရှိကြ၏။ ကိုရင်ရှူံးလည်း တောင်ပေါ်သားတစ်ယောက်ဖြစ်သည့်အတွက် ရိုးရာလေးတော့ ကိုင်ရလေ၏။ ယခုနိုင်ငံတွင်မတော့ ရောက်ပြီး ၃ လခန့် သူရာမေရယ ကို ရှောင်ကျဉ်ထားဖြစ်လေသည်။

တစ်နေ့တွင်မတော့ အခန်းဖော် နီပေါများထံမှ ယောကျာ်းလေးသုံးရေမွှေးအနံ့ရသဖြင့် အံ့ဩတော့သည်။ သူတို့ဘယ်ကဘယ်လိုများရပါလိမ့်ဟု စပ်စပ်စုစု သိချင်လာသဖြင့် မေးကြည့်ရာမှ ထီဆုကြီးပေါက်သည့်အလားပင်၊ ကိုရင်ရှူံးနေထိုင်ရာ မြို့လေးသည်ကား UAE တစ်ခွင်တွင် ရှားရှားပါးပါးဝယ်ယူရောင်းချခွင့် တရားဝင်ခွင့်ပြုထားကြောင်းသိရသဖြင့် ထိုသူများနှင့် လိုက်သွားပြီးလေ့လာကြည့်ရာတွင် အတော်လေးအံ့ဩရလေသည်။ ယောကျာ်းသုံးရေမွှေးမျိုးစုံဖြစ်သည့် ဂျော်နီလမ်းလျှောက်၊ အပြာရောင်လေဘယ်၊ အနက်ရောင်လေဘယ်၊ အနီရောင်လေဘယ်၊ စကော့တလန်မှ တံဆိပ်ပေါင်းစုံ၊ ချီးဗက်စ် ၁၂ နှစ်သား၊ ၁၅ နှစ်သား၊ ပြင်သစ်မှ တံဆိပ်ပေါင်းစုံ၊ ဂျာမနီ၊ ရုရှားမှ ဗော်လ်ကာ၊ ကိုရီးယားမှ ဆိုဂျူး၊ မာတီနီ၊ စပျစ်၊ စတော်ဘယ်ရီ၊ မက်မန်း၊ ဘယ်ရီ၊ အမျိုးအမည်မသိသည့် ဝိုင်ပေါင်းများစွာ တို့ကို နိုင်ငံတစ်ကာပေါက်ဈေးအတိုင်း ဝယ်ယူနိုင်ရန် ယောကျာ်းသုံးရေမွှေးပြတိုက်ကြီးအလား ထိုမျှများပြားသည့် တံဆိပ်ပေါင်းစုံ၊ အမျိုးအစားပေါင်းစုံကို တစ်နေရာထဲတွင် စုပေါင်းတွေ့ရတော့သည်။ ကိုရင်ရှူံးမှာမူကား တိုင်းရင်းသားရိုးရာ ခေါင်ရည်လေးများတွေ့လေမလား၊ မြန်မာနိုင်ငံမှ ကမ္ဘာသို့ တင်ပို့ရောင်းချနေရသည်ဆိုသော ဂရင်းလေးများရှိလေမလား၊ ရိုးရှင်းသောဘဝလေးများ တွေ့လေမလားရှာသော်လည်းမတွေ့သဖြင့် အတော်လေးညံ့သေးသည့်ဆိုင်ဖြစ်ကြောင်း သုံးသပ်မိလေသည်။ (ဤသည်ကား ကိုရင်ရှူံးအမြင်သာဖြစ်၏။ ရွာထဲမှ ငှက္ကဥများနှင့် အဖွဲ့သားများ ဝိုင်းဝန်းဖြည့်စွက်ကြပါကုန်)။

ဖြစ်သလိုလေး ဝက်သားဖတ်လေးစားနေရတဲ့ဘွ

ကိုရင်ရှူံးမှာလည်း မချစ်သော်လည်းအောင့်ကာနမ်းဆိုသလို ဖြစ်သလိုလေးပင် အိနိ္ဒယရေမွှေးလေး ၁ဝ တန်နှင့် နှစ်ပါးသွားသည့်အခါသွား၊ တစ်ခါတစ်လေတော့လည်း ကိုဂျော်နီကို လမ်းလျှောက်ခိုင်းသည့်အခါခိုင်း၊ တစ်ခါတစ်ရံတော့လည်း စိတ်ပြေလက်ပျောက် ဟန်နီကန် တစ်ကဒ်လောက်နှင့်သာ ရပ်ဝေးမြေခြားအလုပ်သမားဘဝကို ဖြတ်သန်းနေရတော့သည်။ မှော်ဘီဘက်သွားသည့်အခါ ပင်ကျရည်အေးအေးလေးနှင့် လယ်ကြွက်ကြော်ကိုစားခဲ့ရသည်ကိုလည်းကောင်း၊ ငယ်စဉ်က ပွဲတော်ကာလများတွင် သောက်ခဲ့ရသည့် တောင်ပေါ်ခေါင်ရည် ချိုမြမြလေးကိုလည်းကောင်း၊ ချမ်းအေးလှသော ဒီဇင်ဘာလများတွင် ခရစ်စမတ်သီချင်းများလိုက်ဆိုရင်း အချမ်းပြေ သောက်သုံးခဲ့ရသော အိုးဘရန်ဒီလေးများကို လွမ်းမောရင်း၊ တမ်းတရင်းနှင့် ဝက်သားဖတ်လေးကို မကိုက်မဝါးပဲ လျာပေါ်တွင်တင်ထားပြီး ကုန်သွားမှာစိုးလေသည့်အလား တစ်ဖြည်းဖြည်းအရသာခံရင်းနှင့် ကိုဂျော်နီမလဲခင်မှာပင် ကိုရင်ရှူံးအရင်လဲသွားလေတော့သတည်း…။


ရှူံးနိမ့်မှုများနဲ့.. လူ
(ခေတ္တလူ့ပြည်)

14 comments

  • မောင်ပေ

    August 9, 2012 at 1:56 am

    မသောက်ရတာ အတော်ကြာတော့
    မျက်နှာတွေမြင်ရတာ နီရဲတွတ်နေတာပဲ
    ဒါနဲ့နားမလည်မိတာတစ်ခုက တစ်ကျပ် နှစ်ကျပ်ဆိုတာ dollar ကို ပြောတာလား?

    • ဒီနိုင်ငံသုံးငွေကို ဒါဟန်းလို့ခေါ်ပါတယ်
      ၁ ဒါဟန်းကို မြန်မာငွေ ၂၃ဝ ခန့်နဲ့ ညီမျှပါတယ်
      မြန်မာလို အလွယ်တကူရေးလိုက်ခြင်းဖြစ်ပါကြောင်း..

  • အရီးခင်လတ်

    August 9, 2012 at 3:10 am

    ကိုယ်မရောက်ဘူးတဲ့ အရပ်က တစ်ရွာတစ်ပုဒ်ဆန်း ဇာတ်လမ်းလေးတွေဖတ်ရတာ ကောင်းလှပါဘိခြင်း။
    အဲဒီမှာရော ဟတ်ထိ ခဲ့ တဲ့ဇာတ်လမ်း မရှိဘူးလား။ 😉

    ဒါထက် ဟိုးအရင် မောင်ရှုံး စာတွေဖတ်တုန်းက အသက်ကြီးကြီး လူကြီးများလား ထင်မိတာ။ 🙂

  • kai

    August 9, 2012 at 3:57 am

    အဲဒီကိုရင်နေတဲ့မြို့ကနေ.. ပုလင်းလေးဝယ်သွားပြီး.. ဒူဘိုင်းနေတဲ့သူငယ်ချင်းတွေဆီလက်ဆောင်ပေးရင်.. ရနိုင်သလား..
    ဖမ်းမိရင်..ဥပဒေက.. ဘာလည်းခင်ဗျ..

  • Liquid_Sn@ke

    August 9, 2012 at 7:11 am

    မားကတ္တင်း ပါလာလို့ … မန့်လိုက်တယ် ကိုရင်ရှုံးရေ …
    သည်လိုပါ …

    တယ်လီကွန်မြူနီကေးရှင်း ပိုင်းမှာ မိုနိုပိုလီ ဆော့နေတာ ကြည့်ရင်း…
    အာရပ်တွေ မားကတ္တင်း ကောင်းကောင်း မတတ်သေးသလို ခံစားရရဲ့ဗျို့ …
    အဲ့သည့်အပိုင်းနဲ့ ပါတ်သတ်ရင်
    သီဟပူရ နဲ့ အရှေ့ ကျွန်း တို့လို အလွန်အင်မတန် မားကတ္တင်း ဒိတ်ဒိတ်ကျဲတဲ့
    တိုင်းပြည်တွေ အကြောင်းချည်း လေ့လာမိလို့ လားတော့ မဆိုနိုင်….
    (တကယ်က သဂျီးတို့ဆီက ခမ်းနားတဲ့ ဦးနှောက်ပိုင်ရှင် ဂျူးတွေက ပို လန်ထွက်ပါတယ်လေ..)
    ဟိုတလောကတောင် …
    ဒဲလ် စတွိခ် ပရို ကို ဒေါ်လှ၁၀ဝ လောက်နဲ့ လာရောင်းနေတာ …
    စိတ်ပင်ပန်းခြင်း ကြီးစွာနဲ့ …. ခေါင်းယမ်းပြလိုက်ပါရဲ့….

    အင်တာနေရှင်နယ် ခေါ်ဆိုတဲ့ ဖုန်းကတ်တွေအကြောင်းကတော့ … အင်း…
    ဟောသည့်ကျွန်းမှာ ဆိုရင်ဖြင့်….
    (ပြောရမလား သဂျီး …)

    ပြောတော့ပါဝူးလေ…
    သူများအတင်း တွေမို့…
    ကျန်းမာခြင်းသည် လာဘ် ၁ပါးတဲ့ …ခုခိခုခိ
    😀

  • MaMa

    August 9, 2012 at 8:04 am

    မောင်ရှုံးစာတွေ ဖတ်မိမှပဲ ကံကြီးလို့ ဒီမှာနေရပါလားလို့………… 😛

  • nigimi77

    August 9, 2012 at 8:56 am

    အင်တာနက် သုံးရတဲ့ အခြေအနေကိုလည်း

    ရေးပေးပါဦး ။

    မိုးလင်းတာနဲ ့ ကိုရှုံးရဲ ့စာတွေ မျှော်နေမိတယ် ။

    အမှန်အတိုင်းပြောရရင် အရင်က ကိုရှုံး ရေးတာတွေ သိပ်မဖတ်ဖြစ်ဘူး ။

    လူဆိုတာကလဲ ကိုယ်နဲ ့ ပါတ်သပ်စရာ ရှိလာမှပဲ စိတ်ပါဝင်စားကြတတ်တာဆိုတော့…..

    စကားမစပ် ကာတာ (Qatar) မှာတော့ အဲလိုကြီး မဟုတ်လောက်ပါဘူးနော် ။

    Qatar ပြန်များရဲ ့ အတွေ ့အကြုံကိုလည်း ဖတ်ချင်ပါတယ် ။

  • memeseku

    August 9, 2012 at 9:00 am

    ကိုဂီ…ဘာလို့ $ 100 လောက်နဲ့ ရောင်းနိုင်ရတာလဲ… ဘာကွာလို့လဲ.. သိရင်ရှင်းပြပါဦး… ????????????

    • Liquid_Sn@ke

      August 9, 2012 at 1:17 pm

      ဂလို ..၂နှစ် စာချုပ်နဲ့ ခင်ဗျ
      အင်တာနက် ပါတာ ကို တွဲယူရတယ်…
      အင်တာနက် က အဝသုံး ၁လ ဘယ်လောက် ဆိုတဲ့ ပလင်န် ရယ်…
      လစ်မစ် နဲ့ သုံးတဲ့ ပလင်န် ရယ် ၂မျိုး ရှိလေရဲ့
      (တကယ်က မျက်စိလည်အောင်လုပ်ထားတဲ့ ပလန်ကြီးတွေ …..)

      ပွင့်ပွင့်လင်းလင်း ပြောရရင်တော့
      ဖုန်းအခွံဖိုး ကို အင်တာနက် လိုင်းကြေး ဆိုတဲ့ထဲ ထည့်ဖွက်ထားတာ ရယ်..

      ဘယ်တော့မှ သိမလဲ ဆိုတော့ …
      ၁နှစ် လောက် သုံးပြီးတဲ့အခါ ..အသစ်အသစ်လေးတွေ ကလည်း
      ပေါ်လာ … လူကလည်း ရွစိတက် ဖလမ်းဖလမ်းထ …
      ကိုယ့်လက်ထဲကဟာဂျီး ကို ပေါက်ခွဲချင်သလိုလို …ဖြစ်လာ ရင်း..
      ထိပ်ဆုံးက ၂နှစ် ဆိုတဲ့ စာချုပ်ကြီးကို ဖျက်မယ် လုပ်တဲ့ အခါများကျရင်တော့
      ဒန်တန့်တန် ပဲ… ဖုန်းအခွံဖိုး ကို ၂နှစ်စာ မို့ ..သည်လောက်နဲ့
      လုပ်ပေးထားတာ… သုံးတာ ၂နှစ်မပြည့်ဘူး ၁နှစ် ပဲ ရှိသေးတယ်..
      ၁၂လ စာ ကျန်နေတယ်.. တလ ဘယ်လောက် ဖြစ်တယ်… အဲ့ဒါဖိုးပေး …
      (ဒိတ်အောက်နေတဲ့)ဖုန်း နင်အပိုင် ဖြစ်ပီ … ဆို ပြောလွှတ် လို့ ..စိတ်ထိခိယက် ရသူတွေ
      တပုံတခေါင်း..

      အော်… ဈေးရောင်းတတ်ကြတာများပြောပါတယ်…
      အိုင်ဖုန်း တောင် ဇီးဒိုးယန်း နဲ့ ရောင်းသေး …
      တချို့ မော်ဒယ် အသစ် ထွက်တာတွေ ဆို ဖုန်းဝယ်ရင် ဒီဂျစ်တယ် ဖိုတိုဖလိမ် ပါ တွဲယူခိုင်းတယ်..
      လုပ်ပေါက်က ..ဖုန်းကိုတော့ ဇီးဒိုးယန်း….. ဖိုတိုဖလိမ် ကတော့ ၁သောင်းခွဲ.. (အစိမ်း ၂၀ဝခန့်..)
      တကယ်က ဖိုတိုဖလိမ်က တန်လှ (ဒေါ်လှ ၅ဝ ခန့် ..)

      ဖုန်း က အသစ်ဆိုတော့ ဈေးမြောက်တာကိုး …(၆၀၀-၇၀ဝ တန်လောက် ဆိုပါတော့ …)
      ဖုန်းဖိုးကို အပေါ်ကပြောတဲ့ အင်တာနက်ဖိုး နဲ့ တလချင်း ရိတ်ရင် …
      လစဉ်ကြေး က သိပ်မြင့်သွားမှာ ဖြစ်လို့ .. ရောင်းမကောင်းမှာစိုးလို့…
      ဖုန်းတံဖိုး ၂၀% ၃၀% လောက်ကို နားလှည့်ပါးရိုက် နဲ့ ဖိုတိုဖလိမ် နဲ့တွဲ အစွံထုတ်တာ…

      နောက်တနည်းက နိုင်ဂျံဂါးသား ဆိုရင် ဗီဇာသက်တမ်း ကိုကြည့်ပြီး ရောင်းတာ…
      ဆိုပါစို့ ..ဗီဇာသက်တမ်း က ၉လ ပဲကျန်တယ် ဆိုရင် ၂နှစ်စာ စာချုပ်ရဲ့ .. မကာမိတဲ့လတွေ
      (၂၄လ-၉လ = ၁၅လ) .. ၁၅လစာဖိုး ဖုန်းဖိုး ကို လက်ငင်းချေခိုင်းတာမျိုးလည်း ရှိတယ်..
      ထားပါတော့ ဖုန်းဖိုး ဒေါ်လှ-၆၀ဝ ဆိုရင် ၂၄နဲ့ စား ၁လ ၂၅ဒေါ်လှ … ၁၅လ ဆိုတော့…
      ၃၇၅ဒေါ်လှ ဖိုး လက်ငင်းပေး … အဲ့လို …
      အဲ့ဒါ .. သူတို့ မရှုံးအောင် လုပ်ထားတဲ့ နည်း …
      နိုင်ဂျံဂါးသားက ဗီဇာ ၉လ ကုန်လို့ ပြန်သွားပြီ ဆိုရင် ..ဘယ်လိုက်တောင်းရမှန်း မသိဖြစ်မှာ မို့လို့..

      တခါတခါ ခလက်ဒစ်ကတ် မရှိတဲ့ လူတွေ ဆိုရင် …ဖုန်း အခွံဖိုး အကျေတောင်းတာလည်း ရှိရဲ့ …
      တခြား လူမျိုးတော့ မသိဘူး ..ဘိရုမာ ဆို သိပ်မယုံကြတာလည်း ပါမှာပေါ့…
      သိတော်မူတဲ့အတိုင်း .. စီနီယာ ရွှေ ကိုကို-မမ များ က အတိတ်တုန်းက …
      ဟို လိုင်း က ဖုန်း သုံးလိုက် .. ဘေလ်မဆောင် ဖုန်းဖိုး မပေး ဘဲ ..ရန်ကုန်ပို့ရောင်းစားလိုက်…
      သည် လိုင်း ပြောင်းသုံးလိုက်… အဲ့လိုလုပ်လိုက် ..နောက်တလိုင်း ပြောင်းလိုက်နဲ့ …
      (တကယ်ကိုင်မယ့် ဖုန်းလိုင်းကို နောက်ဆုံးမှ သုံးတယ်လေ…)
      ၁နှစ်စာ ဖုန်းဖိုးလောက်ကို ရှေ့၂လိုင်းက ဟန်းဆက်လေးတွေ ရောင်းစားပီး ရှာပီးသွားပြီ ..ကိုး …
      သွပ်သွပ် …

      အဲ့သလို အဲ့သလို …

  • pooch

    August 9, 2012 at 12:03 pm

    ပြောတတ်လုိုက်တာတော်။ ယောကျာ်းသုံး ရေမွှေးရယ်လို့ပဲ ။ ကြိုက်တော့လည်း မွှေးနေမှာပေါ့။ 😀

  • ကြည်ဆောင်း

    August 9, 2012 at 3:03 pm

    ကိုယ့်ကျောကို လက်နဲ့သပ်တာလေး တော်တော် သဘောကျသွား၏..
    မသိဘူးမကြားဖူးတာတွေ ဖတ်ရတာ အရမ်းစိတ်ဝင်စားစရာကောင်းလို့
    စတုတ္ထပိုင်း ဆက်ဖတ်ချင်နေလှပြီ …

  • may flowers

    August 10, 2012 at 8:37 pm

    တကယ့်ကို စိတ်ဝင်တစ်စားနဲ့ဖတ်ပြီး တကယ်ကြိုက်လွန်းလို့လက်မထောင်သွားပါတယ်ကိုရှုံးရေ။

    စိတ်ဝင်စားစရာတကယ်ကောင်းလွန်းလို့ နောက် ပိုစ့်လေးတွေလည်း မြန်မြန်လေးဖတ်ချင်ပါတယ်..။

Leave a Reply