စီးပွားရေးက ရှေ့တန်းရောက်မယ့် ရွေးကောက်ပွဲ

zaylayJuly 5, 20101min490

မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ ဇွန်လ ၁ဝ ရက် ၂၀၁ဝ ခုနှစ် ၁၅ နာရီ ၅၄ မိနစ် အယ်ဒီတာ့အာဘော်
ယခုနှစ်တွင် ကျင်းပမည်ဟု ဆိုထားသော အထွေထွေရွေးကောက်ပွဲ အကြိုကာလတွင် နိုင်ငံရေးက စီးပွားရေးထက် ပိုမို၍ နေရာယူထားသော်လည်း မကြာသေးခင်က ဖြစ်ပေါ်ခဲ့သော စီးပွားရေး တိုးတက်ဖြစ်ပေါ်မှုများက ရွေးကောက်ပွဲလွန်ကာလ မြန်မာနိုင်ငံ မည်သည့်လမ်းကြောင်း သွားမည်ကို ပိုမိုညွှန်းဆိုပြသနိုင်ဖွယ် ရှိသည်။
စစ်အစိုးရနှင့် အတိုက်အခံ နိုင်ငံရေးပါတီတို့အကြား တညီတညွတ်တည်းသော သဘောတူညီချက် မရရှိခဲ့ပြီးနောက် စစ်အစိုးရသည် နိုင်ငံတော်၏ အနာဂတ် စီးပွားရေးအဆောက်အဦ အခြေခံများကို ပုံဖော်ပေးနိုင်မည့် လုပ်ဆောင်ချက်များကို တဖက်သတ် လုပ်ဆောင်လာခဲ့ရာ ယခုအခါ နိုင်ငံတော်က ထိန်းချုပ်ထားသော ရပိုင်ခွင့်များကို သူတို့ ခေါင်းခေါက်ရွေးထားသော လူတစုကို ပေါပေါပဲပဲ ရောင်းချပစ်နေခြင်းလည်း ပါဝင်သည်။

ရွေးကောက်ပွဲလွန်ကာလ နိုင်ငံရေးဘောဂဗေဒ နယ်ပယ်တွင် မသေချာမရေရာမှုများကြောင့် စစ်အစိုးရအဖို့ တိုင်းပြည်တွင်းရှိ သူတို့၏ စီးပွားရေးအကျိုးစီးပွားများကို ခွဲဖြန့်နေရာချထားရန် ဖြစ်လာခဲ့သည်။ ထို့အတွက် စစ်အစိုးရ၏ ဘဏ္ဍာရေးအကျိုးစီးပွားများနှင့် ပုဂ္ဂလိကပိုင်ကဏ္ဍတွင် အရေးပါသော အနာဂတ် ပေါင်းကူးခြေကုပ်အဖြစ် ဆောင်ရွက်နိုင်မည်ဟု ယူဆရသည့် ပုဂ္ဂလိက စီးပွားရေးသမားများကို ဆွဲသွင်းလာခဲ့ရသည်။
သို့သော် ဤမူဝါဒအတွက် နောက်ဆုံးပေါ်ထွက်လာသော သာဓကမှာ စစ်အစိုးရနှင့် အလွန်နီးစပ်သော ဆက်ဆံရေးရှိသည့် ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းရှင် ၄ ဦးကို ပုဂ္ဂလိကဘဏ်သစ် ၄ ခု ဖွင့်လှစ်ခွင့် လိုင်စင်များ ထုတ်ပေးလိုက်ခြင်း ဖြစ်သည်။ ထို့ပြင် နိုင်ငံပိုင် စက်ရုံများနှင့် အဆောက်အဦ ရာပေါင်းများစွာကိုလည်း ရောင်းချခဲ့သည်။

ဝေဖန်သူများ ထောက်ပြဝေဖန်နေသကဲ့သို့ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များတွင် စစ်တပ်၏ အငြိမ်းစား လက်ညှိုးထောင် ခေါင်းညိတ်များ ဝင်ရောက်လွှမ်းမိုး နေရာယူမည်သာမက စစ်တပ်အရာရှိများအတွက် စုစုပေါင်း အမတ်ဦးရေ၏ ၂၅ % ကိုပင် သီးသန့်ဖယ် သတ်မှတ်ပေးထားရသည့်အတွက် နိုင်ငံပိုင် အကျိုးစီးပွားများကို စစ်တပ်၏ စီးပွားရေးလက်တွဲဘက် အဖော်အပေါင်းများကို လက်လွှဲပေးနေခြင်းသည် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အဆိုပါ စီးပွားရေးအခွင့်အလမ်း ချုပ်ကိုင်မှုများကို ခွဲဝေဖြန့်ထားရမည်ဟု ဆိုထားသော်လည်း သတ္တုတူးဖော်ရေးနှင့် စွမ်းအင်ကဲ့သို့သော ကဏ္ဍများကို စစ်တပ်က အခိုင်အမာ ဆက်လက်ချုပ်ကိုင်နိုင်ရေးအတွက် လုပ်ဆောင်နေပုံရသည်။
ဤသို့လုပ်ဆောင်နေမှုများသည် အံ့ဩဖွယ်တော့ သိပ်မရှိလှပါ။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (SLORC) ဟု ယခင်က သိထားကြသော မြန်မာစစ်အစိုးရသည် တစတစ ယိုယွင်းလာနေသော တိုင်းပြည်၏ တပ်တွင်းအခြေအနေကို ထိန်းသိမ်းကိုင်တွယ်သွားရန် ကနဦး ဦးစားပေး ဆောင်ရွက်နေပုံရသည်။

စစ်တပ်၏ စီးပွားရေးအကျိုးစီးပွားအတွက် ကျေနပ်လက်ခံနိုင်ဖွယ်ရှိသော နိုင်ငံရေးအရ တညီတညွတ်တည်းသော သဘောထား ကင်းမဲ့နေသော ကာလမျိုးတွင် ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်လီမိတက် (UMEHL) ကဲ့သို့သော အင်အားကြီးမားလှသည့် စီးပွားရေးအဖွဲ့အစည်းမျိုးများမှတဆင့် အဆိုပါ အကျိုးစီးပွားကို ပိုမိုခိုင်ခန့်အောင် အချိန်အတော်အတန်ပေး လုပ်ဆောင်နေခြင်းသည် ရွေးကောက်ပွဲလွန်ကာလတွင် နိုင်ငံတော် စီးပွားရေး အဆာက်အဦ တခုလုံးကို စစ်တပ်က ဆက်လက်လွှမ်းမိုးချုပ်ကိုင် ခြယ်လှယ်ခွင့်ရရေး လုပ်ဆောင်နေခြင်းပင် ဖြစ်သည်။

စစ်တပ်က ဤသို့ လုပ်ကိုင်ဆောင်ရွက်နေခြင်းသည် အာဏာရှင်နိုင်ငံများက ပိုမိုပွင့်လင်းသော အစိုးရအုပ်ချုပ်ရေး စနစ်တရပ်ဆီသို့ ရေရှည်ကူးပြောင်းကြိုးပမ်းရာတွင် တွေ့ကြုံရသော အခက်အခဲများကို မီးမောင်းထိုးပြနေသည်။ သာဓကအားဖြင့် အင်ဒိုနီးရှားတွင် ရေပေါ်ဆီလူတန်းစား၏ အကျိုးစီးပွားများကို ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် ဆူဟာတိုခေတ် စစ်အရာရှိများသည် ပြုပြင်ပြောင်းလဲရေးဝါဒီများနောက် တကောက်ကောက်လိုက်၍ နှောင့်ယှက်နေခဲ့ကြသည်။ အမျိုးသား ဥပဒေပြုလွှတ်တော်က ပြဋ္ဌာန်းလိုက်သော ဥပဒေများသည် အခွင့်ထူးခံ လူတန်းစား၏ ကျယ်ပြန့်စွာ ရရှိထားသော စီးပွားရေးအကျိုးစီးပွား အခွင့်အလမ်းများနှင့် မကိုက်ညီ၍ ဖြစ်သည်။

မြန်မာပြည်ရှေ့ရေးကို မျှော်တွေးကြည့်လျှင် လာမည့် ၅ နှစ်မှ ၁ဝ နှစ်အတွင်း တိုင်းပြည်တွင်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းများ လုပ်ကိုင်နိုင်သည်ထားဦး၊ ထိုသို့လုပ်ကိုင်နိုင်ရန် ဖြစ်ထွန်း ပေါ်ပေါက်လာသော စီးပွားရေး ရှုခင်းရှုကွက်များကလည်း ကြိုတင်အမြစ်တွယ် အခြေအနေပေးသည်ထားဦး၊ စစ်အုပ်ချုပ်မှုအတွင်း သန္နိဋ္ဌာန် ခိုင်မာစွာ ချမှတ်ထားခဲ့သည့်အတိုင်း မြန်မာပြည် စီးပွါးရေးကို အခွင့်ထူးခံများကသာ ဆက်လက် လွှမ်းမိုး ခြယ်လှယ်နေဦးမည်သာ ဖြစ်သည်။ ထိုကဲ့သို့သော နိုင်ငံရေးဘောဂဗေဒမျိုးသည် တိုင်းပြည်တွင်း မတည်မငြိမ်ဖြစ်မှုများကို ပေါ်ပေါက်လာစေနိုင်မည့် အလားအလာမျိုး ရှိမရှိဆိုသည်မှာ အရေးပါသည့် မေးခွန်းတရပ်ပင် ဖြစ်နေသည်။
ချေးငွေကို အမြီးဖြတ် ခေါင်းဖြတ် လုပ်နေကြ
မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ ဂျူလိုင်လ ဝ၁ ရက် ၂၀၁ဝ ခုနှစ် ၁ရ နာရီ ၅ဝ မိနစ်

အယ်ဒီတာခင်ဗျား
ပဲခူးတိုင်း ဝေါမြို့နယ် ညောင်ကိုင်းကျေးရွာမှ လယ်သမားတွေကို အစိုးရ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ပြီးခဲ့တဲ့လ ၂၉ ရက်နေ့က စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ပေးတဲ့အခါမှာ ဘဏ်ဝန်ထမ်းတွေနဲ့ ကျေးရွာ ယရက အာဏာပိုင်တွေ ပေါင်းပြီး ငွေတွေ ဖြတ်ယူနေပါတယ်။
မနေ့က ထုတ်ချေးတဲ့အခါမှာ ဓာတ်မြေဩဇာအတွက် ကျပ် ၁၈ဝဝဝ၊ လချေးကျောက်မှုန့်အတွက် ကျပ် ၃ဝဝဝ၊ စာရွက်စာတမ်းဖိုး ၂၅ဝဝ ကျပ် ဖြတ်တယ်။ အားလုံးပေါင်း ၂၃၅ဝဝ ကျပ် ဖြတ်ယူဖို့ ညောင်ကိုင်းကျေးရွာ ဥက္ကဋ္ဌ ဦးအေးလွင်က ငွေထုတ်တဲ့အချိန်မှာ ထိုင်ပြီးတော့ ဘဏ်ဝန်ထမ်းတွေကို ပြောတာပါ။

မနှစ်ကကျတော့ စာရွက်စာတမ်းဖိုးဆိုပြီး ကျပ် ၃ဝဝဝ ဖြတ်ခဲ့ပါတယ်။ ဒီနှစ်ပိုတာက ဓာတ်မြေဩဇာ တအိတ်၊ သဘာဝ လချေးကျောက်မှုန့် တအိတ် ဆိုပြီး ပိုဖြတ်လာတာပါ။ အဲဒီအမှုန့်ကို မသုံးချင်တဲ့ လူလည်း မသုံးချင်ဘူး။ မယူဘူးဆိုလည်း မရဘူး။ နောက်ပြီးတော့ ချက်ချင်းရတာလည်း မဟုတ်ဘူး။ ဘယ်ကုမ္ပဏီက ထုတ်တယ်ဆိုတာလည်း မသိသေးပါဘူး။ ကြိုပြီး ဖြတ်လိုက်တာပါ။

ဒါ့အပြင် ၂ရ ရက်နေ့တုန်းကလည်း အဲဒီ ယရက ဥက္ကဋ္ဌ ဦးအေးလွင်က သီးစားခ ပြေစာအတွက်ဆိုပြီး လယ်သမားတယောက်ကို ၃ဝဝဝ ကျပ်စီ ဖြတ်ယူခဲ့ပါတယ်။ ဒါကြောင့် ကျနော်တို့ ဝေါမြို့နယ် မယက ရုံးကို တိုင်ကြားပေမယ့် လုပ်ပေးပါ့မယ်၊ ဘာညာဆိုပြီးတော့ အခုထိ လုပ်မပေးပါဘူး။
လယ်သမားတွေကို အစိုးရက စိုက်ပျိုးစရိတ်ချေးငွေဆိုပြီး တဧက ၂ သောင်းနှုန်း ထုတ်ချေးပေးပါတယ်။ ဒါပေမဲ့ ၁ဝ ဧက ကျော်တဲ့ တောင်သူတွေကိုလည်း ၂ သိန်းပဲ ချေးပေးပါတယ်။ ဒီချေးငွေက မလုံလောက်ပါဘူး။ စိုက်ပျိုးတဲ့ အချိန်ကနေ ရိတ်သိမ်းတဲ့အချိန်ထိဆိုရင် တဧကကို ကျပ် ၁ သိန်း ၁ သောင်းလောက် ကုန်ကျပါတယ်။
ကျနော်တို့ ညောင်ကိုင်းကျေးရွာမှာ လယ်သမားစုစုပေါင်း ၃၈၈ ဦး ရှိပါတယ်။
အထက်လူကြီးတွေ သိစေဖို့ ကျနော်တို့ ပြောပြတာပါခင်ဗျာ။

လယ်သမားအချို့
ညောင်ကိုင်းကျေးရွာ
ဝေါမြို့နယ်၊ ပဲခူးတိုင်း။