ငွေရတုအကြို ၂၄ နှစ် (အပိုင်း ၁)
ငွေရတုအကြို ၂၄ နှစ် (အပိုင်း ၁)
ဆိုးရွား ရက်စက်လှတဲ့ ဦးနေဝင်း ရဲ့ မဆလ တစ်ပါတီ စံနစ်ဆိုးကို ရဟန်းရှင်လူ ပြည်သူပြည်သား ကျောင်းသားများရဲ့ သွေးနဲ့ ရိုက်ချိုးဖြိုချ ခဲ့တာ ငွေရတုအကြို ၂၄ နှစ် ပြည့်ခဲ့ပါပြီ!
ယခု အသက် ၂၅ – ၃ဝ ဝန်းကျင်နဲ့အောက် ညီငယ်ညီမငယ်များရဲ့ မှုံရီဝေ ဝိုးတဝါး ” မဆလ ” ခေတ်ကို မှတ်မိသလောက်လေး အကျဉ်းချုံးပြီး ဖောက်သည်ချပါရစေ
“သန္ဓေတည်စ မဆလ”
တကယ်တော့ “မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်” ပါတီ ဆိုတဲ့ ” မဆလ ” ဟာ အာဏာရှင် ဦးနေဝင်း ရဲ့ မျက်လှည့်ဝတ်ရုံ တစ်ခုထက် မပိုပါ။
“အိမ်စောင့် အစိုးရ (၁၉၅၈)” လက်ထက်မှာ အာဏာရဲ့ အရသာကို သိသွားတဲ့ ဘိုနေဝင်း ဟာ အဲဒီအချိန်က(၁၉၆၂) အာဏာလက်ရှိ ဦးနု နဲ့ နိုင်ငံရေးသမားတွေရဲ့ နိုင်ငံရေးကစားပွဲကို ဝီစိမှုတ် ခရာတွတ်ပြီး အာဏာသိမ်းတာပေါ့၊
ခေတ်စကားနဲ့ ပြောရရင် “ကြားက ဘုန်းကြီးစား” တာပေါ့ဗျာ။
ဒါပေမည့် အာဏာကိုရေရှည်ထိန်းထားချင်တဲ့ သူ့မှာ တိုင်းပြည်ကိုချပြစရာ မူဝါဒ မရှိတာမို့ တပည့်ကျော် “ဦးချစ်လှိုင်” (စာရေးစရာ မောင်မောင်ကိုကြီး) ကိုခေါ်ပြီး မူဝါဒ တစ်ခုကိုရေးခိုင်းပါတယ်။
ပြီးတော့ ကွန်မြူနစ်ပျက် သခင်တင်မြ တို့ မောင်စူးစမ်းတို့ ရဲ့ “ဒိုင်ကြောင်” တွေနဲ့ ရောသမမွှေပြီး “လူ နဲ့ လူ့ပတ်ဝန်းကျင်တို့၏ အညမည သဘောထားများ” ဆိုတဲ့ မဆလ လက်ရင်းကျမ်း ပေါ်ပေါက်လာပါတယ်။
ဘာပြောကောင်းလိမ့်မလဲ ကွန်မြူနစ်ပျက်တွေ၊ ဆိုရှယ်လစ်တွေ၊ ဘောင်းဘီချွတ်တွေ လက်ခုပ်လက်ဝါးတီးပြီး သမိုင်းရေစီးထဲမှာ ပျော်ပျော်ကြီး ဂျွမ်းဝင်ထိုးကြတာပေါ့
လောင်းကစားသမား ဘိုနေဝင်း ဟာ သိပ်ပါးနပ်ပါတယ်။ အချိန်တန်တော့ ဟောတစ်ယောက် ဟောတစ်ယောက် ကန်ထုတ်လိုက်တာ ၁၉၈၅ခုနှစ် အလွန်မှာ မဆလ လွှတ်တော်ထဲ သစ္စာရှိ ဘောင်းဘီချွတ်များနဲ့ ရေမြွေတွေပဲ ကျန်ပါတော့တယ်။
အဲ…. သေခါနီးမှာ သမိုင်းမရှိတဲ့ ” မြွေခြောက် ” ရဲ့ အကိုက်ခံရတာတော့ သံဝေဂ ရစရာပါ။
“မဆလ ခေတ်”
စေတနာကြီးတဲ့ တပ်မတော်အစိုးရဟာ ဘိုနေဝင်း အာဏာသိမ်းပြီး ပြည်သူပိုင်ပါထပ်သိမ်းပါတယ်။ အကျိုးဆက်ကတော့ မပြေးနိုင်တဲ့ တိုင်းရင်းသား လုပ်ငန်းရှင်ကြီး လုပ်ငန်းရှင်လေး တွေက “အမြတ်ကြီးစား” ပုဒ်မ နဲ့ ထောင်ထဲရောက်၊
တရုပ် ကုလား သေဋ္ဌေးများက ရွှေထုပ်ပိုက်ပြီး ပြည်တော်ပြန်၊ ပညာတတ်များ နဲ့ စာရေးဆရာများက ထောင်နန်းစံ ရပါတယ်။
မယုံရင် ပုံပြင်သာမှတ်၊ ရေနံဆီ တစ်ပုံး သိမ်းထားမိလို့ ထောင်ထဲရောက်တဲ့သူတောင် ရှိခဲ့ပါတယ်။
မဆလခေတ်မှာ တပ်မတော်သားများ အတွက်တော့ B.E.D.C (Burma Economic Development Committee) (ယနေ့ခေတ် “ဦးပိုင်” ပေါ့ဗျာ) ကို ဘိုအောင်ကြီး (ခေါ်) စမူဆာ အောင်ကြီး က ဥကဌ လုပ်ပြီး ဝင်ငွေရမည့် လုပ်ငန်းမှန်သမျှ အကုန်သိမ်းပါတယ်။ (အခုလဲ ပုလင်းအသစ်ထဲက ဝိုင် အဟောင်းပါ၊ စစ်သားလုပ်တတ်တဲ့ စီးပွါးရေးက ဒါဘဲရှိတာ)
အဲဒီခေတ်က တပ်မတော်သား အရာရှိများအတွက် “ပဒုမ္မာ” လို့ခေါ်တဲ့ အထူးဆိုင်များနဲ့ ပြည်သူများအတွက်ကတော့ “သမဝါယမ” ဆိုင်ပေါ့ဗျာ
“ပဒုမ္မာ” အထူးဆိုင်တွေမှာ ဗူးနို့ဆီ၊ သကြားဖြူ၊ မွှေးဆပ်ပြာ နဲ့ အစိုးရထုပ် “ကန့်သတ်” လူသုံးကုန်တွေ ရပေမည့်၊ ပြည်သူ့ “သမဝါယမ” ဆိုင်တွေမှာတော့ ရွှေဝါဆပ်ပြာ နဲ့ ငစိန်ဆန်ကြမ်း ကို တိုးဝှေ့ဝယ်ရသဗျ။ “ကာဘော်လစ်” ဆပ်ပြာဆိုတာ “သမဝါယမ” ဆိုင်ကလူကြီးတွေ နီးစပ်ရာကို တိုးတိုးကျိတ်ရောင်းတာပါဗျာ။
ယုံမလားတော့ မသိဘူး! မဆလ ခေတ်က “သမဝါယမ” ကုန်ဝယ်စာအုပ်ကို ပေါင်စားလို့ရတယ်၊ “တန်းစီ၊ တိုးစား” အခြေခံ လူတန်းစား တစ်ရပ် ရှိခဲ့ဘူးတယ်။
ပြည်သူများ သုံးတဲ့နို့ဆီလား အ…ဟတ်
“အဖတ်တွေနဲ့ ချက်နို့ဆီဗျ၊ ပြည်တွင်းဖြစ် စစ်စစ်ပါဗျာ၊ နို့ဆီ ချဉ်ကုန်မှာစိုးလို့ Formaldehyde (မပုပ်အောင်ထိုးတဲ့ဆေး) တောင် ရောထားသေး”
ဘယ်လောက်များ ရှားပါးသလဲဆိုရင် အစိုးရကရောင်းတဲ့ “ပျားဂေဟာ ကြက်ကြော်၊ ငုံးကြော်” ကို လခထုတ်ရက် တွေမှာ တိုးကြိတ် ဝယ်စားရပါတယ်။ ကမ႓ာပေါ်မှာ ကြက်ကြော်ရောင်းစားတဲ့ အစိုးရဆိုလို့ မဆလ ဘဲရှိမယ်ထင်တယ်။
အဲဒီခေတ်က နေ့စားလုပ်သား ရဲ့တစ်နေ့နှုန်းက “၃ကျပ် ၁၅ပြား” ၊ နိုင်ငံတော်ပြန်တန်းဝင် အရာရှိက “၄၄ဝကျပ်” ဆိုတော့ နဲနဲချောင်လည်ကြတာဆိုလို့ ကုန်သည်၊ မှောင်ခို၊ သင်းဘောသား နဲ့ အရာရှိကြီးတွေလောက်ပဲရှိတာ
လဘ်စားတာလား? ရှိတာပေါ့! ဒါပေမည့် ဒီနေ့ခေတ်လောက် မဆိုးသေးဘူး။
ဘိုနေဝင်း မဆလ က သူသာ အသားကုန်ဗျင်းတာ အောက်လူ နဲနဲဝိုက်ရင် ထောင်ထဲထည့်တာဗျိုး၊ ကျူရှင်ဆရာတောင် နာမည်ကြီးရင် “စ.စ.စ” ကခေါ်စစ်တာ
ရယ်စရာဖြတ်ပြောရရင် အဲဒီခေတ်က ဒေသံန္တရ တရားသူကြီးများက အလှည့်ကျ “ပြည်သူ့တရားရှင်” များခင်ဗျ
ရန်ကုန်ဆေးရုံကြီးက ဆရာဝန်ကြီးတစ်ပါး အမှုတက်တော့ တရားသူကြီးက လသာလမ်းထိပ်က ဆိုက်ကားဆရာ ခင်ဗျ
အ…ဟတ်….အ…ဟတ်၊ ဆရာဆိုက် က မဆလ တင်းပြည့်ပါတီဝင် စံပြလုပ်သား လေ
အဲဒီ ဘိုနေဝင်း နဲ့ မဆလ တစ်ခေတ်ကို သွေးနဲ့ တိုက်လာတာ မောင်ကျောင်းသားများ နဲ့ အလုပ်သမားများပါ၊ အငြိုးကြီးတဲ့ ဘိုနေဝင်း ဟာ စထဲက ယဉ်သကို ဆိုသလို 7 ဂျူလိုင် အရေးအခင်းမှာ ကျောင်းသားတွေကိုသတ် သမဂ္ဂ ကိုဖြို၊ ဆင်မလိုက် သင်ဘောကျင်း အလုပ်သမား အရေးအခင်းမှာ အလုပ်သမားတွေကို စက်သေနပ် နဲ့ပစ် ပြီး ၂၆နှစ် လုံးလုံး အကြောက်တရားနဲ့ အုပ်ချုပ်ခဲ့တာပါ။
သူ နဲ့ အပေါင်းအပါများရဲ့ “မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်” ကြီးနဲ့ အုပ်ချုပ်လိုက်တာ ၁၉၅ဝနှစ်လွန်များက အာရှမှာ တိုးတက်နေတဲ့ မြန်မာပြည်ကြီးလဲ “ဖွတ်ကျော ပြာစု” ဖြစ်သွားပါတယ်။
ဒီကြားထဲ မနာလို ဝန်တိုပြီး ဒေါသနှင့် အာဃာတတရား ကြီးမားလှတဲ့ ဘိုနေဝင်း ဟာ သူထုတ်ထားတဲ့ ငွေစကူ္ကတွေ ကို တရားမဝင်ဘူးလို့ ကြေငြာပြီး ဓားပြ ကလဲ ခခဏဏ တိုက်တော့ ၈.၈.၈၈ မှာ ကျောင်းသားများက ဦးဆောင်ပြီး တစ်နိုင်ငံလုံး အုံကြွပါတော့တယ်။
( တိုင်းပြည်လဲ ဖွတ်ဖွတ်ညက်ညက်ကျေ၊ အသက်ပေါင်းများစွာ ဘဝပေါင်းများစွာ စတေးခဲ့ရတဲ့ ကိုယ်တွေ့ အရေးတော်ပုံကြီး အကြောင်း နောက်တစ်ပိုင်းမှာ ဆက်ပါရစေ )
2 comments
မောင်ပေ
August 9, 2012 at 9:39 pm
ကျွန်တော်ကတော့ ၈လေးလုံးမှ ငါးနှစ်ပြည့်တာမို ့၊ မဆလခေတ်ရဲ ့ဆိုးဝါးပုံတွေကို ဘာမှ မသိခဲ့ရပါ ။
ဦးကျောက်ခဲရဲ ့ဇါတ်လမ်းမှန်တွေကို အခြေခံပြီးစာစီတဲ့ ပို ့စ်ကို ဖတ်ရတာ အားလုံးကို မျက်လုံးထဲ ကွက်ကွက်ကွင်းကွင်းမြင်လာရတယ်ဗျာ ။ နောက်ပိုစ့်တွေမှာ နောက်ထပ်ဖြစ်ရပ်မှန်တွေကို ဆက်စောင့်ဖတ်နေပါမယ်ခင်ဗျား
မောင်သုည
August 9, 2012 at 11:58 pm
ဲဦးကျောက်ခဲရေ…အိုဗာဖေါ်တီး တစ်ယောက်အနေနဲ့ ဝင်ရောက်ထောက်ခံသွားပါကြောင်း….
အားပေးလျှက်ပါပဲ..ဦးကျောက်ခဲရေ…ဆက်ဆွဲလိုက်ကြအောင်…