“သေသည့်တိုင်အောင်ဇာတ်လမ်းမပြီးသေးသောဆိုင်းဘုတ်များ”

“သေသည့်တိုင်အောင်ဇာတ်လမ်းမပြီးသေးသောဆိုင်းဘုတ်များ”

19ထ66လမ်းဒေါင့်ကဆိုင်းဘုတ်

မနေ့မနက်ကအလုပ်ထဲရောက်တော့ ကလေးတွေကြွက်စီကြွက်စီနဲ့ပြောနေကြတာကို မသဲမကွဲကြားနေရ။
“အကျီအပြာနဲ့ကောင်မလေးသနားပါတယ်အေ”
“ဟိုကောင်က အကျီတောင်ပါဘူး ပြဲလာတာနေမှာ”
အဲဒီတုန်းကတော့ သူတို့ဘာပြောမှန်း မသိခဲ့ဘူး။
ဒီနေ့မနက် ကျောက်တော်ကြီးဘုရားသွားတော့ 35လမ်းနဲ့73လမ်းမှာတစ်ခု။
နန်းရှေ့ 19လမ်းနဲ့ 66လမ်းဆုံတဲ့ထိပ်မှာတစ်ခုဆိုင်းဘုတ်အကြီးကြီးတွေထောင်ထားတာကိုမြင်တော့မှ
ရုံးက ကလေးတွေပြောတာကို သဘောပေါက်ပါတော့တယ်။
တစ်ပုံကတော့ အကျီဗလာ ဂျင်းဘောင်းဘီအပြာနဲ့ ကောင်လေးတစ်ယောက်သွေးအိုင်ထဲမှာ။
နောက်တစ်ပုံကတော့ အကျီအပြာနဲ့ ကလေးမလေးတစ်ယောက်သွေးအိုင်ထဲမှာ။
ဆိုင်ကယ်အချင်းချင်း ဆိုင်ကယ်နဲ့ကား တိုက်မိလို့ သေဆုံးသွားသူတွေရဲ့ဆေးရောင်စုံ ပုံကိုတင်ထားတာပါ။
ကြည့်ရတာနဲ့ တင်သွေးပျက်စရာ ။

35×73လမ်းဒေါင့်မှာ

ကျနော်ခပ်ငယ်ငယ်ကပေါ့။
မော်တော်ယဉ်ထိန်းသိမ်းရေးက ထုတ်တဲ့စာအုပ်လေးတစ်အုပ်ကို အမှတ်မထင်ကြည့်မိပါတယ်။
အဲဒီစာအုပ်ထဲမှာမော်တော်ယဉ်တိုက်မှု့အမျိုးမျိုးကြောင့်လမ်းပေါ်မှာသေဆုံးတဲ့ပုံတွေကို ဓါတ်ပုံရိုက်ထားတာပါ။
အတော်လေးကို ပိုးစိုးပက်စက်နိုင်တဲ့ပုံလေးတွေပါဘဲ။
အဲဒီနေ့ညလဲရောက်ရော ကျနော်တော်တော်နဲ့အိပ်မပျော်တော့ပါဘူး။
နေ့လည်က ကြည့်ထားတဲ့ပုံတွေကို ပြန်မြင်နေလို့ပါဘဲ။
ကလေးဘဝဆိုတော့ စိတ်က စွဲမိစွဲရာကိုးဗျ။

ကျနော်အမြင်ပြောရမယ်ဆိုရင်တော့
ဘယ်လိုရည်ရွယ်ချက်နဲ့ဘဲ တင်တင် အခုလို လူပုံထင်ထင်ရှားရှားနဲ့တော့ ဆိုင်းဘုတ်မတင်သင့်ဘူးလို့ထင်ပါတယ်။
ဒီလိုပုံပျက်ပန်းပျက် သေနေတဲ့ ပုံတွေပါတဲ့ ဆိုင်းဘုတ်တင်ထားလဲ စည်းကမ်းဖောက်သူကတော့ ဖောက်နေမှာအမှန်ပါဘဲ။
ဒီပုံမျုးိက လမ်းဆုံလမ်းခွ လူမြင်ကွင်းမှာတင်ထားတော့ စိတ်မခိုင်တဲ့သူတွေ အရွယ်မရောက်သေးတဲ့ကလေးတွေနဲ့ကြောက်တတ်သူတွေအတွက်တော့ စိတ်အနှောင့်အယှက်ဖြစ်စရာပါဘဲ။
နောက်တစ်ချက် ဒီယာဉ်တိုက်မှု့မှာသေဆုံးသွားတဲ့သူက မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ
သူတို့အမှားကို သူတို့ ခံပြီးပါပြီ။
နောက်တစ်ချက်က သေဆုံးသွားရဲ့သူတွေရဲ့မိသားစုတွေ ခင်မင်တဲ့မိတ်ဆွေတွေဒီပုံကိုမြင်တာနဲ့
ဘယ်လို့ပဲ ပုံကိုဖျက်ပေးထားထား သွားလေသူကို သတိရနေမှာအမှန်ပါဘဲ။
တကယ်လို့များ ပုံထဲမှာပါနေတဲ့ သေဆုံးသွားလေသူရဲ့ မိဘနှစ်ပါးများ အဲဒီအနားက ဖြတ်သွားမယ်ဆိုင်
သတိရမိလို့ စိတ်ဆင်းရဲမယ့်အပြင် ရှက်လဲရှက်မယ်လို့ တွေးမိပါတယ်။
သေဆုံးသွားသူမှာလည်း ဒီပုံကိုမြင်ရင် တမလွန်မှာတောင်ရှက်နေမယ်ထင်ပါတယ်။.
ကျနော်အမြင်ပြောရရင်ဒီပုံမျုးိက လူမြင်ကွင်းမှာ မတင်သင့်ဘူးလို့ယုံကြည်ပါတယ်။
လက်ကမ်းစာစောင်အနေနဲ့ဝေတာမျိုးလောက်ဘဲလုပ်သင့်တယ်လို့ အကြံပေးချင်ပါတယ်။

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
(10-8-2012)

25 comments

  • ရွှေတိုး

    August 11, 2012 at 2:46 pm

    တိုးလေးလဲ လေးပေါက်နဲ ့အတွေးချင်းတူပါတယ်။အဲ့ဟာကြီးတွေမြင်မြင်နေရရင် စိတ်မသက်မသာဖြစ်ဖြစ်လာလို ့ပါ။ပြီးတော့ လူမြင်ကွင်းမှာထောင်တဲ့ဘုတ်ဆိုတာက လူကြည့်ချင်စရာ ကျက်သရေရှိတာလေးပဲဖြစ်သင့်ပါတယ်နော်…

  • kotun winlatt

    August 11, 2012 at 3:06 pm

    ဟုတ်တယ်…လေးပေါက်ရေ…
    ဒီလိုဆိုင်းဘုတ်တင်ပီး သတိပေးမယ့်အစား ပညာပေးဟောပြောပွဲလေးတွေ များများလုပ်ပေးသင့်တယ်ထင်တာပဲ..ဒါ့အပြင် ဥပဒေထုတ်တဲ့သူတွေကိုယ်တိုင်
    ဥပဒေကို လိုက်နာစေချင်တယ်…
    ကျနော်တို့ ရွာမှာတော့ဗျာ..ရွာဆိုပေမယ့် အထင်းတော့ မသေးနဲ့နော်..မော်တော်ပီကယ်ဝတ်စုံနဲ့ မော်တော်ပီကယ်နှစ်ယောက်တောင်ရှိတယ်..(တကယ်မော်တော်ပီကယ် စစ်မစစ်တော့ မသိ..) လကုန်ရက်တွေဆို လမ်းဆုံကနေ ထိုင်ဖမ်းနေတော့တာပါ..ဦးထုပ်မပါရင် လာထား ကိုးထောင်ပဲ…အဲ့လိုဆိုတော့ နားမလည်တဲ့ ရွာသားတွေခမျာ ကိုးထောင်ဆောင်ရတာပါပဲ..ကျနော်နားလည်တာကတော့ မော်တော်ပီကယ်ဖမ်းရင် တရားရုံးမှာ သွားပီးဒဏ်ကြေးဆောင်ရတယ်..ဒဏ်ကြေးက အစိုးရသတ်မှတ်တာ ဦးထုပ်မဆောင်းရင် ငါးရာကျပ်ပဲထင်တယ်..(မှန်မမှန်ကိုတော့ သိတဲ့သူတွေပြောပြပေးပါ..) ရွာမှာတော့ တစ်ရက်လောက်ဖမ်းရင် အနည်းဆုံး ၂ဝကျော် ၃ဝလောက်ရှိပါတယ်… တရားရုံးကို ဘယ်နှစ်မှုရောက်တယ်တော့ မသိပါ..ကျနော်ပြောချင်တာကတော့ ..မသိနားမလည်တဲ့သူတွေကို ယာဉ်စည်းကမ်း လမ်းစည်းကမ်းတွေပြောပြ ရှင်းပြပေးစေချင်တာပါ…နောက်ပီး ကိုးထောင်ဆိုတဲ့ ပိုက်ဆံတောင်းပီး ဆိုင်ကယ်စီးဦးထုပ်တစ်လုံးလောက်တော့ ပေးစေချင်တာပါပဲ..နောက်တစ်ခုက ဖမ်းတယ်ဆိုရင်လည်း အားလုံးကိုဖမ်းပါ..ခုတော့ ဦးထုပ်မပါလည်း သိတဲ့သူဆိုမဖမ်းပါဘူးးးဒါဟာ ဥပဒေကို မလေးစားရာကျပါတယ်…နောက်ပီး သူတို့(မော်တော်ပီကယ်ကိုကိုတွေ) ကိုယ်တိုင် နောက်ရက်တွေဆို ဦးထုပ်မပါပဲ ဆိုင်ကယ်စီးနေကြတာပါ..နောက်ပီး မော်လူးလိုရွာလေးအဆင့်မှာ မော်တော်ပီကယ်နှစ်ယောက်ဆိုတော့ အံ့လည်းအံ့ဩမိပါရဲ့…. လောလောဆယ်ဆယ်တော့ မော်တော်ပီကယ်တွေ ဖမ်းလို့မိရင် လာထား ကိုးထောင်ပါပဲ…..။

  • ကျနော် အနိဌာရုံမြင်ကွင်းတွေကို တွေ့ရင်လဲ သတင်းထူးဆိုပြီးရိုက်မတင်ပါ။
    ကျနော်စိတ်ကူးနဲ့ကျနော်ဖြစ်ပါတယ်။
    အခုပုံတောင် မတတ်သာလို့တင်တာပါ။
    ကျနော်ကတော့ ဒီလုံပုံတွေလူမြင်ကွင်းမှာထားတာ လုံးဝမနှစ်သက်ပါ

  • ko khin kha

    August 11, 2012 at 4:01 pm

    သူတို့ကတော့ ဒီလိုပုံတွေတင်ထားရင် ကြောက်ပြီးတော့ ဆင်ချင်သွားလိမ့်မယ်လို့ ယူဆပုံရပါတယ်။
    တကယ်တန်းထိရောက်မှု့လား ရုပ်ပြဇာတ်လမ်းဘဲ ဖြစ်နေလားဆိုတာကိုလည်း
    ပြန်စမ်းစစ်ရဲ့လားမသိဘူးဗျာ။

  • surmi

    August 11, 2012 at 4:14 pm

    အဲဒီ ပိုစတာတွေကို ထပ်တူထပ်မျှ ကန် ့ကွက်ပါတယ်ဗျို ့
    ကိုပေါက်ရေ ဓတ်ပုံထဲကြည် ့ရတာတောင်စိတ်ပျက်စရာဗျာ
    အပြင်မှာဆို ဘယ်လောက်ဆိုးမလဲ

  • နေဝန်းနီ

    August 11, 2012 at 4:52 pm

    ဆိုင်းဘုတ်တွေက အဲဒိလောက်တောင် ဆိုးနေပြီလား တော်ပါပြီဗျာ…။ အဲဒါကြောင့် ခုတစ်လော ဘယ်မှမသွားချင်ဖြစ်နေတာ ဝိုင်းပြီး လူထုအားနဲ့ ကန့်ကွက် ကြပေါ့ဗျာ…။

  • mocho

    August 11, 2012 at 5:14 pm

    ဘယ်လို လူ ကများ ရွှေဉာဏ်တော် စူးရောက်ပြီး ဒီ လို အကြံ ညာဏ်မျိုး ကို ပေးလဲ မသိဘူး။ အမြန် လမ်း ပေါ် မှာ တုန်း ကလည်း ကား အက်ဆိဒင့် ဖြစ်ထားတဲ့ နေရာမှာ ဖြစ်တုန်း က ပုံ ကိုဆိုင်း ဘုဒ် ထောင် ထားတာတွေ့ခဲ့ တယ်။
    ခုဟာက မြို့ လယ်ခေါင် တွေ မှာဆိုတော့ ဆိုးပါ့။
    ထိရောက်တဲ့ ပညာပေး၊အရေး ယူ တာတွေ ( ဒီ စလုံး မှာ လို ဒဏ်ငွေ ကို ထိထိရာက်ရောက် ချတာမျိုး ၊ဘဲဥတွေလက်ထဲ ဝကွက် အပ်ဖို့ ပြောတာမဟုတ်၊) မလုပ်ပဲ ဒီလို အနိဌာရုံ ပုံတွေ တင်ရုံ နဲ့ မတော် တဆ ဖြစ်မှုတွေ လျော့ သွား မှာပဲလား။
    တရုတ်ကားထဲက လို ပြောရရင် သေတဲ့ သူတွေ ကို အရှက် ရအောင်၊ အသေမဖြောင့် အောင် လုပ်ရာ ကျပါတယ်။

  • mocho

    August 11, 2012 at 5:20 pm

    ပြောဖို့ ကျန်သေးတယ်။ ကျမသာ ဆိုင်းဘုဒ်တွေ ရှေ့ နား က အိမ်တွေ မှာ နေရ ရင် ချက်ချင်း ကန့် ကွက် လို့ ရရင် ရ ။ မရရင် တော့ တခုခု လုပ်မိ မလားပဲ။ မြင်ရတာ ရင်တုန် လွန်းလို့။

  • ရဲစည်

    August 11, 2012 at 5:51 pm

    ညာဘက်ကပုံက ကလေးမလေးထင်တယ်
    အောက်ကစာတန်းကြီးကြည့်တော့ မူးရင်မမောင်းနဲ့ မောင်းရင်မမူးနဲ့တဲ့
    စစ်စစ်ပေါက်ပေါက် လိုက်ပြီးဆွဲတွေးရရင် ကလေးမကဘဲ မူးပီးမောင်းလို့ သေသလိုလို
    အဲဒီတော့ဗျာ….
    ပြောရရင် မကောင်းပါဘူးရယ်
    ဖြစ်နိူင်ရင် မြို့တော်ဝန်ဖြစ်ဖြစ်၊ မန်းလေးတိုင်း ဝန်ကြီးဖြစ်ဖြစ်
    မနက်အစောပိုင်း မဟာမြတ်မုနိသွားခါနီး အဲရှေ့ကဖြတ်စေချင်တယ်
    သူရို့ဘယ်လိုနေမလဲလို့ …… ?
    ပညာပေး၊ သတိပေးလုပ်တာ ကောင်းပါတယ်
    ဒါပေသိ
    ဒီလောက် ဦးနှောက်မရှိလုပ်ဖို့တော့ မသင့်တော်ဘူးထင်တယ်
    မန်းလေးသားတွေ ဒါကို ကန့်ကွက်ဖို့လိုပီ(မြှောက်ပေးတာ) 😀
    ဆိုတော့ 。。。。。。。。
    ကျုပ်ဂိုဏ်းက အဆက်စ်ဆင်ပေကို အကြောင်းကြားပြီး ဒီပြဿနာကို ကိုင်တွယ်ခိုင်းရမယ်။
    ဒါမှမရရင် ကျုပ်ကိုယ်တိုင် အူးပုတ်ထွက်တာနဲ့ ယာဉ်ထိန်းရုံး၊ စည်ပင်၊ တယကရုံးတွေကို
    ကိုယ်တိုင် အသေခံဗုံးခွဲပြီး ကန့်ကွက် ဆန့်ကျင် တာဆီးမှ ဖြစ်တော့မယ် 🙂

    အစွန်းရောက်အရက်သမား
    အိုဆမာဘာလာလာစည်

    အပေါ်ကအတည် 。。。。。。 အောက်ကနောက်ထှာ 。。ခွစ်。。ခွစ်

  • မောင်ပေ

    August 11, 2012 at 7:03 pm

    “““ သေပြီးသူတွေရဲ ့မိသားစုတွေ အမျိုးတွေသာ ဒီပုံကိုတွေ ့သွားရင် ”””
    အရမ်းမှန်တဲ့ ကိုပေါက့် အတွေးပဲ…
    သေဆုံးပြီးဖြစ်တဲ့ လူရဲ ့ပုံရိပ်ကို ခွင့်မပြုပဲသုံးတဲ့အတွက် လျော်ကြေးတွေ တနင့်တပိုးတောင်းလာခဲ့ရင် စည်ပင်နဲ ့ယာဉ်ထိမ်းဌာန ဘယ်သို ့ရှင်းမလဲဆိုတာလဲ ဆက်တွေးမိတယ်ဗျား

  • metallic

    August 11, 2012 at 7:52 pm

    ဟုတ်…။
    ဦးပေါက်ပြောတာ မှန်ပါတယ်
    အများသူငါ အထူးသဖြင့် ကလေးသူငယ်တွေကို သွေးထွက်သံယိုမြင်ကွင်းတွေပေးမမြင်စေသင့်ပါ
    ဒီထက်ဆိုးတာက
    လူတွေရဲ့စိတ်ထဲမှာ သွေးထွက်သံယို မမြင်သင့် မမြင်ဝံ့စရာများကို အမြင်ရိုးသွားပြီး
    ကြမ်းတမ်းတဲ့ အပြုအမူတွေကို မြင်ပါများ အသားကျသွားစေတာ
    စရိုက်ကြမ်းသွားစေတာ
    ……..
    ……..
    စသည်ဖြင့် နောက်ဆက်တွဲတွေကို စဉ်းစားသင့်ပါတယ်။

  • padonmar

    August 11, 2012 at 7:57 pm

    ပြီးခဲ့တဲ့၂ ပတ်လောက်က ဂျာနယ်တစ်စောင် (ပြည်သူ့ခေတ်လို့ထင်ရဲ့) ထဲမှာ သတင်းဓာတ်ပုံတွေရဲ့ ထားရမယ့် စည်းကမ်းတွေအကြောင်းရေးထားပါတယ်။
    လူတွေအတွက် အနိဋ္ဌာရုံ သက်သက်မြင်ကွင်းတွေကို မီဒီယာမှာတင်တာ ကလေးငယ်တွေအတွက် မသင့်ကြောင်းနဲ့။ဓာတ်ပုံတွေကို ပြုပြင် အကြောင်းအရာဖျောက်ပြီးတင်တာတွေ မသင့်တဲ့အကြောင်း။
    အဲဒီထဲမှာမှ ပူလစ်ဇာဆုရ ဗီယက်နမ်က မီးလောင်ဗုံးကြောင့် အဝတ်အစားမပါပြေးနေရတဲ့ ကလေးမလေးပုံ အကြောင်းတွေပါပါတယ်။
    ရှာဖတ်ကြည့်ကြစေချင်ပါတယ်။ကျမ ရှာတွေ့ရင်လည်း ရက်စွဲလေးဖော်ပြပေးပါမယ်။
    တိုတိုပြောရရင်တော့ မန်းစည်ပင်နဲ့ ယာဉ်ထိန်းကို ကန့်ကွက်စာလေး ပို့ပေးစေချင်ပါတယ်။
    ပြောမှ သိမယ့်သူတွေကိုတော့ သိအောင် ပြောပေးရမှာပါဘဲ။

  • သစ် တည်

    August 11, 2012 at 8:10 pm

    သုူတိုု ့လိုုချင်တာဒါပဲနေမှာ
    တော်တော်များများကိုု သတိထားမိသွားတယ်……
    မဆိုုးပါဘူး မသေသေးတဲ့လူတွေ သတိထားမိတာပေါ့…….

    • shwe kyi

      August 12, 2012 at 12:25 pm

      ဒါနဲ့ပဲဆင်ခြင်ရောလားရှင် စဉ်းစားပါဦး။ ဒီလိုဖြစ်ရင်ဒီလိုသေမယ်ဆိုတာလူတိုင်းသိပါတယ်။
      ကာယကံရှင်တွေမှာဝမ်းသာရမှာလားဝမ်းနည်းရမှာလား အဟောင်းကအသစ်ဖြစ်သွားနိုင်တယ်။
      လေးပေါက်နဲ့ တသဘောတည်းပါပဲ။ မလုပ်သင့်တဲ့အလုပ်ပါ။ မြို့ကျက်သရေကျပါတယ်။ တခြားနည်းလမ်းမစဉ်းစားတတ်တော့ကြဘူးလားမသိ။

  • TTNU

    August 11, 2012 at 9:00 pm

    ကိုပေါက်ရေ..
    မာမီကတော့ ခရီးသွားရင်း၊ ကားစီးသွားရင်း၊
    ဒီလိုမျိုးပုံတစ်ခုခုတွေ့လိုက်ရင် တမင် မျက်စိလွှဲပစ်လိုက်မိတယ်။
    အယူမသည်းပေမဲ့ စိတ်ထဲစွဲတတ်လွန်းလို့လေ။

  • ဦးဦးပါလေရာ

    August 11, 2012 at 11:33 pm

    ဒီဆိုင်းဘုတ်တွေကို စီမံတဲ့သူရဲ့ (စည်ပင်လား၊ယာဉ်စည်းကမ်းထိမ်းသိမ်းရေးကော်မတီလား) အတွေးအခေါ်က ညံ့လိုက်တာ…။
    ပြီးတော့ ရှေ့ရှေ့နောက်နောက် မစဉ်းစားတတ်မှန်းလဲ သိသာတယ်..။
    လူ့ကျင့်ဝတ်ကိုလဲ နားလည်ပုံမရဘူး…။
    သိပ်မကြီးသေးရင် သူငယ်တန်းက ပြန်စပြီး စာပြန်သင်ပေးဘို့ကောင်းတယ်…။

  • kyeemite

    August 12, 2012 at 9:07 am

    ကိုပေါက်နဲ့တစ်သဘောထဲပါဗျာ..
    ပုဇွန်စိတ်ဦးနှောက်နဲ့ လုပ်ဆောင်ချက်ပါပဲ..
    တစ်နှစ်အတွင်း ယာဉ်မတော်တဆမှု့ကြောင့်
    လူဘယ်လောက်သေတယ်..ဘာညာ..စါရင်းဇယားတွေဖေါ်ပြရင်
    သတိပေးဖို့လုံလောက်ပါတယ်..
    ဓါတ်ပုံမလိုပါဘူး..ကန့်ကွက်ကြပါဗျို့…

  • အမှန်တကယ်ရပ်တန်းက ရပ်သင့်သောကိစ္စတစ်ခုကို ဝိုင်းဝန်း ထောက်ခံကြ၍ ကျေးဇူးတင်ပါ၏။
    အခြားသောဆိုက်များတွင်လည်း ယခုပိုစ်ကို တင်ထားပါ၏။

  • kai

    August 12, 2012 at 3:12 pm

    အဲဒီလိုပုံတွေတင်တာကို.. ပြင်းပြင်းထန်ထန်ကန့်ကွက်ပါသည်..။
    အဲဒီဆိုင်းဘုတ်တင်သော.. အစိုးရဌာနကို.. ကလေးသူငယ်များစိတ်ဓါတ်ရေးရာထိခိုက်နစ်နာမှုဖြင့်.. တရားစွဲသင့်ကြောင်း..
    နစ်နာကြေးတောင်းသင့်ကြောင်း…

  • nigimi77

    August 15, 2012 at 10:04 pm

    ဒီနောက် ဘာဖြစ်သွားသလဲ ဆိုတာပြောပြပါဦး

  • Shwe Ei

    August 16, 2012 at 11:45 am

    နာဂစ်အပြီးတုန်းက ကျမအလုပ်လုပ်နေတဲ့ ဒေသခံလူမှုရေးအဖွဲ့အစည်းလေးကို မလေးရှား NGO တခုက Workshop လာလုပ်ပါတယ်။ လူမှုကူညီရေး ပရောဂျက်နဲ့ ပတ်သတ်တဲ့ ဆောင်ရန် ရှောင်ရန်တွေထဲမှာ နာဂစ်မုန်တိုင်းကြောင့် ရေနစ်သေရှာတဲ့ အလောင်းတွေကို ဆေးရောင်စုံဒါ့ပုံတွေနဲ့ မီဒီယာတွေမှာ ဖေါ်ပြတာ ရံပုံငွေ သီချင်းခွေတွေမှာ နောက်ခံထဲ့ဆိုပြီး အလှူငွေရှာတာ စတဲ့လုပ်ရပ်တွေဟာ သေသူအပေါ် မလေးစားရာကျလို့ မလုပ်သင့်တဲ့အကြောင်းပြောသွားပါတယ်။ ဗမာပြည်မှာ အဲလိုဥပဒေမရှိသေးတာလား မသိကျတာလား။ တခုခုတော့မှားနေပါဘီဗျာ။

  • etone

    August 16, 2012 at 12:07 pm

    လေးပေါက်ရေ .. အခုမှ ဒီပို့စ်ဖတ်မိလို့ …. ကော့မန့် နောက်ကျတာ … ဆောရီးပါ … ။

    သမီးသဘောကတော့ လမ်းလည်ခေါင် ဒီလိုပုံတွေ တင်တာ … အများပြည်သူ ကလေးလူကြီးမကျန်မြင်နေရတဲ့ အတွက် ၊ မဖြစ်သင့် ၊ မတင်သင့်ပါဘူး … (ဆိုင်းဘုတ်ကိုပြောတာနော် ) ။ လမ်းလည်ခေါင်ကြီးမှာ နှလုံးရောဂါရှိတဲ့ လူမပြောနဲ့ သာမန်လူတောင် ဒါမျိုးမြင်နေလျှင် … သွေးတက်သွားနိုင်ပါတယ် … ။ရှော့ရသွားနိုင်ပါတယ် … ။

    ဟိုတယောက်ဖုန်းထဲမှာ လူ့ ကလီဆာတွေ ၊ ဦးနှောက်တွေ အလုပ်နဲ့ပတ်သတ်လို့ သူ ရိုက်ထားတာ …. သမီး သွားကြည့်မိတယ်ဆိုလျှင် .. လူကပဲ အန်ချင်လာသလိုလို ၊ မူလာသလိုလိုဖြစ်တတ်တယ် … တော်တော်ကြာကြာထိ … ကြည့်ဖို့ အားမရှိခဲ့ဘူး .. နောက်ပိုင်းကျမှ ကြည့်ရင်း ယဉ်ပါးသွားတာ …. မြင်ဖူးတယ်ရှိအောင် ခဏခဏ … ဖုန်းထဲက ပုံတွေ ယူကြည့်မိတယ် … အခုတော့ ဖီလင်မရှိတော့ဘူး .. မြင်လျှင် မြင်တယ်ဆိုတာလောက်ပဲ စိတ်ထဲရှိတော့တယ် …။

    ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းဖို့ ..ဒီလိုပုံတွေပြပြီး … တားမြစ်လို့ ရတယ်ဆိုတဲ့အတွေး .. အတော်ခေတ်နောက်ပြန်ဆွဲနေသလိုပဲ … ။
    စည်းကမ်းထိန်းမယ့်လူတွေ .. အဂတိလိုက်စားမှုအရင်ပျောက်အောင် လုပ်ပြီးမှ …. နောက်တဆင့်အနေနဲ့… စည်းကမ်းထိန်းသိမ်းရေး အပိုင်းဖက် သွားလို့ရမယ်ထင်ပါတယ် …. ။ 🙄

Leave a Reply