စာနယ်ဇင်းအမြုတေကောင်စီကို အစိုးရမှ ဖွဲ့စည်းကြောင်းကြေညာ စာနယ်ဇင်းအဖွဲ့အစည်းများမှ လက်မခံနိုင်ကြ

ကို သာAugust 12, 20121min1401

နိုင်ငံတော်အစိုးရက ဩဂုတ်လ ၁ဝ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများမှတစ်ဆင့် အမိန့်ကြော်ငြာစာ (အမှတ်၊ ၆၁/၂၀၁၂)ဖြင့် မြန်မာနိုင်ငံ အမြုတေစာနယ်ဇင်းကောင်စီ ဖွဲ့စည်းကြောင်း ထုတ်ပြန်ခဲ့ပြီး အဆိုပါ အမြုတေကောင်စီအနေဖြင့် ပြန်ကြားရေးဝန် ကြီးဌာနက ပြုစုရေးဆွဲလျက်ရှိသော ပုံနှိပ်မီဒီယာဥပဒေ(မူကြမ်း)ကို လွှတ်တော်မှ အတည်ပြုပြဋ္ဌာန်းပြီးနောက် ယင်းဥပဒေနှင့်အညီ ဖွဲ့စည်းသည့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီအား တာဝန်လွှဲပြောင်းပြီးသည်အထိ တာဝန်ထမ်းဆောင်ရမည်ဟု ကြေညာခဲ့သည်။

အဆိုပါ စာနယ်ဇင်းအမြုတေကောင်စီကို လူပုဂ္ဂိုလ်(၂၀)ဦးဖြင့် ဖွဲ့စည်းထားပြီး အဖွဲ့ဝင်များသည် ပြည်သူ့ဝန်ထမ်းတစ်ဦး၏ အခွင့်အာဏာများကို ရရှိစေမည်ဖြစ်ကြောင်းနှင့် နေရာအဆောက်အအုံ၊ ရုံးဝန်ထမ်းနှင့် ရုံးသုံးပစ္စည်းများ လိုအပ်၍ တင်ပြတောင်းခံလျှင် နိုင်ငံတော်အစိုးရက ယာယီ ကူညီပေးမည်ဖြစ်ကြောင်း အဆိုပါကြေညာချက်အရ သိရှိရသည်။

ယခုကဲ့သို့ အစိုးရမှဦးဆောင်ပြီး စာနယ်ဇင်းအမြုတေကောင်စီ ဖွဲ့စည်းကြောင်း ကြေညာချက်နှင့်ပတ်သက်ပြီး စာနယ်ဇင်း မီဒီယာသမားများ၊ စာနယ်ဇင်းအဖွဲ့အစည်း အသီးသီးက လက်မခံနိုင်ကြောင်း ဝိုင်းဝန်းကန့်ကွက်ခဲ့ကြသည်ဟု သိရှိရသည်။

စာနယ်ဇင်း မီဒီယာသမားများနှင့် စာနယ်ဇင်း အဖွဲ့အစည်းအသီးသီးက ယခုဖွဲ့စည်းသည့် အဖွဲ့တွင်ပါဝင်ကြသူအချို့မှာ ယခင်အစိုးရလက်ထက်က စာပေလောကနှင့် အများပြည်သူ၏ ယုံကြည်ကိုးစားမှုမခံရသော စာပေစာနယ်ဇင်းအဖွဲ့မှ အဖွဲ့ဝင်အများစုဖြစ်ပြီး ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌမှာလည်း ဂျာနယ်လစ်များ၏ အရေးအရာများကို နားလည်သူများမဟုတ်ကြောင်း ဝေဖန်ထောက်ပြကြပါသည်။ ထို့အပြင် ပါဝင်သူအချို့မှာ စာနယ်ဇင်း ကျင့်ဝတ်နှင့်ပတ်သက်ပြီး လေးစားလိုက်နာခြင်းမရှိဘဲ ကျင့်ဝတ်ကိုဖောက်ဖျက်သော သမိုင်းကြောင်းရှိ နေသူများဖြစ်သဖြင့် စာနယ်ဇင်းအမြုတေကောင်စီ၏ အဓိကရည်ရွယ်ချက်ဖြစ်သော စာနယ်ဇင်းကျင့်ဝတ်နှင့်ဆိုင်သည့် ထိန်းကွပ်မှုကို လုပ်ဆောင်နိုင်လိမ့်မည်ဟု မယူဆနိုင်ကြောင်း ဝေဖန်သူများက ဆိုပါသည်။

နိုင်ငံတော်အစိုးရမှ အမြုတေစာနယ်ဇင်းကောင်စီ ဖွဲ့စည်းခြင်းအပေါ် စာနယ်ဇင်းအဖွဲ့အစည်းများက ကြေညာချက်များထုတ်ပြန်ခဲ့ကြပြီး မြန်မာစာနယ်ဇင်းသမဂ္ဂ
ဖြစ်မြောက်ရေးကော်မတီကအမြုတေစာနယ်ဇင်းကောင်စီ အဖွဲ့ဝင်များသည် ဥပဒေအထက်တွင် နေရာယူထားကြောင်း တွေ့ရပြီး ပြည်သူ့ဝန်ထမ်းတစ်ဦး၏
အခွင့်အာဏာများကို ရရှိစေရမည်ဆိုသောကြောင့် စာနယ်ဇင်းသမားများ၏ အခွင့်အရေးကို အကာအကွယ်ပေးရန်ဟူသော အချက်ကို ယုံကြည်ရန်ခက်ခဲနေကာ တစ်ဖက်သတ် လုပ်ပိုင်ခွင့်များကို ရယူထားသဖြင့် လွတ်လပ်စွာ ရေးသားခွင့်ကို ကာကွယ်ရေး၊ စာနယ်ဇင်းသမားများကို အကာအကွယ်ပေးရေးဟူသည့် အချက်များကို ဖော်ဆောင်ပေးမည့် အဖွဲ့အစည်းဟု မယုံကြည်ကြောင်း ကြေညာခဲ့သည်။

Ref:Eleven media