အဆိပ်

etoneJuly 6, 20101min842

ရှေးလွန်ခဲ့ပြီးသောအခါက တရုပ်ပြည်တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ကလေး ဖြစ်ပါသည်။ ဤ အဖြစ်မျိုးကို လူသားမှန်လျှင် ကြုံတွေ့ရမည့်သူချည်းဖြစ်၏။ အဘယ်ကြောင့်ဆိုသော် လူသားတို့၏ လောဘ၊ ဒေါသ၊ မောဟ၊ အတ္တ နှင့် မာနတို့ကြောင့် ဖြစ်ပါသည်။ ဤ လောဘ၊ ဒေါသ၊ ဣသာ၊ မစ္ဆရိယ တရားတို့ကား လူမျိုးမရွေး၊ ဘာသာမရွေး၊ ဆင်းရဲ ချမ်းသာမရွေး အားလုံးအတူတူချည်း ဖြစ်၏။

လီလီအမည်ရှိ မိန်းကလေးသည် အိမ်ထောင်ရက်သားကျပြီး မိဘအိမ်မှခွဲခွာကာ ယောင်နောက်ဆံထုံးပါပြီး လင်ယောက်ျားဖြစ်သူနေအိမ်သို့ လိုက်ပါခဲ့ရသည်။ ထိုအခါ ချွေးမနှင့်ယောက္ခတို့ မတည့်မြဲဖြစ်သည့် ကမ္ဘာ့ နိယာမတရားအတိုင်း လီလီနှင့် ယောက္ခမ အမကြီးမှာ တစ်ဦးနှင့်တစ်ဦး တဇောင်းကြီးနှင့်မျက်ချေး ဖြစ်လာ ခဲ့သည်။ လီလီနှင့် သူ့ယောက်ျား၏ အမေဖြစ်သူမှာ နေပုံထိုင်ပုံ နှင့် အတွေးအခေါ် တစ်ဦးနှင့်တစ်ဦး မတူ၊ ကွဲပြားခြားနားသည် ဖြစ်ရကား အမြဲတကျက်ကျက် ဖြစ်လျှက်ရှိ၏။ လီလီ့မှာ ယောက္ခမကြီး လုပ်သမျှ ဘာတစ်ခုမှ သဘောမကျနိုင်သလို ယောက္ခမဖြစ်သူကလည်း လီလီ့ကို အပြစ်မရှိ အပြစ်ရှာနေခဲ့တော့သည်။

ဤသို့ဖြင့် ရက်ကို လစား၊ လကိုနှစ်စား။ အချိန်များ တရွေ့ရွေ့ ကုန်ဆုံးလာသည်နှင့်အမျှ လီလီနှင့် ယောက္ခမကြီးတို့၏ တစ်ဦးအပေါ်တစ်ဦး အမုန်းတရားများမှာလည်း ကြီးထွားသည်ထက် ကြီးထွား လာခဲ့သည်။ ဤအခြေအနေကို ပို၍ဆိုးစေသည်မှာ တရုတ်ရိုးရာ ဓလေ့ထုံးစံအရ လီလီသည် ယောက္ခမ ဖြစ်သူကို အမြဲ ရှိခိုးဦးတိုက်နေရသည့်ပြင်၊ ယောက္ခမကြီး၏ အလိုဆန္ဒကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ လိုက်လျောနေရခြင်း ဖြစ်သည်။ ဇနီးဖြစ်သူနှင့် အမေဖြစ်သူ၏ အမုန်း၊ အာဃာတ တရားများကို ကြည့်ရင်း သနားဖွယ်ကောင်းလှသော ခင်ပွန်းဖြစ်သူမှာ နေ့စဉ်နှင့်အမျှ စိတ်မချမ်းမသာ ဖြစ်နေရလေသည်။

နောက်ဆုံးတစ်နေ့ ယောက္ခမဖြစ်သူ၏ စိတ်ပုပ်၊ စိတ်ယုတ်များကို သည်းမခံနိုင်တော့သည့်အဆုံး လီလီသည် တစ်ခုခုလုပ်ရန် ဆုံးဖြတ်လိုက်ပြီး သူ့ဖခင်၏ မိတ်ဆွေဖြစ်သူ ဦးလေးဟောင်ထံသို့ သွားရောက်ခဲ့သည်။ ဦးလေးဟောင်မှာ တရုတ်ရိုးရာ ဘယဆေးများ ရောင်းချခြင်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသူ တိုင်းရင်းဆေးဆရာကြီးတစ်ဦး ဖြစ်၏။

လီလီက ဦးလေးဟောင်သို့ ဖြစ်ကောင်းကုန်စင် နတ်သံနှော၍ ပြောပြပြီး ဤအခြေအနေဆိုးကြီးမှ လွတ်ကင်းရန်နှင့် ပြဿနာအဝဝတို့ ချုပ်ငြိမ်းစေရန် လူကိုသေစေနိုင်သော အဆိပ်အချို့ ရောင်းချပေးပါရန် တောင်းပန်ပြောဆိုသည်။

လီလီပြောသမျှ ခေါင်းတညိတ်ညိတ်နှင့် နားထောင်နေသော ဦးလေးဟောင်က အနည်းငယ် စဉ်းစားလိုက်ပြီး လီလီ့ကို စေ့စေ့ကြည့်ကာပြောသည်။

“ကိုင်း၊ ကောင်းပြီ လီလီ။ မင်းကို ငါကူညီမယ်။ ဒါပေမဲ့၊ မင်း ဦးလေးပြောစကားကို နားထောင်ရမယ်။ ဦးလေး ပြောတဲ့အတိုင်း လိုက်လုပ်ပါ့မယ် လို့ ကတိပေးရမယ်။ ဘယ့်နဲ့လဲ သဘောတူရဲ့လား။”

“ကောင်းပါပြီ ဦးလေးဟောင်၊ ဦးလေးပြောသမျှ ကျွန်မလုပ်ပါ့မယ်။”

လီလီ့ထံမှ ကတိစကားကို ကြားရသောအခါ ဦးလေးဟောင်သည် သူ၏ ဆေးများသိုလှောင်ထားရာ အခန်းငယ်ကလေးအတွင်းသို့ ဝင်သွားပြီး ခဏမျှအကြာတွင် ပြန်ထွက်လာကာ ဘယဆေးရွက်များ ထည့်ထားသော အိတ်ငယ်တစ်ခုကို လီလီသို့ လှမ်းပေးလိုက်ရင်း ပြောလိုက်သည်။

“လီလီ၊ မင်း သူ့ကို ချက်ခြင်းသတ်လိုက်လို့ မဖြစ်သေးဘူး။ အကောင်းသား အမွန်သားကြီးက ချက်ခြင်း သေသွားတယ် ဆိုရင် မင်းတို့အကြောင်းသိနေတဲ့ လူတွေက မင်းကို မသင်္ကာ ဖြစ်နေလိမ့်မယ်။ ဒီဆေးရွက် တွေကို မင်း သူ့ကို မှန်မှန်တိုက်သွားပါ။ ကာလကြာလာတာနဲ့အမျှ ဒါတွေ သူ့ခန္ဓာကိုယ်ထဲစုလာပြီး အဆိပ် တွေ ဖြစ်လာလိမ့်မယ်။

နေ့တိုင်းနေ့တိုင်း မင်း သူ့ကို အစားကောင်း အသောက်ကောင်းတွေ ချက်ပြုတ်ကျွေးမွေးပါ။ နောက်ပြီး ဒီဆေးရွက်ထဲက နည်းနည်းစီကို သူစားမဲ့အစာထဲ ထည့်ကျွေးပါ။

ပိုပြီး အရေးကြီးတာက အကယ်၍ သူသေသွားခဲ့ရင် မင်းကို လူတွေ သံသယမဖြစ်အောင် မင်း သူ့ကို ချစ်ချင်ခင်ခင် ကြင်ကြင်နာနာ ဆက်ဆံပါ။ သူနဲ့ ဘယ်သောအခါမှ ရန်မဖြစ်ပါနဲ့။ သူပြောတဲ့စကားကို နားထောင်ပြီး သူ့စိတ်ကြိုက် လိုက်လုပ်ပေးပါ။ သူ့ကို မင်း အမေနဲ့မခြား ပြုစုပေးပါ။

ငါပြောတဲ့အတိုင်းသာ မင်းလိုက်လုပ်ရင် မင်းရည်ရွယ်ချက်တွေ အောင်မြင်သွားလိမ့်မယ်။”

ဦးလေးဟောင်၏ စကားများကို ကြားရသည့်အခိုက် လီလီ့မှာ အလွန်ပျော်ရွှင်သွားကာ ဦးလေးဟောင်အား ကျေးဇူးတင်စကား ပြောကြားပြီး ဆေးထုပ်ပိုက်ကာ အိမ်သို့ အပြေးပြန်ခဲ့တော့သည်။ ထို့နောက်တွင်မူ လီလီ သည် ယောက္ခမကြီးအား လုပ်ကြံရေး အစီအစဉ်များကို မည်သူမျှ မသိအောင် တစ်ဦးထည်းကြိတ်၍ ရေးဆွဲ နေတော့သည်။

ရက်ပေါင်းများစွာ ကုန်လွန်လာခဲ့သည်။ လီလီသည် ဦးလေးဟောင် ပြောစကားများကို ပြန်လည် ကြားယောင် ရင်း သူနှင့် ယောက္ခမကြီးတို့အတွင်း လူများ သံသယမရှိစေရန် မိမိကိုယ်မိမိ အတတ်နိုင်ဆုံး ထိန်းချုပ် ထားသည်။ ယောက္ခကြီးဖြစ်သူ မည်မျှပင် ဆူဆဲနေသည် ဖြစ်ပါစေ၊ လီလီက အတတ်နိုင်ဆုံး သည်းခံကာ ပြန်မပြောမိအောင် နေခဲ့သည်။ ယောက္ခမကြီးနှစ်သက်သည့် အစားအစာများကို ချက်ပြုတ်ကျွေးမွေးသည်။ ယောက္ခမကြီးနှင့် မည်သည့်အခါမျှ ရန်မဖြစ်အောင် ကြိုးစားခဲ့သည်။ နောက်ဆုံးတစ်နေ့တွင် လီလီသည် ယောက္ခမကြီးကို မိမိ မွေးသမိခင် အရင်းအခြာနှင့်မခြား သဘောထားကာ ပြုစုလာနိုင်ပြီ ဖြစ်သည်။

ဤသို့နှင့် ခြောက်လတာမျှ ကုန်ဆုံးလွန်မြောက် လာသောအခါ လီလီတို့ အိမ်အတွင်း အရာအားလုံးမှာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ မိမိဒေါသကို မိမိ ထိန်းချုပ်လာနိုင်ပြီး စိတ်ဆိုးခြင်း၊ ရန်လိုမုန်းတီးခြင်းများ မရှိတော့ကြောင်း လီလီသည် မိမိကိုယ်မိမိ သတိပြုမိလာသည်။ ထို့ပြင် ထို ခြောက်လအတွင်း လီလီ၏ ပျော့ပြောင်း နူးညံ့လာမှုနှင့်အတူ ယောက္ခမကြီးနှင့် တရံတစ်ဆစ်မျှ ရန်သတ္တရု မပြုတော့ကြောင်း အံ့ဩစွာ တွေ့ရှိလိုက်ရသည်။

ထိုမျှသာ မကသေး။ လီလီ့အပေါ်ထားရှိသော ယောက္ခမကြီး၏ သဘောထားမှာလည်း လွန်စွာပြောင်းလဲ သွားပြီ ဖြစ်သည်။ ယခုအခါ ယောက္ခမကြီးမှာ လီလီ့ကို မိမိ၏ သမီးရင်းနှင့်မခြား ချစ်ခင်နေပြီ ဖြစ်သည်။ လူတွေ့တိုင်းလည်း လီလီကဲ့သို့ ချွေးမအလိမ္မာမျိုး သည်ကမ္ဘာပေါ်တွင် မည်သည့်နေရာတွင်မျှ ရှာရနိုင် လိမ့်မည် မဟုတ်ကြောင်း ချီးကျူးမဆုံးနိုင် ဖြစ်နေသည်။

သမီးရင်းနှင့် အမေရင်းပမာ တစ်ဦးနှင့် တစ်ဦးချစ်ကြည်နူးနေသော လီလီနှင့် မိခင်ဖြစ်သူကို ကြည့်ကာ ယောက်ျားဖြစ်သူမှာ ပျော်မဆုံး၊ မော်မဆုံး ဖြစ်နေပေတော့၏။

တစ်နေ့သော် ဦးလေးဟောင်ထံသို့ လီလီ ရောက်လာပြီး အောက်ပါအတိုင်း ပြောသည်။

“ဦးလေးဟောင်၊ ခု ကျွန်မနဲ့ ကျွန်မယောက္ခမကြီးတို့ တစ်ဦးနဲ့တစ်ဦး အမေရင်းနဲ့ သမီးရင်းပမာ အရမ်း ချစ်နေကြပြီ ဖြစ်ပါတယ်။ ဦးလေးဟောင် ပေးလိုက်တဲ့ ဆေးရွက်တွေကိုလည်း အရင်က ကျွန်မ အမေ့ကို မှန် မှန် တိုက်ခဲ့ပါတယ်။ ဒါပေမဲ့ ခုတော့ ဒါတွေ မလိုတော့ပါဘူး။ ကျွန်မအတွက်နဲ့ အမေမသေစေရဘူး ဦးလေး ဟောင်။ အဲဒီအတွက် အမေ့ကိုတိုက်ဖို့ အဆိပ်ဖြေဆေး လာတောင်းတာပါ။”

ထိုအခါ ခေါင်းကို အသာအယာညိတ်ရင်း ပြုံးလိုက်လျှက် ဦးလေးဟောင် က ပြောသည်။

“လီလီ၊ သမီး။ မင်းကို ဦးလေး ဘယ် အဆိပ်တွေ ပေးပါ့မလဲကွယ်။ ဒီအတွက်နဲ့တော့ ဘာမှ မပူလေနဲ့။ မင်းကို ပေးလိုက်တာတွေဟာ မင်းအမေ့ ကျန်းမာရေးကို အထောက်အကူ ဖြစ်စေမဲ့ ဗီတာမင် ဆေးရွက် တွေပဲကွဲ့။ တကယ်တော့ အဆိပ်က မင်းနှလုံးသားထဲမှာ ကိန်းဝပ်နေခဲ့တာ။ ဒါတွေကို ခု မင်းအမေကို ချစ်တဲ့ မေတ္တာနဲ့ ဆေးကြောလိုက်နိုင်ခဲ့ ပြီးပြီ။ မင်းတို့မိသားစု တစ်သက်လုံး ချစ်ချစ်ခင်ခင် ပျော်ပျော်ရွှင်ရွှင် နေနိုင်ကြပါစေကွယ်။ သာဓု၊ သာဓု၊ သာဓု”

မှန် ကို ကြည့်ဖူးပါသလား မိတ်ဆွေ။ သင် ပြုံးလိုက်သောအခါ မှန်ထဲမှ သင့်အရိပ်သည် သင့်ကို ပြန်ပြုံးပြပြီး သင် လက်သီးလက်မောင်း တန်းလိုက်သောခါ မှန်ထဲမှ သူကလည်း သင့်ကို လက်သီးလက်မောင်း တန်းပြလိမ့်မည် ဖြစ်ပါသည်။

“အခြားသူတစ်ယောက်ကို ချစ်မြတ်နိုးသူသည် အခြားသူ၏မေတ္တာကို ပြန်လည်ရရှိမည် မုချဖြစ်၏” ဟု တရုတ်စကားပုံ ရှိပါသည်။

နှလုံးသားထဲမှ အဆိပ်များကို သုတ်သင်နိုင်သောသူများ ဖြစ်ကြပါစေ။

2 comments

  • nature

    May 15, 2011 at 5:06 pm

    အင်မတန်ကောင်းတဲ့post လေးပါ၊ comment မရှိပဲပျောက်ကွယ်သွားရတာ ဝမ်းနည်းစရာပါ၊ ရန်ကိုရန်ခြင်းတုန့်ပြန်နေလို့ကတော့ ဘယ်တော့မှမပြီးနိုင်ပါ၊ ဒါလေးကိုဖတ်ပြီး မြန်မာနိုင်ငံရေးအခြေအနေနဲ့နှိုင်ယှဉ်မိတယ်။ မြန်မာနိုင်ငံကြီးလည်း အဲဒီလိုအေးချမ်းသွားရင်ကောင်းမှာပဲ။

  • ဆူး

    May 16, 2011 at 3:14 pm

    လူတွေရဲ့ နှလုံးသားထဲမှာ အဆိပ်တွေ အမြဲတမ်း ကိန်းအောင်းနေပါတယ်။
    တကယ်တမ်း ထုတ်ဖို့ ဆိုတာ မလွယ်ဘူး။
    အတ္တတွေ ကြီးနေလို့ မထုတ်ကြတာ။

Leave a Reply