ကျွန်တော့် ကြောင်ကလေး သေရှာပြီ

 

(ခ)

ဇာတ်လမ်းနဲ့ ဇာတ်ကွက်ဆိုတာ ရှိတယ်။ ဇာတ်လမ်းက Story။ ဇာတ်ကွက်က Plot ။ What Happen ဆိုတာ ဇာတ်လမ်း (Story)၊ How Happen ဆိုတာ ဇာတ်ကွက် (Plot) တဲ့။

ဘုရင်ကြီး နတ်ရွာစံသည်။ ဘုရင်မကြီး နတ်ရွာစံသည်။ (ဇာတ်လမ်း)

ဘုရင်ကြီး  နတ်ရွာစံပြီးနောက် ဘုရင်မကြီးလည်း ရင်ကွဲနာကျကာ နတ်ရွာစံရှာသည်။ (ဇာတ်ကွက်)

ကျွန်တော့်အိမ်မှာ ကြောင်တစ်ကောင်ရောက်နေတယ်။ ကြောင်က အဝါရောင် ဝင်းဝင်းမို့ အများခေါ်ဝေါ်သလို မိရွှေဝါလို့ ကျွန်တော်က ခေါ်လိုက်တယ်။

“မိရွှေဝါ .. မိရွှေဝါ ..”

“ညောင်” ဟု သူထူးတယ်။ မိရွှေဝါဟာ ကျွန်တော့်ကြောင်ကလေး။

 

(လ)

ကြောင်ကလေးက အမလေး။ အထီးမဟုတ်ပါ။ ကြောင်ကလေးဟာ ညောင်လို့ ထူးရမှာ သိရှာသလို၊ သူ့နာမည်ဟာ ဝတ်မှုန်ရွှေရည်မဟုတ်ကြောင်း၊ ကိတ်ဝင်းစလက်မဟုတ်ကြောင်း၊ ရှက်ကီရာ မဟုတ်ကြောင်း၊ ယုတ်စွအဆုံး မြရောင်မဟုတ်ကြောင်း သိရှာသည်။ သင်မယုံကြည်ပါက ခေါ်ကြည့်ပါ။

“ဝတ်မှုန်ရွှေရည်ရေ…” သူမထူးပါ။

“မြရောင်ရေ …” သူမထူးပါ။ အဘယ့်ကြောင့်ဆိုသော် သူအမည်မဟုတ်တာ သိ၍ ဖြစ်ပေသည်။

ဇာတ်ကွက်များ (Plot) သည် မည်သို့ မည်ပုံနှင့် မည်သည့်အတွက်ကြောင့်ကို တစ်နည်းနည်းဖြင့် လိုက်လံရှင်းပြနေရသည်။ ထို့ကြောင့် မရိုးသားပါ။ သို့သော် အကျိုးအကြောင်းပြသော ပညတ်တစ်ခုလည်းဖြစ်သဖြင့် ရိုးသားနေနိုင်ပါသည်။ ထို့ကြောင့် ဇာတ်ကွက် (Plot) သည် ရိုးသားစွာ ဟန်ဆောင်နေသော လိမ်လည်ထားသည့် ရိုးသားမှုဖြစ်ပါသည်။

မရိုးသားပါ။

 

(ဈ)

မိရွှေဝါဟာ အိမ်မြောင်တစ်ကောင်နှင့် အလုပ်ရှုပ်နေတုန်း အမေက သူစားဖို့ ငါးသွားဝယ်နေပါတယ်။ ဒါဟာ ကမာ္ဘသမိုင်းအဆက်ဆက်မှာ ရောမမြို့မီးလောင်နေတာကို တယောထိုးတဲ့ နီရိုးထက် ပိုလို အကျည်းတန်စရာဖြစ်နေခဲ့ပါတယ်။ ဟုတ်တယ်။ ခုပဲ ကြည့်လေ။ နီရိုးလို တယောမထိုးတတ်ပေမယ့် မိရွှေဝါဟာ အိမ်မြောင်ကို ဟန်ပါပါနဲ့ ခုတ်လိုက် မောင်းလိုက် ခုန်လိုက် လွှားလိုက်ဖြင့်။ ခက်ချေပြီ။

ဇာတ်လမ်း အတိုင်းမထားတတ်တဲ့ ကျွန်တော်က ဇာတ်ကွက်ကို ဖန်တီးလိုက်ပါတယ်။

“ဟဲ့ မိရွှေဝါ .. နင် က ကမျင်းနေတယ်

ဟိုမှာ အမေက နင်စားဖို့ ဈေးသွားဝယ်နေတယ်

အိမ်ကို ရှုပ်အောင် မလုပ်စမ်းနဲ့ ကြားလား”

“ညောင်”

ကျွန်တော် ဘာဆက်ပြောရမှန်းမသိတော့။ အကြောင်းမှာ သူရဲ့ ညောင်ဟာ ငြင်းဆန်တာလား၊ ထောက်ခံတာလား ကျွန်တော်မသိ၍လော။ မဟုတ်ပါ။ ဇာတ်ကွက်ကို ဖန်တီးခြင်းဟာ ဘာသာစကား နားလည်မှုနဲ့ ဆိုင်၍လော။ မဟုတ်ပါ။

အမှန်တော့ မဟုတ်ပါဟု ဆို၍ ဘယ်အရာက ဟုတ်သလဲ အဖြေစောင့်နေအောင် ကျွန်တော်က ဇာတ်ကွက်လုပ်ထားခြင်း ဖြစ်ပါတယ်။ အမှန်က အပေါ်က နှစ်ချက်က ဟုတ်ချင်လည်း ဟုတ်နေနိုင်ပါတယ်။

ဇာတ်ကွက် အတု။

 

(င)

ရိုဘင်ဟု ပစ်လိုက်တဲ့ မြားက ကောက်နေတယ်။ သူက ပစ်မှတ်ကို တစ်ဖြောင့်တည်း ပစ်လိုက်ပေမယ့်  မြားက ကွေ့သွားတယ်။ လောကဟာ ကမောက်ကမတွေနဲ့ ရယ်မောစရာ အင်တာနက် သတင်းစာ ဝတ္ထုတိုတွေ ရေးပြီး ကျွန်တော့်ကြောင်ကလေးက ညောင်လိုက်တယ်။

“ညောင်”

ဆိုးဆိုးဝါးဝါးမဟုတ်ပေမယ့် သူ့ကို ကျွန်တော် မကျေနပ်ချက်ကြီး တစ်ခုရှိတယ်။ မဟုတ်ဘူး။ သူ့ကိုတင်မဟုတ်ဘူး။ ကြောင်တွေတော်တော်များများကို မကျေနပ်တာ။ သူတို့ဟာ ရေမှာနေတဲ့ ငါးတွေကို သိပ်ကြိုက်ပြီး ငါးတွေနေတဲ့ ရေကိုကျတော့ သိပ်ကြောက်ကြတယ်။ ဒင်းတို့ကို လူတွေသာ ငါးမကျွေးရင် ငါးဆိုတာ စားဖူးမှာ မဟုတ်ဘူး။

ဇာတ်ကွက်ဟာ တဖြည်းဖြည်းနဲ့ ပုဂ္ဂလိက ဆန်လာတယ်။ မကျေနပ်တာတွေ များလာတယ်။ အားသွန်ခွန်စိုက်ခြင်းတွေ ရောလာတယ်။ အတ္တနဲ့ ပရ လုံးထွေးလာတယ်။ မူရင်း ဇာတ်လမ်းက ပျောက်လာတယ်။

ပြောချင်တာက မိရွှေဝါဟာ အခု အမေဝယ်လာတဲ့ ငါးကို စားနေတယ်။

“ညောင်”

သူ ဗိုက်ဝ သွားခဲ့ပြီ။

 

(ထ)

Plot နဲ့ Story ပြီးရင် Final Thought လာရမှာလား။ ဘယ်သူပြောတာလဲ။ ကျွန်တော်က မလာတော့ဘူး။ ဘယ်သူဘယ်ဝါက စခဲလဲတော့မသိဘူး။ ကြောင်တွေဟာ ငါးကို အားရပါးရ အရိုးပါ မကျန် စားတတ်လာကြတယ်။ ကြောင်သံသရာမှာ ငါးဟာ အမြဲ သူ့ကိုယ်သူ ငါးစာဖြစ်ရသလား။ ဒါကပဲ Final Thought ကွလို့ လူက ထအော်တယ်။ ကြောင်က ညောင် လိုက်တယ်။

မိရွှေဝါရဲ့ နောက်ထပ် ဆိုးရွားတဲ့ အကျင့်က လူကို ပွတ်သပ်ခြင်းပဲ။ ဘယ်လိုမှ မခံနိုင်အောင် ဒေါသထွက်ချိန်များရဲ့ အစက မိရွှေဝါဟာ ကျွန်တော့် ပေါင်ပေါ်တက်ထိုင်ခြင်းက စတာပဲ။ စိတ်ပျက်စရာကောင်းလောက်အောင် တအီအီနဲ့ ညောင်ပြီး ပွတ်သပ်တယ်။

မောင်းထုတ်တော့လည်း ပြန်လာတယ်။ လိုက်ရိုက်တော့လည်း ထွက်ပြေးတယ်။ ရှင်းပြတော့လည်း နားမလည်ဘူး။ မိရွှေဝါဟာ တကယ် စင်စစ် ကြောင်တစ်ကောင်ထက် မပိုတော့ဘူး။

 

(ဟ)

မိရွှေဝါကို အစ်မက ကြောင်စာကျွေးတယ်။ ကြောင်စာဆိုတာ ကြောင်တွေ စားဖို့ အာဟာရပြည့်ဖို့ ထုတ်လုပ်ထားတဲ့ အစားအစာ။ မိရွှေဝါက ကြောင်စာ စားတယ်။

မိရွှေဝါကို အဖေက အားဆေးတိုက်တယ်။ အားဆေးဆိုတာ ကြောင်ကို ကြောင်စာထက် ခွေးစာစားတတ်အောင် စီမံထားတဲ့အရာ။ မိရွှေဝါက အားဆေးသောက်ပြီး ခွေးစာစားတယ်။

မိရွှေဝါကို အမေက ငါးကျွေးတယ်။ ငါးဆိုတာ ကြောင်တွေရဲ့ တက်မက်ကြတဲ့ အစားအစာ။ မိရွှေဝါက သူသိပ်ကြိုက်တဲ့ ငါးကို စားတယ်။

ဒါက ဇာတ်လမ်းလား၊ ဇာတ်ကွက်လား။

Relative Result အနေနဲ့ အဖြစ်အပျက်ကတော့ မိရွှေဝါဟာ ကြောင်ကိုယ်လုံး မဟုတ်တော့ဘူး။ ခွေးခန္ဓာနဲ့ ညောင်နေတဲ့ ကြောင်ဖြစ်လာတယ်။ ရုပ်ကြမ်းကြီးနဲ့ နွဲ့နေတဲ့ ကြောင်တစ်ကောင်ဖြစ်လာတယ်။

ဇာတ်ကွက် (Plot) မှာ မိရွှေဝါဟာ စိတ်ပျက်စရာ Emotion ဖြစ်လာတယ်။

 

(အ)

ကျွန်တော့် မိရွှေဝါကို ဟိုဘက်အိမ် (လို့ ထင်တာပဲ) က သတ်ပစ်လိုက်ကြတယ်။ မိရွှေဝါဟာ သူတို့ သိပ်ချစ်တဲ့ ခွေးကလေးကို မျက်လုံးကန်းအောင် ကုတ်ဖဲ့ ပစ်လိုက်တယ်။ သူတို့တွေက မိရွှေဝါကို လိုက်ရိုက်ပေမယ့် မမိဘူး။

ဒီတော့ သူတို့ဟာ မိရွှေဝါကို ကြောင်စာနဲ့ မျှားတယ်။ ငါးနဲ့ မျှားတယ်။ ပြီးတော့မှ အားဆေးမဟုတ်ဘဲ သေဆေး ကျွေးလိုက်ကြတယ်။ ညင်ညင်သာသာ။

ဇာတ်လမ်းက ဇာတ်လမ်းအတိုင်းသွားပေမယ့် ဇာတ်ကွက်မှာ ပျော်သူလည်းရှိ၊ ငိုသူလည်း ရှိမယ်။

အခုတော့ …. မိရွှေဝါ …. ကျွန်တော့်ကြောင်ကလေးက သေသွားခဲ့ချေပြီ။

 

(က)

…………………………………………

………………………………………….။

 

ရင်နင့်အောင်

24 comments

  • shwe kyi

    August 14, 2012 at 3:55 pm

    သူတို့ဟာ ရေမှာနေတဲ့ ငါးတွေကို သိပ်ကြိုက်ပြီး ငါးတွေနေတဲ့ ရေကိုကျတော့ သိပ်ကြောက်ကြတယ်။ ဒင်းတို့ကို လူတွေသာ ငါးမကျွေးရင် ငါးဆိုတာ စားဖူးမှာ မဟုတ်ဘူး။

    ဒါလည်းဟုတ်တာပဲ ကျန်တာတော့မသိ။
    ကြောင်ချစ်သူမို့စိတ်မကောင်းပါ။ ကျွန်မငယ်သူငယ်ချင်းကြောင်လေးလည်းသေရှာပါပြီ။ ကြာခဲ့ပြီပေါ့ နေမကောင်းလို့သေတာပါ။
    သူ့ကိုကျွန်မသိပ်ချစ်သလို သူလည်းကျွန်မကိုချစ်သည်။ အခုတော့ သံယောဇဉ်မထားတော့။ 🙁

    • သကြားလုုံးကြော်

      August 15, 2012 at 1:53 am

      ဟုုတ်တာပဲ။ ကြောင်ပုုစွန်စားကျွတ်ကျွတ်ဝါး လိုု့သာအဆိုုရှိတာ ဘယ်လိုုရလဲဆိုုတာ မပါ။ ကြောင်ကငါးကြိုက်တာ ထက် ကြောင်စာထဲက အမဲသားတိုု့ ကြက်သားတိုု့ ကြိုက်တာပိုုရီရတယ်။ သူ့ထက်ကောင်ပိုုကြီးတဲ့ ကြက်တိုု့ နွားတိုု့ ကိုု ခုုန်အုုပ်တာ မြင်ယောင် ကြည့်။ ဟီဟိ

  • mayjuly

    August 14, 2012 at 4:11 pm

    ပြုသူအသစ် ဖြစ်သူအဟောင်း …

    ကြောင်ကလေး ကံစီမံတဲ့အတိုင်းသွားရရှာလေပြီ ..

    ဂရုဏာသက် ရုံမှ လွဲပြီး မည်သို့မျှ မတတ်နိုင်ချေ …

  • casper

    August 14, 2012 at 4:58 pm

    ကျွန်တော်လည်းကြောင်လေးတွေကိုချစ်တတ်ပါတယ်။ သတဝါတခု ကံတခုလို့ပဲမှတ်လိုက်ပါဗျာ။ စိတ်မ
    ကောင်းဖြစ်ရုံကလွဲလို့ မတတ်နိုင်ဘူးပေါ့။ သက်တမ်းကုန်လို့ အချိန်စေ့လို့သေသွားတာဆိုပြီးတရားနဲ့ပဲ
    ဖြေပါဗျာ။ ကိုယ်ချင်းစာပါတယ်။

  • P chogyi

    August 14, 2012 at 5:42 pm

    ကြောင်ကလေးဆိုလို နာမည်ပြောင်းလိုက်တဲ့
    ကြောင်ကလေးမှတ်နေတာ။

  • Wow

    August 14, 2012 at 6:29 pm

    အရေးအသားကတော့မိုက်သလားမမေးနဲ့ မလိမ္မာဘူး လူဇိုး 😛

  • etone

    August 14, 2012 at 7:16 pm

    ကြားရတာ စိတ်မကောင်းလိုက်တာနော် …. ။
    လူတွေကလည်း အရမ်းခက်တယ် …တိရစာ္ဆန်ခြင်း ဖြစ်တဲ့ကိစ္စတောင် ဘာလို့များ ဒီလောက် ရက်စက်တဲ့စိတ်ရိုင်းတွေဝင်နေရပါလိမ့် …. ။ ကြောင်နဲ့ခွေးက … လျှင်သူဆော်နေကြတာပါပဲ …. ။
    တိရစာ္ဆန်ထက် အသိဉာဏ်နိမ့်ကျသူတွေမို့ ဒီလိုလုပ်ကြတာပါ … .

  • tin ko

    August 14, 2012 at 7:22 pm

    မအိတုံဆိုတာ solargirlလားဗျ သိပါရစေနော်

    • etone

      August 15, 2012 at 12:59 pm

      မဟုတ်ပါဘူး …. တခြားဆိုက်တွေမှာလည်း etone ပါပဲ ။

  • ကြောင်လေး

    August 14, 2012 at 8:06 pm

    တော်သေးတာပေါ့ သေသွားတာ ကြောင်မလေးမို့လို့။

  • မောင်ပေ

    August 14, 2012 at 9:21 pm

    ကောင်းတယ်ဗျာ
    ဇါတ်လမ်းတစ်ပုဒ်ကို ဘယ်လိုဖွဲ ့ရတယ်ဆိုတာကို ကြောင်မလေးနဲ ့ဖွဲ ့ပြသွားတယ်လို ့မြင်မိပါတယ်
    ကျေးဇူးပါပဲ… ကိုရင်နင့်အောင်ရေ။

  • ကိုသင်း

    August 15, 2012 at 12:15 am

    ကျွန်တော်လည်း ကြောင်အရမ်းချစ်ပါတယ်
    ကျွန်တော်ကြောင်လည်း သေသွားပါပြိ ၂၄-၁၂-၂၀၁၁ နေ့ကပါ
    ကိုကိတဲ့ သူ ့အကို ကိုလိတော့ကျန်သေးတယ်
    ကြောင်စာတွေအရမ်းစားပြိး ကျောက်ကပ်ပျက်သွားတာ
    မသေခင် ၃-၄ ရက်လောက်အတော်ခံ ရသေးတယ် သနားစရာပါ
    ရန်ကုန်မြိ ု့အနှံ ဆေးရုံ ဆေးခန်းတွေ ကျွန်တော်လိုက်ပြသေးတယ်
    သက်န်းကျွန်းဘက်က ဆေးရုံဟောင်းနဲ့တွဲထားတဲ့ ဆေးခန်း
    ဆရာ၃-၄ယောက်ထိုင်တယ် လုံးဝမသွားပါနဲ့ အဲဒိမှာ ဆရာမ
    တစ်ယောက်ရှိတယ် ၃ဝကျော်လောက်ရှိမယ် အရမ်းရက်စက်တယ်
    ကျွန်တော့်သား ကိုကိ လေးကို ဘာမပြော ညာမပြောနဲ့ ဗိုက်ကိုအပ်နဲ့
    ထိုးဖေါက်လိုက်တယ် ဆိးတွေကိုပိုက်နဲ့စုတ်လိုက်တယ် ဆိးမှာသွေးပါ
    လာလို့ဆိုပြိး ဆလင်းတစ်လုံးစာပဲစုတ်တယ် ပြိးတော့ဆေးဖိုးနှစ်သောင်း
    တောင်းတယ် ငွေကုန်လို့မဟုတ်ဘူး သူလုပ်လိုက်တော့မှ ပိုဆိုးသွားတယ်
    ပြေးလွှားနေတဲ့ ကလေး လေးမထတော့ပဲ အဖျားတွေတက်လာတယ်
    နောက်တော့ ကျွန်တော် ဆရာဝန်တစ်ယောက်ကိုအိမ်ပင့်ပြိး ကုတယ်
    သူကပြောတယ် လွန်နေပြိတဲ့ ဆိးကို ဗိုက်ဖေါက်စုတ်တာ နောက်ဆုံး
    အဆင့်မှ လုပ်ရတာတဲ့ နောက်ပြိးဖေါက်တဲ့အပ် ကလည်းအပ်သွား
    ကိုပလပ်စတစ်နဲ့ ကာထားတာကို သုံးရတယ်လို့ပြောတယ် ကလေး
    ကို သူအရမ်းသနားသွားပြိး နောက်ရက်တွေ ဆေးလာထိုးပေးတော့
    ခြေကျွခ နဲ့ဆေးဖိုး ပေးတာ လုံးဝမယူတော့ဘူး ကိုကိလေးဆုံးတဲ့
    နေ့က သူရော ကျွန်တော်ရော ငိုတယ်၊ဒါမှ တစ်ကယ့် ဆရာဝန်။
    ကိုကိလေးမဆုံးခင်ည လူးလိမ့်နေတာပဲ တစ်ညလုံး ဘုရားစာတွေ
    သုတ်တော်တွေ ကျွန်တော်ရွတ်ရင်းနဲ့ ဆုတောင်းပေးခဲ့တယ်
    ဖြစ်လေရာဘဝမှာ ဒိလို အကြင်နာကင်းမဲ့တဲ့ ဆရာမ မျိုးနဲ့
    ကျွန်တော့် သားလေး ဘယ်တော့မှ မတွေ့ပါစေနဲ့ လို့ပေါ့
    “သား ကိ ကောင်းရာမွန်ရာ ရောက်ပါစေ………”

    Ps. ဆရာမ လည်း သားလေးကို ငွေရလိုမှ ုတစ်ခုတည်းနဲ့
    ရက်စက်ခဲ့ပေမဲ့ သားရဲ့ဝဋ် ပြန်မလည်ပါ စေနဲ့ဗျာ…….

    • etone

      August 15, 2012 at 1:45 pm

      ရွာထဲမှာ ကြောင်ချစ်သူတွေ .. အတော်များတာပဲနော် …. ။
      ကိုသင်းရေးတာလေးဖတ်ပြီး ..ဘယ်လောက်စိတ်မကောင်းဖြစ်လိမ့်မလဲဆိုတာ .. တွေးကြည့်ရုံနဲ့ ခံစားလို့ ရပါတယ် ….။
      ကျွန်မမှာ ကြောင်ဆယ့်နှစ်ကောင်ထိ ရှိခဲ့ဖူးတယ် … နေမကောင်းဖြစ်တိုင်း သူတို့ကိုဆေးခန်းပြပေးရတာကြောင့် ဆေးခန်းကလူတွေတောင် မှတ်မိနေတဲ့အဖြစ်ပါ ။ကောင်းကောင်းမွန်မွန်ထားပါလျှက် … ကြောင်တစ်ကောင်သေတိုင်း ငိုလိုက်ရတာ တအိအိနဲ့ …. ။
      နောက်ပိုင်းကြတော့ …. သိပ်မခံစားနိုင်တော့ဘူး ။ သေတဲ့ကြောင်က ဘာမှ မသိတော့ပေမယ့် .. ကျန်ခဲ့တဲ့ လူက … တစ်ရက်လည်းမဟုတ် ၊ နှစ်ရက်လည်းမဟုတ် … ကြောင်ပုံစံတူ ၊ အသွေးရောင်တူတွေ့တိုင်း သတိရနေတဲ့စိတ်တွေထိန်းမရလို့ … အရမ်းကို ပူလောင်ခဲ့ဖူးတယ် … ။ ဆယ်ရက်သားလောက်ကြောင်ပေါက်လေးကို ခေါင်းတက်နင်းမိလို့ … ကြောင်လေးမသေပေမယ့် ဂေါက်သွားတဲ့အခါ … သူ့ရဲ့ ဝေယျာဝစ္စတွေကို ကျောင်းမတက်ပဲ လုပ်ပေးခဲ့ဖူးတယ် … ။ အဲ့ကောင်လေး … တနှစ်ကျော်လောက်အထိ အသက်ရှင်သွားခဲ့တယ် … အဲ့တလျှောက်လုံး … အသက်သာရှင်တယ် … ကိုယ့်ဘာသာကိုယ်ကြောင်မှန်းမသိဘူး … အနံ ့ရလျှင်စားတတ်တယ် … ရေသောက်တတ်တယ် ဒါပဲသိတယ် .. ကျန်တာ .. ဘာမှ မလုပ်တတ်ဘူး.. ခုန်လည်း မခုန်သလို ၊ သူ့အန္တရာယ်ကိုလည်း မသိဘူး …. အညစ်ကြေးကိုလည်း … တွေ့ကရာနေရာ လုပ်ချသွားတာပဲ … ။ ချစ်တော့လည်း အပြစ်မမြင်ခဲ့ပါဘူး … တအိမ်သားလုံး ကြုံသလို … သန့် ရှင်းရေး လုပ်ကြရပါတယ် ။ ကံကောင်းစွာနဲ့ … သူ့နာမည်ခေါ်တဲ့ ကျွန်မအသံကိုတော့…. မှတ်မိနေခဲ့တယ် … ။ ဘယ်အချိန်ပြန်တွေးတွေး …သတိရနေတုန်းပဲ ကိုယ့်ပယောဂကြောင့် … သူကြောင်စဉ်မမှီဖြစ်ရတယ်ဆိုပြီးပေါ့ … ။

      ကြောင်မျိုးဆက်ပြတ်လို့ …သံယောဇဉ်မထားချင်တာကြောင့် ကြောင်မမွေးတော့ပါဘူးဆိုမှ … ဘေးအိမ်က ကြောင်လေး တစ်ကောင် … အိမ်ထဲဝင်လာပြီး မပြန်တော့ပဲ သောင်တင်နေတာ .. အခုဆို နှစ်နှစ်ကျော်ပြီ … ။အကောင်လေးက သိပ်မကြီးပေမယ့် … ကြောင်တွေနဲ့ အပြင်ထွက်ပြီး ရန်သွားသွားဖြစ်တယ် … ဖြစ်တိုင်း သူပဲ ဂျိုကျိုး နားရွက်ပဲ့ခံလာရတဲ့ ….ကြောင်ဖိုက်တာလေးပေါ့ ။ခဏခဏဆေးခန်းပြပေးရတယ် … ရန်ဖြစ်လာပြီးလျှင် ။ ကြောင်ဖြစ်ပြီး .. တခြားကြောင်တွေမစားတဲ့ အသီးရွက်နဲ့ ရေခဲမုန့်၊မျှစ် ၊ ပဲ အကုန်စားသလို …. အရမ်းဉာဏ်ကောင်းပြီးလည်တဲ့သူ့ကိုလည်း .. အခုဆို အတော် သံယောဇဉ်ဖြစ်နေပါပြီ ……. ။ အဲ့ဒီသံယောဇဉ်နဲ့ထက်ပိုတဲ့ … ဝမ်းနည်းစရာခံစားမှုမျိုး .. တနေ့နေ့ .. ခံစားရဦးမယ် …… ဟူးးးးးးးးး စိတ်မောတယ် 🙄

      ကြောင်လေးတွေကို .. အိမ်နားက ဆေးခန်း တကာ စုံစေ့အောင် လိုက်ပြဖူးပါတယ် .. ဒါပေမယ့် … တခြားဆေးခန်းတွေနဲ့သိပ်ပြီး ကီးမကိုက်လှဘူး …. ။ ပြပြီး ကြောင်က … တရက်ဆို သေတာပဲ … ။ ဒါနဲ့ …စမ်းချောင်း ၊ မြင့်မိုရ်လမ်းက ၊ မင်း ဆိုတဲ့ ဆေးခန်းကတော့ …. ကျွန်မကြောင်တွေနဲ့ …. အဆင်ပြေခဲ့တာကြောင့် … နောက်ပိုင်း အဲ့ဒီကိုပဲ သွားပြဖြစ်တယ် ။ ဟိုးအရင်က ကြောင်တစ်ခါပြလျှင် ခုနှစ်ရာ ခေတ်က စပြီး … အခု အောက်ထစ် ၊ သုံးထောင် ၊ ငါးထောင်အထိ …. သူတို့ဆေးခန်းမှာ ပြတုန်းပါပဲ ။ အတွေ့ကြုံရင့်တဲ့ ဆရာမကြီးကတလှည့် ၊ သူ့သားဆရာဝန်က တလှည့် …. ကုပေးကြတယ် ။

      အခုကိုသင်းရဲ့ ကြောင်လေးက … ဗိုက်ဖောက်တယ်ဆိုတော့ … ရေဗြင်းဆွဲတာများလား … ။ ကြောင်တွေ အခုနောက်ပိုင်း … ရေဗြင်းဆွဲလို့ … ဗိုက်သွားဖောက်ရတယ်ဆိုတဲ့ သတင်းချည်းပဲ ကြားနေရလို့ပါ … ကြောင်စာတွေရဲ့ side effect လို့လည်း ပြောကြတယ် (ဟုတ်မဟုတ်မသိ) ။
      ဗိုက်ဖောက်တာက နောက်ဆုံး အဆင့်ပါ … ။ အဲ့ဒဏ်ကြောင့်မခံနိုင်ပဲ သေကြတာ များတယ် …… ။ 🙁

  • သကြားလုုံးကြော်

    August 15, 2012 at 1:50 am

    ကြောင်လေးသေသွားတာကြားရတာစိတ်မကောင်းပါဘူး။ သူ့ဘာသူသေသွားတာထက်သူများ သတ်တာဆိုုတော့ ပိုုမကျေချမ်းစရာပါပဲ။

    ဒါနဲ့ “ဘယ်လိုမှ မခံနိုင်အောင် ဒေါသထွက်ချိန်များရဲ့ အစက မိရွှေဝါဟာ ကျွန်တော့် ပေါင်ပေါ်တက်ထိုင်ခြင်းက စတာပဲ။” ပေါင်ပေါ်ထိုုင်တာမကြိုက်တဲ့သူဆိုုလိုု့ အခုုမှတွေ့ဖူးတယ်။ ကြောင်မုုန်းတဲ့ အဖေတောင် ကျမ ကြောင်လေးသူ့ပေါင်ပေါ်ထိုုင်ရင် အသည်းတွေအရည်ပျော်လိုု့။ ကြောင်တိုုင်းပေါင်ပေါ်မထိုုင်ချင်ကြပါဘူး။ ပေါင်ပေါ်ထိုုင်ချင်တဲ့ကြောင်လိုုချင်တဲ့သူတွေကတောင် ရအောင်ရှာကြရတယ်။

  • ကြောင်ကြီး

    August 15, 2012 at 8:27 am

    ကြောင်ရွှေဝါ
    ယောင်ပေစွာ
    တောင်မြေမှာ
    ဗျောင်သေရှာ
    ခေါင်ရည်ဆာ
    နောင်ဆွေလာ
    မောင်ပေဟာ
    ပေါင်ရှည်သဗျာ..။

  • ရင် နင့် အောင်

    August 15, 2012 at 1:54 pm

    ကြောင်နောက်ကို လိုက်ခြင်းဟာ ဇာတ်ကွက် Plot ကို ဦးတည်သူတွေ ဖြစ်တယ်။

    ကြောင်မဟုတ်ဘဲ ခွေးဆိုရင် ခွေးချစ်သူတွေက ဦးဆောင်ပြီး Plot ကို ဖန်တီးကြလိမ့်မယ်။

    ကြောင်တစ်ကောင်ရဲ့ သေဆုံးခြင်းဟာ လူတစ်ယောက်ဆီဘယ်လို ရိုက်ခတ်တယ်လို့ ကျွန်တော် မပြခဲ့ပေမယ့်

    စာဖတ်သူဟာ သူ့ Emotion တစ်ခုအတွက် Plot ကို ဖန်တီးဖို့ အဆင်သင့် ရှိနေကြတယ်။

    ပုဂ္ဂလိက ခံစားမှုကို ထည့်သွင်းခြင်း (အတ္တပါဒ) တွေကို (င) ဆိုတဲ့ အပိုဒ်မှာ ကျွန်တော် ထည့်သွင်း ဖေါ်ပြခဲ့တယ်။

    တစ်ခုခုကို Event အတိုင်းထားလိုက်ရင် Story သက်သက်ဖြစ်ပေမယ့် ခံစားမှုတွေထည့်လိုက်တော့ ရသဆိုတာ ဖြစ်ပေါ်လာတယ်။

    ဒါပေမယ့် မထည့်ရင်တောင် ရသဆိုတာ စာဖတ်သူက Plot ကို ဖန်တီးပြီး ရသကို သူတို့ကိုယ်တိုင် ရယူနိုင်တယ်ဆိုတာ

    သက်သေပြချင်တဲ့ အက်ဆေးတစ်ပုဒ်လို့ ပြောချင်ရုံပါပဲ။ အစ်ကို၊ အစ်မ၊ မိတ်ဆွေ ရောင်းရင်းတို့ ကျန်းမာ ချမ်းသာ ကြစေသား။

    • ရဲစည်

      August 15, 2012 at 4:31 pm

      လေးစားပါတယ် အာစိ
      ခုလို ချပြပေးသွားတာ
      တခါတလေ လမ်းကြောင်းတခုတည်းနဲ့ စာဖတ်တဲ့ အမြင်ကို
      မျှတအောင် ပြောပြပေးလို့ ကျေးကျေးပါ ………………….
      ရသ မပါတာ
      ရသ မမြောက်တာထက်
      ရသကို ကိုယ်တိုင်ဖန်တီး တည်ဆောက်ခွင့်
      ခံစားမှုမြောက်အောင် ဆွဲဆောင်ခွင့်လေးတွေ ရစေလို့
      ဗရာဘိုပါဗျို့ ….

    • MaMa

      August 16, 2012 at 7:27 am

      မန့်ပြီးသွားပြီ။
      ခုမှ ပြန်ဖတ်ကြည့်ပြီး မတွေ့တာနဲ့ ထပ်မန့်လိုက်တာ။
      (မူရင်းဖီလင်တော့ မရတော့) 🙁

      ထင်တော့ ထင်ပါတယ်။
      စာရေးသူရဲ့ ဆိုလိုရင်းက တခုခုကို ဝှက်ပြီး ပေးထားသလိုပဲ။
      သိသလိုလို….
      မသိသလိုလို….

      စာအဆုံးမှာ စာရေးသူနာမည် ရင်နင့်အောင် လို့ ဖတ်လိုက်ရတော့… စာကို အနှစ်ချုပ်ပေးလိုက်သလို ခံစားမိတယ်။
      တကယ် ရင်နင့်စရာပါပဲ။

      _________________________
      I added cool smileys to this message… if you don’t see them go to: http://s.exps.me

  • Shwe Ei

    August 15, 2012 at 2:03 pm

    ကျမကြောင်လဲ ခလေး အထီးလေးတွေ လေးကောင်တောင်မွေးတာ။ ပြီးခဲ့တဲ့ တပတ်က အားပြတ်လို့ဆိုလား လမ်းတောင်သိပ်မလျှောက်တော့တာနဲ့ ဆရာဝန်ပြလိုက်တာ တရက်ပဲခံတယ် သေရှာဘီဗျာ။ ကြောင်ဆရာဝန်တွေ ဘဲသိပ်မသိတာလား ကြောင်တွေကိုက အထိမခံရွှေပန်းကန် ဖြစ်နေတာလား မတွေးတတ်တော့ဝူး။

  • Nga Ba

    August 15, 2012 at 3:27 pm

    အခုခေတ်ကြောင်စာတွေမှာ ပါတဲ့ ဓါတုပစ္စည်းတွေကို ကြောင်ရဲ့ ကျောက်ကပ်နဲ့ အသဲက မခြေဖျက်နိုင်ကြဘူး။ တူနာငါးထက် ပင်လယ်စာနဲ့ လုပ်တဲ့ ကြောင်စာက ပိုပြီးရောဂါဖြစ်စေတယ်လို့ ကြားဖူးတယ်။ လူတွေရဲ့ အသိပညာနည်းမှု၊ အကြင်နာမဲ့မှုနဲ့ ဝိသမလောဘတွေက အပြစ်မဲ့တဲ့ သတ္တဝါလေးတွေအပေါ်ထိ သက်ရောက်နေပါပြီ။ အင်စတန့်ကြောင်စာတွေကြွေးရင် အစာခွက်ဘေးနားမှာ ရေခွက်ကို အချိန်မရွေး များများသောက်နိုင်အောင် ဖြည့်ပေးထားသင့်ပါတယ်။ ရေသောက်နည်းတာနဲ့ အသဲနဲ့ကျောက်ကပ်ကို ပျက်စီးစေတာပါပဲ။
    စောင်းပါးရှင်ရဲ့ ပေးချင်တဲ့မက်ဆေ့ချ်ကို ရပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။ ဒါပေမယ့် ကြောင့်ချစ်တတ်တဲ့လူမို့ ကြောင်တွေဆီကိုပဲ ဦးတည်လို့ ကွန်မန့်ပေးဖြစ်သွားတယ်..

    • etone

      August 16, 2012 at 10:54 am

      ပတ်ဝန်းကျင်လည်း မညစ်ပတ်ပဲ လွယ်လွယ်လည်း ကျွေးလို့ ရတဲ့ ကြောင်စာကို … အိမ်ကကြောင်က … လူတွေ ့တိုင်းတောင်းစားနေပေမယ့် .. ရေတော့သိပ်မသောက်ဘူး ။ ဒါနဲ ့ပဲ သူ့ကို … ညဘက်တွေမှာ သတိထားပြီး နွားနို့တိုက်ပေးပါတယ် …. ။

  • အရီးခင်လတ်

    August 15, 2012 at 8:10 pm

    စာပုဒ် တွေမှာ အက္ခရာ ကို အစဉ်လိုက် တပ် မထားတာက ရော ဝှက်ဖဲ တစ်ချပ်လား။
    စိတ်ဝင်စားစရာ အဖွဲ့လေးပါဘဲ။ 🙂

    • ရင် နင့် အောင်

      August 16, 2012 at 10:54 am

      plot ကို ငြင်းဆန်ခြင်းပဲ။ အစဉ်လိုက်ရေးလိုက်ရင် သမရိုးကျ ပြန်ဖြစ်သွားမှာစိုးလို့။ း)) တခြား ဝှက်ဖဲတော့ မရှိပါဘူး။

Leave a Reply