အန္ဒိယစာပေသမိုင်း ဗုဒ္ဓစာပေကဏ္ဍ (ကောက်နုတ်တင်ပြခြင်း အပိုင်း ၃)
ရဟန်းတော်များအတွက် ပညတ်ထားသမျှ သိက္ခာပုဒ်ပေါင်း အမြောက်အများသည် ဘုရားရှင်လက်ထက်တော် မတိုင်မီအခြားဘာသာအယူဝါဒကွဲပြားသော ရဟန်း(တိတ္ထိများ) အတွင်း လူကြိုက်များ၍ တွင်ကျယ်နေပြီးသာ ဖြစ်နေသည်ကိုလည်း တွေ့ရမည်ဖြစ်၏။
သို့ရာတွင် ဝိနည်းသိက္ခာပုဒ်အားလုံး ကျင့်ဝတ်အားလုံးကို ဘုရားရှင် ကိုယ်တော် တိုင်သာ ပညတ်တော်မူခဲ့သည်ဟု ဆို၏။ သုတ္တဝိဘင်္ဂနှင့် ခန္ဓကတို့ရှိ သိက္ခာပုဒ် ကျင့်ဝတ် အားလုံးတို့ကို မည်သည့်အခါ မည်သည့်အကြောင်းကြောင့် ဘုရားရှင် ပညတ်တော် မူခဲ့ကြောင်း မှတ်တမ်းတင် ဝတ္ထုကြောင်းများဖြင့် နိဒါန်းပျိုးထား၍ အထက်ပါအချက်ကို ခိုင်လုံ စေပြန်သည်။
ရေးသားပုံရေးသားဟန်နှင့် ပတ်သက်၍ ခန္ဓကတွင်ပါသော ဝတ္ထုကြောင်းများသည် သုတ္တဝိဘင်္ဂတွင်ပါသော ဝတ္ထုကြောင်းများနှင့် များစွာတူညီနေရကား ခန္ဓကရော သုတ္တဝိဘင်္ဂပါ တချိန်တည်း မရှေးမနှောင်းတွင်ပင် ဖြစ်ကြောင်း မှတ်ယူရပေမည်။
ဝတ္ထုကြောင်း အဖြစ်အပျက် အနည်းငယ်တွင်သာ တကယ့်အဖြစ်အပျက်မှန်ကို ရည်ညွှန်းမှု ဖြစ်နိုင်စရာရှိ၍ ဝတ္ထုကြောင်း အမြောက်အများတို့တွင် တီထွင်တည့်သွင်းမှုများသာ ဖြစ်စရာရှိ၏။ (စာမျက်နှာ – ၅၅)
ဤ ဇီဝက ဝတ္ထုကဲ့သို့သော ဟာသဝတ္ထုကြောင်းကလေးများကတော့ ဤတစ်ခုတည်း သာမဟုတ်ချေ။ ဤသည်ကို ထောက်သဖြင့် ဝိနယ ပိဋကတ်ကို စီမံရေးသားသူများ သို့မဟုတ် စုဆောင်းပြုစုသူများသည် တစ်ခါတစ်ရံ ပျင်းရိငြီးငွေ့လာ၍ ပညတ်တော်များ၊ သိက္ခာပုဒ်များ အကြားတွင် အပျင်းပြေဖတ်စရာ ဝတ္ထုတိုများညှပ်၍ညှပ်၍ ထည့်ထားသည်ကို သိသာလှချေသည်။ (စာမျက်နှာ – ၆၄)
နောက်စာမျက်နှာအချို့မှ ဆက်လက်ကောက်နုတ်တင်ပြပါဦးအံ့။