သူတို့ပြောတဲ့ စာရိတ္တဆိုတာ ဘာနဲ့တိုင်းတာသလဲ ?
အကျင့်စာရိတ္တဆိုတာကို
ဘာနဲ့သတ်မှတ်တတ်ကြတာလဲ?
ရာထူး၊ ငွေ၊ ပညာ၊ ရုပ်ရည် ရူပကာ အသိုင်းအဝိုင်း
ဆိုတဲ့ များပြားတဲ့ ခေါင်းစဉ်တွေထဲက ဘယ်အရာနဲ့များ
သတ်မှတ်ကြတာလဲတော့မသိဘူး
ရာထူးရှိရင် စာရိတ္တဆိုတာ
သူ့အလိုလို ကောင်းမွန်နေတယ်တဲ့လား
ငွေရှိရင် စာရိတ္တဆိုတာ
သူ့အလိုလို ကောင်းမွန်နေတယ်တဲ့လား
ရာထူးနဲ့ ငွေရှိနေရင် စာရိတ္တဆိုတာ
ပြည့်စုံကောင်းမွန်နေကြတယ်လို့ဘဲ
တစ်ဖက်သတ် မြင်ပစ်လိုက်ကြတာလား
ဒီလိုဆိုရင်
ဆင်းရဲချို့တဲ့လို့ သူတစ်ပါးကို
လိုက်တောင်းပြီး မရှက်မကြောက်နဲ့
အရှက်တရားကို ဘေးထားပြီး ဝမ်းရေးအတွက်
ဖြေရှင်းနေရတဲ့ သူတွေမှာရော ကိုယ်ကျင့်တရားဆိုတာ
မရှိတော့ဘူးတဲ့လား
ဒါဆို ကျွန်တော်တို့ အစဉ်အလာအရ လက်ခံထားတဲ့
အကျင့်စာရိတ္တဆိုတဲ့ သတ်မှတ်ချက်ထဲမှာ
ချွတ်ယွင်းချက်တွေဟာ အများကြီးကျန်နေသေးတယ်
ကျွန်တော်နားလည်ထားတဲ့
ကိုယ်ကျင့်တရားမှာ
ဆင်းရဲ ချမ်းသာ မရွေးဘူး။
အယုတ် အမြတ် အလပ် မရွေးဘူး။
လူတစ်ယောက်ရဲ့ တန်ဖိုးဆိုတာ
သူ့ရဲ့ လုပ်ဆောင်ချက်ပေါ်မှာဘဲ ဆုံးဖြတ်အကဲခတ်ကြည့်ပြီးမှ
သူ့ရဲ့တန်ဖိုးကို သိနိုင်တယ်လို့ ဖတ်ရှုမှတ်သားဖူးခဲ့တယ်။
သူ့တန်ဖိုးနဲ့သူ
သူ့အသိုင်းအဝိုင်းနဲ့သူ
လူတိုင်းမှာ ကိုယ်နဲ့တန်တဲ့ တန်ဖိုးတော့ ရှိကြတာဘဲ။
ဒါပေမယ့်
လူလူချင်း နှိမ့်ချပြီး ခွဲခြားပြီးဆက်ဆံတဲ့
စကားလုံးတွေ ကြားနေရတာ
ဝမ်းနည်းစရာ အကောင်းဆုံးဘဲ။
ဦးသိန်းဗိုလ်
14 comments
etone
August 16, 2012 at 11:52 am
ဦး ဗိုလ်သိန်းရေးတဲ့ ပို့စ်လေးကို …ကော့မန့်ရေးဖို့အတွက် ၊ နှစ်ခါ သုံးခါ ပြန်ဖတ်ခဲ့ရပါတယ် ။
တခြားလူတွေတော့ အကျင့်စာရိတ္တဆိုတဲ့ အရာကို ဘာနဲ့ တိုင်းတာသလဲ မသိပေမယ့် …… ကျွန်မလက်ခံ ထားတဲ့ အကျင့် စာရိတ္တရဲ ့စံဆိုတာကတော့ ရိုးရိုးရှင်းရှင်းပဲ သတ်မှတ်ထားပါတယ် … အဲ့ဒါကတော့ စိတ်ဓါတ်မှန်ကန်ခြင်း နဲ့ သီလမြဲခြင်းတွေပါပဲ …. ။
လူတစ်ယောက်ဘယ်လောက်ကြီးပဲ အခြေနေကောင်းလို့ …. ပြန်လန်နေအောင် ချမ်းသာစေဦး မွေးရာပါ စိတ်ဓါတ်အခြေခံမကောင်းလျှင် စိတ်ဓါတ်လည်း မှန်မှာမဟုတ်သလို ၊ ကိုယ့်ကျင့်သီလဆိုတာလည်း ရှိမယ် မထင်ပါဘူး … ဂုဏ်အရှိန်ဝါနဲ့ ကျော်ကြားပါစေဦးတော့ … အကျင့်စာရိတ္တကောင်းချင်မှ ကောင်းမယ် …. ။ ဒီလိုပါပဲ … လူဆင်းရဲမျက်နှာမွဲဖြစ်စေဦးတော့ …. အပေါ်က အချက်နှစ်ချက်ရှိနေလျှင်ပဲ …. အကျင့်စာရိတ္တကောင်းတဲ့ လူလို့ သတ်မှတ်မိမှာပါ … ။ လူတစ်ကိုယ်စိတ်တမျိုးပါပဲ …. လက်ခံထားတဲ့ အယူဆခြင်းမတူနိုင်တာကြောင့် .. လွတ်လပ်စွာ ကွဲလွဲနိုင်ပါတယ်နော် … ။ 🙂
Khaing Khaing
August 16, 2012 at 11:57 am
နံမည်က ဦးဗိုလ်သိန်း …… ပို့စ်ရဲ့အဆုံးသတ်မှာ ဦးသိန်းဗိုလ်လို့ရေးထားတာတွေ့ရပါတယ် …… ဒါဆို ဦးဗိုလ်လို့ ခေါ်လိုက်ပါမယ် ……. လူတစ်ယောက်ရဲ့ စာရိတ္တဆိုတာ ငွေကြေးချမ်းသာတာ ဂုဏ်ဓနရှိတာ ပညာတတ်တာ ရာထူးရှိတာ ဒါတွေနဲ့တိုင်းတာလို့လုံးဝမရပါဘူး …… ရာထူးဂုဏ်ဓန ငွေကြေးချမ်းသာ ပညာတတ်နေတဲ့သူတွေ စာရိတ္တပျက်ပြားနေတာတွေ အများအပြားတွေ့ရတတ်ပါတယ် … အာဂတိလိုက်စားမှုဆိုတာ မရှိတောင်းစားတဲ့သူတွေမှာရှိတာထက် ရာထူးဂုဏ်ဓနမြင့်မြင့်ရထားတဲ့သူတွေ ဆီမှာသာ ဖြစ်ပျက်လေ့ရှိလို့ တားမြစ်အရေးယူမှုတွေလုပ်ခဲ့ဖူးတဲ့ သာဓကတွေရှိပါတယ် …. ဘယ်အချက်ဘယ်လိုဆိုတာကိုတော့ မထောက်ပြတော့ပါဘူး …… အာဂတိလိုက်စားတာ အကျင့်စာရိတ္တ ပျက်ပြားတာနဲ့အတူတူပါပဲ …. သူများပစ္စည်းခိုးမှရယ်မဟုတ်ပါဘူး …. ကိုယ်လုပ်သင့်လိုက်ထိုက်တဲ့ကိစ္စကို မလုပ်ပေးပဲ တင်းခံပြီး သူများဆီက လာဘ်ထိုးမှ ပြုံးပြုံးရွှင်ရွှင် အကြည်တသာလုပ်ပေးတာ စာရိတ္တမကောင်း တာနဲ့အတူတူပါပဲ …… ကျွန်မကြားဖူးတဲ့ကိစ္စလေးပြောပြချင်ပါတယ် …. ဟိုးလွန်ခဲ့တဲ့ ၈ နှစ်လောက်ကပါ … ကျွန်ကအစိုးရဝန်ထမ်းအလုပ်လုပ်နေစဉ်ကပေ့ါ …. အစိုးရဌာနကမှာလုပ်တာက ဌာနတစ်ခုကနေ တစ်ခုပြောင်းလို့လွယ်တယ် … ကျွန်မလုပ်တဲ့ဌာနက တက်လမ်းသိပ်မရှိဘူး ….. ဒါနဲ့အသိတစ်ယောက်က ပြောတယ် ကယ်ဆယ်ရေးနဲ့နေရာချထားရေးဆိုလားပဲ အလုပ်ပေါ်တယ် အဲဒီမှာ ဝင်လျှောက်ပါလားတဲ့ သူပြောတာ ကျွန်မသိပ်မရှင်းဘူး …. သူကထပ်ရှင်းပြတာက အဲဒီမှာ ဒုက္ခရောက်တဲ့လူတွေကို လှူတဲ့ပစ္စည်းတွေရတယ်တဲ့ အဲဒါတွေက အောက်စိုက်ရှာလို့ရတယ်တဲ့ ထောတယ် …. သူများတွေလှူတဲ့ ဟာ ကိုယ်ကစာရင်းကိုင်ရတာ ကိုယ်ပေးသလောက်သူတို့ရမှာ ခေါင်ထည်တွေကို ကိုယ်ကယူ မိုက်တယ် ညီမလေး အဲဒီနေရာမှာသာရရင်တော့ထောပဲတဲ့လေ …. သူသာအဲဒီနေရာကို ပြောင်းရရင် သိပ်ကောင်းမှာတဲ့ သူကတော့ စက်မှု (1) နားက ပြည်ထဲရေးရုံးမှာလုပ်နေတာလေ … သူ့ဌာနက ပုံမှန်ဝင်ငွေကလွဲပြီး ဘာမှထပ်မရတဲ့ ဌာနပေ့ါ …… ကျွန်မလေ စိတ်ထဲခေါင်းထဲနားထဲမှာ ယနေ့အထိအဲဒီ စကားက စွဲနေတယ် …. ဒီလိုအလုပ်မျိုးနဲ့လည်း ကျွန်မဘဝကိုအဆင်မပြေချင်ဘူး … ဒါဟာ အကျင့်စာရိတ္တပျက်ယွင်းတာ ခိုးတာနဲ့အတူတူပဲလို့ခံယူချက်နဲ့ အဲဒီအလုပ်ဘက်ကို ခြေဦးတောင်မလှည့်ဖြစ်ဘူး …..
နောက်တစ်ခု ချမ်းသာတဲ့လူတွေကို အကျင့်စာရိတ္တ ကောင်းကောင်းမကောင်းကောင်း လူတွေက အရောတဝင်ဆက်ဆံနေတာ အဲဒါတွေတွေ့ရင် ကျွန်မစိတ်ထဲကလိကလိနဲ့ ကျွန်မကတော့ မကောင်းတဲ့လူကို ဘယ်လောက်ပဲ ချမ်းသာချမ်းသာ အရောဝင်ဆက်ဆံတာကို မလုပ်ချင်ဘူး ….. မကောင်းတတ်လို့ မလွှဲသာလို့သာစကားပြောမိမယ် …. အလကားနေ ဖော်ရွှေနှုတ်ဆက်တာကိုတော့ မလုပ်ချင်ဘူး …. ဒါဟာဟန်ဆောင်လောကွပ်လုပ်တာလို့ယူဆမိတယ် ……..
မောင်ပေ
August 16, 2012 at 12:03 pm
မြန်မာ ဗုဒ္ဓဘာသာဝင်တွေအတွက်တော့ ငါးပါးသီလ ဟာ အသက်သွေးကြောပါပဲ
ယနေ့ခေတ်မှာတော့ ပညာတတ် ပညာရှင်ဆိုသူများဟာ ကိုယ့်မူနဲ့ကိုယ် သတ်မှတ်နေထိုင်ပြုမူကြပါတယ်
etone
August 16, 2012 at 12:56 pm
ချစ်ကိုကြီး ကပေ ဘယာကြော်ပါဗျို့ ……… ။ 😀
P chogyi
August 16, 2012 at 1:47 pm
အကျင့်စာရိတကို ကိုယ်ဘာသာပဲတိုင်းတာရမှာပါ။
ဆင်းရဲ၊ ချမ်းသာ နဲ့ မဆိုင်ဘူးဆိုပေမဲ့။
ပြည့်စုံခြင်း မပြည်စုံခြင်း နဲ့တော့ ပတ်သက်နေပါတယ်။
ချမ်းသာတယ်ဆိုပေမဲ့ ကိုယ်လောဘကိုယ်မထိန်းနိုင်လို့ အလိုမပြည့်ရင်လဲ စာရိတပျက်မှာပဲ။
ရာထူး၊ ဂုဏ်ဓနလည်း ထိုနည်းလည်းကောင်းပါပဲ။
ကျွန်တော်ငယ်စဉ်က မိဘတွေ အေလာမြို့မှာ စက်ရုံဆောက်တော့ ဂျပန်အင်ဂျင်နီယာတွေနဲ့ပေါင်းလုပ်ရ
တာတွေ့ဖူးတယ်။ ဂျပန်လူမျိုးတွေက မြန်မာဝန်ထမ်းအားလုံးကို အရမ်းအထင်သေးတယ်။
သူတို့က သူတို့အတွက်ရတဲ့ လစာနဲ့အခွင့်အရေးကလွဲပြီး ဘာမှမယူဘူး။
မြန်မာဝန်ထမ်းတွေက ရတာအကုန်ယူတယ်။
etone
August 16, 2012 at 2:38 pm
ကိုချိုကြီးရယ် … မြန်မာဝန်ထမ်းတွေ ရတာ အကုန်ယူတယ်ဆိုတာကလည်း .. လောဘဇောထက် … ခတ်စနစ်ရဲ့ ရိုက်ခတ်မှုကြောင့် လည်းပါတာပေါ့နော် …. ။ ဝန်ထမ်းတွေရဲ့ တရားဝင် လစာ (အရာရှိ)တစ်ဦးဆိုဦးတော့ … ကုမ္ပဏီက သုံးနှစ်လောက်လုပ်သက်ဝန်ထမ်းတစ်ယောက်ရဲ့ လစာလောက်နဲ့ တပြေးညီနေတော့ ….. ခြစားတဲ့ ကိစ္စတွေ ၊ ရုံးကိစ္စနဲ့ ပတ်သတ်ပြီး ပိုက်ဆံတောင်းတာတွေ ရှိလာတော့တာပေါ့ ……. ။ အလုပ်မဝင်ခင်ကတည်းက ဒီလစာပဲ ရမယ်ဆိုတာ သိသိကြီးနဲ့ ဝင်ခဲ့ကြပေမယ့် ၊ တကယ်တမ်းတော့ တရားဝင်လစာနောက်က ဂွင်ဖန်လို့ ရတဲ့ ငွေကို ပိုမျှှော်လင့်နေကြတာ … ။ ဝန်ထမ်းက ရာထူးနဲ့… သူ့ဌာနအလိုက် လုပ်ပိုင်ခွင့်သာ သာမန်လူတွေထက်ပိုရှိပေမယ့် …… တရားဝင်လစာကြတော့ …. သိပ်ယှဉ်လို့မရဘူး ။ တကယ်တမ်း ဝန်ထမ်းတွေ ခြစားတာ ပျောက်စေချင်တယ်ဆိုလျှင် … လစာကိစ္စလည်း နည်းနည်းပြန်ညှိရမယ် .. ဒါမှ ပိုက်ဆံထက် … ရာထူး ၊ နာမည် နဲ့ ကိုယ့်ကျင့်သိက္ခာကိုပါ တန်ဖိုးထားတတ်လာမယ် ထင်ပါတယ် ….. ။ ရထားတဲ့ လစာနဲ့ တန်အောင် … ဝန်ထမ်းတွေ ဘက်ကလည်း တကယ် အလုပ်လုပ်မှ ဖြစ်မှာပါ …ယောင်ဝါးနေလို့ကတော့… ဒုံရင်းက ဒုံရင်း ပဲဖြစ်မှာ ။ 🙄
ko khin kha
August 16, 2012 at 2:52 pm
ရိုးသားစွာ နေခြင်းသည် ရိုးသွားတဲ့ အရာမဟုတ်ပါ။
pooch
August 16, 2012 at 3:21 pm
ကျမ သွားခဲ့ဖူးတဲ့ ဒေါက်တာအောင်ထွန်းသက်ရဲ့ သိက္ခာရှိရှိနေထိုင်ခြင်း ( Living with Dignity ) ဆိုတဲ့ ဆီမီနာမှာ ဆရာကြီးက သူ့ရဲ့ အနက်အဓိပ္ပါယ်ကို အကျယ်ဖွင့်ခဲ့ဖူးပါတယ်။ ဘက်စုံ ထောင်စုံ ရှုထောင့်စုံကနေပါ။
ကျမနားလည်မိသလောက် အားလုံးကို ခြုံပြီး နားလည်သလို ပြောကြည့်ရရင် လူဟာ ဘယ်နေရာ ဘယ်ဘဝ ဘယ်အဆင့်တန်းမှာပဲ ရောက်နေရောက်နေ အထက်တန်းကျတဲ့ စိတ်ယဉ်ကျေးမှု ( moral integrity ) ကိုပိုင်ဆိုင်ပြီး စိတ်တံခါးကို ဖွင့်ပေးထားတဲ့ သူကို ခေါ်တာပါ။
နောက်ကျမတို့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ မောင်ပေပြောသလို အခြေခံကျတဲ့ စောင့်ထိန်းခြင်းဆိုတဲ့ သီလလို့ ဖွင့်ဆိုလို့ရပေမဲ့ တခြားဘာသာဝင်တွေအတွက်တော့ အဲ့လို ဖွင့်လို့ မရတာမို့ ကျမက ခြုံပြီး ပြောတဲ့ အထက်က ဖွင့်ဆိုချက်ကို နှစ်သက်မိပါတယ် ။ ကျမရဲ့ အမြင်ဖြစ်တာမို့ ကွဲလွဲတာတွေလည်း ရှိကောင်းရှိပါလိမ့်မယ်။
kai
August 16, 2012 at 3:26 pm
ပိုက်ဆံနဲ့တိုင်းမဟေ့…
လွဲမယ်မထင်…
တကယ်တော့ ..ပိုက်ဆံဆိုတာ.. လူတွေ..ဘယ်သူဘယ်နေရာမှာရှိနေသလည်း..ပြနိုင်တဲ့…စံတခုပါ..
ဆိုတော့..
ခိုးထားတဲ့ပိုက်ဆံလား..
အလူှခံရထားတဲ့ပိုက်ဆံလား..
ကိုယ်တိုင်ခွန်အားနဲ့ရှာထားတဲ့ပိုက်ဆံလား
ကိုယ်တိုင်ဉာဏနဲ့ရှာထားတဲ့ပိုက်ဆံလား
ဘိုးဘွားအမွေလား
ဘဏ်တိုးလား..
..
..လား..
လား..
တကယ်တော့ ..ပိုက်ဆံဆိုတာ.. လူတွေ..ဘယ်သူဘယ်နေရာမှာရှိနေသလည်း..ပြနိုင်တဲ့..( .လူတွေကလုပ်ထားတဲ့.. )စံတခုပါ..
အရီးခင်လတ်
August 16, 2012 at 8:04 pm
ငွေမဲ ကို အဖြူ အရောင်ပြောင်း လို့ မရနိုင်ရင် တော့ သူကြီး ပြောတာ အားရစရာပါဘဲ။
ဒါထက် စကားမစပ် မြန်မာပြည်မှာ မိုဘိုင်းဖုန်း က တောင်မှ ဘိုးဘွား တွေမြှုပ် ထားခဲ့တဲ့ ရွှေအိုးတွေကို ရှာပေးနိုင် ဆိုဘဲ။ 😉
အတိသဉ္ဖာ နာဂရချစ်သူ
August 16, 2012 at 7:51 pm
သူကြီးက ပိုက်ဆံ။ကျနော်က ရိုးသားဂုဏ်။
ဦးသိန်းဗိုလ်က
သူ့တန်ဖိုးနဲ့သူ
သူ့အသိုင်းအဝိုင်းနဲ့သူ
လူတိုင်းမှာ ကိုယ်နဲ့တန်တဲ့ တန်ဖိုးတော့ ရှိကြတာဘဲ။
ဒါပေမယ့်
လူလူချင်း နှိမ့်ချပြီး ခွဲခြားပြီးဆက်ဆံတဲ့
စကားလုံးတွေ ကြားနေရတာ
ဝမ်းနည်းစရာ အကောင်းဆုံးဘဲ။
အရီးခင်လတ်
August 16, 2012 at 8:04 pm
ဦးဗိုလ်သိန်း ရေ
ကိုယ်ကျင့်တရားမှာ ဆင်းရဲ ချမ်းသာ မရွေးတာကတော့ သေချာပါတယ်။
အူမတောင့်မ သီလစောင့်တယ် တို့၊
လွယ် ရင် သူကြွယ်တောင် မနေဘူး တို့ ကလဲ ရှုဒေါင့် တစ်မျိုးပေါ့။
ဝမ်းနည်းစရာက မရှိ ခိုးနိုး၊ မလှ စုန်းမျိုး ဆိုတဲ့ စကားတွေပါဘဲ။
လူအမျိုးမျိုး စိတ်အထွေထွေ မှာ လူတိုင်း က သူတို့ထားတဲ့ အပေါ်မှာ ကွာသွားတာပါဘဲ။
တစ်ချို့ – ပိုက်ဆံ
တစ်ချို့ – ပညာ
တစ်ချို့ – အကျင့် သီလ
သေချာတာက တော့ လောဘ၊ မောဟ၊ ဒေါသ အစွန်း ရောက် လွန်းရင် တော့ အကျင့် သီလ စာရိတ္တ္တ ကို မစဉ်းစားတော့ပါဘူး။
ကျွန်မ အထင်ပေါ့။ 😀
ပင်လယ် ပျော်
August 18, 2012 at 8:29 pm
စာရိတ္တကို ပတ်ဝန်းကျင်က တိုင်းတာပါလိမ့်မယ်…မကောင်းတဲ့အတိုင်း သွေဖယ်သွားပါလိမ့်မယ်….
ကိုသင်း
August 18, 2012 at 11:20 pm
ကျွန်တော်ကတော့ လူတစ်ယောက်ရဲ့ အကျင့်စာရိတ်တကို
ငါးပါးသိလနဲ့ပဲ တိုင်းပါတယ်။