မြေကြီးကရွှေသီးတဲ့ ဘူမိနက်သန်
နိုင်ငံခြားသင်္ဘောလိုင်းတစ်ခုမှာ ငါးနှစ်လောက် တာဝန်ထမ်းဆောင်ရာက ပြန်ရောက်လာတဲ့ ကျောင်းသားဟောင်းတစ်ယောက် လာကန်တော့ နှုတ်ဆက်ပါတယ်။ ခဏနားပြီး စာမေးပွဲဖြေဦးမယ်လို့ ပြောပါတယ်။
မချိပြုံးနဲ့သွား
ငါးနှစ်ကာလအတွင်း ကမ္ဘာကို တော်တော်နှံ့သွားပြီ။ ပိုက်ဆံလည်း အသင့်အတင့်စုမိပါတယ်။ မိဘတွေက
စုဆောင်းပေးထားတယ်လို့ ပြောကြတယ်။ သူက အိမ်ထောင်မရှိသေးပါဘူး။ တစ်သက်လုံးသင်္ဘောသား
လုပ်တော့မှာလားလို့ မေးတော့ ဒီအ တိုင်းပဲ ဆက်လုပ်ရမှာပေါ့ဆရာရယ်လို့ မချိပြုံးနဲ့
ဖြေပါတယ်။ နှစ်နာရီလောက်ကြာအောင် စကားတွေပြောပြီးတော့ သူပြန်သွားပါတယ်။
သူပြန်သွားပေမယ့် သူမျက်နှာမှာ တဒင်္ဂမြင်တွေ့လိုက်ရတဲ့ မချိပြုံးလေးက မျက်စိထဲမှာကျန်နေရစ်တယ်။
သင်္ဘော တက်ခါနီး သူလာကန်တော့နှုတ်ဆက်တုန်းကလည်း ဒီမချိပြုံးလေးနဲ့ပါပဲ။
မချိပြုံးနဲ့ပြန်
သူက စက်မှုတက္ကသိုလ်က ဗိသုကာဘွဲ့ရသူပါ။ အပျော်တမ်းပန်းချီဆရာလည်း ဖြစ်တယ်။ဒါပေမဲ့ အခြေအနေကတွန်းပို့လိုက်တော့
သင်္ဘောတက်သွားရတယ်။ အခုငါးနှစ်ကြာမှ ပြန်ရောက်လာတယ်။ မချိပြုံးနဲ့ သင်္ဘောတက်သွားသူဟာ
ပြန်ဆင်း လာတော့လည်း မချိပြုံးနဲ့ပဲတွေ့ရတော့
စိတ်မကောင်းဖြစ်မိတယ်။ရေကြောင်းပညာနဲ့ ရေကြောင်းအလုပ်ကို
စိတ်ဝင်စားလို့လုပ်တာဆိုရင် ဘာမှစိတ်မကောင်းဖြစ်စရာ အကြောင်းမရှိပါဘူး။
အတွေ့အကြုံလည်းစုံ ဝင်ငွေကောင်းကောင်းလည်းရတဲ့ အလုပ်ပဲ။ ကောင်းပါတယ်။ ဒါပေမဲ့
သူကတော့ဗိသုကာနဲ့ ပန်းချီကိုစိတ်ဝင်စားပြီး အနုပညာသမားဖြစ်ချင်တဲ့သူမို့
စိတ်မကောင်းဖြစ်မိတာပါ။
အတွင်းဦးနှောက်ယိုစီးမှု
သတင်းစာဖတ်တဲ့အခါ ကြော်ငြာတွေကို စေ့စေ့စပ်စပ်ဖတ်သူဆိုတော့ အမြီးအမောက်မတည့်တာမျိုးတွေ တော်တော်များတာကို
သတိပြုမိပါတယ်။ ဆရာဝန်က ကျူရှင်ကျောင်းဖွင့်တာ၊ ဆောက်လုပ်ရေး လုပ်ငန်းလုပ်တာ၊
သတ္တုတွင်းအင် ဂျင်နီယာက အရက်ချက်စက်ရုံ မန်နေဂျာဖြစ်နေတာ။
ချည်မျင်နဲ့အထည်အလိပ်လုပ်ငန်း အင်ဂျင်နီယာက ရေသန့်စက်ရုံထောင်တာ စတဲ့စတဲ့
ယူခဲ့တဲ့ဘွဲ့နဲ့ လုပ်တဲ့အလုပ်မအပ်စပ်တာမျိုးတွေ နေ့စဉ်လိုတွေ့ရတယ်။ ပညာတတ်တွေ
နိုင်ငံခြားထွက်သွားကြတာမှ ‘ဦးနှောက်ယိုစီးမှု’ မဟုတ်ဘဲ ဒါမျိုးတွေလည်း
ဦးနှောက်ယိုစီးမှုတွေပါလားလို့ တွေးမိတယ်။ ဒီလို ‘အတွင်းဦးနှောက်ယိုစီးမှု’
(internal braindrain)က ပိုများမယ်ထင်တယ်။ မင်္ဂလာဆောင်ကြော်ငြာတွေကို
ဖတ်ကြည့်ရင်သိနိုင်ပါတယ်။
လူဆိုတာ ကိုယ်ဝါသနာပါရာ၊ ကိုယ်မြတ်နိုးတန်ဖိုးထားတဲ့ အလုပ်အကိုင်မျိုးကို လုပ်ကိုင်နေရမှ ကျေနပ်အားရမှု၊ ပျော်ရွှင်ကြည်နူးမှုတို့ကို ရရှိခံစားနိုင်တာဖြစ်တယ်။ ပိုက်ဆံကြောင့် မလုပ်ချင်ဘဲ လုပ်ရတဲ့ အလုပ်မျိုးမှာ ဘယ်သူမှမပျော်ပိုက်ပါဘူး . . .
ဘူမိနက်သန်ဒေသ
ဒီလိုအမြီးအမောက်မတည့်မှုတွေဟာ လူတစ်ဦးချင်းစီ အတွက်သာ မကောင်းတာမဟုတ်ဘူး။ နိုင်ငံတစ်ခုလုံးအတွက်ပါ
မကောင်းတာဖြစ်တယ်။ မြန်မာနိုင်ငံဟာ အတော်ထူးခြားတဲ့ ‘ဘူမိနက်သန်’ ဒေသဖြစ်တယ်။
ဘယ်နေရာတူးတူး မြေအောက်သယံ ဇာတအမျိုးမျိုးကတော့ ထွက်နေတာပဲ။ ရေနံထွက်တဲ့ နေရာထွက်၊
ရွှေထွက်တဲ့ နေရာထွက်၊ ကျောက်မျက်ရတနာ ထွက်တဲ့နေရာထွက်၊ သတ္တုမျိုးစုံ
ထွက်တဲ့နေရာထွက်နဲ့ မြေကြီးကရွှေသီးဆိုတဲ့ စကားအတိုင်း တကယ်
ကိုဖြစ်နေတာ။သတ္တုတွင်းအင်ဂျင်နီယာက သတ္တုတွင်းတွေဆီရောက်မလာဘဲ
အရက်ချက်စက်ရုံမန်နေဂျာသွားလုပ်တော့ နိုင်ငံကသင်ပေးလိုက်တဲ့ ပညာတွေ အဟောသိကံ ဖြစ်တော့တာပေါ့။
ပိုက်ဆံကြောင့်လုပ်ရတဲ့အလုပ်မှာ မပျော်နိုင်
အရက်ချက်စက်ရုံမန်နေဂျာလုပ်ရတဲ့
သတ္တုတွင်းအင်ဂျင်နီယာအဖို့လည်း သူ့ပညာတွေ အဟောသိကံ ဖြစ်ရရုံမက၊
သူ့ကိုယ်သူကျေနပ်မှု(self satisfaction)နဲ့ သူ့ကိုယ်သူနဲ့
သူ့အလုပ်ကိုတန်ဖိုးထားမြတ်နိုးမှု (self esteem) တို့ပါ ဆုံးရှုံးသွားရပါတော့ တယ်။
လူဆိုတာ ကိုယ်ဝါသနာပါရာ၊ ကိုယ်မြတ်နိုးတန်ဖိုးထားတဲ့ အလုပ်အကိုင်မျိုးကို
လုပ်ကိုင်နေရမှ ကျေနပ်အားရမှု၊ ပျော်ရွှင်ကြည်နူးမှု တို့ကို
ရရှိခံစားနိုင်တာဖြစ်တယ်။ ပိုက်ဆံကြောင့် မလုပ်ချင်ဘဲလုပ်ရတဲ့အလုပ် မျိုးမှာ
ဘယ်သူမှ မပျော်ပိုက်ပါဘူး။
သေမထူး နေမထူးစိတ်
မပျော်ပိုက်ရုံဆို ကိစ္စမရှိဘူး။
လုပ်ချင်တဲ့အလုပ်ကို ပိုက်ဆံကြောင့် လုပ်နေရတာဆိုရင် ကိုယ့်ကိုယ်ကိုယ် ကျေနပ်မှုနဲ့
မြတ်နိုးတန်ဖိုးထားမှုပါ ပျောက်ကွယ်သွားနိုင်ပါတယ်။ ဒါမကောင်းပါဘူး။ အဲဒီကဆက်ပြီး
အလိုမကျ မကျေမချမ်းဖြစ်မှု (frustration) နဲ့ သေမထူးနေမထူးဆိုတဲ့ မျှော်လင့်ချက်မဲ့
အခြေအနေ (desperatoin) တွေအထိ ကြီးထွားသွားနိုင်ပါတယ်။ လူတစ်ယောက်ဟာ ‘မထူးစိတ်’
ဝင်တဲ့သူ (desperados) အဆင့်ထိရောက်သွားရင် လုံးဝကို အဖတ်ဆယ်လို့
မရနိုင်တော့ပါဘူး။ အင်မတန်ဆိုးပါတယ်။
ဝါသနာနဲ့ ကျွမ်းကျင်ရာလုပ်နိုင်ဖို့
မထူးစိတ်ဝင်တဲ့လူရမ်းကားတွေ
ပေါ်ပေါက်မလာစေဖို့အတွက် လူတိုင်းလူတိုင်း ကိုယ့်ဘဝကိုယ်ကျေနပ်မှုနဲ့
ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမြတ်နိုးမှုရှိအောင် ဖန်တီးပေးဖို့လိုပါတယ်။ လူတိုင်းဟာ
ကိုယ်ဝါသနာပါပြီး ကိုယ်ကျွမ်းကျင်လိမ္မာတဲ့ အတတ် ပညာနဲ့ အလုပ်လုပ်နိုင်အောင်လည်း
ဆောင်ရွက်ပေးကြရပါမယ်။ အလုပ်လုပ်တယ်ဆိုတာ ထမင်းစားဖို့အတွက်
ပိုက်ဆံရှာတဲ့သဘောသက်သက်သာ မဖြစ်စေရပါဘူး။ အလုပ်ကကျေနပ်မှုနဲ့
ပျော်ရွှင်မှုကိုပေးနိုင်ရပါမယ်။ အဲဒါမျိုးကို မပေးနိုင်သရွေ့
ပြင်ပဦးနှောက်ယိုစီးမှုရော အတွင်းဦးနှောက်ယိုစီးမှုပါ တားဆီးနိုင်မှာ မဟုတ်ပါဘူး။
မလွှဲသာလို့သွားကြရတာ
မြန်မာလူမျိုးများဟာ ပင်ကိုဗီဇကိုက မေတ္တာတရားကို အလေးအနက်ထားပြီး သံယောဇဉ်အင်မတန်ကြီးတတ်တဲ့ လူမျိုးဖြစ်တယ်။
ဇာတိရပ်ရွာနဲ့ မိဘသားချင်းများကိုခွဲပြီး တစ်နယ်တစ်ကျေးသွားရောက်နေထိုင်လိုစိတ်
နည်းပါတယ်။ မလွှဲသာမှသာ သွားကြရတာပါ။ အဲဒီလိုမလွှဲသာတဲ့ အကြောင်းရပ်တွေထဲမှာ
တစ်ချက်ကတော့ အထက်မှာပြောခဲ့သလို သတ္တုတွင်းအင်ဂျင်နီယာက အရက်ချက်စက်ရုံမန်နေဂျာ
သွားလုပ်နေတာမျိုးဖြစ်တယ်။ တကယ်လို့ သတ္တုတွင်းကသာ သူကျေနပ်မှုရှိပြီး ပျော်အောင်
ဆွဲဆောင်ထားနိုင်ရင် သတ္တုတွင်းမှာသာသူလုပ်ချင်မှာ သေချာတယ်။ သူ ဝါသနာပါပြီး
သူကျွမ်းကျင်လိမ္မာတဲ့ အလုပ်မဟုတ်လား။ သူနဲ့မဆိုင်တဲ့ အရက်ချက်စက်ရုံအလုပ်ကို
သူဘယ်လုပ်ချင်ပါ့မလဲ။
ထမင်းဝဖို့ လိုတယ်
အလုပ်လုပ်တယ်ဆိုတာ ပိုက်ဆံရဖို့
တစ်ခုတည်းအတွက် မဟုတ်ဘူးလို့ ဆိုခဲ့တယ်။ ဒါပေမဲ့ အလုပ်လုပ်နိုင်ဖို့အတွက်
ထမင်းဝအောင် စားရဖို့တော့လိုပါတယ်။ အလုပ်ရှင်တွေဘက်က ဒီအချက်ကို
အရေးကြီးတဲ့အချက်အဖြစ် စဉ်းစားဖို့ မဖြစ်မ နေလိုအပ်ပါတယ်။ အခုထိတော့
အလုပ်ရှင်တိုင်းလိုလိုဟာ ဒီအချက်ကို သိပ်အလေးမထားကြတာ တွေ့ရတယ်။
အလုပ်သမားလစာသတ်မှတ်ရာမှာ တူညီတဲ့ အခြေခံစံနှုန်းတစ်ခုမရှိဘဲ အလုပ်ရှင်ရဲ့
သဘောတစ်ခုတည်းနဲ့ပဲ သတ်မှတ်လေ့ရှိတယ်။ ဒီလောက်နဲ့ ကျေနပ်ရင်လုပ်၊မကျေနပ်ရင်
မလုပ်နဲ့ဆိုတဲ့သဘော။အလုပ်သမားဘက်ကလည်း မကျေနပ်ပေမယ့် အခြေအနေအရ
ဝင်လုပ်တယ်။လစာပိုရတဲ့အလုပ်ပေါ်ရင် ပြောင်းလုပ်တယ်။ဒီလိုနဲ့ သတ္တုတွင်းအင်ဂျင်နီယာက
အရက်ချက် စက်ရုံမန်နေဂျာ ဖြစ်သွားရတာပဲ။
နေရာတိုင်းမှာ နိုင်ငံတကာစံချိန်
ဒီနေ့ခေတ် လုပ်ငန်းခွင်တိုင်းမှာ
ခေတ်မီစက်ကိရိယာတွေ၊ ခေတ်မီ နည်းပညာတွေ၊ ခေတ်မီစီမံခန့်ခွဲမှု ပညာတွေနဲ့
နေရာတိုင်း၊ နိုင်ငံတကာစံချိန်မီဖြစ်အောင် ကြိုးစားနေကြတာ တွေ့ရတယ်။ ဒါပေမဲ့
လုပ်ခလစာကျတော့ နိုင်ငံတကာစံချိန်မီ အောင်မပြုပြင်ဘဲ မြန်မာစံချိန်နဲ့ပဲ ပေးမြဲပေးနေကြတယ်။
အဲဒါကြောင့် ဦးနှောက်ယိုစီးမှုတွေကို မတားဆီးနိုင်တာဖြစ်တယ်။မကြာမီက
ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်းကို ပုဂ္ဂလိကလက်ထဲ လွှဲပြောင်းပေးလိုက်ပြီးတဲ့နောက်မှာ
ကြယ်ငါးပွင့်သင်္ဘောတွေက သင်္ဘောသားတွေ အားလုံးကို နိုင်ငံတကာသင်္ဘောလိုင်းများကပေးတဲ့
လစာနှုန်းထားအတိုင်း ပေးသွားမယ်ဆိုတဲ့ သတင်း ဂျာနယ်တွေမှာ ဖတ်လိုက်ရတယ်။ ဒါဟာ
နမူနာကောင်းတစ်ခုဖြစ်တယ်လို့ ယူဆပါတယ်။တခြားလုပ်ငန်းခွင်တွေ အတုယူကြရင်
အင်မတန်ကောင်းပါလိမ့်မယ်။
ပညာရှင်တွေအများကြီးလို
ဒီလိုအတုယူတာဟာ စီးပွားရေးလုပ်ငန်းရှင်များရဲ့ အကျိုးစီးပွားလည်း ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေ
တိုးတက်ဖို့အတွက် စက်ကိရိယာသစ်တွေ ဝယ်နိုင်ရုံနဲ့ မပြီးသေးပါဘူး။ စက်သစ်၊
နည်းပညာသစ်တွေကို သင်ယူတတ်ကျွမ်းတဲ့ ပညာ ရှင်တွေ မရှိမဖြစ် လိုအပ်ပါတယ်။ ရှေးက
ဆန်စက်ဟောင်းကြီးတွေက (မေဆရာ)စက်ဆရာအိုကြီးကို ခေတ်ပေါ်ကွန်ပျူတာထိန်းချုပ်
ဆန်စက်သစ်ကြီးမှာ အင်ဂျင်နီယာခန့်လို့ မဖြစ်နိုင်တာ လူတိုင်းသဘောပေါက်ပါတယ်။
ရပ်ကွက်ထဲက ရေပိုက် ပြင်တဲ့ လူကို ဓာတ်ငွေ့ပိုက်သွယ်တန်းတဲ့နေရာမှာ
သုံးလို့မရပါဘူး။ စက်မှုလုပ်ငန်းကြီးတွေ ထူထောင်ဖို့အတွက် စက်မှုပညာရှင်တွေ
အများကြီးလိုအပ်ပါတယ်။ ဒီပညာရှင်တွေရဲ့ ပညာတွေ အဟောသိကံ မဖြစ်စေဖို့အတွက် သူတို့ရဲ့
စားဝတ်နေ ရေးကို အာမခံချက်ပေးတဲ့ လုပ်ငန်းခွင်တွေဖြစ်ဖို့ လိုပါတယ်။
အရက်ချက်စက်ရုံက သတ္တုတွင်းအင်ဂျင်နီယာကို သတ္တုတွင်းထဲပြန်ရောက်အောင်
လုပ်ရပါလိမ့်မယ်။ ကျွန်တော်တို့နိုင်ငံဟာ ‘ဘူမိနက်သံ’ ဒေသကြီးပါ။ ဘယ်နေရာတူးတူး
ရတနာတွေ ထွက်နေပါတယ်။ အဲဒီအတွက် ပညာရှင်တွေမရှိလို့ မဖြစ်ပါဘူး။
Written by လူထုစိန်ဝင်း
One comment
morrethant
August 29, 2010 at 6:31 am
ဟုတ်တယ်ဗျ။ လုပ်ခလစာတွေက တော်တော်နည်းတာတော့အမှန်ပဲ။
နောက်ပြီးကိုယ်မလုပ်ချင်တဲ့အလုပ်မှာလုပ်နေရတော့ပိုဆိုးတာပေါ့။
ဥပမာ-၅၀၀၀ဝပဲရတယ်။အဆောင်နေရတယ်။ကိုယ့်ဘာသာစားရတယ်။လူလွတ်ပဲထားအုံး။အိမ်ကိုဘယ်လိုပြန်ပေးရမလဲ။
ဘယ်လို်တိုးတက်ဖို ့သင်တန်းတက်ရအောင် သင်တန်းကြေးပေးမလဲ။အိမ်ကနေအလုပ်လုပ်တယ်ပဲထားပါအုံး။ကားခတွေကတနေ ့၅၀ဝအနည် းဆုံးပဲဆိုတော့။
ချစ်သူရည်စားကတော့ပြောမနေပါတော့နဲ ့ဗျာ။ကိုယ်ရတာက သူတို ့အတွက်ဘာမှဝယ်ပေးနိုင်လောက်အောင်မပိုလျှှံတော့ ဝယ်ပေးနိုင်တဲ့သူနောက်ပဲ
လိုက်သွားကြတာဆိုတော့။ကြာရင် လူပျိုကြီး အလုပ်သမားးတွေများလာမယ်ထင်တယ်။
လုပ်ခလစာရယ် နောက်တခု အလုပ်ချိန်ရယ်။
အလုပ်ချိန်တွေက တနေ ့၈နာရီမှ မဟုတ်တာ။ဖြစ်နိုင်ရင်နောက်ညပိုင်းအလုပ်တခုလုပ်ချင်တာတောင် နေ ့အလုပ်က ညရနာရီဂနာရီမှပြီးတော့ဘယ်လိုမှ
လုပ်လို ့မရဘူး။