နေဝင်းမောင်ရဲ့ ဆက်ဆံရေး အနုပညာ
ကျမနဲ့နေဝင်းမောင်
ကျမနဲ့နေဝင်းမောင်ဟာ ဆေး(၁)မှာ တစ်တန်းတည်းသားတွေပါ။ ဒါပေမယ့် ခင်မင်တဲ့ သူငယ်ချင်းတွေတော့ မဟုတ်ခဲ့ပါဘူး။ သူက ပညာတတ်အရာရှိ မိဘကမွေးတဲ့သူဖြစ်ပြီး
ကျမက ပညာမတတ်တဲ့ ကုန်သည်မိဘက မွေးတဲ့သူဆိုတော့ Orbit မတူတဲ့ အသိုင်းအဝိုင်းတွေကြားမှာ ကျောင်းနေစဉ်က သိကျွမ်းခဲ့ခြင်းတောင် မရှိပါဘူး။
3rd MB အရောက်မှာ သူဟာ ကျမတို့အတန်းနဲ့ လမ်းခွဲခဲ့ရပါတယ်။
ကျောင်းပြီးလို့ အနှစ် ၂ဝ အကြာ သူငယ်ချင်းတွေ ပြန်ဆုံကြတဲ့ပွဲလေးမှာ နေဝင်းမောင်နဲ့ ပြန်တွေ့ခဲ့ပါတယ်။ သူရဲ့ပါတနာဖြစ်တဲ့ ကျမတို့အတန်းရဲ့ မရှိမဖြစ် ခိုင်
ကမိတ်ဆက်ပေးလို့ ပြော ဖြစ်တဲ့ စကား ၄-၅ ခွန်းထက်မပိုပါဘူး။ ကျမတို့ သူငယ်ချင်းတွေ နောက်ပိုင်းမှာ အဲဒီနေဝင်းမောင် ဆိုတာ ဟိုတစ်ယောက်မလားလို့ တီးတိုးတီးတိုး
လုပ်ခဲ့ကြရုံပါဘဲ။
ကျမတို့ အတန်းရဲ့ မိတ်ဆုံပွဲအမှတ်တရ Year Book လေးထွက်လာတော့ နေဝင်းမောင်ရဲ့ မိသားစု ဓာတ်ပုံအောက်မှာ FWFP (Yale) လို့တွေ့ရတော့ ဟာ
တယ်ဟုတ်ပါလားလို့ မှတ်ချက် ချမိ ပါတယ်။ သားသမီးကလည်း သမီးလေးချည်း ၄ ယောက်ဆိုတော့ L.A က သားလေးယောက် ပိုင်ရှင် ကလေးအထူးကု သူငယ်ချင်းနဲ့
ပူးတွဲ ဒုတိယချန်ပီယံပေါ့။ သူတို့ လူရည်ချွန်ချင်း အားကျမခံပါဘဲ။ (ပထမက သမီး ၄ ယောက် သား ၁ ယောက်ပိုင်ရှင်ပါ။)
ကျမနဲ့အောင်ထွဋ်
ဂျာနယ်တွေ ဝေဝေဆာဆာ ထုတ်ခွင့်ရတဲ့အချိန် ဟိုတစ်စောင်ဖတ်လိုက် ၊ ဒီတစ်စောင် ဖတ်လိုက်နဲ့ အပတ်စဉ်ဝယ်ဖို့ ရွေးချယ်နေချိန်မှာ သတင်းထူးတွေလည်းပါ
ဆောင်းပါးကောင်းတွေလည်း မနည်းတဲ့ Voice ကို သတိထားမိပါတယ်။ သူငယ်ချင်းထုတ်တယ်ဆိုတော့ သံယောဇဉ်လေးနဲ့လည်း အားပေး ချင်တာပါတာပေါ့။ အဲဒီထဲမှာမှ
အောင်ထွဋ်ရဲ့ နိုင်ငံရေးဆောင်းပါးတွေကို မှတ်မှတ်ရရ ဖြစ်မိပါတယ်။ သူ့အတွေးတွေက မြင်နေကြားနေကျ သတင်းစာထဲက Policy ဆောင်းပါးတွေနဲ့လည်း မတူ ၊
တိုးတိုးတိတ်တိတ် တစ်မျိုး BBC ၊ VOA ၊ DVB ကတဆင့်ကြားရတဲ့ ဝေဖန်မှုတွေနဲ့လည်းမတူ တစ်မူ ခြားနေပါတယ်။ ကြိုက်မိတာလည်းရှိ ၊ မကြိုက်မိတာလည်း ရှိပေါ့ ။
ဒါပေမယ့် သူ့အမြင်တွေ ဖောက်ထွက်နေတယ် ဆိုတာတော့ ငြင်းလို့မရပါဘူး။ ဒီကြားထဲမှာ ဝေဖန်သူတစ်ဦးကို ပြန်ရေးပေး လာတဲ့ သူ့ရဲ့ဖြေရှင်းချက်မှာ “ စာရေးသူ
အောင်ထွဋ်သည် သတိပဋ္ဌာန် တရားကို ကြိုးစားလေ့လာ ကျင့်သုံးနေသူ ဖြစ်ပါသည်” ဆိုတာနဲ့ ကျမသူ့ပရိသတ် ဖြစ်ခဲ့ပါတယ်။
နေဝင်းမောင်နဲ့အောင်ထွဋ်
သိပ်မကြာခင် Voice ဂျာနယ်ကနေဘဲ အောင်ထွဋ်ဆိုတာ Myanmar Egress အဖွဲ့ရဲ့ တည်ထောင်သူတစ်ဦးဖြစ်တဲ့ နေဝင်းမောင်ပါဘဲလို့ သိရတော့ အံ့ဩမိပါတယ်။
နေဝင်းမောင်နဲ့ကျမ
ငါးလုပ်ငန်းအဖွဲ့ချုပ်က ၂ပတ်တစ်ခါလုပ်တဲ့ စနေဟောပြောပွဲတွေကို အလုပ်နဲ့လည်းနီး ၊ စိတ်လည်းဝင်စားလို့ သွားသွားပြီး နားထောင်ဖြစ်တဲ့အခါ နေဝင်းမောင်ရဲ့
အရည်အချင်းတွေကို ကျမ သိလာရပါတယ်။
ကျမတောမှာ ဆေးခန်းလေးဖွင့် ၊ စီးပွားလေးရှာ ၊ အားရင် ဝတ္တုဖတ် ၊ ပေါင်ချိန်ကားကြည့် ၊ စိတ်လေမှာစိုးရင် တရုတ်စာလေးပြေးသင် လုပ်နေတဲ့ အချိန်တွေမှာ
ကျမနဲ့အသက်တူရွယ်တူ သူငယ်ချင်းဟာ အများကြီးပြည့်ဝသွားပါလားလို့ သိလိုက်ရပါတယ်။ သူ့အပေါ် မုဒိတာပွား ၊ အားကျမိပါတယ်။
ကိုယ့်ကိုကိုယ်လည်း အရည်အချင်းဖြည့်ရမယ်လို့ သတိပေးမိပါတယ်။ ဒါပေမယ့် သူ့လောက်တော့ ဘယ်တော့မှ မီမှာ မဟုတ်ပါဘူး။ ကိုယ်နိုင်သလောက် အတိုင်းအတာ ၊
ကိုယ့်ဘဝပေးသလောက် အခွင့်အရေးနဲ့ လေ့လာသင့်တာတွေကို လေ့လာရပါတယ်။
ကျမ ၊ မတူးနဲ့ နေဝင်းမောင်
၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေမှာ ကင်ဆာဝေဒနာ ခံစားနေရတဲ့ သူငယ်ချင်း ကို အားပေးဖို့ ဆေးရုံကြီးကို ရောက်ခဲ့ပါတယ်။ သူငယ်ချင်း မတူးလည်း
ရောက်နေတော့ ၃ယောက်သား စကားတွေပြော ၊ လူနာကို အားပေးစကားပြောပြီး အပြန်မှာ မကြာခင်က ပြီးသွားတဲ့ ဆရာကန်တော့ပွဲနဲ့ သူငယ်ချင်းတွေရဲ့ မိတ်ဆုံပွဲ
စာရင်းတွေကို ၂ ယောက်စုမိတုံးရှင်းကြဖို့ စိတ်ကူးရပါတယ်။ ဒါနဲ့ အပျိုကြီး ၂ ယောက် ကျမအိမ်မှာရှိတဲ့ ခေါက်ဆွဲလေး သုပ်စားပြီး ကွန်ပျူတာ တစ်လုံး ၊ Laptop
တစ်လုံးနဲ့ တစ်ညနေလုံး လုပ်ကြတာ ညသန်းခေါင်ထိပါဘဲ။ ည ၁၁ နာရီ လောက် မှာ သူငယ်ချင်းတွေ ထည့်ဝင်ငွေနဲ့ လာတဲ့လူ စာရင်းစစ်ရင်း နေဝင်းမောင် အလှူ
ထည့်မထားသေးဘူးကွ။ ဒီကောင် အလုပ်တွေများနေတယ် ထင်တယ်။ ဆရာကန်တော့ပွဲလည်း မလာဘူးလို့ ပြောရင်း သူနဲ့ သူ့ဂျာနယ်အကြောင်းတွေ ပြောမိပါ သေးတယ်။
ညသန်းခေါင်မှာ New Year Wish လုပ်ပြီး သူငယ်ချင်း ၂ယောက် အိပ်ကြပါတယ်။ မနက် စောစောထ ရွှေတိဂုံဘုရားကို နှစ်သစ်ဦးသွား ကန်တော့ကြပြီး လမ်းခွဲခဲ့ကြပါတယ်။
ညနေရောက်တော့ အခြားသူငယ်ချင်းတစ်ယောက်က FB မှာ နေဝင်းမောင်ဆုံးပြီဆိုတာ တွေ့လို့ လှမ်းသတိပေးတော့မှ နေဝင်းမောင်ရဲ့ ပါတနာ သူငယ်ချင်းဆီလှမ်း
အတည်ပြုရပါတယ်။ ငါတို့ အခုဘဲ နေ့ချင်းသင်္ဂြိုလ်ပြီး ပြန်လာကြတာ ဆိုတာကို စိတ်မကောင်းစွာ ကြားလိုက်ရပါတယ်။
မတူးဆီကို ဖုန်းဆက်အသိပေးတော့ သူလည်း shock ရလိုက်သလိုပါပဲ။ဒို့ ညကသူ့အကြောင်းပြောနေချိန်မှာ သူကတော့ သေမင်းနဲ့ စစ်ခင်းနေမှာပဲ လို့ စာနာမိပါတယ်။
သူ့အတွက် အားလုံးဘဲ ယူကျုံးမရ တောက်တခေါက်ခေါက်နဲ့ပေါ့၊ သူ့ရဲ့ FB Page မှာ “သဘောသက်ဝင်လေတည့်မှ နှမျောချစ်ကြင်နာ” ဆိုတဲ့ စာရေးဆရာမကြီး ခင်နှင်းယု
ဝတ္တုတိုထဲက စာလေးနဲ့ နှုတ်ဆက်လိုက်ရပါတယ်။
အခုဆို Emergency Care ပေးဖို့ Workshop တွေလုပ်နေကြပါပြီ။ ဒါဟာ နှောင်းလူတွေ အတွက် နေဝင်းမောင်အသက်နဲ့ ပေးဆပ်သွားမှု ရလာဒ် တစ်ခုပါဘဲ။
ကျမရဲ့ E-mail List ထဲမှာ နေဝင်းမောင်ရဲ့ G-mail ရယ် ၊ အဲဒီနေ့က သွားကြည့်ဖြစ်တဲ့ ကင်ဆာဝေဒနာသည် သူငယ်ချင်း(ဆုံးသွားရှာပါပြီ)ရဲ့ G-mail ရယ်ရှိနေဆဲပါ။
သူငယ်ချင်း Group လိုက် E-mail ပို့တဲံအခါ ကွယ်လွန်တဲ့ နေဝင်းမောင်တို့ ၂ယောက် ဆီ မရောက်လို့ Failure to send ဆိုတဲ့ စာလေး ပြန်ပြန်ရောက်တိုင်း ငါလည်းမဝေးတော့တဲ့တစ်နေ့သေရဦးမည် ဆိုတဲ့ သံဝေဂ
အတွေးဝင်ရလို့ ကျမ ဖျက်မပစ်ရက်ပါဘူး။
နေဝင်းမောင်ရဲ့ဆက်ဆံရေးအနုပညာ
ဒီနှစ်ထဲမှာ နေဝင်းမောင်ရဲ့ ရှေးက ရေးခဲ့တဲ့ ဆောင်းပါးတွေ စုစည်းထားတဲ့ ဆက်ဆံရေးအနုပညာ စာအုပ်လေး ပြန်ထွက်လာပါတယ်။ Voice ဂျာနယ်ရဲ့ စာအုပ်စင်မှာ
“သမီးလေးတွေရဲ့ ပညာရေးအတွက် ပညာဒါန အဖြစ် ဝယ်ယူအားပေးကြပါဆိုတာ” ဖတ်လိုက်ရတော့ ရင်ထဲ ဆို့နင့်မိပါတယ်။
သိသိချင်း ဝယ်ပြီး ဖတ်ကြည့်လိုက်တော့ တန်ဖိုး ၁၀၀ဝကျပ် ထက်မကတန်တဲ့ စာသားတွေ တွေ့ရပါတယ်။ လက်တွေ့ဘဝအတွက်လည်း အသုံးဝင်တာဖြစ်လို့ လူတိုင်းကို
လက်တို့ပြော၊ ပေးဖတ်သင့်တဲ့ သူတွေအတွက်လည်း ဝယ်ပြီးပေးဖတ်လုပ်လိုက်ရပါတယ်။
စာအုပ်အစ သူ့ရဲ့ ကိုယ်ရေးအကျဉ်းမှာ ကျမတို့ တစ်လျှောက်လုံး ဘဝင်မကျခဲ့တဲ့ သူ့ရဲ့ အမည်းစက်ကလေးကိုလည်း မချွင်းမချန် ဖော်ပြထားပါတယ်။
သူ့မိသားစုရဲ့ သာဌေမာယာကင်းစင် (အမှားကိုဖုံးကွယ်ဟန်ဆောင်ခြင်း)ကင်းတဲ့စိတ်ဓာတ်ကို လေးစားမိပါတယ်။
နေဝင်းမောင်ကိုလည်း ပိုလို့တောင် လေးစားမိပါတယ်။ ခလုတ်တိုက်ပေမယ့် လဲကျရပ်တန့် မသွားဘဲ ရှေ့တစ်လှမ်း ပိုရောက်သွားတဲ့သူဆိုတာ ဒီလိုလူပါလားလို့
အားကျမိပါတယ်။
သူကတော့ ကိုယ်တိုင်လဲမကျတဲ့အပြင် အခြားသူတွေကိုပါ ရှေ့ရောက်အောင် ဆွဲခေါ်သွားနိုင်သူပါဘဲလို့ ဂုဏ်ပြုချင်ပါတယ်။
ကြုံကြိုက်ရင် တန်ဖိုး ၁၀၀ဝကျပ် ပဲရှိတဲ့ ဒီစာအုပ်လေး ဝယ်ဖတ်ပြီး သမီးလေးတွေရဲ့ ပညာရေးအတွက် ဒါန ပြုရာလည်းရောက်၊ကိုယ့်တွက်လည်း ၁၀၀ဝ မက တန်တဲ့
အသိတွေရယူကြစေချင်ပါတယ်။
စာမြည်းလေး ပေးချင်ပါတယ်။
စာအုပ်မှာပါတဲ့ အခန်းစဉ်ပါ
မာတိကာ
အခန်း(၁) နိဒါန်း
အခန်း(၂) ပွင့်လင်းခြင်း
အခန်း(၃) ပွင့်လင်းမှုအတွက်အတားအဆီးများ
အခန်း(၄) သဘောထားကြီးခြင်း
အခန်း(၅) စကားလုံးများဖြင့် အပြစ်ပေးခြင်း
အခန်း(၆) တတိယလူသာဖြစ်စေချင်
အခန်း ၊ နောက်ဆက်တွဲ (၁) ၊ မိသားစုဆက်ဆံရေး
အခန်း ၊ နောက်ဆက်တွဲ (၂) ၊ စီမံခန့်ခွဲမှုအနုပညာ
ဒီထဲမှာ ကျမနှစ်သက်တဲ့ စာသားတွေပါ။
စကားလုံးများဖြင့် အပြစ်ပေးခြင်း
စကားလုံးများဖြင့် အပြစ်ပေးခြင်းဆိုသည်မှာ တစ်ဖက်သား၏ အားနည်းချက် ၊ အမှား ၊ စိတ်ဒဏ်ရာ စသည်တို့ကို စကားလုံးများ ဖြင့် ပစ်ပေါက်ခြင်းဖြစ်ပါသည်။ အရိုးဆုံး နာအောင်ပြောခြင်းဖြစ်ပါသည်။
ထိုးထွင်းသိမြင်တတ်သူများ တစ်နည်းအားဖြင့် Creative ဖြစ်သူများက အပြစ်ပေးလျှင် တစ်ဖက်သားတွင် အနစ်နာဆုံး ၊ အကြီးမားဆုံး ပြဿနာများ ဖြစ်ရလေ့ ရှိပါသည်။
စကားလုံးများဖြင့် အပြစ်ပေးခြင်း၏အကျိုးဆက်
စကားလုံးများနှင့်အပြစ်ပေးခြင်းဖြင့် မည်သည့်အပေါင်းလက္ခဏာ သက်ရောက်မှုမှ မရရှိနိုင်သည့်အချက်ပင် ဖြစ်ပါသည်။
အမှန်တကယ်အပြစ်ရှိသူတစ်ဦးကိုပင် စကားလုံးများနှင့် အပြစ်ပေးခြင်းဖြင့် မည်သည့်အကျိုးကျေးဇူးမျှ မရနိုင်သည်ကို အထူး ဂရုပြုသင့်ပါသည်။
ဆရာတော် ဦးဇောတိက ကိုယ်တိုင် မျဉ်းတားမှတ်သားပေးတဲ့ စာသားလေးတွေလည်း ဖတ်ကြည့်ကြပါအုံး။
သတိဖြင့် နေထိုင်ခြင်း
မိမိကိုယ်ကို တတိယလူ နေရာတွင်ထား၍ အစွဲကင်းကင်း ၊ ယထာဘူတကျကျ ကြည့်နိုင်ခြင်း ၊ သိနိုင်ခြင်းသည် လူသားတို့၏ ထူးခြားသော အရည်အသွေး ၊ အရည်အချင်း ၊ အစွမ်းအစ ဖြစ်ပါသည်။ ဤသို့ မိမိကိုယ်ကို အစွဲ(Bias) ကင်းကင်း ကြည့်နိုင်ခြင်းသည် “လူအပီသဆုံးလူ” ဖြစ်နိုင်ရေးတွင် ပထမဆုံးနှင့် အရေးအကြီးဆုံး ခြေလှမ်းဖြစ်ပါသည်။
ဒါလေးကလည်း အသုံးတည့်ပါလိမ့်မယ်။
မိသားစုဆက်ဆံရေးအဖြေရှာ
မိဘတွေနဲ့ ဒီကနေ့ ဆယ်ကျော်သက်အရွယ် သားသမီးတွေရဲ့‘ဆက်ဆံရေး မပြေလည်မှု’ မှာ အခြေခံအကျဆုံး ချို့ယွင်းချက်က မိဘနှင့်သားသမီးအကြားမှာ တွေ့ထိမှု (Contact) နည်းလို့ ၊ တစ်နည်းအားဖြင့် Family Contact နည်းလို့ဖြစ်ပါတယ်။
မိဘတွေဘက်က ဖြစ်လေ့ဖြစ်ထရှိတဲ့ အားနည်းချက်တွေထဲမှာ အဓိကကျတဲ့ အချက်ကတော့ မိဘတွေက သားသမီးတွေကို နားလည်မပေးနိုင်တာ ၊ နားလည်ပေးဖို့ မကြိုးစားတာတွေ ဖြစ်ပါတယ်။
သားသမီးတွေဘက်က တစ်နည်းအားဖြင့် လူငယ်တွေဘက်က ဖြစ်လေ့ဖြစ်ထရှိတဲ့ အားနည်းချက်ကတော့ မိဘကို နိုင်တဲ့ နည်းနဲ့ ပြန်ပြီးအပြစ်ပေးကြတဲ့ ၊ ကလဲ့စားချေကြတဲ့ အချက်ဖြစ်ပါတယ်။
သားသမီးတွေဟာ မိဘတွေ မနှစ်သက်တဲ့ ကိစ္စတွေကို လုပ်ပြီး ပြန် Punish လုပ်ကြလေ့ရှိပါတယ်။ ဒီလိုလုပ်တာဟာ ကာယကံရှင်ဖြစ်တဲ့ မိမိကိုယ်တိုင်သာ အနစ်နာဆုံးဖြစ်ကြောင်း လူငယ်တွေသိအောင် ပြောဖို့ အထူးလိုအပ်ပါတယ်။
လူငယ်တွေကို မိမိကိုယ်မိမိ ပြုစုပျိုးထောင်ဖို့ကို အဓိကထားစေလိုပါတယ်။ မိမိကိုယ်မိမိ ရင့်ကျက်အောင် ပြုစုပျိုးထောင်တယ် ဆိုရာမှာလည်း အရာရာကို သိချင်တတ်ချင်တဲ့ သဘောထားလေး ထားပြီးလေ့လာဖို့ (စာဖတ်ဖို့) အရာရာဟာ ကိုယ်နဲ့ သက်ဆိုင်တယ် ၊ ကိုယ့်မှာ တာဝန်ရှိတယ်လို့ ယူဆပြီး တာဝန်ရှိသူအမြင်နဲ့ ရှုမြင်ဖို့ပါပဲ။
ကျမက ကြိုက်တာလေးတွေထဲက အနည်းငယ်သာ ထုတ်နှုတ်ပြတာဖြစ်လို့ အဆက်အစပ်မမိ စိတ်ဝင်းစားစရာမဖြစ်ရင်တော့ ကျမရဲ့ ညံ့ဖျင်းမှုပါဘဲ။
သူ့စာအုပ်ကတော့ ဖတ်မိရင် နောက်ဆုံးစာမျက်နှာထိ ဆွဲဆောင်သွားနိုင်မှာပါလို့ ညွှန်းပေးလိုက်ချင်ပါတယ်ရှင် ။
19 comments
ရဲစည်
August 21, 2012 at 1:36 am
ကွင်းထဲက ၂၅ယောက် မတိုင်ခင် ငြင်းခုန်ခဲ့တယ်
ဒီဇင်ဘာ ၂၅နဲ့ ၂၉မှာ မေးလ် နောက်ဆုံးရခဲ့တယ်
အိုင်ဒီယိုလောဂျစ် ပါရမီရှင်လို့ သေမှ ချီးမွမ်းခဲ့ရတယ်
အများနဲ့ မတူတဲ့ လမ်းကြောင်းကနေ အောင်မြင်မှု ဆိုတာထက် ကိုယ့်သမိုင်း ကိုယ်ရေးတဲ့သူလို့ သိခဲ့ရတယ်
ကွန်မြူနစ်၊ဆိုရှယ်လစ်၊ဒီမိုကရေစီ စာအုပ်တွေ ဖတ်ပီး သူများ ယောင်တိုင်း လိုက်မယောင်သူလို့ သိခဲ့တယ်
အင်္ဂလိပ်တွေ အမေရိကန်တွေ မြန်ယောင်တွေ ဟက်ပီး နယူးရီးယားနေချိန် သူသေသွား ကြောင်း သိခဲ့တယ်
ဒီတော့
ခုခေတ်ရဲ့ တတိယမြောက် မျိုးဆက်များ စင်ပေါ်ရောက်မှ you are hero , you are the best you are the အမေရိကန် တိုက်ချင်းပစ် ဒုံးကျည်( ပက်ထရီရော့ကို စာလုံးမပေါင်းတတ်လို့ ) you are ရန်ကုန်က ကလပ် (ပိုင်အိုးနီးယားဆိုလား အီလိုက်တွေ သွားနေကျ) I love you ( ဟိုကဖြင့် သေပီ) ဆိုတာမျိုး အသံကောင်း မဟစ်သင့်တော့ကြောင်း
မှတ်ချက်ပေးပါရစေ
မှားတာရှိရင် ခွင့်လွှတ်ပါ
အမြဲမှားနေသူ …
အော်
စာအရေးအသား နည်းနည်းရင့်နေသလားလို့
နားလည်ပေးပါ အန်တီပဒုမ္မာ ဒီ၂ခုတွဲပို့စ် ဖတ်ပီး ဟိုယောင်ဒီယောင် ကျနော်တို့ မျိုးဆက် ငတတွေကို ချဉ်စိတ်ပေါက်လာလို့
နည်းနည်း ကြမ်းသွားတယ်
ကျနော်တို့ မျိုးဆက် လူ့သက်တမ်း တဝက်ကျိုးပီး ဘာမှ သောက်သုံး မကျသေးဘူး
စိတ်လေတယ် 🙁
padonmar
August 21, 2012 at 8:31 pm
ရဲရဲရေ
စိတ်ကိုလျှော့
surmi
August 21, 2012 at 8:34 am
သူ ့ကိုတိုက်ရိုက်မသိပေမဲ ့ သူ ့စာတွေနဲ ့ ဂျာနယ်ကိုသိနေခဲ ့ပါတယ်
အမြဲဖတ်ဖြစ်ခဲ ့တဲ ့ဂျာနယ်ပါ
အစ်မညွှန်းတဲ ့စာအုပ်လေးရှာဖတ်ပါဦးမယ်
ကျေးဇူးဘဲဗျို ့
nozomi
August 21, 2012 at 2:59 pm
အန်တီလေး ရေ
အခုပဲ စာအုပ် ကို လူကြုံနဲ့ မှာလိုက်တာ ရတယ်
ညွှန်းပေးတာ ကျေးဇူးပါ
အန်တီလေး လဲ အခုလို စာအုပ်မျိုးလေးတွေ ထုတ်ရင် ကောင်းမှာ
padonmar
August 21, 2012 at 8:33 pm
ကိုဆာမိ ၊ကို မှို
ဖတ်ပြီးရင် ကြိုက်မှာပါ။ပြီးတော့ သူများကို စကားလုံးတွေနဲ့ အပြစ်ပေးမိတာ လျော့လာပါလိမ့်မယ်။
……..
ကို မှို
မိုးကြိုးပစ်ကုန်ပါ့မယ်။
ကျမ ဘယ်လိုလုပ် ဒီလို စာအုပ်ထုတ်တဲ့ အဆင့်ရောက်ပါ့မလဲ။
ဦးဦးပါလေရာ
August 21, 2012 at 5:41 pm
နေဝင်းမောင် ဆိုရင်တော့ မသိပါဘူး…
ဒါပေမယ့် အောင်ထွဋ်ဆိုရင်တော့
ကိုယ်ပိုင်ခြေထောက်ပေါက်တဲ့ အတွေးအခေါ်သမားအဖြစ်
(သူ့အတွေးအခေါ်အားလုံးကိုရာနှုံးပြည့်သဘောမတူသည့်တိုင်)
အလွန်လေးစားမိတဲ့ လူတယောက်ပါပဲ..။
သူ့စာကိုစဖတ်မိရင်
လက်ဆွဲထားသလိုလဲခံစားရတယ်။
ပြီးတော့လဲ တပွေ့တပိုက်ကြီး ထည့်ပေးလိုက်သေးတယ်..။
padonmar
August 21, 2012 at 8:35 pm
ဦးပါ
ကျမလည်း သူ့ အတွေးအခေါ်တိုင်းတော့ အကုန် မကြိုက်ပါဘူး။
ဒါပေမယ့် ဖောက်ထွက် တွေးခေါ်နိုင်တာကို တော့ မချီးကျူးပဲမနေနိုင်ပါဘူး။
အလင်းဆက်
August 21, 2012 at 6:45 pm
ဆက်ဆံရေး အနုပညာတဲ…့
စကားလုံးလေးက .ကောင်းလိုက်တာ…
အန်တီ ရေ..
တင်ပြပေးလို ့ကျေးဇူးနော် ။
padonmar
August 21, 2012 at 8:35 pm
အလက်ဆင်းရေ
ဖတ်လည်း ကြည့်ပါနော်။
pooch
August 21, 2012 at 10:52 pm
အစွဲကင်းအောင် နေတတ်ဖို့ အတော်ကြိုးစားရအုန်းမယ် ဒေါ်ဒေါ်ရေ။
ဒီစာအုုပ်လေးလည်း ဖတ်ဖြစ်အောင် ဖတ်ပါ့မယ်။
kai
August 22, 2012 at 3:24 am
ယေးလ်ကျောင်းထွက်ဆိုတော့.. သူ့ယေးလ်အီးမေးလ်ကို လှမ်းဆက်သွယ်ခဲ့ဖူးတယ်..။
သူ့လုပ်နိုင်ကိုင်နိုင်မှုတွေ.. လေးစားပါတယ်..
ဒီလိုလူတယောက်.. ဒီလိုဆုံးပါးသွားတာကို.. အခုထိ.. တွေးလို့မရ..အံ့ဩမိတုံးပဲ..
အရီးခင်လတ်
August 22, 2012 at 4:24 am
သူကြီးရေ
သေခြင်းတရား ဆိုတာ ဆင်းရဲချမ်းသာ ကြီးငယ်မရွေး၊ ပညာတတ်/မဲ့ မရွေး၊ ကျန်းမာရေး ကောင်း-မကောင်း မရွေး၊ ဘာသာ လူမျိုးမရွေး၊
အတ္တကြီးသူ- အများအကျိုးဆောင်သူ မရွေး
အားလုံးရဲ့ လက်တကမ်း မှာဘဲ ရှိနေတာပါ။
ကွေးသောလက်မဆန့်မှီ၊ ဆန့်သောလက်မကွေးမှီ ဖြတ်ကနဲ အချိန်မရွေး တွေ့နိုင်တာ ပါ။
အဲဒါကို ကျွန်မတို့ မေ့မေ့သွားတာကလား။
kai
August 22, 2012 at 5:26 am
ဒါပေမဲ့..အရီးလတ်ရယ်..
ဆရာဝန်တယောက်က.. ကိုယ့်ရင်ဘတ်အောင့်တာကို.. ကိုယ်တိုင်ကားမောင်း.. အရေးပေါ်၂နေရာ.. တနေရာပြီးတနေရာ.. လိုက်သွားကြည့်ရလောက်အောင်… ဖြစ်ခဲ့ရသလား..
စနစ်ကိုအပြစ်ပုံချချင်မိတယ်..။
ယူအက်စ်မှာသာဆို.. ဒီလိုမဖြစ်.. ဒီလိုမသေပါဘူး..
MaMa
August 22, 2012 at 6:23 am
(စနစ်ကိုအပြစ်ပုံချချင်မိတယ်..။)
ဟား ဟား ဟားးးးးး
သဂျီးကို မိပြီ။
လူတွေမကောင်းလို့ချည်းပဲ မဟုတ်ပါဘူး ဆိုတာ…..
(စိန်ကောင်းကျောက်ကောင်း ရောင်းဝယ်တဲ့နေရာမှာ ဆေးရိုးသည်က ကန့်လန့်) :mrgreen)
padonmar
August 22, 2012 at 8:48 pm
သူကြီးရေ
ကျမတို့လည်း လူဆိုတာသေမျိုးဆိုပေမယ့် သူလိုလူမျိုး(ဆရာဝန် လို့မပြောချင်ပါဘူး၊ကျမဆိုလည်း အရည်ပျော်ဦးနှောက်ဆိုတော့ ဒီလိုဖြစ်ချင်ဖြစ်မှာပဲ၊အသိုင်းအဝိုင်းကောင်းသူ လို့ပဲ ပြောချင်ပါတယ်)
ဒီလို အဖြစ်နဲ့ သေဖို့ရာ မဖြစ်ထိုက်ဘူးလို့ မြင်ပါတယ်။
ဖြစ်တာတွေလည်း ဖြစ်ပြီးပြီဆိုတော့ နောက်ထပ် ဒီလို အဖြစ်တွေ မဖြစ်ကြဖို့ ကြိုးစားကြရပါမယ်။
အဲဒီနေရာမှာ ပြည်တွင်းအားရော ပြည်ပအားပါ အများကြီးလိုပါတယ်။
ကျန်းမာရေး စောင့်ရှောက်မှု အတွက် နိုင်ငံခြားထွက် ဆေးကုနိုင်ရင် ပြီးတာပဲ လို့ ငွေကြေးတတ်နိုင်သူတွေ သဘောမထားပဲ အရေးပေါ်ဖြစ်ရင် ဒီပြည်တွင်းမှာပဲ အချိန်မီ ထိထိရောက်ရောက် ကုသနိုင်ရေး ကြိုးစားကြစေချင်ပါတယ်။
တိုက်ဆိုင်လို့ Dr.စိုးမင်း(ငွေစန်းရောင်)ရဲ့ FB post လေး တင်ပေးလိုက်ပါတယ်
“ပဲလှော်ကြားကဆား”
by Soe Min on Wednesday, August 22, 2012 at 6:28pm ·
တလောက အင်္ဂလန်မှာ ဆရာဝန်လုပ်နေတဲ့ သူငယ်ချင်းတစ်ယောက်ဆီက အရေးတကြီး ဖုန်းခေါ်လာပါတယ်။ ရန်ကုန်က သူ့မိသားစုဝင်တစ်ယောက် အထူးကုဆေးခန်းကြီးတစ်ခုမှာ မမျှော်လင့်ပဲ ဖိတ်စင်သွားရတဲ့အတွက် အကျိုးအကြောင်း မေးမြန်းချင်ပုံရပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် အဲလိုအချိန်မျိုးရောက်နေတော့မှ ကိုယ့်ဆီက အကြံဉာဏ်လာတောင်းရင် ဘာမှန်းမသိ ညာမှန်းမသိ ထင်ရာမြင်ရာတွေ စွတ်ရွတ်ပြီး မပြောမိဖို့ အရမ်းသတိထားပါတယ်။ များသောအားဖြင့် မေးသူဘက်မှာ ကြိုတင်ထင်မြင်ထားတဲ့ အဖြေတွေ ရှိနှင့်ပြီးသားဖြစ်သလို၊ ကိုယ့်ဘက်မှာလည်း အမှန်တရားကို ဒုတိယနေရာမှာထားပြီး သူတို့အတွက် စိတ်ဖြေသာမယ့် သက်သာရာရမယ့် စကားလုံးမျိုးကို အရင် ရွေးပြီး ပြောပေးပါတယ်။ ဘာဖြစ်လို့ဆိုတော့ သူတို့ခမျာ ခံစားချက်တွေက အရမ်းပြင်းထန်နေတဲ့အခါ အမှန်ကို အမှန်အတိုင်း မြင်နိုင်ဖို့ နည်းနည်းများ ခက်နေမလားလို့ ထင်တဲ့အတွက်ပါ။
ဖြစ်ပြီးသွားလို့ ပြုပြင်ပြောင်းလဲလို့ မရနိုင်တော့တဲ့ ကိစ္စတစ်ခုမှာ ကိုယ့်ကိုယ်ကိုယ် အရင် ဆောက်တည်ရာရဖို့ကို ပထမဦးစားပေးရလိမ့်မယ် လို့ ထင်ပါတယ်။ လူတိုင်းလူတိုင်းအဖို့ ကိုယ့်မိဘအနိစ္စရောက်သွားတဲ့ နေ့ရက်လောက် ကိုးကွယ်ဆောက်တည်ရာ ပြိုလဲသွားတဲ့နေ့ ရှိမှာ မဟုတ်ပါဘူး။ အဲသည်သောက၊ ပရိဒေဝ၊ ဥပသာယတွေကို တည်တည်ငြိမ်ငြိမ် တရားနဲ့ ရင်ဆိုင်နိုင်ဖို့ဆိုတာ တော်တော် မလွယ်တဲ့အလုပ်ပါ။ ဒီအလုပ်တွေကို မလုပ်ပဲ တစ်စုံတစ်ယောက်အပေါ်မှာ
ဒေါသအဖြစ်နဲ့ ဖောက်ခွဲထုတ်ပစ်လိုက်မိတာမျိုးဆိုရင် အမှားပါတတ်ပါတယ်။ ကိုယ်ချင်းမစာလို့ ဒီစကားမျိုး ပြောတာ မဟုတ်ပါဘူး။ ကိုယ်ချင်းစာလွန်းလို့ ပြောရတာပါ။ မိမိခံစားရတဲ့ ဆုံးရှုံးနစ်နာမှုမှာ သူတပါးရဲ့ အမှောင့်ပယောဂ တစ်ထောင့်တစ်နေရာက ပါနေတယ်ဆိုတာ မှန်ချင်မှန်ပါလိမ့်မယ်။ အဲဒါကို ခဏကလေး မေ့ထားလိုက်ပါ။ သူ့ကိုလှည့်ဂရုစိုက်ဖို့ထက် ကိုယ့်ဒုက္ခကို ကုစားဖို့က ပိုအရေးကြီးပါတယ်။ အချိန်ကြာလို့ မေ့သွားမှာကို မစိုးရိမ်ပါနဲ့။ အဲဒါ ကိုယ့်အတွက် သေရာပါမယ့် ဒဏ်ရာပါ။ တဘက်လူကို ချက်ချင်း မတုန့်ပြန်တာဟာ ကိုယ့်ဘက်က အခြေမခိုင်မှာစိုးလို့ပါ။ ခေါင်းအေးသွားတဲ့အခါ
ပြန်ရင်ဆိုင်မယ်။ လောလောဆယ် ကိုယ့်အတွင်းထဲမှာ လောင်မြိုက်နေတဲ့မီးကို အရင်သတ်နှင့်ဦး။ ဘေးလူတစ်ယောက်အနေနဲ့ သည်အဖြစ်အပျက်ကို အကြမ်းဖျင်း ကြားလိုက်တာနဲ့ ဘာတွေဖြစ်သွားသလဲဆိုတာ ခန့်မှန်းလိုက်မိပြီးသားပါ။ ဒါပေမယ့် ဒီကိစ္စမျိုးမှာ မီးလောင်ရာ လေပင့်ပေးလို့ မဖြစ်ပါဘူး။ ဘာဖြစ်လို့ဆိုတော့ လောင်မြိုက်နေတဲ့အထဲမှာ ကိုယ့်မိတ်ဆွေတွေလည်း ပါနေတဲ့အတွက်ပါ။ သူ့ခမျာ အခုအဖြစ်မှာ တခါတစ်နာလိုက်ရပြီ။ ရှေ့ဆက်တိုးလို့ နှစ်ဦးနှစ်ဘက် နစ်နာစရာရှိလာရင် သူများက တစ်ခါရယ်။ ကိုယ့်လူမှာက နှစ်ခါနာရမှာပါ။
မိသားစုထဲမှာ ကျန်းမာရေးနဲ့ပတ်သက်လို့ အရေးအကြောင်းပေါ်လာပြီဆိုခဲ့ရင် ဆေးရုံကိုပို့ရမှာလား အပြင်ဆေးခန်းကိုပဲ တန်းခေါ်သွားရမှာလားဆိုတာ ပိုက်ဆံငွေကြေးတတ်နိုင်တဲ့သူတွေအတွက်သာ ကံကောင်းထောက်မစွာ
ရွေးချယ်နိုင်ခွင့်ရနေတာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့တော့ အဲဒီပြဿနာမျိုးကို ပြည်သူ့ကျန်းမာရေးပြဿနာလို့တောင် မမြင်နိုင်တော့ဘူးလို့ဆိုရင် ရွဲ့ပြောသလိုဖြစ်နေပါလိမ့်မယ်။ မြန်မာပြည်သူအများစုဟာ အဲလို အထူးကုဆေးခန်းကြီးတွေမှာ ခေါင်းခေါက်ပြီးကုနိုင်တဲ့သူ ဘယ်နှစ်ယောက်များရှိမှာပါလိမ့်။ ကိုယ်ကတောကြိုအုံကြားမှာ ခြောက်နှစ် ခုနှစ်နှစ်လောက်လွင့်နေရတဲ့ သူတောင်းစားသာသာ ဆရာဝန်အဆင့်မို့ထင်ပါရဲ့။ မြင်တောင် မမြင်ဖူးတော့သလောက်ဖြစ်နေပြီ။ သူများကို မပြောပဲ ကိုယ့်ကိုယ်ပဲ စဉ်းစားကြည့်ပါ့မယ်။ တကယ်လို့များ ကိုယ့်မှာ ကင်ဆာရောဂါလို ခွဲစိတ်ကုသမှ ပျောက်မယ့် ဝေဒနာတစ်ခုခု ရှိနေပြီဆိုပါစို့။ မြောက်ဥက္ကလာမှာဖွင့်တဲ့ အထူးကုဆေးခန်းတောင် မကပ်နိုင်ဘူးဗျ။ အလကားနေရင်း ကိုယ့်အထုပ်ကိုယ်ဖြေပြီး ကြွားနေတာတော့ မဟုတ်ပါဘူး။ လစာငွေ တစ်သိန်းငါးသောင်းရတဲ့ အစိုးရအရာရှိတစ်ယောက်ဖြစ်နေတဲ့ ကိုယ့်အဆင့်အတန်းကို မြန်မာ့လူမှုစီးပွားအဆင့်မှာ ဘယ်နားက ထားချင်ပါသလဲ။ အောက်တန်းစားလောက်မှာပဲ ရှိနေဦးမလား မသိပါဘူး။ ဒီလိုဆိုရင် ကိုယ့်ထက်အများကြီး အောက်တန်းနောက်တန်းကျနေတဲ့ မြန်မာတွေ ဘယ်လောက်များနေမလဲဆိုတာ ခန့်မှန်းကြည့်လိုက်ပါဦး။ အစိုးရဆေးရုံမှာတောင် ဆရာဝန်ညွှန်ကြားလိုက်တဲ့ဆေးတွေကို ကိုယ့်ဘာသာ ဝယ်ယူကုသနိုင်တဲ့လူနာအရေအတွက်နဲ့ သူ့မှာပါတဲ့ ပိုက်ဆံကလေးနဲ့ လောက်လောက်ငှငှ သက်သာသွားအောင် ကုပေးရတဲ့ လူနာအရေအတွက် ဘယ်ဟာက များလိမ့်မလဲဆိုတာ ရန်ကုန်က အထူးကုဆေးခန်းကြီးတွေမှာ မိုးလင်းမိုးချုပ် လှည့်ပတ်ကုသနေသူ ဆရာဝန်ကြီးတွေ စိတ်ကူးနဲ့တောင် မှန်းကြည့်ဖူးမှာ မဟုတ်ပါဘူး။ လောလောဆယ်မှာတော့ ဆေးဖိုးနေနေသာသာ ထမင်းတောင် စားစရာမရှိပဲ ဆေးရုံပေါ်မသေမရှင် ဖုတ်ကနဲရောက်ရောက်လာတဲ့ လူနာတွေ ကုရပါများလို့ မဟာရန်ကုန်မြို့တော်ကြီးက မဟာ့မဟာဆေးကုခန်းကြီးတွေမှာ စူပါ့စူပါဆရာဝန်ကြီးတွေနဲ့ ငွေသိန်းရာထောင်ချီကုသရင်း ရေတိမ်နစ်ရရှာတယ်ဆိုတဲ့ လူနာတွေကို ဒီကနေလှမ်းပြီး စာနာသနားရမှာ အားနာစရာကြီးများ ဖြစ်နေမလားလို့။ ခက်တာက ကိုယ့်မိတ်ဆွေရင်းချာများရဲ့ မိဘဆိုတော့ ကိုယ်ချင်းမစာလို့တော့ ရပါ့မလား။ ကိုယ့်မှာလည်း အဖေအမေနဲ့ပဲဥစ္စာ။ ကိုယ့်ဘာသာ စိတ်ထဲသဘောပေါက်လိုက်မိတာကတော့ လူ့ဘုံလူ့ရွာမှာလည်း လူစဉ်မမီ လူတန်းမစေ့တဲ့သူတွေ တော်တော် များပေသကိုးလို့။ (ကိုယ်တောင် ပါသေး)။
` မိတ်ဆွေမိသားစုကတော့ ငွေရေးကြေးရေး အင်မတန်ပြည့်စုံတဲ့ ပညာတတ် လူချမ်းသာ အသိုင်းအဝိုင်းထဲကလို့ဆိုရင် မမှားပါဘူး။ သို့သော်လည်း သူတို့ခမျာ အခုနှစ်ပိုင်းအတွင်းမှာတင် ရှေ့ဆင့်နောက်ဆင့်ဆိုသလို မိအိုဖအိုများ ကျန်းမာရေးဒုက္ခကို ခံစားရတဲ့အခါမှာ ရန်ကုန်မြို့မှာရှိတဲ့ အကောင်းဆုံးဆေးခန်းကြီးတွေမှာ ကောင်းနိုးရာရာ သမားတော်ကြီးများနဲ့ အသီးသီး ကုသမှုခံယူကြပါတယ်။ သို့သော် မျှော်လင့်ထားတဲ့ ရလာဒ်ကောင်းတွေနဲ့တော့ မနီးစပ်ခဲ့ပါဘူး။ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ရလာဒ်မျိုးလည်း မရခဲ့ပါဘူးလို့ ဆိုလာတဲ့အချိန်မှာ ရှေ့ဆက်ပြီး မဖြစ်သင့်မဖြစ်ထိုက်တာတွေ ဖြစ်လာမှာစိုးလို့ ရွှေပြည်အေးတရားကိုချည့် တွင်တွင် ဟောခဲ့ပါတယ်။ ခုတော့ မရတော့ဘူးဗျ။ ပြဿနာက ဂျာနယ်ပေါ်မှာ ကိုရိးယားဇာတ်လမ်းတွဲများလို ဆီးရီးလိုက်ပွင့်ထွက်လာတော့ မနေနိုင်မထိုင်နိုင် လက်စလိုက်သတ်ရဦးတော့မှာပဲ။
ညောင်ပင်တစ္ဆေ ဝေလေလေ လို့ ရေးခဲ့စဉ်ကတည်းက အပြင်ပုဂ္ဂလိကဆေးခန်းရုံနဲ့ အစိုးရပြည်သူ့ဆေးရုံ ဘာတွေ ဘယ်လိုကွာသလဲ သေသေချာချာ ရှင်းပြခဲ့ဖူးပါတယ်။ မဖတ်လိုက်ရသေးတာမို့ ပြန်ပြောပြရဦးမယ်ဆိုရင် အပြင်ဆေးခန်းမှာ လူနာကို အထူးကုဆရာဝန်ကြီးတစ်ယောက်ယောက်ကပဲ တာဝန်ယူစောင့်ရှောက်ကုသပေးတာဖြစ်ပြီး သူကတဆင့် လိုအပ်တယ်ထင်မှ တခြားသူနဲ့ နီးစပ်ရာဆရာဝန်ကြီးတစ်ယောက်ယောက်ကို ညွှန်းဆိုစာနဲ့ ပြသပေးရပါတယ်။ သူ့ညွှန်ကြားမှုအောက်မှာ လူနာကို အနီးကပ်စောင့်ရှောက်ပေးဖို့ ဆရာဝန်၊ သူနာပြုလေးတွေ ရှိပေမယ့်လည်း တာဝန် နဲ့ လုပ်ပိုင်ခွင့် အပိုင်းမှာ ဘာတစ်ခုမှ စိတ်ချလက်ချလွှဲအပ်ထားတာမျိုး မရှိပါဘူး။ သက်ဆိုင်ရာ ဆရာဝန်ကြီးရဲ့ ခွင့်ပြုချက်တစုံတရာမရပဲ လူနာအတွက် အသက်ကယ်တဲ့ကုသမှုမျိုး ဝင်လုပ်ပေးတာမျိုးတောင်မှ မျက်နှာကောင်းမရပဲ လူ့ရှေ့သူ့ရှေ့ နှစ်ပြားမတန်အောင် အပြောအဆိုခံရတတ်တယ်ဆိုတာ အပြင်ဆေးခန်းမှာ Medical Officer လုပ်ဖူးသူတိုင်း မြည်းစမ်းဖူးကြပါတယ်။ အထူးကုဆရာဝန်အချင်းချင်းဆိုရင်တော့ လူနာလုပြီး ဝင်ကုတယ်ဆိုတဲ့ ကျင့်ဝတ်ပိုင်းကိုပါ ထိခိုက်ပြောဆိုခံရတတ်ပါတယ်။ ဒါကြောင့် မမျှော်လင့်ပဲ လူနာတစုံတရာ အသည်းအသန်ဖြစ်လာလို့ အရေးပေါ်ကုသမှုလိုအပ်လာတဲ့အခါမှာ တာဝန်ကျဆရာဝန်ကလေးများအနေနဲ့ အင်မတန်မှပဲ ဘေးကျပ်နံကျပ် ဖြစ်ရပါတယ်။ အဲဒီမှာအလုပ်လုပ်တဲ့ဆရာဝန်လေးတွေဟာ အရမ်းလုပ်သက်နုပြီး ဘာတစ်ခုမှ မတတ်ဘူးဆိုတာကတော့ မှားပါတယ်။ အပြင်ဆေးခန်းပိုင်ရှင်များဟာ သူတို့ဆေးခန်းမှာ MO ခန့်ဖို့အတွက်ဆို နွားဝယ်တာ၊ ကားဝယ်တာထက်ကို စေ့စေ့စပ်စပ် အကဲခတ်စမ်းသပ်ပြီးမှ မျက်ခြေမပြတ် စောင့်ကြည့်ခန့်ထားပါတယ်။ အဲဒီဆရာဝန်လေးတွေအတွက် မရှိမဖြစ် အရေးကြီးဆုံး လိုအပ်ချက်ကတော့ ကုသရေးစွမ်းရည်မဟုတ်ပါဘူး။ အမိန့်နာခံမှု၊ ရိုကျိုးသွက်လက်မှု၊ လူနာနဲ့ သူ့အထူးကုဆရာဝန်အကြားမှာ နှုတ်စောင့်စည်းမှုပဲ ဖြစ်ပါတယ်။ သူတို့ဆီမှာ ဦးနှောက်ထည့်ထားလို့ မရပါဘူး။ ဦးနှောက်က သက်ဆိုင်ရာ တာဝန်ခံဆရာဝန်ဆီမှာပဲ ထားပါတယ်။ ဆရာဝန်လေးတွေက အဲသည်ဆရာဝန်ကြီးရဲ့ ခြေလက် မျက်စိ နား နေရာကပဲ ထားပါတယ်။ လျှာနေရာကတောင် မထားဘူးနော်။ လူနာအတွက်လိုအပ်လာရင် MO တွေက ဝင်လျှာရှည်ဖို့ စိတ်မကူးနဲ့။ သူ့လူနာကို သူ့ဆရာက သူ့ဘာသူရှင်းလိမ့်မယ်။ လူနာအတွက် သူအလုပ်ပေးနိုင်ဆုံး အလုပ်ဟာ ဆရာဝန်ကြီးကို မရအရ ဖုန်းခေါ်ပေးဖို့ပဲ ရှိပါတယ်။
လူတစ်ယောက်ရဲ့အသက်ကို ဗျူရိုကရေစီယန္တရားနဲ့ စီမံကုသနေတာ မဟုတ်ပေမယ့် လူနာဘက်ကတောင်းဆိုလွန်းအားကြီးလို့ ဆရာဝန်ကြီးညွှန်ကြားချက်မရခင် ဒိုင်ယာဇီပန်ဆေးပြားကလေး တစ်ခြမ်းတိုက်ထားမိလို့ လူသတ်သမားတစ်ယောက်လို လူနာရှေ့မှာ အပြောအဆိုခံရတဲ့အရသာကို ကိုယ်တိုင်ခံစားဖူးသွားပြီဆိုရင် နောက်တစ်ကြိမ် သူ့လူနာတွေကို ဟိုဆေးသည်ဆေးပေးဖို့ သတ္တိရှိနိုင်ဦးမှာလား။ တကယ်လည်း မရအရ ဖုန်းခေါ်ပေးတယ်။ သို့ပေမယ့် အဆက်အသွယ်မရဘူး။ ဒါဆိုရင်လည်း နောက်ဆရာဝန်တစ်ယောက်ကို ပထမဆရာဝန်သဘောမပါပဲ သူ့ဘာသူ ပြထားနှင့်လို့ မရပြန်ဘူး။ ဆေးခန်းအုပ်ချုပ်သူ တာဝန်ရှိသူတွေအနေနဲ့ရော ဘာဖြစ်လို့ ဝင်ပြီး မဖြေရှင်းပေးနိုင်သလဲဆိုရင် လွှတ်တော်ထဲက ကုဋေကြွယ်သူဌေးကြီးပြောတဲ့ စကားတစ်ခွန်းကိုပဲ ပြန်ကိုးကားစရာ ရှိပါတယ်။ “ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ ခရိုနီဆိုတာ နိုင်ငံတော်ဖြစ်သလို နိုင်ငံတော်ဟာလည်း ခရိုနီပါပဲ။” တဲ့။ ဟုတ်တာပေါ့ဗျာ။ ခရိုနီတွေရဲ့ လုပ်ငန်းပိုင်ဆိုင်မှုတွေမှာ အဓိကရှယ်ယာပိုင်ရှင်တွေက နိုင်ငံတော်က လူကြီးတွေချည့်ပဲ မဟုတ်ဘူးလား။ တော်တော်များများက ခရိုနီကြီးတွေ နံမယ်ခံရုံခံထားရတာလေ။ အထူးကုနဲ့ ဆေးခန်းပိုင်ရှင်တွေမှာလည်း သည်သဘောပဲပေါ့ဗျာ။ ဆေးခန်းရဲ့ အဓိကပိုင်ရှင်တွေက ဆရာဝန်ကြီးတွေ ဖြစ်နေပြီး အုပ်ချုပ်သူက သူတို့လက်အောက်မှာ လခစားလုပ်ရတဲ့ ဝန်ထမ်းမျှသာ ဖြစ်ပါတယ်။ ဒါဆိုရင် ပြဿနာကို ဘယ်လိုရှင်းရမလဲဆိုတာ စဉ်းစားဖို့တောင် မလိုတော့ဘူး။
ဒီဆရာဝန်ကြီးတွေရဲ့ စီမံခန့်ခွဲမှုအောက်မှာ အခုလို ပြဿနာပေါ်ရတယ်ဆိုတာ တော်တော်ဖြစ်တောင့်ဖြစ်ခဲထဲမှာ ပါပါတယ်။ ဘာလို့ဆိုတော့ သူတို့ပင်စင်ယူပြီး အပြင်ဆေးခန်းလောကမှာ ကျင်လည်လာတဲ့လုပ်သက်ကိုက အခုကိုယ့်လုပ်သက်ထက်များပါတယ်။ (ကိုယ်အလုပ်ဝင်စမှာ သူပင်စင်ယူပြီးနေပြီ) နမော်နမဲ့ မေ့လျော့ပေါ့ဆမှုနဲ့ လူနာသေရတဲ့အစားမျိုးထဲက ဘယ်ဟုတ်ပါ့မလဲ။ ဒါမျိုးဆိုတာ တစ်ရာခွဲလို့ တစ်ယောက် အဖိတ်အစင်ရှိရင်တောင် တင်ပြီးသားလူနာ ပြန်ဆင်းပြေးတတ်တဲ့သဘောရှိပါတယ်။ အဲသလောက်တော်တဲ့ ဆရာဝန်ကြီးရဲ့ စောင့်ရှောက်မှုအောက်မှာ လူနာရေတိမ်နစ်ရရှာပါတယ်။ မမှားသောရှေ့နေ မသေသောဆေးသမား နဲ့ ကို ခွင့်လွှတ်လို့မရအောင် လူနာရှင်ဘက်မှာ ယူကြုံးမရဖြစ်ကြရတယ်။ ဖြစ်မှာပေါ့။ ဖအေတစ်ယောက်လုံး ဖုတ်လှိုက်ဖုတ်လှိုက်ဖြစ်နေချိန်မှာ ဘယ်သူ့မှ ခေါ်ပြလို့မရတဲ့ လူနာရှင်နေရာက စဉ်းစားကြည့်ပေါ့။ သူ့တစ်သက်မှာ လူနာသေဖူးတာ တစ်ယောက်တည်းရှိခဲ့လည်း အဲသည်တစ်ယောက်က ကိုယ့်အဖေဖြစ်နေမှတော့ ဖြေသာစရာလား။ အပြန်ပြန်အလှန်လှန် စဉ်းစားကြည့်ရင် သမားနဲ့ လူနာနဲ့အကြားမှာ မကျေမလည် ရှိလာသခိုက် ကြားကနေ ပြေရာပြေကြောင်း ဖြန်ဖြေတာဝန်ယူပေးမယ့်သူ တစ်ယောက်မှ ရှိမနေတာကို သွားတွေ့ပါတယ်။
ပထမအချက်အနေနဲ့လူနာရဲ့ ရောဂါအခြေအနေ၊ခွဲစိတ်ကုသမှုရဲ့သဘောသဘာဝ၊ ဖြစ်လာနိုင်တဲ့
နောက်ဆက်တွဲအန္တရာယ်တွေရဲ့သဘောကို လူနာရှင်ဘက်က သိမနေပါဘူး။ ဆီးထဲမှာ သွေးပါတယ်။ ဆီးကျိတ်ကြီးလို့ဖြစ်တာ။ ခွဲစရာစိတ်စရာမလိုဘူး။ မှန်ပြောင်းကြည့်ရင်း ခြစ်လိုက်ရင် ပျောက်သွားမှာ။ သူတို့သိတာ ဒါအကုန်ပဲ။ ဆီးကျိတ်ရောဂါဟာ အမျိုးသားတွေ အသက်အရွယ်တော်တော်ကြီးမှ ရတဲ့ရောဂါဖြစ်ပြီး အဲသည်အသက်အပိုင်းအခြားရောက်ရင် သွေးတိုး၊ ဆီးချို၊ နှလုံးစတဲ့ ရောဂါတစ်မျိုးမျိုး တွဲမနေဘူးဆိုရင်တောင် လူနာရဲ့ ကိုယ်တွင်းအင်္ဂါတွေဟာ ဇရာကြောင့် မိမွေးတိုင်းဖမွေးတိုင်း သန်စွမ်းနိုင်ဖို့ မလွယ်ပါဘူး။ ဒါကြောင့် မေ့ဆေးထုံဆေးပေးတဲ့အခါမှာ အန္တရာယ်ရှိနိုင်သော လူနာ အတန်းအစားထဲထည့်ရပါတယ်။ ဒုတိယအချက်က လူနာမှာ မခွဲစိတ်ခင်မှာ ဆီးထဲသွေးပါနေပါပြီ။ ဘယ်လောက်ကြာကြာကတည်းက ပါနေမှန်း မသိပါဘူး။ အဲဒါက လူနာအတွက် အန္တရာယ် နှစ်ဆလောက်ပိုများသွားစေတဲ့အချက်ပါ။ တတိယအချက်က ဆီးကျိတ်ခြစ်တဲ့အခါမှာ မခွဲခင်ကထက် သွေးထွက်ပိုများတတ်တဲ့သဘောရှိပါတယ်။ ဆီးအိမ်ထဲမှာ သွေးခဲနဲ့ ပိတ်တတ်တဲ့အတွက် အပြင်ကနေ ရေတွေကို ပိုက်တစ်ချောင်းနဲ့ ဆီးအိမ်ထဲမှာ တစ်စက်စက်ကျနေအောင် သွင်းထားပေးရပါတယ်။ အဲသည်အတွက်လည်း လူနာမှာ အန္တရာယ်ထပ်ရှိပါတယ်။ အားလုံးပေါင်းလိုက်တဲ့အခါ လူနာရဲ့ အသက်အန္တရာယ်ဟာ ဓါးသွားပေါ်တင်ထားတဲ့ မုန်ညင်းစေ့လောက်ကို ဘေးဖြစ်စေနိုင်သော သဘောရှိပါတယ်။ သို့သော်လည်း လူနာရှင်တွေဘက်က အဲဒါတွေကို မသိပါဘူး။ ခွဲခန်းထဲကို လမ်းလျှောက်ဝင်လာတာ မျက်စိထဲကမှ မထွက်သေးပဲ။
ဆရာဝန်ကြီးတွေအနေနဲ့ တစ်နေ့တစ်နေ့ လူနာများစွာကြည့်ရှုကုသနေရတာကြောင့် ဘယ်လူနာကိုမှ အချိန်များများပေးပြီး စကားမပြောနိုင်ပါဘူး။ လူနာနဲ့တွေ့တဲ့ တဒင်္ဂကလေးအတွင်းမှာ သူ့အပေါ် ပစ်ခတ်ယုံကြည်အားကိုးချင်သွားအောင် ခင်မင်ရင်းနှီးကျွမ်းဝင်စိတ်ကလေးပေါ်လာအောင် နှစ်ပေါင်းများစွာ ကျွမ်းကျင်လာသော နည်းတွေနဲ့ ဂရုစိုက်ပြရပါသေးတယ်။ ဥပမာ မျက်လုံးချင်းတေ့တေ့ဆိုင်ဆိုင်ကြည့်၊ လက်ကလေးကိုကိုင်ထား၊ ကျောကလေးဖြစ်ဖြစ်သပ်ထား၊ ချိုချိုသာသာစကားလေးတွေ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ပြောထားပေး၊ အဲဒီတော့မှ လူနာက သူ့ကို မြင်လိုက်ရုံနဲ့ ဝေဒနာတဝက် သက်သာသွားတယ် လို့ ဖြစ်လာမှာကိုး။ “ခိုင်ခိုင်ကျော်မှာတောင် ထမင်းစားလို့ရတယ်” ဆိုတာ အဲသည်သဘောမျိုးပြောတဲ့စကားထက် မပိုပါဘူး။ သို့သော်လည်း သူ့လူနာမှာ ဘာတွေဖြစ်နေသလဲဆိုတာကို မျက်စိလျှမ်းသွားလိမ့်မယ် လို့တော့ မထင်ပါဘူး။ ဘာဖြစ်လို့ဆိုတော ခွဲစိတ်ဆရာဝန်တို့သဘာဝ ဘယ်အချိန်ဆိုရင် ဘာတွေဖြစ်လာတတ်တယ် ဆိုတဲ့သဘောဟာ သူတို့ကသင်ပေးလို့ ကျွန်တော်တို့ တတ်လာခဲ့ရတာတွေ မဟုတ်လား။ သူ့ဘာသာသိသော်ငြား သူ့ဘာသာ သတိထားသော်ငြား လူနာရှင်တွေကို စိတ်မပူစေချင်လို့ မပြောမိတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ ဒါပေမယ့် လူနာရှင်တွေဘက်မှာလည်း အခြေအနေမှန်ကို သိထားဖို့လိုပြန်တာပဲ မဟုတ်လား။ ဒါကို ဘယ်သူက ပြောပေးမှာလဲ။ အဲဒီသော့ချက် ကြားခံ Buffer ဆိုတာ အခုပြဿနာရဲ့ အဖြေပါပဲ။
ဆေးခန်းကဆရာဝန်ကလေးတွေအနေနဲ့ ပြဿနာဖြစ်လာခဲ့ရင် ကိုယ့်စကား ကျွံနေတယ်ဆိုတာထက်
ကြောက်စရာကောင်းတဲ့အဖြစ် မရှိပါဘူး။ ဘာဖြစ်လို့ဆိုတော့ ဘာတွေဖြစ်လာလာ ကျောထောက်နောက်ခံ မရှိဆုံးက ကိုယ်တွေပဲ မဟုတ်လား။ “စိုးရိမ်ရတယ်နော်” ဆိုတဲ့ မပြောမဖြစ် စကားတစ်ခွန်းနဲ့တင် ဆရာကြီးလာတဲ့အခါ “သူ ဘာမှလည်း မတတ်ပဲနဲ့။” ဖြစ်သွားပြီးပြီ။ အဲသည်အချိန်မှာ မိသားစုနဲ့ထပ်တူ စိုးရိမ်ပူပန်နေရတဲ့ တခြားတစ်ယောက်ယောက်ကို ပြပါဆိုရင် အဲဒီဆရာဝန်ကိုပဲ ပြရလိမ့်မယ် ထင်ပါတယ်။ လူနာရဲ့စိုးရိမ်ရေမှတ်မှာ သူ့ရဲ့အသက်မွေးဝမ်းကျောင်းအလုပ်ကို ပူးချည်ထားတာကိုး။ သူ့ခမျာ ပြောချင်တာတွေလည်း အများကြီးနေမှာ။ သို့သော် ဘာတစ်ခွန်းမှ ပြောရဲမယ်တော့ မဟုတ်ဘူး။ ပဲလှော်ကြား ဆားညပ်တယ် ဆိုတာ သူမှ အစစ်။ တကယ်တမ်းအဲသည်အချိန်မှာ မရှိမဖြစ်လိုအပ်နေတာ လူနာရှင်ဘက်က ဆွေမျိုးသားချင်း ဆရာဝန်တစ်ယောက်ယောက်ပါ။ ဆေးကုသပေးဖို့ မဟုတ်ပါဘူး။ အခြေအနေကို ဝင်ရောက်ဆွေးနွေး မေးမြန်းပေးဖို့ ဖြစ်ပါတယ်။ ဘာတွေလုပ်ထားတယ်။ ဘာတွေဖြစ်နေတယ်။ ဘာဆက်လုပ်ရမယ်ဆိုတာကို လူနာရှင်တွေဘက်ကို နှစ်သိမ့်ဆွေးနွေး အကြံပေးနိုင်ဖို့ အသည်းအသန် လိုအပ်နေပါတယ်။ တကယ်တော့ အဲသည်မိသားစုမှာ ကိုယ်နဲ့သိထားတာတင် ဆရာဝန်နှစ်ယောက်ရှိပါတယ်။ နှစ်ယောက်စလုံး ပြည်ပမှာရောက်နေတာပါ။ သူတို့ထဲကတစ်ယောက်ယောက်ကို မိသားစုအနေနဲ့ အဲသည်အချိန်ကရော အခုချိန်မှာပါ လိုအပ်နေပါတယ်။ ကျန်ရစ်သူတွေကို နှစ်သိမ့်ပေးဖို့အတွက်ပါ။ စိတ်ဒဏ်ရာတွေကို ကုစားပေးဖို့အတွက်ပါ။ အပြင်လူတွေ နားလည်ရခက်ခဲပြီး ဆရာဝန်အချင်းချင်းသာ စာနာနိုင်တဲ့ သေမင်းနဲ့စစ်ခင်းရတဲ့ အခက်အခဲတွေကို စိတ်အေးလက်အေး ရှင်းပြပေးနိုင်ဖို့ပါ။ ဖြစ်လာခဲ့တိုင်း ဆရာဝန်တွေဘက်က ပင်းဖို့ကာကွယ်ဖို့ထက် သောကပရိဒေဝမီးတောက်လောင်နေတဲ့ မိသားစုကို စိတ်ဖြေရာပေးနိုင်ဖို့ အဓိကပါ။
လူတိုင်းမကင်းနိုင်တဲ့သဘောကြောင့်မို့ နာဖျားမကျန်း အိုမင်းရခြင်းသဘောတွေဟာ ထပ်၍ထပ်၍ တွေ့ကြုံရဦးမယ့် ဓမ္မတာရှိပါတယ်။ နောက်ထပ် နေထိုင်မကောင်းရှိလာခဲ့ရင် မြန်မာပြည်မှာ ဘယ်တော့မှ မကုတော့ဘူး လို့ ပိုက်ဆံအထုပ်လိုက် ပြင်ထားလို့လည်း မပြီးပါဘူး။ အဲလိုဆိုရင် စင်္ကာပူမှာ သိန်းထောင်ပေါင်းများစွာ အကုန်ခံ၊ အကြိမ်ကြိမ်ခွဲစိတ်ကုသပြီးတာတောင် မသေလောက်တဲ့ရောဂါ၊ ပျောက်လည်း မပျောက်၊ မသေမရှင်ဖြစ်နေတာမို့ လေယာဉ်စင်းလုံးငှားပြီး မြန်မာပြည်ပြန်သယ်လာရတဲ့ လူနာတစ်ယောက်ရဲ့ ကျန်ရစ်သူမိသားစုနဲ့ တွေ့ပေးချင်ပါတယ်။ အခုလက်ရှိခံစားနေရတဲ့ အဲသလောက်ကုန်ကျထားတာတောင် သည်လောက်ပဲ ဂရုမစိုက် ပစ်ထားကြရသလားဆိုတာထက် မလျော့တဲ့ နာကျည်းမှုတွေ ခါးသည်းမှုတွေ အပြည့်နဲ့ ဖြစ်ပါတယ်။ လူနာတွေရဲ့ ကျန်းမာရေးနဲ့ပတ်သက်လာရင် ဘယ်တုန်းကမှ ဇာတ်နာအောင် ဖတ်ကောင်းအောင် ဆင် မရေးခဲ့ပါဘူး။ အများကြီးကို လျှော့ရေးထားတာပါ။ လက်ရှိအခြေအနေမှာ မြန်မာပြည်က အထူးကုဆေးခန်းကြီးတွေရဲ့ ကျန်းမာရေးဝန်ဆောင်မှုဟာ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ဆိုရင် ဘယ်လိုပဲတွေးတွေး အောက်ကျနောက်ကျရှိနေမှာ မလွဲပါဘူး။ သို့သော်လည်း တောကြိုအုံကြားက ကျွန်တော်တို့လို ဘာအထောက်အကူမှ မရှိပဲ ရမ်းရမ်းကားကား ကုနေတဲ့ဆရာဝန်တွေလက်မှာလည်း မသေချင်တဲ့သူက တော်တော်ကို အသက်ပြင်းတာပါ။ တကယ်တော့ လူတစ်ယောက်ရဲ့ သေခြင်းရှင်ခြင်း အကြောင်းတရားဟာ ဆရာဝန်တစ်ယောက် ရဲ့ လက်ဖျားပေါ်မှာ တင်ထားတာ မဟုတ်ပါဘူး။ သူကသာ သူ့ဘာသာ ငါကယ်လို့ ရှင်သွားတာ လို့ တွက်ချင်တွက်မယ်။ (ငါလုပ်လို့ သေသွားတယ်လို့တော့ ဘယ်တွက်ပါ့မလဲ) ကံအကြောင်းတရားလို့သာ သဘောထားရမှာပါ။ သို့သော် အဲသည်လို ကံအကြောင်းတရား လို့ လက်ခံလာနိုင်ဖို့အတွက်တော့ ဆရာဝန်ဘက်က နှစ်သိမ့်မှုပေးဖို့လိုပါသေးတယ်။ ပဲကြီးလှော် ဘယ်လောက်ကောင်းကောင်း သိကြားမင်းကြီး ပဲလှော်ဖိုထောင်ရင်တောင် “သူ့ချည့်သာလော။” လို့ မေးရင် “ဆားနှင့်ပါ ဘုရား။” လို့ပဲ ဖြေရပါမယ်။ ဆရာဝန်ကြီးတွေ ဘယ်လောက်တော်တော် ကြားကနေ ဖြန်ဖြေနှစ်သိမ့် ရှင်းပြပေးရမယ့် ကြားခံဆရာဝန်ကလေးတွေရဲ့ ပါးရည်နပ်ရည်ရှိမှုမပါရင် အခုလိုပဲ ပြဿနာတွေ ဖြစ်နေဦးမှာပါပဲ။ အဲဒါကြောင့် ကလေးတွေကို ပြည်ပန်းညို ချိုချင်ပါလျက် ဆားကဖျက်တယ် လို့ မမြင်ပဲ သင်တိုင်းတတ်၊ စပ်တိုင်းဟန်၊ ခပ်တိုင်းငံတဲ့ ပဲခူးဆားကလေးတွေ ဖြစ်လာအောင် လူရေးလူရာကလေးသွင်းပြီး လေ့ကျင့်သင်ကြားပေးစေလိုပါတယ်။ ဆရာဝန်လေးတွေလည်း ပဲလှော်ကြား ဆားညပ်ရတဲ့ ဒုက္ခက ကင်းဝေးနိုင်ကြပါစေ။
ကျမဒီလို မန့်ပေးခဲ့ပါတယ်။
မှန်လိုက်လေဆရာရယ်၊MO လေးတွေကို ရနှစ်တောင် သင်ပေးထားပြီးမှ လူရေးလူရာသွင်းပြီး တော်ရုံကုသမှုတော့ ပေးလုပ်သင့်ပါတယ်။emergency care နဲ့ modern treatment တွေကို ဆေးကုခြင်းနဲ့ အသက်မွေးမယ့် ဆရာဝန်တိုင်းကိုလည်း ၂နှစ် တစ်ခါလောက် refresher course လုပ်ပေးဖို့လည်း လိုမယ်ထင်ပါတယ်။ ဆေးကုခြင်းနဲ့ အသက်မမွေးတော့တဲ့ ကျမတို့ကတော့ ဆရာပြောသလိုပဲ နှစ်သိမ့်ဆွေးနွေး ပညာပေးတဲ့ အလုပ်လုပ်ပေးနေပါတယ်။
မောင်ပေ
August 22, 2012 at 8:52 pm
အဆိုးတွေကြားမှာ ကောင်းတာလေးတွေရှာရင်း ကောင်းအောင်နေရင်း
အန်တီမာ လမ်းညွှန်ပေးတဲ့ “ဆက်ဆံရေးအနုပညာ” စာအုပ် ကို သွားဝယ်ဖတ်မယ်ခင်ဗျ
padonmar
August 22, 2012 at 9:00 pm
သာဓုပါမောင်ပေရေ
ဝယ်မရရင်လည်းပြောပါနော်။ပို့ပေးပါမယ်။
ဖတ်ပြီးရင် ကျမပြောသလိုပဲ ကိုယ့်ရဲ့ မိသားစု၊ကိုယ့်ရဲ့ ပတ်ဝန်းကျင်ပေါ်မှာ စကားလုံးတွေနဲ့ အပြစ်ပေးမိတာတွေ လျော့ပါးလာပါလိမ့်မယ်။
မောင်ပေ
August 22, 2012 at 9:13 pm
အဲဒါ မိန်းပဲ အန်တီမာရေ
မှန်လိုက်တာဗျာ ၊ မေ့နေသော အကြောင်းအရာကို ပြန်ဖော်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျ
အရင်တုန်းက ဆရာဦးဖိုးကျား ရေးခဲ့တဲ့ ဝတ္ထုတိုလေးတစ်ပုဒ်ထဲမှာ ထင်တယ်
မကောင်းတာ တစ်ခုဖြစ်ရင် ၊ ဘယ်သူ ဘယ်ဝါကြောင့် ဆိုပြီး တစ်ယောက်ကို တစ်ယောက် လွှဲချကြတဲ့ မိသားစု တစ်စု နဲ ့
မကောင်းတာ တစ်ခုဖြစ်ရင် ၊ တစ်မိသားစုလုံးက အဲဒီမကောင်းတာ ကို ကိုယ်နဲ ့လုံးဝ မဆိုင်သည့်တိုင် ငါ့ကြောင့်ဖြစ်တာပါဆိုပြီး တာဝန်ယူကြတဲ့ မိသားစု တစ်စု
အကြောင်းကို နှိုင်းယှဉ်ရေးပြထားတာလေးကိုပါ ပြန်သတိရမိတယ်ဗျာ
ကျွန်တော့်ပတ်ဝန်းကျင်မှာလဲ…. ကျွန်တော်ကိုယ်တိုင် အလုပ် တစ်ခုခုဖြစ်ပြီဆိုရင် ၊ ကောင်းတာ ဘာရှိလဲ လုံးဝ မကြည့်ပဲနဲ ့ဘာမကောင်းတာရှိသလဲ ဆိုတာကိုပဲ မျက်စိဒေါက်ထောက်လိုက်ကြည့်ပြီး အပြစ်တင်နေတာချည်းပဲမို ့…
အန်တီမာ ပြောတဲ့ စာအုပ်ကို မနက်ဖန် မရမက ရှာဝယ်တော့မယ်ဗျို ့
လေးစားကျေးဇူးတင်စွာဖြင့်
မောင်ပေ
ကြောင်ကြီး
August 23, 2012 at 9:52 am
အနုပညာ
ပြုပြင်ပါ
လုသခင်ညာ
နုစဉ်မှာ
ယုခင်ဟာ
ဥကင်ရှာ
ခုထင်တာ
သူ့လင်ရွာ..။