လွမ်းရိပ်ညညို

လင္းစက္ရာAugust 25, 20121min494

ဆောင်းတစ်ခုလုံး
အရည်ပျော်ကျမသွားရုံတမည်
အလွမ်းတွေက
စိုထိုင်းဆ များလွန်းရဲ့….၊
ဒီည
မျက်ဝန်းညိုတွေ အိပ်မောကျနေပြီလား…
ငါ့အလွမ်းတွေ နာဖျားတုန်း……။

လက်နက်တွေမှ
သတ်ဖြတ်တတ်တာမဟုတ်ဘူး
အလွမ်းသိစိတ်နဲ့
ငါ တတိတိ ချည့်နဲ့လာတယ်…၊
အုန်းမောင်းခေါက်ပါ..
လင်းကြက်တွန်ပါ..
အမှောင်တွေထဲ
တိတ်တိတ်ဆိတ်ဆိတ်…..
ကြာလွန်းတယ်…။

မင်းနှုတ်ခမ်းအတွန့်အကွေးမှာ
ဝိညာဉ်တစ်ခုလုံး ခိုစီးသွားတာတောင်
မင်းမသိလိုက်ဘူးလား…ကောင်မလေး
ဒါမှမဟုတ်
မင်း ကျွမ်းကျင်လိမ္မာတာဖြစ်မယ်…။

(အဲဒီ) ပန်းနုရောင်ပဉ္စလက်နဲ့
ဝင်သက်ထွက်သက်တွေ
ကာရံပျက်စေတာ
ငါ ဦးညွတ်ပါတယ် ကောင်မလေး ၊
ရင်တစ်ခွင်လုံး ဂျိုးဂျိုးဂျိမ့်ဂျိမ့်
ဆောင်းအငွေ့တွေ ပျောက်ဆုံးသွားတဲ့အထိ
မုတ်သုံတွေ ပြန့်ကြဲစေခဲ့တယ်..၊
လက်ဖျစ်တစ်တွက်တိုင်း
ကုဋေတစ်သိန်းသော (စိတ်)ဖြစ်စဉ်တွေတိုင်းကို
သက်ရောက်မှုရှိလောက်အောင်
မင်း ခမ်းနားခဲ့ပါတယ် ကောင်မလေး…။

အရှုံးတွေနဲ့
ယဉ်ပါးပြီးသားပေမယ့်
ဆောက်တည်ရာမရ
ငါ ကြောက်လန့်နေရတုန်းပဲ..ချစ်သူ..။
ပျစ်ခဲအေးစက်သွားတဲ့
ကော်ဖီခွက်  ၊
စိတ်အဆာပြေ ရင်လွှဲတတ်တဲ့
နတ်ဆိုးတစ်ကောင်  ၊
ကြမ္မာကို ငင်ဖို့
ငါကိုယ်တို်င် ကျစ်တဲ့ကြိုးတွေ…။
ကိုယ့်ကိုယ်ကိုယ် သိမ်းထုတ်နေရင်း
တနုံ့နုံ့ ပိုလွမ်း
ငါ့ဝိညာဉ်ကို
တစ္ဆေတစ်ကောင် ခိုးနမ်းသွားသလိုမျိုး……။

လူတစ်ယောက်
ချောက်ချောက်ချားချား
ကဗျာတစ်ချို့တစ်လေပဲ
ဖက်တွယ်ထားရတာ
လက်အံတောင် သေလို့….။      ။

လင်းစက်ရာ

4 comments

  • မောင်ပေ

    August 25, 2012 at 6:33 pm

    လွမ်းရိပ်ညညို
    ပမ်းထိပ်လှပျို
    စမ်းနှိပ်ထငို
    ရမ်းပိတ်စပို
    အမ်းတိတ်ဘဝတို

  • si tone

    August 25, 2012 at 9:49 pm

    ကဗျာက ကောင်းနေတာကို ဘာလို့ လက်အံကသေ သွားရတာလဲ…………….

  • YE YINT HLAING

    August 26, 2012 at 3:57 pm

    “လက်နက်တွေမှ
    သတ်ဖြတ်တတ်တာမဟုတ်ဘူး
    အလွမ်းသိစိတ်နဲ့
    ငါ တတိတိ ချည့်နဲ့လာတယ်…၊
    အုန်းမောင်းခေါက်ပါ..
    လင်းကြက်တွန်ပါ..
    အမှောင်တွေထဲ
    တိတ်တိတ်ဆိတ်ဆိတ်…..
    ကြာလွန်းတယ်…။”
    အဲဒါလေး ကြိုက်တယ် ! ။

  • မြတ်ကျော်သူ

    August 26, 2012 at 6:47 pm

    လက်အံတွေ အသေမခံပါနဲ့ဗျာ..
    လွတ်လွတ်လပ်လပ် …လွှတ်ချပစ်လိုက်…
    လွတ်ကျသွားတာကို ခံနိုင်ဖို့…

Leave a Reply