ငယ်ငယ်တုန်းက ကလေးအတွေး၊ စပ်စုအမေးများ။
ငယ်ငယ်တုန်းက ကလေးအတွေး၊ စပ်စုအမေးများ။
ကလေးဘဝတုန်းက သိချင်လို့စပ်စုချင်စိတ်နဲ့မေးခဲ့တာတွေ ပြောခဲ့တာတွေကို အခုအသက်အရွယ်ရောက်လို့ ပြန်ပြီးတွေးကြည့်ရင် ရယ်စရာ၊ ပြုံးစရာ ဟာသအမေးတွေဖြစ်သွားတယ်လေ။ ကလေးဘဝက ကလေးအတွေး ကလေးအမေးတွေ ဆိုတော့ မှန်တာရှိနိုင်တယ်ဆိုပေမယ့် အလွဲလေးတွေ အတွေးချော်လေးတွေနဲ့ အမေးတွေ ဘဲဖြစ်ကြတာများပါတယ်၊ ဒါကြောင့်လည်း ခင်ခတစ်ယောက် စိတ်ပင်ပန်းတဲ့အခါ စိတ်ထဲတစ်ခုခုခံစားရတဲ့အခါ နေရတာပျင်းတဲ့အခါမှာ ကိုယ်ငယ်ငယ်က အလွဲတွေနဲ့ မေးခဲ့၊ တွေးခဲ့တာတွေကို ပြန်စဉ်းစားလိုက်မိတယ်ဆိုရင် ခုနက စိတ်ပင်ပန်းတာတွေ ခံစားနေရတာတွေ ပျင်းနေတာတွေ ပြေလျော့ပြီး ပြုံးမိရယ်မိတယ်လေ။ စာဖတ်သူ အပေါင်းရော ပျင်းတဲ့အခါ စိတ်မပျော်တဲ့အခါ အဲလိုမျိုး ငယ်ငယ်က အလွဲအမေးလေးတွေ ပြန်စဉ်စားပြီး နေကြည့်ပါလား၊ ငယ်ငယ်တုန်းက အတွေးအမေးလေးတွေဟာ တစ်ခါတစ်ရံရယ်စရာဟာသတွေဖြစ်နေတတ်လို့ ပါဘဲလေ။
ခင်ခငယ်ငယ်က ကလေးအတွေးနဲ့ မေးခဲ့တာတွေ၊ ပြောခဲ့တာတွေဟာ ဘယ်လောက်ဟာသဖြစ်စရာကောင်းလဲ ဆိုတာကို မှတ်မိသလောက်ရေးပြမယ်လေ လွဲလွဲလေးတွေဘယ်လောက်များလဲလို့ဖတ်ပြီး ပြုံးကြဖို့ပေါ့။
ကျွန်တော်တို့ ငယ်ငယ်က ရန်ကုန်မြို့၊ စမ်းချောင်း မကြီးကြီးလမ်းနဲ့ကျွန်းတောလမ်းထောင့်မှာ နေခဲ့ကြတာပေါ့၊ အဲဒီတုံးကသုဿန်က နာနတ်တောခေါ်တဲ့ ကြံတောသုဿန်(ယခုဟံသာဝတီ ကားပွဲစားတန်းနေရာ)မှာ သေဆုံးသူတွေကို သင်္ဂြု ိလ်တာပေါ့၊ အဲဒီတော့ ကျွန်တော်တို့နေတဲ့ အိမ်ရှေ့ကလမ်းဖြစ်တဲ့ ကျွန်းတောလမ်း ကနေ နာရေးပို့သွားကြတာ နေခင်းဆို တွေ့တွေ့နေရတာပေါ့။ အဲဒီမှာ ကျောင်းပိတ်တဲ့နေ့တစ်နေ့ နေ့ခင်း အိမ်ရှေ့က နာရေးပို့ကားတန်းဖြတ်သွားတော့ ကလေးအတွေး စပ်စုအမေးပေါ့။ အဘိုး( ခင်ခတို့က အဘိုးကို ဘဘကြီးလို့ ခေါ်ကြ တယ်) ကိုမေးပုံက-
ခင်ခ – အဘိုး ဘာဖြစ်လို့ တရားတွေရွတ်သွားရတာလဲ။
အဘိုး – သေတဲ့သူ သွားတဲ့ခရီး ကောင်းတဲ့နေရာရောက်အောင်ပေါ့။
ခင်ခ – သေတဲ့သူက ဘယ်သွားလို့လဲ။
အဘိုး – သေတဲ့သူက နောင်ဘဝကို သွားတာပေါ့။
ခင်ခ – နောင်ဘဝက အဝေးကြီးလား ဘယ်လိုသွားရတာလဲ ဘဘကြီး။ အခုက ကြံတောကိုလိုက်ပို့တာ မဟုတ်လား။
အဘိုး – အဲဒီကြံတောက ဂူတွေကနေတဆင့် သွားရတာလေ။ ( အဘိုးက အလွယ်ဖြေခဲ့တာဖြစ်မယ်လေ။)
ခင်ခ – ခုနကားတန်းမှာ သေတဲ့သူကဘယ်လိုလိုက်သွားလဲ ဘဘကြီး။
အဘိုး – ရှေ့ဆုံးက မှန်ကားထဲမှာ သေတ္တာတစ်ခုတင်သွားတာတွေ့လား။
ခင်ခ – တွေ့တယ် ဘဘကြီး၊ ပြောင်ပြောင်နဲ့ အလှတွေတောင်ဆင်ထားတယ်၊
အဘိုး – အဲဒီထဲမှာ ပက်လက်အိပ်ပြီး လိုက်သွားတာပေါ့။
ခင်ခ – ဇိမ်ကျမှာပေါ့နော် ၊ သားလည်းအဲလို လိုက်စီးလို့ရလား ဘဘကြီး၊
အဘိုး – ဟေ့ကောင်လေး အဲဒါ ကလေးစီးစရာလား၊ ပေါက်တတ်ကရတွေလာမေးနေတယ်၊ တော်တော့ ပါးစပ်ပိတ်ထား။
အဲဒီတုံးက ခင်ခက သူငယ်တန်းကလေးအရွယ်ပေါ့။ သေဆုံးတယ်ဆိုကောင်းကောင်းမသိသေးတဲ့ ငတုံးပေါ့။ ဒီလိုနဲ့ အဘိုးဆူတာမို့ အတွေးအမေးလေးလည်း တခန်းရပ်ခဲ့ပါပေါ့ဗျာ။
အဲလိုနဲ့ ခင်ခ ပထမတန်းရောက်တဲ့အချိန် ကျွန်တော်နေတဲ့အိမ်နဲ့ မျက်စောင်းထိုးက အဖွားတစ်ယောက်ဆုံး တော့အဘိုးက နာရေးပို့မှာကို ခင်ခကစပ်စုချင်တာနဲ့ အဘိုးကို ကျွန်တော်လိုက်ဖို့ပူဆာတော့ အဘိုးကလည်း ဒီလောက်စပ်စုချင်တဲ့ကောင် လိုက်ခဲ့ဆိုပြီးခေါ်သွားတယ်လေ။ သေဆုံးတဲ့အဖွားကို ကြံတောသုဿန်မှာ ဂူသွင်းသင်္ဂြု ိလ်တာလေ။ ဟိုရောက်တော့ ခင်ခတစ်ယောက် ဂူသွင်းမဲ့အုတ်ဂူလေးနားသွားပြီး ဟိုကြည့်ဒီကြည့် စပ်စုလိုက်သေးပေါ့၊ နောက်မှ ကလေးတွေနောက်ဆုတ်အော်သံကြားလို့ ကြောက်ပြီးနောက်ဆုတ်ခဲ့ရတယ်။ အဲဒီနေ့ ညနေဖက် ဆော့ကစားပြီးရေချိုးလို့ အဝတ်အစားလဲပြီးကာ အဘိုးအိမ်ရှေ့ထိုင်နေတဲ့နား သွားထိုင်ပြီး ခင်ခတစ်ယောက် ကလေးအတွေး စပ်စုမေးပြန်ပေါ့—-
ခင်ခ – ဘဘကြီး နေ့လည်က အဖွားကြီးကိုထဲ့တဲ့ ဂူက သားကြည့်တာတော့ အောက်မှာဘာအပေါက် မှလည်းမပါဘူး၊ ဘဘကြီးဟိုတစ်ခါပြောတော့ နောင်ဘဝကို အဲဒီကသွားတာဆို။ ပြီးတော့ အပေါက်မရှိ အလုံဆိုတော့ အဖွားကြီး အသက်ဘယ်လိုရှုမလဲဟင်။
အဘိုး – သေတဲ့သူက အသက်မရှုတော့ဘူးလေ။ ပြီးတော့ အသက်မရှု့တဲ့အတွက် သားတို့လိုလည်း လှုပ်လှုပ် ရှားရှားမနေနိုင်တော့ဘူး ဘယ်မှလည်းမသွားနိုင်တော့ဘူး၊ အဲဒါကို အိမ်မှာ ဒီအတိုင်းထားရင် ပုပ်ဆော်တွေ နံလာမှာမို့ သုဿန်ကိုပို့ပြီး မြေမြုပ်ကြရတာလေ။ အဲဒီတော့ အသက်ရှုစရာ မလိုဘူးပေါ့၊ နောက်ဘဝကို သွားတယ်ဆိုတာ အဲဒီဂူအပေါက်ကနေ သွားတာမှဟုတ်ဘူး ခုန အသက်ရှု့တဲ့အရာက အခြားတစ်ယောက် ဆီမှာ ပြောင်းပြီးသွားအသက်ရှုတာပေါ့ ငါ့မြေးရာ။
ခင်ခ – အဒါဆို သင်္ဂြု ိင်းပို့တဲ့သူက ပြန်မလာတော့ဘူးပေါ့နော်၊ အဲဒါဆိုအိမ်ကသူတွေနဲ့ မတွေ့ရတော့ဘူးပေါ့။
အဘိုး – ဒါပေါ့
အဲဒီပထမတန်းနှစ် လအတော်တော်များများမှာ ခင်ခတစ်ယောက် ကိုယ့်လက်ဖဝါးလေးကို ကိုယ့်နှာခေါင်းနား ကပ်ပြီး အသက်ရှု ရှု ကြည့်လိုက်မိတာမပြောပါနဲ့လေ။ အခုအဲဒါပြန်တွေးတော့ သေမှာအတော်ကြောက်ခဲ့တဲ့ အဖြစ်ကိုရယ်ချင်မိတယ်။
ငယ်ငယ်ကကျွန်တော်နေတဲ့အိမ်ရှေ့ ကျွန်းတောလမ်းကနေ အနည်းငယ်လျောက်လိုက်ရင် ဌက်ပျောတောလမ်း အကျော်လောက်မှာ ဝင်းသိန်းမြင့် မုန့်ရောင်းတဲ့တိုက်ဆိုင်လေးဆိုတာရှိခဲ့တယ်။(အခုရှိ မရှိတော့မသိဘူးနော်) အဲဒီမှာ ရေခဲမုန့် ( ဝေဖာကတော့လေးပေါ်မှာ ရေခဲမုန့်အလုံးလေး တင်ပေးတာ)ဝယ်ပြီး အဲဒီမုန့်ဆိုင်နဲ့ မျက်စောင်းထိုးလောက်က လမ်းဘေးဘုရားလေးမှာ သွားထိုင်ပြီးစားကြတယ် ဆော့ကစားတဲ့ သူငယ်ချင်း တွေနဲ့ပေါ့။ ကလေးဆိုတော့ ရေခဲမုန့် အရည်တွေက အောက်ခံဝေဖာကနေ အောက်ကိုကျတာပေါ့။ ဘုရားကျောက်ပြားပေါ်ပေါ့။ အဲဒီမှာ ဘုရားရှစ်ခိုးလာတဲ့ အဒေါ်ကြီးတစ်ယောက် လှမ်းမြင်တော့
အဒေါ်ကြီး – ဟဲ့ ကလေးတွေ အစက်တွေအောက်ကျကုန်ပြီ တော်ကြာပါးရွက်ဆိတ်လာလို့ ရှစ်ခိုးတဲ့သူတွေရဲ့ တင်ပါးကိုကိုက်နေအုံးမယ်။
အဲဒီမှာ ခင်ခတစ်ယောက်တလွဲမှတ်ထားမိတာက ပုရွက်ဆိတ်ဆိုတာ တင်ပါးကိုက်တယ်ပေါ့၊ ဒီလိုနဲ့ တစ်နေ့ အိမ်ရှေ့က ဗာဒါပင်ပေါ်က ခါချဉ်(ပုရွက်ဆိတ်အနီကောင်)ထုပ်ပြုတ်ကျတော့ ကျွန်တော်တို့က အဲဒီနားမှာ ဘောလုံးကန်ဆော့နေကြတာမို့ ခါချဉ်ထုပ်ကို ခြေထောက်နဲ့ပြေးကန်မယ်လုပ်တော့ သူငယ်ချင်းက “မင်းခြေထောက်ကို ကိုက်လိမ့်မယ်´´လို့ အော်နေပေမယ့် ပုရွက်ဆိတ်ဆိုတာ “တင်ပါးကိုကိုက် တာကွ´´လို့ ပြောပြီး ပြေးကန်လိုက်တာ ခါချဉ်ထုပ်ပြေသွားလို့ ခြေထောက်တွေပေါ်တက်ကိုက်တာ “ပုရွက်ဆိတ်ဆိုတာ တင်ပါးကိုက်တယ်လို့ ဟိုနေ့ကအဒေါ်ကြီးပြောတာ ဘုရားရှစ်ခိုးပြီး လိမ်ပြော တာလို့´´ဆိုပြီး ပုရွက်ဆိတ်တွေလက်နဲ့ခါထုပ်ရင်း ငိုလိုက်ရတာလေ။ အခုမှပြန်စဉ်းစားပြီး ရီမိတယ် တကယ်တော့အဒေါ်ကြီးလိမ်ပြောတာမဟုတ်ဘူး ကိုယ်က ကလေးတွေး တွေးပြီးအမှတ်မှားတာလို့။
အဲဒီ ပထမတန်းအရွယ်လောက်ကဘဲ သီတင်းကျွတ်လပြည့်နေ့ည မီးပန်းတွေ အိမ်ရှေ့လမ်းစပ်မှာ ထွက်ပြီးဆော့ကြတယ်၊ ယုန်ရုပ် ကားရုပ် စတဲ့ ဖယောင်းတိုင်လေးထွန်းပြီး တွန်းရတဲ့မီးပုံးတွန်းလှည်း လေးတွန်းနေရင် ကောင်းကင်က လကြီးသာနေတာကို ကြည့်ပြီး အဘိုးကို အမေးအမြန်းထူးပြန်ပေါ့
ခင်ခ – လကြီးမှာ ထွန်းထားတဲ့မီးက အကြီးကြီးလား ဘဘကြီး
အဘိုး – လထဲမှာဘာမှမထွန်းပါဘူး နေရောင်ကနေ လကိုကျပြီး လ မျက်နှာပြင်က အရောင်ပြန်ထွက်တာပါ။
ခင်ခ – ဒါဆိုလမျက်နှာပြင်မှ အရောင်ပြန်တဲ့မှန်တွေ အများကြီးရှိနေလို့ပေါ့နော်။
အဘိုး – ကျန်ကျန်ဖန်ဖန် ငါ့မြေးရယ်။
လို့ဘဲပြောပြီး ရီနေတယ်လေ။ ကျွန်တော်လည်းဆက်ဆော့တာပေါ့။ အဲဒီလိုနဲ့ တစ်ည အပြင်ဘက်ထိုင်နေတဲ့ အဘိုးနားသွားထိုင်ရင်း ကောင်းကင်မော့ကြည့်တော့ လ က တဝက်အကွေးလေးဘဲလင်းနေတာတွေ့လို့-
ခင်ခ – ဘဘကြီး အခုကြတော့ လ ကတစ်ဝက်ဘဲလင်းနေတာလား၊ ဘာလို့လဲ။
အဘိုး – မှောင်နေတဲ့ဘက်မှာ လူထိုင်ပြီး ဓာတ်ပုံအရိုက်ခံနေလို့ပေါ့။
ခင်ခ – လပေါ်မှာထိုင်ပြီး ဓာတ်ပုံရိုက်လို့ ရလို့လား၊
အဘိုး – ရတာပေါ့၊ ဒါပေမယ့် ကလေးတွေတော့မရဘူး လူကြီးတွေမှရမှာ။
ခင်ခ – ကလေးတွေက ဘာလို့မရတာလဲ။
အဘိုး – လ က အလုံးကြီးဆိုတော့ ကိုင်စရာမရှိဘူး၊ ကလေးကျတော့မထိန်းတတ်ရင် ပြုတ်ကျမှာစိုးလို့လေ။
အဲဒီတုံးက အဘိုးကနောက်ပြီးပြောခဲ့တာဖြစ်ပေမယ့် ခင်ခတွေးခဲ့တဲ့ ကလေးအတွေးက ငါ့လူကြီးဖြစ်ရင် လ ပေါ်မှာ ထိုင်ပြီး ဓာတ်ပုံရိုက်ခိုင်းအုံးမယ်ပေါ့။ အခုပြန်တွေးကြည့်မိတော့ အတော်ရယ်စရာဘဲနော်။
ခင်ခ ဒုတိယတန်းအရွယ်က စမ်းချောင်း ပဒုမ္မာကွင်းမှာ ဇာတ်ပွဲလုပ်လို့ အဖေနဲ့ညီအကို၊ မောင်နှမတွေ ပွဲဈေးတန်းလျောက် မုန့်သွားစားခဲ့တုံးက အဖြစ်ကလေးတစ်ခုကို သတိရသွားပြန်တယ်၊ အဲဒီညဈေးတန်းမှာ လှည်းလေးတွေနဲ့ ဂဏန်း၊ကော်ပြန့်စိမ်းဆိုပြီးရောင်းကြတယ်လေ၊ ကျွန်တော်က ကော်ပြန်စိမ်းကိုကြိုက်တော့ စားချင်တယ်ပြောတာနဲ့ အကိုနဲ့ ညီမကလည်း စားမယ်ဆိုလို့ သားအဖတွေ ကော်ပြန်စိမ်းမှာလိုက်တာပေါ့။ ကော်ပြန့်စိမ်းရောင်းတဲ့ဦးလေးကြီးက ကျွန်တော်တို့မှာတဲ့ ကော်ပြန့်စိမ်းကိုလုပ်နေတုံး ကျွန်တော်စဉ်းစားလိုက် တာက ဂဏန်း၊ကော်ပြန့်စိမ်းဆိုတော့ ဂဏန်းနဲ့လုပ်ထားတာဖြစ်မယ်ဆိုပြီး ရောင်းတဲ့ဦးလေးကြီး လုပ်နေ တာကို ကြည့်လိုက်တော့ ဘေးနားကအိုးလေးထဲက ဝါဝါလေးတွေကိုထဲ့တာတွေ့တယ်၊ မီးဖိုပေါ်တင်ထားတဲ့ အသီး အရွက်ကျော်အိုးတွေ့တော့ အိုးလေးထဲကယူထဲ့တဲ့ ဝါဝါလေးတွေက ဂဏန်းဖြစ်မယ်ပေါ့၊ ဒါနဲ့ဘဲ ရောင်းတဲ့ ဦးလေးကြီးကို အိုးလေးကိုလက်ညှိုးထိုးပြီး ကျွန်တော်ပြောလိုက်တာက-
ခင်ခ – ဦးဦး သားသားကို အဲဒီထဲက ဂဏန်းပိုထဲ့ပေးနော်။
ဦးလေးကြီး – အေးပါသား ဦးပိုထဲ့ပေးပါ့မယ်။
အဖေကတော့ အဲလိုပြောလိုက်တာကို “သားကတော့ကွာ´´ ဆိုပြီးရယ်လေရဲ့၊ ရောင်းတဲ့ဦးလေးကြီးလည်း ပြုံးဖြီးဖြီးလုပ်နေတဲ့မျက်နှာကို အခုရေးရင်းနဲ့တောင် မြင်ယောင်နေမိတယ်လေ။ စားလို့ပြီး ဆိုင်ကထွက်လာ တော့မှ အဖေကရှင်းပြတယ် အဲဒါကြက်ဥကိုကျော်ပြီး သေးသေးလေးတွေလုပ်ထားတာ သက်သတ်လွတ်မှာ ရင်အဲဒီ ကြက်ဥကြော်လေးတွေထဲ့မပေးဘူးလို့၊ ဒါတောင် ခင်ခက အဖေကို စေဒကတက်လိုက်ပုံက-
ခင်ခ – အဖေကလည်း ဒါဆိုလှည်းမှာ ကပ်ထားတဲ့ ဆိုင်းဘုတ်မှာ ဂဏန်း၊ကော်ပြန့်စိမ်းလို့ဘာလို့ရေးထား တာလဲ ဂဏန်းလည်းမပါဘဲနဲ့။
အဖေ – သားကလည်း ဂဏန်းက ကြော်ထားတာရောင်းတာလေ၊ ဂဏန်းရော ကော်ပြန့်စိမ်းရော နှစ်မျိုးရတာ မို့ ဂဏန်း၊ကော်ပြန့်စိမ်းလို့ ရေးထားတာလေ။
အဖေသေချာရှင်းပြတာရယ် ပြန်မပြောရဲတော့တာရယ်ကြောင့် ခင်ခတစ်ယောက် စောဒကထပ်မတက်ဘဲ နေခဲ့ မိတယ်၊ အခုပြန်စဉ်းစားတော့ ဘာကြောင့်ရောင်းတဲ့ဦးလေးကြီးက ပြုံးဖြီးဖြီးလုပ်တာလဲဆိုတာကို သိလာ တယ်လေ။
ခင်ခ တတိယတန်းအရွယ်က မြေနီကုန်းရွှေမန်းရုပ်ရှင်ရုံမှ အဖေနဲ့အတူမိသားစုတွေ စနေနေ့ညပိုင်းပွဲချိန် တစ်ခုမှာ သွားကြည့်ကြတယ်၊ အဲဒီတုံးက ဦးသုမောင်ပါတဲ့ နှောင်းတမြေ့မြေ့ ရုပ်ရှင်ကားပေါ့၊ ရုံအပေါ်ထပ်ကို ဝင်သွားရပြီး ကိုယ်လက်မှတ်ဝယ်ထားတဲ့ခုံတွေမှာ နေရာယူထိုင်ပြီးတော့ အဖေကပြောတယ် သားတို့သမီးတို့ အလံတော်လာရင် မတ်တတ်ရပ်နော်တဲ့။ ဒါနဲ့ဘဲ ခင်ခတစ်ယောက်မှတ်ထားလိုက်တာပေါ့၊ အဲဒီတစ်ခေါက်က ရုပ်ရှင်ရုံမှာ သွားကြည့်ရတာ ပထမဦးဆုံးအကြိမ်ပေါ့၊ အရင်တုံးက အပေါ်မှာရေးခဲ့တဲ့ စမ်းချောင်း၊ ကျွန်းတောလမ်းနဲ့ ဌက်ပျောတောလမ်းနားက ဘုရားလေးပွဲမှာ သုံးကားပေါင်းမိုးလင်း လမ်းမှာပိတ်ကားထောင်ပြတာ ကိုတော့ တစ်နှစ်တစ်နှစ်မလွတ်တမ်းပေါ့။ ဒါနဲ့ဘဲ ရုပ်ရှင်ကားကြီး မပြမှီ အလံတော်လာတော့ ရုပ်ရှင်ကြည့်တဲ့ သူတွေ အားလုံးထမတ်တတ်ရပ်ကြတော့ အဖေကလည်းပြောထားတာနဲ့ ခင်ခတစ်ယောက် မတ်တတ်ရပ် တာပေါ့။ ဒါပေမယ့် ကြည့်တဲ့ရုပ်ရှင်ကား နှောင်းတမြေ့မြေ့ကားပြနေရင်း ဖြစ်ချင်တော့ အလံတော်ပါလာပါရော ဘယ်ရမလဲ ခင်ခတစ်ယောက် ကျန်တဲ့သူတွေနဲ့ဦးအောင်ထမယ်ဆိုပြီး ထရပ်လိုက်တာပေါ့။ အဖေက သားဘာဖြစ်တာလဲ မေးတော့ အလံတော်အလေးပြုဖို့လေ အဖေတို့ကမထဘူးလားပြောတောမှ အဖေက လက်ကိုဆွဲပြီး ပြန်ထိုင်ခိုင်းရတယ်၊ ပြီးမှ ရုပ်ရှင်မပြမှီပထမဆုံးလာတဲ့ အလံတော်အချိန်မှာဘဲ ထပြီး အလေးပြုရတာ ရုပ်ရှင်ဇာတ်လမ်းထဲကဆို မထရဘူးတဲ့လေ။ အဲဒီတော့မှ ခင်ခတစ်ယောက် ဘေးဘယ် လှည့်ကြည့်ပြီး မှောင်နေလို့ တော်သေးတယ်ပေါ့ တွေးခဲ့တာ။ ကြီးလာလို့ ရုပ်ရှင်ရုံထဲရောက် တော့မှသိတာ မှောင်နေလည်း မတ်တတ်ရပ်ရင် ကျန်တဲ့သူတွေသိတာဘဲလို့၊ အခုပြန်တွေးရင် ရှက်စရာ ရီစရာဘဲလေ။
အဲဒီလိုပေါ့ဗျာ တစ်ခါတလေ တစ်ယောက်ထဲပျင်းနေတဲ့အခါ၊ စိတ်အခက်မသင့်ဖြစ်လို့ စိတ်ရှုပ်တဲ့အခါမှာ ငယ်ငယ်တုန်းက ကလေးအတွေး စပ်စုအမေးလေးတွေ ပြန်စဉ်းစားရင်း ရီပြုံး လိုက်ကြပါလားလို့————။ ပျော်ပျော်ပါးပါးပေါ့။
ဖတ်ရှု့အားပေးသူအပေါင်းကျေးဇူးပါ။
ကိုခင်ခ။
19 comments
အရီးခင်လတ်
August 30, 2012 at 11:33 pm
စာရေးဆရာ သိပ္ပံမောင်ဝ မှာ ဇာတ်ကောင် မောင်လူအေး ရှိတယ်။
ဖွားဒွေးကြီးရှိတယ်။
သူက ဖွားဒွေးကြီး ကို ” ပြည့်တန်ဆာဆိုတာဘာလဲ။” မေးတော့
ဖွားဒွေးကြီး က “မိန်းမရွှင်” လို့ ပြန်ဖြေ။
ဒီတော့ သူက “မိန်းမရွှင်” ဘာလဲ ဆက်မေးတော့ ဖွားဒွေးကြီး အကြပ်ရိုက်ပြီး အော်ထုတ်လိုက်တယ်။
နောက်သူ့မှာ မောင်လူမွှေး ဆိုတဲ့ သားလေးရတော့ တစ်ရက် ကလေးကို ဖိနပ် စီးပြီးမှ အပြင်ထွက်ခိုင်းတော့ ကလေးက
သူကျတော့ ဖိနပ်စီးပြီး စာကလေး လေးတွေကျတော့ ဘာကြောင့် ဖိနပ်မစီးကြသလဲ မေးတာ ကို ဖြေရင်း လည်နေတာ နောက်ဆုံး ရေခဲမုန့်သည် သံ ကြား တော့မှ မေးခွန်း ရပ်သွား တာ
တွေကို သတိရလိုက်တယ်။
ကိုခင်ခ ကြည့်ရတာလဲ မောင်လူအေး/မွှေး တို့ ရဲ့ အမျိုးထင်ရဲ့။
မေးခွန်းတွေက ပြောင်မြောက်ပါ့။
ဖတ်ရင်း ပြုံးမိနေတယ်။
ကျွန်မ ကို လာမေးရင် ဘယ်လို ဖြေရပါ့ လို့တောင် တွေးနေမိသေး။
အခုရော ကိုခင်ခ ရဲ့ မေးခွန်းတွေကို ဖြေဖို့ အတွက် ကိုခင်ခ ကိုယ်တိုင် အဖြေတွေ့ပြီလား။ 🙂
ရဲစည်
August 31, 2012 at 12:50 am
အဖြေဆိုလို့ …. အရီးရေ
အဲ့သဟာလေး ကျနော် စဉ်းစားနေလေရဲ့
ကျနော်တို့ ရွာကြီးက တဖြည်းဖြည်းနဲ့ အပြင်လောကနဲ့ တထပ်တည်း ကျလာသလား
အပြင်လောကကဘဲ ရွာကြီးနဲ့ တူလာသလား ………. အဟီး သိတော့ဘူးဗျာ …….။
စိတ်ကုန်လာတာတော့ အမှန်ဘဲ
လူငယ်ပီပီ လက်တွေ့ကျကျ လက်လှမ်းမှီသလောက် သင်ယူလေ့လာ ဆည်းပူးလိုရဲ့
ခုတော့ အသက်က မကြီးသေးဘူး အနော်တော့ သူငယ်ပြန်ချင်နေပီ 🙁
ဘယ်လိုမှတော့ မအောက်မေ့ပါနဲ့
ကျနော်လဲ သဘောတမျိုး ပေါက်သွားလို့ပါ 🙁
ကြောင်ဝတုတ်
August 31, 2012 at 3:31 pm
လက်စသပ်တော့ အရီးလတ်လဲ… မောင်လူအေးတို့ မောင်လူမွှေးတို့ရဲ့ ဖန်တီးသူသိပ္ပံမောင်ဝပရိတ်သတ်ကိုး…
ကျွန်တော်လဲ မသေခင်ညနေအထိစာရေးသွားသူသိပ္ပံမောင်ဝရဲ့ပရိတ်သတ် ကြောင်ဝပါဗျာ…
ကလေးငယ်တွေ ကပ်သီးကပ်သပ်မေးတတ်တာကို နှဖူးတွေ့ဒူးတွေ့တော့ မကြုံဖူးသေးဘူး…
ကိုယ့်ကလေးလက်ထက်ရောက်မှကြုံရတော့မယ်ထင်တယ်… ဒါပေမယ့်လောလောဆယ် ဘယ်ဆီနေမှန်းမသိ…
ကိုခင်ခလိုပဲ ငယ်ငယ်တုန်းက ကျွန်တော်ကိုယ်တိုင်ပေါက်တီးပေါက်ရှာစဉ်းစားမေးမြန်းတတ်သူလို့ အမေ့စကားများအရ
သိရပါတယ်… ဒါပေမယ့် မှတ်မှတ်ရရတော့သိပ်မရှိဘူး… မှတ်မှတ်ရရရှိတာဆိုလို့…
အဖွားနှစ်ယောက် (အဖေ့ဘက်ကအဖွားနဲ့ အမေ့ဘက်ကအဖွား) ဘုရားသွားဖို့ ဆိုက်ကားခစစ်နေတာကို ဘေးကနေကြည့်ပြီး ဆိုက်ကားသမားဘက်က ဝင်ငြင်းပေးဖူးတယ်တဲ့…
အဖွားနှစ်ယောက်စလုံးက ဝကြတယ်လေ… ဆိုက်ကားသမားကိုတောင်းတဲ့ဈေးပေးလိုက်ဖို့နဲ့ အဖွားတို့နှစ်ယောက် အမှန်ဆိုနင်းတဲ့လူကို အားနာပြီး ဆိုက်ကားတစ်စီးစီစီးသင့်တယ်လို့တောင် ၄နှစ်သားကလေးတစ်ယောက်က ဝင်ပြောပေးဖူးကြောင်း ငယ်ဘဝအမှတ်တရအဖြစ် မှတ်မှတ်ရရဝင်ပြောလိုက်ပါတယ်…
ခင်မင်လျက်-
ကြောင်ဝတုတ်
ရဲစည်
August 31, 2012 at 12:24 am
ဟုတ်တယ်ဗျ
တခါတလေ .. စိတ်နည်းနည်းရှုပ်လာရင်
ဟိုတုန်းက အတည်ပေမဲ့ အခုပြန်စဉ်းစားရင် ရယ်မောစရာလေးတွေ ပြန်တွေးပီး စိတ်ကို ဖြေရတာပါဘဲ။
အားပေသွားပါတယ် အစ်ကိုရေ ….
ဘဝအမောတွေ ပြေနိူင်ပါစေ ….. ဟူး ….။
aye.kk
August 31, 2012 at 12:53 am
ကိုခင်ခ
ကျမကတော့ငယ်ငယ်ထဲကစပ်စုတတ်တဲ့အကျိုးကကျေးဇူးကြီးမားခဲ့တယ်။
ဗဟုသုတတွေအစုံအလင်ပါဘဲ။မိတ်ဆွေဘကြီးကပညာတတ်၊ဉာဏ်ပညာ
အမျှော်မြင်ကြီးမားသူဖြစ်လေတော့ငယ်ငယ်ထဲကအသိ၊အလိမ္မာ၊ဗဟုသုတ
တွေမှန်သမျှသင်ကြားပြသပေးခဲ့လို ့အားလုံးကိုနားလည်တတ်သိနေခဲ့တယ်။
မေးသမျှအားလုံးအကျိုးကျေးဇူးရှိခဲ့တယ်။တသက်လုံးကငါးပါးသီလကို
ခါးဝတ်ပုဆိုးလိုမြဲခဲ့တဲ့ဘကြီးဆိုတော့မှန်တဲ့သစ္စာစကားတွေကိုပဲကြားသိခဲ့ရတယ်။
အခုဂေဇက်မှာဗဟုသုတတွေရေးနိုင်တာ။ငယ်ငယ်ထဲကသိခဲ့တဲ့အကြောင်းအရာတွေဖြစ်နေခဲ့တာပါဘဲ။
ကို ခင်ခ
August 31, 2012 at 6:35 am
ပထမဆုံးကွန်မန့်အတွက် ကျေးဇူးနော် အရီးရေ၊ အမေးတိုင်းမှာအဖြေရှိတယ်ဆိုပေမယ့် တစ်ခါတလေ ဖြေတဲ့သူအခက်တွေ့စေတဲ့ အမေးတွေလည်းရှိတတ်ပါတယ်။
ဥပမာ- အခုအရီး ကျွန်တော့်ကိုမေးထားသလိုပေါ့။ ဒါပေမယ့် ငယ်ငယ်တုန်းက အကြောင်းလေးတွေ ကိုတော့အခြေခံပြီး စာဖတ်သူတွေ ပေါ့ပေါ့ပါးပါးလေး ပြုံးစေချင်လို့ ရေးလိုက်မိတာပါ အရီးရေ။
ကိုရဲစည်ရေ အားပေးခဲ့တာအတွက်ကျေးဇူးနော်။
မအေးရေ မိတ်ဆွေဘကြီးတွေ့ခဲ့ရတာ မအေးကံကောင်းတာပေါ့နော်။
အတိသဉ္ဖာ နာဂရချစ်သူ
August 31, 2012 at 8:14 am
ဦးပေါ်ဦးကတော့ လက်အပြင်ထုတ်သွားတယ်ဗျ နော်
nozomi
August 31, 2012 at 9:49 am
ကိုခင်ခ က အမှတ်အသားတော်တော်ကောင်းတာပဲ
ကျွန်တော်တို့ အဲဒီလောက်ဆို သိပ်မမှတ်မိချင်တော့ဘူး
အရင်တုန်းကတော့ ကလေးတွေမေးလာရင် သွားစမ်း ဘာလာရှုတ်တာလဲ လို့ အများစုက ဖြေတတ်ကြတယ်
အခုခေတ်တော့ အများစုက ကလေးတွေရဲ့ စူးစမ်းချင်စိတ်ကို မြှင့်တင်ပေးဘို့ သေသေချာချာ ပြန်ဖြေပေးလာကြပါပြီ
ဒါတောင် မှ ကပ်သီးကပ်သတ် မေးခွန်းမျိုးတို့ ကိုယ် စိတ်ရှုတ်နေချိန်တို့ ဆိုရင်တော့ ဖြေဘို့ ငြင်းဆန်မိတုန်း
P chogyi
August 31, 2012 at 10:54 am
ငယ်ငယ်ကအတွေးတော့မဟုတ်ဘူး
ကြီးမှ ကိုခင်ခပြောမှတွေးမိတာ၊
နိုင်ငံတော်အလံတွေ့လို့အလေးပြုတယ်ပြောတော့
စဉ်းစားမိတာပါ။
ထိုင်းနိုင်ငံမှာဆို သူတို့ဘုရင်ကို အရမ်းလေးစားကြတယ်။
ထိုင်းဘုရင်ပုံပါတဲ့ပိုက်ဆံကို ဘောင်းဘီအိတ်ထဲထည့်ရင်မကြိုက်ဘူး။
ဓာတ်ပုံကိုကျော်သွားရင်မကြိုက်ဘူး……. စသည်ဖြင့်အများကြီးဘဲ။
တစ်ချို့ဆို စီးပွားရေးကောင်းအောင် ဓာတ်ပုံချိတ်ပြီး အမွှေးတိုင်ထွန်းပြီးပူဇော်ထားတာ
တွေ့ရတယ်။
ကြည်ဆောင်း
August 31, 2012 at 12:26 pm
ကြည်ဆောင်းလဲ ငယ်ငယ်တုန်းက ကတ်သီးကတ်သတ် မေးတတ် တွေးတတ်တယ်
အမြဲတွေးမိတိုင်းရီမိတာလဲ ရှိတယ်
အရင်တုန်းကမြေပေါ်မြေအောက် အဖျက်သမားများလို့စာတွေမှာ ပါရင်လေ
အဲဒါကိုမြေအောက်အဖျက်သမားဆို မြေကြီးအောက်ထဲ တကယ်နေတာထင်တာလေ
ပြန်ပြန်တွေးမိတိုင်းရီ ရီမိတယ်..
manawphyulay
August 31, 2012 at 12:42 pm
ငယ်ငယ်ထဲက စိတ်ကူးကောင်းပြီး အတွေးများခဲ့ပုံပဲ… မနောတို့လည်းမေးတော့မေးတာပဲ။
အဲလောက်စစ်စစ်ပေါက်ပေါက် မမေးဖူးထင်တာပဲ။ လိုချင်တဲ့ပစ္စည်းသာ မရလို့ကတော့ အဲဒီဆိုင်ရှေ့မှာ ခြေကန်နေတာတဲ့ အိမ်က လူကြီးတွေပြန်ပြောတာပဲ။
ဒါကြောင့်ထင်တယ်။ အတွေးရှိလို့ အရေးတော်တာလို့လေ…
ဒါနဲ့ ငယ်ငယ်က အင်းစိန်မှာနေလို့လား ကြံတောအကြောင်းမေးတယ်ဆိုတော့လေ… 🙂
Pye Kun Zaw
August 31, 2012 at 1:02 pm
ငယ်ငယ်တုန်းက ကျွန်တော်တွေးမိတာလေးတစ်ခုရှိပါတယ်။ ယောကျင်္ားနှင့်မိန်းမတူတူအိပ်ရင် ကလေးရတယ်လို့ ထင်ထားတော့ ရုပ်ရှင်တွေထဲမှာ မင်းသားနှင့်မင်းသမီးတူတူ အိပ်ယာပေါ်မှာလှဲနေတဲ့အခန်းပြတော့ ဘာကြောင့်သူတို့တွေ ကလေးမရကြတာလဲလို့ တွေးမိပြီးမေးလိုက်တော့ လူကြီးတွေကဟားကြပါတယ်။ ဒါပေမယ့် ဘာကြောင့်ဆိုတာတော့သူတို့မပြောကြဘူး.. 🙁
Inz@ghi
August 31, 2012 at 1:26 pm
ညည်းတို့ရော …
ဘယ်တော့ ကလေးရမတုန်း အေ့ ????
ကို ခင်ခ
August 31, 2012 at 2:05 pm
နာဂရချစ်သူရေ ဦးနုဂူသွင်းတုံးကလည်း လက်တဖက်မြောက်ထားခဲ့တယ်လေ။
nozomi ရေ ကျွန်တော်က အစွဲအလန်းကြီးတတ်တဲ့ အကျင့်ဆိုးရှိသူမို့ပါ။
P chogyi ရေ ထိုင်းနိုင်ငံမှာဆို သူတို့ဘုရင်ကို အရမ်းလေးစားကြတယ်။ ဆိုတာ စာတွေထဲမှာဖတ်ဖူးတယ်လေ။
ကြည်ဆောင်းရေ တစ်ခါတလေ ငယ်ငယ်ကပြောတာတွေက ကြီးလာလို့ပြန်တွေးရင်ဟာသဖြစ်လေ့ ရှိပါတယ်။
မနှောရေ – ယခင်ကြံတောက နာနတ်တောလမ်း နဲ့ ကျွန်းတောလမ်း ထိပ်မှာရှိတာလေ၊ ဟံသာဝတီအဝိုင်းအနီး၊ မြန်မာအသံနောက်ကြောပေါ့။ ကျွန်တော်က စမ်းချောင်းမှာနေခဲ့ဖူးတာပါ။
ကွန်မန့်လေးပေးတဲ့အတွက်ကျေးဇူးနော်။
Pye Kun Zaw နဲ့ Inz@ghi တို့ရဲ့ကွန်မန့်တွေအတွက်လည်း ကျေးဇူးနော်။
အလင်းဆက်
August 31, 2012 at 10:12 pm
အို…ဘယ့်နှယ့် ကပ်သိးကပ်သပ်..အတွေး…
မောင်ပေ
September 1, 2012 at 3:17 pm
ကိုခင်ခ နဲ ့ကောင်းကောင်းစကားမပြောဖူးလို ့ကြီးဘဝဟာ ငယ်ဘဝ လို ပဲလားဆိုတာ မသိရသေးဘူး
အခုစာကိုဖတ်ပြီးမှာတော့ ၊ ကိုခင်ခ မိဘဘိုးဘွားတွေ တော်တော်စိတ်ရှည်ခဲ့ကြရမယ့် ကိုခင်ခ ပေါက်စ ပဲ ရယ်လို ့သိသွားပါတယ်ဗျို ့
may flowers
September 1, 2012 at 11:45 pm
ငယ်ငယ်တုန်းက အမေးအမြန်းထူတဲ့ ကလေးတွေဟာ စူးစမ်းလိုစိတ် အခြားကလေးတွေထက်ပိုတာ
ကြောင့် ဉာဏ်ကောင်းတတ်ကြတယ်တဲ့ …ဒါဆို ကိုခင်ခက ငယ်ငယ်က ဉာဏ်ကောင်းပြီး စာတော်
မယ်ထင်တယ်နော်။
ကိုခင်ခ
September 2, 2012 at 8:24 am
မမေရေ ကျွန်တော်ငယ်ငယ်က ဉာဏ်ကောင်းတယ်လို့ပြောကြတယ် စာတပုဒ်ကျက်ရင် ခဏလေးနဲ့ရတယ်တဲ့၊ ဒါပေမယ့် စာကျက်ပျင်းပြီး အဆော့မက်လို့ အဆူခံရတာလည်း မနည်းဘဲဗျာ။
Mobile
December 13, 2012 at 11:19 pm
အားပေးသွားပါတယ်ဗျာ။