အရိုးကြိုက်သူများ
ကျွန်တော် ငယ်ငယ်တုံးက အလယ်အလတ် တန်းစားလို့ ဆိုရမှာပေါ့။ မိဘများကမချမ်းသာပေမယ့် အဆင်ပြေပြေ နေနိုင်ခဲ့ပါတယ်။ ကျွန်တော် အလယ်တန်းရောက်တော့ ကုန်ဈေးနှုန်း တက်တာရော၊ ကျွန်တော်တို့ မောင်နှမတွေ အတွက်
ကျောင်း လခတွေ၊ အဝတ်အစား ဖိုးတွေ ပိုလာတာကြောင့်ရော စားဝတ် နေရေးဟာအရင်ကထက် စာရင် ကျပ်တည်း ခဲ့ရပါတယ်။
ငယ်ငယ်တုံးက အသားဟင်းဆိုရင် ဖောဖောသီသီ စားရပေမယ့် အဲဒီအချိန်မှာတော့အသားထဲ အာလူး ရောတာတွေ၊ ပဲ ရောတာတွေ ဖြစ်လာပါတယ်။ ခြံသေးသေး လေးထဲမှာကိုယ်တိုင် စိုက်ပျိုး ရေလောင်း ခဲ့ရတဲ့ ခြံထွက် သီးနှံတွေလည်း မကြာမကြာ
စားရပါတယ်။ အိမ်နားက မကျည်းပင်၊ ဆူးပုတ်ပင်၊ ကင်းပုံပင်၊ ငြုပ်ကောင်းပင်စတာတွေလည်း ခဏခဏ ခူးခံရတော့ သူတို့သာ အသက်ရှိခဲ့ရင် ကျွန်တော့ကို ထရိုက်ကြလိမ့်မယ် ထင်ပါတယ်။ ရုံးပိတ်ရက် နေ့လည်ခင်း တွေမှာ ဆိုရင် အလေ့ကျ
ပေါက်နေတဲ့ မိုးကျ လက်ဖက်ပင်တွေက အရွက်နု တွေကို လိုက်ခူး၊ ပြီးတော့အမေ့ကို သုတ်ခိုင်းပြီး စားခဲ့ရတာ တွေကိုတော့ အခုထိ လွမ်းမိ ပါသေးတယ်။အဲဒီတုံးက ကန်ဇွန်းရွက် စားချင်ရင် အခင်းပိုင်ရှင်ကို တမတ်လောက် ပေးပြီးလိုသလောက် ခူးလို့ ရပါတယ်။ ဆောင်းတွင်းဆိုရင် မီးတိုင်အောက်မှာသူငယ်ချင်းတွေ
သားရေစာ ရယ်လို့ ပုံမှန် မစားရတော့ အိမ်နောက်က သရက်ပင်၊ အိမ်ရှေ့ကမာလကာပင်၊ သူငယ်ချင်းအိမ်က ဇီးပင် စတာတွေနဲ့ ရင်းနှီးပြီးမျောက်တကောင်လို သစ်ပင်တက် ကျွမ်းကျင်ခဲ့ ရပါတယ်။အိမ်မှာ ကြက်သားဟင်း ချက်ရင် အမြဲ အာလူးပါလေ့ ရှိတော့ ကျွန်တော်တို့မောင်နှမတွေက အမေ့ကို အမြဲ နောက် ပါတယ်။ ကြက်က ဟင်းအိုးထဲ မရောက်ခင်အာလူးခင်းထဲ ဖြတ်ပြေးလာတာ ဆိုပြီးပေါ့။ အမဲသားနဲ့ ကုလားပဲ ဆိုတာလည်းစွယ်တော်ရွက် နှစ်မွှာလို ခွဲမရခဲ့ ပါဘူး။ ကြက်သား ဟင်းဆိုရင်
ကျွန်တော်တို့ မောင်နှမတွေက ပေါင်၊ ရင်အုပ် စတာတွေကို အလွန်ပဲကြိုက်ပါတယ်။ အသည်းအမြစ် ဆိုရင်လည်း အမြစ်ကိုပဲ လုစားကြပါတယ်။ အဖေကကြက်အသည်းနဲ့ ကြက် ခြေထောက်ကို အမြဲတမ်း စားလေ့ရှိပြီး အမေကတော့
လည်ပင်းရိုးနဲ့ ကြက်တောင်ပံကို မက်မက်မောမာ ကိုက်လေ့ရှိပါတယ်။ဒါကို သတိ ထားမိလာတော့ ကျွန်တော့က အဖေ့ကို “အဖေနဲ့ အမေတို့က အရိုး ဘာလို့ကြိုက်တာလဲ” ဆိုတာ မေးဖူးပါတယ်။ အဖေက ပြုံးပြီးတော့ “မင်းလည်း
တချိန်ချိန် မှာတော့ ငါ့လိုပဲ ကြိုက်လာမှာပါ” လို့ ပြောပါတယ်။အဲဒီတုံးကတော့ ကျွန်တော်က အဖေ့ကို “ဘာလို့ အရိုး ကြိုက်ရမှာလဲ၊ ကောင်းမှမကောင်းတာ” လို့ ဆင်ခြေ တတ်ခဲ့ပါတယ်။ အဖေ ကတော့ ပြုံးနေ ခဲ့ပါတယ်။
ဒီလိုနဲ့ မိန်းမရ၊ ခလေး ရပြီးတဲ့ နောက်မှာတော့ အဖေ ပြောခဲ့တဲ့ စကားလေးကိုပြန် သတိရပြီး ရန်ကုန်မှာ အဖေနဲ့ တွေ့တုံးက “ကျွန်တော် အရိုးကြိုက်တတ်ပြီ” လို့ ပြောပြတော့ အဖေက ရီဝေတဲ့ မျက်လုံး များနဲ့ ပြုံးပြီးကျွန်တော့ကို ပြန်ကြည့် ပါတယ်။ အဲဒီ အချိန်လေးမှာ ကျွန်တော်နဲ့ အဖေ၊တယောက်နဲ့ တယောက် ပိုပြီး နားလည် သွားသလို ခံစားရပါတယ်။
တကယ်ပါပဲ။ အခုဆိုရင် သားတော်မောင် ကြိုက်တတ်တဲ့ စားစရာလေးတွေ ဆိုရင်မျိုမကျ တော့ပဲ သူ့ပဲ ကျွေးဖို့ စိတ်ကူး မိပါတယ်။ ပစ္စည်းလေးတွေတွေ့ခဲ့ရင်လည်း သူ့အတွက်ပဲ အရင် စဉ်းစား မိတော့တယ်။
အင်း … မိဘကိုတောင် အဲဒီလို စိတ်ထားမျိုးနဲ့ ပြန်ကျွေးဖို့ စိတ်မကူးဖြစ်ခဲ့ဘူး။ ဒီတခါ မိဘတွေနဲ့ ပြန်တွေ့ ခဲ့ရင်တော့ သူတို့ အတွက်
ရည်စူးပြီး တခုခု လုပ်ပေးရဦးမယ်ဗျာ။
အဓိက ကျွန်တော် ပြောချင်တာက ကျွန်တော့ အတွက်တော့ မိဘ ကျေးဇူးကိုကိုယ်တိုင် မိဘ ဖြစ်ကာမှပဲ ကောင်းကောင်း နားလည်ခဲ့ရတယ် ဆိုတာကိုပါ။နောက်ပြီး မိဘဆိုတာ မသေခင်၊ သူတို့ စားနိုင်တုံး၊ ပြုစု ကျွေးမွေးသင့်တယ် ဆိုတာ ….