အပြစ် ကျေအေးနိုင်ပါသလား

etoneJuly 9, 20101min480

မိဘကျေးဇူး၊ မြင့်မိုရ်ဦး၊ အထူးဆပ်နိုင်စေ။
မိဘစော်ကား၊ ပြစ်ကြီးမား၊ ဘုရားဟောမိန့်ခြွေ။
မိဘနှစ်ထွေ၊ ကိုယ့်ကြောင့်သေ၊ ရောက်လေ ငရဲပြေ
ဘုရားသော်မှ၊ ကယ်မရ မုချ မှတ်ပါလေ ၊

မေး။ ။ လူတစ်ယောက်သည် သူ အဖေ-အမေမှန်း မသိခင် အရွယ်ကပင် သူ့ဖခင်နှင့် ကွဲကွာခဲ့၏။ ထိုလူ အသက်ရလာသောအခါ သူ့အဖေနှင့် ဆန့်ကျင်ဘက်ရန်သူအဖြစ် ပြန်တွေ့ကြရ၏။ သူ့အဖေမှန်း မသိ၊ ရန်သူအဖြစ်သာ သတ်မှတ်ထား၏။ ထိုသူက ရန်သူဖြစ်သူ (အဖေ) အား အဖေမှန်းမသိဘဲ သတ်မိခဲ့သော် ပိတုဃာတက ကံကြီး ထိုက်/မထိုက် ဖြေကြားပေးတော်မူကြပါရန် ပန်ကြားအပ်ပါသည်။

သိလိုသူတစ်ဦး

ဖြေ။ ။ ထိုက်ပါသည်။ ဤမျှဖြင့်ပင် အထက်ပါ မေးခွန်း၏အဖြေ ပြီးပြည့်စုံပါ၏။ သို့သော် အကျယ်ဝေဘန်၍ ဖြေဆိုမှ စာဖတ်သူများ ဘဝင်ကျနိုင်ဖွယ်ရှိသောကြောင့် လေ့လာမိသမျှ ဖြေဆိုပြပါဦးမည်။
ရှေးဦးစွာ ပါဏာတိပါတကံထိုက်သော (ဝါ) သူ့အသက်သတ်မှု မြောက်သော အင်္ဂါအချက်အလက်တို့ကို သိထားသင့်ပါ၏။ အင်္ဂါတို့မှာ-

(၁) ပါဏော=သတ္တဝါလည်းမှန်စေ၊ (၂) ပါဏသညိတာ= သတ္တဝါမှန်း သိသည်လည်းဖြစ်စေ၊ (၃) ဝဓကစိတ္တံ= သတ်လိုသော စိတ်စေတနာ ရှိသည်လည်းဖြစ်စေ၊ (၄) ပယောဂေါ = သတ်ဖြတ်မှု လုံ့လတစ်ခုခုကို ပြုသည်လည်းဖြစ်စေ၊ (၅) တေန မရဏံ= ထို့လုံ့လကြောင့်ပင် သေသည်လည်းဖြစ်စေ၊ ဤအင်္ဂါ ၅-ချက်စုံမှ ပါဏာတိပါတကံ မြောက်၏။ (အဘိ၊ဋ္ဌ၊၁၊၁၄၀)

အထက်ပါမေးခွန်းတွင် ဖခင်မှန်း မသိသည်မှတစ်ပါး ဤအင်္ဂါ ၅-ချက်နှင့်ကား ပြည့်စုံ၏။ ထို့ကြောင့် ပါဏာတိပါတကံ ထိုက်သည်မှာတော့ သေချာ၏။ ဤတွင် သိလိုသည်က ပိတုဃာတက ကံ ထိုက်မထိုက်။ ဖခင်မှန်း မသိသည့်အတွက် မထိုက်လေသလား-ဟု ယုံမှားဖွယ်ရှိ၏။ သိသိ မသိသိ ထိုက်ပါသည်။ ထိုက်သည့်အကြောင်း ကိုလည်း ရှင်းပါမည်။
ပါဏာတိပါတအမှုပြုရာတွင် အကောင်သေးလျှင် အပြစ်ငယ်၏။ အကောင်ကြီးလျှင် အပြစ်ကြီး၏။ အဘယ့်ကြောင့်ဆိုသော် လုံ့လ ပယောဂ အနည်းအများကြောင့်တည်း။

( ဥပမာ- ခြင်ကိုသတ်လျှင် ဖြတ်ကနဲဆိုပြီး၏။ ဆင်ကိုသတ်လျှင် အားပါးစိုက်၍ အကြိမ်များစွာ ပြုရ၏။) လုံ့လပယောဂ အားထုတ်မှုတူလျှင် ဂုဏ်အကြီးအငယ်လိုက်၍ အပြစ်အကြီးအသေး ကွာခြား၏။ ဂုဏ်ကျေးဇူး ရှိ/မရှိခြင်း တူပြန်လျှင် သတ်သည့်အခါ၌ ဖြစ်သော ဒေါသ-မောဟ-စသော ကိလေသာ အနည်းအများ၊ အားထုတ်မှု အနုအရင့်လိုက်၍ အပြစ်အကြီးအသေး ကွဲပြား၏။ (အဘိ၊ဋ္ဌ။၁၊၁၄၀)

အထက်ပါ သဘောတရားတို့တွင် မိမိသတ်အပ်သူက ဂုဏ်ကျေးဇူး ကြီး/မကြီး မသိသော်လည်း ဂုဏ်ကျေးဇူးကြီးသူကို သတ်မိလျှင် အပြစ်ကြီးသကဲ့သို့ ဖခင်မှန်း မသိသော်လည်း ဖခင်ကို သတ်မိလျှင် ပိတုဃာတကကံ ထိုက်၏ဟု သိအပ်၏။

ဤတွင် ပို၍ သံသယရှင်းနိုင်ရန် ဝိနည်းဒေသနာတော်၌ လာသော အဆုံးအဖြတ်အချို့ကို ပြဆိုပါဦးမည်။
“ရဟန်းတစ်ပါးသည် တစ်ခုသောအရပ်၌ အိပ်နေသော သိုးတစ်ကောင်ကို မြင်၍ “ညအခါ လာ၍ သတ်အံ့”ဟု နေရာကို မှတ်သားထား၏။ ထိုသိုးအိပ်နေသောနေရာ၌ ထိုရဟန်း၏ ဖခင်သည် သိုးမွေးအဆင်းနှင့်တူသော ဖျော့တော့သောအဆင်းရှိသော သင်္ကန်းကို ဝတ်၍ အိပ်နေ၏။ ထိုရဟန်းသည် ညအချိန်တွင် “သိုးကိုသတ်အံ့”ဟု ကြံ၍ အဖကို သတ်မိလေ၏။ “ဤအိပ်နေသော သတ္တဝါကို သတ်အံ့” ဟူသော စေတနာ ထင်ရှားရှိသည်၏ အဖြစ်ကြောင့် လူသတ်သမားလည်း ဟုတ်၏။ အာနန္တရိယ (ပိတုဃာတက) ကံလည်း ထိုက်၏။ ပါရာဇိကလည်း ကျ၏။ (ဝိ၊ဋ္ဌ၊ ၂၊ ၄၄)

အထက်ပါ အဆုံးအဖြတ်တွင် ရဟန်းနေရာ၌ လူကိုထည့်ကာ နောက်က ပါရာဇိကကို ဖြုတ်၍မှတ်လျှင် သံသယကင်း၍ ရှင်းလင်းသွားပါလိမ့်မည်။
ဗဟုသုတတိုးပွားပြီး မှတ်သားဆင်ခြင်နိုင်ရန် အမေး+အဖြေပုံစံ ဖြင့် ဆက်လက်ပြဆိုပါဦးမည်။

မေး။ ။ အမိသတ်ခြင်းနဲ့ အဖသတ်ခြင်း ဘယ်သင်းက ပို၍ အပြစ်ကြီးပါသလဲ။
ဖြေ။ ။ အမိက သီလရှိလျှင် အမိသတ်ကံ၊ အဖက သီလရှိလျှင် အဖသတ်ကံက ပို၍ အပြစ်ကြီးပါတယ်။

မေး။ ။ မိဘနှစ်ပါးလုံး သီလရှိ/မရှိအားဖြင့် တူမျှလျှင်ကော။
ဖြေ။ ။ အမိသတ်ကံက ပိုအပြစ်ကြီးပါတယ်။

မေး။ ။ ဘာကြောင့်ပါလဲ။
ဖြေ။ ။ မိခင်က ပိုပြီး ကျေးဇူးများလို့ပါ။ (အဘိ၊ဋ္ဌ၊၂၊၄၁၀)

မေး။ ။ ကိုယ့်မိဘက နဂါးစတဲ့ တိရစ္ဆာန်ဖြစ်နေရင်ကော ကံကြီးထိုက်ပါသလား။
ဖြေ။ ။ မထိုက်ပါဘူး။ သတ်သူ လူသားက လူသားစင်စစ် ဧကန်ဖြစ်တဲ့ မိဘအရင်းကို သတ်မိမှ ကံကြီးထိုက်ပါတယ်။ ကံကြီးမထိုက်ပေမဲ့ ကံကြီးနီးပါး အပြစ်ကြီးပါတယ်။

မေး။ ။ ဒီပိတုဃာတက ကံစတဲ့ ကံကြီးတွေရဲ့ သဘောသဘာဝနဲ့ အမည်နာမတွေကို ပြောပြပါဦး။
ဖြေ။ ။ ဒီ အဖသတ်ခြင်းစတဲ့ ကံကြီးတွေဟာ သေသည်၏ အခြားမဲ့မှာ အပါယ်ပဋိသန္ဓေအကျိုးကို ဧကန်ပေးတတ်တဲ့အတွက် အာနန္တရိယကံ လို့ ခေါ်ပါတယ်။ သေပြီးနောက် အဝီစိငရဲကို မုချရောက်ရမှာပါ။ ငါးမျိုး ရှိတဲ့အတွက် ငါးခုဟော ပဉ္စ-သဒ္ဒါနဲ့ပေါင်းပြီး ပဉ္စာနန္တရိယကံလို့ ခေါ်လေ့ရှိပါတယ်။ အားကြီးတဲ့အတွက် (တနည်း) အကျိုးကြီးမားတဲ့ အတွက် ဂရုက ကံလို့လည်း ခေါ်ပါတယ်။ အနီးဖြစ်တဲ့ ဒုတိယဘဝမှာ ခံစားရမှာ ဖြစ်တဲ့အတွက် ဥပပဇ္ဇဝေဒနီယကံလို့လည်း ခေါ်ပါတယ်။

မေး။ ။ ကုသိုလ်တွေ အများကြီးလုပ်ရင်ကော အပြစ်မကျေ နိုင်ဘူးလား။
ဖြေ။ ။ စကြဝဠာတစ်ခုလုံး မဟာစေတီလောက်ရှိသော ရွှေပုထိုးတော်ဖြင့် ပြည့်စေ၍သော်လည်းကောင်း၊ စကြဝဠာတစ်ခုလုံး အပြည့်ထိုင်နေသော ရဟန်းအပေါင်းအား ကြီးစွာသော အလှူဒါနကို ပေးလှူ၍သော်လည်းကောင်း၊ ဘုရားရှင်၏ သင်္ကန်းစွန်းကို မလွှတ်မူ၍ လှည့်လည်နေသော်လည်းကောင်း အပြစ်မကြေနိုင်။ သေသည်မှ နောက် ငရဲသို့ ရောက်ရသည်သာတဲ့။ (အဘိ၊ဋ္ဌ၊၂၊၄၀၇) (အဘိ၊ဋ္ဌ။၁၊၃၉၂-တွင် ဥပမာတစ်မျိုးပြ၏။)

မေး။ ။ ဈာန် မဂ် ဖိုလ် ရသည်အထိ အားထုတ်မယ် ဆိုရင်ကော မကျေနိုင်ဘူးလား။
ဖြေ။ ။ ရကို မရနိုင်တာပါ။ နတ်ရွာ- နိဗ္ဗာန်-မဂ်-ဖိုလ်-ဈာန်ကို ဧကန် တားမြစ်နိုင်တဲ့ အန္တရာယ် ၅-ပါးထဲမှာ ပဉ္စာနန္တရိယကံကို ကမ္မန္တရာယ် လို့ ခေါ်ပါတယ်။ (ဝိ၊ဋ္ဌ၊၃၊၁၃၈)

အဇာတသတ်မင်းဟာ သာမညဖလ သုတ်တော်ကို နာကြားရတဲ့အချိန်မှာ ဖခင်ဗိမ္ဗိသာရကိုသာ မသတ်ခဲ့မိ ဘူးဆိုရင် တရားတော်အဆုံးမှာ သောတာပတ္တိမဂ်ဖိုလ်ကို ရနိုင်တယ်လို့ ဆိုပါတယ်။ (ဒီ၊ဋ္ဌ၊၁၊၂၁၂)

မေး။ ။ ကိုယ်တိုင်မသတ်ဘဲ လူငှါးသတ်ခိုင်းရင်ကော။
ဖြေ။ ။ အတူတူပါပဲ။ အင်္ဂါ ၅-ပါးထဲက (၄)နံပါတ်ဖြစ်တဲ့ ပယောဂေါ-အရ ကိုယ်တိုင်သတ်ခြင်း၊ သူတစ်ပါးကို အသတ်ခိုင်းခြင်း၊ သေချင်နေသူ အလွယ်တကူ သေလို့ရအောင် လက်နက်များ ရှာပေးထားခြင်း၊ ငြီးငွေ့နေတဲ့လူနာကို သေချင်လာအောင်ပြောခြင်း၊ အလွယ်တကူ သတ်သေတဲ့နည်းတွေ ပြောပြခြင်းစတဲ့ ကာယပယောဂ ဝစီပယောဂ တစ်ခုခုကို – သတ်ဖို့အားထုတ်ခြင်းလို့ ဆိုပါတယ်။ (ပါတိမောက်-ဘာဋီ)

(ဆေးရုံတွင် မျှော်လင့်ချက်မရှိတော့သော မိဘကို ကုသမှုများ ရပ်ဆိုင်းကာ ဆေးထိုး၍ ချမ်းသာစွာ အသက်ထွက်စေသော သားသမီး များ အာနန္တရိယ ကံကြီးထိုက်နိုင်သည်ကို သတိပြုပါ။)

အရှင်ကောဝိဒ(ယော)

http://www.yawcommunity.com မှ ကူးယူတင်ပြလိုက်ပါသည် ။

ကျန်းမာချမ်းသာကြပြီး နိဗ္ဗာန်တို့ ရောက်အောင်အားထုတ်နိူင်ကြပါစေဗျာ