သုံး ကို ယ် ခွဲ – အောင်ဝေး

kaiSeptember 7, 20121min29612

သုံး ကို ယ် ခွဲ
————-
အရင်ဦးဆုံးတော့
အဖေနဲ ့အမေကို
ကန်တော့ပါတယ်။
ခုချိန်မှာ
ကျနော်ဟာ
မိဘမဲ့တစ်ယောက်ပါ။
တမြေ တရွာ
တရပ်ခြား
တိုင်းတပါးမှာ
သားဟာ
မိဘမဲ့ပါ အဖေနဲ ့အမေ။
အမေ့ဈာပန
မြေအချဟာ
နာဂစ်လေကြမ်း
တစ္ဆေအနမ်းနဲ ့
လွမ်းလွမ်းဆွတ်ဆွတ်
နာကျင်နေခဲ့မယ်။
ကျနော်က
အမေ့အနားမရှိ။
အဖေ
၂၀၁ဝ ရွေးကောက်ပွဲ
မဲပေးခဲ့သလား
ကျနော်မသိ။
ကျနော်က
အဖေ့အနားမရှိ။
ခုတော့
ကျနော် မိဘမဲ့။
”ပြည်သူသာ အမိ
ပြည်သူသာ အဖ”တဲ့
ခက်တာက
ကျနော်က
ပြည်သူနဲ ့ဝေးနေတာပါ။
ငမိုးရိပ်ကနေ
မစ်ရှီဂန်ကို
အလန် ့တကြား ထွက်ပြေး။
ဧရာဝတီကနေ
မစ္စစ္စပီကို
လက်ပစ်ကူးထွက်ပြေး။
ကျနော်
စစ်ရှုံးပြီး
ထွက်ပြေးခဲ့တာပါအမေ။
ကိုယ့်ရေ ကိုယ့်မြေ
ကိုယ့်တိုင်းပြေမှာ
အမေ့သား
မနေချင်လို ့မှ မဟုတ်ဘဲ။
ရေးဖော်တွေ
သူငယ်ချင်းတွေ
ဘယ်ခွဲချင်မှာလဲ။
လေထန်ကုန်း
၃၃ လမ်း
လွမ်းတာပေါ ့။
စာပေစိစစ်ရေး
မရှိရင်လည်း
ကျနော် မနေတတ်ပါဘူး။
ဝူး-လွမ်းတယ်
အဖြူရောင်သက်တံ
သုခရိပ်မြုံ။
ရန်ကုန်ကို
ဘယ်ခွဲနိုင်ပါ ့မလဲ။
ဒီတုန်းက
စားဝတ်နေရေးကတော့
မပူရဘူး
ကိုစန်းဦးတစ်ယောက်လုံးရှိတယ်။
စန်းဦး ကဗျာဆရာ
ကဗျာဆရာ စန်းဦး
သူနဲ ့အတူ
စိတ်ကူးချိုနိုင်တဲ့နေ ့တွေပေါ ့အဖေရယ်။
ကျနော်ထွက်ပြေးတော့
မခိုင်တို ့ပုဂံစာအုပ်တိုက်က
ကြိုယူထားတဲ့စာမူခတွေ
ပြန်မပေးနိုင်ခဲ့။
အကြွေးပေါ ့
အကြွေးကတော့
တသက်လုံး မကင်းပါဘူးအမေရေ။
ဒီမှာလည်း အမေ့သား
အကြွေးတွေနဲ ့ပါပဲ။
အမေရိက ဆိုတာ
အကြွေးနဲ ့တည်ဆောက်ထားတဲ့
သူဌေးတိုင်းပြည်။
တတိုင်းပြည်လုံးရဲ ့အကြွေး
လူဦးရေနဲ ့အချိုးချ
တဦးချင်းဟာ
ဒေါ်လာ(၅)သောင်း
အကြွေးရှိသတဲ့။
အမေရိကနိုင်ငံသားတွေ
ပြောပါတယ်
ကျနော်က
ဗမာနိုင်ငံသားပါ။
ကျနော် ဗမာနိုင်ငံသား
မြန်မာတိုင်းရင်းသား
ရေမရောသေးပါဘူး။
ဒါပေမဲ ့
ကျနော်က
ထွက်ပြေးနေရတာပဲ။
ခက်တာက
ကျနော်က
မစ်ရှီဂန်မှာ တယောက်တည်း။
ဆရာမောင်စွမ်းရည်က
နယူးယောက်မှာ။
ဆရာဦးတင်မိုး
ကယ်လီဖိုးနီးယားမှာ
ကွယ်လွန်ခဲ့ပြီ။
ဆရာမောင်သာရ
လောင်းကစားမြို ့တော်
လာ့စ်ဗေးဂတ်မှာ
လျှပ်စစ်ဝှီးချဲကြီးနဲ ့။
ဒေါ်မာမာအေးကတော့
အင်ဒီယားနား-ဖို ့တ်ဝိန်း
ကိုယ်နဲ ့နီးလို ့တော်ပါသေးရဲ ့။
ပါမောက္ခဦးစောထွန်း
ဟိုး-မြောက်အီလီနွိုင်းတက္ကသိုလ်မှာ။
လှမ်းတာတော့ လှမ်းတာပဲ
လွမ်းရင်တော့ လွမ်းစရာပဲ။
မေငြိမ်း
တင်မောင်သန်း
ဦးဝင်းဖေ
ဗွီအိုအေ။
မောင်သစ်ဆင်း
နေထွတ်
စမ်းစမ်းတင်
ခက်မာ
အာရ်အက်ဖ်အေ။
ဟိုတုန်းက
စာရေးတဲ့သူတွေ
အခု အသံရေးကုန်ကြပြီ။
တယောက်နဲ ့တယောက်
တနေရာစီ
တကွဲတပြား
ဘဝချင်းတော့ မခြား။
နောက်ဆုံးတော့
ပြည်ပြေးက ပြည်ပြေးပါလား။
အားမွေး ဓားသွေး
တချို ့လည်း
တရားလေးဘာလေးထိုင်လို ့။
ဒီလူတွေ
ဒေါ်အောင်ဆန်းစုကြည်
အမေရိကလာမှပဲ
ပြန်ဆုံကြမယ်ထင်ပါရဲ ့။
ပြန်ဆုံရင်
ရန်ကုန်ပြန်ချင်တယ်
ပြောကြမယ်ထင်ပါရဲ ့။
ဒီလိုနဲ ့
ရွှေဝါရောင်ရေ
ငါ ပြန်လာမယ်။
ငါ ပြန်လာမယ်
ရွှေဝါရောင်ရေ။
နေ ့တိုင်း
ဖေ့စ်ဘုတ်ပေါ်မှာ
ငါလွမ်းရ။
ငါ ့ကို ငါ ့ကို
ပြန်မလာသေးဘူးလား
ပြန်မလာသေးဘူးလား
သူတို ့ သူတို ့
မေးကြ မေးကြ
ခဏ ခဏ။
အစ်မကြီးသန်းမြင့်အောင်က စ
အစ်မလေးသင်းသင်းသာ အလယ်
အစ်မလေးစံပယ်ဖြူနု အဆုံး
အားလုံး။
အစ်ကိုကြီးကြည်မင်းက စ
အစ်ကိုလေးမောင်သာချို အလယ်
အစ်ကိုလေးမိုးဝေး အဆုံး
အားလုံး။
ဘိုကလေးဦးလှရွှေက စ
မင်းကိုနိုင် အလယ်
ကျော်ကိုကို အဆုံး
အားလုံး။
မမခင်ဦးစံပယ်ရယ်
ဒီလိုပုံဆို
မိုးကြီးမချုပ်မီ
ကျွန်ုပ် အိမ်ပြန်ရောက်တော့မည်။
ညီမလေး သျှီ ရေ
အေဝမ်းဆရာညှာရဲ ့
ပြည်တော်ဝင်သီချင်းဆိုပါ။
ခုတော့
အစ်ကိုက
အလည်လွန်ကမ်းခြေမှာ
ကျောက်ဆူးမနုတ်ရသေးတဲ့
သင်္ဘော။
လူမရောက်ပေမဲ့
ကဗျာတော့ အဆဲခံရပါရဲ ့။
သူငယ်ချင်းမြတ်ခိုင် ဆိုပြီး
ကဗျာရေးလိုက်လို ့
ဆဲတဲ့သူတွေက ဆဲကြသတဲ့။
ဘယ်တတ်နိုင်မလဲ
မြတ်ခိုင်က
အရင်းခေါက်ခေါက်ကြီးပဲ။
မြတ်ခိုင်မှားတာ
ရှိရင်လည်းရှိမယ်
ဒါပေတဲ့
မြတ်ခိုင်ဟာ ရန်သူမဟုတ်။
အောင်ထွန်းရဲ ့
ကျောင်းသားသမိုင်းစာအုပ်ကြီး
မြတ်ခိုင်လက်ကုပ်ခေါ်ပြလို ့
မြင်ဖူးတယ်။
သူနဲ ့ကျနော်ကြား
ယုံကြည်မှုတည်ဆောက်ထား
ဓားတွေ လှံတွေကြား
မြတ်ခိုင်
သူ ့ဘာသာသူ
”တရား” နဲ ့နေပါစေလား။
ခုတော့
မြတ်ခိုင်ဟာ
ငွေ ကျပ် သိန်း(၈)ထောင်တန်
လူသား။
အားပါးပါး
မစ်ရှီဂန်မှာနေပေတဲ့
ဒါတွေ ကျနော်သိတာပေါ ့။
အပ်ကျတာကအစသိ
အေးမွန်က
ကိုဦးဆွေနဲ ့ကွဲသွားပြီဆိုတာလည်း
ကျနော်သိ။
အောင်ရင်ငြိမ်း
ရမ်းကားနေတာလည်း
ကျနော်သိနေတာပဲ။
အမေရယ်
အမေရိကရောက်နေလို ့လည်း
အေးမှ မအေးရတာ။
”ဥုံအရဟံ သစ္စာ ကတိတွေနဲ ့
ရဂုံစံ ချစ်စရာတပည့်တွေမှာဖြင့်
ဂဠုန် သရဏံ ဂစ္ဆာမိကြပေတော့”
ဆရာကြီးသခင်ကိုယ်တော်မှိုင်းဂါထာပဲ
နေ ့တိုင်းရွတ်နေရတယ်။
ဗမာပြည်က
လယ်သမားတွေ
ကျန်းမာကြပါစေ။
ဗမာပြည်က
အလုပ်သမားတွေ
ကျန်းမာကြပါစေ။
ဗမာပြည်က
ကျောင်းသား-စစ်သား-ဘုရာသား
အားလုံး ကျန်းမာကြပါစေ။
မစ်ရှီဂန်ညချမ်း
လွမ်းတဲ့အလွမ်းမှာ
ငန်းရိုင်းတွေလည်း ပျံနေဆဲ။
မုန်းသူတို ့ရဲ ့
ခရမ်းပြာမြင်းရိုင်းကြီးလည်း
ဒုန်းစိုင်းနေဆဲ။
ခက်တာက
ကျနော် တိုင်းပြည်နဲ ့ဝေးနေတာပဲ။
ခက်တာက
ကျနော့်နာမည်နဲ ့မြစ်က
ရေနစ်နေတာပါပဲ။
အိမ်ဝေးကဗျာဆရာ
ထွက်ပြေးကဗျာဆရာ
ပြည်ပြေး
ဘယ်လိုပဲဆိုဆို
ကျနော့်တကိုယ်ထဲဟာ
သုံးကိုယ်ကွဲ။
ကျနော့်တယောက်တည်းကို
သုံးကိုယ်ခွဲ။
ခုချိန်မှာ
တိုင်းပြည်က
ကျနော့်ကို ဘယ်လိုသတ်မှတ်မလဲ။
ကျနော် မရွံ ့မရဲ
ရင်ခုန်တယ်။
ကျနော်ဟာ
ကဗျာဆရာလား
နိုင်ငံရေးသမားလား။
ဆရာဒဂုန်တာရာက
ဒုတိယချစ်သူနဲ ့ကွဲမှ
ပထမချစ်သူခေတ်ကိုတမ်းတသတဲ့
ကျနော့်ဘဝရဲ ့
အချစ်ဦးဟာ
ကဗျာလား
နိုင်ငံရေးလား။
နိုင်ငံရေးသမား
ဟုတ်မဟုတ် မသေချာပေမဲ့
နိုင်ငံရေးအကျဉ်းသားတော့
သုံးခါဖြစ်ဖူးပါရဲ ့။
ကဗျာဆရာဆိုရင်လည်း
ဘယ်လိုကဗျာဆရာလဲ။
အဟောင်းလား
အသစ်လား
ခေတ်ပြိုင်လား
ခေတ်ပျက်လား။
ခေတ်ပျက်သူဌေးလို ့တော့
ကြားဖူးတယ်
ခေတ်ပျက်ကဗျာဆရာတော့မရှိဘူး။
အမေရိကတက္ကသိုလ်မှာ
မြန်မာကဗျာရွတ်တဲ့
ဗမာကဗျာဆရာ။
တခါ တခါ
အမေရိကန်လိုလည်း
ကဗျာရေးပါရဲ ့။
ဒီမှာ
စာပေ အနုပညာ
လွတ်လပ်ပါတယ်။
ဒါပေတဲ့
စာပေစိစစ်ရေးမရှိတော့
ကျနော် မနေတတ်ဘူးပေါ ့အဖေရယ်။
စာပေစိစစ်ရေးမရှိလည်း
ကျနော့်တကိုယ်ထဲ
သုံးကိုယ်ခွဲ
ကျနော် ဘာလဲ ဘယ်လဲ။
အောင်ဝေးဟာ
စစ်သားတွေလို
ဥပမာ-
ဗိုလ်ချုပ်ကြီး(ဟောင်း)သူရဦးတင်ဦး
ဥပမာ-
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)
ဥပမာ-
ဒုတိယဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
ဒီလို
ထုတ်ပယ်/အငြိမ်းစား/လက်ရှိ
ခွဲခြားကြည့်ရင်….။
ရာဇဝင်မှာ
ဒီမောင်
ကဗျာဆရာ(ဟောင်း)အောင်ဝေးလား
ဒီမောင်
ကဗျာဆရာအောင်ဝေး(ငြိမ်း)လား
ဒီမောင်
ကဗျာဆရာအောင်ဝေးလား။
ရွှေဝါရောင်ရေ
ငါ ဘာကောင်လဲ
ခွဲခြားတော့
ကွဲပြားပေါ ့။
ငါတို ့ရဲ ့
မိကျောင်းကြည်းတင်နှစ်ကာလများ
ကုန်လွန်သွားပေါ ့။
မိုးကြီးတမ ရွာချ
ကျောက်တုံးက ပန်းပွင့်ပေါ ့။
ငါ မမေ့ဘူး
ရွှေဝါရောင်။
ပြည်တွင်းကလာတဲ့လူ
ပြာပူမကြောက်
မင်းထက်မောင်နဲ ့
ချီကာဂိုမှာဆုံခဲ့။
ဒေါက်ညိုနဲ ့
ဆန်ဖရန်စစ္စကိုမှာဆုံခဲ့။
(ဘောညိုနဲ ့တော့
မဆုံဖြစ်ခဲ့)
လေးဇီးကလပ်နဲ ့
ဖို ့တ်ဝိန်းမှာဆုံခဲ့။
ဖို ့တ်ဝိန်းမှာပဲ
ဆွေဇင်ထိုက်တို ့
ချိုတူးဇော်တို ့နဲ ့ဆုံခဲ့။
ကျော်သူနဲ ့
နယူးယောက်မှာဆုံခဲ့။
သူတို ့နဲ ့ဆုံတိုင်း
အောင်ဝေးဟာ
ရန်ကုန်ကို ပါပါသွားတယ်။
ရန်ကုန်မှာ
ပြန်ဆုံမယ် အချစ်ကလေး။
ပြည်မပြေးဖူးရင်
ခေတ်မမီဘူး။
ခေတ်မီသူတိုင်း
အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်အကြောင်း
ပြောကြတယ်။
ရွှေဝါရောင်ရေ
လှအောင်နေပါ။
မြတ်ခိုင်အကြောင်းရေးမိလို ့
အောင်ဝေးကိုဆဲတဲ့မောင်တွေ
(အိမ်)ထောင်ကျပါစေ။
အရပ်ဆယ်မျက်နှာက
အောင်ဝေးကို
မေတ္တာရှိတဲ့သူတွေ
အောင်ပွဲရပါစေ။
ပြည်ပြေးဘဝကြမ်းများ
ချစ်သူတို ့သိစေသား။
အောင်ဝေးနဲ ့အောင်ဝေးများ
ပြည်တော်ပြန်နိုင်ပါစေသား။
အဖေကွယ်လွန်တဲ့
တနှစ်ပြည့်နေ ့မှာ
ဒီကဗျာကို
သား ရေးပါတယ် အမေ။
အဖေနဲ ့အမေ
ကောင်းရာသုဂတိ ရောက်ပါစေ။ ။

အောင်ဝေး
(၇-၂၀-၂၀၁၂)

မှတ်ချက်။ ။ မန္တလေးဂဇက် ဩဂုတ်လ ၂၀၁၂ ထုတ်တွင်ဖေါ်ပြပြီးဖြစ်သည်။

12 comments

  • ဆရာအောင်ဝေးရဲ့ ကဗျာလားဗျ ..
    သေချာဖတ်ကြည့်မှ
    သူ့ကဗျာရဲ့ အနက်ကို ရှာကြည့်လို့ ရနိုင်မယ် ထင်တာပဲ ..
    ခုဒေါ့ ဖတ်ရုံတင် ဖတ်သွားရန် …
    ရုံးဆင်းချိန်ရောက်ယူသွားပြီး အေးဆေး ပြန်ဖတ်ကြည့်ဦးမယ် ..
    အဲ့ကဗျာထဲက လူတိုင်း အကြွေးနဲ့ ကင်းဘူးဆိုတာလေးတော့ ခိုက်တယ် ..
    အနော်လည်း အကြွေးနဲ့ ကင်းဘူး ..
    စိန်ဗိုက်လည်း ဘီအီးကြွေးနဲ့ ကင်းဘူး .. 😀

  • ဦး ကျောက်ခဲ

    September 7, 2012 at 9:17 am

    သူကြီးရေ ဆရာအောင်ဝေး လဲ ဒီရက်ထဲ Facebook ပေါ်မှာပွဲ ဆူနေလေရဲ့! သမိုင်းမသိ သမိုင်းမရှိ သူများရဲ့ ကာလပေါ် ပြက်လုံးတွေထဲ…….

  • Wow

    September 7, 2012 at 9:52 am

    ဆရာအောင်ဝေး ကဗျာကို ရင်ဘတ်ကြီးနဲ့ဖတ်ရှုသွားပါတယ်…
    ဆရာပြန်မလာဘူးလားဟင်င်င်…

    • ကြောင်ကြီး

      September 7, 2012 at 11:07 am

      ဝိုးဂလေးက
      ရင်ဘတ်ကြီးနဲ့
      အတင်းကာရော
      ဖတ်ရှုသွားရင်
      ဦးကြောင်က
      ကဗျာဂလေးပေါ့ကွယ်
      အားနဲ့မလုပ်လိုက်ပါနဲ့…. 😳

      • Wow

        September 7, 2012 at 2:06 pm

        အူးကြောင်က ကဗျာ လား ကဗျောင် လားဟင်င်င်… 😛

  • ကြောင်ကြီး

    September 7, 2012 at 9:55 am

    သုံးကိုယ်ခွဲ
    ဘုံးဆိုလဲ
    ပြုံးချိုစွဲ
    သုံးဖိုချဲ
    မုံးပျိုဘဲ
    ဒုံးလိုကဲ
    ရုန်းကိုယ်သဲ
    ဝုန်းပိုနွှဲ…။

  • amatmin

    September 7, 2012 at 10:25 am

    ကျနော်လေးစားတဲ့ ..
    (ကဗျာဆရာ)အောင်ဝေး စာဖတ်ပီး
    ကဗျာထဲကလို..
    ထွက်ပြေးနေရတဲ့ မြန်မာနိုင်ငံသားအားလုံး
    ရန်ကုန်မှာ ..ပြန်ဆုံနိုင်မဲ့ရက်
    မြန်မြန်ရောက်နိုင်ပါစေ..

    ဖတ်ရတဲ့အတွက် ကျေးဇူးသဂျီးရေ..

  • မောင်ပေ

    September 7, 2012 at 10:48 am

    ဆရာအောင်ဝေးရဲ့ လွမ်းစွတ်တမ်းတခြင်းတွေကို ခံစားရတယ်
    ဒီကဗျာထဲက အကြိုက်ဆုံးစာသားကတော့
    ပြန်ဆုံရင်
    ရန်ကုန်ပြန်ချင်တယ်
    ပြောကြမယ်ထင်ပါရဲ့

  • ရွှေ ကြည်

    September 7, 2012 at 10:54 am

    ကဗျာဆရာပီသပါရဲ့ ရေးထားလိုက်တာများအားပါးတရ
    စိတ်ထဲရှိသမျှသွန်ချနေပုံပဲ။
    ခံစားချက်ပေါင်းစုံကိုရောယှက်ဖွဲ့ဆိုထားတယ်လို့မြင်မိပါတယ်။
    ရွှေဝါမြေကိုအမြန်ခြေချနိုင်ကြပါစေ။
    သူကြီးကိုကျေးဇူးတင်ပါတယ်။

  • kyeemite

    September 7, 2012 at 11:31 am

    တင်ပေးတဲ့ သဂျီးမင်းကို သင့်ခရုပါဗျာ..
    အမေရိကတက္ကသိုလ်မှာ
    မြန်မာကဗျာရွတ်တဲ့
    ဗမာကဗျာဆရာ။
    တခါ တခါ
    အမေရိကန်လိုလည်း
    ကဗျာရေးပါရဲ ့။
    ဒီမှာ
    စာပေ အနုပညာ
    လွတ်လပ်ပါတယ်။
    ဒါပေတဲ့
    စာပေစိစစ်ရေးမရှိတော့
    ကျနော် မနေတတ်ဘူးပေါ ့အဖေရယ်။

    အလွန်နှစ်ချိုက်မိပါတယ်…အမတ်မင်းပြောသလိုပဲ..
    ထွက်ပြေးနေရတဲ့ မြန်မာနိုင်ငံသားအားလုံး
    ရန်ကုန်မှာ ..ပြန်ဆုံနိုင်မဲ့ရက်
    ရောက်တော့မှာပါလေ…

  • ma ma01306

    September 7, 2012 at 12:56 pm

    ခေတ်မီသူတိုင်း
    အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်အကြောင်း
    ပြောကြတယ်။
    ပြည်ပြေးဘဝကြမ်းများ
    ချစ်သူတို ့သိစေသား။
    အောင်ဝေးနဲ ့အောင်ဝေးများ
    ပြည်တော်ပြန်နိုင်ပါစေသား။

    ပြည်သူခေတ်မှာ .. လွတ် လပ် ငြိမ်း ချမ်းစွာနဲ့

    ပြည်တော် ပြန်ရောက်နိုင်ပါစေ..

  • အလင်းဆက်

    September 7, 2012 at 8:24 pm

    ထိလိုက် မိလိုက်တဲ ့ကဗျာ..

    ဘာ နှောင်ဖွဲ ့မှုမှ မပါ…။

    ပွင့်လင်း လွတ်လပ်… ပြောလို ့ရသလောက် ပြောချသွားတာတွေများ….

    အားကျ ပါတယ်ဗျာ.။

    သူကြီးရေ…
    ပြန်လည် တင် …ပြ ပေးလို ့ ကျေးဇူး.
    😀

Leave a Reply