“ခိုနား အေးရိပ်……………….ချွေးသိပ်လို့အပန်းဖြေ”
“ခိုနားအေးရိပ်………ချွေးသိပ်အပန်းဖြေ……….”
မန်းလေးမြို့ကြီးဆိုတာ တောင်တန်းတွေကြားထဲမှာရှိတဲ့မြို့ကြီးတစ်မြို့ပါဘဲ။
မြို့အနောက်ဘက်ခြမ်းမှာ ဧရာဝတီမြစ်ကြီးကိုစီးမိုးလို့ကြည့်နေတဲ့ “မင်းဝံတောင်တန်း”ကြီးရှိမယ်။
မြို့အရှေ့ဘက်ခြမ်းမှာ ရန်ကင်းတောင်ကို ငုံ့ကြည့်နေတဲ့ “ရှမ်းရုးိမတောင်တန်းကြီး “ရှိမယ်။
မြောက်ဘက်ခြမ်းမှာဆိုရင် မန်းလေးတောင်နဲ့သခင်မတောင်တော်ရှိမယ်။
တောင်ဘက်ခပ်ဝေးဝေးမှာဆိုရင် ကျောက်ဆည်ဘက်က တောင်တန်းတွေရှိမယ်။
ဒါပေမယ့် တကယ်အနီးကပ်မြင်နေရတာကတော့ အောင်ပင်လယ်ကန်ဘောင်ရိုးကို
အနားသတ်ပေးထားတဲ့ မိူင်းပြာပြာရှမ်းရိုးမကတော့ အထင်ကရပေါ့။
ပြင်ဦးလွင်ကိုသွားမယ်ဆိုရင် စိမ်းမြတဲ့အောင်ပင်လယ်ကို ဖြတ်သွားမှသာရောက်ပါတယ်။
အရင်ကတော့ အောင်ပင်လယ် လယ်ကွင်းတွေထဲကိုဖြတ်သွားစရာလမ်းကောင်းကောင်းမရှိပါဘူး။
ဒီဘက်ခေတ်မှာတော့ ရေတံခွန်တောက်ဂေါ်က်ကွင်း အသစ်ပေါ်လာတော့ သူ့ဆီကို သွားတဲ့ကားလမ်းလဲပေါ်လာပါတယ်။
အဲတော့ ဟိုးအရင်က အောင်ပင်လယ် က စပါးခင်းတွေကို ကားလမ်းမပေါ်ကသာလှမ်းငေးခဲ့ရတာပါ။
2000ပြည့်နှစ်ရဲ့ တစ်ခုသောတန်ဆောင်မုန်းလပြည့်တစ်ရက်မှာ ရေတံခွန်တောင်ကျောအောက်ခြေမှာ
ရှိတဲ့ လူမသိသူမသိဘုန်းကြီးကျောင်းလေးတစ်ခုကို မိတ်ဆွေတွေနဲ့အတူ “မိုးပေါ်ကျကထိန်”သွားခင်းဖြစ်ပါတယ်။
(မိုးပေါ်ကျကထိန်ဆိုတာ ကြိုတင်စီစဉ်ထားခြင်းမရှိဘဲ လှူဘွယ်ပစ္စည်းတွေကိုသယ်သွားပြီး ကထိန်အလှူလက်မခံရသေးတဲ့ ကျောင်းကို
ပုံတိုက်ပြီးလှူတာကိုဆိုလိုပါတယ်။)
အဲဒီရက်က ဆိုင်ကယ်ငါးစီးနဲ့အတူလာခဲ့ကြပါတယ်။
ပထမဆုံးအကြိမ်ရောက်ဘူးတဲ့ကျနော့်မှာ အဝါရောင်စပါးခင်းကြီးကိုမြင်မိတော့ စိတ်ထဲမှာကြည်နူး။
မြို့ပြရဲ့မွန်းကျပ်တဲ့ တိုက်ခန်းမှာနေရသူ၊
အင်ဂျင်စက်ပေါင်းစုံရဲ့ ဆူသံ ……..ဟွန်းပေါင်းစုံ လူပေါင်းစုံရဲ့အသံတွေရဲ့ကင်းလွတ်ရာ
ကျယ်ပြန့်လွတ်လပ်သော တိတ်ဆိတ်သော အေးချမ်းသော ဒီအောင်ပင်လယ်မြင်ကွင်းက ကျနော့်စိတ်ကို
ဖမ်းစားလို့သွားပါတယ်။
အခါအခွင့်သင့်တိုင်း စိတ်တွေလေးလံထိုင်းမိူင်းတိုင်း ဒီနေရာကိုကျနော်လာလေ့ရှိပါတယ်။
2010နောက်ပိုင်း ကျနော် ကင်မရာကိုင်လို့လက်ဆော့ချိန်မှာ မကြာခဏရောက်တတ်ပါတယ်။
နွေမိုးဆောင်း ဥတုသုံးလီမှာ လှပသောမြင်ကွင်းတွေကို ကျနော်ပိုင်ဆိုင်ခွင့်ရခဲ့ပါတယ်။
ဒီပုံလေးတွေကတော့ အောင်ပင်လယ်ရင်ခွင်က စိန်းလန်းသောအလှလေးတွေပါဘဲ။.
မြင်သူရဲ့ရင်အပူကို ငြိမ်းအေးစေမယ်လို့ ထင်မိပါတယ်။
မန်းလေးကိုအလည်ရောက်ခဲ့ရင် ဒီနေရာလေးကို သွားရောက်လို့အပန်းဖြေပါလို့ တိုက်တွန်းလိုက်ပါရဲ့။
ကိုပေါက်လမ်းသလားနေသည်
(10-9-2012)
14 comments
မောင်ပေ
September 11, 2012 at 10:52 am
ခိုနားအေးရိပ်
အပျိုများချွေးသိပ်
ဆိုထားတေးမြိတ်
လိုသလားဆေးလိပ်
ကိုပေါက်(မန္တလေး)
September 11, 2012 at 11:43 am
ဆေးလိပ်မလို
တေးနဲ့ချော့သိပ်လို
အပျုိုလဲမလို
အေးရိပ်မှာ နားဘို့လို
Ma Ei
September 11, 2012 at 11:26 am
အေးချမ်း သာယာနေတဲ့ ရွာထဲကို
ခုမှဘဲ လည်ရတော့တယ်နော်…
Mလုလင်
September 11, 2012 at 12:22 pm
ငြိမ်းချမ်းရေး လမ်းမ ကိုကြိုက်တယ်။
ကိုပေါက်(မန္တလေး)
September 11, 2012 at 3:15 pm
မင်းနဲ့ငါသွားဘူးတယ်လေကွာ အဲဒီလမ်းကနေပါတ်ပြီးရန်ကင်းတောင်သွားကြတာလေကွာ
Mလုလင်
September 11, 2012 at 8:36 pm
အဲ့ဒီ့တုန်းက အဲ့လောက် မလှ သလို ပဲ
ရွှေ ကြည်
September 11, 2012 at 12:55 pm
လေးပေါက်ရေ အေးချမ်းသွားသလိုခံစားလိုက်ရတယ်။
ငြိမ်းချမ်းရေးလမ်းမ မှာစက်ဘီးစီးရရင်ကောင်းမှာပဲ။
weiwei
September 11, 2012 at 2:57 pm
မိုးရာသီမှာ စိမ်းစိုနေတာပဲနော် …
ကိုပေါက်ကျေးဇူးနဲ့ မြန်မာပြည်က အလှတရားတွေကို ထိုင်ရာမထ ကြည့်ရတော့တယ် …
ကိုပေါက်(မန္တလေး)
September 11, 2012 at 3:00 pm
အခုရက်ကတော့အေးငြိမ်းတဲ့ အပြာအစိမ်း ဘဲလာမယ်လေ
မဟာရာဇာ အံစာတုံး
September 11, 2012 at 3:20 pm
စိမ်းစိမ်းစိုစို ထန်းပျိုပင်တွေနဲ့
အေးရိပ်မှာ ချွေးသိပ်ချင်စရာ
ငှက်ပျောရယ် တစ်ခို
သင်္ဘောသီး မိုမိုတွေနဲ့
စားချင့်စဖွယ့် …..။
ကိုပေါက်(မန္တလေး)
September 11, 2012 at 11:00 pm
စိမ်းစိမ်းစိုစို ထန်းပျိုပင်တွေနဲ့
အေးရိပ်မှာ တရေးအိပ်ချင်စရာပ
အိုမိတ်ဆွေတို့ရယ်……………………………..
ချွေးတိတ်ရင် အဆာပြေစားပါဗျ
ငှက်ပျောရယ် နဲ့သင်္ဘောသီးက ခပ်ချိုချို………………..
cobra
September 11, 2012 at 3:32 pm
လှလိုက်တာအရမ်းခံစားလို့ကောင်းတာပဲ…….။
kaungsumyatsan
September 11, 2012 at 8:42 pm
အေးရိပ်မှာတကယ်ခိုနားခွင့်ရလိုက်တာပါဘဲ။
ကျေးဇူးပါ ကိုပေါက်ရယ်၊
ဓာတ်ပုံတွေကိုထပ်တလဲလဲကြည့်မိပါတယ်၊
ရင်ထဲကအေးငြိမ်းမှုကိုခံစားရလို့တန်ဘိုးမဖြတ်နိုင်တဲ့
ရသ တစ်ခုပါ။
aemoshu
September 12, 2012 at 2:34 pm
လေးပေါက်ရေ တိမ်အတိကောင်းကင်ပြင်ကြီးရဲ့အနားသပ် ရှမ်းတောင်တန်းပြာ၊ အပြာရဲ့အခြေက လယ်ကွင်းစိမ်စိမ်း၊ ကန်သင်းနှစ်ခုကြားက ရေသွင်းမြောင်းဝါတာတာ ညိုတိုတို။ (၁၅) ရင်ခုန်ချင်စရာ ကျေးလတ်ပြရုပ်တစ်ခုပါပဲ…