နှစ်ဆယ့်ကိုးရက် မွန်းလွဲ တစ်နာရီ မိနစ် နှစ်ဆယ် အပိုင်း(၂)
သူတို့ရောက်ရှိနေသောနေရာသည် မေလ(၂၉)ရက်နေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲငယ်တစ်ခုဖြစ်ပွားရာနေရာတစ်ခုဖြစ်သည်။ ဖားပြင် ဆုတောင်းကုန်းနှင့် တောင်ဘက် ဥရုချောင်းကြားရှိ ဖားပြင်ရွာအထွက်တွင်ဖြစ်နေသည်။ အပြန်အလန် ပစ်ခတ်နေကြသည်က ဥရုချောင်းတစ်ဘက်ကမ်းမှဖြစ်သည်။ ဦးခေါင်းထက်ဆီမှ သေနတ်သံများသည် ကြက်သီးထဖွယ်လိလိ။ သူတို့လေးဦးသား မြေပြင်တွင် ဝပ်ချလိုက်သည်။ လမ်းပေါ်တွင် ဆိုင်ကယ်တစ်စီးစ နှစ်စီးစကတော့ အရဲစွန့်သွားလာလျှက်ရှိနေသည်။ သူတို့ လေးဦး မထွက်ရဲသေး။ ကားတစ်စီးတစ်လေမှ ဖြတ်သွားသည်ကိုမတွေ့ရ၍ အခြေအနေကိုစောင့်ကြည့်နေရသည်။ သူတို့ကို ကုမ္ပဏီရှိ လူကြီးများကလည်း မျှော်နေကြလိမ့်မည်ဟု သိသည်။ ဖုန်းပါလာ၍ဆက်ကြည့်သော်လည်း အချိန်အခါမရွေး လူကြီးမင်းနှင့်တွေ့နေရသောကြောင့် အရေးထဲအရာပေါ် စိတ်ဓါတ်တွေ ကြရပြန်သည်။
“ဘယ်လိုလဲ ဆက်သွားကြမလား”
သူ့အမေးကို ဘယ်သူမှ မဖြေကြ။
ဇော်သန့်က
“အခြေအနေ စောင့်ကြည့်ပါဦး တော်တော်ကြာ ကားကို လှမ်းပစ်လိုက်လို့ ဒုက္ခတွေများကုန်ပါ့မယ်”
“ဟုတ်တယ် နေပါဦး ကျွန်တော်တို့ရောက်နေတာ ပစ်ကွင်းကြီးနော်။ ဟိုဘက် ဒီဘက် လှမ်းဆော်နေကြတဲ့အထဲ မိသွားဦးမယ်”
နိုင်နိုင်ကလည်း
“ဟုတ်တယ် ကျွန်တော်လည်း မမောင်းရဲသေးဘူး ။ စောင့်ကြည်ု့လိုက်ရအောင်”
စောစောတုန်းက သူ့နားအူသွားခြင်းသည် ပေါက်ကွဲမှု ခက်ကြီးကြီးကြောင့်ဖြစ်သည်။ ဆုတောင်းကုန်းမြောက်ဘက်တွင် မီးခိုးလုံးကြီးနှင့်အတူ မြေနီမှုန့်များကိုပါ လုံးခနဲ တွေ့ရသည်။ ဖုန်းတွင်ပါသော ကင်မရာဖြင့် ဇော်သန့်က ဓါတ်ပုံရိုက်လိုက်သေးသည်။ ရိုက်သာရိုက်နေရသော်လည်း ဘေးဘီ ပတ်ဝန်းကျင်ကို အကဲခတ်ရသေးသည်။ ကုံးကုံး ကွကွဖြင့်သာ မရဲတရဲရိုက်လာခဲ့သည်။ မိနှစ်နှစ်ဆယ်လောက်ရှိသောအခါတွင် ဆန်းကြွယ်ရွာဘက်မှ ပါဂျဲရိုးကားတစ်စီး ဖြတ်လာသည်ကိုတွေ့ရသည်။
“ဟိုမှာ ကားတစ်စီးလာနေတယ်။ ထွက်ရအောင် နိုင်နိုင်”
သူ လော်ဆော်လိုက်သည်နှင့် အားလုံးကားပေါ်သို့ပြေးတက်လိုက်ကြသည်။ ကားမောင်းထွက်လာစဉ်တွင် မျက်စိများက တောင်မြောက်ကစားနေရသည်။ ထိုင်ခုံများကို ခပ်မတ်မတ် မထိုင်ရဲဘဲ နောက်လျှောထိုင်ကာ နားကိုလည်း ကားကားစွင့်ထားမိသည်။ ကားကို အမြန်လည်း မမောင်းရဲ။ လမ်းကလည်း ဆိုးနေသည်။ ရှေ့တွင် ဆန်းကြွယ်ရွာကိုတွေ့နေရသည်။ ထိုရွာထဲသို့ရောက်လျှင် စိတ်တော့ နည်းနည်း အေးရမည်။ ဆန်းကြွယ်ရွာထဲတွင် ရွာသူရွာသားတွေ ဟိုနားတစ်စု ဒီနားတစ်စု။ထိုရွာမှတဆင့် ဖားကန့် ကျောက်ဝိုင်းသို့ရောက်လာသည်။ ဖားကန့်သည်လည်း ထို့နည်းတူစွာ လူတွေ တရုန်းရုန်း။ သူတို့ စိတ် နည်းနည်းချလိုက်ကြသည်။ တစ်ဦးနှင့်တစ်ဦး သက်ပြင်းတွေ ကိုယ်စီချလိုက်ကြသည်က တပြိုင်တည်း။ သူတို့ ဖားကန့်ရုံးချုပ်သို့ ကားအဝင်တွင် ရှေ့က ရောက်နှင့်ကြသော ဝန်ထမ်းတွေက စိုးရိမ်နေသော မျက်နှာထားတွေနှင့်စောင့်ကြိုကြသည်။
ကုမ္ပဏီရောက်ရောက်ချင်း ဝိုင်းဝန်းမေးမြန်းကြသည်ကိုဖြေရသည်ပင် အတော်လေး မောသည်။ သူတို့က နဖူးတွေ့ ဒူးတွေ့ကြူံခဲ့ရသော တိုက်ပွဲငယ်အကြောင်းကို သိလိုကြသည်။ သေနတ်တွေ ပစ်သံကြားသဖြင့် သူတို့တွေအတွက် အားလုံးက ဝိုင်းဝန်းပူပန်ပေးကြသည့်အတွက်လည်း ကျေးဇူးတွေတင်ရသည်။
“စောစောတုန်းက ပေါက်ကွဲသံက ယမ်းဂိုဒေါင်က ကတ်တိုက်ပေါက်ကွဲတာတဲ့”
နေနေကပြောလာသည်။ ဟုတ်လောက်ပါသည် ။ ထို့ကြောင့်သာ အသံမှာ အတော်လေး ကျယ်လောင်ခြင်းဖြစ်သည်။ ဖားကန့်၊ ဆိုင်းတောင်ရှိ အချို့သော အိမ်များ မှန်များကွဲကြသည်။ သူတို့ ကုမ္ပဏီရုံးချုပ်မှနေ၍ မီးလောင်နေသော နေရာကိုတွေ့နေရသည်။ မီးခိုးတွေ အူနေသော ဖားကန့်မှော်ကို သူတို့ခုမှ မြင်ရခြင်းဖြစ်သည်။ ဖားကန့်တွင် အလုပ်လုပ်နေသည် ခြောက်နှစ်သာ ကာလအတွင်း ယခုတကြိမ်မှပင် တွေ့ရခြင်းဖြစ်သည်။ ယခင်က အေးချမ်းလှသည်မှော်သည် ယခုတော့ သေနတ်၊အမြှောက်သံ တဆူဆူဖြင့် အကျီးတန်လှသည်။ သူတို့တွင် အဝတ်အစားမပါ။ အိပ်ယာမပါ။ သူတို့လက်ထဲတွင် ဗလာချည်းသက်သက်သာ။ ထိုနေ့က ထမင်းစားမဝင်။ ကုမ္ပဏီက အိပ်ယာလိပ်မရှိသောသူများကို အိပ်ယာလိပ်ဝယ်ပေးသည်။ နှစ်ယောက်တစ်စုံရသဖြင့် သူနှင့် ဇော်သန့်အတူတူ အိပ်ရသည်။ နေနေကတော့ သူများတွေ သယ်လာပေးသော သူ့အိတ်တွင် အိပ်ယာလိပ်ပါနေသဖြင့် မလိုတော့။ တစ်ချို့က အကျႋတွေလာပေးသည်။ မရှိတော့ သူတို့လည်း ဝတ်ရပြီ။ တစ်ချို့က အလိုက်ကန်းဆိုးမသိစွာဖြင့် ဘာအထုပ်မှ မဆွဲလာရလားဆိုပြီး အပြစ်တွေတင်ကြသည်။ သူတို့ကတော့ ဘာမှမပြောလိုတော့။ ကိုယ်ကြုံခဲ့ရသည်ကို ကိုယ်ပဲသိသဖြင့် ထိုစကားများကို မသိကျိုးကျွန်ပြုကာ မျက်နှာလွဲထားလိုက်သည်။ သူ့စိတ်ထဲတွင် မနက်ဖြန်တွင် ပြန်သွားယူနိုင်မည့် သူ့ပစ္စည်းများအကြောင်းတွေးနေမိသည်။
ညနေသည်မှောင်လာပြီ။ သူတို့ စိတ်တွေညစ်ညစ်နှင့်ရေချိုးလိုက်ကြသည်။ ပြီးနောက် ပြေးခဲ့လွှားခဲ့သည်များကို ပြန်လည်း စားမြုံ့ပြန်နေကြသည်။
ည ၉နာရီ မိနစ် ၃၀။
ဖုန်းမြန်သံကိုကြားလိုက်ရသည်။
“ဘာ ဘာဖြစ်တယ်….အသံမကြားရဘူး….ပြန်ပြောဦး ပြန်ပြောဦး”
ထိုဖုန်းပြောသံကြောင့်ပင် အကြောင်းတစ်ခုခုတော့ ထူးပြီမှန်း အားလုံး ရိပ်မိလိုက်ကြသည်။
“ဦးခန့် ဦးခန့် ခု ဘယ်ရောက်နေတာလဲ ..လမ်းမှာလား…ဘာ ဘယ်လို ပြေးလာခဲ့ပြီး…ဘာကြောင့်လဲ ဦးခန့် ဘာကြောင့်လဲ ..ဘယ်သူတွေ ကျန်ခဲ့လဲ..ဘာ ဘယ်လို ဘယ်သူတွေ ကျန်ခဲ့မှန်းမသိဘူး ဟုတ်လား…ဘာဖြစ်လို့လဲဆိုတာ ပြောဦးလေ ဦးခန့်..။ ဘာရယ် မီးရှို့တယ်..ဟာဗျာ”
သူတို့ ကြက်သီးမွှေးညှင်းများပင် ဖျန်းဖျန်း ထသွားကြသည်။ ထိုလူ့အနားသို့ စုပြုံက ဖြစ်ကြောင်းကုန်စင်ကို ဝိုင်းမေးကြသည်။
“ကုမ္ပဏီမှာ တစ်ယောက်မှ မနေရဲတော့ဘူးတဲ့ အကုန်လုံးကို ဟိုဘက်က မောင်းထုတ်လို့ ပြေးလာခဲ့ပြီတဲ့.။ ဘယ်သူတွေပါလို့ပါမှန်း ကျန်ခဲ့လို့ ကျန်ခဲ့မှန်းမသိဘူးတဲ့။ ဖုန်းလိုင်းကလည်း မမိဘူး။ ပြေးရင်းလွှားရင်းပြောနေတာလို့ ဦးခန့်ပြောတယ်။ မီးလာရှို့တာတဲ့။”
“ဗျာ”
သူနှင့် နေနေ အပြင် ဇော်သန့်နှင့် အခြားသော သူငယ်ချင်းများကပါ အံ့ဩသွားကြသည်။ မီးရှို့တာ။ ဒါဆိုလျှင်။ သူတို့ အနှစ်နှစ်အလအလ စုဆောင်းခဲ့သော ပစ္စည်းများ ။ ကုန်ပြီပေါ့။ နေနေသည် ရုတ်တရက် ထိုင်ချလိုက်ကာ ငိုနေလေပြီ။ နေနေ့တွင် အဝတ်တစ်ထည် ကိုယ်တစ်ခုတည်း။ ဘာမှပါမလာ။ သူတို့မျှော်လင့်ခဲ့သော မနက်ဖြန်၏ သက်တမ်းသည် ယနေ့တွင်ပင် သေဆုံးခဲ့ပြီ။ သူ့ရင်ဘတ်ကြီးတစ်ခုလုံး ဆို့နေချေသည်။ သူတို့ကုမ္ပဏီရုံးချုပ်၏ ခြံထောင့်မှနေ၍ သူတို့အလုပ်ဆိုက်ဒ် ရှိရာ မက်လင်ချောင်ဆိုဒ်သို့ကြည်ု့လိုက်သည့်အခါ ညမှောင်မှောင်ကောင်းကင်ယံတွင် မီးလျှံများမှထွက်လာသော လိမ္မော်ရောင်များကိုမြင်ရသည်။ သူတို့မျက်နှာများ ဆီး(ဇီး)ရွက်လောက်သာရှိနေတော့မည်။
“ဒါဆို ကျွန်တော်တို့ ပစ္စည်းတွေပါ ပါကုန်ပြီပေါ့”
“မပြောတတ်ဘူး ကိုသော် ဟိုဘက်က လူတွေတောင် ကိုယ့်ကိုကိုယ် အနိုင်နိုင်ပြေးလာခဲ့ရတယ်လို့ပြောတယ်။ ဒီနေ့ညတော့ မမုံ ဒုက္ခသယ်စခန်းမှာ အိပ်လိုက်မယ်တဲ့။ ဘယ်သူတွေကျန်ခဲ့မှန်းမသိတော့ ပြန်ရှာရဦးမယ်ပြောတယ်။”
“ဒါဆို လက်ရှိ ဘယ်နှစ်ယောက်ရှိနေလဲ”
“၉ယောက်လို့တော့ပြောတယ် တစ်ယောက်ပျောက်နေတယ်”
အားလုံး လှုပ်လှုပ်ရွရွဖြစ်ကုန်ကြသည်။
“ဘယ်သူတဲ့လဲ နာမည်သိလား”
“ကိုကျီးဥ တဲ့”
“ဟာ”
“ဟင်”
အံ့ဩ တုန်လှုပ်စွာဖြင့် အာမေဋိတ်သံများ ကိုယ်စီ ကိုယ်စီ ထွက်လာကြသည်။
ဆက်ပါမည်။
သော်ဇင်(လွိုင်ကော်)
17-Sept-2012
12:06PM
5 comments
surmi
September 16, 2012 at 12:53 pm
အစ်ကိုရေ
ဆက်ရေးဗျာ ။စောင် ့မျှော်နေပါတယ်
အကောင်းဘက်ကကြည် ့ရင်တော ့ အစ်ကို ့စာတွေဖတ်ရတာပေါ ့ဗျာ ။
Crystalline
September 16, 2012 at 3:20 pm
စိတ်မောစွာနဲ့နောင်လာမယ့်အပိုင်းတွေကိုလည်းစောင့်ဖတ်နေပါတယ်.
padonmar
September 16, 2012 at 9:13 pm
ရသစာပေဆုပေးဖို့ ရဲစည် ပြောတဲ့အချိန်မှာ ရသ အရေးကောင်း သော်ဇင်ပျောက်နေတာ သတိထားမိတယ်။
အော် အခုတော့ ငြိမ်းငြိမ်းရေးသလို မသေလို့ ရေးနိုင်တဲ့ ပို့စ်ဖြစ်နေပါရော့လား။
ဘေးကင်းလုံခြုံပါစေ။
ရှူံးနိမ့်မှုများနဲ့.. လူ
September 17, 2012 at 6:57 am
ဘာတွေလိုအပ်နေသလဲဆိုတော့ စာဖတ်ပရိသတ်လိုအပ်တယ်…။ ဘာကြောင့်လဲဆိုရင်တော့…။ အား ဆေးနဲ့တူလို့ပါပဲ…။
ဆိုတော့…. နားလည်တယ်ဗျာ.. တစ်ခေတ်တစ်ခါက ရွာထဲမှာ ခုလိုရသ အားမကောင်းခင်အချိန်က ရသကောင်းကောင်းတွေကို အားပေးမယ့်သူမရှိလို့ အားကုန်သွားတဲ့ထိ ရေးသားခဲ့တဲ့ ကိုသော်ဇင်ရေ… သတင်းကိုရေးတာတောင်မှ ရသတွေ ကွန့်ညွန့်နေပါပေါ့လား.. ကိုသော်ဇင်ရေ… အားမပျက်ပါနဲ့ဗျို့.. ရသ သမားတွေရှိနေပါသေးတယ်… ရသမြောက်အောင်သာရေးစမ်းပါ.. ရသ စစ်မစစ် စာဖတ်သူတွေရင်ထဲမှာ ဆုံးဖြတ်ပေးသွားပါလိမ့်မယ်။
ရှူံးနိမ့်မှုများနဲ့.. လူ
(ခေတ္တလူ့ပြည်)
linnlinnn
September 18, 2012 at 2:52 pm
ကိုယ်ကိုယ်တိုင် ပြေးလွှားနေရသလိုခံစားခဲ့ရပါတယ်.. အမြန်ဆုံးငြိမ်းချမ်းကြပါစေလို့ သက်ပြင်းတစ်ရှိုက်နဲ့အတူ ဆုတောင်းမိပါတယ်ရှင်..