နှစ်ဆယ့်ကိုးရက် မွန်းလွဲ တစ်နာရီ မိနစ် နှစ်ဆယ် အပိုင်း(၅)


ထိုစကားကိုကြားလိုက်ရတော့ မျှော်လင့်ချက်တွေ အဝီစိအထိကျသွားခဲ့ပြန်တော့သည်။ မနက်ဖြန်။ သူ့အတွက် မနက်ဖြန်သည် အားရစရာတစ်ချက်ကလေးမှမရှိ။ မက်လင်ချောင်ဘက်တွင်ကြားနေရသော သတင်းတွေက စုံလှသည်။ သူတို့ ကုမ္ပဏီ မီးလောင်ပြီးနောက်တစ်ရက်တွင် ကုမ္ပဏီအတွင်းရှိ ပစ္စည်းများကို ရွာသားတွေ ဝင်ရောက်ယူငင်နေကြကြောင်း သိရသဖြင့် သူ့မျှော်လင့်ချက်ကလေး လုံးဝနည်းနည်း ပျက်စီးသွားခဲ့လေသည်။ ရွာသားတွေတောင် ဝင်ယူသည်ဆိုလျှင် သူတို့ရော။

ဇော်သန့်က သူ့အား တီးတိုးတိုင်ပင်သည်။

“ကိုသော် ကျွန်တော်တို့သွားကြည့်ရင်ကောင်းမယ်ထင်တယ်”

“မင်းက သွားချင်စိတ်ရှိလို့လား”

“ဟာ ရှိတာပေါ့။ ”

“မင်းတစ်ယောက်တည်းလား”

“မဟုတ်ဘူး ဘဂျမ်းရယ် မြင့်ဇော်ဦးရယ် ပါလိမ့်မယ် ။ အစ်ကို့ဆိုင်ကယ်ကိုပဲပေးလိုက်”

“မင်းတို့ အရဲမစွန့်နဲ့နော် ။ ငါကတော့ သိပ်မသွားစေချင်ဘူး ။ ဘာမှန်းမသိ ၊ ညာမှန်းမသိ။ တော်တော်ကြာ ဒုက္ခတွေ့မှာလည်းဆိုးတယ်”

“စိတ်ချပါ ကိုသော် ကျွန်တော်တို့အရင် ရှမ်းစုရွာကိုအရင်ဝင်ပြီး စနည်းနာကြည့်မယ်။ အေးဆေးမှ ဝင်မယ်လေ။ ဘယ့်နှယ်လဲ”

သူ တွေဝေသွားရသည်။ စိတ်အားထက်သန်သည့်သူက ထက်သန်နေပြီ။

“ကျွန်တော်တို့ပစ္စည်းတွေက နည်းတယ်။ ကိုသော် ပစ္စည်းတွေကများသာ။ ရတဲ့ဟာတော့ ပြန်ယူရမှာပဲ ကိုသော် ကျွန်တော်တို့သွားတော့မယ်”

သူ မတားတော့။ သူနှင့် နေနေသာ ရုံးချုပ်တွင် ကျန်ရစ်ခဲ့သည်။ နောက်ဆက်တွဲသိရသည်မှာ ဇော်သန့်တို့အပြင် ကြီးကြပ်များနှင့် ယာဉ်ကြီးမှူးပါ သွားကြသည်တဲ့။ ယာဉ်ကြီးမှူးပါသည်ဆိုတော့ အခြေအနေကို ဖုန်းဆက်မေးကြည့်လျှင်ရမည်ဖြစ်သည်။ သူနှင့်နေနေ ထိုင်လိုက် ထလိုက်နှင့် ဂနာမငြိမ်ဖြစ်နေသည်။ အဆောင်ပေါ်သို့တက်လိုက် ဆင်းလိုက်နှင့် နေမထိ ထိုင်မသာ။ ဇော်သန့်တို့ အဆင်မှ ပြေပါ့မလား ဟု တွေးကာ စိတ်ပူရသည်။ သူ့အတွက်အဓိကသွားသောခရီးတွင် တစ်ဦးတစ်ယောက်မှ ဘေးမသီရန်မခစေရန် သူဆုတောင်းနေရသည်။ နေနေကတော့ စီးကရက်တစ်လိပ်ကိုဖွာကာ စိတ်ငြိမ်အောင် ဆိတ်ဆိတ်ကလေး ထိုင်နေပုံရသည်။

သူမနေနိုင်စွာဖြင့် ယာဉ်ကြီးမှူးထံသို့ ဖုန်းဆက်လိုက်သည်။

“ဟယ်လို အစ်ကို ကျွန်တော် ကိုသော်”

“ဪ မင်းရဲ့ System ပုံးပြန်ရတယ်”

“ဟာ ဟုတ်လား အစ်ကို တစ်ခြားရော ဘာတွေပြန်ရသေးလဲ”

“ပရင်တာဆိုလား ပြန်ရသေးတယ် ကျန်တာတော့ ကုန်ပြီ။ ဂိုဒေါင်ကြီးလည်း ဖွင့်ထားတယ်။ အိမ်ထောင်သည်လိုင်းကတော့ ကုန်ပြီ။ တီဗွီတွေရော၊ Sky Netတွေလည်း တစ်လုံးမှ မကျန်တော့ဘူးကွ။ တစ်ချို့ရတဲ့ ပစ္စည်းတွေတော့ သယ်လာခဲ့မယ်”

“ဟို ဇော်သန့်တို့ရောက်နေပြီလား”

“ဇော်သန့်တို့လား မရောက်သေးဘူး။ ရွာထဲမှာထင်တယ်။ လက်ဆွဲ အိတ် အနီရောင်တစ်လုံးတော့တွေ့တယ်။ ဘယ်သူ့ဟာလဲ”

“ဟာ အစ်ကို ကျွန်တော်ဟာဗျ။ ရှိနေလား။”

“ရွာထဲမှာ ရွာလူကြီးတွေက ကုမ္ပဏီ ဝန်ထမ်းပစ္စည်းတွေကိုရသလောက် ပြန်သိမ်း ထားပေးတယ်ပြောတယ်။တစ်ချို့ကိုတော့ ပြန်ရွေးရမှာပေါ့။ တစ်ချို့ အထက်ကရွာတွေက လာယူသွားတာတွေတော့ ပြန်ရတော့မှာမဟုတ်ဘူး။ ရှမ်းစုနဲ့ အလယ်ကုန်းက ပြန်သိမ်းထားတာတွေတော့ ပြန်ရကောင်းရနိုင်တယ်”

သူ ဘာလုပ်ရမည်လဲ။ သူဖုန်းပြောနေသည်ကို တစ်ချိန်လုံး နားထောင်နေသော နေနေက လစ်ခနဲ အနားမှ ပျောက်သွားသည်။ သူ့စိတ်ထဲတွင် ကတုန်ကယင်ကြီး။ တစ်ချို့ပြန်ရတယ်တဲ့။ သူ့ရင်ဘတ်ကြီးတစ်ခုလုံး လှိုက်ဖို လှိုက်ဖိုဖြစ်နေသည်။ ခဏနေတော့ နေနေပြန်ရောက်လာသည်။ အလောတကြီးဖြင့်

“ကိုသော် လုပ်လုပ် ကျွန်တော် ဂျာကြီးနား ကားသွားတောင်းတာ ။ ရတယ် ယူသွားတဲ့။ ”

“ဟင် ဟုတ်လား နေဦး ဖုန်းဆက်ပြီး ငါတို့လာမယ့်အကြောင်း ပြောရဦးမယ်”

သူ ဖုန်းဆက်ပြီး ယာဉ်ကြီးမှူးထံသို့ပြောလိုက်သည်။ သူတို့ ကားနှင့် မမုံရွာထဲအထိ သွားကြမည်။ ရွာထဲမှာ  ကယ်ရီငှားပြီး မက်လင်ချောင်ကိုတက်ပြီး ပစ္စည်းသယ်မည်။ သို့နှင့် သူနှင့်နေနေ အပါအဝင် လူတစ်ချို့လိုက်ပါလျှက် ဖားကန့် မရှီကထောင်ရပ်ကွက်မှ မမုံရွာသို့ ထွက်ခဲ့သည်။ ကားပေါ်တွင် သူ့စိတ်တွေ ပျံ့လွင့်နေသည်။ ဘာတွေ ပြန်ရသလဲ။ ဘာတွေ ဆုံးရှုံးသွားသလဲ။ ဇော်သန့်တို့ ဘာကြောင့် ကုမ္ပဏီထဲ မဝင်လာရသေးတာလဲ။ အတွေးပေါင်းဆုံက သူ့စိတ်ကို နှိပ်စက်ကလူပြုနေချေတော့သည်။

သူတို့ကားလေး ဖားကန့် အေးမြသာယာရပ်ကွက်မှထွက်လာတော့ ကားလမ်းတစ်လျှောက် လူတွေ အသွားအလာ စိပ်နေသည်ကိုတွေ့ရသည်။ ဆန်းကြွယ်ရွာကိုဝင်တော့မှ ကားတွေ တစ်စီးပြီးတစ်စီး ပစ္စည်းတွေ သယ်လာသည်ကိုတွေ့ရသည်။ တစ်ချို့ဆိုင်ကယ်သမားတွေလည်း လူတွေ၊ အထုပ်အပိုးတွေ သယ်လာကြသည်ကို လူးလားခေါက်ပြန်တွေ့ရသည်။ တစ်ချို့က အသွား၊ တစ်ချို့ အပြန်။ အသွားအပြန် စိပ်စိပ်ရှိလှသည်။ သူတို့ဆက်သွား၍ဖြစ်မည်လား။ ဆန်းကြွယ်ရွာမှ အထွက်တွင်တော့ ရှေ့မျက်နှာ တူရှုမှလာနေသော ဆိုင်ကယ်၊ ကားတွေကိုတွေ့ရသည်က မမုံရွာမှဖြစ်ကြသည်။ သူသိသော သူများကိုလည်းတွေ့ရသည်။ ထိုစဉ် ဖုန်းဝင်လာသည်။

“ဟယ်လို ဟုတ်တယ် အစ်ကို ဗျာ လမ်းက ဆယ်နာရီခွဲမှာ ပိတ်မယ်ဟုတ်လား”

သူနာရီကိုကြည့်တော့ ကိုးနာရီခွဲတိတိ။ အချိန်က သိပ်မရတော့ ။ သွားသွားလာလာနှင် ့အချိန်သည် ကုန်ရတော့မည်။

“အစ်ကို ကျွန်တော်တို့ကာ ဖားပြင်ရွာထဲရောက်တော့မယ်။ ခဏနေရင် မမုံရွာကိုရောက်ပြီ။ မမုံ မီးသတ်ရုံးရှေ့မှာရပ်ထားပြီး ဆိုင်ကယ်ကယ်ရီနဲ့ မက်လင်ချောင်ကိုတက်လာခဲ့မယ်။ ကြားလား အစ်ကို ။ ဟယ်လို ဟယ်လို..။ ဟယ်လို”

ဖုန်းလိုင်းကျသွားပြီ။ သူတို့ကားလေးတရိပ်ရိပ်ဖြင့် မမုံရွာထဲသို့ ဝင်လာခဲ့ပြီ။ သူနှင့်နေနေ။ ပြီးတော့ ကိုကျော် သုံးဦးသား ဆိုင်ကယ်တစ်စီးကို မက်လင်ချောင်နှင့် အသွားအပြန် ၈၀၀ဝ ကျပ်နှင့် ဌားကာထွက်လာခဲ့တော့သည်။ ခါတိုင်း သူတို့ကုမ္ပဏီနှင့် မမုံသည် ကယ်ရီခ ၂၀၀ဝ တည်းသာရှိသည်။ခုတော့ မသက်နိုင်။ ကယ်ရီသမားတွေလည်း အသက်စွန့်ပြီး လိုက်ရမည်ဖြစ်သောကြောင့် ဈေးနှုန်းကိုပိုတောင်းခြင်းဖြစ်လိမ့်မည်ဟု နားလည်လက်ခံထားလိုက်သည်။ မိုးလေးက တဖွဲဖွဲကျလာချေသည်။

ဆိုင်ကယ် သုံးစီးရှေ့စဉ်နောက်ဆက် ထွက်လာခဲ့သည်။ မမုံရွာကထွက်ပြီး မြန်မာစည်သူကုမ္ပဏီက ဖောက်လုပ်ထားသော တောင်တက်လမ်းအတိုင်းတက်လာခဲ့သည်။ ရှေ့ကသွားနှင့်သော ကြီးကြပ်တစ်ယောက်နှင့်တွေ့သဖြင့် တက်လို့ရသည်ပြောလာသဖြင့် သူတို့ဆက်တက်ခဲ့သည်။ တောင်တစ်ဝက်သို့အရောက်တွင် ဇော်သန့်တို့နှင့်အတူသွားသော မြင့်ဇော်ဦးကိုတွေ့ရသည်။ အခြေအနေကိုမေးကြည့်တော့

“ဆက်မတက်နဲ့တော့ ကိုသော် ရသမျှပစ္စည်းတွေ သယ်ခဲ့တယ်။ ကုန်ပြီ။ လမ်းပိတ်တော့မယ်။ ”

“ဟေ ဇော်သန့်တို့ရော”

“နောက်မှ လာလိမ့်မယ် ကိုသော် မတက်နဲ့တော့”

သူ့ကိုမီလာသော နေနေ ဆိုင်ကယ်ကိုလည်း ရပ်ခိုင်းလိုက်သည်။

“မတက်နဲ့တော့ နေနေ လမ်းပိတ်တော့မယ်တဲ့ ပြန်လှည့်ရအောင်”

“ဗျာ တစ်ချို့တက်နေတာပဲ ကျွန်တော်တော့ တက်ကြည့်ချင်သေးတယ်”

“မင်း အဘတွေက လမ်းပိတ်တော့မှာ။မြင့်ဇော်ဦးပြောနေတာ မကြားဘူးလား။ ပြန်လှည့်တော့”

သူ နေနေကို ပြောလိုက်သည့်လေသံတွင် အသံသည် အနည်းငယ်မာသွားသည်။ အသက်တစ်ချောင်းသည် သည်နေရာတွင် စွန့်ရန်မသင့်သဖြင့် တားလိုက်ရခြင်းဖြစ်သည်။ ကယ်ရီသနားတွေကို ပြန်လှည့်ခိုင်းက မမုံကိုပြန်လာခဲ့သည်။ သူတို့ကားနားတွင် ယာဉ်ကြီးမှူးရောက်နေပြီ။အထုပ်တွေကိုကြည်ု့လိုက်သောအခါ သူ့ပစ္စည်းတွေတစ်ချို့ကိုပြန်တွေ့ရသည်။ UPS နှင့် Printer တစ်လုံးကိုတွေ့သည်။ ထို့နောက် စာအုပ်တွေ၊ ပြီးတော့ Softwareခွေများ။ သူကျေနပ်ပါသည်။ ထိုမျှလောက်နှင့် သူကျေနပ်ပါသည်။ တစ်ချို့အထုပ်တွေကိုဖြည်ကြည့်တော့ အဝတ်အစား ခပ်နွမ်းနွမ်းတွေ။ နေနေက သူ့ပစ္စည်းတွေ သိပ်မပါသဖြင့် ပါးစပ်က ပွစိ ပွစိ။

သူတို့ ပျာယာခပ်နေသဖြင့် မီးသတ်ရုံးနှင့်မျက်နှာချင်းဆိုင်ရှိ ပြည်ချစ်လက်ဖက်ရည်ဆိုင်ကပင် ထွက်ကြည့်နေပြီ။ သူတို့မျက်နှာပေါ်က ခံစားချက်တွေသည် အတော်လေးကိုပေါ်လွင်နေပြီလား။

မြင့်ဇော်ဦးကိုမေးကြည့်တော့ ဇော်သန့်တို့ရောက်မလာသေးကြောင်းသိရပြန်သည်။ ဘာကြောင့်ပြန်မရောက်လာသေးရတာလဲ။ ယာဉ်ကြီးမှူးကိုမေးကြည့်တော့

“ဒီကောင်တွေ ငါတို့နောက်ကလိုက်လာတာကိုတွေ့တာပဲ ။ ရောက်မလာသေးဘူးလား။ ”

လမ်းကပိတ်တော့မည်။ ကယ်ရီသမားတစ်ယောက်က ခုလေးတင် မက်လင်ချောင်သို့အတက်ရော အဆင်းပါ ခွင့်မပြုတော့ကြောင်း သိလိုက်ရသည်နှင့်တပြိုင်နက် စိုးရိမ်သောကသည် ကြီးထွားလာရတော့သည်။ ဇော်သန့်နှင့် ဘဂျမ်း ဘာကြောင့်ပေါ်မလာရသေးတာလဲ။ နာရီကိုကြည့်တော့  ၁ဝနာရီခွဲပြီး ဆယ့်ငါးမိနစ်။

“ဒီကောင်တွေ ဘာလုပ်နေတာလဲ…ဘာဖြစ်နေတာလဲကွာ…..”

ဆက်ပါမည်

သော်ဇင်(လွိုင်ကော်)

19-Sept-2012

6:47PM

 

ရည်ညွှန်းချက်။          ။ www.thawzinloikaw.blogspot.com တွင်လည်း လာရောက်ဖတ်ရှုနိုင်ပါသည်။

 

 

 

 

 

 

6 comments

  • Shwe Ei

    September 19, 2012 at 9:48 pm

    စာတပုဒ်အဖြစ်ဖတ်နေရလို့သာဘဲ။ ကိုယ်တိုင်ကြုံရရင်ဘယ်လောက်များရင်မောလိုက်မလဲ။

  • nozomi

    September 20, 2012 at 1:44 am

    အသံထွက်မှာစိုးလို့
    တိတ်တိတ်လေး ဝင်ဖတ်သွားပါတယ်

  • အရီးခင်လတ်

    September 20, 2012 at 3:24 am

    ကိုယ့်ရဲ့ အိုးအိမ်စည်းစိမ် လေးတွေ ကို ဘယ်သူက အပျက်ခံချင်ပါ့မလဲ။
    ဒီတစ်ခါတော့ အမြဲ အာမခံအကြောင်း အော်နေတဲ့ ကျိန်စာလွတ် သူကြီးမင်းလဲ အာမခံ အကြောင်း ပြောနိုင်မယ်မထင်။
    ယေဘူယျ အားဖြင့် စစ်(သို့) အကြမ်းဖက်မှုတွေ ကြောင့် တစ်ခုခု ဖြစ်ရင် အာမခံ ဘောင်မဝင်ဘူး ဆိုသလားလို့။
    အားပေးနေပါတယ် ကိုသော်ဇင်ရေ။

  • pooch

    September 20, 2012 at 3:57 am

    တော်သေးတာပေါ့ ဘာမှ မရတာထက်စာရင် ဒီလိုလေး ရလိုက်တာကိုက ဖြေသာပါသေးတယ်။

  • Crystalline

    September 20, 2012 at 9:46 am

    သစ်တာအနီကြီးထဲမှာတော့အဖိုးတန်တွေပါမယ်ထင်တယ်.

  • ကြည်ဆောင်း

    September 20, 2012 at 2:08 pm

    ဖတ်နေရင်း နဲ့ကိုယ့်ဖာသာတောင်ကိုယ် ပြာယာခပ်နေမိတယ် …
    ကိုယ်တိုင်ရင်ဆိုင်ကြုံတွေ့နေတဲ့သူတွေကတော့….. 🙄

Leave a Reply