ရောင်းချသူနှင့် ဝယ်သူတွေအကြား ဆက်ဆံရေး အပိုင်း ၁
ဒီနေ့တော့ မနေနိုင်လို့ ပြောချင်တာတွေ ပြောဖို့ တာစူလိုက်တာကတော့ ကျွန်မတို့ နေစဉ် ကြုံတွေ့နေတဲ့ ဈေးရောင်းသူနှင့် ဈေးဝယ်သူတွေရဲ့ ဆက်ဆံရေးကို တင်ပြချင်ပါသည်။ လူတိုင်း နေ့စဉ် ကြုံတွေ့နေရတာတွေကတော့ ဈေးဝယ်ခြင်းနှင့် ရောင်းချခြင်းကဏ္ဍရပ်ပါပဲ။ ဒီလုပ်ငန်းစဉ်ကတော့ လူတိုင်း မကြုံတဲ့သူတွေ ရှိမှာ မဟုတ်ပါဘူး။ ဒီတော့ မြင်တွေ့ကြုံရတာတွေကတော့ ဝယ်သူတွေအပေါ် ဆက်ဆံတဲ့ ရောင်းချသူတွေရဲ့ စိတ်နေစိတ်ထားကို ကျွန်မ သုံးသပ်ကြည့်မိပါသည်။ နေ့တိုင်း တစ်နည်းမဟုတ် တစ်နည်း သင်လည်း တွေ့ဆုံနေရမှာကတော့ သင်ဟာ ဝယ်သူနေရာကနေလား ဒါမှမဟုတ် ရောင်းချသူနေရာကနေလား ဆိုတာကို သုံးသပ်ကြည့်မယ်။ ဝယ်သူနေရာက သုံးသပ်ပြီး ရောင်းချသူတွေ ဘာတွေလိုအပ်နေသလဲဆိုတာ ကျွန်မ နားလည်သလောက် ခံစားကြည့်မိသည်။ တဖြည်းဖြည်းနဲ့ ရောင်းချသူတွေရဲ့စိတ်ထားဟာ ဝယ်သူတွေ အပေါ် ဆက်ဆံတာဟာ အတော် ဆိုးဆိုးဝါးဝါး ဖြစ်လို့ လာနေပါပြီ။ ဒါဟာ ဘာကြောင့်ပါလဲ။ ရောင်းသူဆိုတဲ့ နေရာမှာလည်း ကိုယ်ပိုင်ရောင်းချသူနှင့် အငှားရောင်းချသူတွေ အများအပြားရှိနေမှာပါ။
ဒီတော့ အငှားရောင်းချသူတွေကို ပိုင်ရှင် တစ်နည်းအားဖြင့် သူဌေးပေါ့လေ သူတို့က လိုအပ်ချက် တွေကို မပြောပဲ ဒီတိုင်းများ ထားကြသလား။ ကိုယ့်ရဲ့လုပ်ငန်းတိုးတက်မှု၊ ဈေးကွက် နယ်ပယ်ချဲ့ထွင်မှုတွေဟာ ဒီအရောင်းဝန်ထမ်းတွေရဲ့ လက်ထဲမှာပဲရှိကြတာ ဖြစ်ပါသည်။ တချို့ပိုင်ရှင် ကိုယ်တိုင် ရောင်းချသော ဆိုင်များ သည်လည်း ဆက်ဆံရေး အတော်ဆိုးဝါးလှပါသည်။ ကျွန်မ ကြုံတွေ့ခဲ့တာတွေကို အနည်းအကျဉ်း ဖော်ပြ ပါဦးမည်။ ကျွန်မတို့မြို့နယ် ကားမှတ်တိုင်နားမှာရှိတဲ့ နှစ်ထပ်ပျဉ်ထောင်အိမ်ကြီး တစ်လုံးတွင် အောက်ထပ်မှာ ဆိုင်ခန်းကြီးဆောက်လုပ်ပြီး အပျိုကြီးတွေ ညီအစ်မများ ရောင်းချသော အလှကုန်ပစ္စည်းဆိုင် ရှိပါတယ်။ အတော်စုံလင်တော့ ကျွန်မလည်း ဒီပြင်ဆိုင်တွေထက် ဒီဆိုင်မှာပဲ ဝယ်ဖြစ်တာ များပါတယ်။ နောက် တစ်ချက်က ကားမှတ်တိုင်ဆိုတော့ ကားလည်းစီးရင် ကြုံရင် ကြုံသလို ဝယ်မိတယ်။ တစ်ခါဝယ်ရင် ညီအစ်မတွေ တစ်ယောက်မရှိ တစ်ယောက်တော့ ရှိကြပါတယ်။ တစ်နေ့တော့ ကျွန်မ လိုချင်သော ပစ္စည်း လည်း ဝယ်မယ်စိတ်ကူးရင်း ဝယ်ပြီးသား ပစ္စည်းကိုလည်း ကျွန်မ ဈေးသိချင်လို့ မေးမြန်းမိပါတယ်။ အဲဒီနေ့က ညီမအငယ်ဆုံးထင်မိတာပဲ။ သူက ကျွန်မ မှန်ဘီဒိုထဲ လက်ညှိုးထိုးပြီး ဈေးမေးတဲ့ပစ္စည်းကို မဖြေပဲ မကြားချင် ယောင်ဆောင်နေတာကို ကြုံရတယ်။ ကျွန်မကလည်း မကြားလို့များလားဆိုပြီး အသံမြှင့်ပြီး ထပ်မံပြန်ပါတယ်။ ဒီတော့ ကျွန်မ လုံးဝကို မထင်မှတ်တဲ့ စကားတွေ ဒီဈေးရောင်းသူ အမျိုးသမီးဆီက ထွက်လာတော့ အရမ်း အံ့ဩသွားမိတယ်။ ကျွန်မကို ဘာပြောတယ်မှတ်လို့လဲ။ တစ်ခါမှ ဝယ်တာလည်း မဟုတ်ဘူး။ လာမေး မနေနဲ့လေ။ ပြောရင်လည်း ဝယ်နိုင်တာ မဟုတ်ဘူးတဲ့။ ရောင်းသူက ဝယ်သူကို ဆက်ဆံတဲ့ ယဉ်ကျေးမှု တစ်ခုကို စတင်ကြားခဲ့မိပါတယ်။ ကျွန်မလေ တော်တော်အံ့ဩသွားမိတယ်။ ဝယ်ချင်တာကို အဲဒီနေ့က ဒီအမျိုးသမီး ပြောပြီးထဲက နောက်ဆုံး ဝယ်ယူခဲ့ရင်း နောင်ကို ဒီဆိုင်မှာ ဘာမှမဝယ်တော့ပါလို့ သနိ္နဋ္ဌာန်ချခဲ့တာ ခုဆို ၁ဝ နှစ်တောင် ကျော်ခဲ့ပြီပေါ့။ နေ့တိုင်း အဲဒီဆိုင်ရှေ့က ကားမှတ်တိုင်မှာ ကားစီးပေမယ့် ဆိုင်ကို အမြဲကျောပေးပဲ ရပ်မိပါတော့တယ်။ ဒါကြောင့် ဒီလိုလူမျိုးတွေရှိနေလို့လည်း တစ်ခါဆက်ဆံ ဆယ်ခါလန် ဆိုတဲ့စကား ထွက်ပေါ်လာတာလို့ ယူဆမိပါတယ်။ နောက်ပိုင်း ကျွန်မ ကားဂိတ်ရောက်တိုင်း သတိထားမိတာ ကတော့ အဲဒီဆိုင်မှာ ဈေးဝယ်မပြောနဲ့ ဖုန်းလာဆက်သူတောင် မတွေ့ရသလောက်ပါပဲ။ ဒီလိုမျိုး ဆက်ဆံရေး ဆိုင်များ ဘယ်နှခုလောက်ရှိနေသလဲဆိုတာ ဆက်ပြီး လေ့လာကြည့်ရအောင်။ ကျွန်မ ဟိုတစ်လောက ဖိနပ် လိုချင်တဲ့အတွက် ဖိနပ်ဆိုင်များကို ရောက်ရှိခဲ့ပါတယ်။ ဆိုင်အတော်များများကို ရောက်ခဲ့ရတယ်။ ဘာလို့လဲ ဆိုတော့ ကိုယ်လိုချင်သော ဖိနပ် မရရှိခဲ့တာကြောင့်ပဲဖြစ်ပါတယ်။ မြို့ထဲဝန်းကျင်ကပါပဲ။ ခုတစ်လော ဝင်ဖြစ်တဲ့ဆိုင်တွေကတော့ ဖိနပ်ဆိုင် အများအပြားပင် ဖြစ်ပါတယ်။ လိုချင်သော ဖိနပ်တွေ့တော့ ဝင်မေး ဖြစ်တယ်။ ဖိနပ် ဒီလိုပုံစံနဲ့ ဘယ်ဆိုဒ်တွေရှိသေးလဲ မေးကြည့်တော့ ရောင်းချသူကောင်မလေးက စိတ်မပါ့တပါ့ ဖြစ်ထလာပြီး ဘယ်ဆိုဒ်မှ မရှိကြောင်း ဒီတစ်မျိုးထဲလာတယ်လို့ ပြောပါတယ်။ ဒါနဲ့ အဲဒီဆိုင်ကနေ ထွက်လာပြီး နောက်တစ်ဆိုင် ဝင်ကြည့်မိပြန်တယ်။ နောက်တစ်ဆိုင်ကတော့ လျှော့ဈေးနဲ့ ရောင်းချနေတဲ့ ဆိုင်ဖြစ်ပြီး ဈေးနှုန်းနဲ့ ဖိနပ်များ တွဲရက်ကပ်ထားတော့ ကြည့်ရတာ အဆင်ပြေပါတယ်။ ဆိုင်ထဲဝင်ဝင်ခြင်း အရောင်း ဝန်ထမ်း ၃ ဦးကို ဆိုင်ပေါက်ဝမှ ထိုင်ခုံမှာထိုင်ပြီး စကားဝိုင်းဖွဲ့ပြောနေတာ တွေ့ရှိရတယ်။ ဈေးဝယ်သူ ဆိုင်ထဲ ဝင်လာတာ မြင်တော့လည်း မတ်တတ်ရပ်ပြီး မေးမြန်းရမှန်း လှည့်ကြည့်ဖော်တောင် မရှိပါဘဲ သူတို့ဘာသာ စကားပြောမပျက် ပြောနေလျက်ပါပဲ။ ကျွန်မလည်း တစ်ဆိုင်လုံး လျှောက်ကြည့်ဖို့ စိတ်ကူးပေမယ့် ဝင်ပြီး ချက်ချင်းပဲ ပြန်ထွက်လာခဲ့မိတယ်။ နောက်တစ်ဆိုင် ရောက်သွားပြန်တယ်။ ဒီဆိုင်ကတော့ ဝယ်သူကြည့်ရာ နောက် တစ်ကောက်ကောက်တော့ လိုက်ပါရဲ့ ဝယ်သူက စီးကြည့်မည်ပြုတော့ အစ်မနဲ့ မတော်ဘူး။ မစီးနဲ့လို့ ပြောပါတယ်။ ဟိုဟာလေး ကိုင်တော့လည်း မတော်ဘူး။ ဒီဟာလေး ကိုင်တော့လည်း မတော်ဘူးချည်းပဲ ပြောပြီး တော်တဲ့ဖိနပ်ကို ပြရမှန်းမသိဘူး။ ဒါနဲ့ ပြန်ထွက်လာခဲ့မိပြန်တယ်။ ဒီဆိုင်တွေဟာ တစ်ခမ်းတစ်နားနဲ့ ဆိုင်ခန်းကြီးတွေမှာ ရောင်းချနေသူများ ဖြစ်ကြတာကို တွေ့ရတယ်။ ကျွန်မလည်း စိတ်ဓာတ်ကကျလာပေမယ့် လိုချင်တာ မရ ရအောင် ဝယ်တတ်တဲ့ အကျင့်အတိုင်းပဲ ကဲ မထူးဘူး။ ဒီလို ဆိုင်ကြီးတွေ မဝင်တော့ဘူးဆိုပြီး လမ်းဘေးဆိုင်ကို ဝင်လိုက်တော့တယ်။ လမ်းဘေးဆိုင် ဆိုပေမယ့် သေသေချာချာ ခင်းကျင်းပြသထားပြီး ရောင်းချသူ ဝန်ထမ်းတွေကတော့ အတော့်ကို အသက်ငယ်ပုံပေါက်တဲ့ ကလေးမ သုံးလေးယောက်ကို တွေ့ရပါတယ်။ ဝယ်သူတွေကလည်း ခုနလို ဆိုင်တွေမှာ တစ်ယောက်မှ မရှိတာကို တွေ့ရှိရပြီး ဒီဆိုင်မှာတော့ အတော့်ကို လူတိုးပြီး ဝင်ကြည့်ရတယ်။ ထုံးစံအတိုင်းပေါ့။ ကျွန်မရဲ့ ခြေထောက်ဆိုဒ်က ဟိုမရောက် ဒီမရောက် ဆိုတော့ ဘယ်ဖိနပ်စီးစီး မတော်ဘူးဖြစ်နေတယ်။ ဆိုင်က အရောင်းဝန်ထမ်းကောင်မလေးက တစ်ရန်ပြီး တစ်ရန် ထုတ်စီးစေတယ်။ မတော်တာများလာတော့ ခဏနေဦးနော် ဆိုပြီး သူတို့ ပစ္စည်း သိမ်းဆည်းရာ နေရာကို သွားပြီး ရှာဖွေနေတယ်။ နောက်တော့ ယူလာပြီး စီးစေပြန်တယ်။ ဝယ်သူ အများကြီးကြားမှာ ကျွန်မကို သေသေချာချာ ရှာဖွေပေးနေတော့ အတော့်ကို အားနာလာတယ်။ မရရင်လည်း နေပါစေတော့ ပြောမိတော့ ဒီအရောင်းဝန်ထမ်းကောင်မလေးက ဖိနပ်များ သိမ်းဆည်းထားရာ ပစ္စည်းထားတဲ့ နေရာကို လိုက်ခဲ့ပါလို့ခေါ်ပြီး အထဲကနေ တစ်ရန်ထုတ်လိုက် စီးခိုင်းလိုက်နဲ့ အတော်ကြာကြာ ကုန်သလောက် ရှိမှ မဆိုသလောက်လေး တော်တဲ့ တစ်ရန် ထွက်လာပါတယ်။ ကျွန်မစိတ်ထဲမှာလည်း အတော်အားနာနေပြီး မတော်လည်း ဝယ်သွားတော့မယ်လို့ စိတ်ဆုံးဖြတ်ချက် ချထားမိတယ်။ ဒါနဲ့ အဆင်ပြေတဲ့ နှစ်ရန်တွေ့ရှိတော့ အရောင်းဝန်ထမ်းလေးက ဒီဖိနပ်စီးမယ်ဆိုရင် အပေါ်ယံတော့ လှတယ်။ အစ်မက ခြေထောက်သေးတော့ နောက်ပိုင်းစီးရင်း ကျယ်သွားလိမ့်မယ်။ ဒီတစ်ရန်ကတော့ နောက်ပိုင်းစီးရင်လည်း ကျယ်မှာ မဟုတ်တဲ့အတွက် အစ်မ စီးရတာ အဆင်ပြေမယ်လို့ ရှင်းပြပါတယ်။ ကျွန်မလည်း မတော်လည်း ဝယ်မယ်လို့ စိတ်ကူးထားတဲ့ အတွက် တော်နေတော့ အဆင်ပြေသွားတော့တယ်။ ဆိုင်က ကောင်မလေးကိုလည်း ကျေးဇူးတင်မိတယ်။ နောက် အဲဒီဆိုင်နားက ဖြတ်တိုင်း ကောင်မလေးက နှုတ်ဆက်တယ်။ ဝယ်သူတွေကို မှတ်သားထားတာကို လည်း တွေ့ရှိရပြန်တယ်။
ဆက်ပါဦးမည်။
10 comments
aanyar thar
September 26, 2012 at 7:56 pm
လက်ဆောင်ပစ္စည်းလေးတွေ ရောင်းတဲ့ ဆိုင်ကို အသက်၄ဝ ကျော် လူတစ်ယောက် ဝင်လာတယ် ပစ္စလ်းလေးတွေ ဟိုကြည့် ဒီကြည့် ကြည့်ရင်းနဲ့ အရောင်းစာရေးမငယ်ငယ်လှ့လှ့လေးကို ခေါ်တော် ၁၀၀ဝ မျက်လုံးနဲ့ငန်းပြီး ဒီလိုမေးလိုက်တယ်..ညီမလေး အကို့ကိုကူညီပါကွာ အကို့ဇနီးလောင်း မိန်းကလေးအတွက် လက်ဆောင်ပစ္စည်းလာဝယ်တာ အကို ရွေးရခက်နေလို့ အဲ့ဒါ…ညီမလေးသာ အကို့ဇနီးလောင်းဆို ဘာယူမလဲဟင်….(အရောင်းစာရေးမလေးက တစ်ခွန်းပဲပြန်ဖြေလိုက်တယ် ……..နောက်လင်…ယူမယ်တဲ့..)..ရောင်းသူ ဝယ်သူ အသံတူပေါ့ဗျာ
ဝင့်ပြုံးမြင့်
September 26, 2012 at 11:38 pm
တချို့ဆိုင်တွေက ပစ္စည်းတွေကို ဈေးနှုန်းကပ်တဲ့အခါ ဖတ်လို့မရအောင် စာလုံးတွေနဲ့ကပ်ကြတယ်နော်။ ဘာဖြစ်လို့ လွယ်တာကိုခက်အောင်လုပ်တာလည်း မသိဘူး။
kai
September 27, 2012 at 5:00 am
“ဈေးပြောရင်လည်း ဝယ်နိုင်တာ မဟုတ်ဘူး.. ”
“ဈေးအရမ်းကြီးတယ်”..” မဝယ်နိုင်ပဲမမေးပါနဲ့”.. စတဲ့စကားမျိုးနဲ့.. ဈေးဝယ်သူ… မခံချင်အောင်လုပ်ပြီး.. ရောင်းတဲ့. .ဈေးရောင်းနည်းပညာရှိတယ်လည်း.. ထင်မိတယ်..
ကဲ..အသင်ရွာသူားတို့..
အဲလိုဆို.. ဝယ်ကြမှာလား..
မနောမမ ကတော့..အဲလိုပြောခံရလို့.. ကျောပေးထားသတဲ့..
၁ဝနှစ်.. :kwi:
kyeemite
September 27, 2012 at 9:28 am
မခံချင်အောင်လုပ်ပြီး.. ရောင်းတဲ့. .ဈေးရောင်းနည်းပညာရှိတယ်လည်း.. ထင်မိတယ်..(သဂျီး)
ဘယ်လိုဘဲဖြစ်ဖြစ် ဒီနည်းကတော့လူတွေဝယ်အောင်ဆွဲဆောင်နိုင်ဖို့ထက်
မနောဖြူလေးလို လက်လန်သွားမဲ့သူကများမှာပဲ… :kwi:
ကြောင်ကြီး
September 27, 2012 at 9:51 am
ဆက်ဆံရေး
နက်ဖြန်တွေး
ဓာတ်မှန်ပေး
ကြက်ခြံမွေး၊
ဘက်တံရွေး
ခက်မာန်သွေး
ထပ်ကြံအေး
ငှက်ပျံဝေး..။
manawphyulay
September 27, 2012 at 10:21 am
ငှက်ပျံဝေးမလုပ်ပဲနဲ့ ကြောင်ပျံအဝေးပဲ လုပ်လိုက်ပါ ဦးကြောင်ရယ်.. 😛
နေဝန်းနီ
September 27, 2012 at 10:55 am
ဈေးသည်တွေ ဆိုးသလို အတော်ဆိုးတဲ့ ဈေးဝယ်တွေလည်း ရှိတာပါပဲ…။ အဓိကကတော့ လိုချင်တာတွေကများများ ဈေးတွေက ကြီးကြီး ဝင်ငွေက မလိုက်နိုင်တာပါပဲ….။ ဒါလေးကို ကိုယ်ချင်းစာတွေးကြည့်မယ်ဆိုရင်တော့ အပေါက်ဆိုးတဲ့ ဈေးသည် ရှိမှာမဟုတ်ဘူးနော်….။ ပြောရင် း စကားလမ်းကြောင်းက ပြောင်းသွားပြန်ပြီ…။ ဘာဖြစ်သလဲတော့ မသိဘူး (တစ်ကယ်ကသိဒယ် -ပြောရမှာ အဲ စာရိုက်ရမှာပျင်းလို့) လူတွေ ဗမာတွေ တစ်ဖြေးဖြေးနဲ့ ကိုယ်ချင်းစာတရားခေါင်းပါးလာကုန်ပြီ…….. ။ … :kwi:
etone
September 28, 2012 at 1:54 pm
အစ်မ မနော … ဟုတ်တော့ ..ဟုတ်သေးဘူးနော် … ။
ဟုတ်သေးဘူးဆိုတာ … ဖိနပ်မတော်တဲ့ ကိစ္စကိုပြောတာ …. ။
လူကိုမြင်လည်း မြင်ခဲ့ဖူးပါတယ် …ပိန်ပိန်ပါးပါးလေးပါ … ။ ခြေထောက်ဆိုဒ် အလွန်ဆုံးရှိလျှင် … နံပါတ် 38 လောက် … နံပါတ် 7 လောက်ပဲ ရှိပါတယ် … ။ ဆိုဒ်မတော်ဘူးဆိုလို့ပါ … ဟီး
တကယ်ပဲ ညီမလို ခြေကြီးမျိုးဆိုလျှင်တော့ …. အပင်ပန်းခံပြီး ဆိုင်တွေမှာ လျှောက်မရှာနဲ့ … အတော်များများ မတော်တတ်ဘူး …. ဆိုက်ကြီးတော်တော်များများနဲ့ .. ဒီဇိုင်းစုံရွှေးလို ့ရတာဆိုလို့ …. SHOE GALLERY ထဲမှာပဲ တွေ့သေးတယ် … ဈေးကလည်း မကြီးဘူး ။ reasonable price လည်းဖြစ်ပါတယ် ။ 8,800 ကနေ 15,000 ကြားမှာပဲရှိတယ် …. စီးစမ်းပါလေ့ ရောင်စုံ …. :kwi:
ဒီတခါ ပို့စ်ထဲကအကြောင်းရာကို နည်းနည်းပွားမယ် … ။
ဆိုင်က ရောင်းတဲ့ လူကတော့ ပိုင်ရှင်လိုမျိုး စိတ်မထားတတ်ကြတာ များတယ် .. အချိန်မှန်လစာရမှာပဲမို့ ဆို်င်ထဲ လူဝင်ဝင်မဝင်ဝင် သိပ်မပူကြဘူး ။ လစာကို % အလိုက်သာ ခံစားခွင့်ပေးလျှင် … လုပ်ချင်ကိုင်ချင်စိတ်ပိုရှိလာမလားပဲ …. ။ ဝန်ထမ်းတွေကို ကြီးကြပ်တဲ့ လူမရှိတာလည်း ပါချင်ပါမှပေါ့လေ … ။
ပြောမယ့်သာပြောတာ အစ်မရေ ….. တဆိုင်ဝင်တဆိုင်ထွက် … အဲ့ဒီလို လျှောက်မေးရတာ .. လုံးဝကို ဝါသနာ မပါဘူး … ။ မျက်စိလည်းမူး ၊ အာရုံတွေပါ နောက်လွန်းလို့ .. စကား သိပ်များများ မပြောချင်တာလဲပါတယ် … ။ ဒီတော့ … ဖိနပ်တွေ ပြထားပြီး ဈေးပါ fixed လုပ်ပြီး ကပ်ထားတဲ့ ဆိုင်တွေမှာပဲ ဝယ်လိုက်တော့တယ် …. ။ ဆိုဒ်ရှာချင်လျှင်လည်း .. တရံတည်း တခါ မရှာခိုင်းဘူး .. လိုချင်တဲ့ ဒီဇိုင်း နှစ်ခု သုံးခုလောက် အရင်စုလိုက်တယ် .. ပြီးမှ ဆိုဒ်ရှာခိုင်းတယ် … ။ ကိုယ်လည်း စကား နှစ်ခါမပြောရဘူး ..သူတို့လည်း နှစ်ခါ အလုပ်မရှုပ်ဘူး … ။ အဲ့လိုပါ ။ :harr:
manawphyulay
September 28, 2012 at 2:16 pm
အမယ်လေး ညီမလေးရယ်… ဆိုက်အသေးဆုူံး ၃၅ က ကြီးနေတယ်။ ကလေးဆိုက်အကြီးဆုံး ၃၄ က မတော်ဘူး။ ဟွန်း သူ့ပြောပြတာနဲ့ သူများတွေ သိကုန်တော့မယ်… ဂယ်ပဲ.. 🙁
etone
September 28, 2012 at 2:58 pm
အဟီး .. ခွိခွိ … ဆိုဒ်မတော်ဘူးဆိုလို့ … အထင်ကြီးမိတာ .. မွှားတွားတယ် … ခွိခွိ ။
အားမငယ်နဲ့ အစ်မ .. နောက်ဆိုကလေးဖိနပ်ဆိုင်က သွားဝယ် .. အဲ့က အကြီး ဆုံးဆိုဒ်တော့ တော်မှာပေါ့ :kwi: