တောင်တရုတ်ပင်လယ် နှင့် မဟာဗျူဟာရေးရာ (အပိုင်း-၁)

kaiSeptember 30, 20122min44691

တောင်တရုတ်ပင်လယ် နှင့် မဟာဗျူဟာရေးရာ (အပိုင်း-၁)

နိဒါန်း

အရှေ့တောင်အာရှမှာ နိုင်ငံအချင်းချင်း စစ်မက်ဖြစ်ပွားစေမယ့် ပဋိပက္ခဖြစ်နိုင်ချေအရှိဆုံး နေရာတခုကို လက်ညှိုး ထိုးပြပါဆိုရင် မဟာဗျူဟာလေ့လာသူအများစုက တောင်တရုတ်ပင်လယ်ကို လက်ညှိုးထိုးပြကြမှာဖြစ်ပါတယ်။ အရှေ့တောင်အာရှရဲ့ မဟာဗျူဟာရေးရာ လေ့လာချက်တွေမှာ တောင်တရုတ် ပင်လယ်အရေးက ထိပ်ဆုံးကနေ နေရာယူထားခဲ့တာ နှစ်ပေါင်းများစွာ ရှိနေခဲ့ပါပြီ။ တောင်တရုတ်ပင်လယ်မှာ ပြန့်ကြဲနေတဲ့ ကျွန်းငယ်လေး တွေနဲ့ပတ်သက်ပြီး နယ်မြေပိုင်နက်ဆိုင်ရာ အငြင်းပွားမှုတွေ အများအပြား ဖြစ်ပွားနေပါတယ်။ အဓိက ကျွန်းစုတွေဖြစ်တဲ့ Spratlys (Nansha Islands) နဲ့ Paracels တို့ကို ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ဘရူးနိုင်း၊ ဖိလစ်ပိုင်၊ မလေးရှားနိုင်ငံ၊ ထိုင်ဝမ်၊ ဗီယက်နမ် နဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တို့အကြားမှာ နယ်မြေပိုင်နက် အငြင်းပွားမှုတွေ ပေါ်ထွက် လာပါတယ်။


(ပုံ-၁ : တောင်တရုတ်ပင်လယ် နယ်မြေပိုင်နက် အငြင်းပွားမှုပြ မြေပုံ) (Agency France Press)

နယ်မြေပိုင်နက် အငြင်းပွားမှုဆိုတာ နယ်မြေတခုကို သူပိုင်တယ်၊ ငါပိုင်တယ် ဆိုတာထက် ပိုပြီး ကျယ်ဝန်းပါတယ်။ အထူးသဖြင့် တိုင်းနိုင်ငံတခုရဲ့ အချုပ်အခြာအာဏာနဲ့ သက်ဆိုင်ပါတယ်။ ရေပိုင်နက်ဆိုင်ရာ အချုပ်အခြာ အာဏာနဲ့ သက်ဆိုင်တဲ့ အငြင်းပွားမှုတွေဖြစ်တာကြောင့် ကာကွယ်ရေးဆိုင်ရာ မဟာဗျူဟာတွေအပေါ်မှာ တိုက်ရိုက် သက်ရောက်မှု ရှိလာပါတယ်။ အဲဒီကနေတဆင့် ပင်လယ်ရေကြောင်း ဆက်သွယ်ရေး၊ စွမ်းအင် လုံခြုံရေး၊ အစားအစာ လုံခြုံရေး၊ သဘာဝပတ်ဝန်းကျင်လုံခြုံရေး စတာတွေနဲ့ပါ ဆက်စပ်လာပါတယ်။ ဒါကြောင့် တိုင်းနိုင်ငံတခုရဲ့ နယ်မြေပိုင်နက်အငြင်းပွားမှုပြဿနာကို အစိုးရ၊ ကာကွယ်ရေးနဲ့ လုံခြုံရေး တာဝန်ရှိသူတွေရဲ့ ပြဿနာ အဖြစ်တင်မကပဲ အမျိုးသားရေးပြဿနာအဖြစ် သတ်မှတ်လေ့ရှိကြတာဖြစ်ပါတယ်။

တောင်တရုတ်ပင်လယ်အငြင်းပွားမှုတွေနဲ့ ပတ်သက်ပြီး၊ ပါဝင်ပတ်သက်နေတဲ့ တိုင်းပြည်တွေက အမျိုးသားရေး ပြဿနာ၊ အချုပ်အခြာအာဏာပြဿနာလို့ သတ်မှတ်ထားကြစဉ်မှာပဲ၊ အငြင်းပွားမှုထဲ မပါဝင်တဲ့ တိုင်းပြည်တွေ ကလဲ မဟာဗျူဟာရှုထောင့်ကနေ စဉ်းစားသုံးသပ်ရတာတွေ ရှိလာပါတယ်။ တောင်တရုတ် ပင်လယ်ဟာ အရှေ့အလယ်ပိုင်း၊ ပစိဖိတ်ဒေသတောင်ပိုင်း၊ အရှေ့တောင်အာရှ၊ အရှေ့မြောက်အာရှနဲ့ မြောက်အမေရိက ဈေးကွက်တွေကို ချိတ်ဆက်ပေးထားတဲ့ sea lane တခုဖြစ်ပါတယ်။ အဲဒီမှာ freedom of navigation မရှိရင် ကမ္ဘာ့ကုန်သွယ်ရေးကို ထိခိုက်လာတော့မှာ ဖြစ်သလို၊ အခြားစစ်ရေး ထိပ်တိုက် ရင်ဆိုင်မှုတွေကနေ ဖြစ်ပွားလာမယ့် ကမ္ဘာ့လုံခြုံရေးပြဿနာတွေကိုလဲ ရင်ဆိုင်ကြရတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့်လဲ ဒေသဆိုင်ရာ ပြဿနာဖြစ်ပေမယ့်၊ ကမ္ဘာ့ပြဿနာအဖြစ် နိုင်ငံအများက ရှုမြင်သုံးသပ်လာကြရပါတယ်။ အခုဒီစာတမ်းမှာ တောင်တရုတ်ပင်လယ်နဲ့ ပတ်သက်တဲ့ နယ်မြေပိုင်နက်ဆိုင်ရာ အငြင်းပွားမှု ပြဿနာများ၊ ဒေသဆိုင်ရာနဲ့ နိုင်ငံတကာဆိုင်ရာ မဟာဗျူဟာအကျိုးဆက်များ (strategic implications)၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ မူဝါဒနဲ့ အခြားနိုင်ငံများရဲ့ မဟာဗျူဟာတုန့်ပြန်ချက်များ (strategic responses)၊ စစ်ရေးနဲ့ သံတမန်ရေးရာ ပဋိပက္ခများ ဖြစ်ပွားစေနိုင်တဲ့ တွန်းအားများ စတာတွေကို ရေးသားတင်ပြမှာ ဖြစ်ပါတယ်။

တောင်တရုတ်ပင်လယ်နှင့် မဟာဗျူဟာအရေးပါမှု

တောင်တရုတ်ပင်လယ်ဟာ စွမ်းအင်လုံခြုံရေးနဲ့ပတ်သက်ပြီး မဟာဗျူဟာအချက်အချာ ဒေသတခုဖြစ်ပါတယ်။ (၁၉၉၅) ခုနှစ်မှာ ရုရှားကပြုလုပ်တဲ့ ဆန်းစစ်ချက်တခုက တောင်တရုတ်ပင်လယ်ရဲ့ Spratly Islandမှာ ရေနံ 6 billion barrels ရှိပြီး၊ သဘာဝဓာတ်ငွေ့ အများအပြားကိုလဲ ထုတ်လုပ်နိုင်မှာဖြစ်ကြောင်း ခန့်မှန်းထားပါတယ်။ တရုတ်ကျွမ်းကျင်ပညာရှင်တွေကတော့ 150 billion barrels of oil and natural gas လို့ ခန့်မှန်းထားပါတယ်။ ဒါကြောင့်လဲ တရုတ်မီဒီယာတွေက ” ဒုတိယပါရှန်းပင်လယ်ကွေ့ဒေသ” လို့ သတ်မှတ်ပြောဆိုကြပါတယ်။

ဒါတင်မကပဲ တောင်တရုတ်ပင်လယ်ဟာ ကမ္ဘာ့ကုန်သွယ်ရေးရဲ့ အရေးအပါဆုံး international sea lane တခုလဲ ဖြစ်ပါတယ်။ ကမ္ဘာတဝှမ်းလုံးက supertanker တဝက်ကျော်ဟာ တောင်တရုတ်ပင်လယ်ကို ဖြတ်သန်း သွားလာနေကြရတာ ဖြစ်ပါတယ်။ merchant fleet တဝက်ကျော်ဟာ တောင်တရုတ်ပင်လယ်မှာရှိတဲ့ Rosenberg ကို ဖြတ်သန်းသွားလာနေကြပါတယ်။ စူးအက်ရေလက်ကြားကို ဖြတ်သန်းသယ်ယူနေတဲ့ oil and Liquefied Natural Gas (LNG) ပမာဏရဲ့ သုံးဆကျော်နဲ့၊ ပနားမားရေလက်ကြားကို ဖြတ်သန်းသယ်ယူနေတဲ့ oil and Liquefied Natural Gas (LNG) ပမာဏရဲ့ ဆယ့်ငါးဆကျော်ဟာ တောင်တရုတ်ပင်လယ်ကနေ ဖြတ်သန်းသယ်ယူနေရတာ ဖြစ်ပါတယ်။


(ပုံ-၂ : ရေနံနှင့် သဘာဝဓာတ်ငွေ့ သယ်ယူရေးလမ်းကြောင်းများပြ မြေပုံ)

ပါရှန်းပင်လယ်ကွေ့ကနေ သယ်ဆောင်လာတဲ့ oil and Liquefied Natural Gas (LNG) တွေဟာ ဂျပန်၊ တောင်ကိုးရီးယားနဲ့ ထိုင်ဝမ်နိုင်ငံတွေရဲ့ စက်မှုလက်မှု လုပ်ငန်းတွေကို အဓိကထောက်ကူပြုထားပါတယ်။ တောင်ကိုးရီးယားရဲ့ oil and Liquefied Natural Gas (LNG) သုံးစွဲမှုပမာဏ သုံးပုံနှစ်ပုံဟာ တောင်တရုတ်ပင်လယ်က ဖြတ်သန်းသယ်ဆောင်လာတဲ့ supplies တွေဖြစ်ပြီး၊ ဂျပန်နဲ့ ထိုင်ဝမ်တို့ရဲ့ LNG သုံးစွဲမှုပမာဏ ခြောက်ဆယ်ရာခိုင်နှုန်းကျော်ကလဲ အလားတူပဲ ဖြစ်ပါတယ်။ အကယ်၍ တောင်တရုတ်ပင်လယ်မှာ စစ်ရေးပဋိပက္ခတွေ ဖြစ်လာခဲ့ရင် ဂျပန်၊ တောင်ကိုးရီးယားနဲ့ ထိုင်ဝမ်နိုင်ငံတို့ရဲ့ စီးပွားရေးအဆောက်အအုံကို အကြီးအကျယ် ထိခိုက်စေတော့မှာ ဖြစ်ပါတယ်။ အင်ဒိုနီးရှားရဲ့ LNG supplies နဲ့ အရှေ့အလယ်ပိုင်းဒေသ အဘူဒါဘီ၊ ကာတာတို့ရဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့ သယ်ယူပို့ဆောင်ရေး သင်္ဘောတွေကလဲ ဒီဒေသကိုပဲ ဖြတ်သန်းနေကြတာဖြစ်ပါတယ်။ ဒါကြောင့်လဲ Nicholas Spykman ဆိုသူက တောင်တရုတ်ပင်လယ်နဲ့ ဆက်စပ်ဒေသတွေကို ‘Asiatic Mediterranean.’ လို့ သတ်မှတ်ခေါ်ဆိုခဲ့ပါတယ်။

(ပုံ-၃ : Cam Ranh Bay)

စစ်ရေးမဟာဗျူဟာအရလဲ တောင်တရုတ်ပင်လယ်က အရေးကြီးတဲ့ အချက်အချာဒေသ ဖြစ်ပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေကို ဂျပန်တပ်မတော်က သိမ်းပိုက်ခဲ့စဉ်က တောင်တရုတ်ပင်လယ်ကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ ဗီယက်နမ်စစ်ပွဲကာလနဲ့ ‘Operation Desert Storm’ against Iraq မှာလဲ အမေရိကန်ရေတပ်က တောင်တရုတ်ပင်လယ်ကို အသုံးပြုခဲ့ပါတယ်။ အရှေ့တောင်အာရှရဲ့ စစ်ရေးမဟာဗျူဟာ အချက်အချာကျတဲ့ နေရာတခုဖြစ်တဲ့ Cam Ranh Bay ဟာ အငြင်းပွားမှုဖြစ်ပွားရာ ကျွန်းတွေ၊ ရေပြင်ပိုင်နက်တွေရဲ့ အနီးမှာ ရှိနေပါတယ်။ အမေရိကန်ရေတပ်က စွန့်ခွာပြီးနောက်ပိုင်းမှာ ဒီနေရာကို ရုရှားတွေက သိမ်းပိုက်ထားခဲ့ပြီး (၂၀၀၂) ခုနှစ်မှာ စွန့်ခွာသွားကြပါတယ်။ အဲဒီအချိန်ကစပြီး၊ ဗီယက်နမ်ရေတပ်က အခြေချတပ်စွဲထားခဲ့ပါတယ်။ (၂၁) ရာစု ကမ္ဘာ့နိုင်ငံရေး၊ စစ်ရေး ဇာတ်ခုံဟာ အရှေ့တောင်အာရှနဲ့ တောင်အာရှစစ်မျက်နှာကို ရွေ့လျားလာပြီးနောက်ပိုင်းကာလ၊ (၂၀၁၀) ခုနှစ်မှာတော့ ဗီယက်နမ် ဝန်ကြီးချုပ်က နိုင်ငံခြားရေတပ်တွေကို ငှားရမ်းပြီး အခြေချတပ်စွဲခွင့်ပြုဖို့ အစီအစဉ် ရှိကြောင်း ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်နှင့် စစ်ရေး၊ နိုင်ငံရေး သမိုင်းနောက်ခံ

ဘီစီ ၂၀၀- ၃၀ဝ ကာလတွေမှာ တောင်တရုတ်ပင်လယ်ထဲမှာ ရှိတဲ့ Nansha Islands နဲ့ အခြားကျွန်းစုများက တရုတ်တွေက ရှာဖွေတွေ့ရှိပြီး၊ အုပ်ချုပ်ခဲ့ကြပါတယ်။ (၁၈၈၅) ခုနှစ်မှာ Nansha Islands တွေကို ပိုင်ဆိုင်ကြောင်း တရုတ်က တရားဝင်ကြေငြာခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်တွင်းကာလမှာ ဂျပန်က သိမ်းပိုက်ခဲ့ပြီး၊ (၁၉၄၆) ခုနှစ်ရောက်တော့ Nansha Islands တွေကို Guangdong province ရဲ့ တစိတ်တဒေသအဖြစ် တရုတ်က ကြေငြာခဲ့ပါတယ်။ (၁၉၄၇) ခုနှစ်ရောက်တော့ Nansha Islands အရှေ့ပိုင်းဒေသအချို့နဲ့ Scarborough Reef ကို ဖိလစ်ပိုင်နိုင်ငံပိုင်နက်အဖြစ် ဖိလစ်ပိုင်က ကြေငြာခဲ့ပါတယ်။ (၁၉၅၁) ခုနှစ်မှာ ဂျပန်က Nansha Islands ကို ပိုင်ဆိုင်ခွင့်ရှိကြောင်း ကြေငြာခဲ့ပေမယ့်၊ တစုံတရာ ပိုင်နက်အဖြစ် ကြေငြာမှုတော့ မပြုလုပ်ခဲ့ပါဘူး။

(၁၉၇၄)ခု၊ ဇန်နဝါရီလမှာ တောင်ဗီယက်နမ်တပ်တွေ အခြေချတပ်စွဲထားတဲ့ Paracels islands တွေကို တရုတ်တပ်မတော်က သိမ်းယူပြီး၊ Nansha Islands တွေနဲ့ ပတ်သက်တဲ့ အချုပ်အခြာအာဏာကို ကြေငြာခဲ့ပါတယ်။ (၁၉၇၅) ခုနှစ်မှာ တောင်ဗီယက်နမ်က Nansha Islands ထဲက ဒေသအချို့ကို သိမ်းပိုက် ခဲ့ပါတယ်။ (၁၉၇၆) ခုနှစ်မှာတော့ တောင်ဗီယက်နမ်နဲ့ မြောက်ဗီယက်နမ်တို့ ပြန်လည်ပေါင်းစည်း သွားပါတယ်။ (၁၉၇၈) ခုနှစ်မှာ ဖိလစ်ပိုင်သမ္မတ မားကိုးစ်က တိုင်းပြည်ရဲ့ မြေပုံကို ပြောင်းလဲရေးဆွဲပြီး တောင်တရုတ် ပင်လယ်ထဲက ကျွန်းတွေကို ဖိလစ်ပိုင်နိုင်ငံရဲ့ နယ်မြေပိုင်နက်အဖြစ် ကြေငြာခဲ့ပါတယ်။ (၁၉၈၈) ခုနှစ်၊ မတ်လမှာ Nansha Islands အနီးမှာ တရုတ်ရေတပ်နဲ့ ဗီယက်နမ်ရေတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ (၁၉၉၁) ခုနှစ်မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံက Law on Territorial Waters and Their Contiguous Areas ကို ပြဌာန်း ခဲ့ပါတယ်။

(၁၉၉၂) ခုနှစ်ရောက်တော့ ဗီယက်နမ်ပိုင်နက်အဖြစ် ကြေငြာထားတဲ့ Sin Cowe East အနီးမှာရှိတဲ့ Da Ba Dau reef မှာ တရုတ်တပ်တွေက အခြေချတပ်စွဲလာတာကြောင့် နှစ်ဘက်တပ်တွေအကြားမှာ ထိတွေ့မှု အနည်းငယ် ဖြစ်ပွားခဲ့ပါတယ်။ (၁၉၉၄) ခုနှစ်မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံက တောင်တရုတ်ပင်လယ်တခုလုံးကို တရုတ်နိုင်ငံပိုင်နက်အဖြစ် ထည့်သွင်းရေးဆွဲထားတဲ့ မြေပုံတွေကို ထုတ်ဝေဖြန့်ချီခဲ့ပါတယ်။ (၁၉၉၅) ခုနှစ်မှာ Mischief Reef နဲ့ ပတ်သက်ပြီး တရုတ်နဲ့ ဖိလစ်ပိုင်နိုင်ငံတို့အကြားမှာ ပဋိပက္ခ ဖြစ်ပွားလာပါတယ်။ (၂၀၀၀) ခုနှစ်၊ မေလရောက်တော့ တရုတ်နဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံပြီး တောင်တရုတ်ပင်လယ်မှာ regional Code of Conduct ချမှတ်ရေးဆွဲအကောင်အထည်ဖော်ဆောင်ဖို့ သဘောတူညီချက် ရယူခဲ့ပါတယ်။ ဒီဇင်ဘာလမှာ ဗီယက်နမ်နဲ့ တရုတ်တို့အကြားမှာ နယ်မြေပိုင်နက် အငြင်းပွားဖွယ်ရာဖြစ်နေတဲ့ Gulf of Tonkin နဲ့ ပတ်သက်ပြီး ငြိမ်းချမ်းစွာ ဖြေရှင်းကြဖို့ သဘောတူညီချက် ရလာပါတယ်။

(၂၀၀၂) ခုနှစ်၊ နိုဝင်ဘာလမှာ Declaration on the Conduct of Parties on the South China Sea ကို တရုတ်နဲ့ အာဆီယံနိုင်ငံများမှ ပူးတွဲကြေငြာခဲ့ပါတယ်။ (၂၀၀၃) ခုနှစ်၊ မေလရောက်တော့ တောင်တရုတ်ပင်လယ်ထဲမှာ ငါးဖမ်းခွင့်နဲ့ ပတ်သက်ပြီး၊ တရုတ်က ပိတ်ပင်တားဆီးထားတာကို ဗီယက်နမ်က ကန့်ကွက်ခဲ့ပြီး၊ Paracel and Nansha Islands တွေနဲ့ ပတ်သက်တဲ့ ဗီယက်နမ်ရဲ့ နယ်မြေပိုင်ဆိုင်မှု အခွင့်အရေးများကို ကြေငြာခဲ့ပါတယ်။

(၂၀၀၆-၂၀၀၇) ကာလတွေမှာ ဗီယက်နမ်နိုင်ငံက ကမ်းလွန်ရေနံရှာဖွေရေး လုပ်ငန်းတွေကို အရှိန်မြှင့် ဆောင်ရွက်လာပါတယ်။ (၂၀၀၇) ခုနှစ်၊ ဇန်နဝါရီလမှာ ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီရဲ့ The Fourth Plenum ကို ကျင်းပခဲ့ပြီး၊ “Maritime Strategy Towards the Year 2020.” ကို ချမှတ်ရေးဆွဲ အတည်ပြုခဲ့ပါတယ်။ ဒီမဟာဗျူဟာက maritime industries (အထူးသဖြင့် ရေနံနဲ့ ငါးဖမ်းကဏ္ဍ) တွေကို (၂၀၂၀) ခုနှစ်မှာ တိုင်းပြည်ဝင်ငွေရဲ့ ၅၅ ရာခိုင်နှုန်းကို ကိုယ်စားပြုလာသည်အထိ တိုးမြှင့်ဆောင်ရွက်ရန် လုပ်ငန်းစဉ်ချမှတ်ခဲ့ပါတယ်။ ဗီယက်နမ်က ဒီလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်တဲ့အနေနဲ့ (၂၀၀၇) ခုနှစ်၊ ဧပြီလမှာ Trường Sa (Spratly Island) ကို မြို့အဆင့်သတ်မှတ်လာခဲ့ပါတယ်။ နိုဝင်ဘာလရောက်တော့ ဖိလစ်ပိုင်ဥပဒေပြုသူတွေက Spratly Island ကို ဖိလစ်ပိုင်နိုင်ငံရဲ့ archipelago အစိတ်အပိုင်းတခုအဖြစ် သတ်မှတ်ထားတဲ့ archipelagic baselines law နဲ့ပတ်သက်ပြီး ဆွေးနွေးငြင်းခုံမှုတွေ ပြုလုပ်လာပါတယ်။

(၂၀၀၈) ခုနှစ်၊ ဇွန်လကို ရောက်တော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ အငြင်းပွားမှုဖြေရှင်းရေး လမ်းညွန်ချက်အနေနဲ့ ပြုလုပ်ထားတဲ့ The 2004 joint seismic survey agreement with the Philippines and Vietnam က သက်တမ်းကုန်သွားပါတယ်။ (၂၀၀၉) ခုနှစ်၊ မတ်လရောက်တော့ ဖိလစ်ပိုင်က Spratlys ကျွန်းစုတပိုင်းတစကို ပိုင်ဆိုင်ကြောင်းဖော်ပြထားတဲ့ archipelagic baseline law ကို အတည်ပြုပြဌာန်းခဲ့ပါတယ်။ တချိန်တည်းမှာပဲ မလေးရှားသမ္မတ Badawi က တောင်တရုတ်ပင်လယ်ထဲမှာ မလေးရှားက သိမ်းယူထားတဲ့ Swallow Reef ကို လူသိရှင်ကြားသွားရောက်လည်ပတ်ပြီး၊ ဒါဟာ မလေးရှားပိုင်နက်ဖြစ်ကြောင်း ထပ်မံ အတည်ပြုခဲ့ပါတယ်။ မေလရောက်တော့ ဗီယက်နမ်နဲ့ မလေးရှားက တောင်တရုတ်ပင်လယ်ထဲမှာ တိုးချဲ့ continental shelves တွေ သတ်မှတ်ပြီး၊ ကုလသမဂ္ဂကို ခွင့်ပြုချက် တောင်းခံလာပါတယ်။ နိုဝင်ဘာလမှာ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဦးဆောင်ပြီး၊ တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်တဲ့ ပညာရပ် ဆိုင်ရာ ကွန်ဖရင့်တခု ကျင်းပပြီး၊ နိုင်ငံတကာအာရုံစိုက်မှုရှိလာအောင် ပြုလုပ်ခဲ့ပါတယ်။ ဒီဇင်ဘာလရောက်တော့ ဗီယက်နမ်ငါးဖမ်းသင်္ဘောတွေက (၁၉၇၄) ခုနှစ်ကတည်းက တရုတ်ရေတပ် ထိန်းချုပ်ထားတဲ့ Paracel Islands တွေမှာ ခိုလှုံခွင့်တွေ ယူလာခဲ့ပါတယ်။

(၂၀၁၀) ခုနှစ်၊ ဇန်နဝါရီလရောက်တော့ ဗီယက်နမ်မှာ အာဆီယံရဲ့ အလှည့်ကျဥက္ကဌဖြစ်လာပါတယ်။ ဒါကို အခွင့်အရေးတခုအနေနဲ့ သတ်မှတ်ပြီး၊ အာဆီယံ့အတွင်းမှာ တောင်တရုတ်ပင်လယ်နဲ့ ပတ်သက်တဲ့ Consensus ကျလာဖို့ ဗီယက်နမ်က ကြိုးပမ်းခဲ့ပါတယ်။ ဧပြီလမှာ တောင်တရုတ်ပင်လယ်တွင်း သွားလာနေတဲ့ Chinese fisheries administration patrol vessel ကို ဗီယက်နမ်ငါးဖမ်းသင်္ဘောတွေနဲ့ ကမ်းစောင့်သင်္ဘော အစီးနှစ်ဆယ်ကျော်က ဝိုင်းဝန်းပိတ်ဆို့မှု ဖြစ်လာပါတယ်။ အခြေအနေတွေက အနည်းငယ် တင်းမာ လာတာကြောင့် ဇူလိုင်လမှာကျင်းပတဲ့ အာဆီယံဒေသတွင်းဆွေးနွေးပွဲမှာ အမေရိကန်နဲ့ အခြားနိုင်ငံ (၁၁) နိုင်ငံက တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်ပြီး စိုးရိမ်မကင်းဖြစ်ကြောင်း ပြောဆိုလာခဲ့ကြပါတယ်။ နိုဝင်ဘာလမှာ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနက တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်တဲ့ ပညာရပ် ဆိုင်ရာ ကွန်ဖရင့်ကို ဒုတိယအကြိမ် ထပ်မံကျင်းပြပြီး၊ နိုင်ငံတကာ အာရုံစိုက်မှုကို ရယူလာပါတယ်။

(၂၀၁၁) ခုနှစ်ရောက်တော့ တင်းမာမှုရေချိန်တွေက မြင့်လာပါပြီ။ ဖေဖော်ဝါရီလမှာ ဖိလစ်ပိုင်နိုင်ငံက Reed Bank အနီးမှာ seismic survey စတင်ပြုလုပ်လာပါတယ်။ မတ်လမှာ ဗီယက်နမ်က တရုတ်က ပိုင်ဆိုင်တယ်လို့ ဆိုတဲ့ နေရာတချို့မှာ seismic survey ပြုလုပ်လာပါတယ်။ ဇွန်လမှာ ဖိလစ်ပိုင်ဥပဒေပြုသူတွေက Thitu Island ကို လူသိရှင်ကြား သွားရောက်လည်ပတ်ခဲ့ကြပါတယ်။ တချိန်တည်းမှာပဲ ဗီယက်နမ်ကလဲ တောင်တရုတ်ပင်လယ် အတွင်းမှာ live-fire naval exercises တွေ လုပ်လာပါတယ်။

(၂၀၁၁) ခုနှစ်၊ ဇွန်လ (၁၃) ရက်နေ့မှာ ဗီယက်နမ်က ရေတပ်လေ့ကျင့်ရေးစတင်ပြုလုပ်လာပြီး၊ မရှေးမနှောင်းမှာပဲ ဇွန်လ (၂၈) ရက်နေ့မှာ အမေရိကန်ပြည်ထောင်စုနဲ့ ဖိလစ်ပိုင်နိုင်ငံတို့ ပူးတွဲရေတပ်လေ့ကျင့်ရေးတွေ စတင်ပြုလုပ်လာပါတယ်။ ဇူလိုင်လ (၉) ရက်နေ့မှာ အမေရိကန်ပြည်ထောင်စု၊ ဂျပန်နဲ့ ဩစတြေးလျ နိုင်ငံတွေက ပူးတွဲရေတပ်လေ့ကျင့်ရေးတွေကို တောင်တရုတ်ပင်လယ်မှာ ပြုလုပ်လာပါတယ်။ ဇူလိုင်လ (၁၅) ရက်နေ့မှာ အမေရိကန်ပြည်ထောင်စုနဲ့ ဗီယက်နမ်တို့အကြား naval exchanges တွေ ပြုလုပ်လာပြီး၊ ဇူလိုင်လ (၁၉) ရက်နေ့မှာ ကျင်းပတဲ့ အာဆီယံဒေသတွင်းဆွေးနွေးပွဲမှာတော့ တောင်တရုတ်ပင်လယ် အငြင်းပွားပြဿနာက အရေးပါဆုံး ဆွေးနွေးစရာခေါင်းစဉ်ဖြစ်လာပါတော့တယ်။ ဇူလိုင်လ (၂၅) ရက်နေ့မှာ တရုတ်နိုင်ငံခြားရေး ဝန်ကြီးက ဒေသတွင်း freedom of navigation ကို ထိခိုက်မှု မရှိစေကြောင်း အာမခံတယ်လို့ ပြောကြားခဲ့ပါတယ်။

အောက်တိုဘာလမှာ တရုတ်နဲ့ ဗီယက်နမ်တို့အကြား တွေ့ဆုံဆွေးနွေးပွဲတွေ စတင်ကျင်းပပြီး၊ ပြဿနာတွေကို ကြားဝင်မခံပဲ နှစ်ဘက်ခေါင်းဆောင်များအကြား တိုက်ရိုက်ဆက်သွယ်ဖြေရှင်းဖို့ သဘောတူညီချက် ရရှိခဲ့ကြပါတယ်။ အောက်တိုဘာလ (၁၈) ရက်နေ့မှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက အင်ဒိုနီးရှားနဲ့ အခြားအရှေ့တောင်အာရှနိုင်ငံများကို အလည်အပတ်ခရီးသွားရောက်ပြီး တောင်တရုတ်ပင်လယ် အငြင်းပွားမှု တွေကို ဖြေရှင်းရေးအတွက် multilateral framework တခုကို ချပြဆွေးနွေးခဲ့ပါတယ်။ ဂျပန်အနေနဲ့ နယ်မြေအငြင်းပွားမှုတွေကို အမေရိကန်အပါအဝင် ပြဿနာထဲမှာ မပါဝင်တဲ့ နိုင်ငံတွေနဲ့ ဖြေရှင်းခြင်း မပြုပဲ သက်ဆိုင်ရာနိုင်ငံတွေနဲ့သာ တိုက်ရိုက်ဆွေးနွေးလိုကြောင်း သဘောထားကို ထုတ်ဖော်ခဲ့ပါတယ်။

အောက်တိုဘာ (၂၀) ရက်မှာ အမေရိကန်နဲ့ ဖိလစ်ပိုင်တို့က ပူးတွဲ marine drills ကို စတင်ပြုလုပ်လာပြီး၊ တချိန်တည်းမှာပဲ ဖိလစ်ပိုင်ရေတပ် သင်္ဘောက တရုတ်ငါးဖမ်းသင်္ဘောကို တောင်တရုတ်ပင်လယ်မှာ တိုက်ခိုက်လာပါတယ်။ နောက်ပိုင်းမှာ ဖိလစ်ပိုင်ရေတပ်က တရုတ်ကို ဒီကိစ္စနဲ့ ပတ်သက်ပြီး၊ တောင်းပန်မှု ပြုလုပ်လာပါတယ်။ နိုဝင်ဘာလမှာ ကျင်းပတဲ့ အရှေ့အာရှကွန်ဖရင့်မှာ အမေရိကန်ပြည်ထောင်စုနဲ့ အာဆီယံနိုင်ငံများက တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ တောင်တရုတ်ပင်လယ်ဆိုင်ရာ အချုပ်အခြာအာဏာ တောင်းဆို ကြေငြာမှုတွေ၊ မူဝါဒတွေနဲ့ ပတ်သက်ပြီး ဖိအားပေးလာပါတယ်။ များမကြာမီမှာပဲ တရုတ်ရေတပ်ရဲ့ aircraft carrier က yellow sea မှာ စတင်လှုပ်ရှားသွားလာမှုတွေ ပြုလုပ်လာပါတယ်။ ဒီလိုနဲ့ (၂၀၁၂) ခုနှစ်မှာတော့ တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်ပြီး စစ်ရေး၊ နိုင်ငံရေး တင်းမာမှု ရေချိန်က မြင့်တက်လာပါတယ်။

(ဆက်လက်ဖော်ပြပါမည်)

ခင်မမမျိုး (၂၈၊ ၉၊ ၂၀၁၂)

One comment

  • maungmoenyo

    September 30, 2012 at 10:49 am

    This is a strategic research which should be discussed in the round-table talk; participating by scholars from different categories.

Leave a Reply