တောတောင်ထဲမှ ရတနာ တပါး
စာရေးသူ သွားဘူးတဲ့ ခရီးစဉ်ထဲမှ အကြမ်းတမ်းဆုံးနဲ့ စိတ်အကြည်လင်ဆုံး ခရီးစဉ်တခုကို တင်ပြလိုက်ပါသည်။ အကြမ်းတမ်းဆုံးလို့ပြောရတာကတော့ တောထဲ တောင်ထဲကို သွားတာပါ။ မုံရွာမြို့ကနေ ၁၄ နာရီ တောလမ်း သစ်ထုတ်လုပ်ရေး ကားကြီးတွေသာ ဖြတ်သွားတဲ့ မြေနီ လမ်း အဖုအထစ်လေးတွေနဲ့ တချို့နေရာများဆို ရေတွေ အိုင်နေလို့ဘွက်ပေါက်ပြီး အကြိတ်အနယ် ဆင်းတွန်းခဲ့ရတာမျိုး နဲ့ သွားရတဲ့ မဟာဗောဓိမြိုင် ဆရာတော်လို့ လူအများ ခေါ်ကြတဲ့ ဆရာတော် တပါးတည်း သီတင်းသုံးရာ ကျောင်းကို သွားရောက် ဖူးမြှော် ဩဝါဒခံယူတဲ့ ခရီးစဉ်ဖြစ်ပါတယ်။ ဆရာတော်ကြီးက တောထဲမှာ တပါးတည်း သီတင်းသုံးပြီး မြို့နေ လူအများနှင့် အဆက်အသွယ်ဖြတ်ပြီး တောကြီးထဲမှာ နေတာ ၁ဝနှစ်ကျော်ပါပြီ။ ၂၀၀၉ မေလ လောက်မှာတော့ စတင် အဖူးခံပြီး ဩဝါဒပေးဆုံးမနေတယ် သီတင်းကြားလို့ သွားရောက်ခဲ့ပါတယ်။ တောလမ်းခရီး ဖြစ်တဲ့ အတွက် ညဘက် မောင်းရင် အဆင်မပြေ သည့်အတွက် ဆရာတော် သီတင်းသုံးရာ ကျောင်းကို နေ့လည် ၃နာရီ ၄နာရီလောက် ရောက်အောင် မှန်းပြိးတော့ မုံရွာမြို့မှ ည ၁၁နာရီလောက် ထွက်ရပါတယ်။ လမ်းကြမ်းကြမ်းလေးတွေကို ကျော်ဖြတ်ပြီး တောကြီးထဲ အရောက်မှာတော့ မိုးလင်းစပြုလာပါပြီ။ တောကြီးအစပ်နားမှာ လက်ဖက်ရည် ဆိုင်ကလေးတွေ ရှိပါတယ်။ ရန်ကုန်က လူတွေ အဖို့ လက်ဖက်ရည်ဆိုင်လို့ မထင်ရပါဘူး အိမ်ကလေး တံခါးဖွင့်ထားသလိုဘဲ မြင်ပါတယ်။ အဲဒီလိုဆိုင်တွေမှာ အပေါ့အပါးနဲ့ မျက်နှာသစ်ပြီး ပါလာတဲ့ ခေါက်ဆွဲခြောက်တွေကို ပြုတ်စားဖို့ ရေနွေးအိုးလေး တည်ခိုင်းပြီး စားပါတယ်။ တောထဲမှာ နေတဲ့ သစ်ထုတ်လုပ်ငန်း သွားတဲ့ ကားတွေ ရပ်နား ကြတဲ့ ဆိုင်တွေပါ။ သူတို့တွေက ခေါက်ဆွဲပြုတ်တွေ သေချာမသိကြဘူး ရိုးရှင်းတဲ့ ဘဝလေးတွေကို ပိုင်ဆိုင်ကြတော့ မျက်လုံးအဝိုင်းသားနဲ့ ကြည့်နေကြပြီးတော့ စူးစမ်းလိုစိတ်နဲ့ ကြည့်ကြပါတယ်။ အဖွဲ့သားတွေ ခေါက်ဆွဲပြုတ်စားပြီး သူတို့ အတွက်ပါ အပိုထည့်ပြုတ်ပေးပြီး ပေးတော့ ဝမ်းသာ ကြတယ်။ အပြန်အထွက်မှာတော့ သူတို့ ပစ္စည်း ငှားသုံးပြီး ကိုယ်ဟာကို စားကြတာဆိုတော့ သူတို့ ပိုက်ဆံမယူကြဘူး ၃၀၀ဝ လောက်ပေးလိုက်တာ အတော်လေး ပျော်နေကြပါတယ်။ အလွန်ရိုးတဲ့ ဘဝတွေကို ပိုင်ဆိုင်ကြသူတွေဆိုတော့ ရိုးသားတဲ့ စိတ်ကလေးတွေကို မြင်မိပါတယ်။ ထို့နောက်ခရီးဆက်ကြရာဝယ် နေ့မွန်းတည့် ၁၂နာရီလောက်မှာတော့ သစ်စခန်း တခု အရောက်နဲ့ တိုက်ဆိုင်လာပါတယ် အဲဒီမှာတော့ ပါသွားတဲ့ ဆန်တွေကိုချက်ခိုင်းပြီး ပါသွားတဲ့ အသားဗူးတွေကို ဖွင့်ပြီးစားသောက်ကြပါတယ်။ ထမင်းက အစ ညနေစာအတွက် အပို ချက်ခိုင်းပြိး တခါတည်းကို သယ်သွားပြီး ခရီးဆက်ကြတာ တမှေးလောက် ခဏပြီးတော့ မျက်စိဖွင့် အကြည့်လိုက်မှာ ကားသမားတွေ စကားသံကို ကြားရပါတယ်။ တွေ့လားဟေ့ မတွေ့ဘူး သေချာတယ်နော် ဒါဆို ငါသွားပြီ ဆိုပြီး ကားကလေးကို အမြန်မောင်းတော့တာဘဲ။ မေးကြည့်တော့ သဲချောင်းလေး တခုပါတဲ့ အရင် ဗိသနိး ဘုရင်မကြီးတုန်းက ရန်သူတွေ လာရင် စည်တီးရင်ရေတတ်တာ ဒီချောင်းလို့တော့ ပြောပါတယ် အခုထိလည်း ရေတတ်ရင် ကားမလွတ်ဘူးလို့ ကားသမားကတော့ ပြောပါသည်။ သူတို့ ပုံစံကတော့ သတိတမူ ပိုထားတဲ့ နေရာများလားလို့ ထင်ရပါသည်။ ဘေးပတ်ဝန်းကျင်ကြည့်လိုက်တော့လည်း မြက်ခြောက်ပင်လေးတွေ ကြားထဲမှာ ကားတစီးစာ လမ်းကလေး ဘီးရာလေး နှစ်ကြောင်းသာ မြင်ရသည် ကွေ့ကွေ့ကောက်ကောက် လမ်းကလေးပါ ထင်ရတာကတော့ ကားတစီးတလေများ မျက်နှာချင်းဆိုင်လာရင်ရှောင်ရမှာတော့ ခက်မည်ထင်ပါသည်။ ထို့နောက် ဆက်သွားရင်းနဲ့ လမ်းကလေး တွေ က ကျဉ်းပြီး ကားတစီးစာ ဘေးဘက်မှာလည်း အကောင်ကလေးတွေ ထူးဆန်းတဲ့ အကြည့်နဲ့ ကြည့်ခြင်းခံရပါသည်။ ပျားအုံအကြီးစားကြီးတွေ သစ်ပင် အမြင့်ကြီးတွေ ထိပ်မှာ တက်လုပ်ထားတာတွေ့မိပါတယ် အရောင်မျိုးစုံတဲ့ ငှက်ကလေးတွေ ပျံသွားတာကို ကြည့်ပြီး မမြင်ဘူးတာတွေ ဖြစ်နေကြတာ တွေချည်းပါဘဲ။ ကျောင်းနဲ့ နီးလာတော့ သိပါတယ်။ စိတ်ထဲမှာတော့ တော်တော် တောနက်နေပြီဆိုတာ အရမ်းကို သိသာနေပါတယ် ခံစားချက်က ပြောမပြနိုင်လောက်အောင်ပါဘဲ။ ညနေ ၅နာရီလောက်မှာတော့ ကျောင်းကိုရောက်ပါတယ်။ တောထဲမှာ သီတင်းသုံးတဲ့ ဆရာတော်ကျောင်းဟာ ဖြစ်သလို ဖြစ်မယ်ထင်ထားတာ အထင်နဲ့ အမြင်တော်တော် ကွာခြားနေပါတယ်။ စိတ်ထဲမှာ တွေးမိတာကတော့ အလုပ်ဆိုတာ တကယ်လုပ်ရင် သူဟာသူ လိုအပ်ချက်တွေ အလိုလို ပြည့်စုံသွာတယ် ဆိုတာပါဘဲ။ သန့်ပြန့် ပြီး သန့်ရှင်းတဲ့ အိမ်သာတွေလည်း ရှိပါတယ်။ ဆရာတော်ကတော့ ဒီနေရာမှာ တညသာ ခွင့်ပြုသည်ဟု စာကပ်ထားတဲ့ တွက် ပိုနေလို့မရဘူးဆိုတာ သိလိုက်မိပါတယ်။ မြို့မှ လာတဲ့ ဧည့်သည်တွေ အတွက် အဆောင်မှာ အထုတ်အပိုးများ ချပြီး ရေချိုးရန်အတွက်လည်း ရေကန်အဆင်သင့် ချိုးလိုက်ရုံပါဘဲ အားလုံးက တော်တော် အဆင်ပြေပါတယ်။ ညနေတွင် တရား ၆နာရီကို တောင်ပေါ်တတ်နာပြီး တောင်ပေါ်ကနေ ပြန်အဆင်းလာမှာတော့ အဆောင် နားမှာ မနက် ဆွမ်းခံဇရပ်ကလေး ရှိပါတယ် အဲဒီမှာ ကပ္ပိယက ကြေးစည် တီးနေတာ တွေ့ပါတယ် ဘာလို့လဲမေးကြည့်တော့ ကျောင်းမှန်း ကန်မှန်းသိအောင် တီးတာတဲ့ ဒီလိုတီးပေးရင် ဆင်တွေ မလာဘူးတဲ့ ညည ဆို ဆင်တွေက အစာရှာ ထွက်ရင်း ရောက်လာတတ်တယ်လို့ပြောပါတယ်။ ဟိုတခါက ဆို အောက်က ဇရပ်တခုကို ဆင်တွေ ဖျက်သွားလို့ အသစ်ပြန်ဆောက်ရတယ်လို့လည်း ပြောပါတယ်။ သူတို့တွေ လာရောက်ဖျက်ဆီးခြင်းမခံရအောင် တီးပေးရတာပါလို့ပြောပါတယ်။ ညအဆောင် ပြန်အိပ်လိုက်တာ လည်း ငြိမ်းချမ်း အေးချမ်းစွာ အိပ်ပျော်သွားပါတယ်။ အနီးအနားရွာက လူသူတွေဆိုရင်လည်း သဒ္ဒါတရား ဘယ်လောက်များ ထက်လဲ ဆိုရင် ၄နာရီလောက် လမ်းလျောက်ပြီး ဆွမ်းကပ်တာတွေ ရှိပါတယ်။ နောက်တနေ့ မနက် စောစောထပြီး ပါလာတဲ့ ပစ္စည်းလေးတွေ ချက်ပြုတ်ပြီး ဆွမ်းကပ်ရန်ပြင်ဆင်ပါတယ်။ ဆွမ်းကပ်အပြီးမှာတော့ အနုမောဒနာ တရားမှာ ဟောပြီး ဆရာတော် တောင်ပေါ်တတ်ပြန်ကြွသွားပါတယ်။ အဲဒီနောက်မှာတော့ အချိန်မလင့်ခင် မုံရွာကို ပြန်ရောက်အောင် အထုတ် အမြန်ဆွဲပြီး ပြန်ခဲ့ရပါတယ် စာရေးသူသွားတုန်းကဆို တနေ့ကို ၂၀ဝ ၃၀ဝ လောက် အဝင် အထွက် ရှိပါတယ် နောက်ပိုင်း မိုးရွာတော့ ကားသွားရခက်တော့ တော်ယုံမသွားနိင်တော့ လူသူ ပြန်ပါးသွားပြိး ယခုလည်း သွားတဲ့ ပရိတ်သတ်ကတော့ သွားတယ်လို့တော့ သတင်းကြားမိပါတယ်။ ဒီခရီးစဉ်ရဲ့ ထူးခြားချက်ကတော့ အဲဒီ လမ်းတကြောမှာ နေတဲ့ မမြင်ရတဲ့ နတ်လို့ပြောရမလားဘဲ ဗိသနိးကိုတော့ လူတွေ တော်တော်ကြောက်ကြပါတယ်။ နောက်ပြီး ရာဇဝင်အရ ဗိသနိုးက ဘုန်းကြီး မုန်းပါတယ်။ အဲလိုဘဲ တိုက်တိုက်ဆိုင်ဆိုင် ထိုခရီးစဉ်မှာ ဘုန်းကြီးတွေပါသွားရင် စိတ် အနှောက်အယှက် တခုခုဖြစ်တာမျိုးကြုံရတတ်ပါတယ် အဲဒါတွေကြောင့်လည်း အယူက ပိုကြီးမားလာကြပါတယ်။ တိုက်ဆိုင်မှု တခုအနေနဲ့ အခိုင်အမာ သတင်းတခုကတော့ ဆရာတော် နှစ်ပါး ဓါတ်လှေကားပျက်ကျပြိး မသွားနိုင်တာမျိုး အထိ ကြုံခဲ့ရတဲ့ ခရီးစဉ်မျိုးပါ။