“အညာသို့တစ်ခေါက်ဆို မျက်ရည်ကတစ်ပေါက်စို“
အညာမြေရနံ့သင်းသင်းက နှာခေါင်းဝမှာ မွှေးပျံ့လာတယ်ဆိုရင်ပဲ မကြာမီအချိန်လေးအတွင်းမှာ ရွာကို ရောက်တော့မယ်ဆိုတာ သိလိုက်တယ်။ နွားချေးနံ့တွေရယ် ၊ ဆိတ်ချေးနံ့တွေရယ် ရောသမမွှေထားတဲ့ အညာလေမှာ တမေ့တမြောခိုဝင်နားလို့ ခြေလှမ်းတွေ သွက်လိုက်တာမှ တအားရယ်။ မရောက်တာကြာပြီဖြစ်တဲ့ ရွာလေး ဘာတွေများပြောင်းလဲကုန်ပြီလဲ။ အိမ်နီးချင်းသူငယ်ချင်းတွေရော အရင်အတိုင်းပဲလား။ ဆွေမျိူးညီအစ်ကိုသားချင်းတွေရော စုံစုံလင်လင်ရှိနေရဲ့လား။ ကျွန်တော် သိချင်နေတယ်။ ကျွန်တော်ရွာကိုမရောက်တာ ဆယ်နှစ်ဝန်းကျင်တော့ရှိရော့မယ်။ ရွာကလေးရဲ့ကန်မှာ မင်းလှကန်ကရေတွေ ဝင်နေပြီလား။ သိချင်စိတ်တွေနဲ့ စိတ်ဓါတ်တွေမြူးမြူးကြွကြွဖြစ်နေတာနဲ့ပဲ ရွာကိုဘာနဲ့ သွားရင်းကောင်းမလဲလို့ တွေးမိရတော့တယ်။ ညနေစောင်းနေက ကျွန်တော်ကို ချွေးဒီးဒီး ကျအောင်ပူပြင်းနေစေတယ်။ ရှေ့ကလာနေတဲ့ သုံးဘီးဆိုင်ကယ်ကို မေးကြည့်ရင်တော့ ကျွန်တော့်ရွာကို ရောက်နိုင်ကောင်းပါရဲ့လို့ တွေးမိပြီး လက်ပြတားလိုက်တယ်။
“သမန်းကန်ရွာကို လမ်းကြုံဘာရှိသေးလဲ ဗျ“
“သမန်းကန်ကိုလား ကြုံဆို ခုသွားမှာ ရွာအထိတော့မရောက်ဘူး။ အိုင်ကြီးလည်အထိပဲ အဲဒီကနေလမ်းလျှောက်ပေါ့။ ခုတစ်စီးလုံး သမန်းကန်ရွာကချည်းပဲ ပစ္စည်းဝယ် အော်ဒါဆွဲထားလို့ လိုက်လာတာ။“
“အဆင်သင့်လိုက်လေဗျာ ကျွန်တော်ကလည်းတစ်ယောက်တည်းပါ။လိုက်လို့ရလား“
“မေးမနေနဲ့တော့ မြို့သားရေ တက်တော့“
အဆင်ပြေချောမွေ့စွာနဲ့ သုံးဘီးပေါ်ကိုတော့ ရောက်ခဲ့ပြီလို့ စိတ်ချသွားရတယ်။ သုံးဘီးပေါ်က သမန်းကန်ရွာကချည်းပဲဆိုလို့ ကျွန်တော့်အမျိုးတွေရှိတဲ့တစ်ရွာတည်းသားချင်းတွေမို့ ကျွန်တော်ကပဲ စပြီး ပြုံးပြနုတ်ဆက်ရတာပေါ့။
“သမန်းကန်ရွာကချည်းပဲဆိုဗျ“
သူတို့ထဲမှ အသက်သုံးဆယ်ကျော်ကျော် မိန်းမတစ်ယောက်က
“ဟုတ်တယ် မောင်လေးရဲ့ ရွာမှာ ဆွမ်းလောင်းပွဲရှိတယ်လေ။ ငါ့မောင့်က ဘယ်သူ့အိမ်ကိုလာတာလဲ“
“တောင်ရွာက လေးသာဉာဏ်အိမ်ကိုပါ“
မျက်နှာမှာ တင်းတိတ် နည်းငယ်ထွက်စပြုနေပြီး နေလောင်ဒဏ်မိနေတဲ့ အသားအရည်ညိုတိုတိုနဲ့ အဲဒီ မိန်းမက ကျွန်တော့်ကို ခြေဆုံးခေါင်းဆုံးကြည့်တယ်။ ပြီးတော့ ဘာမှမပြောတော့ပဲ သူ့တို့လေနဲ့သူတို့ မြောပါသွားကြလေရဲ့။
သုံးဘီးပေါ်မှာ မိန်းမသားချည်းချည်းကို ငါးယောက်ခန့် ပါလာတာကိုတွေ့ရတယ်။ ယောကျာ်းသားတွေကတော့ ကျွန်တော်အပါအဝင် ၆ယောက်။ ကျွန်တော်က မိန်းမသားငါးယောက်ထဲမှ နှစ်ယောက်ကို စိတ်ထဲမှာ ရင်းရင်းနှီးနှီးကို မြင်ဖူးနေတယ်လို့ ခံစားနေရတယ်။ ဘယ်သူမှန်းလည်း စဉ်းစားမရဖြစ်နေတယ်။ စောစောက ကျွန်တော်နဲ့စကားပြောတဲ့ မိန်းမရဲ့နာမည်က မခိုင်တဲ့။ ကျွန်တော် မြင်ဖူးသလိုလိုဖြစ်နေတဲ့နောက်တစ်ယောက်ကတော့ မပိုတဲ့။ ကျန် မိန်းမတွေကိုတော့ ကျွန်တော် မှတ်မထားတော့ပါဘူး။ မခိုင်နဲ့မပိုပြောနေတဲ့ စကားတွေကိုလည်း အတိုင်းသားကြားနေရတယ်။ အိမ်ထောင်တစ်ခုရဲ့ အဆင်မပြေခြင်းကစလို ဆွေမျိုးသားချင်းတွေအကြောင်း စီကာပတ်ကုံးပြောနေကြတာ တစ်မျိုး နားထောင်ကောင်းသေးတယ်။
“မပို ညည်းယောကျာ်းရော ခု ဆွမ်းလောင်း ပြန်မလာဘူးလား“
“သူလား လာပါလိမ့်မယ် အားကြီးကြီး။ ညည်းတို့ ဝင်းရွှေက မြို့မှမြို့ ရွာမှာ မိန်းမနဲ့ ကလေးတွေရှိသေးတယ်ရယ်လို့တောင် တွက်တာမဟုတ်ဘူး။ ခုကြည့်ပါလား ဆွမ်းလောင်းရက်က ကပ်နေပြီ။ လာမယ် မလာဘူးဆိုတာတောင် ကြီးရီလေးတို့ အိမ်ကိုဖုန်းတောင် ဆက်မပြောဘူး။ သေနာ ကာလနာကျက ပြောကိုမပြောချင်ဘူး။“
“အောင်မလေးအေ မေးမိမှားပါပဲ မိပိုရဲ့တကယ်တည်း ။ မလာလဲ ညည်း သက်သာတယ် မဟုတ်လား။ ဝင်းရွှေလာတော့လည်း ဆွမ်းလောင်းမှာ သောက်စားလို့ မူးပြီးရမ်းနေရင် ညည်းပဲ ထဘီမနိုင် ပုဝါမနိုင်လိုက်ဆွဲဆွဲနေရသေးတာ။“
“ဆွဲတာတော့ ဆွဲရတာပေါ့။ သူတကာတွေ ရွာကိုကိုယ်ဆီ ကိုယ်ဆီ ပြန်လာချိန်မှာတော့ ယောကျာ်းကိုတော့ မျှော်မိသေးတာပေါ့အေ။ ဒါနဲ့ ငါတို့ လွယ်ကော်(လွိုင်ကော် ကိုရွာက လွယ်ကော်လို့ခေါ်ကြတာ) မပြုံးရော ဒီနှစ်ဆွမ်းလောင်းလာမှာတဲ့လား“
လွိုင်ကော်ဆိုလို့ ကျွန်တော် နားရွက်ကိုပိုစွင့်မိတယ်။ ကြည့်ရတာတော့ ကျွန်တော့်အစ်မဝမ်းကွဲအရွယ်တွေလောက်ပဲမို့ ကျွန်တော်က အစ်မတွေကို သတိရနေမိသေးတာ။ ခုချိန်မှာ ကျွန်တော့်ကိုမြင်ရင် အစ်မတွေမှတ်မိပါ့မလား။ အံ့ဩနေကြမလား။
“မလာတာတော့ကြာပြီ ။ ဖုန်းဆက်ကြည့်တော့ လာမယ်လို့ပြောတယ်အေ။ “
“ငါ ညီမလေးနှစ်ယောက်တော့ အိမ်ထောင်ကျသွားတယ်လို့ကြားတယ်။ ညည်းကတော့ လွယ်ကော်ကို ရောက်ဟယ် ပေါက်ဟယ်ရှိတော့ ကလေးတွေရတာလည်း သိတယ်။ ငါ့မယ်အေ လွယ်ကော်ကို အပျိုတုန်းကပဲ ရောက်တယ်။ ခုလင်တွေ ကလေးတွေရမှကို ဟိုလှမ်းမမီ ဒီလှမ်းမမီနဲ့တစ်နှစ်တော့ ရောက်အောင်ကိုသွားဦးမယ်။ ငါ့မောင်တွေ ညီမတွေကို သတိရသေးချက်တော့ဟယ်“
“ငါ့မလဲ ရောက်တယ်ဆိုတာ အခန့်ရှိလို့ပါ မမပြူံးက ဈေးရောင်းကူပါဦးလို့ လှမ်းခေါ်ရင်ပျော်နေရတာ။ ကိုယ့်စရိတ်နဲ့ကိုယ်ဆိုဟယ် နေကုန်စပ်ခါး လုပ်မှရတဲ့ဟာလေးတွေကို စရိတ်လုပ်မသွားနိုင်ဘူးလေ။ ညည်းမောင်လဲ လွယ်ကော်မှာမရှိပါဘူးအေ။ “
“ဘယ်ရောက်နေတာတုန်းဟဲ့“
“မြစ်ကြီးနားဘက်မှာလို့ မမပြုံးကတော့ပြောသား။ နာမည်ကလည်း ခေါ်ရခက်ခက်အေ။ ငါလည်း မမှတ်မိတော့ဘူး။ ညည်းကသာ သတိရနေ ညည်းမောင်ကတော့ တို့တွေကို အမှတ်တောင်ရမှာ မဟုတ်ပါဘူးအေ။“
“ဟဲ့ ညည်း အဲလို စကားမပြောနဲ့လေ ညည်းတို့ငါတို့မောင်ဆိုတာ လူကအေးအေး၊ အစ်မတွေဆို ဘာမှကိုမပြောရဘူး။ ညည်းမှတ်မိသေးရဲ့လားအေ့ တစ်နှစ်သားအေ တောင်ကွဲစေတီတုန်းက ငတို့ကိုပိုးတဲ့ ကောင်တွေကို ပွဲကြည့်အပြန်မှာ ဖျာလိပ်ကြီးကာပြီးတော့မလိုက်အောင်လုပ်တာလေ အဲဒါကိုငါတော့ ခုထက်ထိ အမှတ်ရတုန်းပဲ“
ကျွန်တော် အစ်မဝမ်းကွဲတွေကို လည်း ဒီပုံစံမျိုး ကာကွယ်ပေးဖူးခဲ့တာကို သတိရပြီး မခိုင်နဲ့ မပိုတို့နှစ်ယောက်ကိုလှမ်းကြည့်မိတယ်။ လူတွေက ပိန်လီသေးကွေးနေပြီး နဖူးပြင်ထက်က ဆံစတွေက နေလောင်ဒဏ်ကြောင့် မွဲခြောက်ခြောက် ဖြစ်နေရတဲ့အပြင် နီကျင်ကျင်ရောင်ကိုပေါက်နေပြီ။ ထန်းလျက်နဲ့လုပ်ထားတဲ့ လက်ဆွဲခြင်းကိုစီကို ခြေထောက်ရင်းမှာ ကပ်ထားပြီး ပုဝါလေးတွေကို ပခုံးထက်မှာ တင်ထားလို့ စကားတွေတပြောပြော။ အသားအရောင်က နေဒဏ် လေဒဏ်တွေကြောင့်ထင် ညိုတိုတို မှောင်တောင်တောင်။ မျက်နှာပြင်ထက်မှာ သနပ်ခါးရည်ကျဲကို လူးထားပေမယ့် ချွေးစိုစိုကြောင့် သနပ်ခါးပျက်လုလုအခြေအနေမှာ တင်းတိတ်က ဟိုတကွက် ဒီတကွက်။ ဘဝများ ကြမ်းလိုက်ပါဘိခြင်း။ ကျွန်တော်က ကိုယ့်အတွေးနဲ့ကိုယ် စိတ်ကို လွတ်ပေးနေချိန်မှာ တစ်စီးလုံးမှာ စကားကောင်း နေကြတာဆိုလို့ အဲဒီ မိန်းမနှစ်ယောက်တည်းရယ်။
“ညည်းတို့ ငါတို့မောင်က ခုတော့လည်း ပျောက်ချက်သားကောင်းလိုက်တာအေ။ ရွာကို မရောက်မပေါက်တာပဲ ဆယ်နှစ်ကျော်လောက်ရောပေါ့“
“ဟုတ်ပါ့။ ညည်းတို့ ငါတို့ပဲ ကလေးတွေ တစ်ယောက်ပြီးတစ်ယောက်ရ။ ငါ့ညီမတွေလည်း ကလေးတွေရနဲ့ ငါ့တို့ညည်းတို့မောင်ကတော့ ခုထက်ထိ လူပျိုလုပ်ကောင်းတုန်းတဲ့အေ။ “
ပြောပုံဆိုပုံက တစ်ချက်ချက် အစ်မဝမ်းကွဲတွေရဲ့ စကားပြောပုံမျိုး။ ကျွန်တော်ရဲ့ အစ်မတွေကလည်း ရွာသူဆိုတော့ စကားပြောတာများ အားရပါးရ။ ရှေ့မှာ အိုင်ကြီးလည်ရွာ။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ဝန်းကျင်ကနဲ့ အခု ဘာမှ သိပ်မကွာ။ တစ်ချို့ကုက္ကိုပင်ကြီးများက အိုမင်းသွားကြပြီး တစ်ချို့ ကုက္ကိုပင်ပျိုတွေက လတ်လတ်ဆတ်ဆတ်။ အိုင်ကြီးလည်ရွာမှာတော့ အဖေ့ဖက်က ဆွေတော် မျိုးတော် တွေရှိသေးတယ်။ သမန်းကန်ရွာကအပြန်မှ ဝင်မယ်လို့ ကျွန်တော်က စိတ်ကူးထားတာ။ ရွာလည်က ဇရပ်မှာ သုံးဘီးရပ်တယ်။
ကျွန်တော်တို့လည်း ဆင်းလိုက်ကြတာပေါ့။ စောစောကမိန်းမတတွေရော ယောကျာ်းတွေပါ ဆင်းပြီး အထုပ်တွေချ။ ခြင်းတွေချ။ ပြီးတော့ သမန်းကန်ဘက်ကို ထွက်ဖို့ပြင်ကြတယ်။
“`မောင်လေးကလည်း သမန်းကန်ကိုလိုက်မယ်မလား။ လာလေ။ လမ်းကြုံနေတာ ။ “
မခိုင်ဆိုတဲ့ အစ်မတစ်ယောက်က ကျွန်တော့်ကို ဖော်ဖော်ရွေရွေနဲ့ခေါ်တယ်။ အိုင်ကြီးလည်နဲ့ သမန်းကန်ရွာက သိပ်မဝေးတော့။ ပြောရရင် ကျွန်တော့်အမေရဲ့ရွာ။ သမန်းကန်ရွာက သာစည် မင်းလှကန်က ရေလျှံပြီဆို အလုပ်ဖြစ်တယ်။ ငါးရှာ၊ ဖားရှာနဲ့ ငါးကလေးရ ဖားကလေးရရင် တစ်ရွာလုံး အူစိုတော့တာ။ ရေမရှိတော့တဲ့အချိန်ဆိုရင်တော့ ဖရဲတို့ ငရုတ်တို့ နှမ်းတို့စိုက်ကြတယ်။ ယာလုပ်ငန်းဆိုတာကလည်း ဖြစ်တယ်လည်းရှိတယ်။ ပျက်တယ်လည်းရှိတယ်။ မိုးများခေါင်လို့ကတော့ တစ်ရွာလုံး အချေးအဌားနဲ့ ရုန်းလိုက်လုပ်လိုက်ရတော့တာ။ ပင်ပန်းတယ်ဆိုတာ စိတ်ရော လူရော ကိုယ်စိတ်နှလုံးကို ချုံးချုံးကျလို့။ ဒါပေမယ့်လည်းလေ ခုလို ဝါခေါင်လပြည့်ကျော်လို့ရှိရင်တော့ ရွာရဲ့ မလုပ်မဖြစ်တဲ့ ဆွမ်းကြီးလောင်းပွဲကို မဖြစ်ဖြစ်အောင် လုပ်တတ်ကြတယ်။ ငတ်ချင် ငတ်စေ။ ပြတ်ချင် ပြတ်စေ။
ခု ကျွန်တော်က ဆွမ်းလောင်းပွဲရယ်လို့ သိပ်မမှတ်မိပေမယ့် ဆိုက်ဆိုက်မြိုက်မြိုက်ကြီးကို တိုက်ဆိုင်လာလေတော့ အတိုင်းထက်အလွန်ပေါ့။
“ဆွမ်းလောင်းပွဲက စတော့မလား အစ်မ“
“စတော့မှာမောင်လေးရဲ့ မနက်ဖြန်မနက်ဆို မုန့်ဆီကြော်တော့မှာ“
“ဟုတ်လား“
“မောင်လေးက လေးသာဉာဏ်အိမ်ကိုအလည်သက်သက်လား“
ရှေ့တွင် ရွာခြေက အိမ်စုစုကိုမြင်ရတယ်။ တိုးတက်လာတာက ဟိုတုန်းကလို သက်ကယ် မိုးတွေမဟုတ်တော့ပဲ သွပ်မိုးဖြူဖြူဖွေးဖွေးတွေ မိုးလို့။
“မဟုတ်ဘူးဗျ“
“ဒါဆို လေးသာဉာဏ် အရင်လုပ်ဖူးတဲ့ဆီကလာတာမဟုတ်ဘူးလား“
“မဟုတ်ရပါဘူးဗျာ တကယ်ဆို လေးသာဉာဏ်က“
ကျွန်တော်စကားလမ်းခုလတ်မှာ မပိုက
“ညည်းအေ သူများကိစ္စ စပ်စပ်စုစု။ မြို့ကလူတွေက စပ်စုတာ ကြိုက်မှန်းမသိ မကြိုက်မှန်းမသိ။ “
ကျွန်တော် စကားအဆုံးထိ မဖြေလိုက်ရ။ ရွာထဲကို ရောက်တာနဲ့ ကျွန်တော်မျက်စိတွေက အရင်တုန်းက ရွာလမ်းတွေကို မှတ်မိနေတယ်။ ရွာထဲက အိမ်တစ်ချို့တစ်ချို့သာ ပြောင်းလဲနေကြတယ်။ ခြံစည်းရိုးက ကန္တာရဆူးပင်တွေကတော့ အတော်လေးကိုမြင့်လို့ သက်တမ်းတွေတောင်ရင့်နေကြပြီ။
“မောင်လေး လာလိုက်ခဲ့ လေးသာဉာဏ်အိမ်ကို အစ်မတို့လည်းသွားမှာ“
“အဆင်သင့်တာပေါ့ဗျာ ။“
ကျွန်တော့်မျက်နှာစိမ်းနေလို့လားမသိ ရွာထဲကလူတွေ ကျီးကြည့်ကြောင်ကြည့်နဲ့ လိုက်ကြည့်နေကြတယ်။ လေးသာဉာဏ် တို့ဝိုင်းထဲမှာ အရင်လိုမဟုတ်တော့။ နှစ်ထပ်ပျဉ်ထောင် အိမ်ကြီးဖြစ်နေပြီ။ ပြီးတော့ အိမ်သာနဲ့။ အရင်တုန်းက တစ်ဝိုင်းလုံးမှာမှ အိမ်သာက တစ်လုံးထဲမို့ မနက်မိုးလင်းလို့ ဗိုက်ထဲဘာအစာမှ မထည့်မီကို အိမ်သာတက်ချင်တာတောင် လူမလပ်လို့ အောင့်ထား အီးထားတာနဲ့တင် ဆီးချုပ် ဝမ်းချုပ်တွေကိုဖြစ်လို့။ ကျွန်တော်က အဲဒီတုန်းက လေးသာဉာဏ်ကို ပြောခဲ့သေးတယ်။
“လေးလေးရာ နောက်နှစ်တွေ အိမ်သာတစ်လုံးတော့ရအောင် ဆောက်ပါဗျာ။ ကျွန်တော်တော့ ဆီးချုပ် ဝမ်းချုပ်တွေကိုဖြစ်နေပြီ။ အိမ်သာမဆောက်ရင်တော့ ရွာကိုလာမလည်တော့ဘူးမှတ်။“
“အေးပါ ငါတူ့ရာ လေးလေးဆောက်ပါ့မယ်။ ရွာကိုတော့လာမလည်ပဲမနေပါနဲ့။ တောင်းပန်ပါရဲ့“
လို့ ပြုံးပြုံးကြီး ပြောတော့တာ။ ခုနေများ ကျွန်တော်ရွာကို ရောက်မလာခြင်းကို အိမ်သာဆောက်ပြီးသာ မသိလို့လားမသိလို့ လေးသာဉာဏ်များ တွေးနေရော့လား။ ရွာက ဆွေမျိုးတွေ အံ့ဩသွားအောင် ဖုန်းမဆက် အကြောင်းမကြားပဲ ကျွန်တော်ထွက်လာမိတာကိုက ထင်မှတ်မထားတဲ့ ကျွန်တော် ဘွားဘွားကြီးပေါ်လာတာကိုမြင်စေချင်လို့။
အိမ်အောက်မှာ ဝက်တစ်ကောင်နဲ့အလုပ်ရှုပ်နေတဲ့ လေးသာဉာဏ်ကို ကျွန်တော် မှတ်မိတယ်။ မခိုင်က
“အဖေ့ ဒီမှာ အဖေ့ ဧည့်သည်တဲ့“
ကျွန်တော် နားကြား မမှားဘူးဆိုရင် မခိုင်ဆိုတဲ့အစ်မပြောလိုက်တာက အဖေတဲ့။ ကျွန်တော့်မျက်လုံးတွေ ဝိုင်းစက်ကုန်ပြီလားမသိ။ ဒါဆို မခိုင်ဆိုတာ မခိုင်သီလွင်ဆိုတဲ့ ကျွန်တော် အစ်မတစ်ဝမ်းကွဲပေါ့။မပိုဆိုတာကရော ကျွန်တော် အစ်မ..။ ဟာ..။.
“ဘယ်သူလဲ ဟ “
နဂိုပိန်ထက် ဇရာကြောင့်ပိုပိန်သွားတဲ့ လေးသာဉာဏ်က မေးနေပြီ။ ကျွန်တော် ဝင်မဖြေနိုင်ပါ။ လည်ချောင်းဝမှာ စကားလုံးတွေ ထစ်အနေတယ်။ ကျွန်တော် ရုတ်တရက် ဆွံ့အသွားသလား။ တစ်လမ်းလုံး စကားတွေ ဖောင်ဖောင်ဖွဲ့ပြီး စကားတွေပြောလာတဲ့ မိန်းမနှစ်ယောက်ကို ကိုယ့်အစ်မဝမ်းကွဲတွေမှန်း မသိအောင် ဘယ်အရာက မျက်ကွယ်ပြုထားခဲ့သလဲ။
“အစ်မ သီ….“
မခိုင်က ကျွန်တော်ကို မျက်လုံးတွေပြူးပြီးကြည့်တယ်။ပြီးတော့
“ မမပို“
မပိုကလည်း ကြောင်အလို့။
“ကျွန်တော်ဘယ်သူလည်းဆိုတာ သေချာကြည့်ကြပါဦးဗျာ“
ကျွန်တော့်မျက်ဝန်းမှာ မျက်ရည်တွေ ဝေသီနေမှာ သေချာပါတယ်။ လေးသာဉာဏ်က အနားကိုရောက်လာပြီး ကျွန်တော့်ကို စူးစိုက်ကြည့်တယ်။ အချိန်ဆို အဲဒီအခိုက်တန့်လေးမှာ ရပ်တန့် နေသလားတောင် ထင်နေရတယ်။ စက္ကန့်တွေ၊ မိနစ်တွေ လည်ပတ်နေပေမယ့် ကျွန်တော့်တို့ လေးဦးသားကတော့ ရပ်တန့်လို့နေတုန်း။
“ဟယ်…..ငါ့မောင်……ဟဲ့ မပို ညည်းတို့ငါတို့မောင် မမပြုံးတို့သားတော့….ဟယ် မမှတ်မိဘူး။ ငါ့မောင်ကို ငါမမှတ်မိဘူးတော့…“
“ဟင် ဘယ်လို မခိုင် ဒါ ညည်းတို့ငါတို့ရဲ့အစ်မ မမပြုံးသား မောင်သော်လား အောင်မလေး အရပ်ကတို့ရေ ကိုယ့်မောင် တစ်ယောက်လုံးကို တစ်လမ်းလုံး အတူတူလာပါရက်နဲ့ ရွာရောက်မှ မှတ်မိတယ်တော့..အောင်မလေး ငါ့မောင်..ငါမောင်ရယ် မှန်းစမ်း လည်ပင်းက မှည့်။ “
ကျွန်တော့်ရဲ့ လည်ပင်းက တစ်တန်းတည်း ရှိနေသော မှည့်သုံးလုံးကိုကြည့်တယ်။ ပြီးတော့ မျက်ရည်တွေ တွေတွေကြီးကျလို့။
“ဟုတ်တယ်တော့ ကျုပ်တို့မောင်ပါတော့ အဘ အဘရဲ့တူလေ ဒါ အဘရဲ့တူ မောင်သော် ကိုသော်ပါ။ “
“ဟေ ..ဒါ ငါ့တူ ဟုတ်ကဲ့လား မိခိုင်ရဲ့။ဟေ့ကောင့်ကြီး“
“လေးလေး.. “
တစ်ဝိုင်းလုံး အုပ်အုပ် ကျွတ်ကျွတ်နဲ့ ဆွေမျိုးတွေ တစ်ယောက်ပြီး တစ်ယောက် ဝိုင်းလာလိုက်ကြတာ ခဏတွင်းချင်း လေးသာဉာဏ်အိမ် ဆွေတွေမျိုးတွေနဲ့ပြည့်သွားတော့တယ်။
ကျွန်တော့်ကိုဖက်ငိုနေသော အစ်မနှစ်ယောက်နဲ့ မျက်ရည်တို့ဝေသီနေတဲ့ လေးသာဉာဏ်တို့ဟာ စကားကိုမပြောနိုင်သေးဘူး။ အိုစာသွားလိုက်ကြတာ။ ဆင်းရဲသွားလိုက်ကြတာ။
မခိုင်ဆိုတဲ့ အစ်မသီဟာ ဟိုတုန်းက ပြည့်ပြည့်ဖြိုးဖြိုးနဲ့ လှသွေးကြွယ်ခဲ့ချိန်တုန်းကနဲ့ တစ်ခြားဆီ။ မပိုကလည်း မခိုင်လိုဖြစ်နေတယ်။ ဘဝတွေ ဘယ်လောက်ခက်ထန်ကြမ်းတမ်းသွားခဲ့သလဲ ။
“ဝလာလိုက်တာ ငါ့မောင်ရယ် အဖေ ကြည့်ပါဦး ပြည့်ပြည်ဖြိုးဖြိုးကြီး“
“ဟုတ်ပါ့ ငါ့တူ ဘယ်လို ပုံကြီးပါလဲကွာ။ ဟိုတုန်းက မင်းက ပိန်လိုက်တာမှ အရိုးပေါ်အရေတင် လေတိုက်ရင်တောင်လဲမယ့် ဝါးခြမ်းပြားပဲ။ခုတော့ကွာ ကြည့်စမ်း …ကိုသော် မောင်သော် ဟုတ်စ လမ်းမှာတွေ့ရင်တောင် ရှောင်သွားမိမှာ“
“ဟုတ်တယ် လေးလေး မိပိုတို့ကိုပဲကြည့် မိတ္ထီလာကနေ သုံးဘီးစီးလာတာတောင် ကိုယ့်မောင်မှန်းသိဘူးတော့။“
ဖြစ်မှ ဖြစ်ရလေတယ် အစ်မတို့ရယ်လို့ ကျွန်တော် မချိတင်ကဲဖြစ်နေမိတယ်။ ညီဝမ်းကွဲတွေလာကြ ။ လည်ပင်းဖက်ကြ။ ဟိုတုန်းကနဲ့ ဒီနေ့ ကျွန်တော်ရဲ့ ကွာခြားသွားပုံကို လက်မှိုင်ချကြ။ အံ့ဩရ။ ငေးမောရ။ ပြေးပြေးလွှားလွှား လာကြည့်ကြနဲ့ အဲဒီနေ့ လေးသာဉာဏ်အိမ်မှာ ပွဲတော် တစ်မျှဖြစ်သွားခဲ့တယ်။ ဆယ်နှစ်သာ ကာလအတွင်းမှာ ကျွန်တော်ရော အစ်မတွေပါ ပြောင်းလဲခဲ့တာမှ အများကြီးကို ပြောင်းလဲခဲ့တာပါလား။ ကြည့်ပါဦး တစ်လမ်းလုံး စကားတွေပြောလာတဲ့ အစ်မနှစ်ယောက်ကို မမှတ်မိပုံများ။ ဆိုးရွားလိုက်ပုံများ။ မေ့ဖျောက်လိုက်ပုံများ..။
နက်ဖြန်မနက် မုန့်ဆီကြော်တဲ့အချိန်မှာ ကျွန်တော်ကတော့ လာသမျှ ဆွေမျိုးတွေကို ဘယ်လို ဘယ်နည်း ဝလာသလဲဆိုတာ ပါးစပ်က အမြုပ်ထမတတ် ဖြေရတော့မယ်ဆိုတာ ဒီနေ့လာတဲ့ ဆွေမျိုးတွေကိုဖြေရတာနဲ့တင် ကြိုတင်မောနေရတော့တယ်။ ဒါပေမဲ့လည်း အံ့ဩငေးယူကြတဲ့ ဆွေမျိုးတွေရဲ့ မျက်နှာထက်က မျက်ရည်ဝေ့သီတွဲလွဲ ဖြစ်သွားတာကိုကြည့်ရင်း ကျွန်တော် ကြည်နူး မျက်ရည် လည်ရတာနဲ့တင် ကျေနပ်ပါတယ်လေ..။
သော်ဇင်(လွိုင်ကော်)
1st-Oct-2012
8:16PM
14 comments
Ma Ei
October 5, 2012 at 11:32 am
သော်ဇင်ရေ…
မျက်ရည်ဝေ့သီတွဲလွဲ ဖြစ်သွားကြသူတွေထဲ
ပါဝင်သွားခဲ့မိကြောင်း သတင်းပို့လိုက်ပါတယ်….
ကိုရင်မောင်
October 5, 2012 at 11:35 am
ကိုသော်ဇင်ရေ..ဖတ်ရတဲ့သူတောင် ကိုယ်အမျိုးတွေပြန်တွေ့လို့ခံစားရသလို
ခံစားလိုက်ရပါတယ်ဗျာ……
နောက်လဲပို့စ်တွေတင်ပါအုံး………..
ကြည်ဆောင်း
October 5, 2012 at 11:50 am
ဖတ်လို့ကောင်းလိုက်တာ …
ဖတ်ရင်းနဲ့မမှတ်မိကြတဲ့ဆွေမျိုးတွေအတွက် စိတ်မကောင်းလဲဖြစ် ..
ဝမ်းနည်းဝမ်းသာကြီးလဲဖြစ်မိသွားတယ် …
Shwe Ei
October 5, 2012 at 11:56 am
ဖတ်ရင်းနဲ့ငိုချင်လာဒလယ် ကိုသော်ဇင်ရေ့။ အရေးကောင်း အဖွဲ့ကောင်းတော့လည်း အညာတခေါက်ပြန်တာတောင် ရသမြောက်နေတော့တာကိုး။ :hee:
Shwe Tike Soe
October 5, 2012 at 1:24 pm
ဟုတ်တယ်ဗျာ… တစ်ခါတလေ မွေးရပ်မြေကိုပြန် မိသားစုတွေနဲ. တွေ.ရတာ အရမ်းပျော်ပြီး ကြည်နူးဖို.ကောင်းပ…. ရွာတွေဆိုပိုဆိုးသေး……… ထပ်တူခံစားသွားပါကြောင်း….
နှင်းဆီ ငုံ
October 5, 2012 at 2:27 pm
ဖတ်လို့ အရမ်းကောင်းပါတယ် ကိုသော်ဇင်ရေ
မျက်ရည်စို့တဲ့အထိ ရင်ဘတ်ကြီးနဲ့ဖတ်သွားပါတယ်နော် …
နှင်းဆီ ငုံ
October 5, 2012 at 2:43 pm
ဖတ်လို့ အရမ်းကောင်းပါတယ် ကိုသော်ဇင်ရေ
မျက်ရည်စို့တဲ့အထိ ရင်ဘတ်ကြီးနဲ့ဖတ်သွားပါတယ်နော် … ..
Good™
October 5, 2012 at 5:20 pm
အရေးကောင်းတော့ လည်း ရွာအလည်ပြန် တာတောင် ရသမြောက်တဲ့ ပို့ လေး တခု ဖြစ်သွားတယ်။
သူများတကာ သားသမီးတွေ များ တော် လိုက်တာ လို့
အားပေး ဖတ်ရှု ရင်း ဝမ်းသာစကားဆိုပါရစေ နော်။
Thu Wai
October 5, 2012 at 9:17 pm
ဘယ်လို ဝ လာလဲဆိုတာ ပြောပြပါအုံး
Mobile
October 5, 2012 at 10:26 pm
ကျနော် အဲသလို ခံစားမှုမျိုးကို သိပ်သဘောကျတာဗျ
တကယ်တမ်းတော့ ဝမ်းသာလွန်းလို့မျက်ရည်စို့ရတာပါ
ကောင်းသောနိမိတ်ကိုဆောင်ပါတယ် ဆက်လက်အားပေးချင်
kyeemite
November 4, 2012 at 3:29 pm
ကိုသော်ဇင်ရေ…စာဖတ်နောက်မကျသော်လည်း
ကွန်မန့်ပေးဖို့နောက်ကျသွားတာခွင့်လွှတ်ပါဗျာ..
ကိုသော်ဇင်ရဲ့အရေးအဖွဲ့တွေ ကျနော်သိပ်သဘောကျတာဗျ..နောက်ပီး စိတ်ကူးယဉ်
မဟုတ်ပဲ လက်တေံ့ ဘဝသရုပ်ဖေါ်မို့ ပိုနှစ်သက်ခံစားရကြောင်းပါဗျာ… :528:
ခင်တဲ့..
ကြီးမိုက်။
Thaw Zin Loikaw
November 19, 2012 at 9:54 am
ဟုတ်ကဲ့ ကိုကြီးမိုက်ရေ ကျေးဇူးတင်ပါတယ်။ ကျွန်တော်ကလည်း ရွာထဲကို ရောက်လိုက်ပျောက်လိုက်နဲ့မို့ ချက်ချင်း Replyမလုပ်နိုင်တာ ခွင့်လွှတ်ဗျာ
ခိုင်ဇာ
November 19, 2012 at 10:05 am
ခုမှ ဖတ်မိတယ်။ ရေးထားတာဖတ်လို့ကောင်းလိုက်တာ။ ဖတ်ရင်း ငိုချင်သွားတယ်။
အညာဘက်က ရာသီက ခြောက်ပြီး နည်းနည်း ကြမ်းတယ်ခေါ်မှာပေါ့။ လူတွေက အသက်အရ ရင့်ရော်တာ မြန်ကြတယ်တဲ့။
ကိုယ်တိုင် အညာသူမို့ ထင်ရဲ့။ အညာပူတာကို သည်းခံနိုင်သော်လည်း အောက်အရပ်က ရာသီပူတာ သည်းမခံနိုင်ဘူး။ 🙂
ကိုပေါက်(မန္တလေး)
November 19, 2012 at 11:45 am
ကိုသော်ဇင်ရေ အလွမ်းကောင်းကောင်းလေးမျှပေးသွားသပေ့ါ