-မေတ္တာကို ဘာသာပြန်လွဲမိတယ်-
အခန်း(၁)
‘အမေ….အမေ
သားကို ဒီမှာ မထားခဲ့ပါနဲ့ အမရယ်…အီး..ဟီး
သား…အမေတိုနဲ့ မခွဲနိုင်ဘူး…အီး..ဟင့်’
ကျော်ကျော်ရဲ့ ငိုသံနှောစကားကြောင့် သူ့အမေတစ်ယောက် မျက်ဝန်းမှာ မျက်ရည်စို့ချင်လာတယ်။ ဒါပေမဲ့ သူ့သားရဲ့ ရှေ့မှာတော့ မျက်ရည်မကျအောင်ထိန်းရင်း သူ့သားကို နှစ်သိမ့်လိုက်တယ်။
‘သား… မင်းကို အမေ ဘာပြောထားလဲ…
ယောက်ျားဆိုတာ မငိုရဘူးဆိုတာလေ၊
သားမေ့သွားပြီလား’
သူမရဲ့ စကားကို ကျော်ကျော် နားထောင်တယ် ထင်ပါရဲ့။ ကျော်ကျော်တစ်ယောက် ချက်ချင်း အငိုတိတ်သွားတယ်။ ဒါပေမဲ့ ရှိုက်သံကတော့ မစဲသေးပါဘူး။ ကျော်ကျော်က သူ့အမေကို ကြည့်ရင်း…
‘အမေ… ကျွန်တော်က အမေတို့မိသားစုနဲ့ တစ်သက်လုံးခွဲနေရမှာလေ၊
ကျွန်တော် ဘယ်လိုလုပ် ခံစားနိုင်မှာလဲ’
‘သာ်းကောင်းစားဖို့အတွက်ပါ…သားရယ်
အဖေနဲ့ အမေကို နားလည်ရမယ်နော်၊ ပြီးတော့
ဒီဦးလေးနဲ့ အန်တီတို့ကလည်း သားကို အမွေစား အမွေခံအဖြစ် မွေးစားကြမှာ၊
အဖေနဲ့ အမေလို သဘောထား ဆက်ဆံရမယ်နော်၊ အမေတို့ မိသားစုက သားကို သတိရနေကြမှာပါ၊
သားသာ ဒီမှာ လိမ်လိမ်မာမာကျန်ခဲ့နော်…’
အမေရဲ့ တသီတတန်း အမှာခြွေမှုအောက်မှာ ကျော်ကျော် ဘာများတတ်နိုင်တော့မှာလဲ။ ကျော်ကျော်စိတ်ထဲမှာ သူ့အမေကို ခါးခါးသီးသီ မုန်းသွားမိတယ်။ သူတစ်ပါးရင်ခွင်ထဲကို ထားသွားရက်တယ်ဆိုပြီး သူ့အမေကို စိတ်နာနေတာပေါ့။ ဒါကြောင့် သူ့အမေပြန်ခါနီးတာတောင် ကျော်ကျော်က နှုတ်ဆက်စကားပြောဖော်မရဘူး။ သူ့အမေကတော့ သူသားစိတ်ကို နားလည်ထင်ပါရဲ့။ ပြန်ခါနီး သူ့သားမျက်နှာကို စိုက်ကြည့်ရင်း…
‘အမေတိုရဲ့စေတနာကို သားတစ်နေ့
နားလည်လာမှာပါ’ လို့ဆိုသွားသေးတယ်။
ကျော်ကျော်ကတော့ မွေးစာအဖေနဲ့ အမေလက်ထဲမှာ စလာတုန်းကလို ရုန်းကန်အော်ဟစ်ငိုယိုခြင်းလည်း မပြုတော့ပါဘူး။ ငြိမ်ငြိမ်သက်သက်ပါပဲ။ ခုများ စောစောက အော်ငိုနေတာ သူမဟုတ်သလိုပဲ။ တေမိမင်းဝင်စားသလားတောင် ထင်ရတယ်။ ကျော်ကျော့်မွေးစားအဖေနဲ့ အမေကတော့ သူရောက်လာလို့ထင်ပါရဲ့ တော်တော့ကို ဝမ်းသားနေကြတယ်။
———————————————————————————————————————-အခန်း(၂)
ကျော်ကျော်မွေးစားအဖေနဲ့ အမေနာမည်က ဦးမြင့်နဲ့ ဒေါ်လှ။ သူတို့က အိမ်ထောင်သက်ဆယ်နှစ်ကျော်နေပြီ။ သားသမီးမထွန်းကားခဲ့လို့ သားသမီးရူးနေကြတာ ကြာပါကောလား။
အခု ကျော်ကျော်ကို လာပို့တော့မှပဲ သူ့တို့ဆန္ဒပြည့်သွားတယ်လေ။ ကျော်ကျော်ကို သူတို့က ရွာဦးကျောင်းမှာ အလှူသွားလုပ်ရင်း တွေ့လာခဲ့ကြတာပါ။ တွေ့တွေ့ချင်းပဲ သူတို့က သားတစ်ယောက်လို နှစ်ယောက်စလုံးက မွေးစားချင်ကြတယ်လေ။ ဒါကြောင့်ပဲ သူတို့ ကျော်ကျော်အကြောင်းကို စုံစမ်းဖြစ်ကြတယ်။ စုံးစမ်းရသလောက်က သူ့အဖေက လေငန်းဖြတ်နေတဲ့ နာတာရှည်။ သူ့အမေက မိသားစုအားလုံးကို အကြော်ရောင်းပြီး ရှာဖွေကျွေးနေရတာ။ မိသားစုက ကျော်ကျော်အပါအဝင် ငါးယောက်၊ သူ့က အကြီးဆုံး သူ့အောက်မှာ ညီလေးတစ်ယောက်၊ ညီမလေးတစ်ယောက်ရှိသေးတယ်။ ဒီမိသားစုအတွက် သူ့အမေက တစ်နေ့တစ်နေ့ အလျဉ်မှီအောင် ရုန်းကန်နေရတာ။ ဒီကြားထဲ နာတာရှည်လူမမာအတွက် ဆေးဖိုးကလည်း ရှိသေးတယ်။ ဒါကြောင့် သူတို့မိသားစု ကြွေးပတ်လည်ဝိုင်းနေတဲ့အကြောင်း စိတ်မကောင်းဖွယ် သိရတယ်။ အဲ့ဒါနဲ့ပဲ သူတို့ ကျော်ကျော်ကို မွေးစားဖို့ သေသေချာချာဆုံးဖြတ်လိုက်ကြတယ်။
ကျော်ကျော်မှာလည်း သူတို့ နှစ်သက်ဖွယ် ကိုယ်ပိုင်အရည်အချင်းတွေက အများကြီးပါပဲ။ ပြီးတော့ ကျော်ကျော်က ရွာမှာသာနေတာ မြို့သားရုပ်၊ ဖြူဖြူဖွေးဖွေးနဲ့ ဥပဓိရုပ်လည်းး ကောင်းတယ်။ ရွာကျောင်းမှာလည်း ခုလေးတန်းပြီးတဲ့အချိန်အထိ အမြဲအဆင့်တစ်။ ဒါပေမဲ့လည်း ကျော်ကျော် ငါးတန်းအထိကို မြို့ကို ကျောင်းတက်ဖို့အခက်အခဲဖြစ်နေတယ်လေ။ အဓိကကတော့ ငွေမရှိလို့ပေါ့။ ဒါနဲ့ပဲ ကျော်ကျော်ပညာရေး တစ်ခန်းရပ်တော့မယ့်ဆဲဆဲ ဖြစ်လာတယ်။
ဒီအချိန်မှာ သူတို့က ကျော်ကျော်မိသားစုရဲ့ ကယ်တင်ရှင်ကြီး ဝင်လုပ်လိုက်ကြတယ်။ အဲ့ဒါက ရွာဦးကျောင်းဆရာတော်ကို လျှောက်ပြီး ကျော်ကျော်ကို တရားဝင်မွေးစားလိုကြောင်း သူ့အမေကို အကြောင်းကြားပေးဖို့ ခွင့်ပန်တယ်။ ဆရာတော်ကလည်း ကျော်ကျော်အတွက် ဝမ်းသားအားရပါပဲ။ ကျောင်းက ဘုန်းကြီးကျောင်းသားကို လွှတ်ပြီး ကျော်ကျော်အမေကို ခေါ်စေတယ်။
ကျော်ကျော်အမေကို တိုင်ပင်တော့ မွေးစဖို့ အစတုန်းကတော့ အင်တင်တင်ပါပဲ။ နောက်တော့ ကလေးရှေ့ရေးကိုကြည့်ဖို့ ဘုန်းတော်ကြီးနဲ့ ရွာသူရွာသားတွေ နားချလိုက်မှာပဲ လက်ခံရှာတာ။ သူ့သားအတွက်တွေးပြီး သူခေါင်းညိတ်လိုက်တာပဲဖြစ်မယ်။ အဲ့ဒီတုန်းက ရင်ကွဲအောင် ခံစားနေရတယ် ထင်ရဲ့။ သူူ့မျက်နှာမကောင်းရှာဘူး။
———————————————————————————————————————-
အခန်း(၃)
အမေထားခဲ့တဲ့နောက် ကျော်ကျော်လည်း မိသားစအသစ်နဲ့ အတော်လေး နေသားကျနေပါပြီ။ မကျခံနိုင်ရိုးလား။ ကျော်ကျော်က လိမ်လည်း လိမ်မာတယ်။ စာလည်းကြိုးစားတယ်။ အဲ့ဒီတော့ မွေးစားအဖေနဲ့ အမက ကျော်ကျော်ကို တုန်နေအောင် ချစ်တော့တာပဲ။ လိုလေသေးမရှိအောင်လည်း သူတို့က ပံပို့ပေးကြတယ်။
ကျော်ကျော်ကတော့ ဘဝနာခဲ့လို့လား မသိဘူး။ မိသားစုအသစ်ဆီရောက်ပြီး ရောက်ပြီးနောက်ပိုင်းမှာ အရင်ကထက် ပိုကြိုးစားလာတယ်။ သူ့အမေကို စိတ်နာတာလည်း ပါတာပေါ့။ တစ်ခါတလေ သူ့အရင်အိမ်က မိသားစုကို သတိရနေတတ်တယ်။ ဒါပေမဲ့ သိပ်ကြာကြာတော့ မဟုတ်ပါဘူး။ အသည်းနာစရာကောင်းလွန်းတဲ့ အမေ့မျက်နှာကို မြင်ယောင်လာလို့လေ။ ခေါင်းခါပစ်လိုက်တာ များတယ်။
ကျော်ကျော်ဘဝလည်း ရေမြှင့်လို့ ကြာတင့်ခဲ့တယ် ထင်ပါရဲ့။ အခုဆို သူ့အမေထားသွားပြီး ဆယ်နှစ်ကျော်အတွင်းမှာပဲ သူဟာ နိုင်ငံခြားပြန ်ပါရဂူဘွဲ့ရဒေါက်တာကြီး ဖြစ်နေပြီလေ။ သူတို့မြို့ထဲမှာတော့ ဒေါက်တော်ဦးကျော်ကျော်ဆိုရင် မသိတဲ့သူမရှိဘူး။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဦးတပ်ခေါ်ရအောင် သူ့ပညာက စွမ်းဆောင်နိုင်ခဲ့တယ်။ သူ့အတွက် မွေးစာအဖေနဲ့ အမေက ဂုဏ်ယူမဆုံး တပြုံးပြုံးပေါ့။
အခုအချိန်မှာတော့ မွေးစားမိဘတွေကို သူက တစ်ဖန်ပြန်ပြီး ကျေးဇူးဆပ်နိုင်ပြီလေ။ အားလုံးက နေသားတကျနဲ့ ကျော်ကျော်က သူ့ဘဝကို ကျေနပ်နေတယ်။
———————————————————————————————————————-
အခန်း(၄)
ဒီနေ့ မွေးစားအဖေနဲ့ အမေက ကျော်ကျော်ကို အရေးကြီးတဲ့စကားပြောဖို့ရှိတယ်ဆိုလို့ သူဆေးခန်းစောစောပိတ် အိမ်ပြန်လာခဲ့တယ်။ ဧည့်ခန်းမှာတော့ သူမွေးစားမိဘနှစ်ယောက်စလုံးက သူ့ကို စောင့်နေတာကို တွေ့တယ်။ ဘာများ ပြောကြအုံးမလဲ မသိဘူး။ ဧကန္တတော့ သူ့ကို ပညာစုံပြီဆိုတော့ မိန်းမယူမယ့်ကိစ္စတိုက်တွန်းမလို့ ထင်တယ်။ အတွေးပေါင်းစုံနဲ့ မွေးစားမိဘတွေ့ရဲ့ ရှေ့ဘက် ဆိုဖာထိုင်ခုံကြီးပေါ်မှာ ကိုယ်ကိုယ်မြုပ်နေအောင် ထိုင်လိုက်တယ်။
သူထိုင်ခုံပေါ်ရောက်တာနဲ့ သူ့မွေးစာအဖေဦးမြင့်က စကားစလာပါတယ်။
‘သား… မင်းကို ငါတို့လင်မယားနှစ်ယောက်က မွေးစားထားတာဆိုပေမဲ့
သားတစ်ယောက်လိုချစ်တာ သားသိပါတယ်နော်’
‘သိပါတယ်… အဖေ
အဲ့ဒီအတွက် သားတစ်သက်လုံး ကျေးဇူးတင်နေတာပါ’
‘အေး… ခု အဖေပြောမဲ့စကားကို နားထောင်ရင် သားအဖေတို့အပေါ်မှာ
စိတ်ခုမှာစိုးလို့ သားသိအောင် ကြိုပြောထားတာပါ၊ ပြီးတော့ အခု အဖေပြောမဲ့စကားကလည်း
မပြောမဖြစ်လို့သာ ပြောရတာ၊ အဲ့ဒါကတော့ သားအမေရင်းကိစ္စပဲ’
ကျော်ကျော် အံဩသွားတယ်။ သူထင်ထားသလို မိန်းမကိစ္စမဟုတ်ဘဲ သူ့အမေရင်းကိစ္စတဲ့။ သူ ပိုပြီးသိချင်လာတယ်။ အမေ ဘာများဖြစ်လို့ပါလိမ့်။ အမေ့ကို မုန်းခဲ့ပေမဲ့ ရှိရင်းစွဲသံယောဇဉ်တွေက ခေါင်းထောင်ထလာတယ်။
သူ့ မွေးစားအဖေကတော့ သူသိချင်သမျှကို စကားအမျှင်တန်းဆက်ပြောနေတယ်။ သူ့မွေးစားအဖေရဲ့ ပြောစကားတွေက ကျော်ကျော်စိတ်ကို ယောက်ယက်ခတ်စေတယ်။ အဲ့ဒါတွေက အကျဉ်းချုံးရရင် သူ့အမေက သူ့ကို တော်တော်ချစ်ကြောင်း၊ မတတ်သာလို့သာ သူ့အား မွေးစားဖို့ပေးခဲ့ရကြောင်း၊ မွေးစားပြီးသော်လည်း တစ်ပတ်တစ်ခါ သူ့သားအတွက် လူကြုံနဲ့ စာအမြဲပို့ကြောင်း၊ သူတို့တွေက ဒီစာတွေကို ကျော်ကျော်ဖတ်မိပြီး စိတ်ပြန်လည်သွားမှာစိုးသောကြောင့် ဖွက်ထားရကြောင်း ပြောတယ်။
အဲ့ဒါတွေတင် မကပါဘူး။ အခုဒီလို မွေးစားအဖေက ပြောနေရတာကလည်း အဓိကအချက်က ရွာလူကြုံတက်လာပြီး သူအမေရဲ့ အဆုတ်ရောဂါအတော်သည်းနေကြောင်းနဲ့ သားကြီးကို မသေခင် တွေ့သွားချင်ကြောင်း ခွင့်တောင်းသောကြောင့် ဖြစ်တယ်ဆိုပဲ။
မွေးစားအဖေစကားဆုံးသွားတော့ ကျော်ကျော်ကို တောင်းပန်းစကားဆိုရင် သူ့အမေရေးထားတဲ့စာတွေကို သေတ္တာနဲ့အပြည့် လာပေးတယ်။ ကျော်ကျော်လည်း အခုမှ ရတနာရွှေထုပ်ကောက်ရမိသလို အငမ်းမရဖတ်ဖြစ်တယ်။
စာဖတ်နေရင်းနဲ့ ကျော်ကျော်မျက်ရည်တွေလည်း အလိုလို စီးကျလာတယ်။ အရင်မိသားစုနဲ့ အဆက်အသွယ်ဖြတ်ပြီးနောက်ပိုင်း သူမသိရတာတွေက အများကြီးပါပဲလား။ စာထဲမှာ သူ့အမေက သူ့ကို မွေးစားဖို့ ပေးပြီးနောက်ပိုင်း တစ်နှစ်အကြာမှာပဲ အဖေဆုံးသွားတယ်တဲ့။ ပြီးတော့ ညီလေးနဲ့ ညီမလေးတို့ကလည်း အရွယ်ရောက်ပြီး လုပ်ငန်းခွင်ဝင်နေကြပြီ။ ညီလေးက သစ်ဆိုင်မှာ လုပ်တယ်၊ ညီမလေးက အပ်ချုပ်နေတယ်ဆိုပဲ။ စာတိုင်းလိုလိုမှာပဲ သူ့ကို မိသားစုက အမြဲသတိတရရှီကြောင်း ရေးထားတာတွေ့ရတယ်။
အဲ့ဒါတွေကြောင့်ပဲ သူအရင်မိသားစုကို ပြန်ချင်တဲ့စိတ်က တားမရဆီးမရ ဖြစ်လာပါတယ်။ အဓိကကတော့ သူ့အမေကို စိုးရိမ်နေမိတယ်။ သူအရင်က အထင်လွဲခဲ့မိတာကိုလည်း နောင်တကောင်းကောင်းရနေပါတယ်။ ပြန်တွေ့တော့မှပဲ အမေ့ကို အတိုးချတောင်းပန်ပစ်မယ်လို့ တွေးလိုက်တယ်။
သူ့ကို အရင်က အတိတ်တွေကို ဖုံးထားတဲ့ မွေးစားမိဘတွေကို ပထမတုန်းက စိတ်ဆိုးသေးတယ်။ နောက်မှတော့ သူတို့တွေချစ်လွန်းလို့ ဒီလိုလုပ်ရပါလားဆိုတာ တွေးမိသွားတယ်။ ဒါကြောင့် အလိုလိုပဲ ခွင့်လွှတ်သွားပါတယ်။ အဲ့ဒါနဲ့ အမေရှိရာရွာကို သူပြန်ချင်တဲ့အကြောင်း မွေးစားမိဘတွေဆီ ပါးစပ်ဟဖို့လုပ်လိုက်တယ်။
အဲ့ဒီလို သူ့စကားမစခင်မှာပဲ သူ့မွေးစားမိဘနှစ်ပါးက သူ့ကို ခဏပြန်ဖို့ ခွင်ပြုကြောင်း ပြောတယ်။ သူ့မွေးစားအမေ ဒေါ်လှကဆို
‘သားရယ်… အမေတို့က မိဘချင်းကိုယ်ချင်းစာပါတယ်၊
သားလည်း တွေ့ချင်နေမှာပဲဆိုတာ အမေတို့ရိပ်မိ