နတ်သမီး

etoneJuly 12, 20101min790

ကိုရဲရဲ့ တူလေး ဖိုးလပြည့်ဟာ အသက်၉နှစ် ရှိနေပြီ ဖြစ်ပေမယ့် ဉာဏ်ရည် ဖွံ့ဖြိုးမှု နှေးကွေး နေသူလေး တစ်ဦး ဖြစ်ပါတယ်။ တစ်ဦးထဲသော အစ်မက မွေးထားတဲ့ တစ်ဦးထဲသော တူလေးဖြစ်လေတော့ ကိုရဲဟာ ဖိုးလပြည့်လေးကို ဂရုဏာစိတ် နဲ့အချစ်ပိုမိပါတယ်။ ဖိုးလပြည့်လေးဟာ ပုံမှန်ကလေးတစ်ယောက်ရဲ့ အနေအထားမှာ ရှိနေသူတစ်ဦးမဟုတ်ပါဘူး။ ကံအားလျှော် စွာ ဉာဏ်ရည် ချို့တဲ့မှုကို ထေမိစေဖို့အတွက် သဘာဝတရားကြီးက ပေးထားတဲ့ လက်ဆောင်မွန် တစ်ခုကို ဖိုးလပြည့်လေး ပိုင်ဆိုင်ခွင့် ရထားလေတယ်။ ဘာလို့လည်းဆိုတော့ ဖိုးလပြည့်ဟာအင်မတန် ချစ်စရာကောင်းတဲ့ကလေး တစ်ဦး ဖြစ်နေလို့ပါဘဲ။ သူ့ကို မြင်သူတိုင်းက ချစ်စရာကလေးလေးလို့ မပြောပဲ မနေနိုင်အောင် ချစ်ဖို့ကောင်းတာကို ဘုရားသခင်က သူ့ကို ပေးသနားထားပါတယ်။

တစ်ညမှာ ကိုရဲက ဖိုးလပြည့်ကိုခေါ်ပြီး ပြဇာတ်သွားကြည့်ဖြစ်တယ်။ အဲ့ဒီမှာ သိကြားမင်းနဲ့ နတ်သမီးတွေပါတဲ့ ပြဇာတ်ကို ကြည့်ပြိး ဖိုးလပြည့်တစ်ယောက် ပါးစပ် အဟောင်းသား ဖြစ်ကာ ပြဇာတ်အပြန်မှာ ဦးလေးကိုရဲကို “ နတ်သမီးလေးတွေက လှလိုက်တာနော်.. လေးလေး အပြင်မှာ မြင်ဘူးလားဟင် “ လို့ မေးလာတယ်။

ကိုရဲလည်း မြင်ဘူးတာပေါ့ကွ လို့ ချစ်စဖွယ်မျက်နှာလေးကို ကြည့်လို့ လွယ်လွယ်ပဲ ပြောလိုက်မိတယ်။

“ မဟုတ်ဘူးလေ.. နတ်သမီးလို ဝတ်ထားတဲ့ လူတွေကို ပြောတာမဟုတ်ဘူးလေ.. တကယ့် မိုးပေါ်မှာနေတဲ့ နတ်သမီးလေးတွေကို ပြောတာလေ “ လို့ပြောလေတယ်။ ဖိုးလပြည့်ရဲ့ အမူအယာလေးက လေးလေးနက်နက် မေးလာလို့ ကိုရဲလည်း အဖြေရကြပ်သွားမိတယ်။

“ ဒီလိုကွ.. နတ်သမီးလေးတွေဟာ လိမ်မာတယ် ကောင်းကောင်းနေတဲ့ ကလေးတွေကို အလှည့်ကျ လာတွေ့လေ့ရှိတယ်.. သားလဲလိမ်လိမ်မာမာနေရင် တစ်နေ့ နတ်သမီးလေးတွေ သားကို လာတွေ့မှာပေါ့ ..“ လို့ ပြောလိုက်လေတယ်။

“ ဒါဆို သားက သူတို့လာမှာ ဘယ်လို သိနိုင်မှာလဲဟင် “

“ ဒါတော့ လေးလေးမသိဘူး.. ဒါပေမယ့် တူလေးက အဲ့ဒီအခါကျရင် ဒါဟာ နတ်သမီးပဲဆိုတာ အလိုလို သိလာမှာပေါ့ “ လို့
ဖိုးလပြည့်ရဲ့ စူးစမ်းတဲ့ မေးခွန်းအကြပ်တွေကို အခုလို အဆင်ပြေအောင် ဖြေခဲ့လိုက်မိတယ်။

ဒါပေမယ့် ဖိုးလပြည့်လေးရဲ့ စိတ်ထဲမှာ နတ်သမီးလေးတွေက စိုးမိုးလို့နေပါပြီ။ နေ့စဉ်နေ့တိုင်း ဖိုးလပြည့်လေးဟာ နတ်သမီးလေးတွေ အကြောင်းကိုပဲ တွေးနေရှာမိတယ်။ ဖိုးလပြည့်တစ်ယောက် စိတ်ရှည်လက်ရှည် စောင့်မျှော်နေပေမယ့် လတွေအတော်ကြာလာတဲ့အထိ သူတွေ့ချင်တဲ့နတ်သမီးလေးကို တွေ့ခွင့်မရခဲ့ပါဘူး။ သူ့ကို ဘယ်နတ်သမီးမှလဲ လာမတွေ့ခဲ့ ပါဘူး။

ရက်တွေအတော်ကြာလာတဲ့ ဒီဇင်ဘာ မနက်ခင်း တစ်ခုမှာတော့ ဖိုးလပြည့်ဟာ သူ့ရဲ့ လေးလေး ကိုရဲနဲ့အတူ မနက်စောစော အိမ်နဲ့
မနီးမဝေးမှာရှိတဲ့ ပန်းခြံလေးကို ကျန်းမာရေးအတွက် အပြေးလေ့ကျင့် ထွက်ကြပါတယ်။ ဒီနေ့ဟာ သူတို့ တူဝရီး အပြေး လေ့ကျင့်နေကြတာ တစ်ပါတ်ပြည့်တဲ့နေ့ပါပဲ။ ဖိုးလပြည့်က ကလေးဆိုတော့ အသက် ၃ဝနှစ်နီးပါးရှိနေတဲ့ သူ့ရဲ့ လေးလေးထက် ပိုပြေးနိုင်တာ မဆန်းပါဘူး။ ဒီလိုနဲ့ ပြေးနေရင်း ပန်းခြံလေးထဲ ရောက်လာကြပါတယ်။ ပန်းခြံလေးထဲ ပတ်ပြေးနေရင်း ကိုရဲတစ်ယောက် မိတ်ဆွေတစ်ဦးနဲ့ ဆုံနေလို့ ခဏ ရပ်စကားပြောပါတယ်။ ဖိုးလပြည့်လေးကတော့ “ သားတို့ ဆုံရပ်မှာ ပြန်ဆုံမယ်နော် လေးလေး “ လို့ လှမ်းပြောပြီး ပန်းခြံထဲမှာ ဆက်ပြေးသွားပါတယ်။ သူတို့နှစ်ယောက် ဒီလိုပဲ ပန်းခြံထဲရောက်ရင် ပြေးရင်း ဝင်ပေါက်နဲ့ မလှမ်းမကမ်းမှာရှိတဲ့ ရေပန်းနားမှာ ပြန်ဆုံနေကြမို့ ဖိုးလပြည့်ပြောတဲ့ ဆုံရပ်ဆိုတာ သူတို့အချင်းချင်း နားလည်ပြီးသား ဖြစ်နေပါတယ်။ ဒါနဲ့ ကိုရဲလည်းမိတ်ဆွေနဲ့ စကားပြတ်တော့ ဆက်ပြေးရင်း အပြီးမှာတော့ ရေပန်းလေး အနားမှာ
ဖိုးလပြည့် ပြန်အလာကို စောင့်နေမိပါတယ်။

အဲ့ဒီအချိန်မှာ စလွန်းကားလေးတစ်စီးဟာ ပန်းခြံအဝမှာ ထိုးရပ်လိုက်ပါတယ်။ ကားပေါ်က သူနဲ့ရွယ်တူ လူတစ်ယောက် ဆင်းချလာပြီး ပန်းခြံအတွင်း ဟိုဟို သည်သည်ကြည့်ပါတယ်။ ပြီးတော့ ကိုရဲရှိရာကို ဦးတည်ရောက်လာပြီး သူ့ကို အကူအညီ တစ်ခု ပေးစေလိုကြောင်း ပြောလာပါတယ်။ ” သူ့အဘွားဟာ ဒီပန်းခြံလေးထဲမှာ အမြဲတမ်း လမ်းလျှောက်သူတစ်ဦးပါ။ အခုလဲ ပန်းခြံထဲမှာ သူရှိနေပါတယ်။ အဘွားကို ဒီခုံနေရာလေးက အမြဲ စောင့်ကြိုပေးနေကြပါ။ အခုအရေးကြီး ကိစ္စတစ်ခု ပေါ်လာလို့အဘွားကို နောက်ထပ် မိနစ်၃ဝေလောက်မှ သူပြန်လာကြိုနိုင်မှာမို့ အဘွားကို ဒီခုံတမ်း လေးမှာ ခဏစောင့်နေပေးဖို့ ပြောထားပေးပါလားခင်ဗျာ.. အဘွားနာမည်က ဘွားဝတ်မှုံပါ။ ငွေရောင် ဆံပင် ဖွေးဖွေးဖြူနဲ့ အဖြူရောင် ဆွယ်တာ ဝတ်ထား ပါတယ်။ အသက် ၇ဝ ဝန်းကျင်ရှိပါပြီ် “ လို့ပြောကာ အကူညီ တောင်းလာပါတယ်။

“ အသက် ၇၀.. လမ်းလျှောက်တုန်း.. ဟုတ်လား “ လို့ ကိုရဲက အံ့ဩကာ မေးမိပါတယ်။

“ ဟုတ်တယ်ဗျ.. ဘွားဘွားက လျှောက်နိုင်လိုက်တာမှ လွန်ရောဗျာ.. ကျွန်တော်တို့တောင် နောက်ကောက် ကျသွားမယ်ဗျို့ “ လို့ ထိုသူက ရယ်မောရင်း ပြောလေတယ်။

“ အရင်နေ့တွေက အဘွားနဲ့အတူ ကျွန်တော်လျှောက်ပေးနေကြဗျ။ ဒီနေ့မှ အလုပ်ကိစ္စလေးပေါ်လာလို့။ အခုထိမပြတ်လို့ ခင်ဗျားကို အကူညီတောင်းရတာပါဗျာ.. “ လို့ပြောတော့ ကိုရဲလည်း…

” အပမ်းကြီးတဲ့ ကိစ္စမှ မဟုတ်တာဗျာ.. ပြောပေးပါ့မယ်.. စိတ်ဖြောင့်ဖြောင့်သာသွားပါ “ လို့ပြောလိုက်တော့ ကျေးဇူးစကားဆိုကာ သူထွက်သွားလေတယ်။

ဒါနဲ့ ကိုရဲလည်း ဖိုးလပြည့်ကိုစောင့်ရင်း တစ်လက်စထဲ အဘွားဝတ်မှုံကိုပါ ခုံတမ်းလေးကနေ ထိုင်စောင့်နေမိ တယ်။ အဘွားနဲ့ ဖိုးလပြည့် ဒီနေရာကို ဘယ်သူများ အရင်ရောက်လေမလဲလို့လည်း တွေးနေမိတယ်။ တစ်အောင့် နေတော့ ဆံပင်ငွေရောင် ဖွေးဖွေးလှုပ်နေတဲ့ အားကစားအိကျီ င်္ ဆွယ်တာ အဖြူဝတ်ဆင်ထားတဲ့ အဘွားဟာ ကိုရဲရှိရာ ခုံတန်းလျားကို တစ်လှုပ်လှုပ်နဲ့ ရောက်လာပါတယ်။ သေချာပါတယ်။ ဒီအဘွားဟာ ခုနလူပြောတဲ့ အဘွားဒေါ်ဝတ်မှုံပဲ ဖြစ်မှာပါ။ ကိုရဲတွေးနေတုန်းမှာပဲ အဘွားက ကိုရဲရဲ့နဘေးက နေရာလွတ်မှာ ဝင်ထိုင် လိုက်ပါတယ်။ အဘွားရဲ့ ချစ်ခင်နှစ်လိုဖွယ်ရာ ရုပ်သွင်ကို ငေးကြည့်မိနေလို့ ကိုရဲတစ်ယောက် အဘွားကို မေးခွန်းထုတ်ဖို့ မေ့လျှော့နေမိစဉ်မှာပဲ အဘွားက သူ့လက်ထဲက ကွတ်ကီထုတ်လေးကို ကိုရဲဘက်ကို ကမ်းလို့ ထုတ်ကျွေးလာပါတယ်။ ဒါနဲ့ကိုရဲလည်း ယဉ်ကျေးစွာငြင်းလိုက်ပြီး ခုနက အဘွားရဲ့ မြေးဆိုသူ မှာသွားတာပြောဖို့ သတိရလိုက်ပါတယ်။

အဘွားကို မှာသွားတဲ့အတိုင်း ခဏစောင့်နေဖို့ ပြောပြတော့ အဘွားက ပြုံးပြီး ခေါင်းတစ်ငြိမ့်ငြိမ့်နဲ့ နားထောင်လျှက်က သူ့ရဲ့ပါးစပ်လေးကို လက်ညိုးထိုးလို့ ကိုရဲကို လက်ခါပြလေပါတယ်။ ဒီတော့မှ ကိုရဲတစ်ယောက် အားနာစိတ်မကောင်းဖြစ်စွာ သိလိုက်ရတာက အဘွားဟာ စကားမပြောနိုင်သူ တစ်ဦးဖြစ်နေတယ် ဆိုတာကိုပါဘဲ။ အားနာလွန်းတဲ့စိတ်နဲ့ “ အဘွား ကျွန်တော်မသိလို့ပါ.. ကျွန်တော့်ကို ခွင့်လွှတ်ပါနော် “ လို့ပြောလိုက်မိပါတယ်။ အဘွားက သူ့လက်နှစ်ဘက်ကို သူရဲ့ အရေတွန့်လိပ် လက်နှစ်ဘက်နဲ့ လှမ်းဆွဲယူကာ တင်းတင်း ဆုတ်ကိုင် လိုက်ပြီး သူ့ကို နွေးထွေးစွာ ပြုံးပြပါလေတယ်။ အဘွားရဲ့ အပြုံးက သူ့ကို စိတ်သက်သာရာ ရသွားစေပါတယ်။ တကယ်တော့ အဘွားဒေါ်ဝတ်မှုံအနေနဲ့ စကားတစ်လုံးမှ ဖွင့်ဟ မပြောနိုင်ပေမယ့် အဘွားဆီက စီးဆင်းကျလာတဲ့ ဖြူစင်တဲ့ မေတ္တာတရားရဲ့ အငွေ့အသက် ရိုက်ခတ်မှုကို ကိုရဲတစ်ယောက် ခံစားသိရှိလိုက်ရပါတယ်။ ဒါဟာ သူရဲ့ပါတ်ဝန်းကျင်က သိခဲ့ဘူးတဲ့ သက်ကြီးရွယ်အိုတွေဆီမှာ တွေ့ရခဲတဲ့ ရှားပါးတဲ့ အရည်အသွေးပါဘဲ။

ကိုရဲရဲ့ ပါတ်ဝန်းကျင်က အဖိုးအဖွားတွေဟာ ကမာ္ဘကြီးထဲမှာ နေထိုင်နေကြပေမယ့် ပါတ်ဝန်းကျင်နဲ့ အဆက်အသွယ် ပြတ်တောက် နေကြသူတွေပါ။ သူတို့ရဲ့ ကမာ္ဘငယ်လေးထဲမှာပဲ ပျော်မွေ့ နစ်မြုပ် နေကြသူတွေ များပါတယ်။ ကိုရဲ အခုတွေ့ဆုံနေရတဲ့ အဘွားကတော့ လူတွေနဲ့ ဆက်ဆံရာမှာ သူ့ရဲ့ စကားမပြောနိုင်တဲ့ ချို့ယွင်းချက်တွေ ရှိနေပေမယ့် တကယ့်ကို ကမာ္ဘကြီးနဲ့ တစ်သားထဲရှိနေသူပါ။ သူမရဲ့ တောက်ပတဲ့ အပြုံးက လူတိုင်းကို မေတ္တာဓာတ်တွေ စေတနာကောင်းတွေ ပေးဝေလို့ နေပါတယ်။
အဲ့ဒီအချိန်မှာ ခုနကားနဲ့လူ ပြန်ရောက်လာပြီး အဘွားကို လာခေါ်ပါတယ်။ ကိုရဲလည်း အဘွားကို ကားပေါ်အရောက် ပို့ပေးလိုက်ပြီး..

” ခင်ဗျားရဲ့ အဘွားဟာ တကယ့်ကို အံ့ဩစရာ ကောင်းတဲ့ အမျိုးသမီးကြီးပါပဲဗျာ.. သူနဲ့ စကားပြောရတာ ကျွန်တော်ပျော်တယ်.. အဲ.. ကျွန်တော်ဆိုလိုတာက သူနဲ့အတူ ထိုင်နေရတာကိုက စိတ်ထဲ တကယ်ပဲ ချမ်းသာမှုကို ရနေမိပါတယ် ” ..လို့ မနေနိုင်တော့ပဲ ထုတ်ဖော်ပြောလိုက်မိတော့တယ်။ အဘွားက သူ့ရဲ့ အပြောတွေကြောင့် ရွှန်းလဲ့တောက်ပ မျက်ဝန်းနဲ့ သူ့ကို ကြည့်လို့။

” အင်း.. ခင်ဗျားလဲ ကျွန်တော့အဖွားရဲ့ အပြုံးအောက်မှာ ဖမ်းစားခြင်း ခံလိုက်ရပြန်ပြီပေါ့.. လူတော်တော် များများကအဲ့ဒီလိုပြောတယ်ဗျ..” လို့ ရယ်ကာမောကာ နှုတ်ဆက်လို့ သူ့တို့ကားလေးထွက်သွားပါတယ်။ အဘွားဒေါ်ဝတ်မှုံက ကားထဲကနေ လက်ကလေး တစ်ပြပြနဲ့..။

သိပ်မကြာခင်မှာပဲ ဖိုးလပြည့်လေးတစ်ယောက် သူ့အနားကို ခုန်ပေါက်ပြေးလွှားလို့ ရောက်လာပါတယ်။ ထူးထူးခြားခြား ပျော်ရွှင် မြူးတူးနေတဲ့ တူလေးကို ကြည့်ပြီး ကိုရဲပါ ပျော်လာမိပါတယ်။

” ဘာတွေများ ဒီလောက်တောင် ပျော်နေရသလဲ ဖိုးလပြည့်ရဲ့ “

ဖိုးလပြည့်က စကားတွေ ဗလုံးဗထွေးနဲ့ သေချာရှင်းပြတယ်..။

” ဟုတ်တယ် လေးလေးရယ်.. တကယ့်ကို ထူးဆန်းတဲ့ ကိစ္စဖြစ်ခဲ့တယ် ။ သားလေ ပန်းခြံထဲမှာ ပြေးရင်း မောလာတာနဲ့ မြက်ခင်းပေါ်မှာ မျက်လုံးလေးမှိတ်လို့ ခဏအိပ်နေမိတယ် ။ အဲ့ဒီလိုနေတုန်း သားရဲ့ ဘေးနားကို လူတစ်ယောက်လာထိုင်တာ သိလိုက်လို့ မျက်လုံး ဖွင့်ကြည့်လို်က်မိတော့ သူရောက်နေတာဗျ..။ နတ်သမီးလေ လေးလေးရဲ့ ..။ သားတွေ့ချင်နေတဲ့ နတ်သမီးပေါ့ဗျ..။ သူက ပြုံးပြုံးကြီး သားကို ကြည့်နေတာ..။ သားကလဲ သူ့ကို ပြန်ပြုံးပြလိုက်မိတယ်။ သူ့ပြုံးပြလိုက်တော့ သားတစ်ကိုယ်လုံး အေးမြသွားသလို ခံစားလိုက်ရတယ်..။ သား..သိလိုက်တယ်.. သူဟာ သားသိပ်တွေ့ချင်နေတဲ့ နတ်သမီးပဲဆိုတာ ..။ သားက ဝမ်းသာလွန်းလို့ မျက်လုံးကိုမှိတ် ဘုရားကို အာရုံပြုု ဆုတောင်းလိုက်မိတယ်။ နောက်ထပ် သားဆီ
မကြာမကြာ လာခဲ့ပါလို့ပေါ့။ ဒါပေမယ့် သားလည်း မျက်လုံးဖွင့်လိုက်ရော သူမရှိတော့ဘူး လေးလေးရ … “

ဒါနဲ့ .. ကိုရဲလည်း ကသောကမျော မေးလိုက်မိတယ်..။

” အဲ့ဒီ နတ်သမီးက ငွေရောင် ဆံပင်နဲ့ မဟုတ်လား ။ အဖြူရောင် ဆွယ်တာလေးဝတ်ထားတယ်လေ.. “

ဒီတော့ ဖိုးလပြည့်လေးက အခုလို ဖြေလိုက်လေတယ်..။

” ဟုတ်တယ် လေးလေး.. ပြီးတော့ သားဘေးနားမှာ ဟော့ဒီ ကွတ်ကီထုတ်လေးတစ်ထုတ်လဲ သူထားရစ်ခဲ့တယ်.. သိလား “

…………………………………………………………………………………………………………………………………………………………………………………………………….

မေတ္တာတရားဆိုတာ ဖမ်းဆုတ်ကိုင်လို့မရ၊ အကောင်အထည်လိုက် ပြလို့မရပေမယ့် သူ့ရဲ့သဘောကိုက ယိုစီး ကျလာစေတတ်ပြီး တစ်ဘက်သားကို ကူးလူးတွယ်ငြိစေတတ်ပါတယ်။ မိမိရဲ့ ဖြူစင်မေတ္တာနဲ့ သန့်ရှင်းတဲ့ စေတနာနဲ့ အပြုံးစစ်စစ်တို့ကြောင့် မေတ္တာတွေ..စေတနာတွေ… အပြုံးတွေကို အခြားသူတွေကို လက်ဆင့်ကမ်း သယ်ယူပေးနေမိတတ်တာ မေတ္တာတရားရဲ့ အံ့ဩဖွယ်ရာ ဂုဏ်အင်ပါပဲရှင်..။ ဒီတော့ အခကြေး ငွေ ပေးဝယ်စရာမလိုပဲ ကိုယ်တိုင်ကိုယ်ကျ ဖန်တီးရယူနိုင်တဲ့ အရာတွေကို ကျွန်မတို့ ပိုင်ဆိုင်ခွင့် မရနိုင်စရာ အကြောင်းမရှိပါဘူးနော်။ ကျွန်မတို့ကိုယ်တိုင် ပိုင်ဆိုင်နိုင်ကာမှ ကျွန်မတို့က တခြားသူုတွေကို ပြန်လည် မျှဝေနိုင်မယ်ဆိုတာကိုတော့ ကျွန်မတို့ မမေ့သင့်ဘူးပေါနော်။
——–
သူငယ်ချင်းတယောက်ရဲ့ post က ကူးပေးထားတာပါ