ကံကောင်းခြင်းစားပွဲ

etoneJuly 12, 20101min580

Dannyရဲ့စားသောက်ဆိုင်လေး ရောင်းမကောင်းခဲ့တာ (၃)လဆက်တိုက်ရှိခဲ့ပါပြီ။ အရင်က စားသုံးသူတွေ တန်းစီစောင့်ရတဲ့အထိ ရောင်းကောင်းခဲ့တဲ့
သူ့ဆိုင်လေးလည်း စီးပွါးရေးကပ်ဆိုက်တဲ့အထဲ ပါခဲ့ရတယ်။

ဒီညမှာ စာရင်းတွေကို တွက်ချက်ကြည့်ရင်း အရှုံးတွေကို
သူစိုက်မထုတ်နိုင်တော့လို့ မနက်ဖြန်မှာ ဆိုင်ကိုပိတ်လိုက်ဖို့
Dannyဆုံးဖြတ်လိုက်တယ်။

ထမင်းစားချိန်ဖြစ်ပေမယ့် ဆိုင်ထဲမှာ သားအဖဧည့်သည်နှစ်ဦးပဲရှိပြီး
ထမင်းတစ်ပွဲနဲ့ နှစ်ယောက်စားနေခဲ့တယ်။ ဂျီကျနေတဲ့ ကလေးငယ်ကို အစပထမမှာ
ဖခင်ဖြစ်သူက ဂရုမစိုက်ခဲ့ဘူး။ နောက်တော့ ကလေးငယ်ကို တိတ်တိတ်နေဖို့
စိတ်ပျက်လက်ပျက်ပြောနေခဲ့တယ်။

အဲဒီအချိန်မှာ ဦးထုပ်ဆောင်းထားတဲ့ မျက်နှာတည်နဲ့လူတစ်ဦး စားသောက်ဆိုင်ထဲ
ဝင်လာခဲ့တယ်။ Dannyက ရှေ့တက်ကြိုဆိုပြီး စိတ်ထဲမှာလည်း “ဒီဧည့်သည်က
ဒီညရဲ့နောက်ဆုံးဧည့်သည် ဖြစ်ကောင်းဖြစ်မှာမို့
သူ့ကိုကောင်းကောင်းဧည့်ခံလိုက်မယ်။ ကိုယ်လုပ်ပေးနိုင်တာ မများပေမယ့်
သူအံဩဝမ်းသာအောင်တော့ လုပ်နိုင်လိမ့်မယ် ထင်တယ်”လို့ တွေးလိုက်တယ်။

စားစရာတွေကို ဧည့်သည်မှာပြီးနောက် Dannyက “ဝမ်းသာပါတယ်။ ခင်ဗျာအခုထိုင်တဲ့
စားပွဲက ဒီနေ့ရဲ့ “ကံကောင်းခြင်းစားပွဲ”ဖြစ်ပါတယ်။ ဒါကြောင့်
ဒီနေ့ခင်ဗျားမှာတဲ့ အစားအစာတွေကို ခင်ဗျားအခမဲ့ စားရမယ့်အပြင်
တစ်ခြားစားစရာတွေကိုလည်း သုံးဆောင်ရမှာဖြစ်တယ်”

Dannyရဲ့ အပြောကြောင့် ဧည့်သည်အံဩဝမ်းသာသွားတယ်။
ဒီလိုကံကောင်းလိမ့်မယ်လို့ သူတွေးထင်မထားခဲ့လို့ ဖြစ်တယ်။
ဧည့်သည်အတွက်အချိုပွဲကို Dannyယူတော့ ဧည့်သည်မျက်နှာက ပြုံးရွှင်လို့နေတယ်။
ဒါကိုဘေးခုံက ကလေးငယ်တွေ့တော့ သူလည်းအချိုပွဲစားမယ်ဆိုပြီး သူ့ဖခင်ကို
ဂျီကျပြန်တယ်။ ဖခင်ရဲ့ “ပိုက်ဆံကုန်ပြီ… သိပ်မဆူနဲ့”ဆိုတဲ့ပြောသံကို
Dannyရော ဧည့်သည်ယောက်ျားပါ ကြားသွားခဲ့တယ်။

ဧည့်သည်က Dannyကို ” ကျွန်တော်လည်း ဒီကံကောင်းခြင်းကို တစ်ခြားလူတွေနဲ့
မျှဝေမယ်” ဆိုပြီး အချိုပွဲကို ကလေးငယ်အတွက်ပေးလိုက်တယ်။ ကလေးက
အချိုပွဲမြင်တော့ ပျော်ရွှင်ပြီးထခုန်တယ်။ ဖခင်က ပြုံးပြုံးရွှင်ရွှင်နဲ့
ဧည့်သည်ယောက်ျားစားပွဲနား သွားပြီး ကျေးဇူးတင်ကြောင်းပြောတယ်။

ဧည့်သည်က ကလေးငယ်ရဲ့ဖခင်ကို သူ့စားပွဲဝိုင်းမှာထိုင်စေပြီး
သူ့နာမည်ကKuerဖြစ်ကြောင်း၊ ကုမ္ပဏီပိုင်ရှင် တစ်ဦးဖြစ်ကြောင်း မိတ်ဆက်တယ်။
ကလေးဖခင်ရဲ့ အလုပ်အကိုင်ကိုမေးတော့ သူက စိတ်ပျက်လက်ပျက်နဲ့ “ကျွန်တော်က
မာကက်တင်းမန်နေဂျာတစ်ဦးပါ။ ဒါပေမယ့် ကုမ္ပဏီအရောင်းအဝယ် မကောင်းလို့
ကျွန်တော့်ကို ဒီလကုန်အလုပ်ထွက်ဖို့ အကြောင်းကြားထားပါတယ်” လို့ပြောတယ်။

ဒီလိုစကားကိုကြားတော့ ဧည့်သည်က “အင်း…. လောလောဆယ် ကျွန်တော်ကုမ္ပဏီမှာ
ဒီလိုလူမျိုး လိုအပ်နေတယ်။ ကျွန်တော်ကုမ္ပဏီမှာ ခင်ဗျား
အင်တာဗျူးဝင်ကြည့်ပါလား” လို့ ပြောလိုက်တယ်။

ကလေးငယ်ဖခင်က ဝမ်းသာပျော်ရွှင်စွာနဲ့ အင်တာဗျူးရက်ချိန်းယူလိုက်တယ်။

တစ်ရက်လွန်ပြီးနောက် Dannyက စားသောက်ဆိုင်ကိုလည်း မပိတ်ရက်တာကြောင့်
တအောင့်လောက်တော့ ကြံ့ကြံ့ခံကြည့်ဦးမယ်ဆိုပြီး နေ့တိုင်း
“ကံကောင်းခြင်းစားပွဲ” တစ်လုံး ရွေးထုတ်ပြီး အဲဒီစားပွဲမှာထိုင်တဲ့
ဧည့်သည်တွေကို အခမဲ့ဧည့်ခံခဲ့တယ်။ ဒီလိုသတင်းက တစ်ယောက်ကနေ နောက်တစ်ယောက်
အဆင့်ဆင့်ပြန့်ခဲ့ပြီး ကံကောင်းခြင်းကို စမ်းသပ်ချင်ကြတဲ့ ဧည့်သည်တွေ
တဖွဲဖွဲရောက်လာခဲ့တယ်။ ဒီလိုနဲ့ Danny ရဲ့စားသောက်ဆိုင်လေး
လူပြန်စည်လာခဲ့တယ်။

နှစ်တွေကြာတဲ့အထိ Kuerက Dannyရဲ့ အမြဲတမ်းဧည့်သည် ဖြစ်ခဲ့တဲ့အပြင် အကောင်းဆုံး သူငယ်ချင်းလည်းဖြစ်ခဲ့တယ်။

တစ်ရက်မှာ Kuerက Dannyကို “ခင်ဗျားသိလား! ခင်ဗျားစားသောက်ဆိုင်ကို
ပထမဆုံးအကြိမ် ကျွန်တော်စရောက်တဲ့နေ့က ကျွန်တော့်စိတ်ထဲ ဘာတွေးနေသလဲဆိုတာ
ခင်ဗျားသိလား!” လို့ ရုတ်တရက်ထမေးတယ်။

Danny က ခေါင်းခါပြတော့ Kuerက “တကယ်တော့ အဲဒီညက ခင်ဗျားဆိုင်မှာ ကျွန်တော်
ထမင်းတစ်နပ်အဝစားပြီး ကိုယ့်ကိုယ်အဆုံးစီရင်ဖို့ စဉ်းစားထားပြီးသားပါ။
အဲဒီနေ့က ကျွန်တော့်ဇနီး ကျွန်တော့်ကိုစာတစ်စောင် ပေးတယ်။ စာထဲမှာ
ကျွန်တော်အလုပ်တွေများပြီး သူ့အတွက်အချိန်မပေးနိုင်ဘဲ လျစ်လျူရှူထားတာကို
သူမခံနိုင်တော့လို့ တခြားယောက်ျားတစ်ယောက်နဲ့
သူလိုက်သွားတယ်ဆိုတဲ့အကြောင်း ရေးထားတယ်။ စာဖတ်ပြီး
ကျွန်တော့်ကိုယ်ကျွန်တော် အသုံးမကျတဲ့လူ၊ သူ့ကိုဒီလောက်ချစ်တာတောင်
သူ့မသိနိုင်လောက်အောင် ကျွန်တော်ညံ့ဖျင်းခဲ့တယ်၊ ဒီလောကကြီးမှာ
ကျွန်တော်အသက်ရှင်နေတာ ဘာထူးလဲဆိုပြီး ကိုယ့်ကိုယ်အဆုံးစီရင်ဖို့
ကျွန်တော်ဆုံးဖြတ်ခဲ့တယ်”

kuerကပြောပြောဆိုဆို ခေါင်းထောင်ပြီး Dannyကို တစ်ချက်ရယ်ပြတယ်။ ပြီးတော့ စကားဆက်တယ်။

“ဒါပေမယ့် အဲဒီညမှာ ခင်ဗျားစားသောက်ဆိုင်က “ကံကောင်းခြင်းစားပွဲ”မှာ
ကျွန်တော်ထိုင်ခဲ့မိတယ်။ စစခြင်းမှာ အဲဒီကံကောင်းခြင်းတွေက
ကျွန်တော့်လှောင်ပြောင်တယ်လို့ ကျွန်တော်ခံစားမိတယ်။ ဒါပေမယ့် ကျွန်တော်
သိပ်မစဉ်းစားတော့ဘူး။ အဲဒီကံကောင်းခြင်းတွေကို တစ်ခြားလူတွေအတွက်
ကျွန်တော်မျှဝေပေးတယ်။ တစ်ခြားလူပျော်ရွှင်သွားတာကို ကြည့်ပြီး
ကျွန်တော့်ကိုယ်ကျွန်တော် ငါဟာ အသုံးဝင်သေးတဲ့လူပါလားလို့ ခံစားမိတယ်။

ဒီလိုနဲ့ ဘဝကို အသစ်တစ်ဖန်ပြန်တည်ဆောက်ဖို့ ကျွန်တော်ဆုံးဖြတ်လိုက်တယ်”

Kuerကိုကြည့်ပြီး Dannyမျက်ရည်ဝဲမိတယ်။ တကယ့်ကံကောင်းခြင်းဆိုတာ
ကိုယ့်အတွက်မငဲ့ညှာ၊ မမျှော်ကိုးဘဲ သူတစ်ပါးအတွက်
သက်သက်ပေးဆပ်လိုက်တာဖြစ်ကြောင်း သူနားလည်လိုက်တယ်။ အဲဒီလိုပေးဆပ်၊
မျှဝေလိုက်တဲ့အတွက် သူဟာလည်း အဲဒီကံကောင်းသူတွေထဲက တစ်ယောက်ဖြစ်ခဲ့ပါတယ်။