ဆရာအောင်ချိန်ဘွားအတွက် လက်ဆောင်+စာကြမ်းပိုး+Share

padonmarOctober 16, 20121min44621

သတင်းစာထဲမှာ စာရေးဆရာကြီး အောင်ချိန်ဘွား( ကလောင်ကို လေးစားသောအားဖြင့် ဦးမထည့်ပါဘူး) ရဲ့ ကွယ်လွန်သူ ဇနီးအတွက် လွမ်းကဗျာလေး ဖတ်လိုက်ရတော့ အရင် ကဖတ်ဖူးတဲ့ ဆရာ့ရဲ့ လက်ရာလေးတွေ ပြန်ရှာမိပါတယ်။

ကျမရဲ့စာအုပ်စင်မှာ ရှာမရတော့ ဆုံးသွားတဲ့ အကို ဝမ်းကွဲတစ်ယောက်ရဲ့ စာအုပ်စင်ကို မွှေနှောက်ခိုင်းလိုက်ပါတယ်။

တွေ့လာတဲ့ စာအုပ်ကို အမှတ်တရဖြစ်စေဖို့ရော၊ အဲဒီခေတ်ကို ဂဇက်ရွာသူသားများ လေ့လာမိစေဖို့ရော ရည်ရွယ်ပြီး တင်ပေးလိုက်ပါတယ်။ဆရာတွေ့ရင် နှစ်သက်မယ်လို့ထင်ပါတယ်။

၁၉၈၂ ကထုတ်ဝေတဲ့ စာအုပ်ဆိုတော့ ကြောင်ဝတုတ်က ၂နှစ်သား၊မောင်ဂီတို့ စိန်ဗိုက်တို့ မောင်အံတို့ တောင်မမွေးလောက်သေးပါဘူး။

တန်ဖိုးက ၂ဝ ကျပ်တဲ့။ ခုခေတ်မှာ ဒီလို စာတစ်အုပ် အနည်းဆုံး ၂၀၀ဝ ဆိုတော့ အဆ ၁၀ဝ တက်တာပေါ့နော်။

ငှားခကလည်း ၁ရက်ကို ၁ ကျပ် ၁ဝါး တဲ့။

ခုခေတ် စာအုပ်ငှားခတော့ ဘယ်လောက်လဲ ကျမမသိတော့ဘူး( စာအုပ်က ငှားဖတ်ဖို့ မတတ်နိုင်တော့ဘူး၊တစ်ညနဲ့မပြီးနိုင်လို့)

စာအုပ်ငှားခ တစ်ရက် ၁ကျပ် ၁ဝါး
၁၉၈၂ ဧပြီလ က ပုံနှိပ်တာ တန်ဖိုး ၂ဝ ကျပ်တဲ့၊ခုခေတ်နဲ့တော့ အဆ ၁၀ဝ ပေါ့နော်.
ဆရာအောင်ချိန်ဘွားရဲ့ ဂျင်ပေါ်ကထုံး ဝတ္ထု မျက်နှာဖုံး

……………….

စာကြမ်းပိုး

ဒီစာအုပ်လေးရဲ့ ပိုင်ရှင် ကျမရဲ့ အကိုကြီးနဲ့ ကျမ ဟာ အမျိုးတွေထဲမှာတော့ bookworm စာကြမ်းပိုးတွေပါ။

စာအုပ်ကို ဝယ်စုရတာ ဝါသနာတူတွေဖြစ်ပါတယ်။

အကိုကြီးရဲ့ စာအုပ်စင်မှာ မြန်မာဝတ္ထု၊အင်္ဂလိပ်ဝတ္ထု၊တရုတ်ဝတ္ထု အမျိုးစုံပါပဲ။

အကိုကြီးက မြန်မာစာ၊အင်္ဂလိပ်စာ၊တရုတ်စာ အကုန် ကျွမ်းကျွမ်းကျင်ကျင်တတ်ပါတယ်။ငယ်ငယ်က ကျမ သူ့ကို သိပ်အားကျခဲ့ပါတယ်။

ကျမတို့ puzzle တွေ ဖြေဖို့ မသိတဲ့စာလုံးရှိရင် သူ့ကိုမေးလိုက်တာနဲ့ ဘယ်စာအုပ်မှ လှန်စရာမလို ဒက်ကနဲဖြေနို်င်ပါတယ်။

သွားလေရာ လက်ထဲမှာ စာအုပ်တစ်အုပ် အမြဲပါလေ့ရှိပါတယ်။

ဖတ်ပြီးသားတွေရောမှာစိုးလို့ မဂိုလမ်းက သိဂီင်္မော်စာအုပ်ဆိုင်က ငှားဖတ်ရင် စာမျက်နှာ ၁၀ဝ မှာ သူ့ဆိုင်းလေး သေးသေးလေး ထိုးထားတတ်ပါတယ်။ဖတ်ပြီးပေါ့လေ။

ပြီးတော့ ပစ္စည်းထူးထူးဆန်းဆန်းလေးတွေ စုတာလည်းဝါသနာပါပါတယ်။

ဆေးတံမျိုးစုံ၊မီးခြစ်မျိုးစုံ၊စီးကရက်ဘူးမျိုးစုံ………သူ့အိမ်ကို ရောက်ရင် ကျမတို့ငေးလို့မဆုံးပါပဲ။

သူ တံဆိပ်ခေါင်းစုတာ အားကျလို့ ကျမလည်း ငယ်ငယ်က တံဆိပ်ခေါင်းတွေစု ၊စားဖူးသမျှ ဇီးထုပ်တံဆိပ်တွေစု၊ရုပ်ရှင်ကြော်ငြာတွေစု လိုက်လုပ်တာပါပဲ။

ကောက်ရိုးမီး ကျမက စွဲစွဲမြဲမြဲ မလုပ်ဖြစ်ပါဘူး။

အကိုကြီးက တရုတ်စာကျွမ်းကျင်တော့ သိုင်းဝတ္ထုရေးတဲ့သူတွေကို ဇာတ်လမ်းကြောရိုး ရေးပေးပါတယ်။အဲဒါကိုမှ စာရေးဆရာတွေက ချဲ့ထွင်ရေးကြတာ အတွဲလိုက်တွေဖြစ်သွားပါလေရော။

သူကိုယ်တိုင်တော့ မရေးပါဘူး။အနေအေးတော့ သူတတ်တာတွေကို ဘယ်သူ့မှလည်း သင်မပေးခဲ့ပါဘူး။

သူ့သားသမီးတွေကျတော့ တရုတ်စာနဲ့ အင်္ဂလိပ်စာ မကျွမ်းကျင်ကြပါဘူး။

အကိုကြီး ဆုံးသွားချိန်မှာ သူ့ရဲ့ စာအုပ်တွေနဲ့ စုဆောင်းထားတဲ့ ပစ္စည်းတွေ ကျန်ခဲ့ပါတယ်။

သားတွေသမီးတွေကလည်း ရိုရိုသေသေ ဆက်လက် ထိန်းသိမ်းပါတယ်။

ပိုးတွေ ခြတွေ ကိုက်သွားလို့ ပစ်ရတာတွေလည်းရှိတာပေါ့။

ကျမနှမျောမိတာက ဘယ်သူမှ မရလိုက်တဲ့ အကိုကြီးရဲ့ စာပေ ဗဟုသုတတွေပါ။

ပညာရွှေအိုး လူမခိုးပါဘူး။ဒါပေမယ့် ကိုယ့်ရင်ထဲက ရွှေအိုးကြီးဟာ ကိုယ်သေရင် အဟောသိကံဖြစ်သွားမှာပါ။

ကိုယ်မသေခင်မှာ ကိုယ်တတ်တာ ကိုယ်သိတာတွေကို သူတပါးတွေလည်းသိအောင် ရေးတတ်တဲ့သူကရေး၊သင်တတ်တဲ့သူကသင်၊

အနည်းဆုံး ကိုယ့် ပတ်ဝန်းကျင်ကွက်ကွက်ကလေးထဲကလူတွေပဲဖြစ်ဖြစ် မျှှဝေပေးနိုင်ဖို့ ကြိုးစားသင့်တယ်လို့မြင်ပါတယ်။

ဒီနေရာမှာ ယခုခေတ် Facebook ထဲက share ဆိုတာလေး သိပ်သဘောကျပါတယ်။

ကိုယ်နှစ်သက်သဘောကျတာလေး ကို ကိုယ်နဲ့ တိုက်ရိုက်သိသည်ဖြစ်စေ မသိသည်ဖြစ်စေ မျှဝေပေးလိုက်ခြင်းဖြင့် သူတစ်ပါးတွေ ကိုယ်နဲ့ ထပ်တူ အသိတရားရသွားစေတဲ့ နည်းလမ်းကောင်းလေးပါ။

ဖယောင်းတိုင်မီးကို ဆင့်ပွားသွားသလိုပေါ့။

ရွှေအိမ်စည်ရဲ့ စာပေဒါနပြုနေပါသည် ဆိုတာလေးဖတ်လိုက်ရတော့ အလွန်သဘောကျမိတာပါပဲ။

မိတ်ဆွေတို့လည်း Share လုပ်နိုင်ကြပါစေ။

21 comments

  • pooch

    October 16, 2012 at 10:22 pm

    မဖတ်ဖူးဘူး ဒေါ်ဒေါ်ရေ ။ အဟောင်းတန်းမှာတော့ တွေ့ဖူးသလိုလိုပဲ။ အဟောင်းတန်းမရောက်တာ တော်တော်လေးမှ တော်တော်လေးကို ကြာသွားပြီမို့ ဟိုးအရင် အဟောင်းတန်း စာအုပ်ဆိုင်မွှေရတဲ့ အရသာလေးကိုတောင် လွမ်းပါတယ်။

    ဒီလိုုစာဟောင်းလေးတွေ အွန်လိုင်းမှာလည်း အဟောင်းစာပေလောကဆိုပြီး တခေတ်ဆန်းလာရင်ကောင်းမယ်နော်။ မသိမမှီတဲ့သူတွေလည်း စာကောင်းလေးတွေ ရှေးဟန်လေးတွေ လေ့လာရတာပေါ့။

  • padonmar

    October 16, 2012 at 10:36 pm

    မယ်ပုရေ
    ဒီစာရေးဆရာကြီးက မင်းသိင်္ခ၊ရာဇဂဏီ၊မြတ်ထွန်းသစ်၊အောင်ဇင် စတဲ့ စာရေးဆရာတွေနဲ့ ခေတ်ပြိုင်ပါ။
    အခု စာအုပ်ဟောင်းတွေက ပြန်ထုတ်ဝေခွင့်ရတော့ အသစ်တွေအဖြစ်ထွက်လာတယ်။စာအုပ်စုသူတွေအတွက် ကောင်းပေမယ့် စာအုပ်ဟောင်းတန်းကလူတွေခမျာ ဒိန်ခဲပျောက်တဲ့အဖြစ်ကြုံတော့မယ်လို့ တွေးပူနေကြတယ်။
    တာတေ စနေသားတောင် ထုတ်ခွင့်ရလို့ထွက်လာပြီ။ ကြွားလိုက်အုံးမယ်၊ဝယ်ပြီးပြီ။
    ………
    ခုတလော ကိုးနတ်ရှင်ရက်စက်တာ ဒီစာကို ၃ကြိမ်မြောက်ပြန်ရိုက်ရခြင်းပါပဲ။ကိုယ်ကလည်း သတိလစ်ပြီး word ထဲမှာ save မလုပ်ထားပဲ save draft လုပ်ကြည့်မိတာ ပလုံသွားပါလေရော။
    အခြားသူတွေလည်း ဒီရက်ထဲ သတိထားကြဖို့ပါ။

    • pooch

      October 16, 2012 at 11:30 pm

      ဟုတ်တယ် ဒေါ်ဒေါ် ခဏခဏပြုတ်ကျတယ်။ ပြန်ကောက်တင်လို့ကလည်း မရဆိုတော့ ပိတ်လိုက်ရတာ ခဏခဏပဲ။ :mrgreen:

      မင်းသိင်္ခကိုတော ကောင်းကောင်း ဖတ်ဖူးတယ် အတော်များများ။ ရာဇဂဏီလည်း ဖတ်ဖူးတယ် ။ ဟိုးအရင်က အိမ်နားလေးမှာစာအုပ်ဆိုင်လေး ရှိတုန်းကတော့ အဟောင်းစာအုပ်အစုံရတာမို့ ရွေးဖတ်တယ်။

      ကျမတို့ ဆယ်တန်းရောက်တော့ လွန်းထားထားတို့ ၊ ရှင်မိုးတို့ ၊ လမင်းမိုမို ၊ပုဏ္ဏမီ၊ မြပုလဲခင်၊ မိုးမိုး (အင်းလျား)၊ ဂျာနယ်ကျော် မမလေး ၊မင်းလူ၊ ရွှေဥဒေါင်း ၊ ဇဝန တို့ ဖေမြင့် ၊ ဂျူးတို့ စတဲ့စတဲ့ ဒါတွေကိုပဲ အားသန်တယ်။ ခုနောက်တက်တွေ သိပ်မသိတော့ဘူး။ မဖတ်ဖြစ်တော့ဘူး။ စာရွေးသွားပြီ။ မဂ္ဂဇင်းတောင် ကြည့်ဖြစ်တယ် ဆိုရုံခဏပဲ ။ ခုနောက်ပိုင်း ရသတွေက ဘာလိုမှန်းမသိဘူးဒေါ်ဒေါ် ။

      ကျမပဲ မဖတ်ဖြစ်လို့လားတော့ မသိဘူး။

      တက်ကျမ်းတွေ ဗဟုသုတတွေပဲ သမိုင်းတွေ နိုင်ငံရေး စီးပွားရေးစာတွေ အားသန်လာတယ်။ ရသတွေက ခပ်ကျဲကျဲပဲ ဖတ်ဖြစ်တော့တယ်။ ဒါတောင် ခုတလောဖတ်မိတဲ့ “အပင်တစ်ပင် အသီးတရာ” ဆိုတဲ့ လူထုစိန်ဝင်းရေးတဲ့ (ဘာသာပြန်) ဆရာတွေအကြောင်းစာအုပ်လေး ဖတ်ဖြစ်တော့ မျက်ရည်တောင် လည်မိတယ်။

      ဟိုးအရင်တုန်းကလည်း ဂျူးရဲ့ အမှတ်တရကို ဖတ်ပြီးတော့ ရေနီမြောင်းဘေးမှာ အဲ့လို အိမ်လေးများ ရှိနေမလား ဆိုပြီး သွားတောင် ရှာမိဖူးတယ် ။ မှတ်မှတ်ရရပါပဲ ဒေါ်ဒေါ်။

      ကျောင်းစတတ်တော့ ဂျူးရဲ့အမှတ်တရ ကလည်း ကျမကို အမှတ်တရတွေ အများကြီး ပေးသွားခဲ့ဖူးတယ် ။ တချိန်က သူငယ်ချင်းတယောက်က ရူးပါ့ဟာတဲ့။ ကျမအဲ့ဒီ စာအုပ်ထဲက နေရာတွေကို လျှောက်ရှာဖူးလို့လေ။ လွမ်းသွားပြီ ဒေါ်ဒေါ်ရေ 🙁

      မြပုလဲခင် ရဲ့ ချစ်ခရီးကြုံကလည်း ရင်ခုန်ရတာ အမောပါ။

      မိုးမိုး ( အင်းလျား ) ရဲ့” မေတ္တာ ကမ်းနား အချစ်သစ်ပင်” ဆိုတဲ့စာအုပ်ဟာ ဒေါ်မာလာတင်ရဲ့အကြောင်းလို့ သိခဲ့ရစဉ်ကလည်း အံ့ဩမိခဲ့တယ်။ ဒေါ်မာလာတင်ကိုလည်း လေးစားမိတယ်။

      ပါပီလွန်နဲ့ ဗင်ဂို တို့ ကမာ္ဘရန်တို့ကို ဖတ်ပြီး ကျမလည်း သူတို့နဲ့ အတူ စီးမျောခဲ့ဖူးတယ်။ အားကျခဲ့ဖူးတယ်။

      ဖေမြင့် ရဲ့” မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား ” ဆိုတဲ့ စာအုပ်လေး ရှေ့ချပြီး ဒီပလိုမာတခုကို ယူခဲ့ဖူးတယ်။ ဘာသာစကား တခုကို သင်ခဲ့ဖူးတယ်။

      ခြုံကြည့်လိုက်တော့ ဒေါ်ဒေါ်ရေ ဒေါ်မာလာတင် ၊ အတ္တကျော်၊ ဂျူးစတဲ့ စာရေးဆရာများရဲ့ အမာခံ ပရိသတ်စစ်စစ်ဖြစ်ခဲ့တာမို့ အိမ်ထောင်ရေးနဲ့ ပတ်သတ်တဲ့ သူတို့ အတွေ့အကြုံ အတွေးအခေါ်တွေက ကျမကို တော်တော်လေး လွှမ်းမိုးပါတယ်။
      လားရာကို လည်း ကောင်းကောင်းကြီး မြင်မိနေသလိုပဲ :mrgreen:

      ဒီည စာရေးချင်စိတ်ပေါက်နေသလိုပဲ ဒေါ်ဒေါ်ရယ် ။ ဒါပေမဲ့ မနက်ဖြန်မနက် ၅ နာရီထရမှာမို့ အခုမအိပ်ရင် မဖြစ်တော့တာမို့ စိတ်လျှော့လိုက်ပါတော့မယ်။

      • kai

        October 16, 2012 at 11:48 pm

        ရွာကို တိုက်ခိုက်နေလို့ အခုလိုဖြစ်နေတာပါ..။

        ဆိုတော့..
        အောင်ချိန်ဘွားအမည်နဲ့မဟုတ်ပဲ.. သလ္လာမောင်ကိုဦးအမည်နဲ့.. လွန်ခဲ့တဲ့.. အနှစ် ၆ဝလောက်က သွေးသောက်မဂ္ဂဇင်းမှာဝတ္ထုတိုပါဖူးတယ်..။
        အဲဒါလေး.. အခုထိသိမ်းထားတာရှိသေးတယ်..။

        အဲဒီရှေ့.. ကျောင်းသားဘဝမှာ ကဗျာတွေရေးသေးတယ်သိရတာမို့..
        .. အောင်ချိန်ဘွားက..ဦးတင်မိုးထက်နည်းနည်းပဲနောက်ကျပြီး.. မောင်စွမ်းရည်တို့နဲ့ ခေတ်ပြိုင်လို့ပြောလို့ရမယ်ထင်ပါကြောင်း…

  • padonmar

    October 16, 2012 at 11:34 pm

    မယ်ပု
    စာရေးချင်တုံးလေးရေးလိုက်(မြှောက်ပေးတာ)
    တစ်ညတစ်လေ မအိပ်ရတာ ဘာဖြစ်လဲ။

  • padonmar

    October 16, 2012 at 11:53 pm

    အော်
    ဒါဆို ကျမ ခေတ်တပ်တာ နည်းနည်းလွဲသွားတာပေါ့နော်။ခွေးလွှတ်ပါ။

    • kai

      October 17, 2012 at 1:16 am

      လုံးချင်းဝတ္ထုကတော့.. အဲဒီဂျင်ပေါ်ကထုံးက.. ပထမဆုံးထင်တာပါပဲ..။
      အဲဒီရှေ့ လှမောင်မောင်နာမယ်နဲ့ မြန်မာ့နေ့ထူးတွေအကြောင်း.. စာအုပ်တအုပ်ထွက်သေးတယ်..။

      .. နောက်ပိုင်း.. လုံးချင်းဝတ္ထု ၂ဝအုပ်လောက်ထွက်တယ်ထင်ပါတယ်..။
      လွန်ခဲ့တဲ့.. ၁ဝနှစ်ကျော်က အမျိုးသားစာပေဆုရတော့.. ရသစာပေနဲ့မဟုတ်ပဲ.. ပညာပေးစာအနေနဲ့လေ..။

      ဆေးကျောင်းကထွက်ရတာရော.. အစိုးရဝန်ထမ်းအဖြစ်က အတင်းအကြပ်ပင်စင်ပေးခံရတာရောက.. စာရေးတာကြောင့်ပါ..။ စာပေကို အင်မတန်ချစ်သူတယောက်ပေါ့..။
      ဆောင်းပါး..ဝတ္ထုတိုတွေ.. ထောင်ချီရေးခဲ့..ရေးနေဆဲပဲ..
      မြန်မာပြည်ထဲ.. သက်တမ်းအတွင်း စာအရေးနိုင်ဆုံး စာရေးဆရာလို့ တောင်ပြောရမယ်ထင်တယ်..

      အခုလို.. သူ့စာအုပ်လေး.. သိမ်းထားတာလေး.. တွေ့ရင်.. အံ့ဩဝမ်းသာမယ်ထင်ပါကြောင်း…အစဖေါ်ပေးတဲ့အတွက်.. ကျေးဇူးတင်ပါကြောင်း.. :harr:

  • အဲ့စာအုပ် ပေါ်ပြီး နောက်ငါးနှစ်ကြာမှ …
    အနော်တစ်ယောက် လူ့လောကထဲ ရောက်လာခဲ့ရဒယ် ..
    အောင်ချိန်ဘွား ဆိုတဲ့ အမည်ကို ကြားတော့ ကြားဖူးတယ်ဗျ ..
    ဒါပေမယ့် သူ့စာအုပ်တွေကို ဖတ်ဖူးဘူး …

  • padonmar

    October 17, 2012 at 12:35 am

    သူငယ်အံ(ခရက်ဒစ်တူ မယ်ပုချ်)
    နုနုထွတ်ထွတ်လေးပါလို့ အသက်ကြေငြာလိုက်တာပေါ့လေ။

  • Khaing Zar Win

    October 17, 2012 at 9:05 am

    အစ်မ ရေ။ ဆွိလည်း “အောင်ချိန်ဘွား” ဝတ္ထုတွေ မဖတ်ဖူးဘူးတော့။
    ဆွိ စာဖတ်ရင်……. ဘယ်လိုပြောရမလဲ……။ စီးရီးလိုက် ဖတ်တယ်လို့ခေါ်တာပေါ့ အစ်မရယ်။
    ဥပမာ – ဒီတစ်ပတ် “တက္ကသိုလ် ဘုန်းနိုင်” ဆိုရင် စာအုပ်ဆိုင်က ရှိသမျှ ဆရာ့ စာအုပ်တွေ ယူပြီးဖတ်ကြတာ။
    ဆွိ ရောက်သမျှ နယ်တိုင်းရဲ့ စာအုပ်ဆိုင်ဖောက်သည်ပါ။ သူတို့က စာအုပ်အဟောင်းတွေ အတွက် ပိုက်ဆံကို မယူတော့တာပါ။ ဟီးဟီး။
    အရင်က စာမရွေးပါဘူး။ ခုတော့ အချစ်ခံစားချက်တွေထက် ရသတွေ ပိုဦးစားပေးဖတ်ဖြစ်နေတယ်။
    ဒီတစ်ခေါက်ပြန်ရင်လည်း စာအုပ် အဟောင်းတန်းသွားမွှေလိုက်ပါဦးမယ်။ 🙂

    • padonmar

      October 17, 2012 at 6:21 pm

      ဆွိဆွိလည်း စာကြမ်းပိုးလေးပေါ့နော။
      စာအုပ်ဟောင်းဆိုလို့ ကြွားလိုက်အုံးမယ်။အဟောင်းတန်းက ပန်းသာမစာအု ရဖူးတယ်။
      ယုဝတီခင်စိန်လှိုင်ယုဝတီ သိဂီင်္မြင့်၊ကလျာ(ဝိဇ္ဖာသိပ္ပံ) စီးရီးလို်က် တော်တော်များများရှိတယ်။
      မြတ်ထန်၊မောင်သိန်းဆိုင်၊ကိုရွှေသိမ်းမင်း။ခွာနီး၊မောင်မောင်မြင့်လွင်၊ခင်ဆွေဦး၊ဖြူနှင်းသော်၊နီမင်းဆွေ စီးရီးလိုက် ဝယ်ထားတယ်။အကုန်တော့ မရတာလည်းမရဘူးပေါ့။
      မောင်သာရ ကတော့ သိပ်မရလိုက်ဘူး။
      နောက်ပိုင်း ဝင်းဝင်းလတ်၊လမင်းမိုမို၊ပုဏ္ဏမီ၊နေနွယ်ဇင်မြင့် ထိဝယ်ဖူးတယ်။တူမတွေ လိုချင်လို့ပေးလိုက်ရပြီ။ဂျူူးကျတော့ အသစ်ဝယ်စုတဲ့ ခေတ်ဖြစ်သွားပြီ။
      ဒီစာထဲပါတဲ့ အကိုကြီးက မောင်သာရ စီးရီး၊မင်းသိင်္ခ၊ရာဇဂဏီ၊အောင်ဇင်။မြတ်ထွန်းသစ် အကုန်စုတယ်။
      ဟဲဟဲစာကြမ်းပိုးချင်း ကြွားရတာ အရသာရှိလိုက်တာ။

  • ကြောင်ကြီး

    October 17, 2012 at 10:29 am

    အောင်ချိန်ဘွား
    ကြောင်စိန်ဖျား
    နောင်ဂျိန်ပွား
    မောင်တိမ်စား
    လှောင်အိမ်နား
    ပေါင်ငြိမ်ထား
    ဟောင်ဂိန်ဝါး
    ပြောင်ဇိမ်နား..။

  • Hnin Hnin

    October 17, 2012 at 11:17 am

    မဂ္ဂဇင်း၊ဂျာနယ်တွေပဲ အဖတ်များတော့ ဒီလိုစာအုပ်တွေ မသိဘူးရယ်….း(…
    ဒါပေမယ့် အကုန်မန့်တွေရော ဖတ်သွားပါတယ်….

    • padonmar

      October 17, 2012 at 6:23 pm

      နှင်းနှင်းရေ
      အသစ်ကောင်းတာ တစ်မျိုး အဟောင်းကောင်းတာ တစ်မျိုးကွယ့်။နောင်ဆို အဟောင်းတွေ လွယ်လွယ်ဝယ်ဖတ်လို့ရတော့မှာ။

  • kyeemite

    October 17, 2012 at 11:25 am

    ကျနော်လည်းစာတော်တော်ဖတ်ခဲ့ပါတယ်…ကြိုက်တဲ့စာအုပ်တွေလည်းဝယ်သိမ်းခဲ့ပါရဲ့
    အသစ်အသစ်ထွက်တဲ့အထဲကလည်းလက်လှမ်းမှီသလောက် ဝယ်စုထားခဲ့တယ်..
    ဒါပေမဲ့ ..အခုတော့ စုဆောင်းရေးဆရာကြီးသက်သက်ဖြစ်ပြီး စာပြန်ဖတ်နိုင်မှု့
    တော်တော်အားနဲသွားတယ်ဗျာ…အချိန်..အချိန်တွေဘယ်ရောက်ကုန်မှန်းမသိဘူး…
    ကွန်ပြူတာမှာလည်း“ ဆေ့”လိုက်ရတဲ့ စာတွေ…အေးဆေးမှဖတ်မယ်….အေးဆေးမှဖတ်မယ်
    နဲ့ အေးဆေးတဲ့အချိန်ခုထိမရောက်ဘူး…ဒွတ်ခ..
    :buu: :bar:

  • padonmar

    October 17, 2012 at 6:26 pm

    ဦးမိုက်
    အပေါ်မှာ ကြွားထားပြီနော်။
    အသက်ငယ်တွေက ခွန်အားပေါတယ်။ ငွေရှားတယ်။အချိန်ပေါတယ်။
    လူလတ်တွေက ခွန်အားပေါတယ်။ ငွေရှားတယ်။အချိန်ရှားတယ်။
    လူအိုတွေက ခွန်အားရှားပြီ။ငွေပေါတယ်။ အချိန်ရှားတယ်။
    ကဲဘယ်ထဲပါလဲ။

  • ဦးဦးပါလေရာ

    October 17, 2012 at 7:53 pm

    အင်း…
    စာတွေ သဲသဲမဲမဲ ဖတ်နို်င်တဲ့အရွယ်တုန်းကတော့လဲ မဝယ်နိုင်ပြန်ဘူး….
    ဝယ်နိုင်တဲ့အခါကျတော့ ဖိဝယ်မိတော့လဲ မသိမ်းနို်င်ပြန်ဘူး….
    ကျွန်တော်က လက်တဝါးလောက်ရှိတဲ့ တိုက်ခန်းမှာ နေရတာကိုး…။

    ဒီစာအုပ်လေးမြင်တော့ ရှေးတုန်းကအချိန်လေးတွေကို ပြန်သတိရသွားပါတယ်ဗျာ..။

  • ဦးဦးပါလေရာ

    October 17, 2012 at 7:58 pm

    ငယ်ငယ်တုန်းက (ဘာသာပြန်ဖတ်ပြီးသား) အင်္ဂလိပ်ဝတ္ထုလေး ဆယ့်လေးငါးအုပ် ကောက်ဝယ်သိမ်းခဲ့ဘူးတယ်။ နောင် အားမှ ဖတ်မယ်ပေါ့..။
    အားလဲအားရော…
    အဲဒီထဲကစာတွေ တစ်လုံးမှမမြင်ရတော့ဘူး…… 🙁

  • padonmar

    October 17, 2012 at 8:16 pm

    ဦးပါရေ
    သဂျီးလို အနိစ္စ မပြောပဲ စကားလုံးပြောင်းပြောမယ်။ သင်္ခါရ…
    ဒါကြောင့် အချိန်ရှိတုန်း Share ပါ လို့ ပြောတာပေါ့။

  • Mobile

    December 12, 2012 at 5:27 pm

    ဝင်ရောက် ဖတ်ရှု့အားပေးသွားပါကြောင်း

  • padonmar

    December 12, 2012 at 9:28 pm

    အားပေးသော မိုဘိုင်းကို ကျေးကျေးပါ။

Leave a Reply