အခြေအနေမဲ့ သန်းကြွယ်သူဌေး – အပိုင်း (၆၇)
နီးလိမာ ရဲ့အမေ ဘွားတော်ကြီးလည်း ကျန်းမာရေးက တဖြည်းဖြည်း ဆိုးလာတယ်။ ချောင်းတွေဆိုး၊ ညည်းညူနေတဲ့အချိန်တွေ ပိုများလာ
တယ်။ပြီးတော့ တဆူဆူ တပူပူ လုပ်နေတာကလည်း သည်းမခံနိုင်လောက်အောင်ပဲ။ သူ့ကျန်းမာရေး အခြေအနေကို အမြဲတမ်း ဇီဇာချဲ့..ဟိုလိုလုပ်
ဒီလိုလုပ်၊ ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ ဟာ…တစ်ချိန်လုံး ပွားနေတာ၊ နီးလိမာ ကိုတောင် ချမ်းသာမပေးဘူး။ နီးလိမာကိုလည်း ငါကနင့်ကိုမွေးပေး
ထားတဲ့ အမေဟဲ့…ညည်းမှာ ပြုစုရမယ့် ဝတ္တရား ရှိတယ်…သေချာလုပ်စမ်း…ဘာညာနဲ့ အဲဗား ပွားနေတော့တာ..။နီးလိမာလည်း အာရုံတော့ နည်း
နည်းနောက်နေလောက်ပြီ ထင်တာပဲ။ ကျွန်တော်လည်း အပြင်ထွက်ပြီး တစ်ခုခု ဝယ်တာအပြင် ဘွားတော်ကြီး ဆေးဝါးတွေ ထွက်ဝယ်ရတာ နေ့တစ်
ဝက်လောက် အချိန်ကုန်နေတော့တာ။ ပြီးရင် သူ့ကို အချိန်မှန် ဆေးတိုက်။ ဆေးလုံး ဆေးခဲ ဆေးရည် အို…စုံတကာစေ့ လို့ပဲ။
တစ်ရက်တော့ တိုက်ခန်းမှာ စိတ်လှုပ်ရှားစရာလေး တစ်ခုဖြစ်တယ်။ဒီနေ့ ညနေ မှာ ဒေါဒါရှန် လိုင်းကနေ နီးလိမာရဲ့ ရုပ်ရှင်တစ်ကား ပြ
မယ်တဲ့။ နောက်ဆုံးမယား ဆိုတဲ့ ကား။ သူ့ရဲ့ ကျော်ကြားလှတဲ့ အဆွေးဇာတ်ကားတွေထဲက တစ်ကားပေါ့။ နီးလိမာက ကျွန်တော်တို့ အားလုံးကို
ကြည့်စေချင်တယ်။ ည ရှစ်နာရီထိုးတော့ ဧည့်ခန်းက တီဗီရှေ့မှာ အားလုံး စုမိတယ်။ထမင်းချက်ရယ်၊ အိမ်ဖော်အမျိုးသမီးရယ် ကျွန်တော်ရယ်က
ကောဇောပေါ်မှာ ထိုင်တယ်။ ဘွားတော်ကြီးကတော့ နီးလိမာဘေးက ဆိုဖာရှည်ပေါ်မှာ လှဲပြီး ကြည့်တယ်။ ရုပ်ရှင် စပါပြီ။ အဲဒီဇာတ်လမ်းမျိုးက
ကျွန်တော့်အကြိုက်တော့ မဟုတ်ဘူး။ သရုပ်မှန် ခေါ်မလား အဲဒီလိုဇာတ်လမ်းမျိုးလေ။ နည်းနည်း ဆင်းရဲတဲ့ မိသားစု တစ်စု ပြဿနာပေါင်း သောင်း
ခြောက်ထောင်ကြုံရပုံပေါ့။ ဇာတ်လမ်းတစ်ခုလုံး ငိုလိုက်၊ ပူဆွေးလိုက်နဲ့။ဒီကြားထဲ နောက်က ဘွားတော်ကြီး တညီးညီး တညူညူနဲ့။ဇာတ်လမ်းက
တော်တော်လေးကို သရုပ်မှန်ရုံမကဘူး..အိုဗာတောင် ကျချင်နေပြီ။ ကျွန်တော့်အထင်တော့ ဒီလိုကားမျိုးကတော့ ပေါက်ပန်းစေး ပဲ။ဒီရုပ်ရှင်ဘာလို့
ကြည့်ရပါလိမ့်..ဘယ်အချက်ကြောင့်လဲ…။ကျွန်တော်တို့ အိမ်နီးနားချင်းတွေမှာ ဒီအဖြစ်မျိုးတွေ နေ့စဉ်နဲ့အမျှ မြင်တွေ့နေရတာပဲ။ မမြင်ချင်မှ အဆုံး၊
မကြားချင်မှ အဆုံး။ ထားပါတော့။ ရုပ်ရှင်ထဲမှာ နီးလိမာက တော်တော်ငယ်ပြီး တော်တော်လေးကို ချောသဗျ။ သရုပ်ဆောင်တာလည်း ကောင်းပါ
တယ်။ ရုပ်ရှင်ကြည့်နေရင်း ကျွန်တော့်စိတ်ထဲ ထူးခြားတဲ့ ခံစားချက်ကလေး တစ်ခုပေါ်လာတယ်။ ခင်ဗျားတို့တော့ ကြုံဖူးမလား မဆိုနိုင်ဘူး။ကိုယ်
ကြည့်နေတဲ့ ရုပ်ရှင်ထဲက ဇာတ်လိုက်မင်းသမီးက ကိုယ့်နောက်မှာ ထိုင်ပြီး အတူတူကြည့်နေတာမျိုးလေ။ သူ့ဇာတ်လမ်း ၊သူသရုပ်ဆောင်တာ ပြန်
ကြည့်ပြီး သူ့စိတ်ထဲ ဘယ့်နှယ်များနေမလဲလို့ ကျွန်တော် တွေးကြည့်နေမိတယ်။ ပိတ်ကားနောက်ကွယ်က ပညာရှင်တွေကို သူ သတိမှ ရပါလေစ။
ကြေကွဲစရာ ၊စိတ်ထိခိုက်စရာ ဒိုင်ယာလော့ဂ်တွေ ချွေပြီးတော့ နီးလိမာ လည်းသေရော..အဲ..ရုပ်ရှင်ကလည်း ပြီးရောဆိုပါတော့။ကျွန်
တော်တို့လည်း မတ်တပ်ရပ်ပြီး ခြေဆန့် လက်ဆန့်လုပ်ကြတယ်။ အဲဗျ..နီးလိမာရယ် ငိုနေတာကလား။
“အို..အန်တီ..ဘာဖြစ်လို့လဲ..ဘာလို့ငိုနေတာလဲဟင်..”
“ဘာမှမဟုတ်ပါဘူးကွယ်…ပိတ်ကားပေါ်က ဇာတ်ကောင်နဲ့ ငါနဲ့ တသားတည်းဖြစ်သွားသလို ခံစားလိုက်ရလို့ပါကွယ်…
ကဲ..ကြည့်…ငါ ပြုံးနေပြီ…ဟုတ်လား”
“အင်…တစ်မိနစ်အတွင်းမှာ ငိုလိုက် ရယ်လိုက်..ဘယ်လိုများ လုပ်နိုင်ပါလိမ့်ဗျာ…”
“အေး..ဒါဟာ တကယ့် ဒိတ်ဒိတ်ကျဲ သရုပ်ဆောင်ပညာရှင်များရဲ့ သူမတူတဲ့ ဝိသေသ လက္ခဏာတစ်မျိုး ဆိုပါတော့…ငါ့ကို
ဘာလို့ အဆွေးဘုရင်မ လို့ခေါ်ကြသလဲ သိလား…”
“ဟင့်အင်း..ဘာလို့လဲ”
“ဘာလို့လဲ ဆိုတော့ ငါက မျက်ရည်အတု မသုံးဘူးကွဲ…ပရုပ်တွေ..ဂလစ်ဆရင်း တွေ မသုံးဘူး..ငါလိုချင်တဲ့အချိန် မျက်ရည်ထွက်
တာပဲ..”
“အင်”
ကျွန်တော်တော့ နားမလည်ဘူး။ နီးလိမာ မကြားအောင် ဘေးက အိမ်ဖော်အမျိုးသမီးကို အတင်းချလိုက်တယ်။
“ဒါများ ..ဘာကြီးကျယ်စရာရှိလဲ…ကျွန်တော်လည်း မျက်ရည်ကျဖို့..အဲဒါတွေ ဘယ်တုန်းကမှ မလိုဘူး..”
ဒါပေမဲ့လို့..။အင်း…နီးလိမာကို မြင်ဖန်များလာတော့မှ သူ့ကို ဘာ့ကြောင့် အဆွေးဘုရင်မလို့ ခေါ်တာလည်း ဆိုတာ ကျွန်တော် သဘော
ပေါက်စပြုလာတယ်။ နက်ရှိုင်းတဲ့ လွမ်းဆွေးမှု…ဝမ်းနည်းမှုတွေက သူ့ကို ရစ်ပတ်လွှမ်းခြုံထားသလို။ သူ့အပြုံးမှာတောင် ကြေကွဲမှု အပိုင်းအစလေး
တွေကို ကျွန်တော် သတိပြုမိလာတယ်။ သူ့ နောက်ကြောင်းရာဇဝင်ကို ရော်ရမ်းပြီး မှန်းဆမိတယ်။ ဘာလို့ အပျိုကြီး လုပ်နေတာပါလိမ့်။ သူ့မှာ မိတ်
ကောင်းဆွေကောင်းတောင် ရှိဟန်မတူဘူး။ ဒါပေမဲ့ တစ်ခါတစ်လေတော့ အိမ်ကနေ ထွက်ထွက်သွားလိုက်တာ..နောက်ကျမှာ ပြန်လာတတ်တယ်။
သူ့ရည်းစားလား…ချစ်သူလား ကျွန်တော် တွေးနေမိတယ်။ဘာလို့ဆိုတော့ အဲဒီလိုထွက်သွားပြီး ပြန်လာတိုင်း..ရွှင်ရွှင်လန်းလန်းကို မရှိဘူး။မျက်တွင်း
ဟောက်ပက်နဲ့ စိတ်ပျက်လက်ပျက်ပုံစံမျိုး။ အိမ်ရောက်တာနဲ့ တစ်ခါတည်း အိပ်ခန်းထဲ တန်းဝင်သွားတော့တာပဲ။ အဲဒီ ပဟေဠိကို အဆုံးရောက်တဲ့အ
ထိ အဖြေညှိချင်မိတာ။
နောက်တစ်ခု ကျွန်တော့်စိတ်ထဲ အံ့ဩတာက အလှအပနဲ့ ပက်သတ်လို့ပဲ။ ရုပ်ပိုင်းဆိုင်ရာပေါ့။ နီးလိမာက ကြည့်ကောင်းပါတယ်။ဒါတောင်
မှ တစ်နေ့တစ်နေ့ မှန်ရှေ့မှာ ထိုင်ပြီး ဖြီးလိမ်းပြင်ဆင်နေလိုက်တာ မပြီးမစီးနိုင်တော့ဘူး။ မှန်တင်ခုံပေါ်မှာလည်း အလှပြင်ပစ္စည်းတွေဆိုတာ စုံပလုံထ
လို့ပဲ။ လိမ်းဖို့ ခရင်မ် တွေဆိုတာ တင်းကြမ်း။ အများအားဖြင့်တော့ လေးဆယ်ကျော်တွေအတွက်ထုတ်ထားတဲ့ အရေးအကြောင်း ပျောက်တဲ့ ခရင်မ်တို့၊
အိုမင်းမှုကို ဟန့်တားစေနိုင်တဲ့ ခရင်မ်တို့၊ ရေဓာတ်ထိန်းပေးတာတို့၊ အသားအရည် တင်းရင်းစေတာတို့ ဝင်းပကြည်လင်စေတာတို့..နေ့လိမ်းတာ ည
လိမ်းတာတွေလည်း ရှိသေးတယ်။ ရေချိုးခန်းထဲ ကြည့်ဦးမလား..ဟာ..စုံတကာစေ့အောင်တွေ့ရမယ်..။ဆပ်ပြာတွေဆိုတာ အမျိုးမျိုး..။ပေါင်းတင်တဲ့
မျက်နှာဖုံးလိုဟာတွေလည်း ရှိသေးတယ်။နောက်ပြီး သောက်တဲ့ဆေးတွေဆိုတာ သူ့ဘီရိုထဲမှာ ဘွားတော်ကြီးနဲ့ နင်လား ငါလားပဲ။ အန်တီ အောက်
စီးဒင့် တွေ..ဟော်မုန်းဆေးတွေ..ပြီးတော့ ရင်သားတင်းရင်းစေတဲ့ ခရင်မ်တွေတောင်ပါသေးသဗျ။
နောက်ဆုံး မနေနိုင်တာနဲ့ သူ့ကိုမေးမိတယ်။
“အန်တီကို ..အင်း..စိတ်မဆိုးဘူးဆိုရင် မေးစရာရှိလို့…ဒီပစ္စည်းတွေ အားလုံးလိုလို့လား..သရုပ်ဆောင်လည်း လုပ်မှမလုပ်တော့တာပဲ”
သူ ကျွန်တော့်ကို သေချာကြည့်တယ်။ပြီးမှ –
“ဒီမယ်..ရမ် ရဲ့…တို့ သရုပ်ဆောင်လောကသားများဟာ နည်းနည်းတော့ စိတ်ကြီးဝင်လာတတ်ကြတာပဲ..ဘယ်လိုလဲဆိုတော့…ကိုယ့်
မျက်နှာကိုယ်တောင် ဒီမိတ်ကပ်နဲ့ပဲ အမြဲမြင်ပြီး အသားကျလာသလိုခံစားရလာတာလေ..ကိုယ့်ကိုယ်ကို လှတယ်..ကြည့်ကောင်း
တယ်ဆိုတာကို စိတ်ကြီးဝင်လာတာနဲ့ မိတ်ကပ်မပြင်ထားတဲ့ ကိုယ့်မျက်နှာတောင် မှန်ထဲ မကြည့်တတ်..မကြည့်ဝံ့တော့ဘူး..မင်းစိတ်
ထဲတော့ အလကားထင်မယ်…ငါလည်း ထင်တော့ ထင်ပါရဲ့..ဒါပေမဲ့ အသားကျနေပြီ..မိတ်ကပ်မပါဘဲ မနေတတ်တော့သလိုမျိုး..
နောက်တစ်ခု မှတ်ထား ရမ် ရေ…သရုပ်ဆောင်တစ်ယောက်ဟာ..သူ့တစ်ဘဝလုံးအတွက် သရုပ်ဆောင် အဖြစ်နဲ့ပဲသွားတော့မှာ..
ရုပ်ရှင်သာ ဆုံးရင်ဆုံးသွားမယ်…သူ့ရှိုးကတော့ သေသည့်တိုင်အောင်ပဲ…”
ကျွန်တော်လည်း တွေးမိပြန်တယ်..။ဒီ ဒိုင်ယာလော့ဂ်က သူ့စိတ်ထဲက အတိုင်းလား…ဒါမှမဟုတ်..ဘယ်ရုပ်ရှင်ကားထဲက ဖြစ်မလဲလို့ပေါ့။
********************
ဒီနေ့တော့ တကယ် ပျော်စရာကိစ္စတစ်ခု ဖြစ်သွားသဗျ..။ ဘာလဲ ဆိုတော့ ဘွားတော်ကြီး ဆုံးပြီလေ။ အိပ်ယာထဲမှာ မနိုးသောအိပ်ခြင်းနဲ့ ပြန်ထမလာ
နိုင်တော့တာပါပဲ။ အသက်က ရှစ်ဆယ့်တစ်နှစ်။
နီးလိမာက နည်းနည်းတော့ ငိုသေးတယ်။ပြီးတော့ အသုဘ ကိစ္စအတွက် စီစဉ်သင့်တာ စီစဉ်တော့တာပဲ။ နီးလိမာ တိုက်ခန်းကို ဝမ်းနည်း
ကြောင်းလာပြောကြတာ ရုပ်ရှင်လောကသားတွေ အကုန်လုံး နီးနီးပဲ ထင်မိတယ်။ နီးလိမာကတော့ ဧည့်ခန်းထဲက ဆိုဖာတစ်လုံးပေါ်မှာ မလှုပ်ချောက်
ချက် ။ ဆာရီ အဖြူလေးဝတ်လို့..အော်…မိတ်ကပ်ကတော့ ခပ်ပါးပါးပေါ့။ လာကြတဲ့ ရုပ်ရှင်လောကသား အတော်တော်များများတော့ ကျွန်တော် မှတ်
မိတယ်ဗျ။ ဇာတ်လမ်းတွေထဲ၊မဂ္ဂဇင်းတွေထဲ ကြည့်ဖူးတာလေ။ မင်းသားတွေ၊ မင်းသမီးတွေ၊ ဒါရိုက်တာတွေ၊ အဆိုတော်တွေ၊ တေးရေးဆရာတွေပေါ့။
ကျွန်တော်လည်း လည်ပင်းကို ဟိုလှည့်သည်လှည့်နဲ့ လိုက်ကြည့်နေရတာ ညောင်းတောင်လာတယ်။ ဆလင်း ကိုတော့ ဒီမှာ ရှိစေချင်လိုက်တာဗျာ။ ဒါ
ပေမဲ့ ဒီကောင် နည်းနည်းတော့ စိတ်ပျက်သွားမလားပဲ။ နာရေး လာတယ်ဆိုတော့ ရုပ်ရှင်ရိုက်ဖို့သွားသလို ဘယ်သူမှ တောက်တောက်ပပ ဝတ်စားလာ
ကြတာမှမဟုတ်တာလေ။ အဖြူရောင် ဆွတ်ဆွတ် တွေ သာဝတ်ထားကြပြီးတော့ မိတ်ကပ်မပါတဲ့ မျက်နှာတွေမှာ ဝမ်းနည်းကြောင်းနှစ်သိမ့်တဲ့ အပြုံး
ယဲ့ယဲ့လေးတွေ ကိုယ်စီနဲ့ပေါ့ဗျာ။ ဟာသ သရုပ်ဆောင်တွေတောင် မျက်နှာလေးတွေ အိုချ ထားတာ။
နီးလိမာတော့ သူ့အမေဆုံးသွားတာ ဘယ့်နှယ်နေမယ် မသိဘူး။ ကျွန်တော်တော့ တော်ေတော်လေး လွတ်လပ်ပေါ့ပါး သွားသလိုပဲ။
အဘွားကြီး ဆုံးပြီး တစ်လအတွင်းမှာပဲ နီးလိမာက သူ့အိမ်မှာ လာနေဖို့ ကျွန်တော့်ကို ပြောတယ်။ ကျွန်တော် နဲ့ ဆလင်း အတူတူနေတာ
သိတော့ ဆလင်းအတွက် အခန်းငှားခကိုတော့ ဆက်ပေးပါတယ်။ အိပ်ခန်းလေးခန်းမှာ ဘယ်အခန်းမှ ကျွန်တော့်ကိုမထားပါဘူးဗျာ။ မီးပူတိုက်တဲ့ အ
ခန်းကျဉ်းကလေး မှာပဲ နေရတယ်။
သူ့အမေကြီးဆုံးပြီးကတည်းက နီးလိမာလည်း အပြင်ကို မကြာခဏဆိုထွက်တော့တာပဲ။ အဘွားကြီးမရှိတော့ဘူးဆိုတော့ အေးဆေးပဲ။
ည သန်းခေါင်လောက် ပြန်လာလဲ အာရုံနောက်စရာ မရှိဘူး။ သူ တစ်ယောက်ယောက်နဲ့ သွားတွေ့နေတာပဲ လို့ ကျွန်တော် တစ်ထစ်ချတွေးမိတယ်။
အင်း…မကြာခင် မင်္ဂလာ သတင်းများကြားရလေမလားပဲ။
*************************
ဧည့်ခန်းထဲက ချိုးချိုးချွတ်ချွတ်အသံကြောင့် ကျွန်တော်ဖျတ်ခနဲ လန့်နိုးသွားတယ်။ အသံကတော့ တိုးတိုးသဲ့သဲ့ ပါပဲ။ ဒါပေမဲ့ ကျွန်တော် နိုးသွားတယ်။
မျက်လုံးပွတ်ပြီး နာရီလှမ်းကြည့်တော့ မနက် နှစ်နာရီခွဲ။ ဒီအချိန်ကြီး နီးလိမာ တစ်ယောက် ဘာများ လုပ်နေပါလိမ့်လို့ စဉ်းစားနေတာ။ အဲ…သူ့ဟိုဒင်း၊
သူ့ ချစ်သူများ လာရော့သလားဟ ဆိုပြီး စိတ်ဝင်စားသွားတယ်။ အခန်းထဲကနေ အသာလေး ခြေဖျားထောက်လို့ ဧည့်ခန်းဘက် ထွက်လာတယ်။
ဧည့်ခန်းက မှောင်ပိန်းနေတာပဲ။ ယောက်ျားတစ်ယောက်တော့ ရှိတယ်။ အဲ..ဒါပေမဲ့ သူ့ချစ်သူတော့ ဟုတ်ဟန်မတူဘူးဗျ။ မျက်နှာဖုံး အမည်းကြီးနဲ့
မျက်လုံးပေါက်ကလေးပဲ ပေါ်တယ်။ ဘယ်လက်မှာ အထုပ်မဲမဲကြီးကိုဆွဲလို့။ ညာဘက်မှာတော့ ဓာတ်မီးသေးသေးလေးတစ်လက်နဲ့ ဗီဒီယိုပြစက်ကို
ထိုးကြည့်နေတာ။ ငတိက ခပ်မြန်မြန်ပဲ ကြိုးတွေဆွဲဖြုတ်ပြီး ပြစက်ကို သူ့အိတ်ကြီးထဲ ထည့်ရော။ သေချာပြီပေါ့..ဒါ နီးလိမာ ချစ်သူမဟုတ်ဘူး။ သူခိုး
ဟဲ့..။စိတ်ကတွေးမဆုံးသေးဘူး…ပါးစပ်က ငယ်သံပါအောင် အော်ပြီးနေပြီ။ ကျွန်တော်အသံ ဘယ်လိုဆိုတာ ရှေ့မယ် ကျွန်တော်ပြောပြီးပါပကော။
ကျယ်လောင်စူးရှတဲ့ အသံက တိတ်ဆိတ်နေတဲ့ ညကို သွက်သွက်ခါအောင် လှုပ်ရှားလိုက်သလိုဖြစ်သွားတော့ နီးလိမာလည်း နိုးပြီပေါ့။ ဧည့်ခန်းကို
နီးလိမာ အလန့်တကြားပြေးလာတော့ အာခေါင်ခြစ်အော်နေတဲ့ ကျွန်တော်ရယ်…အထုပ်တွေ ၊ဓာတ်မီးတွေပစ်ချပြီး နားနှစ်ဖက်ပိတ်ထားတဲ့ ငနဲတစ်
ကောင်ကို တွေ့ရတော့တာပေါ့။ ကျွန်တော် ရုတ်တရက်အော်လိုက်တဲ့အသံကြောင့် သူခိုးလန့်သွားတာ တီဗီထည့်ထားတဲ့ ဗီရိုပေါ်က ဖန်ရုပ်ကလေး
တောင် တိုက်မိပြီး ကျကွဲသွားရှာတယ်။
“ဟဲ့…ဘာဖြစ်..ဘာဖြစ်တာလဲ..အမလေး..” နီးလိမာလည်း ဧည့်ခန်းမီးဖွင့်ပြီး ပြူးပြူးပျာပျာနဲ့ မေးတာမှာ အဲ့ဒီလိုအနေအထားလည်းတွေ့
ရော သူလည်း အမလေး ဆိုပြီး ထအော်ပြန်တယ်လေ။ သူခိုးတော့ နားပင်းတော့မယ်ထင်တယ်။ နီးလိမာ လည်း အသံအောင်တာမှာ ကျွန်တော့်
အောက် မလျော့ဘူးကိုးဗျ။ ငတိက လူကို ပစ်လှဲချပြီး နီးလိမာ ခြေသလုံးဖက်လို့ တောင်းပန်တယ်။
“အောင်မလေး…အစ်မကြီးရယ်…ကျေးဇူးပြုပြီးတော့…ကျွန်တော်လေ..ကျွန်တော် သူခိုး မဟုတ်ရပါဘူးခင်ဗျာ…ဒီနား လမ်းကြုံလို့
အစ်မကြီး အိမ်ဝင်ကြည့်တာပါ ခင်ဗျာ…”
အောင်မာ…သူခိုးက အဲဒီလို မူလကျီ လုပ်ပုံ…၊ကြည့်ဦး လမ်းကြုံလို့တဲ့ ခင်ဗျ။
“ရမ် ..ငါ့ကို ဖုန်းယူပေးစမ်း…ချက်ချင်း ရဲခေါ်ရမယ်..” နီးလိမာ စကားမဆုံးသေးဘူး..ကျွန်တော့်လက်ထဲ ကော့ဒ်လက်စ် ဖုန်းကိုင်ပြီး နီးလိမာ
ကို ပြေးပေးတယ်။
သူခိုးက ငုတ်တုပ်လေး ထိုင်ပြီး သူ့မျက်နှာဖုံးကို ဆွဲ ချွတ်လိုက်တယ်။ မုတ်ဆိတ်ပါးပါးနဲ့ လူငယ်လေးတစ်ယောက် မျက်နှာပေါ်လာတယ်။ မျက်နှာက
တော့ အစွမ်းကုန် အိုချထားတာ။
“အစ်မကြီးရယ်…ရဲကို မခေါ်ပါနဲ့ ခင်ဗျာ…တောင်းပန်ပါတယ်..ကျွန်တော် သူခိုး မဟုတ်ရပါဘူးခင်ဗျာ…ယုံပါတော့..စိန့်ဇေဗီးယားက
နောက်ဆုံးနှစ် ကျောင်းသားတစ်ယောက်ပါ…ကျွန်တော်က အစ်မကြီးရဲ့ ရှေ့ဆုံးက အမာခံ ပရိသတ် တစ်ယောက်ဆိုလည်း မမှား
ပါဘူး ခင်ဗျာ…..အစ်မကြီး အိမ်လာရတာလဲ အစ်မကြီး ဘယ့်နှယ်နေထိုင်နေသလဲ ကြည့်ချင်မိတာတစ်ခုပါပဲ…”
ဒါမျိုးပြောလို့ကတော့ နီးလိမာတို့ ပျော့ပြီပေါ့။ ဘာရမလဲ..ကလီကမာ လုပ်ချင် နီးလိမာပဲ ရမပေါ့..ကျွန်တော့် ဘာရလိမ့်မလဲ။ သတိပေးရမယ်။
“သူ ကလီကမာ လျှောက်ပြောနေတာနော်… သူခိုးက သူခိုးပဲ…အန်တီ့ ပရိသတ်ဆို ဘာလို့ ဗီဒီယိုပြစက် လာခိုးသတုန်း..ရဲသာခေါ်”
သူခိုးက ခပ်တည်တည်ပဲ။
“အမလေး …အဲဒါကဒီလိုပါ အစ်မကြီးရယ်..နီးလိမာဂျီး ရဲ့ ရုပ်ရှင်ကားမှန်သမျှ ဗီဒီယိုခွေထွက်တိုင်း ကျွန်တော်ဝယ်သိမ်းတာခင်ဗျ..
စုစုပေါင်း တစ်ရာတစ်ဆယ့်လေးကား ရှိပါရော…တစ်နေ့တစ်ကားတော့ ကျွန်တော်မကြည့်ဘဲ မနေဘူး ခင်ဗျ..ယုံပါတော့..။ဒီလောက်
ကြည့်တော့ ကျွန်တော် ပြစက်ကလေးလည်း မခံနိုင်ရှာဘူးပေါ့… အဲဒါနဲ့ ကျွန်တော်လည်း ဆိုင်ပို့ပြီး ပြင်ရတယ်…ဆိုင်က တစ်ရက်နဲ့
မပြီးဘူးဆိုတော့ ကျွန်တော့်မှာ နေမထိထိုင်မသာနဲ့..နီးလိမာဂျီး ရုပ်ရှင်တစ်ကား တစ်နေ့မကြည့်ရတာ ဘာလိုနေမှန်းကိုမသိဘူး..
ဆိုတော့..ကျွန်တော်လည်း သည်းမခံနိုင်တဲ့အဆုံး ကြံမိကြံရာ ကြံမိတယ်။ နီးလိမာဂျီး ရုပ်ရှင်ကားကို နီးလိမာဂျီးရဲ့ ဗီဒီယိုပြစက်
ကလေးနဲ့များ ကြည့်လိုက်ရရင် အင်မတန်ကို အမှတ်ရစရာ ဖြစ်မှာပဲ ဆိုပြီးတော့လေ…အဲ..အဲ..ကျွန်တော့်စက်ကလေး ပြန်ကောင်း
သွားရင် နီးလိမာဂျီးစက်ကို ပြန်လာထားမယ်လို့လည်း ဆုံးဖြတ်ထားပါတယ်…ယုံပါတော့ ခင်ဗျာ…ယုံပါတော့ ..သေသွားတဲ့ ကျွန်တော့်
ဖခင်ကြီးကို တိုင်တည်လို့ ကျိန်ဆိုဝံ့ပါရဲ့…”
လာသေးတယ် သူခိုးက..ကလိန်စေ့ ငြမ်းဆင် ဆိုတာ ဒီအကောင်မျိုး ထင်ပါရဲ့။ ကျွန်တော်လည်း နီးလိမာကို အော်ပြောတယ်။
“လိမ်နေတာ..အားလုံး..ဖြီးလုံးချည်းပဲ ..အန်တီ နီးလိမာ…ရဲခေါ်တာ ကောင်းမယ်နော်..”
“နေဦး.. ရမ်…ငါ့ဇာတ်ကား တစ်ရာ့ ဆယ့်လေးကား စလုံးကြည့်ပြီးပြီဆိုတော့ သူလိမ်သလား..အမှန်ပြောသလားဆိုတာ ငါ
စစ်ကြည့်ဦးမယ်…”
နီးလိမာ..နီးလိမာ။
“ကိုင်း…ချာတိတ်..ငါ့မေးခွန်းလေးတွေ ဖြေပါဦး…”
“ကြိုက်ရာသာ မေးပါတော့ ခင်ဗျာ…”
“ကောင်းပြီ….ဘယ်ဇာတ်ကားမှာ ငါက တောသူမလေး ချန္ဒီ အဖြစ် သရုပ်ဆောင်ခဲ့သလဲ…”
“အောင်မလေး….မေ့နိုင်ပါရိုးလား..နီးလိမာဂျီး ခင်ဗျာ… ကျွန်တော် အကြိုက်ဆုံးကားထဲက တစ်ခုပေါ့…
ရွာကို အပြန် ဆိုတဲ့ကားပဲခင်ဗျ…ဟုတ်ရဲ့လား ခင်ဗျာ…”
“အေး…ဒါလေးက သိပ်လွယ်နေတယ်…၁၉၈၂ ခုနှစ်မှာ ဘယ်ဇာတ်ကားနဲ့ ရုပ်ရှင်ဆု ငါရခဲ့သလဲ..”
“ဒါက သာတောင်လွယ်သေးခင်ဗျ….အမှောင်ည ဆိုတဲ့ ဇာတ်ကားလေ..”
“အယ်..ဟုတ်ပ…။ဘယ် ဇာတ်ကားမှာ ငါက မာနော့ဂျ် ကူးမား နဲ့ သရုပ်ဆောင်ခဲ့သလဲ..”
“အဲ…အမျိုးသားရေး ကြွေးကြော်သံ ဆိုတဲ့ ဇာတ်လမ်းလေ..”
“အမယ်..အဲဒီကား မင်းကြည့်ပြီးပြီပေါ့..”
“အို…နီးလိမာဂျီးကလည်း ကျွန်တော်က နီးလိမာဂျီးရဲ့ ရှေ့ဆုံးတန်းက အမာခံ ပရိသတ်ပါဆိုနေ…ကျွန်တော်လည်း မာဂျီးကို
နည်းနည်း ဗျူးပါရစေဦး…ထာဝရ အချစ်ဆိုတဲ့ ဇာတ်ကားမှာ သရုပ်ဆောင်ဖို့ မာဂျီး ဘာကြောင့်လက်ခံလိုက်တာလဲ..
ဒါရိုက်တာက မာဂျီး လုပ်ကွက်တွေကို ချုပ်ထား သလိုပဲလို့ ကျွန်တော် အမြဲတွေးနေမိတာ…”
“ဟယ်…အံ့ဩစရာ…ငါလည်း အဲဒီလိုခံစားရတာပဲ…ငါ အဲဒီကားမှာ အဲဒီဇာတ်ရုပ်ကို သရုပ်မဆောင်သင့်ဘူးလို့ ထင်မိ
ပါရဲ့…နောက်ဆုံး အဲဒီကားပေါက်တော့ ရှမီလာ ပဲနာမည်ရသွားတာမဟုတ်လား…ငါကတော့ သာမညပဲလေ..”
“အမယ်…ဒီလိုချည်းတော့လည်း ဘယ်ဟုတ်ပါလိမ့် မာဂျီး ရဲ့.. ဘုံဘေ မှာ မိုးတွေရွာ ဆိုတဲ့ကားမှာ မာဂျီး သရုပ်ဆောင်ချက်
တွေ ကောင်းချက်ခင်ဗျာ…ဇာတ်လမ်းမှာ မာဂျီးက အဖေသေပြီးတော့ ဝတ်ကျောင်းသွားတဲ့အခန်းမှာ တစ်ယောက်တည်းပြော
ပြီး သရုပ်ဆောင်ချက်တွေ အင်မတန် ဂန္ထဝင်မြောက်တာ..အဲဒီနှစ်က အဲဒီကားနဲ့ ရုပ်ရှင်ဆုရသင့်ပါရဲ့နဲ့ တခြားကား မိန်းမ ဆို
တဲ့ ကားအတွက်ပဲ မာဂျီးကို ရုပ်ရှင်ဆုပေးတာကိုး ခင်ဗျ…။ ”
“ဟုတ်ပကွယ်…ငါလည်း အဲဒီနှစ်ကားရွေးဆို.. ဘုံဘေမှာ မိုးတွေရွာ ဆိုတဲ့ကားပဲ ပိုကြိုက်မိပါရဲ့။ ငါ့ဇာတ်ကားတွေ အကုန်
ကြည့်ပြီးပြီဆိုတာ ယုံလိုက်ပါပြီ…ဒါနဲ့ ငါ့မောင် နာမည် ဘယ့်နှယ်ခေါ်သတုန်း…”
“ကျွန်တော့်နာမည် ရန်ဂျစ် မစ်ထရီ ပါတဲ့ ခင်ဗျာ…အသက်က နှစ်ဆယ့်လေးနှစ်ပါ…ဒါနဲ့ မာဂျီးကို ကျွန်တော်အမြဲမေးချင်တာ
တစ်ခုရှိတယ်…မွန်းတက်ဇ် မဟယ် ဇာတ်လမ်းနဲ့ ပက်သက်လို့ပေါ့…ကျွန်တော့်စိတ်ထဲ အကောင်းဆုံး ..အခမ်းနားဆုံး ရုပ်ရှင်
ကား ထင်မိတာပဲ…။ထားပါ…ကလေးမွေးတဲ့အခန်းမှာလေ…မာဂျီးက သေခါနီး…၊ဧကရာဇ်အဖြစ်သရုပ်ဆောင်တဲ့ ဆပ် ဒိလစ်ပ်
က ဘေးမှာထိုင်လို့…အဲဒီမှာ မာဂျီးက သူ့ကို ကတိတစ်ခုတောင်းတယ်…ပြီးတော့ မာဂျီးက လက်ကောက်ကို ချွတ်တယ်..ပေး
မလိုလို နဲ့ မပေးဘူး…အဲဒါ ဘာကြောင့်ဆိုတာ ကျွန်တော်ခုထိ နားမလည်သေးဘူး…”
“အမလေး…အံ့ပါ့ကွယ်…မင်းလည်း ရုပ်ရှင်ထဲကို အသေးစိတ်ကို စီးမျောပြီး ကြည့်တယ်ထင်ပါရဲ့ကွယ်…ဘာကြောင့်ဆိုတာ ပြောပြ
မယ်…အဲ….ကြမ်းပြင်မှာ မထိုင်ပါနဲ့ကွယ်…လာပါ..ဆိုဖာပေါ်ထိုင်…အံမယ်…ဟဲ့..ရမ်…လက်ထဲမှာ ဖုန်းကြီးကိုင်လို့ ဘာရပ်လုပ်နေတာ
လဲ…ဒီမယ်..တို့အိမ်မှာ ဧည့်သည်ရောက်နေတယ်လေ…လက်ဘက်ရည်လေး..ဘီစကစ်လေး လုပ်ပါကွဲ့…သွားသွား..ဒီလိုကွဲ့…မွန်းတက်ဇ်
မဟယ်က ဒီလိုကြံစည်စိတ်ကူး…..++++++++++++”
ကိုင်း..တွေ့ကြပြီပေါ့..ဘုန်ကြီးရူးနဲ့ လှေလူး။ လက်ဘက်ရည်နှစ်ခွက်ဖျော်ပြီး ကျွန်တော် ဧည့်ခန်းလာပို့တော့..အမယ်…နှစ်ယောက်သား ငယ်ပေါင်း
ကြီးဖော်တွေကျလို့ ခင်ဗျာ။ ရီလိုက်မောလိုက်နဲ့ ဟုတ်နေတာပဲ။ ကျွန်တော်လည်း ခေါင်းလေးတခါခါနဲ့ ကိုယ့်အိပ်ခန်းကို ပြန်လှည့်မိတယ်။ သူ့ရုပ်ရှင်
ကားလေး နည်းနည်းပါးပါးကြည့်ဖူးတဲ့ ..သူ့အိမ်လာခိုးတဲ့ သူခိုးကို သူက လက်ဘက်ရည်တိုက်၊ မုန့်ကျွေးပြီးတောင် ဧည့်ခံနေသေးတာ..။ ဪ…
နီးလိမာ…။ ဇာတ်လမ်းက စတာတော့ သည်းထိတ်ရင်ဖို…နောက်မှ မိသားစု ဇာတ်လမ်း ဖြစ်နေတော့တာ။
10 comments
မောင်ဘလိူင်
October 18, 2012 at 1:09 pm
မိုက်ခရိုဆော့ဖ် ဝဒ် မှာ ရိုက်ပြီး ဒီမှာ ပို့စ်တင်ဖို့ ပေ့စ်လုပ်လိုက်ရင်
စာလုံးတွေက ကို့ရိုးကားယား ဖြစ်ကုန်တော့တာပဲ ခင်ဗျ။
မောင်ပေ
October 18, 2012 at 1:30 pm
ဟုတ်တယ်
အခုစာကိုဖတ်ပြီး
ဘာမှန်းကို မမှတ်မိတော့ပါဘူး ဆိုတာ
အရင်ဆုံး ပြောချင်တော့တာပါပဲ
မောင်ဘလိူင်
October 18, 2012 at 1:41 pm
တောင်းပန်ပါတယ်ဗျာ..ကိုပေ ..ဒီမှာတော့ ကျွန်တော့် တဂ် ထိုးထားလို့
ပြန်ရှာဖတ်လို့တော့ ရပါတယ်…
http://myanmargazette.net/tag/slumdog-millionaire
kai
October 18, 2012 at 3:56 pm
အခုတင်..
The Best Exotic Marigold Hotel ကြည့်ပြီး.. ကိုရင်ဘလှိုင်ရေးနေတာကြီး သတိရလိုက်မိသေးတာ..
အဲဒီထဲက.. စလမ်းဒေါ့မီလီလျှံနာထဲကမင်းသား Dev Patel ပဲမဟုတ်လား…။
မောင်ဘလိူင်
October 18, 2012 at 4:36 pm
ဟုတ်ပ သဂျီး …အဲဒီကားတော့ ကျွန်တော် မကြည့်ဘူးသေးဘူး…အညွှန်းကလေး
တော့ ဖတ်ဖူးပါရဲ့…ဒေ့ဗ်ပတေး (ဒီလို အသံထွက်မလားပဲ..)ပါ။ သူက အင်္ဂလန်နိုင်ငံ
သားပဲ..။ဆလမ်းဒေါ့နောက်တော့ The Last Airbender လို အူကြောင်ကျား
တစ်ကား နဲ့ About Cherry ဆိုတဲ့ ဒရာမာ ကားတစ်ကား ရိုက်ဖူးတာပဲ..။
kai
October 19, 2012 at 1:36 am
The Best Exotic Marigold Hotel ကားထဲက.. အိနိ္ဒယမြို့ကြီးကြည့်ပြီး.. မြန်မာပြည်ကတိုးတက်လာရင် အဲလိုဖြစ်လာနိုင်မယ် တွေးနေမိတယ်..
မြန်မာတွေအများစုက.. ကုလားတွေနဲ့ စရိုက်တော်တော်တူတာပဲနော.. :kwi:
ကြည့်ဖြစ်ောအင်ကြည့်ပါဗျာ.. ကိုရင်ဆို.. ကြိုက်မှာ..
pooch
October 19, 2012 at 1:48 pm
ကြည့်ပြီးပြီ သူကြီး ။ movie အညွှန်းတွေထဲ ညွှန်းထားတာတွေ များလို့ ကြည့်မိလိုက်တာ။
မြန်မာပြည်တိုးတက်လာရင်လား အဲ့လိုတဲ့လား ???? စရိုက်တွေကလည်း ခပ်ဆင်ဆင် ဒါလည်း မငြင်းပါဘူး ။ ဒါပေမဲ့ ထပ်တူတော့ မကျပါဘူး ဆင်တာပါ။
သူကြီးပြောချင်တာက နဂို အခံကောင်းတဲ့ ဆွဲဆောင်မှုရှိတဲ့ အိမ်အိုအိမ်ဟောင်းကြီး တလုံးထဲကို နိုင်ငံခြားက သက်ကြီး ဝါကြီး သဘာကြီးတွေ လာပြီး အခြေချ ပြင်ဆင် ဖာထေး ပြုပြင်ပြီး ဘဝသစ်စပြီး ကောင်းသွားနိုင်တယ်လို့ ပြောချင်တာလား။
ဒါကတော့ ဖြစ်နိုင်ချေရှိတယ်လို့ ထင်တာပဲ ။ အထင်ပါ။ ( ခရက်ဒစ်တူ -ဘပု)
မြင်မိတာကတော့ အဲ့ဒီထဲက ဇာတ်ကောင်တွေရဲ့ စရိုက်တွေ ဘဝတွေပဲ
တယောက်က သူ့ဘဝနေဝင်ခါနီးမှာ သူ့ငယ်ဘဝက လိင်တူချစ်သူကို ပြန်လာရှာတယ်။ သူ့ချစ်သူရဲ့ အမျိုးသမီးက သူတို့ နှစ်ယောက်ရဲ့ အချစ်ကို နားလည်ပေးတယ်။
အဲ့ဒီနှစ်ယောက်ပြန်တွေ့တဲ့ အခန်းက ဇာတ်ရှိန်မြင့်တယ်။ တမျိုးပဲ ။ နောက်နေ့ပြန်လာ ဆုံးသွားရှာတယ်။
နောက်အမျိုးသမီးတယောက်က သူ့အမျိုးသားရဲ့ ဖုံးကွယ်မှုတွေကို သူ့အမျိုးသားဆုံးမှ သိလိုက်ရလို့ ယူကြုံးမရဖြစ်ပြီး နေရာသစ်မှာ အသက် ၆ဝတန်းလောက်ရောက်မှ ဘဝသစ်ပြန်စတယ်။
နောက်စုံတွဲက စိတ်ပျက်စရာ အိမ်ထောင်ရေးကို အဆုံးသတ်လိုက်ကြတယ်။
နောက်အမျိူးသမီးတယောက်က အိန္ဒိယမှာ ဆေးလာကုပြီး လမ်းပြန်လျှောက်နိုင်တယ်။
နောက်တယောက်က သက်ကြီးပိုင်းကျမှ နောက်အိမ်ထောင်ထူဖို့ကြိုးစားတယ်။
ဘာပဲဖြစ်ဖြစ် ဒီဇာတ်လမ်းက ဆွဲဆောင်မှုရှိတာတော့ အမှန်ပဲ ။
ကြည့်ဖြစ်အောင် ကြည့်ပါ ကိုဘလှိုင်ရေ ။
ဒီမီလျံနာ ကားထဲက မင်းသမီးကတော့ Ape မျောက်ကားရယ် ရှေးခတ် နတ်ဘုရားတွေအကြောင်း ရိုက်ထားတဲ့ ကားတွေမှာတော့ တွေ့မိတယ်။
MaMa
October 18, 2012 at 5:54 pm
ခုမှပဲ သန်းကြွယ်သူဌေးမောင်ဘလှိုင်ကို ပြန်တွေ့ရတော့တယ်။
ဖတ်လိုက်ပြတ်လိုက်နဲ့ဆိုတော့ ရှေ့အခန်းတွေကို မမှတ်မိပေမယ့် …..
ခုတစ်ပိုင်းလေးပဲ ဖတ်ရတာလည်း ကောင်းသား။ :hee:
padonmar
October 18, 2012 at 9:35 pm
အသက်ကြီးတန်း မဝင်ချင်သေးတဲ့ မောင်ဘလှိုင်ရေ
ဟုတ်တယ် ရှေ့ကအခန်းတွေ မသိတော့ဘူး။
ဒါပေမယ့် သူခိုးနဲ့ နီးလိမာ အကြောင်းတင် တစ်ပုဒ် သပ်သပ်လိုကောင်းနေရော။
မောင်ဘလိူင်
October 19, 2012 at 10:17 am
အားပေးတဲ့ အန်တီ ပဒုမ္မာတို့ အန်တီမမ တို့ကို ကျေးဇူးတင်ပါတယ်ဗျာ…
မန်းဂေဇက်ကို နေ့တိုင်းဝင်ကြည့်ပါတယ်။ သူများတကာတွေ ရေးကြတာ
ဖတ်ရင်း ကိုယ့်ဇာတ်လမ်းတောင် မရေးနိုင် ဖြစ်နေရတယ်။ တကယ်တော့
လောလောဆယ် ဘာအလုပ်မှ မည်မည်ရရမရှိတော့ မန်းဂေဇက်ဖတ်ရင်း
အချိန်ကုန်ရတာပဲ။