ဒီစစ်ပွဲပြီးရင် ကျောင်း…တက်…ချင်…တယ် (မင်းခိုက်စိုးစံ)
မိတ်ဆွေတို့ရေ…။
ဒီတစ်နေ့တော့ ဒုတိယမြောက်ဗလအားကိုးခွင့်ပြုပါဦးခင်ဗျာ…။
ဆရာဝန်စာရေးဆရာ မင်းခိုက်စိုးစံ ရေးတဲ့
ဒီစစ်ပွဲပြီးရင် ကျောင်း…တက်…ချင်…တယ်
ဆိုတဲ့ … ကဗျာလေးကို
ကြိုက်လွန်းလို့…၊ ရင်ဘတ်ကို တည့်တည့်ကြီးမှန်သွားလို့…၊
ဝေမျှချင်တဲ့ စိတ်နဲ့ စာစီစာရိုက်သမား လုပ်လိုက်ပြန်ပါပြီ အရပ်ကတို့ရေ…။
ဒီတစ်ပတ်ထုတ် newday ဂျာနယ်မှာ ဖေါ်ပြထားတဲ့ ကဗျာလေးပါ…။
ငြိမ်းချမ်းရေးအထူးကဗျာလို့ကို ခေါင်းစဉ်တတ်ထားတဲ့ ကဗျာပါ…။
ဖတ်ကြည့်ကြပါ…။
ရသတစ်ခုခုကိုတော့ သေချာပေါက်ရကြမှာပါ…။
ပြီးတော့ ဘာတွေ ပြောချင်စိတ်ပေါက်လာသလဲဆိုတာကိုတော့
ကွန်းမန့်လေးတွေနဲ့သာ ရင်ဖွင့်ကြပါတော့ဗျာ…။
ချစ်ခင်လေးစားလျက်
ဗလာဒီမာ ဘလက်ချော…။
ဒီစစ်ပွဲပြီးရင် ကျောင်း…တက်…ချင်…တယ်
(၁)
သေမင်းဟာ
ရိုင်ဖယ်ကို ပုခုံးမှာချိတ်
စာသင်ခန်း တံခါးတွေကို ပိတ်လိုက်တယ်…။
(၂)
စာအံသံတွေပျောက်ဆုံး
ဗုံးဆံတွေ မိုးချုန်းသလို ရွာချ…၊
အမှန်တရားတောင်ကုန်းကို
လက်နက်ကြီးအင်အားသုံးပြီး
သိမ်းပိုက်ဖို့ ကြိုးစားနေကြတယ်…။
မျက်ရည်နဲ့…
အလောင်းကောင်တွေပေါ်က “အမှန်တရား”
ဘယ်ပြည့်တန်ဆာကတောင်မှ
လေးစားမှာမဟုတ်ဘူး…။
စစ်ယူနီဖေါင်းရင်ဘတ်ပေါ်
ချိတ်ဆွဲထားတဲ့ တံဆိပ်တွေဟာ
စစ်ဘေးဒဏ်ကြောင့် သေသွားတဲ့
ကလေးတွေရဲ့ အရေအတွက်နဲ့
ထပ်တူ အချိုးကျပါသလား…
စစ်နတ်ဘုရားရဲ့ သင်္ချာကို
ငါ လက်ချိုးရေတွက်နေတယ်…။
(၃)
စပါးပင်ပျိုးရမယ့် တောင်ယာမြေမှာ
ငါ့ အဖေရဲ့ ခန္ဓာကိုယ် အပိုင်းအစ
ဖြစ်သလို မြှုပ်ပစ်ခဲ့ရတယ်…။
အမြောက်ဆံပေါက်ကွဲတဲ့ နေရာက မြက်ပင်လို
မိသားစုဘဝတွေ ပြတ်ထွက်လွင့်စင်ကြ…
အမေရေ… ဒီတစ်သက်တော့
ထမင်းလက်ဆုံစားခွင့် မရှိတော့ဘူး…။
ဦးခေါင်းထက်မှာ ကျည်ဆံတွေက
နတ်ဆိုးရဲ့ လေချွန်သံလို
တရွှီရွှီမြည်နေတုန်း
မြေလွှာအောက်ကမိုင်းဗုံး
ဝုန်း ကနဲ ပေါက်ကွဲတယ်…။
ငါ့အနာဂတ်မျှော်လင့်ချက်ဟာ
ခြေထောက်တစ်ဖက်နဲ့အတူ
ပြုတ်ထွက်လွင့်စင်သွားပေါ့…။
“ငါ့အိမ် ငါ ပြန်လာတာလေ”
ဒါဟာ “အသွားမတော်တစ်လှမ်း” ဖြစ်ခဲ့ပါသလား
မျက်ရည်အဝဲသားနဲ့ မေးခွန်းထုတ်မိ
ငါ့ဘဝကတော့
ငါ့ဒူးဆစ်လို ငုံးတိတိ ဖြစ်လို့ နေလေရဲ့…။
ငြိမ်းချမ်းရေးမိုးခေါင်ရပ်ဝန်းဒေသမှာ
သားပျောက်တဲ့ အမေတွေနဲ့
အမေပျောက်တဲ့သားတွေ
အားလုံးဟာ လူအဖြစ်ကနေ လျှောကျ
တိရစာ္ဆန်တွေလို အမဲလိုက် ခံနေရတယ်…။
အမေအိုတို့ရဲ့ ငိုကြွေးသံ
မြစ်သောင်ယံမှာစီးဆင်း
ဧရာဝတီဟာ သွေးချင်းချင်းနီ…လို့။
(၄)
တိုင်ထက်မှာ
ချစ်ခြင်းမေတ္တာတရားကို သံမှိုနှက်
အာဏာပါးကွက်သားတို့က
ကွပ်မျက်ကြတာကို
“စစ်ပွဲ” လို့ခေါ်တယ်…။
စစ်ပွဲမှာ
ဘယ်သူနိုင်နိုင်… ဘယ်သူရှုံးရှုံး
နောက်ဆုံးမှာ
အမုန်းတရားကပဲ သိမ်းပိုက်…
မိဘမဲ့သွားတဲ့ ကလေးငယ်တွေကို
လောကထဲ မောင်းထုတ်လိုက်ကြတယ်…။
အို…သွေးဆာသူတို့
ရက်စက်ကြမ်းကြုတ်သူအပေါင်းတို့…။
အပြစ်မဲ့ပြည်သူတွေရဲ့သွေးနဲ့ ဘိသိက်မြှောက်
သူသတ်ကုန်းမှာ ဆောက်တဲ့ နန်းတော်ဆီ
ငါတို့ ဘယ်တော့မှ လက်အုပ်မချီဘူး…။
(၅)
“ကျည်ဆံဖိုးတွေ ထပ်မဖြုန်းပါနဲ့
ပေါင်မုန့်တစ်လုံးလောက် ဝယ်ပေးပါ…”
“လက်ပစ်ဗုံးတွေပစ်မယ့်အစား
ငှက်ဖျားပျောက်ဆေးတစ်ခွက်ပေးပါ…”
စစ်ပွဲတစ်ပွဲမှာ
ပထမဦးဆုံးပစ်တဲ့ ကျည်ဆံ…
ကိုယ်ချင်းစာတရားကိုမှန်တယ်။
ကိုယ်ချင်းစာတရား ကျဆုံးခြင်းဟာ
နိုင်ငံတော် ဈာပနပဲ…။
ကဲ…အလံတစ်ဝက် လွှင့်ထူကြ…
ကမ္ဘာမကြေသီချင်းကို ဆိုတဲ့အခါ
ငိုသံပါနေရတာလောက်
ဝမ်းနည်းစရာကောင်းတာမရှိဘူးလေ…။
(၆)
“မုန်းတီးစိတ်တွေ
နောက်မျိုးဆက်ကို အမွေမပေးစေရ..
အာမဘန္တေ…”။
ငြိမ်းချမ်းရေးသီလယူသံ
ကောင်းကင်ထက်မှာ ညံပါစေ။
ကလေးတွေရင်ထဲက တောင်းဆုနဲ့
ငါတို့အားလုံး ဝတ်ပြုကြရအောင်…။
“မေမေဝယ်ပေးတဲ့
ကျောက်သင်ပုန်းပေါ်မှာ
ဝလုံး ဝိုင်းဝိုင်းတွေ ခြစ်ဆွဲ
ဒီစစ်ပွဲပြီးရင်
ကျောင်း…တက်…ချင်…တယ်…”
မင်းခိုက်စိုးစံ
25 comments
ကြည်ဆောင်း
October 18, 2012 at 3:53 pm
တကယ်ဘဲရင်ကိုတည့်တည့်ကြီးမှန်တဲ့ကဗျာလေးပါ…
စာနာတတ်တဲ့သူတွေသာဖတ်ပြီး ရင်နင့်သွားကြမယ် …
ကိုယ်ချင်းစာတရားမရှိတဲ့သူတွေက ကိုယ်ပျောက်မှင်နဲ့ရေးထားသလိုတွေ့မှာမဟုတ်ဘူး ..
စစ်ပွဲကိုဆင်နွှဲနေသူတွေကိုဖတ်စေချင်တာ …
ဒါပေမဲ့လည်းကိုယ်ချင်းစာတရားဆိုတာ ဂျိုနဲ့လားဘဲဖြစ်သွားမှာ ဆိုတော့ကာ ………….
သီရိပျံချီ အဘိဓဇ မဟာရဌဂုရု အဂ္ဂမဟာဇောတိကဥဥ
October 18, 2012 at 3:59 pm
စစ်ဘေးဒဏ်ကြောင့် ဒုက္ခရောက်နေသူတွေကို တတ်နိုင်သလောက် ဝိုင်းဝန်းဖေးမကြတာပေါ့
သူရဇော်
October 18, 2012 at 4:00 pm
လေးဘလက်ရေ တကယ်ကို စစ်ပွဲရဲ့ ဆိုးကြိုးနဲ့…. စစ်ပွဲကို မုန်းတီးသံ…… အားးးးးးးး ဖတ်ရင်း ဝမ်းနည်းသံတွေတောင် ရောနှောနေလောက်တဲ့ ကဗျာလေးပါလားဗျာ…… ဒီလောက်ရသမြောက်တဲ့ကဗျာ လေးတွေကို ဗလအားကိုးနဲ့ရွေးချယ်တင်ပေးတဲ့ လေးဘလက်ကြီးကို ဒီနေရာမှ ဂါဝရညွှတ်တွှားအပ်ပါသည်ခင်ဗျား…….
ရွှေ ကြည်
October 18, 2012 at 4:23 pm
နံပါတ် (၆) အပိုဒ်လေးကိုအရမ်းကြိုက်တယ် ကဗျာတပုဒ်လုံးလည်းကြိုက်တယ်။ မျက်ရည်တောင်လည်မိပါတယ်။
“မုန်းတီးစိတ်တွေ
နောက်မျိုးဆက်ကို အမွေမပေးစေရ..
အာမဘန္တေ…”။ အကြိုက်ဆုံးစာသားလေးပဲ။
စစ်မီးတွေငြိမ်းစေချင်ပါပြီ တတ်နိုင်သမျှအမြန်ဆုံးပေါ့။
သမ္မတကြီးရယ် ဘယ်လိုတွေများလုပ်ပေးနိုင်မလဲ ရက်တွေရှည်ကြာလွန်းနေတဲ့ မငြိမ်းချမ်းတဲ့ဒေသကလူတွေအတွက်ကိုယ်ချင်းစာမိတယ်။
အမှောင်ညတွေရှည်နေဆဲပဲလား
ငြိမ်းချမ်းခြင်းအလင်းရောင် ထွန်းပြောင်လာမယ့်တနေ့
စစ်အငွေ့အသက်တွေကင်းစင်တဲ့တနေ့
အဲဒိနေ့မှာ ပျော်ရွှင်စွာကျောင်းတက်နိုင်ကြပါစေ ကလေးတို့ရေ။
Ma Ei
October 18, 2012 at 4:40 pm
ကလေးတွေကျောင်းတက်နိုင်အောင်
စစ်ပွဲတွေ အမြန်ဆုံးရပ်ပေးကြပါ…
ရပ်ပေးကြပါ…
ရပ်ပေးပါ…
….
Good™
October 18, 2012 at 4:44 pm
ရင်ဘတ်ထဲ အနက်ရှိုင်းဆုံး ကို ထိ တယ်။
အလင်္ကာ ပန်တျာ ဘာရာဏသီ ဝေသာလီ ရာဇ သတိုး ဗြဇ္ဇ တေဇ သီဟ ဒီပ သမိန်မဟာ အမတ်ဒိန် ချစ်သော လဂွန်းအိမ
October 18, 2012 at 4:53 pm
ကိုဘလက်ရေ..
ရင်ကိုမှန်သောကဗျာ တပုဒ်ပါ ဗျာ..
စစ်ပွဲအတွက် ငြိမ်းချမ်းရေးလိုအပ်တာလားးးး
ငြိမ်းချမ်းရေးအတွက် စစ်ပွဲလိုအပ်နေတာလားးး.
ဘာကြောင့်ဖြစ်တဲ့ စစ်ပွဲဖြစ်ဖြစ်..စစ်မှန်တဲ့ ငြိမ်းချမ်းရေးအတွက်
အမုန်းတွေ ခဝါ မြန်မြန်ချနိုင်ကြစေဖို့
တိုက်တိုက်တွန်းတွန်းကြီး ဆန္ဒပြုပါတယ်ဗျာ..
pooch
October 18, 2012 at 5:21 pm
ဘေးအန္တရာယ်တွေ ၊ အမှားအယွင်းတွေ ၊ စိုးရိမ်သောကတွေ ၊ ဝမ်းနည်းပူဆွေးမှုတွေနဲ့ ရာဇဝတ်ပြစ်မှုတွေကို ကုစားဖို့ဆိုရင် ” ချစ်ခြင်း ” ဆိုတဲ့ စကားတစ်လုံး တည်းမှာ အားလုံးတည်တယ်။
ဒါကြောင့်မို့ ကမာ္ဘတလွှား ” ချစ်ခြင်း ” များ ဖုံးလွှမ်းလို့ အမုန်းကြောင့်ဖြစ်သော စစ်ပွဲများ ရပ်တန့် ချုပ်ငြိမ်းနိုင်ပါစေ……
သီရိမဟာ ဥမ္မာဒန္ဒီ ပပဝတီ ဦးဗြဲရမ်း ဒေါ်ဗလဗွ သမီး ညောင်ရမ်းဂွတို Wow
October 18, 2012 at 5:21 pm
အရမ်းခံစားရတဲ့ကဗျာလေးပါ…
ကမ္ဘာပေါ်မှာစစ်ပွဲတွေပျောက်သွားအောင် ဘယ်လိုလုပ်ရပါ့….
:bar:
အဂ္ဂမဟာ ဂန္ဓ ဝါစက္က ပဏ္ဍိတ ဘိဝံသ အဘိဓဇ အဂ္ဂမဟာဂုရု ဘဒ္ဒန ္တအူးဘဇင်းဗိုက် { B.E }
October 18, 2012 at 7:55 pm
သနားစရာ မြေဇာပင် ဘဝ ပါ အူးလေးရာ
တတ်နိုင်သလောက် ထောက်ပံ့ ကူညီပေးကြဖို ့ လိုပါတယ်..
စစ်ပွဲတွေကတော့ ဘယ်တော့မှ ရပ်မလဲ……ပြောတတ်ပါဘူး
htet way
October 18, 2012 at 8:00 pm
ဆရာခင်ဗျား
ဒီလို ကဗျာတွေ ဆက်လက် တင်ပေးပါလို့ အားပေးပါတယ်။
တိုင်ထက်မှာ
ချစ်ခြင်းမေတ္တာတရားကို သံမှိုနှက်
အာဏာပါးကွက်သားတို့က
ကွပ်မျက်ကြတာကို
“စစ်ပွဲ” လို့ခေါ်တယ်…။
ရင်ထဲ ထိရှ ခဲ့ပါတယ်ဆရာခင်ဗျား
padonmar
October 18, 2012 at 8:18 pm
စစ်ပွဲတွေလည်းပြီးပါစေ။
ကျောင်းသားလေးတွေအတွက် ကျောင်းတံခါးကြီးလည်းဖွင့်ပါစေ။
ကျောင်းပြေးကိုဘလက်ကိုလည်း ဖမ်းမိပါစေ။
အဂ္ဂမဟာ သီရိ သုဓမ္မ သရေစည်သူ ဝဏ္ဍကျော်ထင် အောင်ဆန်းသူရိယ မဏိဇောတဓရ အကယ်ဒမီများရှင် လယ်ထွန်Z
October 19, 2012 at 8:21 am
၁။
ကချင့် အရေးလား ….. မဟုတ်ဘူး
အစိုးရ အရေးလား ….. မဟုတ်ဘူး
ကချင့် အလွန်လား ….. မသိချင်ဘူး
အစိုးရ အလွန်လား ….. မသိချင်ဘူး
ဒါ ငါတို့အားလုံးရဲ့ အရေး
ပြည်ထောင်စုရဲ့ အရေး
ကမာ္ဘကြီးရဲ့ အရေး
လူသားမျိုးနွယ်ရဲ့ အရေး
၂။
အဲ့သည့်အရေး ဆွေးနွေးကြသတဲ့
သူမှား ငါမှန် အငြင်းတွေ သန်ကြသတဲ့
ကျုပ်တို့မတော့ မျက်စိကို လည်ရော …အဲ ..
သူတို့ က ပြောတယ် ထိတွေ့မှုလေးတွေတဲ့
အဲ့သည့်ထိတွေ့မှုလေးတွေကပဲ
၃။
ကျောင်းနဲ့ ကျောင်းသား
လယ်နဲ့တောင်သူ
ဝန်ထမ်း နဲ့အလုပ်ခွင်
စတဲ့ စတဲ့ ထိတွေ့မှုတွေကို တားဆီး ငြင်းဆန်ရင်း
အသက်တွေ ဘဝတွေ မွမွကို ချေပစ်လို့
၄။
သယံဇာတ ကျိန်စာ တဲ့
နှစ် တစ်ထောင် ကျိန်စာ တဲ့
တော်ရာသွား နားစမ်းပါ ကွယ်
လူလုပ်တဲ့ ကျိန်စာ လူ မဖျက်ရင်
ဘယ်သူ ဖျက်လိမ့်မလဲ
၅။
ဖင်အောက်ကရေနံထွက်တဲ့ တိုင်းပြည်တွေကလူတွေ
ပျော်ဝင်နေလိုက်ကြတဲ့ စမတ်ဖုန်း ယဉ်ကျေးမှု
အဲ့ဒါမျိုးတွေ တွေးနိုင်ဖို့ ဝေးလို့
တို့ အမျိုးတွေမတော့ အသက်မဆုံးအောင် ပြေးရလွှားရတုန်း
ပြောပါအုံး ကွယ် ကျိန်စာကရော ကွက်ကျားမိုး ရွာတတ်သလား..
၆။
ဂျီဒီပီ တွေ အိပ်ချ်အာတွေ ဉာဏ်မီပေါင်ကွယ်
သေချာတာကတော့ သေနတ်တွေ ကျည်ဆံတွေဆိုတာ
ပဒေသပင်က ဆွတ်လာတဲ့ အသီးတွေမဟုတ်သလို
အသက်တွေ အပေါင်အလက်တွေကလည်း တီဗီဂိမ်းထဲကလို
တခုတလေတောင် အပိုပါတာတွေမဟုတ်
၇။
သည်တော့…..
နောက်ထပ် ဆွေးနွေးကြမယ်ဆိုရင် ကွယ့်
ရုပ်သံကို လိုက်ဗ်ရှိးရိုက်လို့
ဆပ္ပတိုက်တယ် ဘာသာစုံထိုးကာ
အိုကွယ် ကမာ္ဘကို ပြ။
…
အဂ္ဂမဟာ သီရိ သုဓမ္မ သရေစည်သူ ဝဏ္ဍကျော်ထင် အောင်ဆန်းသူရိယ မဏိဇောတဓရ အကယ်ဒမီများရှင် လယ်ထွန်Z
October 19, 2012 at 8:21 am
ရေးမိရေးရာ ရေးတင်လိုက်ပါကြောင်း။
:harr:
သီရိမဟာ ဥမ္မာဒန္ဒီ ပပဝတီ ဦးဗြဲရမ်း ဒေါ်ဗလဗွ သမီး ညောင်ရမ်းဂွတို Wow
October 19, 2012 at 10:25 am
ဆိုတော့ကာ အကယ်ဒမီများရှင် ဒါ့ပုံဆြာက အဲ့ဒီ့မှာ ဗီဒိုသွားရိုက်ချည်… ပြီးရင် ကမ္ဘာဖြန့်ဂျမယ်… :harr:
ဒါထက်စကားမစပ်… ဂျာပွန်မှာ Otoshidama Promotion တဲ့ ကြားမိလား
ဇမ္ဗူတစ်ခွင် အလှဆင် Miss မြန်မာတို့ရဲ့ သခင်
October 19, 2012 at 9:14 am
ကိုယ်စီ ကိုယ်စီ
အတ္တတွေနဲ့ မာနတွေကို ခဝါချ
အနာဂတ်ရဲ့ မျိုးဆက်တွေအတွက်
ကျည်တစ်တောင့်ဖြစ်ဖြစ်
လျှော့ချပေးကြရအောင် …………..
သီဟသူရ ပရော်ဖက်ဆာဒေါက်တာကြီးမိုက်
October 19, 2012 at 11:21 am
ရဲဘော်ဘလက်ရေ…အဖွဲ့အနွဲ့ အလွန်ထိရှတဲ့ကဗျာလေးပါ…ကိုယ်နဲ့မဆိုင်တောင်
ကိုယ့်မိဘနဲ့ဆိုင်နေတာလေးတခုအထိတ်တလန့် နဲ့သတိပြုမိရဲ့….ဘာတဲ့..
တပ်မတော်နေ့စစ်ရေးပြအခမ်းအနားတွေမှာ
စစ်သားတွေရင်ဘတ်ပေါ် ဂုဏ်ယူချိတ်ဆွဲလေ့ရှိကြတဲ့
တံဆိပ်တွေဟာ..ကိုယ့်တိုင်းရင်းသားညီနောင်သားချင်း
အချင်းချင်းတိုက်ခိုက်သတ်ဖြတ်လို့ ရလာ(ချီးမြှင့်ခံ)ရတာတွေပါလား…ဘုရား ဘုရား
အဲဒီလိုတစ်ခါမှမတွေးကြည့်မိဖူးဘူးဗျာ….
အဖေ့ရင်ဘတ်ကို ငယ်ငယ်ထဲကဂုဏ်ယူစွာမော့ကြည့်နေလာခဲ့တာ…
ဒီနေရာမှာ..ဂျပန်ကိုတိုက်လို့
အင်္ဂလိပ်ကိုတိုက်လို့
ကူမင်တန်တရုပ်ဖြူကျူးကျော်သူတွေကိုတိုက်ထုတ်ခဲ့လို့...ရခဲ့ ချီးမြှင့်ခံခဲ့ရတဲ့
တံဆိပ်တွေတော့ မပါဘူးပေါ့ဗျာ….
စစ်ပွဲရဲ့ အနိဋ္ဌာရုံတွေ မင်္ဂလာဒုံ စစ်ဆေးရုံကြီးနဲ့
ကိုယ်လက်အင်္ဂါပြန်လည်သန်စွမ်းရေးဆေးရုံကြီးတွေမှာ
တွေ့ရမြင်ရတာစိတ်မချမ်းမြေ့စရာတွေချည့်ပါပဲ…
ဒါတောင်ကိုယ်တစ်ဖက်ရဲ့ အကျအဆုံးနဲ့ အကျိုးအပြတ်ပဲရှိသေးတယ်
တစ်ခြားတစ်ဖက်လူမပါသေးဘူး….
ဖတ်မိတာလေးပြန်မျှပေးတာကျေးဇူးပါရဲဘော်ဘလက်ရေ…
:byae: :bar:
ခင်တဲ့..
သီ ဟ သူ ရ ချာ လ တာ အာ ပေ တူး (DragonEmpireGroup)
October 19, 2012 at 12:44 pm
ဦးဘလက်ကငိုအောင်လုပ်တယ် ဘာမှတော့ပြန်မပြောတတ်ဘူး
ဒါပေမယ့်………. တော်တော်ခံစားရတယ်ဗျာ………… 😥 :byae:
kaung kin pyar
October 19, 2012 at 1:47 pm
ကဗျာလေးဖတ်ပြီး မျက်ရည်ဝဲမိပါတယ်…။ ကောင်းကင်တို့ ခုလိုအေးချမ်းနေတဲ့အချိန် စစ်ပွဲတွေကြားက ကလေးတွေ ဘယ်လိုဖြစ်နေတယ်ဆိုတာ ပြောပြနေသလိုပါပဲ…။ ရေးထားတဲ့ ကိုမင်းခိုင်စိုးစန်ရော၊ ပြန်မျှဝေပေးတဲ့ ဦးဘလက်ကိုရော ကျေးဇူးပါ…။
Abcdefghijklm nozomi
October 19, 2012 at 2:06 pm
ရင်ဘတ်ကြီးနဲ့ ဖတ်သွားပါတယ်
တကယ်ကို ဟတ်ထိတဲ့ ကဗျာလေးပါ
ကျွန်တော် ဆိုရင်ရော ဆိုတာကို ဆက်မတွေးရဲတော့ဘူး ဟူးးးးးးးးးးးးးးးးးးး
blackchaw
October 19, 2012 at 3:50 pm
တိန်!!!
ဒီရက်ပိုင်း တော့ ဗဒင်ကြီးတောင် ပြန်ခေါ်ပြီး သီချင်းဆိုခိုင်းရတော့မယ့် အပေါက်မျိုးကြီးဗျ…။
ဟိုတစ်နေ့က အားနာကြသူများပို့စ်မှာ ကိုမိုက်ကွန်းမန့်ကို ကျွန်တော်က Right Answer ရွေးလိုက်တော့
ဒိန်း ဆို.. စတားတစ်လုံး တက်လာပြီး တူးစတား ဖြစ်သွားခဲ့တာ မှတ်မှတ်ရရကြီးဗျာ…။
ဟော… ဒီနေ့ ဒီပို့စ်မှာ
မောင်ဂီလေး ကွန်းမန့်ကို Right Answer ရွေးလိုက်ပြန်တော့
ဒိန်းဒိန်းဒိန်းဒိန်း ဆိုပြီး စတားတစ်လုံးထပ်ပေါင်းလို့ ဖိုးစတား မောင်ဂီဖြစ်သွားပြန်တယ်ဗျာ…။
အော်…
သူနဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင်
သူနဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင်…
တိုက်တိုက်ဆိုင်ဆိုင်…။
Thanlwinoo
October 19, 2012 at 5:05 pm
ကလေးတွေရဲ့ အနာဂတ်..
တိုင်းပြည်ရဲ့ အနာဂတ်အတွက် စိတ်မကောင်းပါ….။
ဪ…. တစ်ချို့တွေနေနိုင်လွန်းတယ်…. 🙁
မိုး မင်းသား
October 19, 2012 at 6:28 pm
ကိုဘလက်ရေ
ရင်ကိုတည့်တည့် ထိမှန်တယ်ဗျာ
ကျွန်တော်တို ့လည်း…တစ်ချိန်က ကျောင်းတက်ခဲ့ရပါတယ် ။
ကျောင်းတက်ခဲ့ရတဲ ့ ကျောင်းသား စစ်စစ်တွေပါဗျ ာ။
ဒိ ကဗျာလေးကိုကော်ပီဆွဲသွားတယ်
ကိုဘလက်ရေ
ကျေးဇူးတင်ပါတယ်
kai
October 20, 2012 at 4:25 am
=
=
“သင်ရိုးတွေပြင်ကြ”
ပြည်တွင်းစစ်က ကမ္ဘာ့အကြာဆုံးဆုရ
စစ်ဘာကြောင့်ဖြစ် သမိုင်းဘီးရစ်
အဖြေထုတ်ကြည့်.. မေးခွန်းပေါက်နိုင်
ကျိန်စာသင့် အလိမ်ကလွတ်ချင်..
သူကချ သူ့ကိုချ
ချကိုချ ခြစားရင်းချ
ဆိုတော့…
ငါအခုပြင် ကျုပ်အခုရ..
တကယ့်ငြိမ်းချမ်းရေးဗျ.။ ။ :kwi:
အလင်းဆက်
October 22, 2012 at 9:09 am
သိပ်ကောင်းတဲ ့ကဗျာ..ပဲနော် ။
မင်းခိုက်…. ကို.. ကဗျာ သိပ်မရေးတတ်ဘူး ထင်တာ ။ သူ က ကဗျာလည်း.အရေးနည်းတယ် လေ ။
အခုတော့… မင်းခိုက်ရဲ ့ ကဗျာ အစွမ်းကို..တွေ ့လိုက်ရပြီဗျို ့ ။
အား.ကျတယ် ။
ဒီလို..ကဗျာကောင်းလေး.ကို …ရှာရှာဖွေဖွေ.ေ.တ ွ ့ပြီး.ပြန်တင်ပြပေးတဲ ့ လေးလေးဘလက်..ကိုကျေးဇူးတင်ပါတယ် ။
🙂