ငါကံကောင်းနေသေးတယ်-ရေးသူ ဘုန်းသုခေ(၅)
ဒေါက်တာမလေး
ည(၁၁)နာရီလောက်၊ အာရှတော်ဝင်ဆေးရုံပေါ်က အရေးပေါ်အခန်းထဲမှာ၊
“ဦးလေး ဘယ်လိုဖြစ်လာတာလဲ”ဒေါက်တာမလေးက မေးလိုက်တယ်။
လူနာက ဝူးတူးဝါးတားနဲ့ ပြန်ပြောတယ်။
“ရုံးက အဲယားကွန်းအခန်းထဲမှာ တစ်နေကုန်နေလာပြီး အိမ်ရောက်တော့ ည(၁၀)နာရီလောက်မှာ ရေချိုးလိုက်တယ်” ပါးတစ်ခြမ်းရွဲ့သွားလို့ အခု ဒီကိုရောက်လာတာ။
“ဪ ဖြစ်မှဖြစ်ရလေ ဦးရယ်၊ ဦးတို့လိုအရွယ်လေးရလာရင် ရေချိုးတာကို ဆင်ခြင်ရမယ်လေ၊ ဦးတို့ ငါးဆယ်ကျော် အရွယ်ဆိုတာညအချိန်မတော် ရေမချိုးသင့်ဘူး။
တော်သေးတာပေါ့ ပါးတစ်ခြမ်းရွဲ့ရုံမို့ ကိုယ်တစ်ခြမ်းပါ လေဖြတ်သွားနိုင်တယ်”လို့ဒေါက်တာမလေးက ရေချိုးဆင်ခြင်ဖို့ အကြံပေးစကား ပြောကြားနေတယ်။
“ဆေးရုံကို အချိန်မှီရောက်လာလို့ စိုးရိမ်စရာမရှိပါဘူး၊ ကောင်းသွားမှာပါ၊ ဒါပေမဲ့ အနေအထိုင် အစားသောက်တော့ ဆင်ခြင်ဖို့လိုလာပြီနော်ဦး”။
“ဟုတ်ပါတယ် ဒေါက်တာ။ ဒေါက်တာကိုလည်း ကျေးဇူးတင်တယ်”။
“ကဲ ဟုတ်ပါပြီ၊ သမီး ဂျူတီချိန်ပြီးလို့ပြန်လိုက်ဦးမယ်နော်”။
“ဒေါက်တာအိမ်က ဝေးလား”။
“မဝေးပါဘူး၊ ဆီဆုံလမ်းမှာပါ”၊
“ကဲ သွားမယ်နော်၊ မနက်ဖြန်မှ ပြန်လာကြည့်ပေးဦးမယ်”
“ဟုတ်ပါပြီ ဒေါက်တာ”။
“အင်း ဒီလိုဒေါက်တာမလေးတွေနဲ့ တွေ့ပြန်တော့ ဆေးရုံတက်ရတာ စိတ်ချမ်းသာလိုက်တာ၊ယဉ်ကျေးပျူငှါဆက်ဆံတတ်တာကိုး”။
အဲဒီ်နေ့ဆေးရုံကနေ အိမ်ပြန်ရောက်တော့ ည(၁၁)နာရီခွဲတော့မယ်၊ ဆေးရုံဆိုတာ အရေးကြီးတာဖြစ်လာရင် အရေးကြီးသလို လုပ်ပေးရတာဆိုတော့
ညဉ့်နက်သန်းခေါင် အိမ်ပြန်ရတာ ဆရာဝန်တွေအတွက် မဆန်းတော့ပါဘူး။ တစ်ခါတစ်လေဆိုမိုးစင်စင်လင်းသည်အထိ လုပ်ရတာတွေလည်းရှိခဲ့တာပဲ။
ည(၁၁)နာရီခွဲ ကျော်နေပြီ။အလုပ်ကပင်ပန်းလာလို့ လန်းဆန်းသွားအောင် ရေချိုးလိုက်ပါဦးမယ်။ ပြီးမှ အဆာပြေ တစ်ခုခုစားပြီးအိပ်တော့မယ်။
အိပ်ယာပေါ်ရောက်တော့ အဲယားကွန်းကို ရီမုကွန်ထရိုးနဲ့ ဖွင့်လိုက်တယ်။တစ်နေ့တာပင်ပန်းလာသမျှ ခဏတာအိပ်စက်ရင်း အနားယူလိုက်ပါတယ်။
မနက်မိုးလင်းတော့ အမေဖြစ်သူက ဟင်းချက်စရာတွေ သွားဝယ်ပြီးတော့ မီးဖိုချောင်ဝင်ပြီးချက်ပြုတ်နေတယ်။ (၈)နာရီတောင် ခွဲတော့မယ်။
သမီး အခုထိ မနိုးသေးဘူး။ ညကလည်းဆေးရုံက ပြန်လာတာနောက်ကျတော့ အိပ်ယာဝင်နောက်ကျလို့ မနိုးသေးတာဖြစ်မယ်။ အိပ်ပါစေ။
“မြေးလေးရေ ကျောင်းကားရောက်လာပြီ၊အဆင်သင့်ဖြစ်ပြီလား”
“ဟုတ်ကဲ့ အဖွား၊ အဆင်သင့်ဖြစ်ပါပြီ”
“ဖွား သားသား သွားတော့မယ်နော်၊မေမေက အိပ်တုန်းရှိသေးတယ်”
“မေမေကို သားကန်တော့သွားတယ် လို့ပြောလိုက်ဦး ဖွားဖွား´
“အေး အေး၊ မြေးလေး ကောင်းကောင်းသွားနော်”
“ဟုတ်ကဲ့ အဖွားကိုလည်း သား ကန်တော့သွားတယ်နော်”
“ဟုတ်ပါပြီ၊ ကဲ သွားတော့ သွားတော့၊လိမ္မာလိုက်တာ မြေးလေးရယ်”
“အော် သမီးအချစ်၊ မြေးအနှစ်”ဆိုတာအမှန်ပါပဲလား။
“ဟယ် ကိုးနာရီတောင်ကျော်နေပြီ၊ သမီးအခုထိ မနိုးသေးပါလား”
“ဟဲ့ သမီး ထတော့လေ၊ ကိုးနာရီကျော်နေပြီ ထတော့”
“ဟင်”
“ဘာသံမှလဲမကြားပါလား´ ပြောပြောဆိုဆိုအခန်းတံခါး ဆွဲဖွင့်လိုက်တယ်။
“အိပ်ယာပေါ်မှာ မှောက်ရက်ကလေးနဲ့အသက် ထွက်နေတာကို တွေ့လိုက်ရတယ်”
“မိခင်ကြီးက သမီး ဒေါက်တာမလေးသေနေတာကို မယုံဘူးဖြစ်နေတယ်”
“မိခင်ကြီးမယုံလည်း ဒေါက်တာမလေးကတကယ် သေသွားတာပါ”
“မေမေ့ကို ကန်တော့သွားတယ်” လို့ပြောပေးပါဆိုတဲ့ ကျောင်းသွားနေတဲ့ “မြေးလေး”ကိုပြောပြစရာ “စကားမရှိ”၊ “အားမရှိ”။
“အရုပ်ကြိုးပြတ်” ဖြစ်သွားရသူက“မိခင်”။
“သားမက်လုပ်သူက သင်္ဘောတက်နေတော့ဘယ်လို“စကားလုံးတွေသုံးပြီး” ပြန်ခေါ်ကြမှာလဲ?။
“ကျောင်းတက်နေတဲ့ မြေးလေး” ကိုရောဘယ်လို“ပြောပြီးခေါ်ကြမှာလဲ?”။
လာပြန်ပြီ သက်ပျောက်ဆွမ်း
မျက်နှာမသိတဲ့ ဒကာတစ်ယောက် ရောက်လာပြီး ….
“အရှင်ဘုရား၊ အသက်ပျောက်ဆွမ်းပင့်ချင်လို့ပါ။”
“ဒကာလေးက ဘယ်ကလဲ”
“ဆီဆုံလမ်း၊ အမှတ် ….ဒကာမကြီးကပင့်ခိုင်းလိုက်လို့ပါ”
“အင်း …” ဆိုပြီး ဝမ်းထဲက လေပူအရှည်ကြီးတစ်လုံးကို မှုတ်ထုတ်လိုက်ရပြန်ပြီ။
“ဒကာမကြီးရဲ့ သမီး ဒေါက်တာမလေးဒေါ်…….ဆုံးသွားတာပါဘုရား”
“အံဩခြင်းနဲ့အတူ ကိုယ့်ထက်ငယ်တဲ့သူလဲသွားရတာပါလား၊ ဆရာဝန် ဒေါက်တာမဆိုတာတွေလည်း သွားရတာပါလား”။
အိမ်ရောက်တော့ ဆရာဝန်မလေး သူ့အိပ်ခန်းထဲမှာ ရှိသေးတယ်ဆိုလို့ သွားကြည့်လိုက်တယ်။
ဝိညာဉ်မဲ့နေတဲ့ ခန္ဓာကိုယ်ကို စောင်လေးအုပ်ပြီးပက်လက်ကလေး ကုတင်ပေါ် တင်ထားတာကိုတွေ့လိုက်ရတယ်။
အင်း ဗုဒ္ဓမြတ်စွာက-
“ဤခန္ဓာကိုယ်သည် ဝိညာဉ်ကင်းမဲ့ခဲ့သော် အသုံးမကျသောထင်းတုံးကဲ့သို့ စွန့်ပစ်အပ်သည်ဖြစ်၍ မကြာမီသာလျှင် မြေကြီးပေါ်၌ အိပ်ရလိမ့်မည်”တဲ့။
အထက်ပါ ဗုဒ္ဓစကားတော်အရ-
ကုတင်ညောင်းစောင်ပေါ်မှာ အိပ်စက်နေရတယ်ဆိုတာ ထာဝရ မဟုတ်၊ ခေတ္တခဏမျှသာဖြစ်ပြီး၊
မြေကြီးသည်သာလျှင် ထာဝရအိပ်ယာဖြစ်ကြောင်းမှတ်ထားရပါမယ်။
ဒေါက်တာမလေးအား ရည်စူး၍ ကုသိုလ်ကောင်းမှုတွေကို အမျှဝေပေးကြတော့မှာ ဖြစ်လို့
စိတ်ကို တည်တည်ငြိမ်ငြိမ်ထားကြဖို့၊ ပူဆွေးငိုကြွေးမနေကြဖို့ အရင်ဆုံးသတိပေး ပြောကြားလိုက်တယ်။
ဒီနေ့ ပြုလုပ်တဲ့ကုသိုလ်ဟာ ကွယ်လွန်သွားသူအတွက် အထူးပြုလုပ်ပေးတာဖြစ်လို့ အောက်ပါအချက်လေးတွေနဲ့ပြည့်စုံအောင် ပြုလုပ်ကြရပါမယ်။
သံဃာကိုရည်မှန်းပြီး လှူဒါန်းရမယ်။
မိမိတို့ကိုယ်တိုင် ဒါန၊ သီလ၊ ဘာဝနာကုသိုလ်တစ်မျိုးမျိုး ပြုလုပ်ကြရမယ်။
ကွယ်လွန်သွားသူကိုလည်း နာမည်ခေါ်ပြီးအမျှဝေးကြရမယ်။
ဒီအချက်သုံးချက်နဲ့ ပြည့်စုံအောင်ဆောင်ရွက်ကြရမယ်။
ဒါကြောင့်မို့ သီလယူကြမယ်၊ ဆွမ်း၊ သင်္ကန်းစတဲ့ လှူဖွယ်ပစ္စည်းတွေဆက်ကပ်မယ်၊ တရားနာယူကြမယ်။
ပြီးတော့ ဒီကုသိုလ်တွေကို မနေ့ညက ကွယ်လွန်သွားတဲ့ ဒေါက်တာမလေးအတွက် အမျှဝေကြမယ်။အမျှဝေနေကြတယ်၊
ဆရာဝန်ဒေါက်တာမလေး သာဓု ခေါ်ဆိုနိုင်ပါစေ။
ဒေါက်တာမလေးအသက်က သုံးဆယ်ကျော်လေးပဲရှိသေးတယ်။ သားလေး တစ်ယောက်နဲ့ ခင်ပွန်းသည်က သင်္ဘောသား။
ကိုယ်ပိုင်လုံးချင်း တိုက်နဲ့ ကားနဲ့ဆိုတော့ ပြည့်စုံကြွယ်ဝတဲ့ မိသားစုလေးပါ။ အခုတော့ ကျန်ခဲ့တဲ့မိသားစုလေးက နံရံတစ်ဘက်ပွင့်နေတဲ့ အိမ်ထဲ နေရသလိုဖြစ်နေတယ်။
“မတည်မြဲတာတွေကို တည်မြဲတယ်”လို့ ထင်နေကြလို့ ငိုလို့မဆုံး၊ ပူလို့မဆုံးဖြစ်နေကြတာလေ။
ဆေးရုံပေါ်ကလူနာကို ဒေါက်တာမလေးက ကတိပေးထားတယ်လေ။
“မနက်ဖြန် ပြန်လာကြည့်ပေးဦးမယ်”တဲ့။
“ဒေါက်တာမလေးရဲ့ လူနာကတော့ စောင့်မျှော်နေဆဲပါပဲ”။
သေမင်း
ခြေလှမ်းကျဲ၊
ခြေလှမ်းမြန်၊
မြန်မြန်မလာဖို့၊
ငါတောင်းဆိုချင်တယ်။
10 comments
အရီးခင်လတ်
October 29, 2012 at 3:17 am
“ငါသည် မုချ သေရမည်။ အချိန်ပိုင်းသာလိုတော့သည်။”
ဆိုတာ လူမျိုး၊ ဘာသာ၊ ကျား၊ မ၊ ကြီး၊ငယ် မရွေး အတွက် အမြဲမှန်တဲ့ စကားပါ။
နေရခိုက်လေးမှာ ဘယ်လိုနေသွားချင်ကြသလဲ ဆိုတာကတော့ ကိုယ့်သဘော အတိုင်းပါဘဲ။
Reminder Post လေးတွေ အတွက် ကျေးဇူးပါ အစ်မရေ။
ကထူးဆန်း
October 29, 2012 at 7:00 am
ရေပူ နဲ့ဆိုရင်ကော ရေချိုး လို့ ရလား အန်တီ..
ကျွန်တော်လဲ ည ၉နာရီလောက်မှ ရေချိုးဖြစ်တဲ့ ရက်တွေ များနေလို့ ..
Foreign Resident
October 29, 2012 at 5:03 pm
” ကျွန်တော်လဲ ည ၉နာရီလောက်မှ ရေချိုးဖြစ်တဲ့ ရက်တွေ များနေလို့ ”
ကထူးဆန်း ၊ ဘာအခုမှ ကြောက်ပါပြီလဲ ။ 😛
ဦးဦးပါလေရာ
October 29, 2012 at 8:18 am
အင်း……
ထင်ထားတဲ့အတိုင်း ရေချိုးတဲ့ကိစ္စအလှည့် ရောက်လာတာပဲ….
ကျုပ်ကလဲ တနေကုန်ပေလူးညစ်ပတ်နေပေမယ့်
ညအိပ်ရင်တော့ သန့်သန့်လေးအိပ်ချင်တတ်တယ်…
အဲဒါနဲ့ တခါတရံ ည ဆယ့်နှစ်ခွဲ တစ်နာရီလောက် ရေချိုးမိပြန်ရော….
ကျုပ်သူငယ်ချင်းဗေဒင်ဆရာကတော့ပြောဘူးတယ်…။
ကျုပ်လိုလူမျိုးအသက်ရှိသေးတာ အံ့ဖွယ်တပါး … တဲ့… 🙁
jullies cezer
October 29, 2012 at 12:38 pm
အချိန်ကျလာရင် ဒီလူ့ဘဝဗီဇာက extension တိုးလို့မရဘူး
အရွယ်သုံးပါးမရွေး ခေါ်တဲ့အချိန်ပြန်ကြရတာပါပဲ ……
pooch
October 29, 2012 at 2:45 pm
အနော်လည်း ညဖက် ရေ ချိုးကျင့်ရှိတယ် ။ ညအိပ်ရင် သန့်သန့်ရှင်း ရှင်း လန်းလန်းဆန်းဆန်း အိပ်လိုက်ရမှ နေသာ ထိုင်သာ ရှိတယ် ။ ဆောင်းတွင်းဆိုရင်တော့ ရေပူသုံးပါတယ်။ အိမ်က ဂျပိုး ရှိုးပြတယ်လို့တောင် အပြောခံရတယ်။ ခုတော့ ဆင်ခြင်ပါတယ်။
သီရိမဟာ ဥမ္မာဒန္ဒီ ပပဝတီ ဦးဗြဲရမ်း ဒေါ်ဗလဗွ သမီး ညောင်ရမ်းဂွတို Wow
October 29, 2012 at 3:12 pm
ဆရာတော်တစ်ပါး ပြောဖူးပါတယ်.. လူတွေက တရားအလုပ်ဆို အားမှ လုပ်မယ်လို့ပြောကြတယ်၊ မသေခင်လုပ်တဲ့ .. အားလို့သေတဲ့ မသာမရှိဘူးတဲ့…
amatmin
October 29, 2012 at 5:41 pm
အန်တီပဒုမ္မာရေ..
သုံးဆယ်ကျော်လေး ဆိုတော့ ကိုယ်နဲ့နှိုင်းပီး မြင်ယောင်မိလိုက်တယ်..
ကိုယ်တိုင်တော့ ဘာမှ ပူပူပင်ပင်မရှိ.တွယ်တာစရာမရှိဆိုပေမဲ့..
ဒီလိုပို့စ်မျိုး ဖတ်ပီး သေချာဆင်ခြင်မိတော့လည်း..
အခုတည်းက လုပ်နိုင်တာလေးတွေ ကြိုလုပ်ထားဖို့ဆိုတဲ့ ..
အသိတရားလေးတော့ မှန်မှန်ကြီးတွေးလိုက်မိသားး..
ဆင်ခြင်နိုင်တာ.သင့်တာတွေ ဆင်ခြင်လိုက်ပါအုန်းမယ် နော့ 🙂
ရွှေ ကြည်
October 29, 2012 at 6:47 pm
ှုဦးဦးပါပြောသလိုပါပဲ ရွှေကြည်လည်းညအိပ်ကာနီးမှာရေချိုးတတ်တဲ့အကျင့်ရှိတယ် ညညဉ့်နက်တဲ့အခါလည်းနက်တယ် လုပ်စရာရှိတာအကုန်လုပ်ပြီးမှရေချိုးပြီးသန့်သန့်လေးအိပ်ချင်တာ..။
ဘုရား ဘုရား..။ ဆင်ခြင်ဦးမှပါပဲ။
padonmar
October 29, 2012 at 8:54 pm
ညဖက်ရေချိုးတတ်သူများလို့ သမ္မဂ္ဂထောင်ရမလိုတောင်ဖြစ်နေပြီ။
ဒီတစ်ချက်တော့ ကျမလည်းငြိတယ်။
အိမ်ကနေအပြင်ထွက်လည်းရေချိုးပြီးမှထွက်ချင်တယ်။
အပြင်ကပြန်လာလို့ အိမ်နေအကျီင်္လဲရင်လည်း ရေချိုးပြီးမှလဲချင်တယ်။
အဲဒီတော့ ဒီလိုဖြေမယ်။
ညဖက် ရေချိုးရင်လည်း အဲကွန်း၊ပန်ကာဖွင့်မအိပ်နဲ့။
ဖြစ်နိုင်ခြေကတော့ ရာသီဥတုပူလွန်းတဲ့အခါ Heat stroke ရတာလိုပဲ
အပူအအေး အပြောင်းအလဲမြန်သွားတဲ့အခါ သွေးကြောထဲကပူဖောင်းလေးတွေ ( Berries Aneurysm ခေါ်တဲ့ရောဂါရှိသူတွေမှာ)
ပေါက်သွားတာမျိုး၊သွေးကြောထဲက ကိုလက်စထရော အဆီခဲတွေ ရွေ့ပြီး ဦးနှောက်သွေးကြောပိတ်သွားတာမျိုးတွေကြောင့် ဖြစ်နိုင်ပါတယ်။
…
ကထူးဆန်းရဲ့ ရေပူနဲ့ချိုးတာတော့ရမရ ကျမလည်း မသိဘူး။