အတိတ်မေ့ကြသူများနှင့် အနာဂတ်မသိကြသူများ
ဖြစ်ချင်တိုင်းဖြစ်ခွင့်ရ၍ ကာလယန္တရားတစ်ခု ပိုင်ဆိုင်ရသည်ဆိုပါက ယနေ့လူကြီးများကို ထိုစက်အတွင်းထည့်ပြီး အတိတ်သို့အလည်သွားကြည့်စေလိုပါသည်။ လူငယ်များကိုမူ ထိုစက်အတွင်းသို့ပင် ထည့်၍ အနာဂတ်သို့ သွားကြည့်စေချင်မိပါသည်။ မိဘတို်င်း သားသမီးနှင့် ကတောက်ကဆ ဖြစ်ဖူးပါလိမ့်မည်။ သားသမီးမရှိသည့် လူများဆိုလျှင်လည်း တူ၊တူမများနှင့် အစာမကြေ ဖြစ်ဖူးကြမည် ထင်ပါသည်။ ယုတ်စွဆုံး တစ်ကိုယ်ရေတစ်ကာယသမားများပင်လျှင် လမ်းလျှောက်ရင်း မျက်စိခလုတ်တိုက်ခဲ့သည့် လူငယ်များကို ကြည့်မရ ဖြစ်ခဲ့ဖူးပေလိမ့်မည်။ ထိုပြဿနာပင်ဖြစ်ပါသည်။
ထိုပြဿနာသည် ခေတ်အဆက်ဆက် မငြီးငွေ့စတမ်း ပေါ်ပေါက်ခဲ့သော အကြိတ်အခဲဖြစ်ပါသည်။ ဟုတ်ပါသည်။ လူကြီးနှင့်လူငယ်ကြားမှ နားလည်မှုလိုအပ်ချက် ပြဿနာပင် ဖြစ်ပါသည်။ ဉာဏ်စဉ်မမီဟု လူကြီးများစိတ်တွင်ရှိနေသော လူငယ်များက တစ်ယူသန်များဟု ထိုလူကြီးများကို ပြန်လည်အပြစ်တင်သည်။ ထိုအခါ လူကြီးများက လူငယ်များကို ရိုင်းစိုင်းသည်ဟု မှတ်ချက်ချသည်။ လူငယ်များက တစ်ဖန်လူကြီးများကို် အကြင်နာမရှိသူများဟု မှတ်ယူကြသည်။ ထိုကိစ္စသည် ဂျာအေးလည်း အရှိုးရာစွဲနေပါပြီ။ မုန့်လုံးမှာလည်း စက္ကူကြားတွင် ရှာမတွေ့တော့ပါ။ စက္ကန့်သုံးဆယ်မျှ အချိန်ပေး၍ စဉ်းစားကြည့်ကြရအောင်ပါ။ အဘယ်ကြောင့် ဖြစ်ရပါသနည်း။
အဘယ်ကြောင့်ဟု မေးပြန်လျှင်လည်း လူကြီးများက “သူတို့က နားမှမလည်တာ”ဟူ၍ ဖြေကောင်းဖြေကြပါလိမ့်မည်။ လူငယ်များလည်း “သူတို့က လူငယ်တွေရဲ့ စိတ်ခံစားချက်ကိုမှ မသိတာ”ဟု ခွန်းတုံ့ပြန်ကြမည် ထင်ပါသည်။ တစ်ယောက်တစ်ခွန်းပြောနေ၍ အဖြေရှာတွေ့နိုင်မည် မဟုတ်ပါ။ အရေးကြီးသော လူကြီးတွေ၏အခြမ်းကို အရင် သုံးသပ်ကြည့်ရအောင်ပါ။
လူကြီးများက အတွေ့အကြုံကို အားကိုး၍ လူငယ်များက အတွေးအခေါ်ကို အားကိုးသည်ဟု ဆရာတော်အရှင်ဆေကိန္ဒက မြွက်ကြားဖူးပါသည်။ အမှန်ပင် လူကြီးများသည် ဘဝကို ဖြတ်သန်းခဲ့သော နှစ်ကာလရှည်ကြာမှုကြောင့် အတွေ့အကြုံ တစ်ပုံတစ်ပင် ရှိနေပါသည်။ ထိုအတွေ့အကြုံများကြောင့်ပင် ခန့်မှန်းနိုင်မှုစွမ်းအားကြီးမားခြင်းသည် အားသာချက်တစ်ခု ဖြစ်လာပါသည်။ မည့်သို့လုပ်လျှင် မည်သို့ဖြစ်မည်ကို အကြမ်းဖျဉ်းနားလည်နေကြ၍ လူငယ်များကို နည်းပေးလမ်းပြ ပြုနိုင်ကြသည်။ နောက်ထပ် လူကြီးများ၏ အားသာချက်များမှာ လူငယ်များထက်ပို၍ ဆင်ခြင်တုံတရားရှိခြင်းနှင့် ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိခြင်းတို့ပင်ဖြစ်သည်။ ယင်းတို့ကြောင့် ဆုံးဖြတ်ချက်များချမှတ်ရတွင် အမှားနည်းနိုင်သည်။ မှန်ကန်သည်ဟု ယုံမှတ်ရသော အလုပ်ကို လုပ်ကိုင်နိုင်သည်။ ရိုးရာအစဉ်အလာများကြားတွင် ကြီးပြင်းလာကြသူများဖြစ်ကြသောကြောင့် အစဉ်အလာများကို ဖက်တွယ်ကာ ထိန်းသိမ်းလိုကြသည်။
အစဉ်အလာများကို ဖက်တွယ်ထိန်းသိမ်းလိုကြသည့် လူကြီးများ၏ အကြီးမားဆုံးသော အမှားတစ်ရပ်မှာ မိမိထက်ငယ်သူမှန်သမျှ
မိမိလောက်မတော်၊ မိမိလောက်မတတ်ဟု တွေးမိနေကြခြင်းပင်ဖြစ်ပါသည်။ ထိုအတွေးဝင်နေသမျှကာလပတ်လုံး သားသမီးတပည့်များပြောသည်ဆိုလျှင် မိမိခံယူချက်နှင့်မကိုက်ညီပါက အမှန်ဟု ယူဆမပေးနိုင်တော့။ “သူတို့က လူဖြစ်တာ ဘယ်လောက်ကြာသေးလို့လဲ”ဟု စကားတင်းဆိုရန်သာ ဦးနှောက်ထဲတွင် ရှိကြတော့သည်။ ဒုတိယအမှားမှာ မိမိငယ်ဘဝကို မေ့တတ်ကြခြင်းဖြစ်ပါသည်။ မိမိငယ်ငယ်ကလည်း မိဘများနှင့် အငြင်းအခုံဖြစ်ခဲ့ကြဖူးသည်တို့ကို သတိမရတော့။ မိဘမကြိုက်သည်များကို လုပ်ခဲ့ဖူးသည်ကိုလည်း မမှတ်မိ။ သာဓကပြရလျှင် မိမိတို့လက်ထက်က မိဘများနားမလည်ခဲ့သည့် စတီရီယိုသီချင်းများကို ခုံမင်ခဲ့သည့်ဘဝကိုမေ့ကာ ယနေ့ခေတ်ရက်ပ်များ၊ ပန့်ခ်များကို မိမိခံစားချက်နှင့် မကိုက်ညီတော့သည်နှင့် ပစ်ပယ်ချင်ကြခြင်း၊ စာကျက်ရန်ပျင်းသည့် မိမိငယ်ဘဝကို မေ့ချင်ယောင်ဆောင်ကာ သားသမီးကို တုတ်မိုး၍ စာကျက်ရန်စေခိုင်းခြင်း တို့ပင် ဖြစ်သည်။ အဆိုးဆုံးမှာ လူငယ်များက မိမိတို့ထက်သာသွားမည်ကို မလိုလားသောကြောင့် လူငယ်များ၏ ထင်မြင်ယူဆချက် အသစ်များကို အလေးမထားလိုကြ။ မိမိလောက်မတတ်သူများက မိကျောင်းမင်းရေကင်းပြနေသည်ဟု ယုံကြည်ကာ လူငယ်များကို မလေးစားကြတော့။ ထို့ပြင် လူကြီးများနှင့်
လူငယ်များကြားမှ အကြီးမားဆုံး ကွာခြားချက်မှာ ခေတ်ပင် ဖြစ်ပါသည်။
ထိုအကြီးမားဆုံး ကွာခြားချက် ခေတ်ကြောင့်ပင် လူကြီးနှင့် လူငယ်တို့ကြားတွင် စည်းခြားနေသော တံတိုင်းက
တစ်ထပ်ပြီးတစ်ထပ် ထူလာရခြင်း ဖြစ်နိုင်သည်။ “ငါတို့ ငယ်ငယ်တုန်းက မင်းတို့လို မဟုတ်ပါဘူးကွာ” ဟူသော စကားမျိုးကို အသက်ရလာသူ အများစုပြောဖြစ်ကြမည်ထင်ပါသည်။ လူကြီးများမဆိုထားနှင့် အသက်နှစ်ဆယ်မပြည့်သေးသူများထံမှပင် ထိုစကားမျိုးကို နားနှင့်ဆတ်ဆတ်ကြားခဲ့ဖူးပါသည်။ ပွင့်ပွင့်လင်းလင်း ဝန်ခံရလျှင်တော့ စာရေးသူကိုယ်တိုင်ပင် ထိုစကားသုံးကာ ဖွင့်ဟညည်းတွားခဲ့ဖူးပါသည်။ ဤသည်မှာ စက္ကန့်နှင့်အမျှ ပြောင်းလဲနေသော ခေတ်ကြောင့်ပင် ဖြစ်ပါသည်။ တိုးတက်ရာတိုးတက်ကြောင်းများက တစ်နေ့တစ်ခြား များပြားလာဖို့သာ ရှိသည်။ လျော့ကျသွားဖို့မရှိ။ လွန်ခဲ့သည့် အနှစ်နှစ်ဆယ်၊ သုံးဆယ်ခန့်က လူငယ်များသည် ချတ်တင်ထိုင်ရကောင်းမှန်းမသိ၊ ရှိုးပွဲသွားစရာမလို၊ ရှော့ပင်ထွက်ရန်ဟူသည်ကား ဝေလာဝေးပင်။ ဖျော်ဖြေရေးများကလည်း များပြားလာ၍ လမ်းပေါ်ထွက်သည်နှင့် ပျော်စရာရှာနိုင်သော ခေတ်မျိုးတွင် လူငယ်မဖြစ်ခဲ့ဖူးသည့် ယနေ့လူကြီးများကိုလည်း အပြစ်တင်ရန်အကြောင်းမရှိပေ။ ထိုအခါ မိမိတို့ငယ်စဉ်က အိပ်မက်မမက်ခဲ့ဖူးသော လုပ်ငန်းဆောင်တာမျိုးနှင့် ပျော်မွေ့နေကြသော လူငယ်များ၏ ခံစားမှုကို ကိုယ်ချင်းမစာနိုင်ကြသော လူကြီးများဖြစ်လာသည်။ ခေတ်ကိုမလိုက်နိုင်ကြသူများမှာ လူငယ်များနှင့် ပိုမိုဝေးကွာလာရပြီး ပြဿနာများမှာလည်း ပိုမိုကြီးထွားလာကြသည်။ လူငယ်များကို ပေါ့ပေါ့ပါးပါး အပျော်ရှာနေကြသူများဟု သတ်မှတ်ထားကြသော လူကြီးများအတွက် စဉ်းစားရန် အခြေအနေကလည်း ပေါ်ထွက်လာပါသည်။
ထိုစဉ်းစားရန် အခြေအနေမှာ ယနေ့လူငယ်များသည် ပျော်ပါးရန်အခွင့်အလမ်းများ ပိုမိုများပြားလာသည်နှင့်အမျှ လှုပ်ရှားရုန်းကန်ရန်လည်း လိုအပ်မှုကလည်း တစ်နေ့တစ်ခြား တိုးတက်နေပါသည်။ မိမိတို့ငယ်စဉ်က မကြုံတွေ့ခဲ့ရဖူးသော ကျောင်းကပြန်သည်နှင့် ကျူရှင်တက်နေရခြင်း၊ နွေကျောင်းပိတ်ရက်များတွင်ပင် သင်တန်းမျိုးစုံတက်နေရခြင်းတို့ကို ထောက်ခံပြီး ကြည့်နေနိုင်ပါက အားလပ်ရက်များတွင် သူငယ်ချင်းများနှင့် အပြင်လည်ခြင်း၊ စတိတ်ရှိုးသွားခြင်းတို့ကိုလည်း မကန့်ကွက်ဘဲ နေနိုင်ရမည်ဖြစ်ပါသည်။ ထိုအလုပ်များသည် လူငယ်ဘဝတွင်သာ လုပ်ဆောင်နိုင်သည့် အရာများဖြစ်သည်ဟု နှလုံးသွင်းကာ ခွင့်လွှတ်ပေးသင့်ပါသည်။ မိမိတို့လည်း လူငယ်ဘဝက မိဘတို့က “အရည်မရ အဖတ်မရ”ဟု အမည်တပ်ခဲ့သော အလုပ်များစွာကို ပျော်မွေ့စွာလုပ်ကိုင်ခဲ့ဖူးသည် မဟုတ်ပါလော။
တစ်ဖန် လူငယ်များကို စောင်းငဲ့ကြည့်လိုက်လျှင် အတွေးအခေါ်များ၊ ခံစားချက်များကို အားပြုထားသည်ကို တွေ့ရမည်ဖြစ်ပါသည်။ နုပျိုလန်းဆန်းမှုများ ဝန်းရံနေသောအရွယ်ဖြစ်၍ အစဉ်သဖြင့် တက်ကြွနေကြသော လူငယ်များပင် ဖြစ်ပါသည်။ အတွေ့အကြုံများစွာ မရှိသေးသည်နှင့်အညီ အရာရာကို စူးစမ်းလိုကြသည်။ စမ်းသပ်ကြည့်ချင်ကြသည်။ သင့်တော်သည်၊ မသင့်တော်သည်ထက် မိမိတို့ ဆန္ဒရှိသောအရာကို လုပ်ဆောင်ရလျှင်ပင် ပျော်မွေ့နေကြသည်။ ဝါသနာကို မွေးမြူထားကြပြီး ထိုဝါသနာအတိုင်းဆောင်ရွက်ကြသည်။ သွက်သွက်လက်လက်ရှိသော အရွယ်ဖြစ်၍ တစ်စုံတစ်ခု လုပ်ကိုင်လျှင် လျင်လျင်မြန်မြန်သာ ဆောင်ရွက်လိုကြသည်။ အပေါင်းအသင်းများနှင့် စုပေါင်းလုပ်ကိုင်ရသည်တို့ကို နှစ်ခြိုက်ကြသည်။ ထိုအပေါင်းအသင်းများကြားထဲတွင် စကားလုပ်ပြောနိုင်ရန် တစ်နေရာရာတွင် အခြားသူများထက် သာအောင်လည်း ကြိုးစားလိုစိတ်ရှိကြသည်။ မိမိသဘောကျသည့်ကိစ္စရပ်ကို လုပ်ကို်င်ချင်စိတ် ပြင်းပြကြသည်။
လုပ်ကိုင်ချင်စိတ် ပြင်းပြကြသော လူငယ်များသည်လည်း လူသားများသာဖြစ်၍ အမှားနှင့်မကင်းနိုင်ကြပေ။ ပထမမှားသည်မှာ
မိမိတို့၏ မိဘများအပါအဝင် လူကြီးများ၏ အတွေးအခေါ်များသည် ဟောင်းနွမ်းနေပြီဟု ယူဆကြခြင်းပင် ဖြစ်သည်။ ထိုသို့ယုံကြည်မိသည်နှင့်တစ်ပြိုင်နက် ဆုံးမစကားများကို စာအုပ်များထဲသို့သာ ပို့ပစ်ချင်ကြတော့သည်။ တမင်လုပ်ယူထားသော ဆန့်ကျင်မှုများကို ထုတ်ပြလာကြသည်။ ထို့ပြင် လူငယ်တို့သည် လူကြီးတို့၏ အတွေ့အကြုံကိုလည်း လျစ်လျူရှုတတ်ကြသေးသည်။ တစ်စုံတစ်ရာနှင့်ပတ်သက်၍ ရှင်းပြလျှင် အပိုဆာဒါးများဟုသာ ထင်မှတ်ကြသည်။ တစ်ခါတစ်ရံတွင် လူကြီးများလူငယ်ဖြစ်ဖူးသည်ကိုလည်း မေ့မေ့သွားတတ်ကြသည်။ လူကြီးမိဘတို့က သူတို့ငယ်စဉ်က ကြုံတွေ့ခဲရသည်များနှင့် နှိုင်းယှဉ်၍ ရှင်းပြလျှင်လည်း နားမဝင်ကြတော့။ လူငယ်များတွင် တွေ့ရသော အဆိုးဆုံးအချက်မှာ မိမိကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲခြင်းပင် ဖြစ်သည်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုဟူသည်မှာ ရှိသင့်သည်အရာဖြစ်သော်လည်း လွန်ကဲလာလျှင်တော့ အမှားဘက်ယိမ်းလာသည်။ မိမိသည် အရာရာကို နားလည်သူဖြစ်သည်၊ လူကြီးများ၏ ညွှန်ကြားချက်မပါဘဲ ဆောင်ရွက်နိုင်သည်ဟု မှတ်ထင်မိသောအခါ ထိန်းသိမ်းပဲ့ပြင်ပေးလိုသော လူကြီးများကို အစိုးရိမ်ပိုသူများ၊ အလကားပူပန်တတ်သူများဟုသာ ယူဆထားကြတော့သည်။ ထိုမျှသာမက ထုံးတမ်းအစဉ်အလာများကို တစ်ဖြည်းဖြည်းပစ်ပယ်ချင်လာကြသည်။
ထုံးတမ်းအစဉ်အလာများကို ပစ်ပယ်ချင်လာကြသော လူငယ်များအဖို့လည်း မိမိတို့အတွက် ပုံပြင်သဖွယ်ပတ်ဝန်းကျင်တွင် လူလားမြောက်လာခဲ့ကြသော လူကြီးများ၏ စိုးရိမ်ပူပန်မှုတို့ကို နားလည်ပေးနိုင်ရန်မှာ အခက်အခဲတစ်ခုဖြစ်လာသည်။ လူကြီးမဖြစ်ဖူးကြသေး၍လည်း အသက်အရွယ်ရသူတစ်ယောက်၏ ဘဝကို ထပ်တူထပ်မျှ မခံစားပေနိုင်တော့ပေ။ ဤသို့ဖြင့် မရိုးသေးသော လူကြီးလူငယ်ပြဿနာများမှာလည်း အရှိန်အဟုန်မြင့်လာရတော့သည်။
ပြဿနာများ အရှိန်အဟုန်မြင့်နေခြင်းကို မည်သို့ဖြေရှင်းမည်နည်း။ လူကြီးဘက်မှ ခွင့်လွှတ်ပေးနေရုံမျှနှင့်လည်း မဖြစ်နိုင်ပါ။ လူငယ်များဘက်မှ နာယူလက်ခံနေရုံနှင့်လည်း မပြီးပါ။ နှစ်ဦးနှစ်ဖက်စလုံး ကျေကျေနပ်နပ်နှင့် ညှိနှိုင်းကြမှသာ အဆင်ပြေချောမွေ့သော ဆက်ဆံရေးတစ်ခုကို တည်ထောင်နိုင်မည် ဖြစ်သည်။
အဆင်ပြေချောမွေ့သော ဆက်ဆံရေးတစ်ခုကို တည်ထောင်နိုင်ရန်အတွက် လူကြီးများကို ခေတ္တ စဉ်းစားကြည့်စေလိုပါသည်။ နောင်အနှစ်သုံးလေးဆယ်တွင် ကမ္ဘာပေါ်ရှိ ဦးဆောင်နေသူများ အားလုံး၏နေရာတွင် ယနေ့လူငယ်ဟု အမည်တွင်နေသူများက အစားထိုးဝင်ရောက်ကြမည် ဖြစ်ပါသည်။ ထိုအခါတွင် ဘီလ်ဂိတ်နေရာတွင်လည်း ယနေ့လူငယ်၊ ဘင်ကီမွန်းရာထူးကိုလည်း ယနေ့လူငယ်၊ ဒေးဗစ်ဘက်ခမ်း၏ ကျော်ကြားမှုကိုလည်း ယနေ့လူငယ်များဖြင့်သာ ဖုံးလွှမ်းသွားမည်သာ ဖြစ်ပါသည်။ ထို့ကြောင့် မိမိမျက်စိရှေ့တွင် ပျော်နေကြသော လူငယ်များကို သာမန်လူငယ်များဟု မတွေးဘဲ မိမိတို့နေထိုင်ခဲ့ဖူးသော ကမ္ဘာကြီးကို ဆက်လက်ထိန်းသိမ်းပေးသွားမည့် သူများအဖြစ် မြင်ကြည့်စေလိုကြပါသည်။ လူငယ်များကိုလည်း လူကြီးဖြစ်ရမည့် ဘဝကို ခဏမျှ နက်နက်နဲနဲတွေးတော ကြည့်စေလိုပါသည်။ မိမိပြောသမျှကို ခွန်းတုံ့မခံပြန်ပြောနေသော သားသမီးများနှင့် အတူနေထိုင်ရမည့် ဘဝမျိုးကို မြင်ယောင်ကြည့်စေလိုပါသည်။ ထိုသို့ နှစ်ဦးနှစ်ဖက် စာနာနားလည်ပေးနိုင်ကြလျှင် ကမ္ဘာကြီးသည် ပို၍နေပျော်ဖွယ်ကောင်းလာမည် ထင်ပါသည်။
——-သူငယ်ချင်းတစ်ယောက်ပို့လာတဲ့ post လေးပါ ။
2 comments
manawphyulay
July 13, 2010 at 8:18 am
မိဘနှင့် သားသမီးကြား အလမ်းမကွာဖို့ နွေးထွေးပြီး သားသမီးတွေအတွက် အချိန်ပေးနိုင်မှု ပိုရှိသင့်ပါတယ်။
kopauk mandalay
July 13, 2010 at 12:08 pm
ဖြစ်သင့်တာကတော့ လူငယ်တွေကလဲ လူကြီးတွေကိုသူတို့ဘာမှမသိပါဘူးကွာ အန်းဒိတ်တွေဖြစ်နေပြီလို့မတွေးဘဲ
လူကြီးတွေကလဲ ငါတို့ခေတ်ကနဲ့ကိုမတူဘူး လို့ တစ်ဘက်သတ်မတွေးဘဲ
လူကြီးကလဲခေတ်ကို နားလည်ပေးလို့ လူငယ်ကလဲ လူကြီးကိုတိုင်တိုင်ပင်ပင်နဲ့ဆိုရင်
ဒီပြဿနာတွေပြေလည်ပါပြီ။
အဓိက ကတော့ နားလည်မူ့လွဲကြတာပါနော်။
ခင်သောကိုပေါက် မန်းတလေး