“နွားသိုးကိုးကောင် မွှေးတောင်တစ်မျှင်ကျွတ်သည့်နှယ်” (EPISODE 0)

nicolus agralOctober 29, 20121min2997

ကိုယ်တို့မြန်မာတွေ စကားပြောတဲ့အခါ ဥပမာ၊ ဥပမေယျ၊ ပုံတိုပတ်စကလေးတွေ ခိုင်းနှိုင်းပြီး သဘောပေါက်နားလည်လွယ်အောင် ပြောလေ့ရှိသလိုပဲ ချန်တို့။ မော်တို့၊ တိန့်တို့၊ ကျန်တို့ တိုင်းပြည်ကြီးမှာလည်း ဘာလေးပြောလိုက်ပြောလိုက် အဲသလို စကားတန်ဆာ အလင်္ကာလေးတွေနဲ့ ပြောလေ့ရှိကြပါသတဲ့။ ၁၉၈ဝ တုန်းက တိန့်ရှောင်ဖိန်ကြီး မာဂရက်သက်ချာနဲ့ ဟောင်ကောင်ကျွန်းကို ပြည်မကြီးထံ ပြန်ပေးဖို့ စာချုပ်ချုပ်ကြတဲ့အခါမှာ သူကတိုတိုတုတ်တုတ် စကားတစ်ခွန်းတည်းနဲ့ တရုတ်ပြည်သူတရပ်လုံးရဲ့ထောက်ခံမှုကို အရယူလိုက်နိုင်ပါသတဲ့။ “အပင်မြင့်ချင်သလောက်မြင့် အရွက်ကြွေတဲ့အခါမှာတော့ အမြစ်ရှိရာ ပြန်လာရစမြဲပဲ” တဲ့။ “Shu gao qian zhang, Lao ye gui gen.” (Even if a tree reaches the height of ten thousand feet, falling leaves return to their roots.) ကမာ္ဘအနှံ့အပြားမှာ အစေ့ကျရာ အပင်ပေါက်နေကြတဲ့ တရုတ်လူငယ်လူရွယ် ပညာတတ်တွေဟာလည်း အချိန်တန်ရင် ကိုယ့်ဘိုးဘွားမျိုးနွယ်များရှိရာ အမိမြေကိုပြန်လာ အခြေချဖို့ကောင်းတာပေါ့ဆိုတဲ့ အတွေးနဲ့လည်း အဲသည်စကားကို ပြောလေ့ရှိပါတယ်။ သူတို့ယဉ်ကျေးမှုက သေပြီးသွားတဲ့ ဘိုးဘွားဘီဘင်တွေကို အိမ်မှာ နံမည်ကမ္ဗည်းတိုင်ကလေးတွေနဲ့ ပူဇော်ထားပြီး နှစ်သစ်ကူးတိုင်း သတိတရ ရှိခိုးကန်တော့ကြတဲ့ အမျိုး မဟုတ်လား။ တရုတ်လူမျိုးတွေရဲ့ စကားပုံ ပုံပမာလေးတွေကတစ်ဆင့် ရှေးဟောင်းနှောင်းဖြစ်ကလေးတွေကို နောင်လာနောက်သား မှတ်သားနာယူစရာဖြစ်အောင် စိတ်ဝင်တစား အလေးထားဖွယ်လည်းဖြစ်အောင် စာတစ်စောင်ပေတဖွဲ့ ရေးသားဖြန့်ချီသွားတဲ့သူကတော့ အယ်ဒလင်းယင်မာ (Adeline Yen Mah) လို့ခေါ်တဲ့ အမေရိကားရောက် တရုတ်ဆရာဝန်မတစ်ယောက် ဖြစ်ပါတယ်။ သူ့ရဲ့ ပထမဦးဆုံး စာအုပ်နံမယ်က ရွက်ကြွေတော (Falling Leaves) တဲ့။

သူငယ်ငယ်တုန်းက ရှန်ဟိုင်းမှာနေစဉ် ကျောင်းကပြန်လာလို့ သူ့ဖိုးဖိုးရှိရာ အထပ်ခိုးကလေးပေါ် ပြေးတက်သွားရင် စုတ်တံကလေးတစ်ချောင်းနဲ့ ဗူးသီးငါးပေါင်းစာတွေခြစ်ရင်း ပီကင်းအော်ပရာသီချင်းတွေ ညည်းနေလေ့ရှိတာကို တွေ့ရစမြဲပဲတဲ့။ “ဖိုးဖိုး ဘာတွေရေးနေတာတုန်း ဟင်” လို့ မေးလိုက်ရင် “စကားပုံလေးတွေပေါ့ မြေးရယ်။” လို့ဖြေတယ်။ “စကားပုံဆိုတာ ဘာလဲ။ ငါ့မြေးသိလား။ ဖိုးကိုပြောပြပါဦး။” ဆိုရင် သူကလည်း ဘာရမလဲ။ “ပညာရှိတွေ ပြောတဲ့စကားလေ။” လို့ ဖြေလိုက်တယ်။ “ဟုတ်လား။ အဲသည် စကားပုံတွေက ဘယ်ကနေလာသလဲ။” လို့ ဆက်မေးလာရင်တော့ မဖြေတတ်တော့ဘူး။ သည်အခါမှာ ဖိုးဖိုးက စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြတယ်။ “စကားပုံဆိုတာက ဟိုးရှေးရှေးကလူတွေ ပြောခဲ့တာ မြေးရဲ့။ အဲဒါကြောင့် သမိုင်းကနေလာတယ် လို့ ပြောလို့ရတယ်။ ဖိုးတို့တရုတ်လူမျိုးတွေဟာ တခြားလူမျိုးတွေထက်စာရင် ဘိုးကြီးဘေးကြီးတွေအပေါ်မှာ၊ သမိုင်းအပေါ်မှာ မြတ်မြတ်နိုးနိုး တလေးတစားရှိကြတယ်။ ဖိုးတို့အတွက် သမိုင်းဆိုတာ အတိတ်မှာ ကျန်ခဲ့တဲ့ အဖြစ်အပျက်သက်သက် မဟုတ်ဘူး။ မြေးတို့လို မျိုးဆက်သစ်လူငယ်တွေကို သင်ခန်းစာပေးဖို့၊ ဘဝမှာ ဘယ်လိုနေရထိုင်ရမယ်ဆိုတာ ဆုံးမသွန်သင်ပေးဖို့ ရည်ရွယ်တယ်။ အတိတ်ကဖြစ်ရပ်ကလေးတွေအကြောင်း ဥပမာကလေးတွေနဲ့ ဆုံးမရစ်ခဲ့တဲ့ စကားကလေးတွေကို စကားပုံလို့ခေါ်တယ်။ မြေးကို စကားပုံကလေးတွေက အတိတ်အကြောင်း ပုံပြင်ပြောပြလိမ့်မယ်။ ဒါပေမယ့် အဲဒါက မြေးနားထောင်ပြီး အတိတ်မှာပဲ ထားခဲ့ဖို့ မဟုတ်ဘူး။ မြေးရဲ့လက်ရှိဘဝမှာ အကျိုးရှိရာရှိကြောင်း လမ်းညွှန်ပြသပေးဖို့အတွက် လို့ မှတ်ထားရမယ်။”

“ကဲ အခု ဖိုးဖိုးရေးထားတဲ့ စာလုံးလေးလုံးကို မြေးဖတ်တတ်တယ် မဟုတ်လား။ ဖတ်တတ်ရင် ဖိုးဖိုး ငါ့မြေးကို ရွေးစရာနှစ်ခုပေးမယ်။ ချိုချဉ်စားမလား။ ဒါမှမဟုတ် အဲဒီစကားပုံကလေးရဲ့ နောက်ကြောင်းပုံပြင်ကလေးကို နားထောင်မလား။”

“Jiu niu yi mao” (Loss of one hair from nine oxen) “နွားထီးကိုးကောင်က အမွှေးတစ်ပင်ကျွတ်သွားတာလို့ ပြောတာ မဟုတ်လား ဖိုးဖိုး။”

“တော်လိုက်တဲ့ငါ့မြေး။ ဒီနေ့တော့ အစမို့လို့ ဖိုးဖိုးက သကြားလုံးလည်း ကျွေးမယ်။ ပုံပြင်လည်း ပြောပြမယ်။ နောက်နေ့ကျရင်တော့ ငါ့မြေးကြိုက်ရာ တစ်ခုကိုပဲ ရမကွဲ့။”

အဲသည်နောက်မှာတော့ ဖိုးဖိုးကုလားထိုင်ဘေးမှာ ကျုံကျုံလေးထိုင်ပြီး ပုံပြင်တွေ နားထောင်လာခဲ့တာ သကြားလုံးဆိုတာ ဘယ်လိုဟာမှန်းတောင် မမှတ်မိလောက်အောင် မေ့သွားပါလေရော။ အခုတော့ သူ့ဖိုးဖိုးလည်း မရှိတော့တာ ကြာပေါ့။ ဒါပေမယ့် ဖိုးဖိုးနဲ့ နောက်ဆုံးတစ်ကြိမ်တွေ့လိုက်တုန်းကတော့ သူပြောတာ “လောကမှာ ငါ့မြေးပိုင်ဆိုတဲ့ ပစ္စည်းဥစ္စာတွေကိုသာ သူများတကာက ခိုးဝှက်ယူဆောင်သွားလို့ ရကောင်းရမယ်ကွယ်။ မြေးကို ဖိုးဖိုးပြောပြခဲ့လို့ ကိုယ်တိုင်နားလည် သိမြင်မှတ်သားလာခဲ့တဲ့ စကားပုံပုံပြင်ကလေးတွေကတော့ မြေးကမပေးပဲ ဘယ်သူကမှ ခိုးယူလို့ ရနိုင်စရာ အကြောင်းမရှိတော့ဘူး။” လို့ ပြုံးပြုံးကြီးပြောခဲ့ပါတယ် တဲ့။ ဒါပေမယ့် ယင်မာက သူ့ဖိုးဖိုး လက်ဆင့်ကမ်းပေးခဲ့တဲ့စကားပုံကလေးတွေကို တိတ်တိတ်ကလေး တစ်ယောက်တည်းဖတ်ပြီး သေရာကိုသယ်သွားမှာ မဟုတ်ပါဘူး။ သူကနေ တဆင့်ပြန်မျှဝေပေးခဲ့တာကြောင့် အခု ကိုယ်လည်းဖတ်လိုက်ရပြီ။ ကိုယ်ကတဖန် ဖေ့စ်ဘုတ်ပေါ်မှာ ပြန်မျှလိုက်လို့ သူသူကိုယ်ကိုယ် အားလုံးလည်း ဖတ်လိုက်ရပြီ မဟုတ်ပါလား။ ကဲ ပြောစမ်းပါဦး။ သကြားလုံးစားမလား။ စာဆက်ဖတ်ချင်သလား။

“နွားသိုးကိုးကောင် မွှေးတောင်တစ်မျှင်ကျွတ်သည့်နှယ်” လို့ ခိုင်းနှိုင်းပြောဆိုသွားသူကတော့ ခရစ်တော်မပေါ်မီ နှစ်ပေါင်းတစ်ရာကျော်လောက်က သမိုင်းပညာရှင်ဆရာကြီး စီမာချမ်း (Sima Qian) က သူငယ်ချင်းထံပေးစာတစ်စောင်မှာ ရေးထားခဲ့တာပါ တဲ့။ တရုတ်ပြည်မှာ ဟန်မင်းဆက်စိုးစံနေတုန်းက ဧကရာဇ်ဝူလက်ထက်မှာ ထိုက်ရှိလို့ခေါ်တဲ့ ရာဇဝင်ပြုစုသူပညာရှိအဖြစ်နဲ့ သူ့အဖေအရိုက်အရာကို ဆက်ခံပြီး အလုပ်လုပ်ခဲ့သူတစ်ဦးဖြစ်ပါသတဲ့။ သားအဖနှစ်ယောက် ရှေးဟောင်းစာပုရပိုဒ်၊ အထောက်အထား၊ ပုံပြင်ဇာတ်ကြောင်းတွေကို ရေဆုံးရေဖျား ခြေရာခံစုဆောင်းခဲ့ကြတာ အဖဖြစ်သူ မပြီးဆုံးသေးတဲ့တာဝန်တွေကို “အားကိုးပါရစေ ငါ့သားကြီးရယ်” ဆိုပြီး မျက်စိမှိတ်သွားရရှာသတဲ့။ စက္ကူတောင် မပေါ်သေးတဲ့အချိန်မို့ ဝါးခြမ်းပြားကလေးပေါ်မှာ ဓါးဦးချွန်ကလေးနဲ့ခြစ်ပြီး ရေးခဲ့ရတာဆိုပဲ။ အကုသိုလ်ဝင်ချင်တော့ မွန်ဂိုးလီးယား သဲကန္တာရဘက်မှာ သူပုန်တွေကိုနှိမ်နှင်းဖို့ စစ်ထွက်သွားတဲ့ စစ်ဗိုလ်ချုပ်ကြီးတစ်ယောက်ဟာ အင်အားခြင်းမမျှ ရိက္ခာပြတ်၊ မျှားကုန်ဖြစ်လို့ သုံ့ပန်းအဖြစ် ရန်သူ့လက်ရောက်သွားရှာသတဲ့။ သူတို့ခေတ်တုန်းက အဲသလို အမိခံရမှာထက်စာရင် သိက္ခာနဲ့အညီ ကိုယ့်အသက်ကို အစတုံးစီရင်ပစ်ဖို့ကောင်းတယ် လို့ ယူဆကြပါသတဲ့။ ဒေါသူပုန်ထတဲ့ ဝူဘုရင်မင်းမြတ်က ကျန်ရစ်သူ ဆွေမျိုးသားချင်းအားလုံး မိန်းမနဲ့ကလေးများပါမကျန် သေဒဏ်စီရင်စေပါတယ်။ ဆရာဝန့်ဘက်ကရှေ့နေလိုက်ခဲ့တဲ့ မောင်စံဖားကလေးသာ ဘာမှ မဖြစ်တာ စစ်ဗိုလ်ချုပ်ကြီးဘက်က ရှေ့နေလိုက်မိတဲ့ စီမာချန်ခမျာမတော့ ရာဇမာန်ရှသွားရှာတာ လက်စကိုတုံးပါလေရော။ သူတို့ကို မသတ်ရရင် မင့်ကိုသတ်ဖို့ပဲ ရှိတာပေါ့တဲ့။ အတည်ကြီးကို သတ်တော့မှာ။ နောက်နေတာ မဟုတ်ဘူး ဆိုပေမယ့် သူတို့တရုတ်ထုံးစံ သေဒဏ်စီရင်ခံရတဲ့ မင်းမှုထမ်းအရာရှိတွေမှာ စောစောက သကြားလုံးစားမလား ပုံနားထောင်မလား ရွေးသလိုပဲ ရွေးချယ်စရာတစ်ခုတော့ ရှိသတဲ့။ ခိုင်ဖုန်းကဓားစက်ကြီးအောက် မဝင်ချင်ရင် ကိုယ့်ဥကိုယ်ထုလို့စီရင်ပြီး ကုန်းကုန်းကြီးလုပ်လို့တော့ ရသေးသတဲ့။ မကိုလည်းခင် ဥကိုလည်းခင်တတ်တဲ့ သူတို့ပေါက်ဖော်ကြီးတွေအဖို့ လူ့ဘဝမှာ အဲဒါမပါရင် အသက်ကင်းမဲ့သွားပြီ။ အချည်းနှီးပဲ လို့ ယူဆကြတာမို့ ဘယ်သူကမှ သေလမ်းကိုပစ်ပြီး ကြေကွဲစရာလမ်းစဉ်ကို မရွေးခဲ့ပါဘူး။ သို့သော်လည်း စီမာချန်ကတော့ သူ့သကြားလုံးနှစ်လုံးကို စွန့်လွှတ်လိုက်ပါတယ်။ ပုံတွေဆက်ပြောစရာ ရှိသေးတာကိုး။ အရှက်တွေ သိက္ခာတွေ ကုန်းကောက်စရာ မကျန်သော်လည်း သူ့အဖေလက်ထက်ကတည်းက ရေးခဲ့တဲ့ ရှိဂျိ (Shiji) ဆိုတဲ့ တရုတ်ရှေးဟောင်းသမိုင်းမှတ်တမ်းကို ပြီးစီးအောင် ပြုစုခဲ့ပါသတဲ့။ မကွယ်လွန်မီ သုံးနှစ်လောက်မှာ သူ့သူငယ်ချင်း ဖီချွမ်နယ်အုပ်ချုပ်ရေးမှူးထံကို စာတစ်စောင်ရေးပို့တဲ့အခါမှာ ဟိုကလည်း ရာဇမာန်သင့်နေလို့ ဖတ်လေလား မဖတ်လေလားရ မသိပေမယ့် အခုအခါမှာ သမိုင်းပညာရှင်တွေအားလုံး ဖတ်နေရတဲ့ စာလွှာအစအဆုံးဟာ စာလုံးရေ ၂၄၀၁ လုံးနဲ့ ဖွဲ့စည်းထားလေရဲ့လို့ သမိုင်းအထောက်အထား ဖြစ်လို့လာပါတယ်။

စာထဲမှာ သူပြောထားတာတွေထဲက ကောက်နှုတ်ပြချင်တာက “တကယ်လို့များ အဲသည်အချိန်က ယောကျင်္ားတစ်ယောက်ရဲ့ မာနတွေ သိက္ခာတွေကို ငဲ့ကွက်ပြီး သေလမ်းကိုရွေးခဲ့မိမယ်ဆိုရင် ငါ့အသက်ဟာ နွားသိုးကိုးကောင် မွှေးတောင် တစ်မျှင်ကျွတ်သည့်နှယ်သာ ဖြစ်လိမ့်မယ်။ ပုရစ်ကလေး ပုရွက်ဆိပ်ကလေးတွေ သေတာနဲ့ ဘာမှပိုထူးခြားလိမ့်မယ် မဟုတ်ပါဘူး။ အခုမသေသေးဘူး။ နောက်မှသေတာပေါ့ဆိုတာကလည်း ရှင်လျက်နဲ့ ဂုဏ်သိက္ခာမဲ့တဲ့အဖြစ်သာမက ယူကျုံးမရနဲ့ အခါခါသေရဦးမှာလည်း သိပါရဲ့။ လူဆိုတာ တစ်သက်မှာတစ်ခါတော့ သေရစမြဲပဲ။ တချို့ကတော့ ကျောက်တောင်ကြီးလို ဗိုင်းကနဲသေချင်လည်းသေမယ်။ တချို့လည်း ဘဲငန်းများအတောင်ကျွတ်သလို မသိလိုက်မသိဘာသာ အမှတ်တမဲ့ရှိချင်လည်းရှိမယ်။ အဲဒါတော့ သူ့အပေါ်မှာပဲ တည်တာပေါ့ …။”

“အခုတော့ ငါ့မှာ ကိုယ့်ဇာတိရပ်ရွာမှာတောင် မျက်နှာမပြဝံ့တဲ့အဖြစ်။ မိဘမျိုးရိုးမျက်နှာကို အိုးမည်းသုတ်မိတဲ့အဖြစ်။ နောင်လာမယ့် မျိုးဆက်တစ်ရာတိုင်အောင် အရှက်တကွဲ အကျိုးနည်း ဖြစ်ရတဲ့ဘဝ။ တနေ့ကို ကိုးခါထက်မနည်း ငူငူငိုင်ငိုင် အိမ်မှာထိုင်ပြီး အူထဲအသည်းက လှိုက်လှိုက်တက်လာအောင် နာကျည်းမိပါရဲ့။ မချိတဲ့ဒဏ်ရာကိုတွေးမိတိုင်း ဆီးကင်းလောက် ချွေးသီးချွေးပေါက်တွေက တန်ဆာကိုယ်ဝတ် စွတ်စွတ်ရွှဲလာမိတယ်။ ငါ့အဖြစ်က အနောက်ဆောင်တော်က မိန်းမစိုးတွေနဲ့ ဘာမှမခြားတော့ဘူးကပဲ။ လူသူမရောက်တဲ့ ဂူကျောက်ချောင်တွေမှာပဲ သွားလို့ ပုန်းခိုရကောင်းနိုးနိုး။ သည်လိုနဲ့ လူတောသူတောထဲ ဦးတည်ရာမဲ့ အစုန်အဆန် လေလွင့်ရင်း သူတကာတို့ရဲ့ ထွေရာလေးပါး မောဟစိတ်ရိုင်းတွေကို မျှဝေမိပြန်တယ်။”

သူ့စာကို အဆုံးသတ်ထားတာကတော့ “ရေးလက်စ စာတမ်းကလေး ဆုံးလုဆုံးခင်မှာမှ မမျှော်လင့်ပဲ ကြမ္မာဆိုးဝင်လာတဲ့အခါ ကိုယ့်အဖို့မှာက သည့်ထက်ဆိုးတဲ့လမ်းကို ရွေးစရာမရှိတော့ဘူးလေ။ နောက်ဆုံးတော့ စာတမ်းလည်း အဆုံးသတ်ခဲ့ပါပြီ။ နောင်လာနောက်သားတွေ ဖတ်ရှုလေ့လာနိုင်ဖို့ တောင်တော်မြတ်အပေါ်မှာ ထွင်းထုလို့ ထားခဲ့ရကောင်းနိုးယောင် ထင်မိတယ်။ တနေ့သောအခါ အဲသည်စာတွေကတဆင့် လူ့စိတ်လူ့မနောအတွင်း တိုးလျှိုထွင်းဖောက်လို့ စိတ်ကူးစိတ်သန်းတွေကို ချန်ထားရစ်နိုင်ခဲ့မယ်ဆိုရင်ဖြင့် အခုလို မသေမရှင် အဖြစ်ဆိုးမျိုး အခါပေါင်းတစ်သောင်း ကြုံရစေဦး နောင်တတဖန် ပူပန်စရာ မရှိနိုင်တော့ပါဘူး …။” တဲ့။

ရှိဂျီလို့ခေါ်တဲ့ စီမာချန်ရဲ့စာအုပ်ထဲမှာ ဘီစီ၂၄၀ဝ ကျော်ကစလို့ သူ့ကိုတရားစီရင်သူ ဘုရင်မင်းမြတ်လက်ထက်အထိ၊ မင်း၊ မိဖုရား၊ မူးမတ်၊ ပညာရှိ၊ တိုင်းသူပြည်သားတို့ရဲ့ အဖြစ်သနစ်စုံကို မှတ်တမ်းမှတ်ရာနဲ့ သေသေချာချာ တင်ပြထားတာ စာလုံးရေ ငါးသိန်းတောင်ကျော်ပါသတဲ့ (သန်းတစ်ဝက် လို့ဆိုတယ်)။ သူ့အရေးအသားကလည်း အသက်ဝင်လိုက်တာမှ ဝန်ကြီး၊ စစ်ဗိုလ်၊ မြေရှင်၊ မြို့စား၊ ကုန်သည်၊ ဆင်းရဲသားနဲ့ သူခိုးဓါးပြများပါမကျန် သဘင်သည်၊ သိုင်းသမား၊ စာပေပညာရှင်များတောင် ပါသတဲ့။ နောက်ဆုံးတော့ သူ့ကို ဝူဧကရာဇ်ကိုယ်တိုင်က အကျဉ်းကလွှတ်ပြီး နန်းရင်းဝန်ခန့်ထားလိုက်ရတယ်။ အဲသည်နောက်လည်း စီမာက သမိုင်းမှတ်တမ်းကို ဆက်လက်ပြုစုနေသေးတာပဲတဲ့။ ဒါပေမယ့် သည်တစ်ခါတော့ အမှားမခံတော့ဘူး။ သူ့စာမူကြမ်းကို သူမသေမီ ဘယ်သူ့ကိုမှ မပြပဲ တောင်တော်မြတ်မှာ မြှုတ်ထားခဲ့ပြီး မြေးကလေး လက်ထဲကို မိတ္တူတစ်စုံပေးထားခဲ့သတဲ့။ နောက်အနှစ်လေးဆယ်ကြာမှ စာအုပ်ထွက်လာတဲ့အခါ တရုတ်စာပေသမိုင်းမှာ ဖိန့်ဖိန့်တုန်သွားအောင် ထင်ရှားလာခဲ့ပြီး နှောင်းခေတ်ပညာရှင်များ စံထားလေ့လာစရာ နမူနာတစ်ခုလည်း ဖြစ်ခဲ့သတဲ့။ စီမာချန်ဆိုတဲ့နံမည်ဟာလည်း တရုတ်ရာဇဝင်ပညာရှင်တွေထဲမှာ အကျော်ကြားဆုံး လူသိအများဆုံးဖြစ်ခဲ့ပြီး သူ့ကိုပြစ်ဒဏ်စီရင်သူ ဘုရင်မင်းမြတ်ကိုတော့ ဘယ်သူမှ မမှတ်မိတော့ဘူးတဲ့။

စာရေးသူက စီမာချန်အကြောင်းကို သူ့ဖိုးဖိုးဆီက ကြားခဲ့တုန်းက ရှစ်နှစ်သမီးသာ ရှိသေးတာမို့ သင်းကွပ်တယ်ဆိုတာ ဘာပြောမှန်းတောင် ကောင်းကောင်းမသိသေးပါဘူး။ ဒါပေမယ့် သူနားလည်လိုက်တာက ဘဝမှာ တခါတခါ မတရားမှုတွေကို တိုင်တည်အားကိုးစရာ မရှိ၊ ကယ်တင်စောင်မမယ့်သူနတ္ထိ၊ ကျဉ်တုပ်ခံဝံ့ မခံဝံ့ အဖြစ်တွေတော့ သူသူကိုယ်ကိုယ် ရှိကြတယ်။ (ကြီးကျယ်လိုက်တဲ့ ရှစ်နှစ်သမီးအေ)။ သူကတော့ အဲသည်လိုဖြစ်လာရင် စာအုပ်ကလေးတွေထဲမှာ အာရုံနှစ်ထားလိုက်တဲ့အခါ နှိပ်စက်နေတဲ့လောကကြီးထဲကနေ စိတ်ကူးကမာ္ဘကလေးထဲရောက်သွားရောတဲ့။ မုန်းစရာကောင်းတဲ့လူကြီးတွေကိုတော့ အတွေးကမာ္ဘထဲ ဘာလို့ခေါ်သွားရဦးမှာလဲ။ (နှိပ်စက်ရန်ရှာတဲ့ သူ့မိထွေးကို မုန်းသတဲ့)။ အဲသည်ကလေးအတွေးတွေဟာ သူ့ကို အခိုက်အတံ့တော့ စိတ်သက်သာရာရစေတာ အမှန်ပဲတဲ့။ ကိုယ့်စကားနဲ့ကိုယ် ပြန်အနှက်ခံခဲ့ရတာကလေးလည်း ဘယ်မေ့နိုင်ဦးမလဲ။ ၁၄ နှစ် သမီးတုန်းက သူ့အိမ်က သူ့ကိုကျောင်းထွက်ပြီး အလုပ်လုပ်ရမယ်ဆိုတော့ ငိုကာယိုကာနဲ့ ဖိုးဖိုးဆီ စစ်ကူတောင်းတော့လည်း အချည်းနှီးပါပဲ။ မိန်းကလေးဆိုတာ သေစာရှင်စာတတ် တော်ရောပေါ့ တဲ့။ PhDဘွဲ့ကြီးနဲ့မိန်းမကို ဘယ်လိုအိမ်မျိုးက ချွေးမတော်မှာမို့လဲ တဲ့။ ရှေ့ဆက်သင်နေလည်း နွားသိုးကိုးကောင် မွှေးကြောင်တစ်မျှင်ကျွတ်တာထက် ပိုအရာမထင်တဲ့ကိစ္စမို့ တော် တန် တိတ်၊ ငါးကြော်ပန်းကန်ဖိတ် ဆိုပြီး ပွဲသိမ်းခံလိုက်ရသတဲ့။

မေမေလေးဆုံးတဲ့အခါ ကိုကိုလေးက ဟောင်ကောင်မှာ ကျန်ရစ်တဲ့တိုက်ခန်းကလေးကို လာပါယူပါ လို့ခေါ်တော့ သူက ကယ်လီဖိုးနီးယားမှာ ဆရာဝန်လုပ်နေပြီမို့ စာနဲ့ပေနဲ့ ဝေးနေတာ တော်တော်တောင် ကြာပတဲ့။ လိုချင်တာတွေအကုန် လိုချင်တဲ့သူတွေယူလို့ ဖုန်အလိမ်းလိမ်းသာကျန်တဲ့အခန်းလေးထဲမှာ ငိုင်နေတုန်း ဘီရိုအထပ်ကလေးထဲမှာ အမှတ်မထင်တွေ့မိတာက စာအုပ်ဟောင်းကလေးနှစ်အုပ်တဲ့။ တရုတ်ရိုးရာ စကားပုံများဆိုပြီး အင်္ဂလိပ်လိုရေးထားတာက တစ်အုပ်။ နောက်တစ်အုပ်ကတော့ တရုတ်ဘာသာနဲ့ “ရှီဂျီ” ပါပဲ။ ပထမစာအုပ်ရဲ့ ပထမဆုံးစာမျက်နှာထောင့်မှာ မြင်လိုက်ရတာက မြင်ရုံနဲ့မှတ်မိစရာ သူ့ဖေဖေရဲ့ လက်မှတ်ပါတဲ့။ ဒုတိယစာမျက်နှာမှာ စာရေးသူရဲ့ ရည်ညွှန်းချက်မှာတော့ ပုံနှိပ်စာလုံးနှင့် ဖေဖေသို့ အမှတ်ရစွာဖြင့် တဲ့။ စကားပုံကလေးတွေကို ဖတ်ရင်းဖတ်ရင်း အတိတ်ကို ပြန်ပြန်ရောက်သွားလိုက်တာ ၁၉၆ဝတုန်းက ပုံနှပ်ထုတ်ဝေခဲ့ပြီး ဒုတိယအကြိမ်ထုတ်ဝေတော့ ၁၉၇၃ မှာတဲ့။ အယ်လ်ဇိုင်းမားရောဂါက သူ့အဖေရဲ့မှတ်ဉာဏ်တွေကို ဝါးမျိုမသွားခင်က ရေးခဲ့တာပေါ့။ စိတ်ထဲမှာတော့ သူ့ဖေဖေဟာ သူ့ကို ဆရာဝန်မလုပ်ပဲ စာတွေရေးပါလား လို့ ပြောနေသလို ခံစားရသတဲ့။ “ရှီဂျီ” ကို လှန်လိုက်တော့ စီမာချန်ကြီးကလည်း ပြောပြန်တာပဲ။ စာမျက်နှာတွေထဲကနေ အရှင်လတ်လတ်ကြီး ဘေးမှာရပ်ပြီး ပြောနေသလိုကို ခံစားရပါတယ်တဲ့။ ဒီအခါမှာ သူ့ဘဝကို စာရေးဆရာအဖြစ်ပဲ ဆက်လက်လျှောက်လှမ်းတော့မယ် လို့ ယင်မာက ဆုံးဖြတ်လိုက်ပါသတဲ့။ တိုက်တိုက်ဆိုင်ဆိုင် စီမာချန်ရဲ့ ဟောသည်စာသားကလေးကိုလည်း ဖတ်မိနေပါသတဲ့။ “ကိုယ့်ကိုယ်ကိုယ် အရှက်မရှိ သရက်စေ့ လုပ်ပြီး မျက်နှာပြောင်ပြောင်နဲ့ အသက်ဆက်ရှင်သန်ဖို့ ရွေးချယ်မိတဲ့အကြောင်းကတော့ ကိုယ့်အဖေကပေးခဲ့တဲ့ ကိုယ်လုပ်ရမယ့် တာဝန်ဝတ္တရားတွေ မပြီးမစီး အချည်းနှီးဖြစ်သွားမှာကို စိတ်ကူးနဲ့တောင် မတွေးရဲတဲ့အတွက်ကြောင့်ပါပဲ။” တဲ့။ စာရေးသူရဲ့ စိတ်ကူးနဲ့အတွေးကတော့ နောက်ထပ်ဖြည့်စွက်စရာ မကျန်လောက်အောင်ကို ပြည့်စုံပါပေတယ်။ ဆက်တွေးစရာ အတွေးစကလေးတွေကလည်း အများကြီးပဲ။ စာဖတ်သူတွေက ကိုယ့်ဘဝအကြောင်းနဲ့တိုက်ဆိုင်တဲ့ ရှုထောင့်ကလေးတွေကနေ သေသေချာချာ ဝေဖန်သုံးသပ်လို့ သမိုင်းကနေ သင်ခန်းစာယူတတ်လာရင် မျိုးဆက်ကပေးတဲ့တာဝန်တွေကို သိမြင်ခံစား သယ်ရွက်တတ်လာရင် သည်စာကိုဖတ်ရတာ နွားသိုးကိုးကောင် မွှေးတောင်တစ်မျှင်ကျွတ်တာထက်တော့ သာလိမ့်မပေါ့နော်။

7 comments

  • nicolus agral

    October 29, 2012 at 10:21 am

    credit to Dr Soe Min and it’s original owner Dr Yin Mar

    Facebook ကနေ copy/paste လုပ်ထားတာလေးပါ
    Series လိုက်တင်ပေးမှာပါ
    ကျွန်တော်ကြိ ုက်လို ့ ရွာသားတွေကိုလည်းဖတ်စေချင်လို ့ တင်ပေးလိုက်ပါတယ်

    • nicolus agral

      October 30, 2012 at 11:50 am

      PRE TRAIL
      EPISODE 0

    • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

      November 5, 2012 at 4:05 pm

      တင်ပေးတဲ့ နစ်ကလတ်(စ)ကို အရမ်းကျေးဇူးတင်ပါတယ်…
      အခုမှ အချိန်ပေးနိုင်တုန်း ကျွန်တော်အစအဆုံးပြန်ဖတ်နေပါတယ်…

      ခင်မင်လျက်-
      ကြောင်ဝတုတ်

  • ရွှေ ကြည်

    October 29, 2012 at 2:14 pm

    ဟုတ်ကဲ့ဖတ်သွားပါတယ်။ တာဝန်ကျေတဲ့သားကောင်းတယောက်အကြောင်းကိုမှတ်သားသွားပါတယ်။

  • သီရိမဟာ ဥမ္မာဒန္ဒီ ပပဝတီ ဦးဗြဲရမ်း ဒေါ်ဗလဗွ သမီး ညောင်ရမ်းဂွတို Wow

    October 29, 2012 at 2:47 pm

    ဥကွဲသိုက်ပျက်ခံပြီးတာဝန်ကျေသွားတာနော်… :mrgreen:
    နောက်ထှာ.. ဟီး.. ဖတ်လို့ကောင်းပါတယ်ချင့်

  • nicolus agral

    October 29, 2012 at 6:54 pm

    အခန်းဆက်တွေကိုဆက်ပြီးဖတ်ကြည် ့ပါဦး
    thanks

  • padonmar

    October 29, 2012 at 8:41 pm

    ကောင်းလိုက်တာ ဒီလတွက် ပို့စ်ကောင်းတစ်ပုဒ်လို့တွေးရင်း မောင်စံဖားဆိုမှ ဆရာစိုးလက်ရာမှန်းသိတော့တယ်။
    FB မှာ Like ထားပေမယ့် ကောင်းတာလေးတွေ လွတ်လွတ်သွားလို့ စီးရီးလိုက်တင်ပေးမယ်ဆိုရင် ကျေးဇူးပါ။

Leave a Reply