Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

“ထိပ်တုံးခြေဆင် ခရီးမတွင်သည့်နှယ်” (EPISODE 2)

nicolus agralOctober 30, 20121min4117

၁၉၄၉ တုန်းက ရှန်ဟိုင်းမှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင် တော်တော်များများဟာ ကွန်မြူနစ်တွေ လက်ကလွတ်ဖို့ ဟောင်ကောင်ကျွန်းကို ထွက်ပြေးခဲ့ကြရပါတယ်။ ယင်းမာတို့ဖေဖေလည်း အိမ်ကနေ မကြာခဏ ပျောက်ပျောက်သွားတတ်တာဟာ ဘယ်နေရာမှာ အခြေချပြီး ဘဝသစ်စရကောင်းမလဲ လိုက်စနည်းနာဖို့အတွက်ပါတဲ့။ ကလေးတွေမို့ သူတို့မောင်နှမတွေက သဘောမပေါက်ခဲ့ပေမယ့် နောင်တော့ သူတို့လည်း ငါးသန်းခွဲသော ပြည်ကြီးပေါက်ဖော်များလိုပဲ ထွက်တော်မူနန်းကခွာကြရပါတယ်။ ၁၄ နှစ်အရွယ်မှာ နိုင်ငံတကာ စာရေးပြိုင်ပွဲမှာ ပထမစွဲတဲ့ ယင်းမာကို ဖေဖေက လန်ဒန်ပို့ပြီး အထက်တန်းပညာသင်စေရာက နောက် ၃ နှစ်အကြာမှာ ဆေးကျောင်းတက်ဖို့ စောင့်နေရတဲ့အထဲ ပါလာပါလေရော။ စာရင်းကိုင်လက်မှတ်ကလေးလည်း ရထားတော့ ကျောင်းပိတ်ရက် အချိန်အားရတိုင်း သတင်းစာထဲပါသမျှ အချိန်ပိုင်းအလုပ်တွေကို ဝင်ဝင်လုပ်ဖို့ ကြိုးစားတဲ့အခါမှာ လူတွေရဲ့စိတ်ကို တော်တော် သဘောပေါက်လာပါတယ်။ တယ်လီဖုန်းနဲ့ အင်တာဗျူးလုပ်တုန်းကတော့ ကောင်းပြီ ကောင်းရဲ့ နဲ့ ရွှန်းရွှန်းကိုဝေနေသလောက် လူချင်းတွေ့လို့ တရုတ်မဆံယဉ်ကလေး မျက်ဝန်းရှည်ရှည်ကလေးတွေ မြင်လိုက်တာနဲ့ တီ ဆားနဲ့တို့လိုက်သလိုပဲ။ နောက်တော့ ဆေးကျောင်းတက်နေရင်းနဲ့ ကြာလေကြာလေ ပိုသဘောပေါက်လေဖြစ်လာတာက ငါတော့ ကျောင်းပြီးလို့ သည်မှာပဲ ဆက်အလုပ်လုပ်မယ်ဆိုရင်ဖြင့် ဘယ်သောအခါမှ သူတို့လူမျိုးများနဲ့ တန်းတူအခွင့်အရေးတွေ ရနိုင်မှာ မဟုတ်ဘူး ဆိုတာပါ။ ပညာရဲရင့် ပွဲလယ်တင့်ဖို့အတွက် တစ်ရွာမပြောင်း သူကောင်းမဖြစ်ကို အရင် နားလည်ထားရမှာပေါ့လေ။ ကလေးသာသာကတည်းက သူများနိုင်ငံလှည့်နေလာတာဆိုတော့ မျက်နှာရိပ်မျက်နှာကဲကြည့်ရုံနဲ့ ကိုယ့်ကို ဘယ်လိုအတန်းအစားမှာ သဘောထားဆက်ဆံသလဲ ခံစားလို့ရလာတာဟာ ဘဝပေးအသိလို့ပဲ ပြောရမလား။

ကျောင်းပြီးလို့ ဟောင်ကောင်မှာပြန် အလုပ်လုပ်တော့လည်း ပိုသာဆိုးတော့တယ်။ အင်္ဂလန်ကျောင်းဆင်းမို့ဆိုပြီး ကန်တုန်ပေါက်ဖော်တွေက ခွဲခြားခွဲခြားလုပ်ကြပြန်တယ်။ “နိုင်ငံခြားဖြစ်ကြီး” လို့ ကွယ်ရာမှာ မကြားတကြား ခေါ်ကြတယ်။ ကိုယ်ကဒေါင်းယောင်မဆောင်ခဲ့ပေမယ့် ကျီးတွေထဲမှာလည်း အောက်ကလိအာနေရာမှာပဲထားတာ အံ့ဩစရာမကောင်းဘူးလား။ ရုပ်ချင်းလည်း မကွဲမပြား စကားချင်းလည်း အတူတူ ပြောနေလျက်နဲ့ မျက်နှာစေ့စေ့ကြည့်ပြီး “နိုင်ငံခြားသား” လို့ အဆက်ဆံခံရတာဟာ အသည်းနာလွန်းလွန်းလို့။ နောက်ဆုံးတော့ အမေရိကမှာ အခြေချဖြစ်ပါတယ်။ လူမျိုးမတူ၊ ဘာသာမတူ၊ သူစိမ်းပြင်ပြင်ကြီးတစ်ယောက်ရဲ့ အကူအညီက မွေးသဖခင်နဲ့ မိထွေးတော်မေမေလေးတို့က လမ်းစားရိတ်ထုတ်ချေးဖို့ တွန့်ဆုတ်တွေဝေနေချိန်မှာ လေယာဉ်လက်မှတ်ပါ ပို့ပေးလိုက်လို့ စိုင်ကော်၍ ခြုံပေါ်ရောက်သွားလေသတည်း။ အစကတည်းက ပြောင်းရွှေ့အခြေချလာသူတွေ တည်ထားတဲ့နိုင်ငံမို့ထင်ပါရဲ့။ လူမျိုးခွဲခြားတာ ကျားမတန်းတူ အခွင့်အရေးမရတာ ပြောပလောက်အောင် မရှိဘူး။ ဟောင်ကောင်ထက်စာရင် ကျယ်ကျယ်ဝန်းဝန်း လွတ်လွတ်လပ်လပ် လူတန်းစေ့စေ့ နေနိုင်တယ်။ ဒီလိုနေရာမျိုးမှာတောင် အိပ်မက်ဆိုးက မိုးမလင်းချင်သေးဘူး။ ၁၉၇ဝ မှာ Los Angeles က သာသနာပြုဆေးရုံတစ်ရုံမှာ အလုပ်လျှောက်တဲ့အခါ ကြုံရပြန်တယ်။ တကယ်တော့ အဲသည်အလုပ်ကို လိုချင်လှချည့်လည်း မဟုတ်ပါဘူး။ ကက်သလစ်ဘာသာဝင် မိတ်ဆွေတစ်ယောက်က အတင်းတိုက်တွန်းတာနဲ့ လျှောက်ဖြစ်သွားတာပါ။ အဲဒီခေတ်က နိုင်ငံတကာအသိအမှတ်ပြု၊ ဘွဲ့ရ၊ လုပ်ငန်းအတွေ့အကြုံရှိပြီးသား မေ့ဆေးဆရာဝန်တစ်ယောက်ဆိုတာ ရွှေထက်ရှားတဲ့ခေတ်မို့ ဘယ်နေရာမှာပဲ အလုပ်ဝင်လျှောက်လျှောက် သိပ်တော့ခက်ခဲစရာ မရှိပါဘူး။ ဒါပေမယ့် အင်တာဗျူးထိုင်တဲ့ ဌာနမှူးအမျိုးသားနဲ့ မျက်နှာချင်းဆိုင်လိုက်တဲ့အခါ ကလေးဘဝကတည်းက ရင်းနှီးပြီးသား အေးစက်စက်အကြည့်ကို တွေ့လိုက်ရတော့ “ဒီတီကောင်ကြီးတော့ ငါဆားနဲ့ တို့ပလိုက်ရ မကောင်းရှိတော့မယ်” လို့ စိတ်ပေါက်လာမိတယ်။

“မင်းကို ဆေးရုံပိုင်တဲ့ သီလရှင်တွေက ဘာတွေပြောလွှတ်လိုက်သလဲတော့ မသိပါဘူး။ ဒါပေမယ့် ငါတို့ဌာနမှာ ထပ်ခန့်စရာ လစ်လပ်ဆရာဝန် တစ်နေရာမှ မရှိပါဘူး။ တို့ဆေးရုံမှာ မေ့ဆေးဆရာဝန်တွေကို ပုံလို့။” ဆိုတော့ သည်ကလည်း အရွဲ့တိုက်ချင်ချင်နဲ့ အတော်ပဲ။

“ဟုတ်လား။ ခွင့်ယူချင်နေတဲ့သူ၊ နေထိုင်မကောင်းဖြစ်တဲ့သူ တစ်ယောက်တလေများ မရှိတော့ဘူးလား။ ခဏတဖြုတ် လူစားဝင်ရင်းဖြစ်ဖြစ် လုပ်ပါရစေလား။” လို့ အထွန့်တက်လိုက်တော့ ဝုန်းကနဲထလာပြီး..

“ဒီမယ်။ ငါတို့အထဲမှာ ခွင့်ယူမယ့်သူလည်း တစ်ယောက်မှ မရှိဘူး။ နေမကောင်းတဲ့သူလည်း တစ်ယောက်မှ မရှိဘူး။ နားလည်ပြီလား။” လို့ ကင်းကိုက်သလို ထအော်ပါတယ်။ ယင်းမာက ဘာမှပြန်မပြောတော့ သူ့စကားကို နားမလည်ဘူးထင်သလား မသိပါဘူး။

“ငါဆိုလိုတဲ့အဓိပ္ပါယ် မင်းသဘောပေါက်ရဲ့လား။” လို့ ထပ်မေးပါတယ်။ ခေါင်းညိတ်ပြီး ထထွက်လာခဲ့ပေမယ့် မောင်မင်းကြီးသားရဲ့ ဒေါသဟာ ကိုယ့်အပေါ်တော့ ရယ်စရာ ဟာသတစ်ခုမျှသာပါပဲ။ သူ့ဆီမှာအလုပ်မရရင် သေသွားမယ်များ ထင်နေလားမသိ။ တကယ်တော့ ကိုယ့်မှာ အလုပ်တွေ ပေါလွန်းလို့။ ဆက်သွယ်ပေးတဲ့ မိတ်ဆွေကို အားနာလို့သာ အဲသည်မှာ လျှောက်ဖြစ်တာ။ သူ့အခန်းတံခါးဝရောက်တော့မှ

“ဒါထက်စကားမစပ် ကိုယ့်ခြေကိုယ်တုပ် ခြေချုပ်ဆင် ခရီးမတွင် ရှိရုံပ ဆိုတဲ့ တရုတ်စကားပုံကလေးများ ကြားဖူးနားဝ ရှိလေမလား ရှင်။” (Binding your feet to prevent your own progress.) လို့ နှုတ်ဆက်ခဲ့ပါတယ်။

“Guo zu bu qian.” ဆိုတဲ့ အဲသည်စကားပုံကို ပြောစမှတ်တွင်ရစ်သူကတော့ ချင်တိုင်းပြည်က ပညာရှိအမတ်ကြီး လီဆီ ပါတဲ့။ အဲသည်ပညာရှိကြီးလီဆီဆိုတာ လျူဖုဝေအိမ်တော်မှာ ဇီချူမင်းသားလေးကို ပညာသင်ပေးခဲ့တဲ့ ၃၀၀ဝ သော ပညာရှင်တွေထဲက အကျော်ကြားဆုံးတစ်ယောက်ပါပဲ။ ဇီချူမင်းသား အထွဋ်အထိပ်ကိုရောက်တဲ့အခါမှာရော၊ သားတော်ဇန်မင်းသားလေး နန်းတက်လာပြီးတဲ့နောက်မှာရော မင်းတိုင်ပင်အမတ်အဖြစ် အကြံဉာဏ်များပေးခဲ့သူပါ။ ဘီစီ ၃ ရာစုလောက်တုန်းက ချင်နိုင်ငံဟာလည်း အခု အမေရိကန်ပြည်ထောင်စုလိုပဲ ကြွယ်ဝတဲ့တိုင်းပြည်၊ ပညာတတ်တွေအတွက် အခွင့်အလမ်းတွေ ပေါတဲ့တိုင်းပြည်မို့ အနယ်နယ်အရပ်ရပ်က စာတတ်ပေတတ်တွေ ဝင်လာမစဲ တသည်းသည်း ရှိခဲ့ပါသတဲ့။ ဒီအခါမှာ ချင်နန်းတော်ထဲမှာ တိုင်းတပါးကဝင်လာသူ ပညာတတ်များကို တန်းတူအခွင့်အရေးမပေးပဲ ခွဲခြားဆက်ဆံလာကြပါတယ်။ နန်းတွင်းရေး အရှုပ်အထွေးတွေကြောင့် လျူဘိုးဘိုးတို့ လောင်အဲတို့ကိစ္စတွေပေါ်လာတဲ့အခါမှာ ကိုယ့်တိုင်းပြည်ကမဟုတ်တဲ့အရာရှိတွေဟာ မပိုင်ဝက်မွေး သဘောရှိပြီး အရေးဆိုရင် သူတို့တိုင်းပြည်သာ သူတို့သစ္စာစောင့်သိကြလိမ့်မယ် လို့ ရှင်ဘုရင်ကလေးကို တွန်းတွန်းတိုက်တိုက် အကြံပေးကြတာကြောင့် အဲသည်လူတွေကို ဗီဇာသက်တမ်းတိုးမပေးတော့ပဲ နေရပ်ကိုပြန်စေဖို့ အမိန့်တော်ထုတ်ပြန်ပါတယ်။ အဲသည်အထဲမှာ ပညာရှိကြီး လီဆီကိုယ်တိုင်လည်း ပါတာပေါ့။ လီဆီက မင်းတရားကြီးထံ အသနားခံစာပို့တဲ့ ရွှေပေလွှာထဲမှာ “ရွှေနန်းရှင် မင်းတရားကြီး အမိန့်တော်မြတ်ဟာဖြင့် ဖဝါးစကြာတော် ဖြန့်ဖို့အရေး ထိပ်တုံးခြေဆင် ခရီးမတွင်အောင် ပြုသည့်နှယ်သာ ဖြစ်ခြိမ့်မည်။” လို့ ဆိုထားပါသတဲ့။

လီဆီဟာ ချင်နိုင်ငံတောင်ပိုင်း မိုင်ပေါင်းများစွာ ကွာဝေးတဲ့အရပ်ကလာတဲ့ သာမာန်ဆင်းရဲသား မိသားစုက ပေါက်ဖွားလာသူဖြစ်ပါတယ်။ ပြည်နယ်အသီးသီးက အတွေးအခေါ်ပညာရှင်များ စာပေပညာရှင်များထံမှာ လှည့်လည်ဆည်းပူးလို့ နယ်မြို့ကလေးတစ်မြို့မှာ ရုံးစာရေးအဖြစ်အလုပ်လုပ်ရင်း အသိအတတ် အတွေးအခေါ် အရိပ်အကဲ အလားအလာတွေကို လေ့လာခဲ့ပါသတဲ့။ ကွန်ဖြူးရှပ်စ်ရဲ့ တပည့်တစ်ဦးဖြစ်တဲ့ ဇွန်ဆီထံမှာလည်း ပညာသင်ခဲ့ဖူးသတဲ့။ လူတစ်ယောက် တိုးတက်ကြီးပွားစေမယ့် အခွင့်အခါ နေရာဒေသကို သိတဲ့နေရာမှာ သူ့အပြင် မရှိအောင် လှစ်လှစ်ကလေးနေပါသတဲ့။ ချင်နိုင်ငံကိုသွားဖို့ သူ့ဆရာ ဇွန်ဆီကို နှုတ်ဆက်တဲ့အခါ …

“ဆရာသခင်။ အကြင်သူသည် သင့်တင့်လျှောက်ပတ်သော အခါကိုရွေးအံ့။ ယခုလက်ရှိအချိန်ထက် ကောင်းသည် မရှိ။ နေရာကို ရွေးအံ့။ ချင်နိုင်ငံထက် သာသည် မတွေ့မိ။ ယခုပင် သွားခွင့်ပြုပါလော့။ ခွင့်သာခိုက်တွင် မလိုက်ချင်၍ ကံစီမံရာ ပစ်ချကာနေငြားအံ့။ လောက၌ ရာထူးဂုဏ်သိမ် ငြှိုးငယ်ခြင်းထက် အရှက်တကွဲ အကျိုးနည်း ဖြစ်ရပ်သည် မရှိ။ ဆင်းရဲမွဲပြာကျခြင်းထက် နာလိုခံခက် ဖြစ်ရပ်သည်မရှိ။ သို့ဖြစ်၍ ယခုပင် ချင်နိုင်ငံသို့သွားလျက် ဘုရင်မင်းမြတ်ထံတွင် ခစားတော့အံ့။”

“ချစ်တပည့်။ ဤအရေး၌ သင်နှင့်ငါသည် စိတ်ဝမ်းမတူ ကွဲပြားသည်လျှင် ဖြစ်၏။ သင်ကား အခွင့်သာသည်ကို မြင်၏။ ငါကား ကြမ္မာငင်သည်ကို မြင်ချေသည်။ စစ်မှန်သော အခွင့်အလမ်းဟူသည်ကား မင်းကျင့်တရားနှင့်အညီ အုပ်စိုးသူမင်းဧကရာဇ်၏ ပြည့်ဝသောသဒ္ဓါတရားအောက်၌သာလျှင် တည်၏။ ထိုတရားနှစ်ပါးနှင့် ပြည့်စုံငြားအံ့။ တိုင်းသားပြည်သူအပေါင်းတို့ အလိုလိုသာလျှင် ဦးညွှတ်ခစားရာ၏။ လူသူလက်နက် စစ်အင်အား အဘယ်မှာ လိုအံ့နည်း။ ချင်နိုင်ငံသည် လက်ရုံးအင်အားပေါ်တွင် အကြောက်တရားဖြင့် အုပ်ချုပ်သည်ဖြစ်သောကြောင့် တနေ့သောအခါ အခြားပြည်ထောင်များ စည်းလုံးစွာ ပူးပေါင်းမိလျှင် ကျရှုံးရမည် ဧကန်ပင်။ သင်သည် အတက်ကိုသာ မြင်၏။ အဆင်းကိုမမြင်။ အဖြစ်ကိုသာ ရှု၏။ အပျက်ကို မရှုမိ။ အဆုံးသတ်တနေ့တွင် သင်၏မျိုးဆက်သာ အရောအနှောမစင် ရှိခြိမ့်မည်။” တဲ့။

သည်လိုနဲ့ လီဆီဟာ လျူဖုဝေ အိမ်တော်ကတဆင့် ဇန်ဧကရာဇ်လေးအပါးမှာ မင်းတိုင်ပင်အဖြစ် အကြံပေးရတဲ့အခါ …

“အသင်မင်းကြီး။ ယခုအခါ ချင်နိုင်ငံ၏ စစ်အင်အားနှင့် သင်မင်းကြီး၏ ဘုန်းလက်ရုံးကြောင့် အခြားတပါးသော ခုနှစ်ပြည်ထောင်မင်းတို့သည် သစ္စာတော်ခံ ပဏ္ဏာတော်ဆက် အဖြစ် သေဝပ်စွာရှိပါ၏။ အကယ်၍ သင်မင်းကြီး၌ မိမိမှတပါးသော ခုနှစ်ပြည်ထောင်မင်းအပေါင်းတို့ကို အပြီးတိုင် နှိမ်နင်းနိုင်သော အစွမ်းသတ္တိရှိငြားအံ့။ ဧကရာဇာ တစ်ဦးတည်းသော မင်းဧကရာဇ်အဖြစ် ရန်ကြွင်းမထား တသားတည်းသိမ်းပိုက်လျက် စကြာမင်းစည်းစိမ်ကို စံစားရုံသာ ရှိတော့မည်။ သို့တည်းမဟုတ်မူငြား ထိုအခြားသော ပြည်ထောင်စိုးမင်းတို့ အချင်းချင်း စည်းရုံးမိလျှင်မူ သင်လျှင်ဆိုမထားဘိ သိကြားမင်းကိုယ်တော်တိုင်ပင် နှိမ်နှင်းရန် ခက်ခြိမ့်မည်။” လို့ ဘေးတီး မီးထိုးပေးလေသတဲ့။

ဇန်ဘုရင်ကလေးကလည်း နဂိုကတည်းက စိတ်တူကိုယ်တူဆိုတော့ အရိပ်ပြအကောင်မြင်ပါပေတယ်။ သူလျှိုဆက်သား အများအပြား လေ့ကျင့်သင်ကြားပေးပြီး ရွှေငွေရိက္ခာ အမြောက်အများပေးကာ သူများနိုင်ငံတွေလွှတ် လူကြီးပိုင်းနီးစပ်သမျှကို ချော့တန်ချော့၊ ခြောက်တန်ခြောက်၊ မြှောက်တန်မြှောက်၊ တံစိုးလက်ဆောင်၊ အရက်သေစာ ကညာမေခင် လိုချင်ရာနဲ့ ဖျက်ဆီးဖို့ စေလွှတ်လိုက်သတဲ့။ (ခုနေများ အမ်းကို တစ်ယောက်လောက် လွှတ်လိုက်ရင် ဘယ်လောက်ကောင်းမလဲ။ တို့လည်း အဖျက်ဆီးခံချင်လွန်းလွန်းလို့ ဘယ်သူလာ ဖျက်ဆီးပါ့မလဲ မျှော်နေတာ) တချိန်တည်းမှာပဲ သူတို့ပြည်ထောင်အချင်းချင်း စိတ်ဝမ်းကွဲစေမယ့် အမျက်မီးပွားတွေလည်း လေပင့်ဆီလောင်း တုတ်ရောင်းဓါးရောင်း လုပ်စေသတဲ့။

ဟန်နိုင်ငံက ဘုရင်မင်းမြတ်ကတော့ ချင်နိုင်ငံရဲ့ခြေလှမ်းကို ရိပ်စားမိတာနဲ့ သူလည်းသူ့ပညာရှိတွေနဲ့ တိုင်ပင်ပြီး တစ်နည်းတစ်ဖုံ ကြံရတာပေါ့။ ချင်နိုင်ငံရဲ့စစ်အင်အား တစထက်တစ တိုးပွားမလာခင် အရှိန်ကလေးတန့်သွားအောင် အာရုံကလေးလည်း တခြားဘက်ရောက်သွားအောင် သူ့တိုင်းပြည်က ဆည်မြောင်းအင်ဂျင်နီယာတစ်ယောက်ကို သူလျှိုအဖြစ် စေလွှတ်လိုက်သတဲ့။ ကျင်မြစ်ဝှမ်းနဲ့ လိုမြစ်ဝှမ်းဒေသနှစ်ခုကို အင်မတန်ကြီးမားတဲ့ တူးမြောင်းကြီးတစ်ခုဖောက်လုပ်ပြီး ရေပေးဝေလိုက်ရင် ချင်နိုင်ငံအဝှမ်း စိုက်ပျိုးမြေတွေ ကျယ်ပြန့်လာတဲ့အပြင် လမ်းပန်းဆက်သွယ်ရေးပါ အဆင်ပြေသွားစေမယ်ဆိုတဲ့ မီဂါပရောဂျက်ကြီးကို ရွှေနားတော်ပေါက်အောင် တင်ပြရသတဲ့။ (အဲဒီအချိန်တုန်းက ရေအားလျှပ်စစ် မထုတ်တတ်သေးပဲကိုး)။ ထိတယ်။ ပိတ်သတ်ကြီးရေ။ အခုမှပဲ ဟတ်ထိသွားတော့တယ်။ စီမံကိန်းအကြီးစားကြီးဆိုတော့ လယ်စိုက်၊ ဆည်မြောင်း၊ စီးပွား/ကူးသန်း၊ ဆောက်လုပ်ရေး၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ဘယ်ဝန်ကြီးဌာနမှ မနေရပဲ အလုပ်တွေ ရှုပ်သွားလိုက်တာ၊ အလုပ်သမားပေါင်း ထောင်သောင်းများစွာ၊ ဒေသခံ တောင်သူလယ်သမားများ၊ စတုတ္ထမဏ္ဍိုုင်သမားများ ဝက်ဝက်ကွဲ ဝင်သမလိုက်ကြတာ နျူကလီယာလက်နက်ဝယ်ဖို့တောင် မေ့သွားသတဲ့။ (Facebooker တွေတော့ ပါမှာ မဟုတ်ဘူးဗျ။ တရုတ်ပြည်က Facebook မသုံးဘူး။ QQ ပဲ သုံးတာ)။ နောက်ဆုံးတော့ ထောက်လှမ်းရေးအားကိုးတဲ့ ရှင်ဘုရင်ကြီး တန်ပြန်ထောက်လှမ်းရေးနဲ့ မိသွားတာပေါ့။ (ဝဋ်လည်တာ ဝဋ်လည်တာ)။ အဲဒီခေါင်းဖြတ် အဲဒီခေါင်းဖြတ်ဆိုပြီး အင်ဂျင်နီယာသူလျှိုကို အမိဖမ်းပြီး စစ်ခုံရုံးတင်တော့တာပေါ့။ ဒီနေရာမှာ အင်ဂျင်နီယာကြီးရဲ့ လျှောက်လဲချက်ကိုလည်း သဘောကျမိပါတယ်။

“မှန်လှပါ။ ကျွန်တော်မျိုးကြီး သေသင့်ပါသည်။ သို့သော်လည်း အရှင်မင်းကြီးအဖို့ ဤတူးမြောင်းကို အပြီးတိုင်ဖောက်လုပ်နိုင်ပါမူ အမှန်တကယ်ပင် အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းစေမည်ကိုလည်း ဖဝါးခြေမှောက် လျှောက်တင်ဝံ့ပါသည်။ ဤလုပ်ငန်းကြောင့် ကျွန်တော်မျိုးကြီးတို့ ဟန်နိုင်ငံကို သင်မင်းကြီးလက်အောက်မှ လွတ်မြောက်စေလျှက် ချမ်းသာစွာနေခွင့်ရငြားအံ့။ နှစ်အနည်းငယ်ထက်ပို၍ ဆိုင်းထားနိုင်မည် မဟုတ်ချေ။ ဤလုပ်ငန်းကြောင့် သင်မင်းကြီး၏ ချင်တိုင်းပြည်အား အကျိုးစီးပွား ဖြစ်ငြားအံ့။ နောင်မျိုးဆက်ပေါင်း တစ်သောင်းတိုင်အောင်လည်း သီးပွင့်ဝေဖြိုး တိုးတက်စေမည် ဧကန်တည်း။” တဲ့။

အင်ဂျင်နီယာက အလျှောက်ကောင်းလို့လား။ ဘုရင်မင်းမြတ်က အမျှော်အမြင်ကြီးသလားတော့ မသိပါဘူး။ အဲဒီတူးမြောင်းကြီး ပြီးသွားတဲ့အခါ လယ်ဧကပေါင်း ငါးသိန်းကျော် ရေပေးနိုင်ခဲ့ပြီး ချင်ဧကရာဇ်ရဲ့အင်အားကို ဘယ်သူမှ ယှဉ်နိုင်တဲ့သူမရှိလို့ ကျန်ပြည်နယ်အားလုံးကို အလွယ်တကူ သိမ်းပိုက်နိုင်လိုက်သတဲ့။ (သည်လိုကိစ္စမျိုးတွေမှာ စိတ်ခံစားချက်ထက် နိုင်ငံတော်ရဲ့ ရေရှည်အကျိုးစီးပွားအတွက် ကြည့်ရမယ် လို့ ပြောချင်ပါတယ်)။ ကိုယ်နဲ့ လူမျိုးမတူ၊ ရန်သူဆီက အကြံဉာဏ်ကိုတောင် အမှားအမှန် ကိုယ်တိုင်ဝေဖန်ပြီး ရဲရဲဝံ့ဝံ့ လက်ခံ အကောင်အထည်ဖော်ရဲတဲ့ ဇန်ဘုရင်မင်းမြတ်ကလေးရဲ့ သတ္တိ နဲ့ ဆင်ခြင်ဉာဏ်ကိုတော့ မချီးကျူးပဲ မနေနိုင်ပါဘူး။ အဲသည်တူးမြောင်းကြီးကိုတောင် အင်ဂျင်နီယာကြီးရဲ့ နံမည်အတိုင်း ဆန်ချိုတူးမြောင်း လို့ ခေါ်တွင်စေသတဲ့။ (သူတို့တရုတ်ပြည်မှာ ဗေဒင်ဆရာ ရှိပုံမရဘူးနော်)

ဘာပဲပြောပြော ဆန်ချိုရဲ့ သူလျှိုမျက်နှာဖုံး ကွာကျတဲ့အချိန်နဲ့ လောင်အဲတို့ နန်းလုဖို့ ကြိုးစားတဲ့အချိန်က တစ်ထပ်တည်းလောက်ကျနေတာမို့ ပြည်တွင်းက မူးမတ်တွေအဖို့ တစ်ပြည်သူ တစ်ပြည်သားတွေကို ချင့်ယုံဖို့ ရွှေနားတော်လျှောက်ထားကြတာ၊ ဘုရင်မင်းမြတ်ကလည်း စိတ်လိုက်မာန်ပါ အမိန့်တော် ပြန်လိုက်တာလည်း သိပ်တော့ အဆိုးမဆိုသာပါဘူး။ ဒါပေမယ့် နန်းတော်ထဲမှာ လီဆီလို မှန်မှန်ကန်ကန် အကြံပေးနိုင်တဲ့ မူးမတ်တွေရှိနေတာဟာလည်း ချင်နိုင်ငံရဲ့ ကံဇာတာကို တက်သည်ထက်တက်စေတဲ့ အကြောင်းများပါပဲ။ သည်တစ်ခါတော့ လီဆီရဲ့ လျှောက်လဲချက်ကလေးတွေ နားထောင်ကြည့်ရအောင်။

“အရှင်မင်းမြတ်။ ကိုယ်တော်သည် ကွမ်လုံတောင်တော်မှလာသော ကျောက်စိမ်းမြတ်တို့ကိုလည်း သုံးဆောင်ဘိ၏။ ရွှီနိုင်ငံမှလာသော ကျောက်မြက်ရွဲတို့ကိုလည်း ဆင်ယင်ဘိ၏။ ဖူးသစ်စလမင်းပမာ လင်းစွာသော ဟိုပင်လယ်ထွက် ပုလဲရတနာတို့ကိုလည်း မြတ်နိုးဘိ၏။ ခါးပါတ်တော်၌ ဆင်မြန်းထားသည်ကား တိုင်အိုပြည်ဖြစ် လက်သုံးတော်ဓါးဖြစ်ပေ၏။ ရှမ်းလီပြည်ဖြစ် မြင်းကောင်းမြင်းချောတို့ိကိုလည်း စီးနင်းလေ့ရှိ၏။ အောင်လံတံခွန်တော်ထက်တွင် ဇာမနည်ငှက်မြတ်ကို ဆင်ဘိ၏။ အောင်စည်တော်ကို မိကျောင်းသားရေဖြင့် ကျက်ဘိ၏။ အလုံးစုံသော ရတနာတို့သည်ကား ချင်ပြည်ထွက် တစ်စုံတရာ ပါသည်မရှိချေ။ သို့စဉ်လျက် သင်မင်းကြီး မနှစ်သက်တုံလော။ အဘယ်အကြောင်းရှိသည် မြွက်တော်မူဦးလော့။”

“ချင်ပြည်သူများအား ချင်ပြည်တွင်းဖြစ်ကိုသာ သုံးစွဲရာ၏ ဟု မိန့်တော်မူပါလျှင် နန်းတော်၏ ညဉ့်အမှောင်ကို ကျောက်စိမ်းမြတ်တို့မှတပါး အခြားသောအရာဖြင့် လင်းစေနိုင်မည်လော။ ဆင်မင်း၏စွယ်တော်၊ ကြံ့မင်း၏ဦးချိုတို့ဖြင့် ပြုအပ်သော အနုလက်ရာမွန်တို့ကို အဘယ်အရပ်မှ ရရှိစေအံ့နည်း။ နန်းဆောင်၏ကျက်သရေကိုလင်းစေသော ဆန်ပျိုဖြူ၊ ဝေပျိုဖြူတို့ိကို အလိုမရှိတော့ပြီလော။”

“သင်မင်းကြီး စက်တော်ဆောင်တွင် ရွှေနားတော်သွင်းကြသည့် ပဉ္စင်တံမြွှာ တူရိယာစောင်းညင်းတို့ကား ဆန်ပြည်မှလာသောပိုးကြိုးဖြင့် ဝူ ဝူ ဟု မြည်သံသာသည် မဟုတ်တုံလော။ ယနေ့အခါတွင် ချင်နန်းတွင်းသူတို့သည် ဆန်တိုင်းပြည် ဝူတိုင်းပြည်တို့မှလာသော တေးသံသာတို့ကို ခုံမင်စွာတီးမှုတ်နေကြပါ၏။ သို့စဉ်လျက် သင်မင်းကြီး မနှစ်သက်တုံလော။ အဘယ်အကြောင်းရှိသည် မြွက်တော်မူဦးလော့။”

“အကြောင်းမူကား အကျွန်တို့သည် ဤလောက၌ အကောင်းတကာ့အကောင်းဆုံးသော မိမိ၏စိတ်ဘဝင်ကို ကျေနပ်မှုအပေးနိုင်ဆုံးသောအရာတို့ကိုသာ နှစ်သက်ခုံမင်လေ့ရှိသည် မဟုတ်တုံလော။ သို့စဉ်လျက် သင်မင်းကြီးအမှုတော်ကို အရေးကုန်အောင် ရွက်ဆောင်နိုင်သူ ရွေးချယ်သောအခါ အာရုံထွေပြား အတွေးမှားမတတ်ရှိချေပါ၏။ လက်ရုံးရည် နှလုံးရည်၊ သစ္စာစောင့်သိမှု၊ ရိုးသားမှုတို့ကို ချင်ပြည်ဖွားမဟုတ်သည့် တစ်ခုတည်းသောအကြောင်းဖြင့် မျက်ကွယ်ပြုလျက် အဝေးသို့ နှင်အံ့လော။”

“လှစွာသော ပျိုယမင်းများ၊ သာယာသောတေးဂီတများနှင့်တကွ ရတနာခပ်သိမ်း၊ ကျောက်စိမ်းပုလဲတို့ကိုပင် အတိုင်းတိုင်း အပြည်ပြည်မှ ဆောင်ယူသိမ်းပိုက် သုံးဆောင်တော်မူနိုင်ပါလျှင် ကျေးတော်မျိုး ကျွန်တော်မျိုး လူ့အဖိုးတန်အပေါင်းတို့ိအား ဆက်လက် မသိမ်းပိုက်နိုင်ရာသလော။ သမုဒ္ဒရာလေးစင်း ရေမြေ့သနင်းအရှင်သည် ဤသို့ ကျောသားရင်သား ခွဲခြားလျက် နယ်စားပယ်စား ဘုရင်ခံများအပေါ် သစ္စာပေး၍ ဩဇာတည်နိုင်လိမ့်မည် မဟုတ်ပါ။ …”

“သင်မင်းကြီးတိုင်းပြည်မှ ကျွန်ယုံမူးမတ်တို့ကို သစ္စာစောင့်သိပါလျက် တိုင်းခြားပြည်ရွာထွက်ခွာစေရန် နှင်ငြားအံ့။ အရပ်တပါးမှ ထီးဆောင်းမင်းတို့၏အကျိုးအား သွားရောက်သယ်ပိုးကြရုံသာတည်း။ သင်မင်းကြီး၏ အလိုတော်ကား ထိပ်တုံးခြေဆင် ခရီးမတွင်သည့်နှယ်သာ ရှိခြိမ့်မည်။ နောင်အနာဂတ်တွင်လည်း ပညာရှိအပေါင်းတို့သည် ချင်ပြည်နယ်အား အဝေးမှပင် ရှောင်ကျဉ်ရာ၏။ ထိုအခါ သင်မင်းကြီးကား သူခိုးကို ဓါးရိုးကမ်းသောအဖြစ်၊ ဓါးပြကို ပဏ္ဏာသသောအဖြစ် နှင့် ရာဇဝင်တွင်ရစ်ပေရော့မည်။”

“ချင်ပြည်နယ်ဖြစ် မဟုတ်သော သက်မဲ့အရာဝတ္ထုအများအပြားပင်လျှင် ရတနာအစစ်အမှန်အဖြစ် မြတ်နိုးတန်ဖိုးထား သုံးဆောင်ရာဖြစ်ပေ၏။ ချင်ပြည်ပေါက် မဟုတ်သော ပညာရှိမူးမတ်တို့တွင်လည်း အများအပြားမှာ အရှင်၏အမှုတော်ကို ဦးဆွေးဆံမြည့်ထမ်းရွက်နေသူ သစ္စာရှိကျွန်ယုံများ ဖြစ်ပါပေ၏။ မှန်လှပါ။ ထားလျှင်နေ၍ သတ်လျှင်သေပါမည်။ အမိန့်တော်မြတ်ကား ကိုယ့်တပ်ကိုယ်ပြန်နင်းလျက် ရန်သူအား အားပေးရာရောက်စေပါသဖြင့် ပြည်ရွာအေးချမ်းစေရေးရှေ့ရှုလျက် ရွှေဉာဏ့်ရှင် ဆင်ခြင်နိုင်စေကြောင်း ဖဝါးခြေမိုး ရှိခိုးလျက် သံတော်ဦးတင်ကြောင်းပါ။” (အောင်မယ်မင်း။ ဘာသာပြန်ရတာ လျှာကိုထွက်ရော။ ဘာရမလဲ။ ဗကဘိုးဘိုးကြီး နားထောင်ထားတာ)

လီဆီဘိုးဘိုးကြီးတော်ကီက ဇန်မင်းတရားကြီး မကြွေပဲ ဘယ်နေပါ့မလဲနော်။ လမ်းကတောင် ပြန်လိုက်ခေါ်ပြီး တရားသူကြီးချုပ် ရာထူးတိုးပေးလိုက်သတဲ့။ နောက်တော့ ဝန်ကြီးချုပ်ရာထူးအထိတောင် ရခဲ့ပါသတဲ့။ တရုတ်ပြည်ရဲ့ရာဇဝင်မှာ ခေါင်းမာတယ်၊ အာဏာပြင်းတယ်။ စိတ်မြန်တယ်။ အယူသည်းတယ် လို့ နံမယ်ဆိုးနဲ့ကျော်ကြားတဲ့ ဖန်ဘုရင်မင်းမြတ်ကို ဆင်ခြင်တုံတရားအပြည့်နဲ့ စံနစ်တကျ အမျှော်အမြင်ကြီးကြီး တွက်ချက်တွေးတောတတ်တဲ့ လီဆီဝန်ကြီးချုပ်က တည့်မတ်ထိန်းကျောင်းပေးခဲ့တဲ့အတွက် လျူဖုဝေကွယ်လွန်ပြီးတဲ့နောက်မှာ တရုတ်အင်ပါယာကြီး ဖောက်ထိုးဆင်းမသွားတာ ဖြစ်တယ် လို့ သမိုင်းဆရာကြီး စီမာချန်က သုံးသပ်ထားပါတယ်။ (ပညာရှိအကြံဉာဏ်ကို တလေးတစား အတည့်မတ်ခံတဲ့ ဘုရင့်အရည်အချင်းကြတော့ ထည့်မပြောဘူး)

တကယ်တော့ ချင်နိုင်ငံက ဇန်မင်းတရားကြီးမှ မဟုတ်ပါဘူး။ သည်ကနေ့ခေတ်ထိအောင်လည်း အီဂျစ်နဲ့အင်္ဂလန် နိုင်ငံခြားမှာ မောင်သွားလို့ထားခဲ့ရင် ကိုယ့်လူမျိုးဘက်ကိုယ်ပင်းကြတဲ့ ကျောသားရင်သား ခွဲခြားခွဲခြားစိတ်ကို မျိုးချစ်စိတ်ခေါင်းစဉ်တပ်ပြီး ကမာ္ဘ့နိယာမတရားထဲ ထည့်ထားလေ့ရှိကြတုန်းပါပဲ။ ၁၉၆ဝတုန်းက အမေရိကားမှာ exchange visa ကျင့်သုံးတော့ ပြည်ပက အလုပ်လာလုပ်တဲ့သူတွေဟာ စာချုပ်သက်တမ်းစေ့တာနဲ့ ၂ နှစ်အထွက်ပြပြီးမှ နောက်တစ်ခါ ဗီဇာထပ်လျှောက်ခွင့်ရှိတယ်။ အဲဒါ သူ့လူတွေသူ အလုပ်ရစေချင်တာ မဟုတ်လို့ ဘာလဲ။ ဟောင်ကောင်မှာ အိမ်ဖော်အလုပ် ကလေးထိန်းအလုပ်တွေပေါသလောက် ကားဒရိုင်ဘာ အလုပ်တွေအတွက်ကျတော့ ဝင်ခွင့်မလွယ်တာ ဘာကြောင့်လဲ။ (ပိုက်ဆံပိုအရလွယ်လို့ သူတို့လူမျိုးတွေအတွက်ထားတာတဲ့) အပရိကလောက်သာ ကွဲပြားချင်ကွဲပြားမယ် သမိုင်းစဉ်တလျှောက် သည်လိုအဖြစ်မျိုးတွေကတော့ အပ်ကြောင်းထပ်နေတာပဲ။ လီဆီလို အနှစ်နှစ်ထောင်ကျော်က လူသားကြီးတစ်ယောက်လောက်မှ အမျှော်အမြင် မရှိလိုက်လေခြင်း လို့ ဒေါ်ယင်းမာက သုံးသပ်ထားပါတယ်။

ဟိုတလောတုန်းက စင်္ကာပူမှာ လီကွမ်ယုကြီးက လင်မြန်မြန်ယူလိုက်လို့ အကြံပေးခံရတဲ့ ပါရဂူဘွဲ့ရ ကလေးမလေးတောင် Adeline Yen Mah ရဲ့ A Thousand Pieces of Gold ဆိုတဲ့ ဒီစာအုပ်ကို ဖတ်ဖူးပုံမရဘူးဗျ။ သိပ္ပံအတတ်တွေ အဆန်းတကျယ် တွင်ကျယ်နေတဲ့ သည်ကနေ့ခေတ်ကြီးမှာ နှစ်ပေါင်းနှစ်ထောင်ကျော်က ဝိဇ္ဇာပညာရပ်တွေဟာ ဘာဖြစ်လို့ မှေးမှိန်ကုန်ရပါလိမ့်။ ယင်ဓါတ်တွေ ယန်ဓါတ်တွေနဲ့ ဟန်ချက်ညီအောင် ဖွဲ့စည်းထားတယ်လို့ သူတို့ဘိုးဘေးတွေ ယုံကြည်တဲ့ သဘာဝနိယာမတရားကြီးအလယ်မှာ လူသားတွေရဲ့ စိတ်ဓါတ်နဲ့ အတွေးအခေါ်တွေကိုလည်း ဟန်ချက်ညီညီ မျှမျှတတ ချိန်ဆပေးနိုင်မယ်ဆိုရင် ဘယ်လောက်ကောင်းမလဲ။ ဇန်မင်းကြီးနဲ့ လီဆီဝန်ကြီးချုပ်လိုပေါ့။ ဒီမိုကရေစီဆိုတာလည်း သည်သဘောပဲပေါ့ တရားနာ ပရိသတ်ရယ်။ အာဏာရ နဲ့ အတိုက်အခံဆိုတာ ဟန်ချက်ညီမှသာ တဘက်စောင်းနင်း မဖြစ်ပဲ တိုင်းပြည်ကို ဇောက်ထိုးဆင်းမသွားအောင် ကယ်တင်နိုင်မှာပေါ့။ နောက်တစ်ခါကျရင် အတင်းအနိုင်မယူကြေးနော်။ ဟုတ်ပြီလား။ (သားသားကို ပြည်နှင်ဒဏ်ပေးရင်တော့ ဗီအိုအေအငြိမ့်ကို လူပြက်ငှားပေးလိုက်သလို ဖြစ်တော့မှာပဲ ဘပြောင်ရယ်။ သွားဘူး။ သွားဘူး။ သတ်ရင်သတ်)။

credit to Dr Soe Min and it’s original owner Dr Yin Mar

7 comments

  • nicolus agral

    October 30, 2012 at 10:54 am

    ကောင်းမွန်တဲ့စားသောက်ဖွယ်ရာတွေကို စားရတဲ့အခါ ချစ်ခင်သူတွေကိုသတိရတယ်
    သူတို ့ကိုလည်း ကိုယ်စားရသလိုစားစေချင်တယ်
    စာကောင်းပေကောင်းတွေကိုဖတ်ရတဲ့အခါ ဒီရွာကိုသတိရတယ်
    ရွာသူရွာသားတွေကိုလည်းဖတ်စေချင်တယ်

  • အရီးခင်လတ်

    October 31, 2012 at 5:48 am

    ဒီလို အစားကောင်းလေးတွေ သတိတရ လာကျွေး လို့ တကယ်ဘဲ ကျေးဇူးတင်ပါတယ်။
    ဆက်ပြီး အားပေးနေပါတယ်။

  • ဦးကြောင်ကြီး

    October 31, 2012 at 10:40 am

    ဒေါက်တာယင်းမာက ဘဒူလဲ…..မြန်မာပြည်ကလား။ ပြီးတော့ အဲဒီတရုတ်ဘုရင်ဂျီးမှာ သမီးဒေါ်ဂလေး ဘာလေး ရှိဘူးလား၊ လုပ်ပါအုံး ဇာတ်လမ်းလေး ပိုစိုပြေသွားအောင်…။ ဘုရင်အဖိုးဂျီးတွေ ပညာရှိ သက်တော်ရှည်ဂျီးတွေအကြောင်း ဖတ်ရတာ ဇာတ်ချောက်ကြီး…။ အဆီတထပ် အသားတထပ်လေးမှ ကောင်းတာ…။ :harr:

  • သီရိမဟာ ဥမ္မာဒန္ဒီ ပပဝတီ ဦးဗြဲရမ်း ဒေါ်ဗလဗွ သမီး ညောင်ရမ်းဂွတို Wow

    October 31, 2012 at 12:26 pm

    (သားသားကို ပြည်နှင်ဒဏ်ပေးရင်တော့ ဗီအိုအေအငြိမ့်ကို လူပြက်ငှားပေးလိုက်သလို ဖြစ်တော့မှာပဲ ဘပြောင်ရယ်။ သွားဘူး။ သွားဘူး။ သတ်ရင်သတ်)

    ဘပြောင်က နော်မနိတ်ရပြီးထဲက အရင်ကထက်တောင် နူးညံ့သိမ်မွေ့လာသေး… ဒါမျိုးဒွေလုပ်တော့ဘူး.. လေး.. သုံး.. တစ်မျိုးပြောင်း.. (အော်.. ဆောင်းတွင်းလေ့ကျင့်ခန်းတွေနဲ့ရောကုန်ဘီ) .. :harr:

  • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

    November 5, 2012 at 4:55 pm

    ဒုတိယတစ်ပုဒ်ဖတ်ပြီးသွားကြောင်း…
    ဆက်လက်ဖတ်လိုက်ပါဦးမယ်…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

  • မောင်ပေ

    November 5, 2012 at 9:21 pm

    ကျုပ်သိချင်မိတာတစ်ခုကတော့
    စင်ကာပူက လီကွမ်ယူ ကြီး နဲ ့တွေ ့ဆုံ ဆွေးနွေးလို ့ရသတဲ့ ၊ အချိန်ခဏတစ်ဖြုတ်ပါ့
    အဲဒီလို တွေ ့ဆုံ ဆွေးနွေးခွင့်ရဖို ့အတွက် ၊ တင်ကြို ရက်ချိန်းလှမ်းယူရပါသတဲ့
    လီကွမ်ယုကြီးနဲ ့တွေ ့ဆုံဆွေးနွေးခဲ့တဲ့ စီးပွားလုပ်ငန်းရှင်တွေဟာ ၊ အရင်ကထက် ပိုတိုးတက်ကြီးပွားသွားကြပါတယ်တဲ့
    အဲဒါ…အဲဒါ
    ဟုတ်သလားဗျို ့

Leave a Reply